ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး နိုးထလာသည့်နေရာနှင့် အလွန်အင်မတန်မှ ဝေးကွာသော နေရာဒေသတစ်ခုသို့ ရောက်နေပြီဖြစ်သည်။ သူသည် စိတ်မချမ်းမြေ့သော အမူအရာဖြင့် ရှေ့သို့ လျင်မြန်စွာ ပြေးလွှားနေရင်း ထပ်ခါတလဲလဲ ခေါင်းငုံ့ကာ သစ်သားပေလွှာလေးအား ကြည့်နေ၏။ ထိုသစ်သားပေလွှာလေးကြောင့် သူသည် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်ခဲ့ရ၏။
ထိုသစ်သားပေလွှာလေးမှာ ထိုလူငယ်လေး၏ သိုလှောင်အိတ်ထဲမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအိတ်ထဲတွင် အခြားပစ္စည်းများ ရှိနေသေးပါသော်လည်း မြင့်မားသော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်မထားပါက ၎င်းတို့ကို ထုတ်ယူနိုင်ရန်မှာ ခဲယဉ်းပေသည်။ သို့သော် ဓမ္မလက်နက်ကျင့်ကြံသူများအတွက်မူ ရှုပ်ထွေးမှု သိပ်မရှိပေ။ သူတို့မှာ ထိုအိတ်၏ အဆင့်အတန်းကို သိရှိထားရုံနှင့် ၎င်းတို့ကို ဖွင့်နိုင်မည် ဖြစ်သည်။
တတိယအဆင့် နတ်ဘုရားရတနာများကို သန့်စင်နိုင်စွမ်းရှိသော ဝမ်ပေါင်လဲ့မှာမူ ထပ်မံသန့်စင်သည့် နည်းလမ်းကိုအသုံးပြုကာ အတွင်းပိုင်းရှိ ကမ္ဗည်းစာလုံးများကို ပြောင်းလဲပြီး သိုလှောင်အိတ်၏ အမှတ်အသားများအား မပျက်စီးစေဘဲ ၎င်းအား ဖွင့်နိုင်ပေသည်။ ထိုသို့ဖွင့်ရန်မှာ သူ့အတွက် မခက်ခဲပေ။
ဝမ်ပေါင်လဲ့မှာ ထိုသိုလှောင်အိတ်အား ဖွင့်လိုက်ပြီးနောက် ထိုလူငယ်လေးမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားသည်။ သူသည် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အဓိကအဖွဲ့ဝင်ဖြစ်သော ဝမ်ဟွေ့ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်း မသိပါသော်လည်း အသိအမှတ်ပြု တံဆိပ်ပြားကိုကြည့်၍ ဝမ်ဟွေ့မှာ ဆည်းဆာကြယ်စင်စုဂိုဏ်းထဲရှိ အတော်အသင့် အံ့သြဖွယ်ရာကောင်းသော အာနာပါနအဆင့် ကျင်ကြံသူတစ်ယောက် ဖြစ်ရမည်ဟု မှတ်ယူလိုက်၏။
ထို သိုလှောင်အိတ်ထဲတွင် ဆေးလုံးနှင့် နတ်ဘုရားရတနာ များစွာအပြင် အခြားကျင့်ကြံခြင်းပညာရပ်များအား မှတ်သားထားသည့် ကျောက်စိမ်းပေလွှာများနှင့် အခြားပစ္စည်းပေါင်း မြောက်မြားစွာ ရှိနေ၏။ ထို့အပြင် သင်္ဘောပျံတစ်စင်းကိုပါ သိမ်းဆည်းထားသေးသည်။
သို့သော် မန္တန်အစီအရင်များ ရှိနေသဖြင့် ၎င်းတို့အား လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲ၌ အသုံးပြု၍မရသည်မှာ နှမြောစရာပင်။ မည်သို့ပင်ဆိုစေကာမူ ထိုပစ္စည်းများကြောင့် ဝမ်ပေါင်လဲ့မှာ လူဆိုးများဆီမှ ပစ္စည်းများလုယူခြင်းဖြင့် ချမ်းသာကြွယ်ဝနိုင်ကြောင်း မှတ်ယူလိုက်တော့သည်။
