ဝမ်ပေါင်လဲ့သည် ဖြူကောင်ရှားစောင်းပင် သူ့အား လှမ်းကိုက်လိုက်သည်ကို မြင်လိုက်သောအခါ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူ့ညာလက်ကို လက်သီးစုပ်လိုက်ပြီး ဆွေ့ရှင်းပေါင်ကို ထုတ်သုံးလိုက်လေသည်။ သူ့ပတ်လည်တွင် ဝိညာဉ်စွမ်းအားများ ပေါ်ထွက်လာပြီး ဖုန်မှုန့်များ၊ မြေမှုန့်များသည် မြေပေါ်တွင် လည်ကာ လေထဲသို့ မြောက်တက်လာကြ၏။ ဖြူကောင်ရှားစောင်းပင်သည် ပါးစပ်ဟကာ ကိုက်မိတော့ပေမည်။ သို့သော် ၎င်းသည် ထိုမြင်ကွင်းကို မြင်လိုက်သဖြင့် တုန်ခါသွားပြီး ဝမ်ပေါင်လဲ့၏ လက်သီး ၎င်းထံရောက်မလာခင် ပါးစပ်အတွင်းမှ အစိမ်းရောင်အရည်များကို ပန်းထုတ်လိုက်လေသည်။
ထိုအရည်များကို ဝမ်ပေါင်လဲ့ထံ ပန်းထုတ်လိုက်ခြင်းမဟုတ်ပေ။ ၎င်းက အပင်ပေါ်တွင်ပဲ ပြန်ကျသွားပေသည်။ ရှားစောင်းပင်သည် ပျော့ခွေလာ၏။ အပင်ရိုးတံသည် ကွေးညွတ်ကာ အောက်သို့ ကိုင်းသွားလေသည်။
ထိုအပင်သည် သေသွားသကဲ့သို့ ထင်ရပေသည်။
‘ သေချင်ယောင်ဆောင်တာလား… ငါရဲ့ လက်သီးနဲ့တောင် မထိရသေးဘူး ’
ဝမ်ပေါင်လဲ့ မျက်တောင်ခတ်လိုက်၏။ သူ၏ လက်သီးသည် ဖြူကောင်ရှားစောင်းပင် အရှေ့တွင် ရပ်တန့်သွားလေသည်။ သူ စူးစူးဝါးဝါးကြည့်လိုက်၏။ သူသည် ထိုရှားစောင်းပင်ကို စိတ်ဝင်စားသွားပြီး အော်ပြောလိုက်သည်။
“ ဖယ်ပေးစမ်း ”
သူပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ရှားစောင်းပင်သည် စတင်လှုပ်ရှားလာလေတော့သည်။ ၎င်းသည် လူအသေးလေးတစ်ယောက်ကဲ့သို့ ၎င်း၏ အမြစ်များကို မြေကြီးအတွင်းမှ ဆွဲထုတ်လိုက်ပြီး လျင်မြန်စွာထွက်ပြေးသွားလေသည်။ ထို့နောက် တစ်ကိုက်မျှပြေးပြီးနောက် ရပ်တန့်သွား၏။
“ မင်းက ကိုယ့်အန္တရာယ်တော့ ကိုယ်သိသားပဲ ”
ဝမ်ပေါင်လဲ့၏ ညာလက်သည် ဖြူကောင်ရှားစောင်းပင် ရှိနေခဲ့သော မြေနေရာကို နှိုက်လိုက်ပြီး လက်သည်းခွံအရွယ် အကျိုးအပဲ့တစ်ခုကို ထုတ်ယူလိုက်လေသည်။ သူ၏လက်သည် အကျိုးအပဲ့ကို ထိလိုက်မိသည်နှင့် သူ၏ လက်ထိပ်မှတစ်ဆင့် နှလုံးသားအတွင်းသို့ ထူးဆန်းသည့် ခံစားချက်တစ်ခု စီးဆင်းသွား၏။
