Switch Mode

အခန်း ( ၂၄၃ )

ပြည်ထောင်စုအတွင်း ဂယက်ရိုက်သွားခြင်း

အခန်း ( ၂၄၃ )
ပြည်ထောင်စုအတွင်း ဂယက်ရိုက်သွားခြင်း

ရှေးဦးဝိညာဉ်ခေတ်၏ လေးဆယ့်တစ်နှစ်မြောက်သည် ပြဿနာများနှင့်ပြည့်နေသောနှစ်တစ်နှစ် ဖြစ်နိုင်ပေသည်။

ထိုနှစ်သည် လကမ္ဘာကိုလိုနီနယ်မြေများ၌ မကောင်းသောအဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့သောနှစ်တစ်နှစ်ဖြစ်ပြီး ပြည်ထောင်စုတစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။ ယင်းသတင်းများကို ဖုံးကွယ်ပြီး ထိမ်ချန်ရန် မဖြစ်နိုင်ပေ။ လပေါ်တွင် ကိုလိုနီနယ်မြေများ လွန်စွာများပြားလေသည်။ အဓိက နိုင်ငံရေးအင်အားစုကြီးများမှ ထိန်းချုပ်ထားသော နယ်မြေများအပြင် အခြား နိုင်ငံရေးအင်အားစု အသေးလေးများမှ ပိုင်ဆိုင်သောနယ်မြေများလည်း အများအပြားရှိလေသည်။

မကြာမီမှာပင် ပြည်ထောင်စုအတွင်းရှိ သတင်းဌာနများသည် လကမ္ဘာပေါ်တွင် ဖြစ်ပျက်ခဲ့သော မကောင်းသည့်သတင်းများကို ပြည်ထောင်စုတစ်စုလုံးအတွင်း ထုတ်လွှင့်လိုက်သည်။

အချိန်အနည်းငယ်အတွင်းမှာပင် ပြည်ထောင်စုအတွင်းရှိ မြို့များတွင် နေထိုင်သူများသည် ကြောက်ရွံ့တုန်လှုပ်သွားကြလေသည်။ လူအများ ကြောက်လန့်တုန်ရီကာ အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ကောလဟာလမျိုးစုံသည်လည်း ပျံ့နှံ့သွားကြသည်။

“ လကမ္ဘာပေါ်မှာ ဘေးအန္တရာယ်တွေနဲ့ ကြုံနေရပြီ… ဘုရားရေ အဲဒါက ရှေးဟောင်းကြေးညိုရောင်ဓားကြီးက ထွက်လာတဲ့ ဂြိုလ်သားတွေရဲ့ လက်ချက်ဖြစ်ရမယ်။ အဲဒီဂြိုလ်သားတွေ ပေါ်လာတာပဲဖြစ်မယ် ”

“ ငါ ကျင့်ကြံသူတွေရဲ့ လမ်းစဉ်ကို အမြဲဆန့်ကျင့်ခဲ့တာ… ငါထင်ထားတဲ့အတိုင်းပဲ အခုတစ်ခုခုဖြစ်လာပြီ။ ကျင့်ကြံခြင်းဆိုတာ နတ်ဘုရားတွေရဲ့ အစွမ်းတွေပဲ။ အဲဒါက ငါတို့လိုသေမျိုးတွေ ကျင့်သင့်တဲ့ အရာမဟုတ်ဘူး ”

“ ပေါက်ကရတွေပြောမနေနဲ့… လကမ္ဘာပေါ်မှာ ဘာပဲဖြစ်နေနေ ပြည်‌ထောင်စုက ဖြေရှင်းပေးမှာပါ ”
ပြည်ထောင်စုတစ်ခုလုံး ဂယက်ထနေစဉ်တွင် ဝမ်ပေါင်လဲ့၏ မိဘများသည်လည်း စိုးရိမ်ပူပန်နေကြလေသည်။ သူတို့အနေဖြင့်လည်း မည်သို့မှမကူညီနိုင်ပေ။ သို့သော် လျှိုတောက်ပင်း၏ဖခင်နှင့် ဇာမနီမြို့၏ မြို့စားတို့သည် မကြာခဏသူတို့ထံ အလည်လာလေ့ရှိသဖြင့် တော်သေးသည်ဟု ဆိုရပေမည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်လိုင်းများမှတစ်ဆင့် သတင်းအသစ်များကို ရှာဖွေလိုက်ပြီး ဝမ်ပေါင်လဲ့၏မိဘများကို စိတ်မပူရန် ဖျောင်းဖျလိုက်ကြ၏။

