Switch Mode

အခန်း ( ၂၄၁ )

သွေးမျက်လုံးများ အမဲလိုက်ခြင်း

‘ ငါတို့ ဒီကနေ အမြန်ထွက်သွားမှရမယ် ’
ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် စိုးရိမ်စိတ်များပေါ်လာ၏။ အားပြင်းသော အန္တရာယ်အငွေ့အသက်သည် သူ၏ အသက်ရှူနှုန်းကို မြန်လာစေသည်။ သူ့တွင် အခြားသူများအတွက် တွေးပေးရန် အချိန်မရှိတော့ပေ။ သူသည် လှစ်ခနဲ လှုပ်ရှားကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးလိုက်သည်။

သူ့ပတ်လည်မှ လူများသည်လည်း ထို့အတူပင်။ သူတို့သည် လူစုခွဲ၍ လကမ္ဘာကပ်ပါးပိုးများ ဝန်းရံထားသည့် နေရာမှ ထွက်ပြေးနိုင်ရန် ကြိုးစားနေကြသည်။ မကြာခင်က စနစ်တကျဖြစ်ခဲ့သော ဆုတ်ခွာမှုသည် ပရမ်းပတာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပေပြီ။

သူတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦးနီးကပ်စွာနေ၍ အတူတကွဆုတ်ခွာလျှင်လည်း လကမ္ဘာကပ်ပါးပိုးများသည် အနက်ရောင်အရည်များကို နေရာကျယ်ကျယ်ပြန့်ပြန့်ရောက်အောင် ပန်းထုတ်နိုင်သည်ဖြစ်၍ တစ်ပြိုင်နက်တည်း လူများစွာကို ထိခိုက်သွားနိုင်ပေသည်။ သူတို့သာ ပူးပူးကပ်ကပ်နေပါက တစ်ယောက်ယောက်က ထိခိုက်ဒဏ်ရာရ၍ သေဆုံးသွားမည်သာ ဖြစ်သည်။ တကွဲတပြားစီဆုတ်ခွာ၍ သူတို့၏ ကျွမ်းကျင်လိမ္မာမှုနှင့် လျင်မြန်မှုတို့အပေါ်တွင်သာ အားကိုးကာ မိမိစွမ်းသ၍ကြိုးစားပြီး လွတ်မြောက်အောင် ထွက်ပြေးခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

သူတို့၏ အစွမ်းများကို ပူးပေါင်း၍လည်း လကမ္ဘာကပ်ပါးပိုးအုပ်ကြီးကို တိုက်ခိုက်နိုင်လေသည်။ သို့သော် သူတို့သည် ထိုကိုးရိုးကားရားနိုင်သော ထူးဆန်းသည့် အခြေအနေကို ရုတ်တရက်ကြုံလိုက်ရခြင်းဖြစ်ပြီး လကမ္ဘာကပ်ပါးပိုးအရေအတွက်သည်လည်း များပြားနေရာ ထိုဗျူဟာ အောင်မြင်နိုင်ရန် မလွယ်ကူပေ။

အမှန်တွင် လကမ္ဘာပေါ်၌ သူတို့မရောက်ခင်ကတည်းက တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ အဝေးရှိ မြေအောက်နက်ရှိုင်းသောနေရာမှ လကမ္ဘာကပ်ပါးပိုးများ ထွက်ပေါ်နေပြီး သူတို့ရှိရာနေရာသို့ အရပ်မျက်နှာအနှံ့မှ လျင်မြန်စွာလာနေလေသည်။

သူတို့ပတ်လည်ရှိ မြေကြီးများ လှိုင်းထလှုပ်ခါနေသော မြင်ကွင်းသည် ကြောက်မက်ဖွယ်ပင် ကောင်းပေသည်။ အခြေတည်အဆင့် ကျင့်ကြံသူများပင် သူသေကိုယ်သေ ပြန်၍တိုက်ခိုက်မည့်အစား ထွက်ပြေးရန်သာ ရွေးချယ်မည်ဖြစ်သည်။