ထို့အပြင် ပိုင်ရှင်တစ်ယောက်တည်းအတွက် သီးသန့်ပြုလုပ်ထားသည့် ဝိညာဉ်ကျောက်တုံးကတ်ပြားများလည်း ရှိနေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့ကို အသုံးပြု၍ နေရာတစ်နေရာမှ ငွေကြေးများ အလွယ်တကူ ထုတ်ယူ၍ရမည် မဟုတ်ပေ။
ထိုအရာများအပြင် ဝမ်ဟွေ့၏ သိုလှောင်အိတ်ထဲ၌ နောက်ထပ် တမူထူးခြားသော ပစ္စည်းတစ်ခု ရှိနေသေးသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ လက်ထဲမှ သစ်သားပေလွှာလေးပင် ဖြစ်သည်။ ၎င်းမှာ သူ၏ လက်သီးဆုပ်တစ်ဝက် အရွယ်အစားသာရှိပြီး အရှေ့ဘက်ခြမ်းတွင် မြေပုံတစ်ခုကို ရေထွင်းထား၏။ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာ၏ မြေပုံဖြစ်ကြောင်း ဝမ်ပေါင်လဲ့မှာ အလွယ်တကူသိနိုင်ပေသည်။
ကောင်းကင်တာအိုကျောင်းကလည်း အလားတူ မြေပုံများကို ဖြန့်ဝေပေးခဲ့၏။ သို့သော် ဝမ်ဟွေ့၏ မြေပုံမှာ သိသိသာသာပို၍ အသေးစိတ်ကျကာ ပြီးပြည့်စုံနေ၏။ ထို့အပြင် ထိုမြေပုံပေါ်၌ အမှတ်အသားအချို့လည်း ရှိနေသေးသည်။ ဝမ်ပေါင်လဲ့မှာ ထိုအမှတ်အသားများ ရှိနေသည့် နေရာတစ်ခုကို သေသေချာချာ ကြည့်ရှုစစ်ဆေးပြီးသွားသောအခါ ၎င်းမှာ သူ တမူထူးခြားသော အပိုင်းအစတစ်ခုကို ရှာတွေ့ခဲ့သည် နေရာဖြစ်နေကြောင်း သိလိုက်ရသဖြင့် စိတ်လှုပ်ရှားသွားတော့သည်။
သစ်သားပေလွှာလေး၏ နောက်ကျောဘက်တွင်လည်း မြေပုံတစ်ခုရှိနေသေးသည်။ ထိုမြေပုံထဲတွင်မူ အသေးစားတောင်ထိပ် သုံးခုရှိသော နယ်မြေတစ်ခု ရှိနေ၏။ ထို့အပြင် ထိုမြေပုံပေါ်၌ သစ်ပင်တစ်ပင်၏ပုံကို ရေးဆွဲထားပါသော်လည်း ၎င်း၏ တည်နေရာအတိအကျကို မှတ်သားထားသော အမှတ်အသားတစ်ခုမှ မရှိပေ။ ထိုမြေပုံပေါ်တွင် နယ်မြေတစ်ခု၏ ရှုခင်းများသာ ပါရှိနေသည်။
ဝမ်ပေါင်လဲ့အား အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ထိုသစ်ပင်လေးဖြစ်သည်။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ ထို သစ်သားပေလွှာလေးအား ပြုလုပ်ထားသည့် အသားနှင့် ရင်းနှီးနေသည်ဟု ခံစားနေရ၏။ ထိုခံစားချက်ကြောင့် သူသည် ကူးလောင်ချိုင့်ဝှမ်းနှင့် မကြာသေးခင်တုန်းက အနီရောင် လျှပ်စီးတန်းကြီးကြောင့် ပျက်စီးသွားခဲ့ရသော ဧရာမသစ်ပင်ကြီးကို ပြန်၍တွေးတောမိလိုက်၏။
” ဘာလို့ ဆည်းဆာကြယ်စင်စုဂိုဏ်းက အဖွဲ့ဝင်တစ်ယောက်ဆီမှာ ဒီလိုပစ္စည်းမျိုး ရှိနေရတာလဲ ”
” ဒီ သစ်သားပေလွှာလေးကို လုပ်ထားတဲ့ အသားက အဲဒီ ဧရာမသစ်ပင်ကြီးကနေ ယူထားတာပဲ ဖြစ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ ငြိမ်ကျသွားပြီး ကူးလောင်ချိုင့်ဝှမ်းထဲတွင် ကျိုးရိဖန်၊ ကျောက်ယမုန့်တို့နှင့်အတူ သူ ရင်ဆိုင်ခဲ့ရသော အန္တရာယ်ကြီးနှင့် ဧရာမသစ်ပင်ကြီးထဲတွင် ရှိခဲ့စဉ်တုန်းက ခံစားခဲ့ရသည့် သည်းထိတ်ရင်ဖို ဖြစ်ရပ်များကို ပြန်၍တွေးတောနေလိုက်တော့သည်။
