Switch Mode

အခန်း (၅၂၃)

လူချောလေးများ အဖွဲ့အစည်း

သို့သော် သူတို့မှာ ပြည်ထောင်စုပျိုးပင်များ ဖြစ်နေကြသောကြောင့် သာမန်လူများထက်ပို၍ စိတ်ဓာတ်ကြံ့ခိုင်မှုရှိပေသည်။ ထို့ကြောင့် ဖန်းမု သေဆုံးသွားခဲ့သည့် သတင်းကို ကြားလိုက်ရသည့်တိုင်အောင် အုတ်အော်သောင်းနင်း ဖြစ်သွားကြခြင်းမရှိပေ။ သူတို့အားလုံးမှာ ဤခရီးစဉ်ကြီး မစခင်ကတည်းက စိတ်ပိုင်းဖြတ်ထားကြပြီးသားဖြစ်သည်။ ဖန်းမု၏ သေဆုံးမှုကြောင့် သူတို့မှာ သတိဝီရီယပိုရှိလာကြမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့ပင်လျှင် စိတ်မကောင်းဖြစ်နေခြင်းမရှိပေ။ သူသည် ဖန်းမုနှင့် ရင်းနှီးမှု သိပ်မရှိခဲ့သည် မဟုတ်ပါလော။ ထို့အပြင် သူသည် သူ၏ရှေ့တွင် အသက်ပျောက်သွားခဲ့သည့် လူပေါင်းများစွာကို မြင်ဖူးထားပြီးသားဖြစ်သည်။ သူသည် ၎င်းတို့အား အပြီးတိုင် လျစ်လျူရှုနိုင်စွမ်းရှိနေသည့် အနေအထားသို့ မရောက်သေးပါသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် အသက်ဆုံးရှုံးမှုများနှင့် မလွဲမသွေ ကြုံရမည်သာဖြစ်ကြောင်း နားလည်ထားသည်။

ကျင့်ကြံခြင်းလမ်းစဉ်မှာ အလွန်အင်မတန်မှ ရှည်လျားထွေပြား၏။ ထို့ကြောင့် သေခြင်းတရားအား ရှောင်လွှဲ၍ရမည်မဟုတ်ပေ။ သူသည် ထိုလမ်းစဉ်အား ရွေးချယ်ထားပြီးဖြစ်ရာ အရာအားလုံးကို စွန့်လွှတ်တတ်ရန်လည်း လိုအပ်ပေသည်။

သို့သော် အရေးကြီးဆုံးအချက်မှာ သူသည် ဖန်းမုနှင့် သိပ်၍ မရင်းနှီးသောကြောင့်သာ ဖြစ်သည်။

အကယ်၍ ထိုကဲ့သို့သေဆုံးသွားခဲ့သူမှာ ကျိုးရိဖန်း၊ ကျောက်ယမုန့် သို့မဟုတ် ခုန်းတောက် ဖြစ်နေမည်ဆိုပါက ဝမ်ပေါင်လဲ့၏ ခံစားချက်များမှာ ယခုထက် ပို၍ပြင်းထန်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် သူတို့ သုံးယောက်ဆီသို့ အကြောင်းကြားစာတစ်စောင်စီ ပေးပို့လိုက်ပြီး ယခင်ကထက်ပို၍ ဂရုစိုက်ရန် သတိပေးလိုက်၏။ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့မှာ ဘေးကင်းသည့်နေရာ၌ ရှိနေကြသည်ပုံပင်။ သူတို့မှာ သူတို့ တာဝန်ကျရာ ကျွန်းများပေါ်မှ ထွက်ခွာသွားခဲ့ခြင်းမရှိပေ။ ခုန်းတောက်မှာမူ ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာအား လက်ခံရရှိလိုက်ချိန်တွင် သူ မိတ်ဆွေဖွဲ့ခဲ့သည့် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ကျင့်ကြံသူများနှင့်အတူ တာဝန်တစ်ခု ထမ်းဆောင်နေခဲ့၏။ သူသည် ဝမ်ပေါင်လဲ့၏ အကြောင်းကြားစာအား မြင်လိုက်ရပြီးနောက် ယခင်ကထက်ပို၍ သတိဝီရိယ ရှိလာတော့သည်။

