Switch Mode

အခန်း ( ၂၄၅ )

ငါက ဆရာကြီး

ဝမ်ပေါင်လဲ့သည် အတိတ်မှ နေ့ရက်များကို ပြန်လည်တွေးတောမိသွား၏။ သူ နာမည်ကျော်ကြားလာစဉ်ကတည်းက လူများစွာမှာ သူ၏ လက်ချောင်းလှန်‌ချိုးသည့် တိုက်ကွက်ကို ကြောက်ရွံ့ခဲ့ကြသည်။ ထို့ကြောင့် သူသည် တိုက်ပွဲတိုင်းတွင် ထိုတိုက်ကွက်ကို ထုတ်သုံးနိုင်မည့် အခွင့်အရေးများကို အမြဲတစေ ရှာဖွေစောင့်ကြည့်နေခဲ့ရသည်။

ထိုအခြင်းအရာများကြောင့် သူသည် သူ နာမည်မကြီးခဲ့စဉ် ကာလတုန်းက သူ့အား လူအများက လက်ညှိုးထိုးခဲ့သည့် ခံစားချက်ကို လွမ်းဆွတ်တမ်းတနေ၏။ ယခုတွင်မူ သူသည် ထိုအတိတ်မှ ခံစားချက်များကို ပြန်လည်ခံစားခွင့် ရရှိသွားပြီဖြစ်သည်။

ထို အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေး၏လက်ချောင်း သူ၏နဖူးဆီသို့ ဦးတည်လာသောအခါ သူသည် သူ၏ ညာလက်ကို ဝမ်းမြောက်‌ဝမ်းသာ မြှောက်လိုက်ပြီး ထိုလူငယ်လေး၏ လက်ချောင်းကို ကျွမ်းကျွမ်းကျင်ကျင် လှမ်း၍ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ စတင်လည်ပတ်လာတော့သည်။ ထို အားပြင်းသော စုပ်ယူအားများ ထွက်ပေါ်လာချိန်တွင် သူသည် ထိုလက်ချောင်းအား အပေါ်ဘက်သို့ အားပါပါ လှန်ချိုးလိုက်၏။

” ငါ့ကို ဖေကြီးလို့ ခေါ်စမ်း ”

” ဘယ်လိုတောင် ထူးခြားတဲ့ ဝါသနာကြီးလဲဟ ”
ထိုလူငယ်လေး၏ မျက်နှာမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူသည် လက်ချောင်းလှန်ချိုးတတ်သော လူများနှင့် လုံးဝမကြုံဘူးသည်တော့ မဟုတ်ပေ။ သို့သော် လက်ချောင်းများကို လက်ချိုးကာ ပြိုင်ဘက်များအား ဖေကြီးဟု ခေါ်ခိုင်းသော လူမျိုးနှင့် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြုံဖူးခြင်းဖြစ်သည်။

ထိုလူငယ်လေးမှာ အရှက်ရသွားပြီး သူ၏မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွား၏။ သူသည် ရက်စက်ကြမ်းကြုတ်ပြီး ကရုဏာကင်းမဲ့သော လူတစ်ယောက်ဖြစ်ရာ သူ၏ လက်ချောင်းထဲမှ နာကျင်မှုဝေဒနာများကို လျစ်လျူရှုလိုက်သလို ၎င်းအား နောက်သို့ပြန်ဆွဲထုတ်ရန် ရုန်းကန်ခြင်းလည်း မရှိပေ။ ထို့နောက် အနက်ရောင်ချီများမှာ သူ၏လက်ချောင်း ပတ်ပတ်လည်တွင် ချက်ချင်းပင် ဝန်းရံသွားပြီး သူ၏လက်ပေါ်မှ ပတ်တီးများမှာလည်း တစ်စစီ စုတ်ပြဲသွားတော့သည်။