မြည်ဟီးသံကြီးများသည် လေထုထဲတွင် ကြိမ်ဖန်များစွာ ပဲ့တင်ထပ်နေလေသည်။ လူတိုင်း သူတို့၏ နတ်ဘုရားရတနာများကို ချီတုံချတုံဖြင့် ဆွဲထုတ်လိုက်ကြပြီး မန္တန်များရွတ်ကာ သူတို့၏ အသက်ရှင်သန်ရေးအတွက် ထွက်ပြေးလိုက်ကြ၏။

ဝမ်ပေါင်လဲ့သည်လည်း ထိုသို့ အလျင်အမြန်ပြုလုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် အခြေတည်အဆင့်ဖြစ်သည်။ အကယ်၍ လကမ္ဘာကပ်ပါးပိုးများ၏ အရေအတွက်သည် အနည်းငယ်သာ ဖြစ်ပါက သူသည် ၎င်းတို့ကို နှိမ်နင်းပစ်နိုင်၏။ သို့သော် လကမ္ဘာကပ်ပါးပိုးများသည် လွန်စွာများပြားနေပေသည်။ ထို့ကြောင့် သူ့တွင် ‌ရွေးချယ်စရာမရှိတော့ဘဲ မြန်နိုင်သမျှ မြန်မြန်သာ ထွက်ပြေးရလေတော့သည်။ သူသည် လေးညှို့မှလွှတ်လိုက်သော မြားတစ်စင်းနှယ် အလျင်အမြန်ပြေးထွက်လိုက်၏။ သူသည် ပြင်းထန်သော အဟုန်နှင့်အတူ လကမ္ဘာကပ်ပါးပိုးများ ဝန်းရံထားသောနေရာမှ ထွက်ပြေးလိုက်သည်။

ကံအားလျော်စွာပင် လကမ္ဘာကပ်ပါးပိုး အရေအတွက်သည် များပြားလာသော်လည်း ၎င်းတို့သည် အာနာပါန တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင်သာ ရှိကြလေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ချောင်ပိတ်မိနေခြင်းမဟုတ်ပါလျှင် တာအိုကျောင်းတော်ကြီးလေးကျောင်းမှ ကျင့်ကြံသူများအနေဖြင့် ထိုမိစ္ဆာများ လက်မှလွတ်အောင် ထွက်ပြေးရန်မှာ မခက်ခဲလှပေ။

လွန်စွာကံဆိုးလွန်းသောသူသာ အလွယ်တကူရှောင်နိုင်သော အနက်ရောင်အရည်တိုက်ခိုက်မှုကို ခံရမည်ဖြစ်သည်။ မကြာမီ ကျင့်ကြံသူတစ်ရာကျော်သည် ထိုနေရာမှ လွတ်မြောက်‌အောင် ထွက်ပြေးနိုင်ခဲ့၏။ အခြားကျင့်ကြံသူ နှစ်ဆယ်ခန့်သည် ထွက်ပြေးရန် ကြိုးစားနေကြ၏။ သို့သော် ကျန်လူများသည် ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။ သူတို့သည် ဆက်၍ မြေအောက်မှလျှောထွက်လာသော ကြောက်မက်ဖွယ်အော်ဟစ်နေသည့် လကမ္ဘာကပ်ပါးပိုးများကို ကြည့်ရင်း အသက်ပြင်းစွာရှူကာ မောဟိုက်နေကြလေသည်။ သူတို့သည် ပထမဆုံး ချုံခိုတိုက်ခိုက်မှုကို အောင်မြင်စွာလွတ်မြောက်လာနိုင်ခဲ့သဖြင့် မျှော်လင့်ချက်များ ရှိလာပြီး ခြေလှမ်းများလည်း ပိုသွက်လာလေသည်။

ဝမ်ပေါင်လဲ့သည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ သူသည် ပြေးလွှားရင်း နောက်သို့လှည့်ကြည့်လိုက်ရာ ကျိုးရိဖန်၊ ကျောက်ယမုန့်၊ ချန်းယွီထုံနှင့် အခြားသူသိသည့်လူများသည် လကမ္ဘာကပ်ပါးပိုးများ၏ တိုက်ခိုက်မှုမှ လွတ်မြောက်လာသည်ကို တွေ့လိုက်ရ၏။ သူသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်၍ပြေးရန်ပြင်လိုက်သည်။

ဝမ်ပေါင်လဲ့နှင့် တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များ၏ ရင်ထဲတွင် မျှော်လင့်ချက်များနှင့် ပြည့်နေသောအချိန်မှ နောက်ထပ်အန္တရာယ်တစ်ခု ထပ်မံထွက်ပေါ်လာပေသည်။