” ဧရာမသစ်ပင်ကြီးက ကျင့်ကြံသူတွေကို ဝါးမျိုနိုင်စွမ်း ရှိပြီးတော့ ထိန်းပါ ထိန်းချုပ်နိုင်တယ်။ ပြီးတော့ အတိုင်းအတာတခုအထိ ဟန်ဆောင်အသံလွှင့်နိုင်စွမ်းလည်း ရှိတာမလို့ တခြားလူတွေအတွက် အတုနဲ့အစစ် ခွဲနိုင်ဖို့ဆိုတာ မလွယ်ဘူး ”
” လျှို့ဝှက်ဆန်းကြယ် လကမ္ဘာကြီးရဲ့ ကောင်းကင်ထဲမှာလည်း သစ်ကြောတွေနဲ့ပဲ ပြည့်နေတာ… ”
” ကြည့်ရတာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာရဲ့ ပြောင်းလဲမှုက ဧရာမသစ်ပင်ကြီးနဲ့ အများကြီး ဆက်နွှယ်နေမယ် ထင်တယ်။ အဲဒါဆိုရင်…. ဒီကိစ္စကြီး တစ်ခုလုံးမှာ ဆည်းဆာကြယ်စင်စုဂိုဏ်းက ဘာများ ဖြစ်နေမလဲ ”
ဝမ်ပေါင်လဲ့မှာ ထိုအချိတ်အဆက်များ အားလုံးကို ဆက်စပ်တွေးတောမိလိုက်သောအခါ အံ့ဩတုန်လှုပ်သွားတော့သည်။
သဲလွန်စ အလုံအလောက် မရှိသောကြောင့် အခြေအနေတစ်ခုလုံးကို တိတိကျကျ ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။ သို့သော် သူသိရှိထားပြီးသား သတင်းအချက်အလက်များနှင့်ပင် ဤကိစ္စရပ်ကြီးတစ်ခုလုံးထဲ၌ ကောက်ကျစ်စဉ်းလဲသော ကြိုတင်ကြံစည်မှုပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း သူက မှတ်ယူလိုက်၏။
ထို့ကြောင့် သူ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရသော ခံစားချက်ကြီးမှာ ပို၍ပင် ကြီးထွားလာတော့သည်။ သူ၏ အသက်ရှူနှုန်းမှာလည်း တဖြည်းဖြည်းနှင့် မြန်ဆန်လာပြီး သူ၏ အခြေတည်အဆင့်ကို ရောက်ရှိလိုသော သန္နိဋ္ဌာန်မှာလည်း ပိုမို ခိုင်မာလာတော့သည်။
” ငါ အရှိန်တင်ဖို့ လိုတယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူ့တွင် အခြေတည်အဆင့်အတွက် သင့်တော်သော အပိုင်းအစငါးခု ရှိနေပြီးသား ဖြစ်ပါသော်လည်း လိုအပ်သော ပမာဏဖြစ်သည့် အခုနှစ်ဆယ်အထိ ရရှိရန် အများကြီးလိုအပ်သေးသည်။
” ငါ ဒီနေရာမှာ သင်္ဘောပျံ သုံးလို့မရဘူး။ ဒီနေရာကြီးက အရမ်းကြီးနေတဲ့အပြင် အန္တရာယ်တွေနဲ့ပြည့်နေတာ။ တမူထူးခြားတဲ့ အပိုင်းအစတွေကို အမြန်ဆုံးနည်းနဲ့ အလုံအလောက် ရှာဖွေနိုင်ဖို့ဆိုတာ တော်တော်ကိုခက်မှာ ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ် အခက်တွေ့နေရပြီဖြစ်သည်။ သို့သော် သူ၏ ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြုကာ ရှေ့သို့ဆက်၍ သတိကြီးကြီးထားရင်း ရှာဖွေရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ထိုသို့ဖြင့် လကမ္ဘာပေါ်ရှိ သုံးရက်ဆိုသော အချိန်မှာ အလျင်အမြန်ကုန်ဆုံးသွား၏။
ဝမ်ပေါင်လဲ့မှာ ထိုသုံးရက်အတွင်း အချိန်အတော်အတန်ကြာအောင် ရှာဖွေခဲ့ပြီးနောက် ဆဋ္ဌမမြောက် အပိုင်းအစကို ရှာတွေ့ခဲ့သည်။ သူသည် အခြားအဖွဲ့အစည်းမှ လူများနှင့် နှစ်ကြိမ်တိတိ ကြုံခဲ့ရပါသော်လည်း သူတို့မှာ သူစိမ်းများဖြစ်နေပြီး တစ်ယောက်ကိုတစ်ယောက် သတိကြီးကြီးထား၍ အကဲခတ်နေကြသောကြောင့် သူသည် သူတို့နှင့် အပြန်အလှန် ပြောဆိုဆက်ဆံရန် ဆန္ဒမရှိခဲ့ပေ။
အခြားအဖွဲ့အစည်းမှ လူများမှာ ဝမ်ပေါင်လဲ့၏ ဆဋ္ဌမမြောက် အပိုင်းအစမှ ထွက်ပေါ်နေသော အငွေ့အသက်များကို အာရုံခံမိလိုက်သောအခါ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားကြ၏။ သို့သော် သူတို့မှာ သူတို့၏ ဆန္ဒများကို ချုပ်တည်းကာ အလျင်စလို ထွက်ခွာသွားကြ၏။ သို့ရာတွင် သူတို့၏ မျက်ဝန်းများထဲရှိ အေးစက်မှုများနှင့် သူတို့၏ အပိုင်းအစများကို လိုချင်သော ဆန္ဒများမှာ တဖြည်းဖြည်းနှင့် ကြီးထွားလာကြသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို ရိပ်မိလိုက်သောအခါ ပို၍ပင် သတိကြီးကြီး ထားနေတော့သည်။
” အခုလောလောဆယ်တော့ သတ်ဖြတ်လုယက် ရတာကို နှစ်ခြိုက်တဲ့ လူတွေကလွဲရင် အဖွဲ့အစည်းအသီးသီးရဲ့ အဖွဲ့ဝင်တွေအားလုံးက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်းရှိသေးတဲ့ပုံပဲ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လူတွေ ပိုင်ဆိုင်ထားတဲ့ အပိုင်းအစ အရေအတွက်တွေကလည်း များလာမှာဆိုတော့ ပြည်ထောင်စုကြီးဆီကရမယ့် အကူအညီက မလုံလောက်ရင် တစ်ခေါက်လောက် လူသတ်လိုက်၊ လုယက်လိုက်ရုံနဲ့ အခြေတည်အဆင့်ကို တက်လှမ်းနိုင်စွမ်း ရှိသွားမှာပဲ။ အထူးသဖြင့် အခုနှစ်ဆယ်ပြည့်ဖို့ သိပ်မလိုတော့တဲ့ လူတွေဆိုရင် ပိုပြီးတော့တောင် မြန်မြန်ရောက်နိုင်သေးတယ် ”
” မဖြစ်မနေ ဆုံးဖြတ်ချက်ချရမယ့် အချိန်ရောက်လာရင် လူတိုင်းဆီမှာ ရှိတဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေက ပျောက်သွားမှာ အသေအချာပဲ။ အဲဒီလိုသာ ဖြစ်လာရင်တော့ အသက်လုပြီးတော့ တိုက်ခိုက်ရတော့မှာ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ဆက်လက်ရှာဖွေနေ၏။ နောက်ထပ်တစ်ရက် ကုန်ဆုံးသွားပြီးနောက် တောင်တန်းထူထပ်သော နယ်မြေလေးတစ်ခုဆီသို့ ရောက်ရှိသွားအခါ သူသည် ရပ်တန့်လိုက်ရ၏။
သူသည် အနားမယူချင်သေးပါသော်လည်း သူ၏ရှေ့ ကီလိုမီတာအနည်းငယ်ခန့်ရှိ နေရာတစ်ခုတွင် မြူခိုးများ တလိပ်လိပ် ထလာပြီး သူ့ဆီသို့ ချဉ်းကပ်လာသည်ကို လှမ်းမြင်လိုက်ရ၏။ ထိုမြူခိုးများမှာ အချိန်တိုလေးအတွင်း ဝမ်ပေါင်လဲ့ရှိနေသော တောင်လေးအား အပြီးတိုင် ဖုံးလွှမ်းသွားတော့မည့်ပုံ ပေါက်နေ၏။
၎င်းမှာ မှော်လမ်းကြောင်းမြူခိုးများပင် ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရဖြစ်သွားရပြီး ချီတုံချတုံ ဖြစ်နေရတော့သည်။ သူသည် ဘေးပတ်ပတ်လည်ရှိ နေရာအားလုံးနီးပါးကို ရှာဖွေခဲ့ပြီးဖြစ်ပါသော်လည်း တမူထူးခြားသည့် အပိုင်းအစတစ်ခုတလေပင် ရှာမတွေ့ခဲ့ပေ။ အကယ်၍ သူသည် ယခုအတိုင်းသာ ဆက်လက်ရှာဖွေနေမည်ဆိုပါက သိပ်၍ အကျိုးထူးလာမည် မဟုတ်သည်မှာ အသေအချာပင်။
အကယ်၍ သူသည် အခြားနေရာတစ်ခုသို့ သွား၍ရှာဖွေမည်ဆိုပါက တစ်စုံတစ်ခုကို ရှာတွေ့နိုင်ခြေ ရှိပေသည်။ သို့သော် မှော်လမ်းကြောင်းမြူခိုးများမှာ အတိအကျ မှန်းဆ၍မရသောကြောင့် ဝမ်ပေါင်လဲ့မှာ အန္တရာယ်များသော နေရာတစ်ခုသို့ ပို့ခံလိုက်ရမည်ကို စိုးရိမ်နေ၏။
” ငါသာ မှော်လမ်းကြောင်းမြူခိုးကို ထိန်းချုပ်နိုင်စွမ်း ရှိရင်ကွာ… ”
ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ ဦးတည်လာနေသော မြူခိုးများကိုကြည့်ရင်း သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏နဖူးကို ပွတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချရန် ပြင်လိုက်စဉ်မှာပင် သူ၏အသိစိတ်ထဲ၌ အတွေးတစ်ခုပေါ်လာ၏။
” ငါ မှော်လမ်းကြောင်းမြူခိုးက ငါ့ကို ပို့မယ့်နေရာကို ထိန်းချုပ်နေစရာ မလိုဘူးပဲ။ အဲဒီ မှော်လမ်းကြောင်းမြူခိုးထဲက တချို့တဝက်ကို သိမ်းဆည်းပြီးတော့ ငါနဲ့အတူ ယူလာနိုင်ရင် ရပြီ။ အဲဒါဆိုရင် မှော်လမ်းကြောင်းမြူခိုးကို သုံးပြီးတော့ ငါ လိုချင်တဲ့အချိန်တိုင်း တည်နေရာ ရွှေ့ပြောင်းနိုင်စွမ်း ရှိသွားမှာပဲကွ။ ငါ လျှို့ဝှက်ဆန်းကြယ်လကမ္ဘာရဲ့ အမှောင်ဘက်ခြမ်းကို ရောက်သွားရင်တောင် တခြားနေရာကို ချက်ချင်း ပြန်ပြီးတော့ တည်နေရာရွှေ့ပြောင်းလို့ ရသွားမှာ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။ သူသည် ထိုဖြစ်စဉ်ကြီးကို သူ၏အတွေးထဲ၌ ပုံဖော်ကြည့်လိုက်၏။ အကယ်၍ သူသာ အောင်မြင်သွားမည်ဆိုပါက နေရာအားလုံးရှိ အပိုင်းအစများကို အလျင်အမြန် ရှာဖွေနိုင်စွမ်း ရှိသွားရုံသာမက ယခုလက်ရှိတွင် သူ အစိုးရိမ်ရဆုံး အချက်ဖြစ်သည့် လုံခြုံရေးကိစ္စများကိုလည်း တွေးပူနေစရာ လိုတော့မည်မဟုတ်ပေ။
အကယ်၍ သူ့အား ရန်စရဲသည့် လူတစ်ယောက်နှင့် ကြုံရလျှင် သို့မဟုတ် သူ၏ပြိုင်ဘက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိလျှင်လည်း မှော်လမ်းကြောင်းမြူခိုးများကို ထုတ်လွှတ်ကာ သူ၏ပြိုင်ဘက်ကို အပျော်ခရီးတစ်ခု ပို့ပေးလိုက်ရုံပင်။
ထိုအတွေးများကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်လှုပ်ရှားလာရပြီး မျက်လုံးများ အရောင်တောက်ပလာတော့သည်။
” ငါ အောင်မြင်သွားတာနဲ့ ငါ့ရဲ့ ဝှက်ဖဲတစ်ခု ဖြစ်သွားမှာပဲ ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ နောက်သို့ ချက်ချင်းပင် ဆုတ်ခွာသွားပြီး ခပ်လှမ်းလှမ်းမှနေ၍ သူ့ဆီသို့ ချဉ်းကပ်လာနေသော မှော်လမ်းကြောင်းမြူခိုးများကို လှမ်း၍ကြည့်လိုက်၏။ တစ်ဖက်တွင် သူသည် အချိန်ဆွဲနိုင်ရန် သူနှင့် မှော်လမ်းကြောင်းမြူခိုးများကြားရှိ အကွာဝေးအား ဝေးသထက်ဝေးအောင် လုပ်နေသလို အခြားတစ်ဖက်တွင်လည်း ဖြစ်နိုင်ခြေတစ်ခုလုံးကို သူ၏ခေါင်းထဲ၌ ခွဲခြမ်းစိတ်ဖြာ၍ စိတ်ကူးယဥ် ပုံဖော်ကြည့်နေတော့သည်။
” ငါ ဝိညာဉ်ကျောက်တုံးတွေကို ကုန်ကြမ်းပစ္စည်းတွေအဖြစ် အသုံးပြုရမလား ”
ဝမ်ပေါင်လဲ့မှာ အခြေအနေတစ်ခုလုံးကို ခွဲခြမ်းစိတ်ဖြာလိုက်ပြီးနောက် သူလိုအပ်သော နတ်ဘုရားရတနာ၏ အဓိကသော့ချက်မှာ မြူခိုးများကို စုပ်ယူကာ သိမ်းဆည်းနိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် သူသည် နောက်သို့ဆုတ်ခွာရင်း ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်ပြီး ၎င်းတို့ပေါ်တွင် ကမ္ဗည်းစာလုံးများ ရေးထွင်းကာ ဝိညာဉ်အမြုတေတစ်ခု ဖန်တီးလိုက်သည်။
နာရီဝက်ခန့် ကုန်ဆုံးသွားပြီးနောက် မှော်လမ်းကြောင်းမြူခိုးများမှာ ဝိညာဉ်ကျောက်တုံး ပုတီးစေ့တစ်လုံးကို လေပေါ်သို့မြှောက်ထားသော ဝမ်ပေါင်လဲ့အား အပြီးတိုင် ဖုံးလွှမ်းသွားတော့သည်။ ဝမ်ပေါင်လဲ့မှာ ပျောက်ကွယ်သွားပြီးနောက် တခြားနေရာတစ်ခု၌ ပြန်ပေါ်လာသောအခါ သူသည် လကမ္ဘာ၏ ရှေ့ဘက်အခြမ်းတွင် ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် သူ၏လက်ထဲရှိ ပုတီးစေ့အား အလျင်စလို ငုံ့ကြည့်လိုက်သည်။
” မအောင်မြင်လိုက်ဘူးပဲ…. ”
ဝမ်ပေါင်လဲ့မှာ ခေါင်းကုတ်လိုက်ရ၏။ သူသည် ဖြစ်ကြောင်းကုန်စင်ကို ပြန်လည်တွေးတောကြည့်လိုက်သောအခါ ထိုပုတီးစေ့မှာ ၎င်းထဲတွင် မှော်လမ်းကြောင်းမြူခိုးများကို သိုလှောင်သိမ်းဆည်းနိုင်ပါသော်လည်း ထို သိမ်းဆည်းထားသော မြူခိုးများမှာ သူ တည်နေရာ ရွှေ့ပြောင်းခံလိုက်ရချိန်တွင် ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း သိလိုက်ရ၏။
” ငါ ဒီပုတီးစေ့ကို အဆင့်မြှင့်မှဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ အားလျော့သွားခြင်းမရှိဘဲ ထိုကိစ္စကို ချက်ချင်းပင် အသေးစိတ် အကဲခတ်လေ့လာလိုက်ပြန်သည်။ သူသည် ကမ္ဗည်းစာလုံးအသစ်များ ရေထွင်းရင်း အပိုင်အစများကို အလျင်အမြန် ဆက်လက်ရှာဖွေနေတော့သည်။
ရည်အနည်းငယ်ခန့်ကြာပြီးနောက် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သတ္တမမြောက် အပိုင်းအစကို ရှာတွေ့သွား၏။ ထိုအချိန်မှာပင် သူသည် မှော်လမ်းကြောင်းမြူခိုးများနှင့်လည်း ကြုံလိုက်ရပြန်သည်။
” ငါ့ရဲ့ ဝှက်ဖဲကို ဖန်တီးနိုင်ဖို့အတွက် အစွမ်းကုန်ထုတ်မှရမယ်။ ဒီတစ်ခေါက်တော့ ငါ ကျိန်းသေပေါက် အောင်မြင်စေရမယ်ကွ ” ဝမ်ပေါင်လဲ့မှာ မှော်လမ်းကြောင်းမြူခိုးများကို စိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်ပြီး အံကြိတ်ကာ သူ၏ ပြုပြင်မွမ်းမံထားသော ပုတီးစေ့အား ဆုပ်ကိုင်လျက် ထိုမြူခိုးများဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်တော့သည်။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး အခြားတစ်နေရာ၌ ပြန်ပေါ်လာ၏။ မှော်လမ်းကြောင်းမြူခိုးများကို သိုလှောင်သိမ်းဆည်းနိုင်ရန် သူ ကြိုးစားသန့်စင်ခဲ့သည့် နတ်ဘုရားရတနာမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ကျရှုံးသွားရပြန်ပြီ ဖြစ်သည်။
ထိုသို့ဖြင့် ပထမတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ တတိယအကြိမ်အထိ အောင်မြင်မှုမရရှိခဲ့ပေ…. တစ်လတိတိကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့ စုစုပေါင်းကြိုးစားခဲ့သော အကြိမ်အရေအတွက်မှာ ပထမဆုံးနှစ်ကြိမ်အပါအဝင် ကိုးကြိမ်အထိ ရှိလာခဲ့ပြီဖြစ်သည်။
သူသည် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းသို့ တစ်ကြိမ်ခန့်သာ ရောက်ရှိသွားခဲ့သောကြောင့် ကံကောင်းသည်ဟု ဆိုရပေမည်။ ကံကောင်းသည့်အချက်မှာ ထိုနေရာသည် အတွင်းပိုင်းထဲတွင်မဟုတ်ဘဲ အစွန်ဖျားပိုင်းတွင် ရှိနေခြင်းပင် ဖြစ်သည်။ သို့သော်လည်း သူသည် အမြုတေအဆင့်ရှိ လူတစ်ယောက်နှင့် အဆင့်တူသော အမှောင်ညနတ်ဆိုးတစ်ကောင်နှင့် ကြုံခဲ့ရသဖြင့် ထိုနေရာမှာ အလွန်အင်မတန်မှ အန္တရာယ်များနေဆဲပင်။ သူသည် ၎င်း၏ ရှေ့တည့်တည့်သို့ မရောက်ခဲ့သောကြောင့်သာ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
တချိန်တည်းမှာပင် သူသည် အပိုင်းအစ ဆယ်ခုအထိ စုဆောင်းနိုင်ခဲ့သဖြင့် ကျေနပ်နေတော့သည်။ တစ်ခုတည်းသော ပြဿနာမှာ ဝမ်ပေါင်လဲ့သည် မှော်လမ်းကြောင်းမြူခိုးများကို ပစ်မှတ်ထားလေ့လာ၍ ပြောင်းလဲမှုအမျိုးမျိုး ပြုလုပ်ခဲ့သည့်တိုင်အောင် သူ၏ကြိုးစားမှုအားလုံးမှာ မအောင်မြင်ခဲ့ရခြင်းပင်။
” ငါ မယုံဘူးကွာ။ နောက်တစ်ခေါက်ကျရင် သေချာပေါက် အောင်မြင်စေရမယ် “
good