ထို့နောက် သူ၏လက်ချောင်းထဲမှ ကမ္ဘာမြေကြီးကိုပင် ကွဲသွားစေနိုင်လောက်သည့် ပြင်းအားတစ်မျိုး ထိုးထွက်လာ၏။ ၎င်းမှာ ပတ်ပတ်လည်ရှိ အရာအားလုံးကို ဖြတ်တောက်ပစ်နိုင်လောက်အောင် အသွားချွန်ထက်နေသည့် ဓားတစ်လက်ကဲ့သို့ပင်။ အနီးကပ် ကြည့်ရှုလိုက်မည်ဆိုပါက သူ၏လက်ချောင်းထဲမှ ကမ္ဗည်းစာလုံးလှိုင်းများ ပျံ့နှံ့ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ လက်ဖဝါးအား ရိုက်ခတ်နေကြသည်ကို မြင်နိုင်ပေသည်။

” လွှတ်စမ်း ”

ဝမ်ပေါင်လဲ့၏ လက်မှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားပြီး အရိုးတခြား အသားတခြား ဖြစ်သွားလိမ့်မည်ဟု သူက ထင်မှတ်ထား၏။ ၎င်းမှာ ထိုတိုက်ကွက်၏ ရက်စက်ကြမ်းကြုတ်မှုပင် ဖြစ်သည်။ ထိုတိုက်ကွက်ကြောင့် လူပေါင်းများစွာ သေဆုံးသွားခဲ့ရပြီး ဖြစ်သည်။

သို့သော် ထိုအချိန်တွင် မထင်မှတ်ထားသည့် အရာတစ်ခု ဖြစ်သွား၏။

မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့်ပုံ ပေါ်နေသော ကမ္ဗည်းစာလုံးများမှာ ဝမ်ပေါင်လဲ့၏ လက်ဖဝါးကို ရိုက်ခတ်မိသွားကြသောအခါ သတ္တုနံရံကြီးတစ်ခုနှင့် ဝင်တိုက်မိလိုက်သကဲ့သို့ပင်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ လက်ဖဝါးကို ဒဏ်ရာရအောင် မလုပ်နိုင်ရုံသာမက ၎င်းနှင့် ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် တစ်စစီ ပျက်စီးသွားကြတော့သည်။

” မင်းက ဖေကြီး အယားပြေအောင် ကုတ်ပေးနေတာလား။ ဖေကြီးက ဓမ္မလက်နက် ကျင့်ကြံသူတစ်ယောက်ဖြစ်နေတော့ အားနည်းပြီး မတိုက်ခိုက်နိုင်ဘူးလို့ ထင်ပြီး အနိုင်ကျင့်ဖို့ စိတ်ကူးနေတာလား။ အဲဒီတော့ မင်းက ဖေကြီးရဲ့ အပိုင်းအစတွေကို ဓားပြတိုက်ဖို့ ကြံစည်နေတာမလားကွ ”
ဝမ်ပေါင်လဲ့မှာ စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ ကြိမ်းဝါးလိုက်၏။ သူ၏ အသားနှင့် အရေပြားမှာ ထူးထဲမာကျောပြီး သူ၏ အပြင်ခန္ဓာကိုယ်အဆင့်မှာ အခြေတည်အဆင့်တွင် ရှိနေသည်မဟုတ်ပါလော။ ထိုလူငယ်လေး၏ လက်ချောင်းမှာ အစွမ်းထက်သောတိုက်ကွက်တစ်ခု ဖြစ်ပါသော်လည်း သူ့အပေါ်တွင် အကျိုးသက်ရောက်မှု သိပ်မရှိပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး၏ ပေါင်ကြားကို ချက်ချင်းပင် ဆောင့်ကန်လိုက်တော့သည်။