ကောင်းကင်ပေါ်မှနေ၍ မိုးချုန်းသံထက် ပို၍ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခုသည် ကြက်သွေးရောင်သစ်ကြောအချုပ်အနှောင်အထက်မှ ထွက်ပေါ်လာ၏။

ဂျိန်း…

ဂျိန်း…

ဂျိန်း…
ကျယ်လောင်သော ပေါက်ကွဲသံကြီးကြောင့် မြေပြင်သည် တုန်ခါသွားပြီး ကောင်းကင်ကိုပင် တစ်စစီလုပ်ပစ်တော့မတတ် ထင်လိုက်ရပေသည်။ မြေပြင်သည် ကွဲအက်လာပြီး ပေါက်ကွဲသွားလေသည်။ အဆက်မပြတ် ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများသည် လကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့သွား၏။ လကမ္ဘာပေါ်တွင် ရှိနေသူများသည် မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ နားအူသွားကာ မှင်တက်သွားကြလေသည်။ သူတို့ထဲမှ တစ်ဝက်ခန့်သည် နှုတ်ခမ်းစွန်းများမှနေ၍ သွေးများစီးကျလာကြ၏။

လကမ္ဘာကပ်ပါးပိုးများသည်လည်း အန္တရာယ်ကို သတိပြုမိလိုက်သည့်အလား ဝပ်ကျသွားကြ၏။ ထိုကပ်ပါးပိုးကြီးများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို ကွေး၍ ဝပ်တွားဦးညွှတ်နေသည်ဟုပင် ထင်ရလေသည်။

လသုံးစင်းမဟာမိတ်၏ သခင်လေးသည် သူ၏ဝေါယာဉ်ထဲတွင် ကျောမှီနေရာမှ ထိတ်လန့်သွား၏။ သူ၏ အသက်ရှူနှုန်းများမြန်လာပြီး သူ၏ကိုယ်ရံတော်များသည် သူ့ဝေါယာဉ်ပတ်လည်တွင် ရပ်ကာ ကာကွယ်ပေးရန် အသင့်ပြင်လိုက်ကြသည်။

ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းမှ လူများသည် ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်နှင့် လွှတ်တော်ဝင် ဆယ့်ခုနှစ်ဦးသည်လည်း ထို့အတူပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရုတ်တရက်ထွက်ပေါ်လာသော‌ ပေါက်ကွဲသံကြီးသည် လကမ္ဘာပေါ်ရှိ နေရာအနှံ့တွင် ရှိနေသောသူများကို သတိပေးလိုက်သကဲ့သို့ပင်။

ပေါက်ကွဲသံကြီး ပဲ့တင်ထပ်နေစဉ် မန္တန်အစီအရင်ကြီး၏ အထက်ကောင်းကင်ပေါ်တွင် ကြီးမားသောကမ္ပည်းစာများ အများအပြားပေါ်ထွက်လာ၏။ ထိုကမ္ပည်းစာလုံးများသည် တစ်ရာကျော်ရှိပြီး တစ်လုံးချင်းစီသည် လွန်စွာကြီးမားကာ ကောင်းကင်ပေါ်တွင် ရွေ့လျားနေကြ၏။ ၎င်းတို့သည် ကောင်းကင်တစ်ပြင်လုံးကို ကာရံထားပြီး လကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

လကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ပါက ကြောက်ခမန်းလိလိ ကြီးမားသော ကမ္ပည်းစာကြီးများ ကောင်းကင်တွင် ရွေ့လျားနေသည်ကို မြင်ရမည်ဖြစ်သည်။

တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များအထက်ရှိ ကောင်းကင်သည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဧရာမကမ္ပည်းစာကြီးများသည် ရုတ်တရက်ထွက်ပေါ်လာပြီး ဝင်းလက်တောက်ပလာကြလေသည်။

၎င်းတို့ တောက်လာသောအခါ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ဦးခေါင်းပေါ်သို့ ကျရောက်လာသော ပြင်းထန်သည့်ဖိအားတစ်ခုကို ခံစားလိုက်ရ၏။ ထိုခံစားချက်ကို စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။ ထိုဖိအားသည် ကမ္ပည်းစာလုံးတစ်ရာကျော် မြေပြင်ပေါ်သို့ဆင်းသက်လာပြီး လကမ္ဘာကိုစောင်တစ်ထည်နှယ် လွှမ်းခြုံလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားပင်။

လကမ္ဘာပေါ်ရှိ နေရာအနှံ့တွင်ရှိနေကြသော ပြည်ထောင်စု၏ နိုင်ငံရေးအဖွဲ့အသီးသီးမှ ကျင့်ကြံသူ တစ်သောင်းခန့်သည် တစ်ပြိုင်တည်းမှာပင် အသက်ရှူမှားသွားကြ၏။ လကမ္ဘာပေါ်တွင် တုန်ခါလှိုင်းများ ထွက်ပေါ်လာ၏။

လူတိုင်း တုန်ခါသွားကြသည်။ သူတို့အပေါ်ကျရောက်လာသော ကမ္ပည်းစာလုံးကြီးများ၏ ဖိအားကိုခုခံရခြင်းသည် လူသားမျိုးနွယ်၏ ရန်သူဖြစ်သော နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသကဲ့သို့ပင်။ သူတို့သည် သူတို့ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာအထိ တုန်ခါနေကြပြီး ရင်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများကို ခံစားနေရ၏။

သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကိုလည်း တစ်ပြိုင်တည်း ဖိနှိပ်ခြင်းကိုခံလိုက်ရ၏။ ဝမ်ပေါင်လဲ့သည်လည်း တုန်ခါသွားပြီး ပင့်သက်ရှိုက်လိုက်၏။ သူ့ပတ်ပတ်လည်ရှိလူများသည်လည်း ထိုသို့ပင်ခံနေရသည်ကို တွေ့လိုက်သောအခါ သူ၏ရင်ထဲတွင် အားကောင်းသော အန္တရာယ်အငွေ့အသက်များ ကြီးထွားလာလေတော့သည်။

‘ ဒီနေရာက ဘာတွေဖြစ်နေတာလဲ ’
ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ထဲတွင် မချင့်မရဲတွေးလိုက်ပြီး သူ့အပေါ်ကျရောက်နေသော ဖိအားများမှ လွတ်မြောက်အောင်ကြိုးစားလိုက်သည်။ ကောင်းကင်ပေါ်ရှိ ဧရာမကမ္ပည်းစာလုံးတစ်ရာကျော်သည် ပို၍လျင်မြန်သောနှုန်းဖြင့် တောက်ပလာကြ၏။ ကောင်းကင်ပေါ်တွင် ရုတ်တရက် အားပြင်းသော စုပ်အားကြီးတစ်ခု ပေါ်ထွက်လာ၏။

ထိုစုပ်အား၏ အားပြင်းမှုကြောင့် ကောင်းကင်ပြင်တစ်ခုလုံးသည် တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းတွင်းနက်ကြီးသည် မြေပေါ်နေရာအနှံ့ရှိ ကျင့်ကြံသူ တစ်သောင်းခန့်ကို စုပ်ယူလိုက်၏။ ကိုးရိုးကားရားအနိုင်ဆုံးကိစ္စမှာ မည်သူတစ်ဦးတစ်ယောက်မှ ထိုစုပ်အားကို ‌တောင့်မခံနိုင်ခဲ့ခြင်းပင်။

ဝမ်ပေါင်လဲ့သည် သူ့ပတ်ပတ်လည်ရှိ တာအိုကျောင်းတော်ကြီးလေးကျောင်းမှ ကျင့်ကြံသူများ တုန်ခါလာပြီး သူတို့၏ ကိုယ်တွင်းမှ အဖြူရောင်အခိုးအငွေ့များ စုပ်ယူခံလိုက်ရပြီး ကောင်းကင်ပေါ်ရှိ ဧရာမကမ္ပည်းစာလုံးများထံသို့ ပျံတက်သွားသည်ကို သူ၏မျက်လုံးနှစ်လုံးဖြင့် ကိုယ်တိုင်မြင်လိုက်ရလေသည်။

ဝမ်ပေါင်လဲ့သည် အဖြူရောင်အခိုးအငွေ့များကို ငေးကြည့်နေရင်း သဘောပေါက်သွား၏။ ထိုအခိုးအငွေ့များသည် လူများ၏ သက်စောင့်အားများဖြစ်လေသည်။

‘ အဲဒါက သက်စောင့်အားကို စုပ်ယူနေတာလား ’
ဝမ်ပေါင်လဲ့ တုန်လှုပ်သွား၏။ စုပ်အားသည် ပို၍ပြင်းလာရာ ဝမ်ပေါင်လဲ့တစ်ယောက် သူ့ခန္ဓာကိုယ်တုန်ခါလာပြီး ပုံမှန်ဆိုလျှင် မမြင်ရသည့် သက်စောင့်အားများကို သူ၏ခန္ဓာကိုယ်အတွင်းမှ အတင်းဆွဲထုတ်ခံနေရပြီး ၎င်းတို့သည် သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာနေသည်ကို ခံစားလိုက်ရလေသည်။

သူ၏ သက်စောင့်အားများအား စုပ်ယူခြင်းကို ခံနေရသည်ဖြစ်ရာ သူ၏ခန္ဓာကိုယ် အားနည်းလာသည်ကို သူခံစားလိုက်ရ၏။ သူ၏ ပျိုမြစ်နုနယ်ခြင်းသည် အိုမင်းလာပြီး သူ၏ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများသည်လည်း အားနည်းလာကြောင်း ခံစားလိုက်ရ၏။

‘ ငါ့ရဲ့ သက်စောင့်အားတွေကို စုပ်ယူနေတယ်ပေါ့လေ… ပြန်ပေးစမ်း ’
ဝမ်ပေါင်လဲ့သည် လေအေးများကို ရှူသွင်းလိုက်သည်။ ထိုအန္တရာယ်အခြေအနေတွင် သူ၏မျက်နှာသည် ခက်ထန်လာပြီး သူ၏ကိုယ်တွင်းရှိ ဝါးမျိုခြင်းသစ်စေ့က အသက်ဝင်လာသည်။ သူသည် ဖုံးကွယ်မှုအားလုံးကို ဖျက်သိမ်းလိုက်၏။ ဝါးမျိုခြင်းသစ်စေ့ စတင်လည်ပတ်လာသောအခါ သူ၏ခန္ဓာကိုယ်အပြင်သို့ စုပ်ယူခံနေရသော သက်စောင့်အားများသည် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်စုပ်ယူခြင်းကိုခံလိုက်ရသည်။

ဝမ်ပေါင်လဲ့၏ ကိုယ်တွင်းရှိ ဝါးမျိုခြင်းသစ်စေ့သည် ပြင်းပြင်းထန်ထန် ပြန်လည်ခုခံနေစဉ်တွင် တာအိုကျောင်း‌တော်ကြီးလေးကျောင်းမှ လူများသာမကဘဲ လကမ္ဘာပေါ်ရှိ ကျန်လူအားလုံး၏ သက်စောင့်အားများသည် စုပ်ယူခံလိုက်ရပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားကြလေသည်။

ဝမ်ပေါင်လဲ့ကဲ့သို့ ဝှက်ဖဲများရှိသူများ ရှိသော်လည်း ထိုသူများသည် အနည်းငယ်သာဖြစ်သည်။ ကျောက်ယမုန့်၊ လသုံးစင်းမဟာမိတ်၏ သခင်လေး၊ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းမှ ပါရမီရှင်များနှင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှလူများသည် သူတို့၏ သက်စောင့်အားကို စုပ်ယူမခံရစေရန် ယာယီကာကွယ်နိုင်သော အတတ်များကိုယ်စီရှိကြလေသည်။

သို့သော် ကျင့်ကြံသူအများစုသည် ထိုကဲ့သို့သော စွမ်းရည်များကို မပိုင်ဆိုင်ကြပေ။ သူတို့သက်စောင့်အား၏ ဆယ်ပုံတစ်ပုံကို လျင်မြန်စွာစုပ်ယူခံလိုက်ကြရ၏။ ထိုသက်စောင့်အားများသည် ကောင်းကင်ပေါ်ရှိ ဧရာမကမ္ပည်းစာလုံးတစ်ရာကျော်နှင့် ပေါင်းစည်းသွားကြ၏။

လူတစ်သောင်းခန့်၏ သက်စောင့်အား ဆယ်ပုံတစ်ပုံကို စုပ်ယူပြီးသွားသောအခါ စုပ်အားကြီး ပျောက်ကွယ်သွား၏။ ကောင်းကင်ပေါ်ရှိ ဧရာမကမ္ပည်းစာလုံးတစ်ရာကျော်သည် သွေးနီရောင်အလင်းများဖြင့် တောက်ပလာ၏။ သို့သော် ပြောင်းလဲမှု အရိပ်အယောင်တော့ မရှိသေးပေ။

သက်စောင့်အားများစုပ်ယူခံလိုက်ရပြီး ၎င်းတို့က ကောင်းကင်ပေါ်ရှိ ကမ္ပည်းစာများနှင့် ပေါင်းစည်းသွားသည့်ဖြစ်စဥ်သည် အသက်ဆယ့်နှစ်ခါမျှ ရှူချိန်အတွင်း၌ ဖြစ်ပျက်သွားခြင်းပင်။

လကမ္ဘာပေါ်ရှိ လူများ တုန်လှုပ်ကြောက်ရွံ့နေစဉ် ကောင်းကင်ပေါ်ရှိ ကမ္ပည်းစာများသည် စတင်ပုံပြောင်းလာကြပြီး ကမ္ပည်းစာတစ်လုံးချင်းစီသည် ဧရာမသွေးမျက်လုံးကြီးများအဖြစ်‌ ပြောင်းလဲသွားလေသည်။

ဧရာမသွေးမျက်လုံးတစ်ရာကျော် ပေါ်လာပြီး လကမ္ဘာပေါ်ကို စတင်စေ့စေ့စပ်စပ်ကြည့်ရှုကာ လကမ္ဘာပေါ်ရှိ သက်ရှိများကို လေ့လာနေသည်။ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို ရှာနေပုံပေါ်၏။ သွေးမျက်လုံးကြီးများသည် တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များရှိနေရာသို့ အတူတကွ ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့၏ အကြည့်များသည် လူအုပ်အပေါ်သို့ကျဆင်းသွားပြီး တစ်ယောက်ချင်းစီကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်လေသည်။

သွေးမျက်လုံးကြီးများ၏ အကြည့်သည် သူတို့အပေါ်ကျလာသောအခါ လူတိုင်းတုန်လှုပ်သွားကြ၏။ ဝမ်ပေါင်လဲ့သည် သွေးမျက်လုံးကြီးများ၏အကြည့် သူ့အပေါ်ကျရောက်လာသောအခါ အသက်အောင့်ထားလိုက်၏။ သို့သော် ၎င်းတို့သည် ဝမ်ပေါင်လဲ့ကို စိတ်ဝင်စားပုံမပေါ်ပေ။ ၎င်းတို့သည် ဝမ်ပေါင်လဲ့ကို ကျော်ဖြတ်ကာ အခြားတစ်ယောက်ကို လျင်မြန်စွာကြည့်လိုက်လေသည်။

၎င်းတို့သည် တစ်စုံတစ်ယောက်ကို ရှာနေခြင်းပင်။ ဝမ်ပေါင်လဲ့ စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်၏။ သူ၏ ခေါင်းထဲတွင် ထိုအတွေးပေါ်လာစဉ်တွင် ကောင်းကင်ပေါ်ရှိ ဧရာမသွေးမျက်လုံးကြီးတစ်လုံးသည် ပြူးကျယ်သွားပြီး ၎င်း၏အကြည့်သည့် တာအိုကျောင်းတော်ကြီးလေးကျောင်း၏ ကျင့်ကြံသူများအကြားမှ လူငယ်တစ်ဦးအပေါ်ကျရောက်သွားလေသည်။

ထိုလူငယ်သည် ကျောက်ယမုန့် ရင်းနှီးသူတစ်ဦးဟုပြောနိုင်သလို မရင်းနှီးသူတစ်ဦးဟုလည်း ပြောနိုင်လေသည်။ ဝမ်‌ပေါင်လဲ့သည်လည်း ထိုသို့ပင်ခံစားလိုက်ရ၏။ ထိုလူငယ်ကား ထောင်ချောက်အဆောင်မှ ဟွမ်ရှန်းပင်။

Comment

Leave a Reply

Options

not work with dark mode
Reset