ထိုခံစားချက်သည် အဆုံးမရှိသော စာလောင်မွတ်သိပ်မှုတစ်ခုနှင့် ဆင်တူပြီး သူ၏ကိုယ်တွင်းနက်နက်ရှိုင်းရှိုင်းတစ်နေရာမှ ထွက်ပေါ်လာသည့် ထိုအကျိုးအပဲ့နှင့် ပေါင်းစည်းလိုသော တောင့်တမှုတစ်ခုကဲ့သို့လည်း ဖြစ်သည်။ ဝမ်ပေါင်လဲ့ တုန်လှုပ်သွားပြီး သူ၏လက်ထဲတွင် အကျိုးအပဲ့ကိုကိုင်တာ အသက်ရှူမြန်လာလေတော့သည်။ သူသည် ထိုအကျိုးအပဲ့ကို လေ့လာလိုက်၏။ ထိုအကျိုးအပဲ့သည် အခြေတည်အဆင့်ရောက်ရန် အထောက်အကူဖြစ်သော ထူးခြားသည့်အကျိုးအပဲ့တစ်ခုဖြစ်ကြောင်း သူသေချာသိပေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် အလွန်အမင်း ဝမ်းသာသွားပြီး ယင်းအကျိုးအပဲ့ကို သူ၏ အင်္ကျီရင်ဘတ်ထဲတွင် သိမ်းလိုက်၏။ ထိုကဲ့သို့ ထူးခြားသောအကျိုးအပဲ့ကို အခြေတည်အဆင့်ရောက်ရန် အသုံးပြုနိုင်သော်လည်း သိုလှောင်လက်ကောက်အတွင်း သိမ်းထားနိုင်သောအရာမျိုးမဟုတ်ပေ။
ဝမ်ပေါင်လဲ့သည် ကျေနပ်အားရမှုများနှင့် ပြည့်နှက်နေပြီး ခေါင်းမော့ကြည့်လိုက်ရာ ဖြူကောင်ရှားစောင်းပင် မရှိတော့ကြောင်း တွေ့လိုက်ရ၏။ သူသည် ထိုအပင်ပျောက်ကွယ်သွားသည်ကို ဂရုမစိုက်ဘဲ တစ်ခဏမျှ ပီတိဖြာနေပြီးနောက် ထိုရှားစောင်းပင်၏ လူသားတစ်ယောက်ကဲ့သို့ အသိဉာဏ်ရှိမှုကို တွေးမိသွား၏။
ထိုကဲ့သို့ အသိဉာဏ်ရှိနေခြင်းသည် ထိုထူးခြားသောအကျိုးအပဲ့နှင့် သက်ဆိုင်ပေလိမ့်မည်။ ဝမ်ပေါင်လဲ့ လှည့်ပတ်ကြည့်လိုက်ပြီး အခြားအကျိုးအပဲ့များမရှိတော့ကြောင်းကို အတည်ပြုပြီးသောအခါ ထိုနေရာမှ ထွက်ခွာသွားလိုက်လေတော့သည်။
သူထွက်ခွာသွားပြီးနောက် ထိုနေရာရှိ မြေပြင်သည် အနည်းငယ် မြင့်တက်လာပြီး ဖြူကောင်ရှားစောင်းပင် ပြန်ပေါ်လာလေသည်။ ၎င်းသည် ဝမ်ပေါင်လဲ့ထွက်ခွာသွားသောဘက်ကို ကြည့်လိုက်ပြီး မကျေနပ်ဟန်ဖြင့် ပါးစပ်ဖြဲကာ သွားထုတ်ပြလိုက်သည်။ ထို့နောက် မြေအောက်သို့ ပြန်ဝင်ကာ ထွက်ပြေးသွားလေတာ့သည်။
ဝမ်ပေါင်လဲ့သည် ပျော်ရွှင်စွာ ပြေးလွှားနေ၏။ သူသည် အတန်ကြာပြေးပြီးနောက် ရပ်ကာ သူ၏အင်္ကျီရင်ဘတ်အတွင်းရှိ အကျိုးအပဲ့ကို ကြည့်လိုက်လေသည်။ သူ အတန်ငယ် စိတ်ပျက်သွားပုံပေါ်၏။
‘ ဒီဟာက တစ်ခုခုတော့ မှားနေပြီ… ငါဖတ်ဖူးတဲ့အထဲတော့ အဲဒီလိုထူးခြားတဲ့အကျိုးအပဲ့မျိုးတွေကို သိုလှောင်လက်ကောက်ထဲ ထည့်သိမ်းလို့ မရဘူးဆိုတာပဲ ပါတာပါ။ အဲဒီလိုအကျိုးအပဲ့တွေက အာရုံစိုက်မှုကို ခံရစေတဲ့ ဝိညာဉ်ချီအရင်းအမြစ်တစ်ခုဆိုတာကိုတော့ ငါ မဖတ်ဖူးပါဘူး ’
ဝမ်ပေါင်လဲ့သည် သူ၏ ဆံပင်များကို စိတ်ရှုပ်စွာ ဆွဲကိုင်လိုက်သည်။
ထိုအကျိုးအပဲ့သည် ၎င်းကိုမည်သူမှရှာမတွေ့လျှင် သိုသိုသိပ်သိပ်သာ ဖြစ်နေမည်ဖြစ်သည်။ သို့သော် ၎င်းအား ရှာတွေ့သွားပြီး ကျင့်ကြံသူတစ်ဦးနှင့် ထိတွေ့လိုက်ရသဖြင့် ၎င်းသည် မည်းမှောင်နေသောညတွင် တောက်လောင်နေသော မီးတိုင်တစ်ခုကဲ့သို့ ထင်ရှားနေလေသည်။ ထို့ကြောင့် ၎င်း၏ အနီးရှိ အခြားသူများသည် ၎င်းကို အလွယ်တကူရှာတွေ့သွားနိုင်ပေသည်။
ထို့ကြောင့် လကမ္ဘာပေါ်တွင် အန္တရာယ်များသည်ဟု ဆိုကြခြင်းပင်။ နိုင်ငံရေးအင်အားစုများအကြားမှ ပြိုင်ဆိုင်မှုသည် ပြင်းထန်သည် မဟုတ်ပေလော။ ထိုကဲ့သို့သော အကျိုးအပဲ့မျိုးအတွက် ပြင်းပြင်းထန်ထန် တိုက်ပွဲမဆင်နွှဲလိုက်ရလျှင်သာ ထူးဆန်းနေမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့သည် တဒင်္ဂမျှတွေးတောလိုက်ပြီး ထိုအကျိုးအပဲ့ကို တစ်နေရာတွင် ဖွက်ထားရန် ဆုံးဖြတ်လိုက်သည်။ သူသည် မြေပေါ်တွင် တွင်းတစ်တွင်းတူးလိုက်ပြီး အကျိုးအပဲ့ကို မြှုပ်လိုက်၏။ သို့သော် ၎င်းမှ ထွက်ပေါ်နေသော ဝိညာဉ်ချီများသည် ထင်ရှားနေဆဲပင်။ ထို့ကြောင့် ၎င်းကို သူဖွက်ထားခဲ့လျှင်လည်း အခြားသူများတွေ့သွားချေ များပေသည်။
‘ တခြားရွေးချယ်စရာမရှိတော့ဘူး။ ငါ့ဆီက ဘယ်သူလုရဲသလဲဆိုတာ ကြည့်ရသေးတာပေါ့ ’
ဝမ်ပေါင်လဲ့ အံကြိတ်လိုက်ပြီး စူးစူးဝါးဝါးကြည့်ကာ ဆက်လက် ပြေးလွှားလိုက်လေတော့သည်။ သူ၏ကိုယ်တွင်းရှိ ဝါးမျိုခြင်းသစ်စေ့သည်လည်း လည်ပတ်နေပြီး အခြားဝိညာဉ်ချီအရင်းအမြစ်များကို ရှာဖွေနေပေသည်။
အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားလေသည်။ သုံးရက်ကုန်ဆုံးသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့သည် နောက်ထပ် အကျိုးအပဲ့အချို့ကို ရှာတွေ့ခဲ့၏။ ထိုအထဲမှ အများစုသည် အခြေတည်အဆင့်အတွက် အသုံးပြု၍မရပေ။ သူသည် ထူးခြားသော အကျိုးအပဲ့ကို နောက်ထပ်တစ်ခုသာ ထပ်တွေ့ခဲ့ပေသည်။
ဝမ်ပေါင်လဲ့သည် ထူးခြားသောအကျိုးအပဲ့များကို ရှာရန် မည်မျှခက်ခဲ့သည်ကို တွေးတောလိုက်ပြီး သက်ပြင်းချလိုက်လေသည်။ သို့သော် သူ့တွင် ဝါးမျိုခြင်းသစ်စေ့ရှိသဖြင့် အကျိုးအပဲ့များကို ရှာရာတွင် သာမန်ကျင့်ကြံသူများထက် ပို၍ မြန်ပေသေးသည်။ ထိုသို့ဆိုလျှင်ပင် သူ၏ရလာဒ်သည် မကောင်းလှသေးပေ။
အခြားသူများသည်လည်း သူကဲ့သို့ပင် ပြဿနာကြုံနေလောက်ပေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏အတွေးမှန်သည်ဟု ယုံကြည်လေသည်။ ထိုသုံးရက်အတွင်း သူသည် လကမ္ဘာပေါ်ရှိ မိစ္ဆာများနှင့် ရင်ဆိုင်ခဲ့ရပေသည်။ ထိုအထဲမှအများစုသည် ရှေးဟောင်းသိုင်းအဆင့်ရှိသော သန္ဓေပြောင်း လသားရဲများဖြစ်၏။ ထိုသားရဲများသည် သူ့အတွက် အန္တရာယ်မရှိပေ။ ထို့ပြင် သားရဲအချို့သည် အရသာရှိမည့်ပုံပင် ပေါ်လေသည်။
ဥပမာအားဖြင့် လူတစ်ဝက်ခန့် အရွယ်အစားရှိသော ကျောက်ပုစွန်ကြီးတစ်ကောင်ကို တွေ့ခဲ့ရ၏။ ၎င်းကြောင့် ဝမ်ပေါင်လဲ့သည် အတော်ကြာ ချီတုံချတုံပင် ဖြစ်သွားခဲ့၏။ သူသည် ပင်လယ်အတွင်းမှရသော ကျောက်ပုစွန်များကို စားဖူးသော်လည်း ကုန်းမြေပေါ်တွင် တွေ့ရသည့် ကျောက်ပုစွန်ကို တစ်ခါမှ မစားဖူးသေးကြောင်း အမှတ်ရသွား၏။ သို့သော် ထိုကျောက်ပုစွန်ကြီးသည် ခရမ်းရောင်အလင်းများတောက်ပနေသဖြင့် အဆိပ်ရှိပုံရလေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် အတန်ကြာ ဒွိဟဖြစ်နေပြီးနောက် ၎င်းအား စားမည့်အကြံကို လက်လျှော့လိုက်လေတော့သည်။
နှစ်ရက်ကုန်ဆုံးသွား၏။ ထိုနေ့တွင် ဝမ်ပေါင်လဲ့သည် လကမ္ဘာပေါ်၌ အကျိုးအပဲ့များကို ဆက်လက်ရှာဖွေနေရင်း တောင်အသေးလေးတစ်ခုကို ဖြတ်သန်းသွား၏။ သူ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်လာ၏။ ဝါးမျိုခြင်းသစ်စေ့မှတစ်ဆင့် အရှေ့တွင် ဝိညာဉ်ချီများထွက်ပေါ်နေသည်ကို သူအာရုံခံမိလိုက်လေသည်။
ထိုဝိညာဉ်ချီများကြောင့် ဝမ်ပေါင်လဲ့ စိတ်လှုပ်ရှားသွား၏။ ဝမ်ပေါင်လဲ့သည် ဝါးမျိုခြင်းသစ်စေ့ကိုသုံး၍ ထိုဝိညာဉ်ချီများထွက်ပေါ်နေသောနေရာကို အတည်ပြုပြီးနောက် ထိုနေရာသို့ သွားရန်ဟန်ပြင်လိုက်စဉ် ထိုဝိညာဉ်ချီများသည် သူရှိသော နေရာသို့ လာနေကြောင်း ခံစားလိုက်ရ၏။
“ ဟင် ”
ဝမ်ပေါင်လဲ့ အံ့အားသင့်သွားပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်၏။ မကြာမီတွင် သူ ထိုရက်များအတွင်း၌ အရိပ်အယောင်ပင် မမြင်ခဲ့ရသော ကျင့်ကြံသူတစ်ဦး၏ အရိပ်အယောင်ကို မိုးကုတ်စက်ဝိုင်းမှနေ၍ စတင်မြင်လိုက်ရလေတော့သည်။
ထိုကျင့်ကြံသူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး အတန်ငယ် အားပြတ်နေပုံပေါ်၏။ သူ၏ မျက်ဝန်းများသည် အေးစက်စက်ဖြစ်နေပြီး သူ၏မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိလေသည်။ သူ၏ညာဘက်လက်တွင် အနက်ရောင်ပတ်တီးများကို ပတ်ထားပြီး ထိုပတ်တီးများအကြားမှ အနက်ရောင်ဝိညာဉ်ချီများ စိမ့်ထွက်နေပေသည်။ သူ့ထံတွင် အရိုင်းဆန်သော အငွေ့အသက်များရှိနေပြီး သွေးအေးကာ အကြင်နာတရားကင်းမဲ့သော လူသတ်နတ်ဘုရားလေးတစ်ပါးနှင့်ပင် တူပေသည်။
ဝမ်ပေါင်လဲ့ အာရုံခံရခဲ့သော ဝိညာဉ်ချီများသည် ထိုလူငယ်ထံမှ ထွက်ပေါ်လာခြင်းပင်။ ဝမ်ပေါင်လဲ့သည် သေချာလေ့လာကြည့်သောအခါ ထိုလူငယ်ထံမှထွက်ပေါ်နေသော ဝိညာဉ်ချီအရင်းအမြစ်သုံးခုကြောင့် သူ့ကိုယ်ထဲတွင် တောင့်တစိတ်များဖြစ်ပေါ်လာကြောင်း သိလိုက်ရလေသည်။
‘ ထူးခြားတဲ့အကျိုးအပဲ့ သုံးခုလား ’
ဝမ်ပေါင်လဲ့ အံ့အားသင့်သွားပြီး သူ့နှလုံးသားထဲတွင် အတန်ငယ် ချဉ်တင်တင်ဖြစ်သွား၏။ သူသည် သူ့ကိုယ်သူ အလွန်ကြိုးစားသူတစ်ဦးဟု ထင်ထားသော်လည်း သူကြိုးစားပမ်းစားရှာကာမှ ထူးခြားသော အကျိုးအပဲ့နှစ်ခုသာ တွေ့ခဲ့လေသည်။ သူနှင့် ရုပ်ရည်ခြင်းယှဉ်လျှင် အပြတ်အသတ်နိမ့်ကျသော ထိုလူငယ်သည် သုံးခုပင် ရှာတွေ့ခဲ့၏။
‘ ငါ့သူ့ဆီက လုလိုက်ရမလား ’
ဝမ်ပေါင်လဲ့ စဉ်းစားချင့်ချိန်နေ၏။ သို့သော် သူအတွေးနက်နေစဉ်မှာပင် လူငယ်သည် သူ့ကိုမြင်သွားပြီဖြစ်သည်။ ထိုလူငယ်သည် ချက်ချင်းပင် လမ်းကြောင်းပြောင်း၍ ဝမ်ပေါင်လဲ့ထံသို့ ပြေးဝင်လာ၏။
သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ လျင်မြန်ပြီး သူပြေးလွှားခဲ့သော လမ်းတစ်လျှောက်တွင် ဖုန်တထောင်းထောင်းထသွားလေသည်။
‘ ဒီကောင်က ငါ့ဆီကို လာနေတာလား ’
ဝမ်ပေါင်လဲ့ မျက်တောင်ခတ်လိုက်၏။ သူသည် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ချဉ်းကပ်လာသော လူငယ်ကို စိုက်ကြည့်လိုက်သည်။ ထိုလူငယ်သည် ဝမ်ပေါင်လဲ့နှင့် ဆယ်ကိုက်အကွာတွင် ရပ်တန့်လိုက်၏။ သူသည် ထိုနေရာတွင် ရပ်ကာ ဝမ်ပေါင်လဲ့ကို အေးစက်စက် ကြည့်ကာ ခေါင်းမော့၍ သူ၏ညာလက်ကို ထုတ်လိုက်ပြီး အေးစက်စက်ပြောလိုက်၏။
“ မင်းမှာရှိတာတွေ ငါ့ကိုပေး… ငါ့ကို နှစ်ခါပြောရအောင် မလုပ်နဲ့ ”
ဝမ်ပေါင်လဲ့သည် ထိုလူငယ်၏စကားကို ကြားသောအခါ မျက်လုံးပြူးသွားလေသည်။ သူသည်လည်း ညာဘက်လက်ကို ထုတ်လိုက်ပြီး ရယ်သွမ်းလိုက်၏။
“ မင်းမှာရှိတာတွေပဲ ငါ့ကိုပေးစမ်းပါ။ ငါ့ကို နှစ်ခါပြောရအောင် မလုပ်နဲ့နော် ”
“ မင်းက သေချင်နေတာလား ”
လူငယ်သည် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ သူသည် ပြောပြောဆိုဆိုပင် ပြေးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ပေါင်လဲ့၏ ရှေ့သို့ရောက်လာလေသည်။ သူသည် တိုက်ရိုက်မတိုက်ခိုက်လိုက်ဘဲ လက်သီးဖြင့်ထိုးလိုက်ပြီး လမ်းတစ်ဝက်မှာပင် လက်သီးစုပ်ကို ဖြန့်၍ အနက်ရောင်ကျောက်စိမ်းပြား တစ်ပြားကိုပစ်လွှတ်လိုက်၏။ ကျောက်စိမ်းပြားသည် ဝမ်ပေါင်လဲ့ထံသို့ ပျံသန်းသွားပြီး လေမည်းများကို ဆင့်ခေါ်ကာ အနက်ရောင်ကျားကြီးတစ်ကောင်၏ ဦးခေါင်းအဖြစ် မထင်မရှားပြောင်းလဲသွားလေသည်။ ထိုကျားခေါင်းကြီးသည် ဝမ်ပေါင်လဲ့ကို ကြည့်ကာ ဟိန်းလိုက်၏။
“ နတ်ဘုရားရတနာလား… မင်းရဲ့ အဘိုးငါက ဓမ္မလက်နက်ကျင့်ကြံသူဆိုတာ မင်းမသိဘူးလား ”
ဝမ်ပေါင်လဲ့ အထက်စီးဆန်ဆန်ပြောလိုက်၏။ သူသည် သူ၏ညာဘက်လက်ကို ရုတ်တရက်ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်တစ်ပြင်လုံးတွင် လွှမ်းခြုံသွားသည်အထိ များပြားသော နတ်ဘုရားရတနာများကို ထုတ်လိုက်လေသည်။ ထိုနတ်ဘုရားရတနာများသည် လူငယ်ထံသို့ ပျံဝင်သွားပေသည်။
ထိုနတ်ဘုရားရတနာများအကြားတွင် ပေါက်ကွဲပုတီးစေ့များ၊ ကြိုးများ၊ တံဆိပ်တော်ကြီးများနှင့် ဓားပျံများ စသည်ဖြင့် ပါဝင်လေသည်။
နတ်ဘုရားရတနာများသည် လူငယ်ထံသို့ အရှိန်အဟုန်ဖြင့် သွားနေ၏။ အထူးသဖြင့် ကြိုးများနှင့် တံဆိပ်တော်ကြီးများသည် လွန်စွာ အန္တရာယ်များပုံ ပေါ်လေသည်။ လူငယ်သည် ၎င်းတို့ကို သတိထား၍ ကြည့်နေ၏။
သို့သော် သူသတိထားကြည့်ရှုနေသည့် နတ်ဘုရားရတနာနှစ်ခုသည် သူ့ထံသို့ မဝင်လာဘဲ ကြောက်မက်ဖွယ် အားကောင်းသော အရောင်အဝါများကို ထုတ်လွှတ်ကာ ကောင်းကင်ပေါ်သို့ ချိုးတက်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
လူငယ်သည် ကောင်းကင်ပေါ်သို့ ချိုးတက်သွားသော နတ်ဘုရားရတနာနှစ်ခုကို ကြည့်ကာ တုံ့ဆိုင်းသွားလေသည်။ သူသည် ချက်ချင်းပင် သတိကြီးကြီးထားလိုက်၏။ သူသည် နတ်ဘုရားရတနာများကို အာရုံစိုက်နေစဉ်မှာပင် ဝမ်ပေါင်လဲ့ကို စူးစူးဝါးဝါးကြည့်လိုက်ပြီး ကျောက်စိမ်းပြားမှထွက်ပေါ်လာသော ကျားနက်ကြီးကို ဝမ်ပေါင်လဲ့ထံ သွားရန် လက်ဝါးဖြင့်တွန်းလိုက်၏။
ကျယ်လောင်သော ဟိန်းသံကြီးနှင့်အတူ ဝမ်ပေါင်လဲ့၏ နတ်ဘုရားရတနာများနှင့် လူငယ်၏ ကျားနက်ကြီးတို့ တွေ့ဆုံသွားလေတော့သည်။ ကျားနက်ကြီးသည် နတ်ဘုရားရတနာများနှင့် ထိပ်တိုက်ရင်ဆိုင်သွားသောအခါ ထပ်မံဟိန်းလိုက်၏။ ကျယ်လောင်သော တိုက်ပွဲအသံများကြားတွင် လူငယ်သည် မျက်မှောင်ကြုတ်၍ တိုက်ခိုက်နေသော နတ်ဘုရားရတနာများကို ညာဘက်မှ ပတ်ရှောင်၍ ဝမ်ပေါင့်လဲ့ရှေ့သို့ ရောက်လာ၏။ သူ၏လက်ချောင်းသည် ဝမ်ပေါင်လဲ့၏ နဖူးဆီသို့ တစ်ရှိန်ထိုးထွက်သွား၏။
“ သေစမ်း ”
ဝမ်ပေါင်လဲ့သည် ကျော်ကြားသူတစ်ဦးဖြစ်သော်လည်း ဂိုဏ်း၏ ဓလေ့ထုံးတမ်းများကိုသာ အာရုံစိုက်ပြီး ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်နေသော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ တပည့်များသည် ဝမ်ပေါင်လဲ့အကြောင်းကို သိပ်မသိကြပေ။ ထိုလူငယ်သိသော ဝမ်ပေါင်လဲ့အကြောင်းမှာ သူ့ဂိုဏ်းမှ အခြားသူများထက်ပင် ပို၍နည်းလေသည်။ ထိုအခိုက်တွင် လူငယ်သည် ဓမ္မလက်နက်ကျင့်ကြံသူများကို တိုက်ခိုက်ရာတွင် သူသုံးနေကျဖြစ်သောဗျူဟာကိုသုံး၍ တိုက်ခိုက်လိုက်ခြင်းပင်။ ထိုဗျူဟာသည် ဓမ္မလက်နက်ကျင့်ကြံသူများ အနီးသို့ကပ်သွား၍ အနီးကပ်တိုက်ကွက်ကိုသုံးကာ အနိုင်ယူခြင်းဖြစ်လေသည်။
သူ၏ အတွေ့အကြုံများအရဆိုလျှင် ဓမ္မလက်နက်ကျင့်ကြံသူများ၊ မန္တန်အစီအရင်ကျင့်ကြံသူများနှင့် နတ်ဆေးကျင့်ကြံသူများသည် အဝေးမှတိုက်လျှင် လွန်စွာအစွမ်းထက်သော်လည်း ရန်သူက သူတို့အနီးသို့ရောက်လာလျှင် ခုခံနိုင်စွမ်း မရှိကြတော့ပေ။ ထို့ကြောင့် သူသည် အနီးသို့ကပ်သွားပြီး ကရုဏာကင်းမဲ့စွာဖြင့် သူ၏လက်ချောင်းကို လျှပ်စီးတန်းတစ်ခုပမာ ဝမ်ပေါင်လဲ့၏ နဖူးဆီသို့ ထိုးသွင်းလိုက်ခြင်းပင်။
သူ၏လက်ချောင်းထိပ်တွင် အနက်ရောင်ချီများ ပေါ်ထွက်လာ၏။ သူ၏လက်ချောင်းသာ နဖူးနှင့်ထိသွားလျှင် ဦးခေါင်းခွံကို ထိုးဖောက်ပစ်နိုင်မည်ဖြစ်ကြောင်း သူယုံကြည်မှုရှိလေသည်။
သို့သော် ထိုအကြံသည် အမှန်ပင်ကောင်းမွန်သော်လည်း လက်တွေ့ဘဝသည် သူ၏အတွေးနှင့် အတန်ငယ် ကွဲပြားပေသည်။ သူ၏လက်ချောင်း ဝင်ရောက်လာစဉ်တွင် ဝမ်ပေါင်လဲ့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွား၏။
‘ ငါ့ရှေ့မှာ လက်ညှိုးထုတ်ရဲတဲ့သူမရှိတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ… ’