” ဒါကရော ဘယ်လို တိုက်ကွက်မျိုးကြီးလဲဟ။ အဲဒီနေရာကိုမှ တည့်တည့်ကန်ရတယ်လို့ ”
ထိုလူငယ်လေး၏ မျက်နှာအမူအရာမှာ ထပ်၍ ပြောင်းလဲသွားရပြန်သည်။ သူသည် ဝမ်ပေါင်လဲ့၏ ကန်ချက်ကြောင့် တိုက်ခတ်လာသော လေပြင်းများ သူ၏ ဘောင်းဘီအား အရှိန်ပြင်းစွာ ဖြတ်တိုက်သွားသည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူသည် ရင်ခုန်နှုန်းများ မြန်လာပြီး ထွက်ပြေးလွတ်မြောက်နိုင်ရန် ရုန်းကန်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ လက်မှာ သံညှပ်တစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ရုန်းထွက်၍ မရနိုင်တော့ပေ။ ထို့ကြောင့် သူသည် သူ၏ ခြေထောက်ကိုမြှောက်၍ ထိုတိုက်ကွက်အား ခုခံလိုက်ရ၏။ ထိုအခါ သူ၏ ခြေထောက်မှာ ဝမ်ပေါင်လဲ့၏ ခြေထောက်နှင့် ရိုက်ခတ်မိသွားသဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံကြီး ထွက်ပေါ်လာသောအချိန်တွင် ထိုလူငယ်လေး၏ မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။ ထို့နောက် သူသည် အားကောင်းသော ပြင်းအားကြီးတစ်ခု သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။

သူ၏ အရိုးများမှ အသွေးအသားများအထိ သူ၏ တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ ထို့နောက် သူသည် သွေးတစ်ပွက် အန်ထွက်လာ၏။

” သောက်ဓမ္မလက်နက်ကျင့်ကြံသူ။ မင်းရဲ့ အားနည်းပြီးတော့ မတိုက်ခိုက်နိုင်ဘူးဆိုတဲ့ စကားတွေက လုံးဝအဓိပ္ပါယ်မရှိတာပဲ ”
ထိုလူငယ်လေးမှာ ရူးသွပ်လုမတတ် ဖြစ်နေသောကြောင့် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ သူသည် ယခုလို ထူးဆန်းလွန်းလှသော အပြင်ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားသည့် ဓမ္မလက်နက်ကျင့်ကြံသူတစ်ယောက်နှင့် လုံးဝကြုံဖူးပေ။

သို့သော် သူကိုယ်တိုင်သည်လည်း ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ဖြစ်သည်။ ထိုလူငယ်လေးမှာ သူတို့နှစ်ယောက်ကြားရှိ ရုတ်တရက်ထွက်ပေါ်လာသော စွမ်းအင်ကို အသုံးပြုလိုက်ပြီး သူ၏လက်ချောင်းကို မလိုတော့ကြောင်း ဆုံးဖြတ်ကာ အပေါ်ဘက်သို့ လိမ်ချိုးလိုက်၏။ ထိုအခါ အရိုးကျိုးသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် သူ၏ ဘယ်ဘက်လက်သီးဖြင့် ဝမ်ပေါင်လဲ့၏ မျက်နှာအား ရက်စက်ကြမ်းကြုတ်စွာ လှမ်းထိုးလိုက်တော့သည်။

” သွားသေလိုက်စမ်း ”
ထိုလူငယ်လေးမှာ အော်ဟစ်ကြိမ်းဝါးလိုက်၏။ ဝမ်ပေါင်လဲ့ကမူ အေးစက်စက်သာ ပြုံးလိုက်ပြီး ထိုလူငယ်လေး သူ့ကိုယ်သူ လိမ်ချိုးခဲ့သော လက်ချောင်းအား လွှတ်ပေးလိုက်ပြီး သူ၏လက်ကောက်ဝတ်ကို လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထို့နောက် ရှေ့သို့ အလျင်အမြန် လှမ်းလိုက်ပြီး ထိုလက်ကောက်ဝတ်ကို ထပ်၍ လိမ်ချိုးလိုက်ပြန်သည်။

” ဂျွတ် ”

ထိုအခါ ပထမအကြိမ်တုန်းကထက် ပို၍ပြင်းထန်သည့် မချိမဆန့် ဝေဒနာကြီးတစ်ခုကြောင့် ထိုလူငယ်လေးမှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။ ဝမ်ပေါင်လဲ့ကြောင့် သူ၏လက်ကောက်ဝတ်မှာ ချက်ချင်းဆိုသလို ကျိုးသွားရသောကြောင့် နာကျည်းစွာ အော်ဟစ်နေရတော့သည်။