ဝမ်ပေါင်လဲ့မှာ ခုန်းတောက်အတွက် အထူးတလည် စိတ်ပူနေခြင်းတော့မရှိပေ။ သူသည် သားရဲပင်လယ်ထဲတွင် မွေးဖွားလာခဲ့သည့် လူတစ်ယောက်ဖြစ်ပြီး ငယ်ရွယ်စဉ်ဘဝကတည်းက အင်္ဂါဂြိုဟ်ပေါ်သို့ သွားရောက်ကာ ထိုဂြိုဟ်ပေါ်၌ ကိုယ့်အားကိုယ်ကိုး၍ အသက်ရှင်နေထိုင်ခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူ့ဆီတွင် ဝှက်ဖဲတစ်ခုခု ရှိနေရပေမည်။ ထို့အပြင် ခုန်းတောက်မှာ ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ဖြစ်၏။ သူသည် ဝမ်ပေါင်လဲ့၏ အနီးတွင် ရှိနေမှသာ သူ၏ အကျင့်စရိုက်များကို ကွယ်ဝှက်ထားလေ့ရှိသည်။

အမှန်တွင် ပြည်ထောင်စုပျိုးပင်များထဲမှ ဒုတိယမြောက် အမြုတေအဆင့် ကျင့်ကြံသူအဖြစ်သို့ တက်လှမ်းနိုင်မည့်လူမှာ ခုန်းတောက်နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်ထဲမှ တစ်ယောက်ယောက် ဖြစ်မည်ဟုပင် ဝမ်ပေါင်လဲ့က ခန့်မှန်းထား၏။

ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုပျိုးပင်များအား ဖန်းမု၏ သေဆုံးမှုအကြောင်းကို အသိပေးလိုက်ပြီးနောက် စိတ်သက်သာရာရသွား၏။ ထို့နောက် သူသည် သူ၏ခရီးစဉ်မှ ရရှိခဲ့သော ပစ္စည်းများအား သေသေချာချာ သိမ်းဆည်းလိုက်သည်။ သို့သော် သူသည် သူ ထိုနေရာမှ ထွက်ပြေးမလာခင် မြင်ခဲ့ရသည့် ခရမ်းရောင် အသိအမှတ်ပြုတံဆိပ်ပြား၏ အကြောင်းကို မတွေးဘဲ မနေနိုင်လောက်အောင်ဖြစ်နေရသည်။

” အဓိကအဖွဲ့ဝင်တစ်ယောက်ရဲ့ အသိအမှတ်ပြုတံဆိပ်ပြားက တိုက်ပွဲရမှတ် အမှတ်နှစ်သောင်းတောင် တန်တာ ” ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ လောဘစိတ်များ ပြန်လည် ပေါ်ပေါက်လာရပြန်သည်။ သူသည် ထိုကိစ္စနှင့်ပတ်သက်၍ သေသေချာချာ စဉ်းစားတွေးတောနေ၏။ သူသည် လက်ရှိတွင် သူ၏လက်ထဲ၌ရှိနေသော တိုက်ပွဲရမှတ် အမှတ်ရှစ်ထောင်နီးပါးအား ရေတွက်ကြည့်လိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

” ငါ နောက်ထပ်တစ်ခေါက် ပြန်သွားမှဖြစ်မယ်။ ဒီအတိုင်း လက်လျှော့လိုက်လို့မဖြစ်ဘူး။ ငါ ဒီခရီးစဉ်အတွက် အနာကျက်ဆေးလုံးတွေအများကြီး ပြင်ဆင်ထားဖို့လိုတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတော့လိုက်ပြီးနောက် သူ စုဆောင်းထားသည့် အသိအမှတ်ပြု တံဆိပ်ပြားများအား ထုတ်ယူလိုက်၏။ ထို့နောက် သူသည် မျက်လုံးများအရောင်လက်သွားပြီး သူ၏ အသံလွှင့်အကြောင်းကြားစာ ကျောက်စိမ်းပေလွှာအား ထုတ်ယူကာ ရှဲ့ဟေးရန်အား လှမ်း၍ ဆက်သွယ်လိုက်တော့သည်။ သူသည် အနာကျက်ဆေးလုံးများ၏ ဈေးနှုန်းများကို မေးမြန်းလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် အသိအမှတ်ပြုတံဆိပ်ပြား လဲလှယ်မှုများအကြောင်းကို မေးမြန်းလိုက်၏။