ဝမ်ပေါင်လဲ့၏ မိဘများသည် အခြေအနေများကို ပို၍နားလည်လာပြီး ဝမ်ပေါင်လဲ့တစ်ယောက် အန္တရာယ်နှင့်ကြုံမနေသည်လည်း ဖြစ်နိုင်ကြောင်း သိရှိသွားလေသည်။ လကမ္ဘာပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်ခဲ့သဖြင့် အပြင်လောကနှင့် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်ပြီး ပြည်ထောင်စုသည် လကမ္ဘာပေါ်ရှိ လူအားလုံးကို ကယ်ဆယ်ရန် လုပ်ဆောင်နေပြီဖြစ်သည်။

တချိန်တည်းမှာပင် ပြည်ထောင်စုဥက္ကဋ္ဌဦးဆောင်သော အဖွဲ့နှင့် နိုင်ငံရေးအင်အားစုများ စုပေါင်းဖွဲ့စည်းထားသောအဖွဲ့သည် လကမ္ဘာသို့ ထွက်ခွာသွားပေပြီ။ ထိုအဖွဲ့ထဲတွင် ကောင်းကင်တာအိုကျောင်းတော်မှ ဂိုဏ်းစောင့်အကြီးအကဲပင် ပါသွားလေသည်။

ဂိုဏ်းစောင့်အကြီးအကဲသည် ကိုယ်တိုင်လိုက်လာခဲ့ခြင်း ဖြစ်သည်။ အခြား အင်အားတောင့်သော နိုင်ငံရေးအဖွဲ့အစည်းများသည်လည်း မည်သည့်အရာမှ မလုပ်ဘဲ ထိုင်စောင့်နေမည်မဟုတ်ပေ။ လကမ္ဘာပေါ်မှ ကိစ္စများသည် ရုတ်တရက်ဖြစ်ပေါ်လာခဲ့သော ကိစ္စများဖြစ်ပြီး အဖွဲ့အစည်းများက ထိုအတွက် များစွာစိုးရိမ်နေကြပေသည်။ တစ်စုံတစ်ခုဖြစ်ပျက်နေပြီဖြစ်ကြောင်း သူတို့စိတ်ထဲတွင် ထင့်နေလေသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် လအခြေစိုက်စခန်းတွင်စောင့်နေသော များစွာသော နိုင်ငံရေးအဖွဲ့အစည်းများမှ လူများပို့လိုက်သည့် သတင်းများကို လက်ခံရရှိလိုက်၏။ လကမ္ဘာပေါ်တွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးပေါ်ပေါက်လာခြင်း၊ ကြက်သွေးရောင် မျက်လုံးကြီးများနှင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကိုပင် သတ်နိုင်စွမ်းရှိသော ကြက်သွေးရောင် လျှပ်စီးတန်းတို့အကြောင်းကို သူတို့ သိရှိသွားကြလေသည်။

ထိုသတင်းအသစ်များကြောင့် လကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသောကိစ္စများသည် ပို၍စိုးရိမ်ဖွယ်ကောင်းလာပေသည်။

ကယ်ဆယ်ရေးအဖွဲ့များ လအခြေစိုက်စခန်းသို့ ရောက်သောအခါ ပြည်ထောင်စုအတွင်းရှိ အခြေတည်အဆင့် လူတစ်ရာကျော်သည် ချက်ချင်းစုဝေးလိုက်ကြသည်။ ထိုအရေအတွက်သည် ပြည်ထောင်စုအတွင်းရှိ အခြေတည်အဆင့်ရှိသူများ၏ ဆယ်ပုံခုနစ်ပုံခန့်ဖြစ်သည်။ သူတို့ရရှိထားသော သက်သေများနှင့် သဲလွန်စများကို လေ့လာဆန်းစစ်ပြီးသောအခါ သူတို့ကောက်ချက်ချလိုက်ကြ၏။
“ သစ်ပင်တစ်ပင်က အာရုံအသိဝင်လာပြီဆိုရင် ကျင့်ကြံသူတစ်ယောက်အဖြစ် အသွင်ဆောင်နိုင်လာတယ်။ အဲဒီလိုသစ်ပင်တစ်ပင်က ကျင့်ကြံသူပုံစံ အယောင်ဆောင်ပြီး လကမ္ဘာထဲဝင်သွားတာထင်တယ် ”

“ ကျုပ်တို့ရထားတဲ့ သတင်းတွေအရ အဲဒီလိုသစ်ပင်မျိုး နှစ်ပင်နဲ့အထက်ရှိနိုင်တယ်လို့ သိရတယ်။ အဲဒီအပင်တွေရဲ့ ကျင့်ကြံခြင်းအဆင့်က အခြေတည်အဆင့်ပဲ… ပြီးတော့ အဲဒီအပင်တွေက တစ်ပင်နဲ့တစ်ပင်လည်း မတည့်ကြဘူးထင်တယ် ”

“ အဲဒီအပင်တွေရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာလည်း မသိရဘူး ”

“ အဲဒီအပင်တွေက ကျုပ်တို့ရဲ့ မန္တန်အစီအရင်ကြီးကို ဘယ်လိုထိန်းချုပ်ပြီး ပိတ်လိုက်တာလဲဆိုလည်း မသိရဘူး ”
သူတို့အားလုံး၏ရှေ့တွင် သက်သေများကို ချပြထား၏။ မည်သူမှ ထမပြောလိုက်ကြပေ။ သို့သော် ကယ်ဆယ်ရေးအဖွဲ့များရှိ လူအားလုံးသည် ထိုကိစ္စမှာ အပြင်လူနှင့် ပြည်ထောင်စုအတွင်းမှ အတွင်းလူတို့ ပေါင်းကြံခြင်းဖြစ်ရမည်ဟု သံသယဝင်နေကြလေသည်။

ပြည်ထောင်စုဥက္ကဋ္ဌ သွမ့်မူချွယ်၏ မျက်နှာထားသည် တည်သွား၏။ သူသည် ချက်ချင်းဆုံးဖြတ်ချက်မချလိုက်ပေ။ သူ့အနောက်ရှိ အကြီးအကဲကိုသာ လှည့်ကြည့်လိုက်သည်။ ထိုအကြီးအကဲသည် ပြည်ထောင်စုဥက္ကဋ္ဌဟောင်းဖြစ်သော ကောင်းကင်တာအိုကျောင်းတော်၏ ဂိုဏ်းစောင့်အကြီးအကဲပင်။

အကြီးအကဲသည် မျက်မှောင်ကြုတ်လိုက်၏။ တဒင်္ဂမျှကြာပြီးနောက် သူ၏မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်သွားပြီး တိုးညင်းသော ရှတတအသံဖြင့် ပြောလိုက်လေသည်။
“ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ မန္တန်အစီအရင်ကြီးကို ဖောက်ဝင်ပြီး ကယ်ဆယ်ရမှာပဲ ”

သူ၏အတွေးသည် သွမ့်မူချွယ်၏အတွေးနှင့် ထပ်တူကျလေသည်။ ထိုနှစ်ဦးဆုံးဖြတ်ပြီးသွားသောအခါ အခြားနိုင်ငံရေးအဖွဲ့အစည်းများသည်လည်း သဘောတူလိုက်ကြ၏။ အခြေတည်အဆင့်ကျင့်ကြံသူတစ်ရာကျော်ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့သည် စတင်လှုပ်ရှားလိုက်ကြပြီး မန္တန်အစီအရင်ကြီးကို ဖောက်ဝင်ရန် ကြိုးပမ်းလိုက်ကြသည်။

သွမ့်မူချွယ်သည် နတ်ဘုရားလက်နက်၏ အစွမ်းအချို့ကိုပင် ထုတ်သုံးလိုက်၏။ ထိုအချိန်၌ ကောင်းကင်ပေါ်တွင် မိုးချုန်းသံတစ်ခုထွက်ပေါ်လာပြီး လအခြေစိုက်စခန်းတစ်ခုလုံး လှုပ်ခါသွားသည်။ သို့သော် မန္တန်အစီအရင်ကြီးသည် တုတ်တုတ်ပင်မလှုပ်ဘဲ မိစ္ဆာဝိညာဉ်များနှင့် ပိတ်ဆို့ခြင်းကို ခံထားရလေသည်။ ရန်သူဘက်က ကြိုတင်ပြင်ဆင်ထားသည်မှာ သေချာပေသည်။ ကယ်ဆယ်ရေးအဖွဲ့သည် ရန်သူများ မည်သည့်အစွမ်း၊ မည်သည့်မန္တန်ကို သုံးထားကြောင်း မသိပေ။ ထို့ကြောင့် မန္တန်အစီအရင်ကို ဖောက်ဝင်မည့်အစီအစဉ်သည် ခရုနှုန်းဖြင့်သာ ရှေ့ဆက်နေရလေသည်။ မန္တန်အစီအရင်ကြီးသည် အချိန်အတော်ကြာသည်အထိ ပွင့်ဦးမည်မဟုတ်ပေ။

သို့ဖြစ်ရာ နတ်ဘုရားလက်နက်ကို သုံးရန်နည်းသာ ရှိလေတော့သည်။ သို့သော် နတ်ဘုရားလက်နက်ထွက်ပေါ်လာလျှင် လကမ္ဘာပေါ်ရှိ် အမှောင်ညနတ်ဆိုးဧကရာဇ် သေချာပေါက်နိုးထလာပေလိမ့်မည်။ ထိုအကျိုးဆက်သည် တွေး၍ပင်မရနိုင်လောက်သည်အထိ ဆိုးဝါးသွားနိုင်သဖြင့် သူတို့သည် နောက်ဆုံးအချိန်ရောက်ခါမှ ထိုနည်းလမ်းကိုအသုံးပြုမည်ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့သည် မန္တန်အစီအရင်ကြီးကို ဖောက်ဝင်ရန် ကြိုးပမ်းနေစဉ်တွင် လကမ္ဘာပေါ်ရှိ အဓိကတာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များသည် မြူခိုးများအတွင်းတွင် ရပ်နေကြ၏။ အချိန်အတော်ကြာပြီး‌နောက် မြူခိုးများတဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါတွင် ထိုနေရာသည် ပြန်၍ပေါ်လာလေသည်။ ထိုတစ်နေရာလုံးတွင် သက်ရှိဆို၍ တစ်ယောက်ပင်မရှိတော့ပေ။ တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်ရာကျော်သည် မြူခိုးများနှင့် အတူပါသွားကာ ပျောက်ကွယ်သွားပေပြီ။

မြူခိုးများသည် ကျတ်တီးမြေမှ ထွက်ခွာသွားပြီဖြစ်ပြီး အပင်များသည်လည်း ရှုံ့တွ၍ကျန့်ခဲ့ပေသည်။ ထိုအပင်များမှလွဲ၍ အခြားမည်သည့်အရာမှ မကျန်ခဲ့ချေ။ လကမ္ဘာကပ်ပါးပိုးများ ထွက်ပေါ်လာသော နက်ရှိုင်းသည့်မြေတွင်းကြီးများသည်လည်း လုံးဝပျောက်ကွယ်သွားပေပြီ။ ထိုနေရာတွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်ရှင်းလင်းနေလေသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ထိုမြင်ကွင်းကို အစအဆုံးမြင်ခဲ့ပါက အံ့ဩတုန်လှုပ်သွားမည်ဖြစ်သည်။ ထိုမြင်ကွင်းသည် ဆိုးရွားသည်ထက် ပို၍ဆိုးရွားပေသည်။ အကျိုးအပဲ့များစွာရှိနေသော ချိုင့်ဝှမ်းတစ်ခု၊ တာအိုကျောင်းတော်ကြီးလေးကျောင်းမှ ကျင့်ကြံသူရာကျော်၊ လကမ္ဘာကပ်ပါးပိုးများနှင့် တိုက်ပွဲစသည်တို့ကို ယခုပြန်ပြောပြမည်ဆိုလျှင် မည်သည့်အခါကမှမဖြစ်ပျက်ခဲ့သည် အဖြစ်အပျက်များကို လိမ်လည်ပြောနေသကဲ့သို့ ထင်သွားကြပေမည်။

ထူးဆန်းသောရာသီဥတုသည် လကမ္ဘာကို အန္တရာယ်များသော နေရာတစ်ခုဖြစ်စေခြင်းပင်။ လကမ္ဘာပေါ်ရှိ ရာသီဥတုသည် ရုတ်တရက်ပြောင်းလဲသွားတတ်သော အန္တရာယ်တစ်ခုဖြစ်လေသည်။

တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များသည် ယခုတွင် မှော်လမ်းကြောင်းမြူခိုးများကြောင့် လကမ္ဘာပေါ်ရှိ နေရာအနှံ့ကို တကွဲတပြားစီ ရောက်ရှိသွားပြီဖြစ်သည်။ ကံကောင်းသူများသည် လ၏အလင်းဘက်အခြမ်းတွင် ကျန်နေခဲ့သော်လည်း ကံမကောင်းသူများသည် ပို၍အန္တရာယ်များသည့် ကန့်သတ်နယ်မြေဖြစ်သော လ၏အမှောင်လက်ခြမ်းကို ရောက်ရှိသွားကြလေသည်။

ဝမ်ပေါင်လဲ့သည် သူမည်သည့်နေရာသို့ ရောက်နေကြောင်း မသိပေ။ မှော်လမ်းကြောင်းမြူခိုးများ သူ့ကိုဖြတ်သန်းသွားသောအခါ သူ၏မြင်ကွင်းများ ဝေဝါးသွားသည်ကိုသာ ခံစားခဲ့ရသည်။ မြူခိုးများကင်းရှင်းသွား‌သောအခါ သူသည် နေရာအသစ်တစ်ခုကို ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။

သူသည် ပတ်ဝန်းကျင်အသစ်ကို ရောက်နေကြောင်း သိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ကျင့်ကြံခြင်းအစွမ်းများကို အစွမ်းကုန်ထုတ်လိုက်လေသည်။ သူသည် ညာဘက်လက်ကိုမြှောက်လိုက်၏။ သူ၏ လက်သီးစုပ်အတွင်းတွင် ဆွေ့ရှင်းပေါင်အစွမ်းများ တုန်ခါလာပြီး ပတ်ဝန်းကျင်ကို သတိကြီးကြီးဖြင့် အလျင်အမြန် လေ့လာလိုက်သည်။

သူသည် ကန္တာရကဲ့သို့နေရာတွင် မဟုတ်တော့ပေ။ ယခုသူရောက်ရှိနေသောနေရာရှိ မြေပြင်သည် အညိုရောင်ရွှံ့မြေများဖြင့် ပြည့်နှက်နေပေသည်။ အဝေးရှိ တောင်တန်း အနိမ့်၊ အမြင့်များကိုလည်း လှမ်းမြင်နေရ၏။ အကယ်၍ မည်းမှောင်နေသောကောင်းကင်ပေါ်ရှိ သစ်ကြောအချုပ်အနှောင်ကြီးကိုသာ မတွေ့တော့ပါက သူသည် ကမ္ဘာမြေပေါ်သို့ ပြန်ရောက်သွားပြီဟုပင် ထင်မိသွားမည်ဖြစ်သည်။

မည်သည့်အန္တရာယ်မှ မရှိကြောင်း အတည်ပြုပြီးသွားသောအခါ ဝမ်ပေါင်လဲ့က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။ သူ လကမ္ဘာပေါ်သို့ ရောက်ရှိလာကတည်းက တွေ့ကြုံခဲ့ရသော ကိစ္စများသည် မတိုင်းတာနိုင်လောက်အောင် ကိုးရိုးကားရားနိုင်၍ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အန္တရာယ်များလေသည်။

‘ ငါက အလင်းခြမ်းမှာလား အမှောင်ခြမ်းမှာလား ’
ဝမ်ပေါင်လဲ့ တွေးလိုက်၏။ သူသည် ကောင်းကင်ပေါ်သို့ ခပ်တုံ့တုံ့မော့ကြည့်လိုက်ရာ အပြာရောင်တောက်ပနေသော ကမ္ဘာမြေကို လှမ်းမြင်လိုက်ရသဖြင့် လကမ္ဘာ၏ အမှောင်ခြမ်းသို့ ရောက်သွားခြင်းမဟုတ်ကြောင်း သိရှိသွားလေသည်။ သူ ကံကောင်းသည်ဟု ဆိုရပေမည်။ သူသာ အမှောင်ခြမ်းသို့ ရောက်ရှိသွားလျှင် ကမ္ဘာမြေကို လှမ်းမြင်ရမည်မဟုတ်ပေ။