ထိုဝေဒနာများကြောင့် ဝမ်ပေါင်လဲ့အား လှမ်းထိုးလိုက်သော သူ၏ ဘယ်လက်လက်သီးမှာလည်း ရပ်တန့်သွား၏။ တစ်ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကာ သူ၏ ဘယ်ဘက်လက်ကို ဖမ်းဆုပ်လိုက်ပြီး ထပ်၍ လိမ်ချိုးပစ်လိုက်ပြန်သည်။

” ဂျွတ် ”

ထို့ကြောင့် နောက်ထပ် အရိုးကျိုးသံတစ်သံ ထပ်၍ ထွက်ပေါ်လာ၏။ ယခင်အကြိမ်တုန်းကထက် ပို၍ဆိုးရွားသော နာကျင်မှုကြီးကြောင့် ထိုလူငယ်လေး၏ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ရီသွားရတော့သည်။ ထိုကဲ့သို့ အန္တရာယ်နှင့် ကြုံနေရချိန်တွင် သူသည် သူ၏လျှာထိပ်ကို ချက်ချင်း ကိုက်လိုက်ပြီး သွေးများထွေးထုတ်ကာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကို အသုံးပြုလိုက်၏။ ထို့ကြောင့် လျှက်တစ်ပြက်အတွင်း သူ၏ခန္ဓာကိုယ်ထဲမှ အနက်ရောင် အလင်းတန်းတစ်ခု စတင်ထွက်ပေါ်လာတော့သည်။

ထိုအလင်းတန်းမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပနေပြီး အနက်ရောင် နေမင်းကြီးတစ်စင်းနှင့် တူနေ၏။ ၎င်းမှာ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ပင်ဖြစ်သည်။ ထိုပညာရပ်ကို ထုတ်သုံးလိုက်လျှင် အားကောင်းသော ပြင်းအားတစ်ခု အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့ထွက်သွားမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အခြေတည်အဆင့် အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ထိုတိုက်ကွက်၏ ပြင်းအားကြောင့် နောက်သို့တွန်းထုတ်ခံလိုက်ရ၏။ ထိုလူငယ်လေးမှာ ထိုပြင်းအားကို အသုံးပြု၍ နောက်သို့ဆုတ်ခွာသွား၏။ မျက်စိတစ်မှိတ်အတွင်း သူနှင့် ဝမ်ပေါင်လဲ့၏ကြား၌ ကိုက်သုံးဆယ်ကျော် ခြားသွားပြီဖြစ်သည်။

ထိုအချိန်တွင် ထိုလူငယ်လေးမှာ မကောင်းဆိုးဝါးတစ်ကောင်၏ လက်ထဲမှ လွတ်မြောက်လာရသကဲ့သို့ ခံစားနေရ၏။ သူသည် ကြောက်ရွံ့မှုအပြည့် ဖုံးလွှမ်းနေသည့် မျက်ဝန်းများနှင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိတော့သည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ယခုလို ပြိုင်ဘက်မျိုးနှင့် လုံးဝမကြုံဖူးသလို ယခုကဲ့သို့လည်း အရှက်တကွဲ အကျိုးနည်းစွာ မရှုံးနိမ့်ခဲ့ဖူးပေ။ သူ၏မျက်ဝန်းများထဲတွင် ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များလည်း ပြည့်နှက်နေပြီဖြစ်သည်။ သူသည် သူ၏ ကျိုးကြေနေသော အရိုးများနှင့် တွဲလောင်းကျနေသော လက်နှစ်ဖက်ကို ငေးကြည့်နေမိတော့သည်။ အဖြစ်အပျက်အားလုံးမှာ အိပ်မက်ဆန်လွန်းနေ၏။

” သူက တော်တော်ကိုအစွမ်းထက်တာပဲဟ။ ကြည့်ရတာ ဓမ္မလက်နက်ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါ အများကြီးကြိုးစားဖို့ လိုသေးတယ် ”
ပေသုံးရာကျော်အကွာတွင် ရပ်နေသော ဝမ်ပေါင်လဲ့မှာ သူ၏ရင်ဘတ်ကို တအံ့တဩပွတ်ရင်း တွေးလိုက်၏။ ထိုတိုက်ကွက်ကြီး၏ ပြင်းအားကြောင့် သူသည် အနည်းငယ်ခန့် နာကျင်နေရ၏။ ထို့ကြောင့် သူသည် တအံ့တဩနှင့် သက်ပြင်းချလိုက်ပြီး သူ၏ညာလက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ရုပ်သေးရုပ် အရုပ်ခုနစ်ဆယ်၊ ရှစ်ဆယ်ကျော်မှာ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာတော့သည်။

” လာစမ်းပါ။ အခုမှ တကယ် တိုက်ခိုက်ကြတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသောအခါ သူ၏ ပတ်ပတ်လည်မှ ရုပ်သေးရုပ်များဆီမှလည်း ဝိညာဉ်ချီများ စတင်ထွက်ပေါ်လာတော့သည်။ ၎င်းတို့ထဲမှ တချို့ဆိုလျှင် တကျည်ကျည် တကျာကျာ မြည်လာကြ၏။

ထိုမြင်ကွင်းကြောင့် မူးဝေဝေ ဖြစ်နေခဲ့ရသော လူငယ်လေးမှာ အပြင်းအထန် တုန်ရီသွားရတော့သည်။ သူသည် ” ဓမ္မလက်နက်ကျင့်ကြံသူ ” ဆိုသော စကားလုံးများကို ကြားလိုက်ရသောအခါ တစ်ခဏမျှ နှလုံးခုန် ရပ်တန့်သွား၏။ သူသည် ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်များကို ထိတ်လန့်ကြောက်ရွံ့နေရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ နောက်သို့လှည့်ကာ ထွက်ပြေးသွားတော့သည်။ သူ၏ လက်များမှာ တွဲလောင်းကျကာ ဘယ်ယာ ယိမ်းနေပါသော်လည်း သူ၏ခြေထောက်များမှာ အကောင်းအတိုင်း ရှိနေသေးပြီး လျင်မြန်သွက်လက်နေဆဲပင်။

” ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့။ မင်းရထားတဲ့ အပိုင်းအစတွေကို ချန်ခဲ့စမ်း ”
ဝမ်ပေါင်လဲ့မှာ စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ကြိမ်းဝါးလိုက်၏။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ ပတ်ပတ်လည်ရှိ ရုပ်သေးရုပ် အရုပ် ခုနစ်ဆယ်၊ ရှစ်ဆယ်ကျော်မှာ အသံမျိုးစုံ အော်ဟစ်မြည်တမ်းကာ ထိုလူငယ်လေးနောက်သို့ ပြေးလိုက်လာကြတော့သည်။

အဝေးမှ ကြည့်လိုက်ပါက ထိုရုပ်သေးရုပ် အစုအဖွဲ့ကြီးမှာ ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့် နတ်ဆိုးအဖွဲ့ကြီးတစ်ဖွဲ့နှင့် ဆင်တူနေပြီး ထိုလူငယ်လေးမှာမူ သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေသော ယုန်ငယ်လေးတစ်ကောင်နှင့် တူနေ၏။ သူ၏မျက်နှာမှာ ဖြူဆုတ်နေပြီ ဖြစ်ပြီး သူသည် ကြောက်လန့်တကြားနှင့် ထွက်ပြေးနေရပြီဖြစ်သည်။

သို့သော် ကံတရားမှာ ထိုလူငယ်လေးဘက်တွင် ရှိမနေခဲ့ပေ။ သူသည် ထိုကဲ့သို့ ကြောက်လန့်တကြား ထွက်ပြေးနေစဉ် ကောင်းကင်ပေါ်မှ ကြိုးတစ်ချောင်း ပြုတ်ကျလာသည်ကို သတိမထားမိလိုက်ပေ။ ထိုကြိုးမှာ လျှပ်စီးတန်းတစ်ခုကဲ့သို့ အင်မတန်မှ လျင်မြန်ပြီး အသံလုံးဝ မထွက်ပေ။ ထို့အပြင် ၎င်းမှာ ကောက်ကျစ်စဉ်းလဲသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်ရင်း ရုတ်ခြည်းဆိုသလို ကျဆင်းလာခြင်းဖြစ်သည်။

၎င်းမှာ အဝေးသို့ထွက်ပြေးနေသော လူငယ်လေး၏ ခေါင်းပေါ်တွင် ပေါ်လာကာ သူ၏အနားသို့ အလျင်အမြန် ရောက်ရှိလာပြီး ထိုလူငယ်လေး သတိမထားမိနိုင်ခင်မှာပင် သူ၏ ပတ်ပတ်လည်၌ ငါးပတ်၊ ခြောက်ပတ်ခန့် ရစ်ပတ်လိုက်ပြီး သူ့အား တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်တော့သည်။ ထို့ကြောင့် ထိုလူငယ်လေးမှာ မြေကြီးပေါ်သို့ လဲကျသွား၏။

” ဘာတွေဖြစ်နေတာလဲဟ ”
ထိုလူငယ်လေးမှာ အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။ သူသည် ထိုကြိုးကို မြင်ဖူးနေသည်ဟု ခံစားလိုက်ရပြီးနောက် ချက်ချင်းဆိုသလိုပင် ၎င်းမှာ စောစောတုန်းက ဝမ်ပေါင်လဲ့ ပစ်လွှတ်လိုက်သည့် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သော ကြိုးဖြစ်ကြောင်း ရိပ်မိသွား၏။ အချိန်အကြာကြီး ကုန်ဆုံးသွားပြီးမှ ၎င်းမှာ ရုတ်တရက်ဆိုသလို ပြန်ရောက်လာပြီး သူ့အား ချည်နှောင်သွားလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။ ထိုကြိုးမှာ သူ့အား ချည်နှောင်ထားရုံသာမက မသင့်လျော်သော နေရာများကိုပါ တို့ထိနေ၏။

ထိုလူငယ်လေးမှာ ဆွံ့အမှင်တက်နေရင်း ထိုကြိုး၏ အချုပ်အနှောင်ထဲမှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေစဉ် နားစည်များပင် ကွဲအက်သွားစေနိုင်သော ထူးဆန်းသည့် နောက်ထပ်အသံကြီးတစ်သံ မိုးကောင်းကင်ထဲမှ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာပြန်သည်။ ထို့နောက် ကောင်းကင်ယံ၌ ဧရာမ တံဆိပ်တော်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုတံဆိပ်တော်ထဲတွင် အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေပြီး ၎င်းမှာ အချုပ်အခြာအာဏာပိုင် ဧကရာဇ်တစ်ပါးကဲ့သို့ မြေပြင်ကြီးကို ငုံ့ကြည့်နေသကဲ့သို့ပင်။ ထို့နောက် ၎င်းမှာ ထစ်ချုန်းသံများနှင့်အတူ အောက်သို့ကျဆင်းလာ၏။

ထို့နောက် ကောင်းကင်ယံတွင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာပြီး ထိုဧရာမ တံဆိပ်တော်ကြီးမှာ ထိုလူငယ်လေးပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာတော့သည်။ ထို့ကြောင့် ထိုလူငယ်လေး၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး သူသည် ထိုပြင်းအားကြောင့် ချက်ချင်းပင် သတိလစ်သွားတော့သည်။

သူ အပြီးတိုင် သတိလစ်မသွားခင် သူ၏အသိစိတ်ထဲ၌ ပေါ်လာသည့် တစ်ခုတည်းသောအတွေးမှာ ထိုကြိုးနှင့် ဧရာမ တံဆိပ်တော်ကြီးတို့ကို နားမလည်နိုင်လောက်အောင် ဖြစ်နေခြင်းပင် ဖြစ်သည်။ သူသည် ၎င်းတို့မှာ မည်သည့် နတ်ဘုရားရတနာ အမျိုးအစားများဖြစ်ကြောင်းကို နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။ အဘယ့်ကြောင့် ၎င်းတို့အား အသုံးပြုပြီး အ‌ချိန်အတော်အတန် ကြာပြီးမှ ၎င်းတို့၏ စွမ်းအားများမှာ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာရပါသနည်း…

သူတစ်ယောက်တည်းပင် မဟုတ်ပေ။ ဝမ်ပေါင်လဲ့ပင်လျှင် ထိုမြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်လှုပ်သွားရ၏။ သို့သော် သူသည် ထိုကြိုးမှာ အများနှင့်မတူဘဲ တမူထူးဆန်းနေကြောင်းကို သိရှိထားပြီးဖြစ်သည်။ ထို့အပြင် ကူးလောင်ချိုင့်ဝှမ်းထဲတွင် ရှိခဲ့စဉ်တုန်းကလည်း သူသည် ထို ဧရာမ တံဆိပ်တော်ကြီး၏ ထူးဆန်းမှုများကိုလည်း မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရ၏။ ထို့ကြောင့် သူသည် ၎င်းတို့၏ ပြန်လည်ပေါ်ပေါက်လာမှုကြောင့် အံ့အားသင့်နေခြင်းတော့ မရှိပေ။ ထို့အပြင် ထို ရတနာနှစ်ခု၏ စွမ်းဆောင်ရည်မှာ အတော်အသင့် ကောင်းနေသည်ဟုပင် မှတ်ယူလိုက်၏။

ထို့နောက် သူသည် သတိမေ့မြောနေသော လူငယ်လေးဆီသို့ လျှောက်လှမ်းသွားလိုက်ပြီး ထိုကြိုးနှင့် တံဆိပ်တော်ကြီးကို ကြည့်ရှုစစ်ဆေးကာ သဘောကျသည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

” မင်းတို့ နှစ်ယောက်စလုံး တော်တယ်။ တော်တော်လည်း တွဲဖက်ညီတာပဲ။ ကြိုးစားကြ ”
သူသည် ထိုသို့ချီးကျူးလိုက်ပြီး ထိုကြိုးနှင့် တံဆိပ်တော်ကြီးတို့ကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် သတိမေ့မြောနေသော လူငယ်လေးအား စိတ်ဝင်တစားနှင့် အကဲခတ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ စတင်ရှာဖွေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထူးခြားသော အပိုင်းအစသုံးခုအပါအဝင် ထိုလူငယ်လေး ပိုင်ဆိုင်ထားသော ပစ္စည်းအားလုံးကို သိမ်းယူလိုက်၏။ ထို့နောက် ထိုလူငယ်လေး၏ ရက်စက်ကြမ်းကြုတ်မှုများကို ပြန်၍အမှတ်ရသွားသောအခါ ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်ပြီး သူ့အား အတွင်းခံပင် မချန်ခဲ့ဘဲ ကိုယ်တုံးလုံး ချွတ်လိုက်တော့သည်။ ထို့နောက် သူ၏ အသံလွှင့်လက်စွပ်ကို ဖွင့်ကာ ရုပ်သံမှတ်တမ်းတင်လိုက်တော့သည်။

” သူက တကယ့်ကို ကလေးလေးပဲ ရှိသေးတာပဲ။ ငါ့ကို လုံးဝ မယှဉ်နိုင်ပါဘူး။ မကြောက်ပါနဲ့။ ငါ မင်းကို မသတ်ပါဘူးကွ။ သင်ခန်းစာတစ်ခု ပေးရုံပါ ”
ဝမ်ပေါင်လဲ့မှာ ရွှင်ပျစွာဆိုလိုက်ပြီး မှတ်တမ်းတင်မှုကို အဆုံးသတ်ကာ ထွက်ခွာသွားတော့သည်။

နာရီအနည်းငယ်ခန့် ကြာပြီးနောက် ထိုလူငယ်လေးမှာ သတိပြန်လည်လာ၏။ သူသည် ရီဝေဝေ ဖြစ်နေဆဲဖြစ်ပြီး ဖြစ်ကြောင်းကုန်စင်ကို ရိပ်မိခြင်း မရှိသေးသည့်ပုံပင်။ ထို့ကြောင့် သူသည် ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ဘေးပတ်ဝန်းကျင်အား ငေးကြည့်နေလိုက်ပြီးနောက် သူ့ကိုယ်သူ ပြန်၍ငုံ့ကြည့်လိုက်၏။

ခဏအကြာတွင် ဒေါသများဖြင့် ပြည့်နှက်နေသည့် စိတ်မချမ်းမြေ့ဖွယ်ရာ အော်ဟစ်သံကြီးတစ်သံ လေထုထဲ၌ ပြည့်နှက်သွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset