‘ အဲဒါတွေက သူ့ကိုရှာနေတာပဲ ’
ဝမ်ပေါင်လဲ့ လှည့်ပတ်ကြည့်လိုက်သည်။ ဟွမ်ရှန်း၏ မျက်နှာထားသည် ကိုးရိုးကားရားဖြစ်သွား၏။ သူသည် သူ၏ဖုံးကွယ်မှုစွမ်းရည်ကို သွေးမျက်လုံးကြီးများ ဖောက်မမြင်နိုင်ဟု အပြည့်အဝယုံကြည်မှုရှိနေရာမှ သွေးမျက်လုံးကြီးများက သူ့ကိုရှာတွေ့သွားသဖြင့် အံ့အားသင့်သွားသည့်ပုံပင်။
သို့သော် သွေးမျက်လုံးကြီးသည် ဟွမ်ရှန်းကို မျက်တောင်မခတ်တန်းကြည့်နေစဉ် သူသည် တည်တည်ငြိမ်ငြိမ် နောက်သို့ဆုတ်သွား၏။ သူနောက်ဆုတ်လိုက်ချိန်တွင် သူ့ကိုယ်မှနေ၍ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာ၏။ သူ့ကိုယ်တွင်းမှ အခြေတည်အဆင့်ရောက်နေသော ကျင့်ကြံခြင်းအရှိန်အဝါများ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားလေသည်။
ကိုယ်ရောင်ကိုယ်ဝါတစ်ခု ထွက်ပေါ်လာ၏။ ၎င်း၏ ပြင်းအားသည် တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များစွာ၏ ပါးစပ်များမှ သွေးများထွက်လာစေပြီး နောက်သို့ယိုင်သွားစေလေသည်။ ထိုပြင်းအားကို မခံနိုင်သော လကမ္ဘာကပ်ပါးပိုးအချို့သည် ရုတ်ခြည်းပင် တစ်စစီဖြစ်သွားလေသည်။
‘ ဧရာမသစ်ပင် ’
ဝမ်ပေါင်လဲ့၏ ဦးရေပြားတစ်လျှောက် ထုံသွား၏။ ဟွမ်ရှန်း၏ခန္ဓာကိုယ်မှ ထိုအခြေတည်အဆင့်ကိုယ်ရောင်ကိုယ်ဝါထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့သည် ချက်ချင်းပင် ထိုကိုယ်ရောင်ကိုယ်ဝါ၏ အရင်းအမြစ်ကို သိရှိသွားသည်။ သူ လွန်စွာတုန်လှုပ်သွားလေသည်။
‘ အဲဒါက သေပြီမဟုတ်ဘူးလား ’
ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်တွင် ခံစားချက်များ ဖြတ်သန်းသွားသည်။ သူနှင့် ကျောက်ယမုန့်တို့ ဟွမ်ရှန်းက ဧရာမသစ်ပင်ဖြစ်ကြောင်း သံသယမဝင်ခဲ့ခြင်းမှာ သူတို့သည် ကောင်းကင်တာအိုကျောင်း၏ တင်ပြချက်ကိုယုံကြည်ကာ ဧရာမသစ်ပင်သည် သေဆုံးသွားပြီဟု ထင်ခဲ့သောကြောင့်ပင်။
ဧရာမသစ်ပင်သည် အသက်ရှိနေသေးကြောင်း မည်သူထင်မည်နည်း။
‘ မဟုတ်သေးပါဘူး… ဒီခံစားချက်က ဆင်တူပေမယ့် အတိအကျတူတာတော့ မဟုတ်ဘူး… ’
ဝမ်ပေါင်လဲ့ ပင့်သက်ရှိုက်လိုက်ပြီး မကြာမီမှာပင် တစ်စုံတစ်ခုသည် မတူညီကြောင်း သတိပြုလိုက်မိ၏။ ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့သည်လည်း အတူတူပင် သတိပြုမိလိုက်၏။ သို့သော် ကျောက်ယမုန့်သည် ဝမ်ပေါင်လဲ့ကဲ့သို့ပင် သံသယအချို့ကို ခံစားနေရလေသည်။
လက်ရှိအခြေအနေကြောင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်၍မရပေ။ ထို့ပြင် ဆက်သွယ်နေရန်လည်း အချိန်မရှိပေ။ ဟွမ်ရှန်းတစ်ယောက် နောက်ဆုတ်သွားပြီး သူ၏ အခြေတည်ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြလိုက်စဉ် ကောင်းကင်ပေါ်ရှိ သွေးမျက်လုံးတစ်ရာကျော်သည် ဟွမ်ရှန်းကို စိုက်ကြည့်နေသော သွေးမျက်လုံးတစ်လုံးမှလွဲ၍ ကျန်မျက်လုံးများသည် ရုတ်ခြည်းပင် မှုန်ဝါးပျောက်ကွယ်သွားလေတော့သည်။ ထို့နောက် ၎င်းတို့သည် ကျန်ရှိနေသော သွေးမျက်လုံးတွင် အလွှာများအဖြစ် သွားရောက်ပေါင်းစည်းသွားကြ၏။
အသက်တစ်ရှိုက်အတွင်းမှာပင် တာအိုကျောင်းတော်လေးကျောင်းမှ တပည့်များအထက်ရှိ ကောင်းကင်ပေါ်တွင် သွေးမျက်လုံးတစ်ရာကျော်သည် အလွှာများအဖြစ် ပေါင်းစည်းသွားကာ ဧရာမသွေးမျက်လုံးကြီးတစ်လုံးသာ ကျန်ခဲ့လေတော့သည်။
ထိုမျက်လုံးကြီးသည် လျင်မြန်စွာဆုတ်ခွာကာ လွတ်လမ်းရှာနေသော ဟွမ်ရှန်းကို မျက်တောင်မခတ်တန်းစိုက်ကြည့်နေ၏။ ၎င်း၏ အကြည့်သည် ကြင်နာတရားကင်းမဲ့နေပြီး ခက်ထန်သောအရိပ်အယောင်များနှင့် ပြည့်နှက်နေလေသည်။ ရုတ်တရက် ကောင်းကင်ကိုဖြတ်သန်းကာ ကြက်သွေးရောင်လျှပ်စီးတစ်ချက် လက်သွား၏။
ကောင်းကင်ပေါ်တွင် မိုးချုန်းသံများထွက်ပေါ်လာပြီး ကြက်သွေးရောင်လျှပ်စီးသည် ဟွမ်ရှန်းထံသို့ ကျဆင်းသွား၏။ ၎င်း၏ စွမ်းအားသည် လူအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေလေသည်။ သူတို့သည် ထိုလျှပ်စီး၏နောက်မှ ကြီးမားသောစွမ်းအားကို အာရုံခံနိုင်၏။ ထိုလျှပ်စီးသည် သူတို့ကို နေရာမှာပင် သတ်ပစ်ကာ သူတို့၏ အသွေးအသားနှင့် ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်လောက်အောင် စွမ်းအားကြီးလေသည်။
အဝေးမှကြည့်လျှင် ထိုကြက်သွေးရောင် ဧရာမလျှပ်စီးတန်းကြီးသည် ကောင်းကင်ကို နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ပင် ထင်ရ၏။ ၎င်းသည် မြည်ဟီးသံကြီးနှင့်အတူ နောက်သို့ဆုတ်နေသော ဟွမ်ရှန်းထံသို့ ကျရောက်လာလေသည်။ ဟွမ်ရှန်း၏ မျက်နှာပေါ်တွင် ခံစားချက်များ ဖြတ်သန်းသွား၏။ သူသည် ထိုလျှပ်စီးချက်ကို မရှောင်နိုင်ကြောင်း သိ၏။ သူ၏ မျက်ဝန်များထဲတွင် အမျက်ဒေါသများ တောက်လောင်လာပြီး သူ၏လက်နှစ်ဖက်ကိုစုကာ လက်ဟန်များပြုလုပ်၍ ပြန်လည်ခုခံရန် ကြိုးစားလိုက်သည်။ ထို့နောက် သူ အော်ဟစ်လိုက်သည်။
“ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့ ”
သူအော်ပြီးသည်နှင့်တစ်ပြိုင်နက် ကြက်သွေးရောင်လျှပ်စီးတန်းကြီးသည် သူ့အပေါ်သို့ တိုက်ရိုက်ကျဆင်းသွားလေသည်။ ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ လေထုထဲသို့ ပဲ့တင်ထပ်သွား၏။ လျှပ်စီးတန်း၏ ပြင်းအားသည် ဟွမ်ရှန်း၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေလေသည်။ ဟွမ်ရှန်း၏ အစိတ်စိတ်အမွှာမွှာဖြစ်သွားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများမှ မရေမတွက်နိုင်သော သစ်ကိုင်းများထွက်ပေါ်လာ၏။
သစ်ကိုင်းများသည် ရစ်ခွေသွားပြီး ကောင်းကင်ပေါ်တွင် လျင်မြန်စွာပေါင်းစည်းသွားကာ မီတာသုံးရာမြင့်သော မိုးထိုးနေသည့် ဧရာမသစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းသည် မားမားမတ်မတ်ရပ်တည်ကာ ကြက်သွေးရောင်သွေးမျက်လုံးကြီးကို ရင်ဆိုင်လိုက်၏။
ဧရာမသစ်ပင်ကြီး၌ ဧရာမသရဖူကြီးတစ်ခုရှိပြီး ထုထည်ကြီးမားသော သစ်ကိုင်းအိုကြီးများလည်း ရှိလေသည်။ ထိုသစ်ပင်ကြီးသည် လွန်စွာအိုမင်းနေသကဲ့သို့ ထင်ရ၏။ ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့သည် သူတို့၏မျက်စိရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့ကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခြေထောက်သံမှိုဆွဲသွားကာ ကြက်သေ,သေသွားကြလေသည်။
ကျန်လူများသည် ဧရာမသစ်ပင်ကို မရင်းနှီးကြပေ။ သို့သော် သူတို့၏ အဖော်တစ်ယောက်က ကြီးမားသောသစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားခြင်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများသည် အံ့အားသင့်မှုနှင့် ဖြူဖျော့သွားကြ၏။
“ မိခင်မန္တန်အစီအရင်ကိုသုံးပြီး လူတွေရဲ့ သက်စောင့်အားတွေကို စုပ်ယူတာက မင်းရဲ့ အစွမ်းအကုန်ပဲထင်တယ်။ မင်း ကြက်သွေးရောင်နတ်လျှပ်စီးတွေကို ဘယ်လောက်ထပ်ပြီးဆင့်ခေါ်နိုင်သေးလဲဆိုတာ ကြည့်ရသေးတာပေါ့ ”
ကောင်းကင်ပေါ်တွင် ဧရာမသစ်ပင်သည် ကြုံးဝါးလိုက်၏။ ၎င်းသည် ဆက်၍ နောက်ဆုတ်မနေတော့ပေ။ ထို့ထက် ၎င်း၏ ပုံရိပ်သည် အခြားကိုယ်ယောင်ဖျောက်အတတ်တစ်ခုကို အသုံးပြုကာ အလျင်အမြန် ဝေဝါးပျောက်ကွယ်လာသကဲ့သို့ ထင်ရလေသည်။
၎င်း၏ ကြုံးဝါးသံဆုံးသွားသောအခါ ကောင်းကင်ပေါ်ရှိ ကြက်သွေးရောင် ဧရာမမျက်လုံးကြီးထဲတွင် ရက်စက်သောအရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။ ထို့နောက် ရုတ်ခြည်းပင် ကောင်းကင်ပေါ်မှာ နောက်ထပ် ကြက်သွေးရောင်လျှပ်စီးတန်းတစ်ခု ကျဆင်းလာ၏။
ထိုလျှပ်စီးတန်းသည်လည်း ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေကာ ကောင်းကင်ကြီးကို ထက်ခြမ်းခွဲပစ်မတတ် စွမ်းအားကြီးသော လျှပ်စီးတန်းတစ်ခုပင်။ ၎င်းလျှပ်စီးတန်းသည် ဧရာမသစ်ပင်ကြီးထံသို့ ကျဆင်းသွား၏။ ဧရာမသစ်ပင်ကြီးသည် ၎င်း၏ ပုံစံအစစ်အမှန်အတိုင်း ရှိနေသည်ဖြစ်ရာ ထိုတိုက်ခိုက်မှုကို မရှောင်ရှားနိုင်ပေ။ လျှပ်စီးတန်းသည် ဧရာမသစ်ပင်ကြီး၏ ဝေဝါးနေသောပုံရိပ်ကို ထိမှန်သွား၏။
ဝေဝါးနေသော သစ်ပင်ပုံရိပ်ကြီးသည် တုန်ခါသွား၏။ ဧရာမသစ်ပင်ကြီး၏ ပင်စည်မှနေ၍ ကြောက်မက်ဖွယ်အက်ကွဲကြောင်းများ ပေါ်လာပြီး သစ်ကိုင်းအမြောက်အမြားသည် ပြာအဖြစ်သို့ ပြောင်းလဲ့သွားပြီး မရေမတွက်နိုင်သော အရွက်များသည် ရုတ်ခြည်းပင် ပျောက်ကွယ်သွားကြလေသည်။
ကျဆင်းလာသော လျှပ်စီးတန်းသည် ဧရာမသစ်ပင်ကြီးကို လွှမ်းခြုံထားသည့် ၎င်းကိုပျောက်ကွယ်သွားအောင်လုပ်ပေးနိုင်သော မမြင်နိုင်သည့် လေပူဖောင်းများကို တမဟုတ်ခြင်းပင် ဖျက်ဆီးပစ်လိုက်၏။ အပြင်းအထန် ဒဏ်ရာရသွားသော ဧရာမသစ်ပင်ကြီးသည် ၎င်း၏ဝေဝါးနေသည့် အခြေအနေမှ ထင်ထင်ရှားရှားပုံစံပြန်ပေါ်လာအောင် ဖိအားပေးခံလိုက်ရလေသည်။
ထိုအဖြစ်အပျက်သည် အဆုံးမဟုတ်သေးပေ။ အက်ကွဲကြောင်းများ ကြီးထွားလာသောအခါ ဧရာမသစ်ပင်ကြီးသည် ထက်ခြမ်းပိုင်းသွားပြီး ပြိုလဲသွားလေတော့သည်။ ဧရာမသစ်ပင်ကြီး၏ ကျန်ရှိနေသည့် အစိတ်အပိုင်းများမှ အစိမ်းရောင် အညွန့်များထွက်လာပြီး အဝေးသို့ လျင်မြန်စွာ ပျံထွက်သွား၏။
အောက်ရှိလူအားလုံး အံ့အားသင့်နေစဉ်မှာပင် ကြက်သွေးရောင်မျက်လုံးကြီးသည် နောက်တစ်ကြိမ်အရောင်လက်သွား၏။ ၎င်း၏ သူငယ်အိမ်ထဲတွင် အက်ကြောင်းများပေါ်လာသည်ကို တွေ့နိုင်လေသည်။ ၎င်းသည် ဆက်လက်၍ ၎င်း၏ပုံစံကိုထိန်းမထားနိုင်တော့သည့်ပုံပင်။ သူတို့မကြာသေးခင်က ကြားခဲ့ရသည့် အသံများထက် ပို၍ကျယ်လောင်သောအသံကြီးတစ်ခုနှင့်အတူ ကြက်သွေးရောင်မျက်လုံးကြီးသည် ပုံပျက်သွားပြီး တတိယ ကြက်သွေးရောင်လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ယင်းလျှပ်စီးတန်းသည် အဝေးသို့ ပျံထွက်သွားသော အညွန့်ငယ်လေးဆီသို့ ဦးတည်ကျဆင်းသွား၏။
“ မဟုတ်ဘူး ”
အစိမ်းရောင် သစ်ညွှန့်လေးထံမှ မျက်နှာတစ်ခုပေါ်လာပြီး အော်လိုက်သည်။ ၎င်းမျက်နှာတွင် စိတ်ပျက်ခြင်းများနှင့် ပြင်းထန်သော အမုန်းတရားများ၊ မချင့်မရဲဖြစ်မှုများနှင့် ပြည့်နှက်နေလေသည်။ ၎င်းသည် အော်ဟစ်လိုက်ပြီး ပြန်လည်တိုက်ခိုက်ကာ လွတ်မြောက်နိုင်ရန် အသည်းအသန်ကြိုးစားလိုက်သည်။ သစ်ညွန့်လေးမှနေ၍ အရွက်များ၊ ပန်းပွင့်များ အများအပြားထွက်ပေါ်လာပြီး ၎င်းကိုယ်၎င်း လျှပ်စီးတန်းကို ခုခံနိုင်ရန် ကြိုးစားလိုက်၏။ သို့သော် အချည်းနှီးသာ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏ အော်သံများအကြားမှနေ၍ ကြက်သွေးရောင်လျှပ်စီးတန်းသည် သစ်ညွန့်လေးကို ရိုက်ခတ်သွားလေတော့သည်။ ပတ်ဝန်းကျင်ရှိလေထုထဲတွင် ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားလေသည်။ အောက်ရှိလူအုပ်သည် သစ်ညွန့်လေး တဖြည်းဖြည်း ပျောက်ကွယ်ကာ ပြာအဖြစ်ပြောင်းလဲသွားသည်ကို ကြည့်ရှုနေကြ၏။
ဧရာမသစ်ပင်ကြီး ပျက်ဆီးသွားသောအခါ သူတို့အပေါ်ကျရောက်နေသော ဖိအားသည် ဖြည်းဖြည်းချင်းပျောက်ကွယ်သွား၏။ ကောင်းကင်ပေါ်တွင်မူ လကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသော သစ်သားကဲ့သို့ ကမ္ပည်းစာများသည် ရှိနေဆဲပင်။ သို့သော် လကမ္ဘာပေါ်ရှိလူများသည် ကောင်းကင်ပေါ်ရှိဖိအားများက ယခင်ကထက်စာလျှင် အားနည်းလာကြောင်း ခံစားလိုက်ရလေသည်။
မကြာသေးခင်က သူတို့တွေ့ခဲ့ရသော လျှပ်စီးတန်းများ ကျဆင်းလာကာ ဧရာမသစ်ပင်ကြီးကို ပြာချပစ်လိုက်သော မြင်ကွင်းကြောင့် လူအားလုံးသည် စိတ်မသက်သာဖြစ်သွားပြီး စိုးရိမ်သွားကြ၏။ အထူးသဖြင့် ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ရာ သူတို့မျက်လုံးများထဲရှိ ထိတ်လန့်မှုများကို မြင်လိုက်ကြရလေသည်။
သူတို့သည် ကူးလောင်ချိုင်ဝှမ်းမှ အဖြစ်အပျက်များကို ပြန်အမှတ်ရသွားကြ၏။
‘ ဒီသစ်ပင်က ကူးလောင်ချိုင့်ဝှမ်းက သစ်ပင်လား။ မဟုတ်ဘူးဆိုရင် အဲဒီမှာ သစ်ပင်ဘယ်နှစ်ပင်ရှိတာလဲ… အဲဒီအပင်တွေအကုန်လုံးက လကမ္ဘာပေါ်မှာလား။ အဲဒီလိုဆိုရင် ဘာလို့အဲဒီအပင်တွေက လကမ္ဘာကိုလာရတာလဲ။ အချုပ်အနှောင်က အဲ့သစ်ပင်နဲ့ တစ်နည်းနည်းပတ်သတ်နေပုံပဲ ’
ဝမ်ပေါင်လဲ့ တွေးတောလိုက်သည်။ သူ၏ ခေါင်းထဲတွင် ညှိုးငယ်သောအတွေးများနှင့် ပြည့်နှက်နေပေသည်။
တချိန်တည်းမှာပင် သူသည်လည်း ကျန်သူများကဲ့သို့ပင် ပြည်ထောင်စုမှ လာကယ်မည်ကို မျှော်လင့်နေ၏။
ဖြစ်ပျက်သွားခဲ့သောအရာများသည် လွန်စွာကြီးမား၏။ ထို့ကြောင့် ပြည်ထောင်စုသည် ထိုအဖြစ်အပျက်များကို သတိပြုမိပြီး ဖြစ်ရပေမည်။
လူအုပ်အတွင်း ညှိုးငယ်သောအတွေးများ ပျံ့နှံ့နေစဉ် မြေပြင်တွင် ဝပ်နေသော လကမ္ဘာကပ်ပါးပိုးများသည် ၎င်းတို့၏ ခေါင်းများကို ပြန်၍ထောင်လာကြပြီး ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။ လူအားလုံးသည် သူတို့၏ပျံ့လွင့်နေသော အတွေးများကို ပြန်စုစည်းလိုက်ပြီး အဝေးသို့ အလျင်အမြန်ထွက်ပြေးလိုက်ကြလေသည်။
လကမ္ဘာကပ်ပါးပိုးများ တဖြည်းဖြည်းနိုးထလာသောအခါ တာအိုကျောင်းတော်ကြီးလေးကျောင်းမှ လူများသည် လကမ္ဘာကပ်ပါးပိုးများ ရှိနေသော နေရာမှ ထွက်ပြေးလိုက်ကြ၏။ ထိုအခိုက်တွင် လကမ္ဘာပေါ်၌ မမျှော်လင့်ဘဲ ထပ်မံ တိတ်ဆိတ်သွားပြန်လေသည်။
လကမ္ဘာကပ်ပါးပိုးများသည် သူတို့နောက်ကို ဆက်မလိုက်တော့ဘဲ ထွက်ပြေးသကဲ့သို့ မြေအောက်အတွင်း နက်နက်ရှိုင်းရှိုင်းပြန်ဝင်သွားကြ၏။
သူတို့တွင် အံ့အားသင့်နေရန် အချိန်မရှိပေ။ အဝေးမှနေ၍ ရှိုက်သံနှင့် ညည်းတွားသံများ ထွက်ပေါ်လာပြီး ထူထဲသော မြူခိုးများ ရုတ်တရက်ထွက်ပေါ်လာလေသည်။ ထိုမြူခိုးများသည် မျက်စိတစ်ဆုံး မိုးကုပ်စက်ဝိုင်းအထိ ပျံ့နှံ့သွားပြီး ဆယ်မိုင်ခန့်ကျယ်သော မြူခိုးတန်းကြီသည် တလိပ်လိပ်ဖြင့် သူတို့ရှိရာသို့ လျင်မြန်စွာလာနေလေသည်။ ဝမ်ပေါင်လဲ့နှင့် ပတ်ပတ်လည်မှလူများသည် ထိုလျင်မြန်စွာလာနေသော မြူခိုးတန်းကြီးကို ကြည့်၍ ကြက်သေ,သေသွားကြ၏။
အဝေးမှကြည့်သည်ပင် ထိုမြူခိုးတန်းကြီးသည် ထူထပ်သိပ်သည်းကာ ဖောက်ထွင်း၍မရနိုင်သော အရာတစ်ခုဟု ထင်ရလေသည်။ ၎င်းသည် လမ်းတစ်လျှောက်ရှိအရာအားလုံးကို ဝါးမျိုသွားမည့် မြူခိုးသမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင်။
“ မှော်လမ်းကြောင်းမြူခိုးတွေပဲ ”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ထိတ်လန့်တကြားထအော်လိုက်၏။
ထိုမြူခိုးများသည် လကမ္ဘာပေါ်တွင်တွေ့ရတတ်သော ထူးခြားဆန်းကြယ်သည့် ရာသီဥတုလက္ခဏာတစ်မျိုးပင်။ ၎င်းမြူခိုးများ မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် ပေါ်လာမည်ကို မခန့်မှန်းနိုင်ပေ။ ၎င်းမြူခိုးများ ပေါ်လာသည်နှင့် ၎င်း၏လမ်းကြောင်းရှိ မည်သည့်သက်ရှိမဆို လကမ္ဘာပေါ်ရှိ နေရာအနှံ့သို့ သယ်ဆောင်သွားခြင်းခံရပေမည်။
ဝမ်ပေါင်လဲ့သည် သူတို့ထံသို့ လျင်မြန်စွာလာနေပြီး သူတို့နှင့် ကိုက်တစ်ရာကျော်သာကွာတော့သည့် မြူခိုးများကို ငေးကြည့်ရင်း ရှုံ့မဲ့သွား၏။ သူတို့သည် လွတ်လမ်းမရှိကြောင်း သိသဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလေသည်။
“ အားလုံးပဲ… ဂရုစိုက်ကြပါ ”
“ ငါတို့ တောင့်ခံထားမှရမယ်။ မကြာခင် ပြည်ထောင်စုက အကူအညီတွေလွှတ်လိုက်တော့မှာပါ ”
“ ငါတို့ အသက်ရှင်ကျန်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ထပ်တွေ့ရမယ်ဦးမှာပါ ”
ထိုအခိုက်တွင် နှုတ်ဆက်စကားများသည် လွန်စွာစိတ်အားလျော့နေသည်ဟု ထင်ရပေသည်။ ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။ သူသည် လှည့်ပတ်၍ အခြားသူများကို နှုတ်ဆက်လိုက်ပြီး ကျိုးရိဖန်နှင့် ချန်းယွီထုံတို့ကို ဖက်လိုက်ကာ ကျောက်ယမုန့်ကို ခေါင်းညိတ်ပြလိုက်လေသည်။ မြူခိုးများသည် သူတို့ထံသို့ တလိပ်လိပ်ဖြင့် ရောက်ရှိလာပြီး တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များကို ဖုံးအုပ်သွားကာ သူတို့ရပ်နေသော နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။