လူတစ်ယောက်သည် လကမ္ဘာပေါ်ရှိ အမှောင်ခြမ်းကို ရောက်နေလျှင် မည်သည့်အခါမှ ကမ္ဘာမြေကို လှမ်းမြင်ရမည်မဟုတ်ချေ။ ဝိညာဉ်ချီများသည် လကမ္ဘာ၏ ဂြိုလ်ပတ်လမ်းကို ပြောင်းလိုက်သောကြောင့်ပင်။ သူဖတ်ခဲ့ဖူးသော သတင်းအချက်အလက်များတွင် လကမ္ဘာ၏အမှောင်ခြမ်းမှ အန္တရာယ်များကို ဖော်ပြထားပေသည်။ လကမ္ဘာအမှောင်ခြမ်းရှိ အချို့နေရာများသည် လွန်စွာအန္တရာယ်များလှသဖြင့် အာနာပါနအဆင့်သာရှိသော ကျင့်ကြံသူများမှာ သေချာပေါက် သေသွားမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့သည် အမှောင်ဘက်ခြမ်းသို့ ရောက်မသွားကြောင်း သိသွားသောအခါ သက်ပြင်းထပ်မံချလိုက်လေသည်။ သူသည် နဖူးကို လက်ဖြင့် ဖိညှစ်လိုက်၏။ လကမ္ဘာပေါ်သို့ သူ ရောက်ကတည်းက သူ၏ ကံကောင်းခြင်းများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားခဲ့ရလေသည်။ အကျိုးအပဲ့ကို ပထမဆုံးရှာတွေ့နိုင်မည့် သူ၏ အခွင့်အရေးကိုလည်း ရှစ်လင်က လုယူသွား၏။ ဧရာမသစ်ပင်နှင့်လည်း ထပ်မံတွေ့လိုက်ရ၏။ ဧရာမသစ်ပင်သည် အသတ်ခံလိုက်ရပြီဖြစ်သော်လည်း အချုပ်အနှောင်များသည် ပျောက်ကွယ်မသွားသေးပေ။

“ ငါကတကယ်ပဲ ကမ္ဘာမြေနဲ့ ရေစက်ပါတဲ့ သူတစ်ယောက်လား။ အဲဒါကြောင့် ငါ့ရဲ့ ကံကောင်းခြင်းတွေက ကမ္ဘာမြေက ထွက်လာတာနဲ့ ပျောက်ကွယ်ကုန်တာလား ”
ဝမ်ပေါင်လဲ့က သူ၏ဝမ်းဗိုက်ကို ပုတ်ကာ ညည်းတွားလိုက်သည်။ သူသည် သူ့ကိုယ်သူရွဲ့ပြောလိုက်သော်လည်း မျက်ဝန်းအတွင်းရှိ စိုးရိမ်မှုများ မပျောက်သွားသေးပေ။

ဝမ်ပေါင်လဲ့သည် အကောင်းမြင်စိတ်ရှိသူတစ်ယောက် ဖြစ်သည်။ သို့သော် သူ၏အကောင်းမြင်စိတ်သည် သူ၏စိုးရိမ်မှုများကို ထိန်းချုပ်ရန် နည်းတစ်ခုမျှသာဖြစ်သည်။ လကမ္ဘာပေါ်တွင် သေခြင်းတရားသည် အမြဲလက်တစ်ကမ်းအကွာတွင်ရှိနေပြီး အချိန်မရွေးရောက်ရှိလာနိုင်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိလေသည်။ သူ့အတွက် လုံခြုံမှုရှိစေရန် အခြေတည်အဆင့်ကို မြန်နိုင်သမျှ မြန်မြန် တက်လှမ်းရမည်ဖြစ်သည်။

‘ တခြားသူတွေရော ဘယ်လိုဖြစ်နေမလဲ မသိဘူး… ’
ဝမ်ပေါင်လဲ့ ငိုင်သွား၏။ သူ၏ မျက်ဝန်းများထဲတွင် ပြတ်သားမှုအရိပ်အယောင်များ လက်သွားလေသည်။

အခြေတည်အဆင့်ကိုရောက်မှသာ သူ့ကိုယ်သူ ကာကွယ်နိုင်မည်ဖြစ်သည်။

‘ ငါ အကျိုးအပဲ့တွေကို မြန်မြန်ရှာမှရမယ် ’
ဝမ်ပေါင်လဲ့ ဆုံးဖြတ်ချက်ချလိုက်၏။ သူ့ပတ်ဝန်းကျင်တွင် မည်သူမှမရှိသဖြင့် ဝါးမျိုခြင်းသစ်စေ့၏ အစွမ်းကို အကုန်ထုတ်လိုက်လေသည်။ ဝါးမျိုခြင်းသစ်စေ့ အစွမ်းကုန်နိုးထလာသောအခါ ဝမ်ပေါင်လဲ့သည် ဝိညာဉ်ချီများကို အာရုံစိုက်ရှာဖွေလိုက်၏။

သူသည် အရှေ့သို့ ပြေးလွှားရင်း လကမ္ဘာပေါ်ရှိ ဝိညာဉ်ချီများကို အာရုံခံနေ၏။ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာနိုင်သည့် အန္တရာယ်များကိုလည်း သတိကြီးကြီးထားနေလေသည်။

နှစ်နာရီကြာအောင် ပြေးလွှားနေခဲ့သော်လည်း ဝမ်ပေါင်လဲ့သည် အခြားမည်သူတစ်ဦးတစ်ယောက်နှင့်မှ မတွေ့သေးပေ။ ထိုအချိန်တွင် သူသည် အားနည်းသော ဝိညာဉ်ချီလှိုင်းတစ်ခုကို အာရုံခံမိလိုက်၏။ ထိုဝိညာဉ်ချီလှိုင်းသည် လွန်စွာအားနည်းပေရာ ဝါးမျိုခြင်းသစ်စေ့နှင့် စူးရှသော အာရုံသာမရှိလျှင် သူ အာရုံခံမိမည်မဟုတ်ပေ။

သူသည် ဝမ်းသာသွားပြီး ထိုဝိညာဉ်ချီထွက်‌ပေါ်နေရာ နေရာသို့ အပြေးသွားလိုက်လေသည်။

သူ၏ အာရုံနောက်သို့လိုက်ကာ အချိန်အတန်ကြာရှာဖွေပြီး နောက်ဆုံးတွင် တွန့်လိမ်နေသည့် ဖြူကောင်ရှားစောင်းပင်နှင့် တူသော အပင်တစ်ပင်ကိုတွေ့လိုက်ရ၏။ သူသည် ထိုအပင်ကို ငုံ့ကြည့်လိုက်ပြီး အံ့အားသင့်သွားလေ‌တော့သည်။

‘ လကမ္ဘာပေါ်မှာလည်း ဖြူကောင်ရှားစောင်းပင် ရှိတာပဲလား ’
ဝမ်ပေါင်လဲ့သည် ဝိညာဉ်ချီထွက်ပေါ်နေသော နေရာကို အာရုံခံနိုင်လေသည်။ ထိုဝိညာဉ်ချီသည် အားနည်းသော်လည်း ထိုဖြူကောင်ရှားစောင်းပင်၏ အောက်တွင်ရှိနေပေသည်။ ၎င်းသည် လွန်စွာအားနည်းသဖြင့် ချီအားဖြည့်အတတ်ကိုသာ သုံးထားသူတစ်ဦးသည် ထိုဖြူ‌ကောင်ရှားစောင်းပင် အနီးမှဖြတ်သွားလျှင်ပင် သတိပြုမိမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့သည် ဖြူကောင်ရှားစောင်းပင်ကို ဝမ်းသာအားရ နှုတ်ရန်ပြင်လိုက်၏။ သို့သော် သူလက်လှမ်းလိုက်စဉ်မှာပင် ဖြူကောင်ရှားစောင်းပင်မှနေ၍ ရုတ်တရက် ပါးစပ်ကြီးတစ်ခု ပေါ်လာလေသည်။ ထိုပါးစပ်ကြီးသည် ဝမ်ပေါင်လဲ့၏ လက်ကို လှမ်းကိုက်လိုက်၏။

‘ ဒါက ကိုက်တတ်တာလား ’
ဝမ်ပေါင်လဲ့ ကြောင်သွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset