Switch Mode

အခန်း (၅၂၄)

အထူးအခွင့်အရေးကြီး တစ်ခုပေလော

” ဒီနေရာလား ” ကျောက်ယမုန့်မှာ အကာအရံကြီး၏ အပြင်ဘက်မှနေ၍ အတွင်းထဲတွင်ရှိနေသော ကမ္ဘာကြီးအား စိုက်ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်၏။ သူမသည် သူမ၏ရှေ့၌ မြင်နေရသော မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်နေသည်မှာ သိသာထင်ရှားပေသည်။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။ သူမသည် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ သူမနှင့် အခြားကျင့်ကြံသူများထက် ပို၍ သာလွန်နေသည်ဖြစ်ကြောင်း သိထားပါသော်လည်း ဤနေရာကြီးမှာ သာမန် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် အခက်အခဲမရှိ ဝင်ရောက်နိုင်မည့် နေရာတစ်ခု မဟုတ်နိုင််ကြောင်း ယုံကြည်ထား၏။

ကျိုးရိဖန်းမှာလည်း ထိုကဲ့သို့ပင် တွေးတောနေသည်။ သူသည် အကာအရံကြီး၏ အခြားတစ်ဖက်ခြမ်းတွင် မြင်လိုက်ရသော မြင်ကွင်းများကြောင့် အံ့သြတုန်လှုပ်သွားရ၏။ အကာအရံကြီး၏ တစ်ဖက်တစ်ချက်စီတွင် ရှိနေကြသော နယ်မြေကြီးနှစ်ခုမှာ ကမ္ဘာခြားနေသကဲ့သို့ပင်။ ထို့ကြောင့် ထိုမြင်ကွင်းအား ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်၏ အံ့ဩတုန်လှုပ်နေသော အမူအရာများကိုကြည့်ကာ စိတ်ကျေနပ်သွား၏။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

” ငါတို့တွေ ဒီနေရာကနေ ဝင်သွားတာနဲ့ ဓားကိုယ်ထည်ပိုင်းထဲကို ရောက်သွားမှာ။ အဲတာမလို့ နေမင်းကြီးထဲကို ရောက်သွားပြီလို့ ပြောလို့ရတယ်။ အထဲက အပူချိန်က ချစ်ချစ်တောက်ပူနေတာ။ နေရာတိုင်းမှာလည်း အန္တရာယ်တွေနဲ့ အပြည့်ပဲ။ အချုပ်အနှောင်တွေနဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်းတွေအပြင် မီးပင်လယ်ကြီးနဲ့ လေမုန်တိုင်းတွေပါ ရှိတယ်။ အဲဒီအန္တရာယ်တွေအကုန်လုံးက ငါတို့ရဲ့ အပြင်ခန္ဓာကိုယ်ရော ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ မင်းတို့တွေ စိတ်ပူနေစရာမလိုဘူး။ ငါ့နားမှာ ရှိနေသရွေ့ မင်းတို့တွေ ဘေးကင်းနေမှာပါ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ချောင်းဟန့်လိုက်၏။ သို့သော်လည်း သူသည် သတိကြီးကြီးထားနေဆဲပင်။ သူသည် ကျိုးရိဖန်းနှင့် ကျောက်ယမုန့် ဒဏ်ရာအနည်းငယ်ခန့်ရရှိမည်ကို လက်ခံနိုင်ပါသော်လည်း သူတို့နှစ်ယောက်အား သူ၏ရှေ့တွင် အသေခံမည်တော့ မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်၏။ ထို့နောက် သူသည် အသေးစိတ်ညွှန်ကြားချက်များ ထပ်ပေးလိုက်ပြန်သည်။ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ သူပြောသည့် စကားများကို သေသေချာချာနားထောင်၍ သတိကြီးကြီးထားနေကြ၏။ ထို့နောက် သူသည် ရှေ့သို့ ခြေတလှမ်းလှမ်းကာ အကာအရံကြီးထဲသို့ ဝင်ရောက်သွားတော့သည်။ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့နှစ်ယောက် ဝမ်ပေါင်လဲ့နှင့် စွန်စားခန်းအတူတူ ထွက်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ် မဟုတ်သောကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏နောက်မှ ချက်ချင်းပင်လိုက်သွားကြ၏။

သူတို့သုံးယောက်မှာ အကာအရံကြီးအား ဖြတ်ကျော်ပြီးသွားသောအခါ ချစ်ချစ်တောက်ပူနေသည့် အပူလှိုင်းများဖြင့် ရင်ဆိုင်လိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ ရှေ့ဆုံးမှနေ၍ ပြေးထွက်သွားသည်။ လက်ရှိတွင် ကျောက်ယမုန့်မှာ အခြေတည်ထိပ်ဆုံးအဆင့်တွင် ရှိနေသည်ဖြစ်ပြီး ကျိုးရိဖန်းမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ဝမ်ပေါင်လဲ့၏ အမြန်နှုန်းအား မယှဉ်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အရှိန်လျှော့ပေးလိုက်သဖြင့် သူတို့သုံးယောက်မှာ ဓားကိုယ်ထည်ပိုင်းထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားကြပြီး မီးပင်လယ်ကြီးနှင့် လေမုန်းတိုင်းများကိုသာမက ဟင်းလင်းပြင်အင်ကွဲကြောင်းများကိုပါ ကွေ့ဝိုက်ရှောင်တိမ်းနေလိုက်ကြတော့သည်။

သူတို့၏ ခရီးစဉ်တစ်လျှောက်လုံးတွင် မည်သည့်အန္တရာယ်မှ ပေါ်ပေါက်မလာခဲ့သောကြောင့် သူတို့မှာ အလွန်အင်မတန်မှ လျင်မြန်နေ၏။ သူတို့မှာ ကုန်းမြေများပေါ်တွင် ဖြတ်ပြေးရင်း မီးပင်လယ်ကြီး၏ ပေါက်ကွဲမှုများကြောင့် မြေပြင်အနေအထားများ ပြောင်းလဲသွားရသည်ကို သတိထားမိလိုက်၏။ ထိုသို့ဖြင့် သူတို့မှာ သူတို့၏ ခရီးပန်းတိုင်ဆီသို့ တဖြည်းဖြည်းနှင့် ချဉ်းကပ်လာတော့သည်။

ကျိုးရိဖန်းမှာ သူ၏ဘဝတစ်လျှောက်လုံးတွင် ယခုလောက် သတိကြီးကြီး မထားခဲ့ဖူးပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ စိတ်ကျေနပ်စရာကောင်းလောက်အောင် မြင့်မားနေခြင်းမရှိသေးပါသော်လည်း သူသည် ဝမ်ပေါင်လဲ့အား အပြည့်အဝယုံကြည်ထား၏။ ထို့အပြင် သူသည်အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက သူ၏မိတ်ဆွေများ မထိခိုက်စေရန် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားမည်ဟု ဆုံးဖြတ်ထားပြီးသားဖြစ်၏။

ကျောက်ယမုန့်မှာ ခရီးစဉ်တစ်လျှောက်လုံးတွင် နှုတ်ဆိတ်နေခဲ့၏။ သို့သော် သူမသည် စိတ်ထဲ၌ လိုအပ်သည့် ဗျူဟာများ ရေးဆွဲနေဆဲပင်။ သူမသည် ကောင်းကင်ယံထဲရှိ တောင်ထိပ်များနှင့် ထိုတောင်ထိပ်များပေါ်ရှိ အချုပ်အနှောင်များကို မြင်လိုက်ရသောအခါ အသက်ရှူသံများ တစ်ခဏမျှ ရပ်တန့်သွားရတော့သည်။ ထို့နောက် သူမ၏မျက်ဝန်းများမှာ အရောင်လက်သွား၏။ သူမသည် သူမ၏ စိတ်ထဲ၌ မန္တန်အစီအရင်ပညာရပ်များအား အစွမ်းကုန်ထုတ်သုံးနေ၏။

သူတို့မှာ လမ်းခုလတ်တွင် ရံခါဖန်ခါ ဆိုသလိုအနားယူခဲ့ပြီး သာမန်ထက် ပို၍ရှည်သော လမ်းကို ရွေးခဲ့‌သောကြောင့် တစ်နာရီတိတိ ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့ သူ၏ အသိအမှတ်ပြုတံဆိပ်ပြားများအား ရယူခဲ့သည့် တောင်ထိပ်ဆီသို့ ရောက်ရှိလာတော့သည်။

ဝမ်ပေါင်လဲ့မှာ တစ်ဖက်စောင်းနေသည့် ထိုတောင်ကြီးကို အဝေးမှလှမ်းမြင်လိုက်ရသောအခါ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်၏။ သူသည် ပြောင်းလဲမှုအချို့ပေါ်ပေါက်လာပြီး ထိုတောင်ထိပ်ကြီး အခြားတစ်နေရာတစ်ခုသို့ ပြောင်းရွှေ့သွားခဲ့မည်ကို စိုးရိမ်နေခဲ့သည်။ အကယ်၍ ထိုသို့သာဆိုပါက သူ အကုန်ခံခဲ့ရသည့် တိုက်ပွဲရမှတ်များမှာ အလကားဖြစ်သွားမည်သာဖြစ်သည်။

” ဒီတောင်ထိပ်ပဲ မုန့်ရေ။ ငါတို့ အကုန်လုံး ချမ်းသာလာနိုင်ဖို့ နင့်အပေါ်မှာ မူတည်နေပြီ။ ငါလည်း တိုက်ပွဲရမှတ် ထောင်နဲ့ချီပြီး စိုက်ထားရတာ ” ဝမ်ပေါင်လဲ့မှာ မျှော်လင့်ချက်အရိပ်အယောင်များ တောက်ပနေသော မျက်ဝန်းများဖြင့် ကျောက်ယမုန့်အား စိုက်ကြည့်ကာ ဆိုလိုက်၏။

ကျောက်ယမုန့်မှာ သူမ၏ အစီအစဉ်များအား စိတ်ကူးထဲ၌ ပုံဖော်နေခဲ့၏။ သို့သော် ဝမ်ပေါင်လဲ့၏ ပြောစကားကို ကြားလိုက်ရသောအခါ သူမသည် မျက်နှာပျက်သွားရသည်။ ထို့ကြောင့် သူမသည် သူ့အား လျစ်လျူရှုကာ ရှေ့သို့ ‌ခြေလှမ်းအနည်းငယ်ခန့်လှမ်းလာပြီး ညာဘက်လက်အား မြှောက်လိုက်၏။ ထို့နောက် သူမသည် ထိုတောင်ထိပ်ကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ မန္တန်လက်ကွက်များ ဖော်လိုက်တော့သည်။

” ရိဖန်း။ ကျောက်ယမုန့်က ဘာလို့ ငါ့ကို အခုလို အေးတိအေးစက်ကြီး ဆက်ဆံနေရတာလဲ။ ငါတို့တွေအကုန်လုံးက ညီကိုမောင်နှမတွေ မဟုတ်ဘူးလား ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ကျိုးရိဖန်းအား တိုးတိုးလေးမေးလိုက်၏။

” ပေါင်လဲ့။ မင်း တကယ်ပဲမသိတာလား။ မသိချင်ယောင်ဆောင်နေတာလား ” ကျိုးရိဖန်းမှာ ဆွံ့အနေရပြီဖြစ်သည်။ ‌ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ပခုံးအား လက်ဖြင့်ပုတ်ကာ ကျောက်ယမုန့်ဆီသို့ လျှောက်လှမ်းသွားလိုက်ပြီး သူမ၏ဘေး၌ ကာကွယ်ပေးနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်တောင်တဖျတ်ဖျတ်ခပ်ရင်း ကျန်ရစ်ခဲ့၏။ သူသည် ကျောက်ယမုန့်အား လှမ်းကြည့်မိလိုက်ပြီးနောက် သူ၏နဖူးအား လက်ဝါးဖြင့် ရိုက်မိလိုက်တော့သည်။ ထို့နောက် သူသည် ကြံရာမရဖြစ်သွားသဖြင့် သက်ပြင်းချမိလိုက်၏။

” ဒါ လီဝမ်အာကြောင့်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ မုန့်ရယ်… နင်ကငါ့ရဲ့ သွေးသောက်ညီကိုတစ်ယောက်လေ။ ငါက နင့်ကို ငါ့ရဲ့ ညီအစ်ကိုမောင်နှမ အရင်းတစ်ယောက်လို သဘောထားတာ။ နင်က တကယ်ပဲ… ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး သူ၏ဗိုက်အား ပုတ်လိုက်၏။ ထို့နောက် သူသည် ၎င်းမှာ ကျောက်ယမုန့်၏ အမှားမဟုတ်ကြောင်း စိတ်ထဲ၌ တွေးတောလိုက်သည်။ သူသည် ပြည်ထောင်စုကြီးထဲ၌ ရုပ်အချောဆုံးနှင့် ကျစ်လျစ်သွယ်လျဆုံးပုဂ္ဂိုလ် ဖြစ်နေသောကြောင့်သာ ယခုလို ဖြစ်နေရခြင်းဖြစ်သည်။ ထို့အပြင် သူသည် ပြည်ထောင်စုကြီးတစ်ခုလုံးထဲတွင် အတော်ဆုံး ကျင့်ကြံသူလည်း ဖြစ်နေသေးသည် မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွားပြီး သူ့ကိုယ်သူ ကျေနပ်အားရသွား၏။ သို့သော် ထိုကျေနပ်မှုများမှာ ကြာကြာမခံလိုက်ပေ။ ကျောက်ယမုန့်မှာ မျက်မှောင်ကြုတ်လိုက်ပြီး တည်ကြည်စွာဆိုလိုက်၏။

” ဖက်တီး။ နင့်ဆီမှာ ရုပ်သေးရုပ်တွေ ကျန်သေးလား။ အချုပ်အနှောင်ကြီးကို စမ်းသပ်ကြည့်ဖို့ နည်းနည်းလောက် ထုတ်လိုက်ဦး။ ငါ လုပ်ငန်းစဉ်တစ်ခုလုံးကို အစအဆုံး ကြည့်ချင်လို့ ”

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်စကားကို ကြားလိုက်ရသောအခါ မခံမရပ်နိုင်လောက်အောင် ဖြစ်သွားရ၏။ ” ဖက်တီး ” ဆိုသည့် စကားလုံးမှာ သူ့အတွက် အလွန်အင်မတန်မှ နားကလောသည့် စကားလုံးတစ်လုံးမဟုတ်ပါလော။ ထို့ကြောင့် သူသည် ကျောက်ယမုန့်အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ရန် ပြင်လိုက်စဉ်တွင် ကျောက်ယမုန့်မှာ နောက်သို့လှည့်လာပြီး သူ့အား မျက်စောင်းထိုးလိုက်၏။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော အငွေ့အသက်များမှာ ဝမ်ပေါင်လဲ့၏ အတွေးများထဲမှ အင်္ဂါဂြိုဟ်ဘုရင်ခံ၏ အငွေ့အသက်များနှင့် တစ်ထေရာတည်း ထပ်တူကျနေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိသွားသည်။ သူသည် သူမ၏အမေအား ကြောက်ရွံ့သောကြောင့် မဟုတ်ဘဲ သူတို့နှစ်ယောက်၏ကြားမှ ခင်မင်ရင်းနှီးမှုကြောင့်သာ ယခုလို လျှော့ပေးနေရခြင်းဖြစ်ကြောင်း စိတ်ထဲ၌တွေးလိုက်ပြီး သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ ထို့နောက် သူသည် သူ၏ဗိုက်အား ရှေ့သို့ကော့ကာ ရှေ့သို့ လျှောက်လှမ်းလာပြီး သူ၏ ရုပ်သေးရုပ်များအား ထုတ်ယူ၍ ပစ်လွှတ်လိုက်၏။ ၎င်းတို့မှာ ထိုတောင်ထိပ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြသည်။ ထိုအခါ အနက်ရောင်အလင်းတန်းကြီးမှာ ချက်ချင်းပင်ထွက်ပေါ်လာပြီး ၎င်းတို့အား စိစိညက်ညက် ကြေမွသွားအောင် ဖျက်ဆီးပစ်လိုက်၏။

ထိုမြင်ကွင်းကြောင့် ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ မျက်လုံးများမှေးသွားရ၏။ ကျောက်ယမုန့်မှာ တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် မန္တန်အစီအရင်များအား မှတ်တမ်းတင်နိုင်ရန် အထူးပြုလုပ်ထားသည့် ကျောက်စိမ်းပေလွှာတစ်ခုအား ထုတ်ယူလိုက်သည်။ ထို့နောက် သူမသည် ကမ္ဗည်းစာလုံးများ စတင်ရေးဆွဲကာ ထို အချုပ်အနှောင်ကြီးအား ချိုးဖျက်နိုင်မည့် မန္တန်အစီအရင်တစ်ခုအား ဖန်တီးနေလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး နှစ်ရက်တိတိ ကုန်ဆုံးသွားသည်။ ထို နှစ်ရက်အတွင်းတွင် ကျောက်ယမုန့်မှာ အိပ်စက်အနားယူခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူမသည် မောပန်းနွမ်းနေကာ မျက်တွင်းများချိုင့်လာရ၏။ ကျိုးရိဖန်းနှင့် ဝမ်ပေါင်လဲ့တို့မှာလည်း အစောင့်တာဝန်ထမ်းဆောင်နေရသောကြောင့် အနားယူရန် အချိန်မရှိပေ။ ကံကောင်းစွာဖြင့် သူတို့မှာ အချိန်အကြာကြီး မစောင့်လိုက်ရပေ။ တတိယမြောက်နေ့သို့ ရောက်သောအခါ ကျောက်ယမုန့်မှာ ရုတ်တရက် ခေါင်းမော့လာ၏။

” အကြမ်းဖျင်းသဘောအရ ပြောရမယ်ဆိုရင်တော့ ဒီ အချုပ်အနှောင်ကြီးက မန္တန်အစီအရင် တစ်ခုပါပဲ။ ဒါပေမဲ့ အချုပ်အနှောင် အမျိုးအစားတွေက အများကြီးရှိတာ။ ငါ့ရဲ့ ယူဆချက်သာ မမှားဘူးဆိုရင် ဒီ အချုပ်အနှောင်ကြီးက အလွှာတွေအများကြီးကို တစ်လွှာချင်းစီ ချိတ်ဆက်ထားတဲ့ မန္တန်အစီအရင်ကြီးတစ်ခုပဲ။ အဲဒီ မန္တန်အစီအရင်ကြီးထဲက အမှတ်တစ်မှတ်ကို ဖြတ်မိလိုက်တာနဲ့ မန္တန်အစီအရင်ကြီးတစ်ခုလုံးရဲ့ အစွမ်းတွေ ထွက်ပေါ်လာမှာ။ ငါတို့တွေ အသက်ရှူကြိမ်သုံးဆယ်အထိပဲ ဘေးကင်းကင်းနဲ့ နေနိုင်မှာ ” ကျောက်ယမုန့်မှာ ထိုသို့ရှင်းပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။

” ယမုန့်၊ ရိဖန်း။ နင်တို့နှစ်ယောက်က အဆောင်တွေဆီ သွားလိုက်။ ငါက တောင်ထိပ်ပေါ်မှာရှိတဲ့ ဂူဗိမာန်ကြီးဆီ သွားလိုက်မယ်။ အသက်ရှူကြိမ် အကြိမ် သုံးဆယ်အတွင်းမှာ ပြန်ရောက်လာနိုင်အောင် အကောင်းဆုံးကြိုးစားကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ချက်ချင်း အမိန့်ပေးလိုက်၏။

ထိုအခါ ကျိုးရိဖန်းမှာ ခေါင်းညိတ်ပြလိုက်သည်။ ကျောက်ယမုန့်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူမ၏လက်ထဲတွင် ရှိနေသော ကျောက်စိမ်းပေလွှာလေးအား ရှေ့သို့ ပစ်လွှတ်လိုက်သည်။ ထိုအခါ ၎င်းမှာ သက်တံ့ကွေးတစ်ခုအသွင် ပြောင်းလဲသွားပြီး‌ တောင်ထိပ်ကြီးဆီသို့ ဦးတည်သွားတော့သည်။ ထို ကျောက်စိမ်းပေလွှာလေး တောင်ထိပ်ကြီး၏အနီးသို့ ရောက်လာသည်နှင့် အနက်ရောင်အလင်းတန်းကြီးမှာ ချက်ချင်းပင်ထွက်ပေါ်လာပြီး ၎င်းအား ဖျက်ဆီးပစ်ရန် အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

ထို အနက်ရောင်အလင်းတန်းကြီး ကျောက်စိမ်းပေလွှာလေးအား ရိုက်ခတ်မိသွားသည်နှင့် တစ်ပြိုင်နက် ထိုကျောက်စိမ်းပေလွှာလေးမှာ အပြင်းအထန် တုန်ရီသွားပြီး ပေါက်ကွဲသွား၏။ ၎င်းမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခြင်းမရှိပါသော်လည်း အပိုင်းအစကိုးခုအသွင် ပြောင်းလဲသွားပြီး အနက်ရောင်အလင်းတန်းကြီးအား ဝန်းရံလိုက်ကြ၏။ ၎င်းမှာ အချုပ်အနှောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထို အနက်ရောင်အလင်းတန်းကြီးအား အတွင်း၌ ပိတ်လှောင်ထားသည့်ပုံပင်။ ထို အနက်ရောင်အလင်းတန်းကြီးမှာ အပြင်းအထန် တုန်ရီနေသည့်တိုင်အောင် အပြင်ဘက်သို့ မဖောက်ထွက်နိုင်ဘဲဖြစ်နေရ၏။

” မြန်မြန်လေး။ သွားကြစို့ ” ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီး မန္တန်အစီအရင်ကြီးဆီသို့ ချက်ချင်းပင် ဦးတည်သွားလိုက်၏။ ဝမ်ပေါင်လဲ့မှာ ပို၍ပင်လျင်မြန်နေသည်။ ထို့ကြောင့် သူသည် ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့ နှစ်ယောက်စလုံးအား ဆွဲခေါ်ကာ အရှိန်မြှင့်တင်လိုက်၏။ ထိုသို့ဖြင့် သူတို့သုံးယောက်စလုံးမှာ အချုပ်အနှောင်ကြီးအား ကျော်ဖြတ်လာပြီး တောင်ပေါ်သို့ ရောက်ရှိသွားတော့သည်။

သို့သော် သူတို့သုံးယောက် ထိုတောင်ထိပ်ပေါ်သို့ ရောက်ရှိလာသည်နှင့် ပိတ်လှောင်ခံထားရသည့် အနက်ရောင်အလင်းတန်းကြီးမှာ အပြင်းအထန်တုန်ရီသွား၏။ ထို့နောက် ၎င်းမှာ အလင်းတန်း ဆယ့်နှစ်ခုအသွင် ပြောင်းလဲသွားပြီး ကျောက်စိမ်းပေလွှာလေး၏ အပိုင်းအစများအား တိုက်ခိုက်ကာ ၎င်းတို့အား ချုပ်နှောင်လိုက်ကြတော့သည်။ ထို့ကြောင့် ထို အလင်းတန်းများမှာ အောင်မြင်စွာ ဖောက်ထွက်နိုင်တော့မည့်ပုံ ပေါက်နေကြ၏။ ၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် တောင်ထိပ်ကြီးတစ်ခုလုံးမှာလည်း အပြင်းအထန် တုန်ရီနေရ၏။ အချုပ်အနှောင်ကြီး၏ ပြန်လည်ခုခံမှုကြောင့် တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများ ပေါ်ပေါက်လာသည့်ပုံပင်။ ထိုတောင်ကြီးထဲ၌ အမည်မသိ စွမ်းအားများ ထွက်ပေါ်လာသဖြင့် ထိုနယ်မြေကြီးတစ်ခုလုံးမှာ အသွင်ပြောင်းကာ တည်နေရာပြောင်းရွှေ့သွားတော့မည့်ပုံ ပေါက်နေတော့သည်။

” မြန်မြန်လေး ” ကျောက်ယမုန့်မှာ အလောတကြီး အော်ဟစ်လိုက်ပြီး အကောင်းပတိအတိုင်း ကျန်ရှိနေသေးသော အဆောင်တစ်ဆောင်ဆီသို့ ပြေးသွားလိုက်၏။ ကျိုးရိဖန်းမှာလည်း အလျင်အမြန်လှုပ်ရှားလိုက်ပြီး အခြားအဆောင်တစ်ခုဆီသို့ ပြေးသွားလိုက်ပြန်သည်။ ဝမ်ပေါင်လဲ့မှာလည်း တောင်ပေါ်သို့ ရောက်ရှိလာပြီးနောက် ရပ်တန့်နေခြင်းမရှိဘဲ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လှမ်းကာ လေပေါ်သို့ ခုန်တက်သွားပြီး တောင်ထိပ်ကြီး၏ ထိပ်ဆုံး၌ရှိနေသော ဂူဗိမာန်ကြီးဆီသို့ ရောက်ရှိသွားတော့သည်။

သူတို့မှာ သူတို့၏တာဝန်များကို သိထားကြသောကြောင့် အလျင်အမြန် ဆောင်ရွက်လိုက်ကြ၏။ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့မှာ အဆောင်များထဲသို့ ရောက်ရှိလာပြီးနောက် အသေးစိတ် ကြည့်ရှုစစ်ဆေးနေခြင်းမရှိဘဲ တွေ့သမျှ ပစ္စည်းအားလုံးကို သိမ်းယူခဲ့၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် ထိုဂူဗိမာန်ကြီး၏ အနီးသို့ ရောက်ရှိလာပြီးနောက် ပထမဦးဆုံးအနေဖြင့် အဓိကဂိုဏ်းသား၏ ခရမ်းရောင် အသိအမှတ်ပြုတံဆိပ်ပြားအား လှမ်း၍ ဆွဲယူလိုက်၏။

သူသည် သူ၏ ဝါးမျိုခြင်းသစ်စေ့အား ထုတ်သုံးလိုက်သဖြင့် ထိုတံဆိပ်ပြားမှာ သူ့ဆီသို့ ပျံဝဲလာ၏။ ထို ရုပ်အလောင်းကြီးမှာလည်း ၎င်းနှင့်အတူ ဆွဲငင်ခံလိုက်ရပြီး သူ၏ သိုလှောင်အိတ်ထဲသို့ ရောက်ရှိလာသည်။

သူသည် ထိုကဲ့သို့ အဆင့်ဆင့် ဆောင်ရွက်လိုက်ပြီးနောက် ရင်ခုန်သံများ ကျယ်လောင်လာရပါသော်လည်း ရပ်တန့်သွားခြင်းမရှိပေ။ ထို့နောက် သူသည် ထိုရုပ်အလောင်းကြီး၏ နောက်တွင်ရှိနေသော ဂူဗိမာန်ထဲသို့ ပြေးဝင်သွားလိုက်တော့သည်။

ထို ဂူဗိမာန်ကြီးမှာ ရှုပ်ပွနေ၏။ အရာအားလုံးမှာ ပျက်စီးနေကြပြီး မြေပြင်ပေါ်တွင် ကျောက်စကျောက်နများ ပြန့်ကျဲနေကြ၏။ ပစ္စည်းတစ်ခုချင်းစီကို အသေးစိတ် ကြည့်ရှုစစ်ဆေးရန် မဖြစ်နိုင်သောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်ပြီး တွေ့သမျှအရာအားလုံးကို သိမ်းယူလိုက်၏။ ထို့နောက် သူသည် ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဂူဗိမာန်ကြီး၏ နံရံပေါ်၌ ခပ်မှိန်မှိန် အလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် စာကြောင်းတစ်ကြောင်း ပေါ်ထွက်လာတော့သည်။

” ဒီဂူထဲကို ဝင်လာနိုင်တဲ့လူတွေက ရေစက်ပါလို့ ဝင်လာနိုင်တာပဲ။ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ အဓိကဂိုဏ်းသားတစ်ယောက်အနေနဲ့ ငါတို့ဂိုဏ်းကြီး အဖြစ်ဆိုးကြီးနဲ့ ကြုံရပြီးတဲ့နောက်မှာ ငါလည်း အသက်ဆက်မရှင်ချင်တော့ဘူး။ ငါတို့ရဲ့ မျိုးဆက်ထဲက ကျင့်ကြံသူတွေက ကျင့်ကြံခြင်းစွမ်းအားတွေကို အသုံးပြုပြီးတော့ စကြဝဠာကြီးရဲ့ စည်းမျဉ်းဥပဒေတွေကို ဖီဆန်ခဲ့ကြတာ။ အဲ့တာမလို့ သေခြင်းတရားကို ကြောက်ရွံ့နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဒါပေမဲ့… ဝိညာဉ်တွေ ပျောက်ပျက်သွားရင်တောင် စကြဝဠာကြီးရဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖျက်လို့ရနိုင်မှာ မဟုတ်ဘူး။ ရေစက်ပါလို့ ဒီနေရာအထိ ရောက်လာတဲ့ လူတွေအတွက် မန္တန်စစ်သည်တော်တွေနဲ့ ပတ်သတ်ပြီးတော့ ငါ့ရဲ့ တစ်ဘဝလုံး လေ့လာထားခဲ့တဲ့ ပညာရပ်တွေနဲ့ လေ့လာမှုမှတ်တမ်းတွေကို ချန်ရစ်ထားခဲ့ပါ့မယ်… “

Comment

Leave a Reply

Options

not work with dark mode
Reset