” အသိအမှတ်ပြုတံဆိပ်ပြားတွေလား။ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ရဲ့ အသိအမှတ်ပြုတံဆိပ်ပြားတစ်ခုကို လဲလှယ်လိုက်တာနဲ့ ဂိုဏ်းက သတိထားမိသွားမှာ။ ဒါပေမဲ့ အပြင်စည်းဂိုဏ်းသားတွေရဲ့ အသိအမှတ်ပြု တံဆိပ်ပြားတွေကိုတော့ ဘယ်သူကမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ ငါ မှတ်မိသလောက်ဆိုရင် တစ်ခါတည်းနဲ့ တံဆိပ်ပြား အခုရှစ်ဆယ်ကျော် လဲလှယ်ဖူးတာ အများဆုံးထင်တယ် ”

” ဒါပေမဲ့ အတွင်းစည်းဂိုဏ်းသားတွေရဲ့ အသိအမှတ်ပြုတံဆိပ်ပြား ဆယ်ခုကျော်ကို တစ်ခါတည်း လဲလှယ်လိုက်မယ်ဆိုရင် ဂိုဏ်းက သေချာပေါက် သတိထားမိသွားမှာပဲ။ အဲ့တာမလို့ လူအများစုက နည်းနည်းချင်းစီခွဲပြီးတော့ လဲလှယ်ကြတာ။ လူတိုင်းဆီမှာ တခြားလူတွေ အသိမခံချင်တဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်လေ ”

ရှဲ့ဟေးရန်မှာ အလုံးစုံသိမြင်တော်မူသော စီးပွားရေးသမားတစ်ယောက်ပင်။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် တည်ကြည်မှုအပြည့်ဖြင့် မေးလိုက်သော မေးခွန်းများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် ခန့်မှန်းမိသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် ကြိမ်ဖန်များစွာ လက်တွဲ၍ အလုပ်လုပ်ခဲ့ဖူးသည့် အမှတ်တရများကို ပြန်လည်တွေးတောလိုက်ပြီး သူသိထားသမျှ အချက်အလက်များကို ဝမ်ပေါင်လဲ့အား ပြန်လည်ဝေမျှလိုက်တော့သည်။

နောက်ဆုံးတွင် သူသည် ရယ်မောလိုက်ပြီး အသိအမှတ်ပြု တံဆိပ်ပြားများအား ဆေးလုံးများနှင့် အခြား တန်ဖိုးတူပစ္စည်းများဖြင့် လဲလှယ်နိုင်မည့် နည်းလမ်းများကို ဝမ်ပေါင်လဲ့အား အသိပေးလိုက်၏။ ထို့အပြင် သူသည် ထိုကဲ့သို့ လဲလှယ်မှုများကိုလည်း အချိန်မရွေး ပြုလုပ်နိုင်သည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့အား ရှင်းပြလိုက်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏စကားများကို ကြားလိုက်ရသောအခါ ကျောက်စိမ်းပေလွှာအား အောက်သို့ချလိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ယွင်ဖျောင်ကျိအား လှမ်း၍ဆက်သွယ်လိုက်သည်။ ယွင်ဖျောင်ကျိမှာ သူသည် ဝမ်ပေါင်လဲ့အပေါ် ကျေးဇူးကြွေးတင်နေဆဲပင်ဖြစ်ကြောင်း ခံစားနေရ၏။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့ မေးခွန်းများမေးလိုက်သောအခါ သူသည်လည်း ရှဲ့ဟေးန်တစ်ယောက် ဝမ်ပေါင်လဲ့အား ပြောပြခဲ့သည့်အတိုင်း ပြန်ဖြေလိုက်၏။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရတော့သည်။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ဂူဗိမာန်ထဲမှ ထွက်ခွာသွား၏။ သူသည် တိုက်ပွဲရမှတ်များ လဲလှယ်နိုင်မည့် ကျောက်ပြားကြီးရှိနေသော ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးတည်သွားလိုက်ပြန်သည်။

သူ ရောက်ရှိလာချိန်တွင် ထိုနေရာ၌ လူများဖြင့်ပြည့်နှက်နေ၏။ ကျယ်ပြန့်တာအိုနန်းတော်မှာ လဲလှယ်မှုများ ပြုလုပ်ရသည့် နေရာအား ဘေးကင်းလုံခြုံမှု အရှိဆုံးဖြစ်အောင် ပြင်ဆင်ထားသည်။ လုပ်ပိုင်ခွင့်အာဏာ အတိုင်းအတာတစ်ခုအထိ မရှိပါက အခြားသူများ လဲလှယ်ခဲ့ကြသည့် တိုက်ပွဲရမှတ် ပမာဏများကို သိရှိနိုင်မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စောင့်ဆိုင်းနေလိုက်၏။ ထို့နောက် မည်သူမှ သတိမထားမိချိန်တွင် သူသည် အပြင်စည်းဂိုဏ်းသားများ၏ အသိအမှတ်ပြုတံဆိပ်ပြား ဆယ့်ငါးခုအား တိုက်ပွဲရမှတ် အမှတ်တစ်ထောင့်ငါးရာတိတိနှင့် လဲလှယ်လိုက်သည်။ တစ်အောင့်ခန့် ကြာသွားပြီးနောက် သူသည် နောက်ထပ် အသိအမှတ်ပြုတံဆိပ်ပြား ဆယ့်ခါးခုအား ထပ်၍ထုတ်ယူလိုက်ပြန်သည်။ ထို့ကြောင့် သူသည် တိုက်ပွဲရမှတ် စုစုပေါင်း အမှတ်သုံးထောင်တိတိ စုဆောင်းမိသွားပြီဖြစ်သည်။ ထို့နောက် သူသည် ဆက်လက်လဲလှယ်နေခြင်းမရှိဘဲ ထိုနေရာမှ ထွက်ခွာလာပြီး ရှဲ့ဟေးရန်အား ဆက်သွယ်ကာ ကျေးဇူးတင်စကား ဆိုလိုက်၏။ ထို့နောက် သူသည် အတွင်းစည်းဂိုဏ်းသား၏ အသိအမှတ်ပြုတံဆိပ်ပြား အပါအဝင် လက်ကျန်တံဆိပ်ပြားများအား အနာကျက်ဆေးလုံး အမြောက်အမြားနှင့် လဲလှယ်လိုက်တော့သည်။

ထိုဆေးလုံးများ၏ ကုန်ကျစရိတ်မှာ တိုက်ပွဲရမှတ် အမှတ်နှစ်ထောင်နီးပါးခန့် ရှိပေသည်။ ထိုပမာဏမှာ ရှဲ့ဟေးရန်အတွက် ပေါ့သေးသေး မဟုတ်ပေ။ ထို့ကြောင့်လည်း ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား တရင်းတနှီး ဆက်ဆံနေရခြင်းဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား ဈေးပင်လျှော့ပေးလိုက်သေးသည်။

ဝမ်ပေါင်လဲ့မှာ ထိုဝယ်ခြမ်းမှုများ ပြုလုပ်ပြီးနောက် လက်ထဲတွင် တိုက်ပွဲရမှတ် အမှတ်တစ်သောင်းကျော် ကျန်ရှိနေသေးသည်။ ထို့အပြင် သူ မရောင်းရသေးသော ပစ္စည်းအချို့လည်း ရှိနေသေး၏။ ထိုမျှသာမက သူသည် သူ၏ ဝိညာဉ်လှေများကိုလည်း အရောင်းစာရင်း တင်ထားသေးသည် မဟုတ်ပါလော။ ယွင်ဖျောင်ကျိမှာလည်း သူသည် ကမ်းလှမ်းမှုတစ်ခု ရရှိထားပြီးဖြစ်သောကြောင့် သိပ်မကြာခင်တွင် ၎င်းတို့အား ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သူ့အား အသိပေးထားပြီးသားဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ တွက်ချက်မှုများ ပြုလုပ်လိုက်ပြီးနောက် သူ၏လက်ထဲ၌ ရှိနေမည့် တိုက်ပွဲရမှတ်ပမာဏများကြောင့် အံ့ဩတုန်လှုပ်သွားရ၏။

” ငါက အလိုလိုနေရင်းကို ချမ်းသာကြွယ်ဝလာတာပါလား ” ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရနေသည့် အမူအရာဖြင့် သူ၏ဗိုက်အား ပုတ်လိုက်၏။ သူသည် စိတ်ဓာတ်များ တက်ကြွနေရပြီဖြစ်သည်။ သို့သော် သူသည် ကျင့်ကြံခြင်းပညာရပ်များ ပြန်ပို့ပေးရန် စိတ်ကူးမရှိသေးပေ။ သူသည် တိုက်ပွဲရမှတ် အလုံအလောက် စုဆောင်းပြီးမှ ၎င်းတို့အားလုံးအား တစ်ခါတည်း ပေးပို့ရန် ကြံရွယ်ထား၏။ ထိုသို့သာဆိုပါက ပြည်ထောင်စုကြီးမှာ အံ့ဩတုန်လှုပ်သွားရမည်သာ ဖြစ်သည်။

” ကြည့်ရတာ ငါ ဓားကိုယ်ထည်ပိုင်းဆီကို နောက်ထပ်တစ်ခေါက် ထပ်သွားရအုံးမယ်ထင်တယ်။ အဲလိုသွားမှာပဲ ငါလည်း ချမ်းသာနိုင်မှာ ” ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် သူသည် သူ၏ အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်ပြီး သူနှင့်အတူ ထိုခရီးစဉ်တွင် လိုက်ပါလာမည့် လူတစ်ယောက်ယောက်အား ရှာဖွေနေလိုက်တော့သည်။

သူသည် တစ်ယောက်တည်းသာ ထွက်ခွာသွားမည်ဆိုပါက အားနည်းနေမည် ဖြစ်သည်။ သူ ယုံကြည်အားထားရသည့် မိတ်ဆွေများနှင့် အုပ်စုဖွဲ့၍ သွားမှသာလျှင် အန္တရာယ်များနှင့် ပြည့်နှက်နေသည့် ဓားကိုယ်ထည်ပိုင်းထဲရှိ ရတနာများကို ရယူသိမ်းပိုက်နိုင်မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ယုံကြည်အားထားနိုင်သည့် လူများနှင့် ပတ်သတ်၍ ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလိုပေ။ ထို့ကြောင့် သူသည် ကျောက်ယမုန့်အား ချက်ချင်းပင်ဆက်သွယ်လိုက်တော့သည်။

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့အား ပို၍ စိမ်းကားလာပြီဖြစ်သည်။ သို့သော် သူမသည် ဝမ်ပေါင်လဲ့၏ စိတ်အားထက်သန်မှုများနှင့် လုံ့လဝီရိယများကို အံတုနိုင်စွမ်း မရှိပေ။ ဝမ်ပေါင်လဲ့မှာ ဓားကိုယ်ထည်ပိုင်းထဲတွင် ရတနာအမြောက်အမြား ရှာတွေ့နိုင်ကြောင်းနှင့် သူသည် တောင်ထိပ်ကြီးပေါ်တွင် ဂူဗိမာန်တစ်လုံးကို မြင်ခဲ့ရသည်ဖြစ်ကြောင်း သူမအား ပြောပြလိုက်၏။ ထိုအခါ သူမမှာ မျက်နှာအမူအရာ တည်ကြည်နေသည့်တိုင်အောင် အသက်ရှူသံများ မြန်ဆန်လာရ၏။

” ဘယ်သူမှ မယူရသေးတဲ့ အဓိကဂိုဏ်းသားတစ်ယောက်ရဲ့ အသိအမှတ်ပြုတံဆိပ်ပြားတစ်ခု ဟုတ်လား ” အကယ်၍ အခြားတစ်ယောက်ယောက်သာ ထိုစကားကိုပြောနေမည်ဆိုပါက ကျောက်ယမုန့်မှာ ယုံကြည်မှုရှိမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ ထိုစကားကို ပြောခဲ့သူမှာ ဝမ်ပေါင်လဲ့ ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူမသည် တစ်ခ‌ဏနမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်တော့သည်။ သူမသည် ဝမ်ပေါင်လဲ့၏ အဖွဲ့ထဲသို့ ဝင်ရောက်ပူးပေါင်းရန် သဘောတူလိုက်၏။

” အချုပ်အနှောင်တစ်ခုဆိုတာ တကယ်တန်းတော့ မန္တန်တစ်ခုပါပဲ။ ကျောက်ယမုန့်က မန္တန်‌တွေနဲ့ ပတ်သတ်ရင် ကျွမ်းကျင်တာမလို့ ငါ့အတွက် အကူအညီအများကြီးပေးနိုင်မှာ သေချာတယ်။ ပြီးတော့ ငါ့ကို စောင့်ရှောက်ပေးနိုင်မယ့် လူတစ်ယောက်လည်း လိုသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ကျိုးရိရှန်းအား ချက်ချင်းပင် လှမ်း၍ဆက်သွယ်လိုက်၏။ ကျိုးရိရှန်း၏ ကျင့်ကြံခြင်းအဆင့်မှာ မမြင့်မားသည့်တိုင်အောင် သူ ယုံကြည်အားကိုးနိုင်သည့် လူများမှာ ကျင့်ကြံခြင်းအဆင့်ထက် ပို၍ အရေးပါကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်ထားသည်။

ကျိုးရိဖန်းမှာ ဝမ်ပေါင်လဲ့၏ ကမ်းလှမ်းချက်ကိုကြားလိုက်ရပြီးနောက် ‌တွေဝေတုံ့ဆိုင်းဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပင်သဘောတူလိုက်၏။ သူတို့မှာ အချိန်တစ်ခု သတ်မှတ်လိုက်ကြသည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ထပ်‌၍ စဉ်းစားတွေတောလိုက်ပြီးနောက် ခုန်းတောက်ကိုလည်း လှမ်း၍ ဆက်သွယ်လိုပြန်သည်။

သို့သော်လည်း သူသည် ခုန်းတောက်အား မဆက်သွယ်နိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် ယခုတွင် ခုန်းတောက်မှာ ဒေသတွင်းသုံ ဝိညာဉ်ကွန်ရက်၏ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေခြင်း ဖြစ်ရပေမည်။ သူနှင့် ဝမ်ပေါင်လဲ့တို့၏ကြားရှိ အကွာအဝေးမှာ ကြီးမားလွန်းနေ၏။

” ထားပါတော့။ ငါတို့သုံးယောက်တည်းနဲ့ ဖြစ်ပါတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ သူ၏ ကျောက်စိမ်းပေလွှာအား သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး တိုက်ပွဲရမှတ် အမှတ်နှစ်ထောင်အား ကျောက်ယမုန့်ဆီသို့ လွှဲပြောင်းပေးလိုက်၏။

” ယမုန့်ရေ။ ငါတို့တွေ ဒီမန္တန်အစီအရင်ပြဿနာကြီးကို ‌ဖြေရှင်းဖို့လိုတယ်။ နင်လိုအပ်မယ်ထင်တဲ့ အရာတွေ စုထားပြီး အဆင်သင့်ပြင်ထားတော့ ”

ကျောက်ယမုန့်မှာလည်း လက်ခံရရှိခဲ့သည့် တိုက်ပွဲရမှတ်များအား နှမြောတွန့်တိုနေခြင်းမရှိဘဲ လိုသလောက် အသုံးပြုခဲ့၏။ ထို့နောက် သူမသည် လိုအပ်သော ပြင်ဆင်မှုများ စတင်ပြုလုပ်နေလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်းဆီသို့ တိုက်ပွဲရမှတ်များ ပေးပို့ခဲ့ခြင်းမရှိဘဲ သူ့ဆီ၌ ရှိနေသည့် ဆေးလုံးအချို့ကိုသာ ပေးပို့ခဲ့၏။ သူသည် ကျိုးရိဖန်းအား ထိုဆေးလုံးများ၏ အာနိသင်များအကြောင်း ရှင်းပြလိုက်ပြီးနောက် မီးစိမ်းကျွန်းဆီသို့ ပြန်လာ၏။ ထို့နောက် သူသည် သူတို့အားလုံး သဘောတူထားသည့် နေ့ရက်အား စောင့်ဆိုင်းနေလိုက်တော့သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားကာ ငါးရက်တိတိ ကုန်ဆုံးသွားပြီးနောက် ထိုနေ့သို့ ရောက်ရှိလာ၏။ ထို ငါးရက်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ ဒေါင်ဒေါင်မြည် ဖြစ်နေစေရန် အဆက်မပြတ် လေ့ကျင့်နေခဲ့၏။ ထို့အပြင် သူသည် ထိုခရီးစဥ်အတွက် အသုံးပြုရမည့် တိုက်ပွဲရမှတ်များကိုလည်း တွက်ချက်ထားပြီးသား ဖြစ်သည်။

” ဆေးလုံးတွေအတွက်က တိုက်ပွဲရမှတ် အမှတ်နှစ်ထောင်။ ကျောက်ယမုန့် လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို့အတွက်က တိုက်ပွဲရမှတ် အမှတ်နှစ်ထောင်။ ပြီးတော့ တည်နေရာပြောင်းရွှေ့ဖို့အတွက်က တိုက်ပွဲရမှတ် အမှတ်သုံးထောင်။ ဒီခရီးစဉ်ကြီးတစ်ခုလုံးရဲ့ ကုန်ကျစရိတ်က တိုက်ပွဲရမှတ် အမှတ် ခုနစ်ထောင်တိတိ ရှိတယ် ”

” တန်တော့တန်ပါတယ်။ အဓိကဂိုဏ်းသားတစ်ယောက်ရဲ့ အသိအမှတ်ပြုတံဆိပ်ပြားတစ်ခုက တိုက်ပွဲရမှတ် အမှတ်နှစ်သောင်းတောင် တန်တာကိုး။ ပြီးရင် ဂူထဲမှာ ရှိနေမယ့် ပစ္စည်းတွေကိုလည်း ထည့်မတွက်ရသေးဘူး။ အဲဒီတောင်ကြီး နေရာပြောင်းမသွားဖို့သာ မျှော်လင့်ရမှာပဲ ” ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားနေရပြီဖြစ်သည်။ ထိုအတောအတွင်းတွင် သူသည် သတင်းအချက်အလက်အချို့အား စုံစမ်းခဲ့၏။ ဓားကိုယ်ထည်ပိုင်းထဲတွင် သုံးရက်မှ ငါးရက်အတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ကြောင်း သူက သိရှိထားသည်။ ထို့အပြင် လပေါင်းများစွာ ကြာမြင့်ပြီးမှ ပေါ်ပေါက်လာကြသည့် ပြောင်းလဲမှုများလည်း ရှိပေသည်။

ဝမ်ပေါင်လဲ့မှာ စိုးရိမ်စိတ်များ ကြီးထွားနေရသည်တိုင်အောင် ထိုကဲ့သို့သောကိစ္စများနှင့် ပတ်သက်၍ စိုးရိမ်နေလည်း အကျိုးမထူးကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူသည် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေခဲ့၏။ ‌မိုးသောက်ချိန်သို့ ရောက်သောအခါ ကျောက်ယမုန့်နှင့် ကျိုးရိဖန်းတို့မှာ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြပြီး မီးစိမ်းကျွန်းပေါ်၌ လာရောက်စုဝေးလိုက်ကြ၏။ သူတို့မှာ အချိန်ဖြုန်းနေခြင်းမရှိဘဲ သက်တံ့ကွေးများအဖြစ် ပြောင်းလဲသွားပြီး အနီးဆုံးရှိ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ဦးတည်သွားလိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာ မည်သည့်နေရာသို့ သွားရမည်ဖြစ်ကြောင်း အတိအကျ သိထားသောကြောင့် အရှိန်မြှင့်တင်လိုက်၏။ သူသည် ခရီးစဉ်တစ်လျှောက်တွင် သူ၏အတွေ့အကြုံအားလုံးကို ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့အား ပြောပြနေခဲ့သည်။ သူတို့နှစ်ယောက်စလုံးမှာ သူကြုံတွေ့ခဲ့ရသည့် အရာများကို ကြားသိလိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့၏ ရဲစွမ်းသတ္တိအား ပို၍ပင် နားလည်လာတော့သည်။ ထို့အပြင် သူတို့မှာ သူတို့ လုံးဝမရောက်ဖူးသော ဓားကိုယ်ထည်ပိုင်းကြီး၏ အကြောင်းကိုလည်း ပို၍ နားလည်လာကြတော့သည်။

သူတို့သုံးယောက်မှာ ခရီးစဉ်တစ်လျှောက်လုံး၌ စကားများ အပြန်အလှန်ပြောဆိုနေခဲ့၏။ တည်နေရာပြောင်းရွှေ့မှု ငါးကြိမ်တိတိ ပြုလုပ်လိုက်ပြီးနောက် သူတို့မှာ ဓားရိုးပိုင်းနှင့် ဓားကိုယ်ထည်ပိုင်းအား ပိုင်းခြားထားသည့် နယ်စပ်ဒေသဆီသို့ ရောက်ရှိလာတော့သည်။

” ဒီနေရာပဲ။ ဒီကနေ အထဲကို ဝင်ရမှာ။ တောင်ထိပ်က ဒီနေရာကနေ ဆယ်မိုင်ကျော်လောက်မှာ ရှိတယ်။ ငါတို့တွေကို ဘယ်သူမှ ရှာမတွေ့နိုင်ဖို့နဲ့ အဲဒီတောင်ထိပ်ကြီး နေရာပြောင်းမသွားဖို့ ဆုတောင်းကြတာပေါ့။ အဲလိုမှမဟုတ်ရင် ငါတို့တွေ တခြားနေရာမှာ လိုက်ပြီးတော့ ရှာနေရလိမ့်မယ် ” ဝမ်ပေါင်လဲ့မှာ နယ်မြေနှစ်ခုအား ပိုင်းခြားထားသည့် အကာအရံကြီးကို စိုက်ကြည့်ရင်း လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

အဝေးမှကြည့်လိုက်ပါက ထို နယ်စပ်ဒေသမှာ အလွန်အင်မတန်မှ ကျယ်ပြောသော လျှိုမြှောင်ကြီးတစ်ခုနှင့် တူနေ၏။ ၎င်းမှာ အဆုံးမရှိလောက်အောင် ရှည်လျားနေသည်။ အကာအရံကြီးမှာ ထိုလျှိုမြှောင်ကြီး၏ အပေါ်တွင် ရှိနေပြီး မည်သည့်နေရာမှမဆို ၎င်းအား ကျော်ဖြတ်၍ အခြားတစ်ဖက်သို့ ဝင်ရောက်နိုင်၏။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သူတို့သုံးယောက် ဓားကိုယ်ထည်ပိုင်းထဲသို့ ဝင်ရောက်လာသည့်အချက်အား တစ်စုံတစ်ယောက်က သတိထားမိသွားမည်ကို အလွန်အမင်း စိုးရိမ်နေခြင်း မရှိပေ။

Comment

Leave a Reply

Options

not work with dark mode
Reset