Switch Mode

အခန်း ( ၂၄၀ )

သစ်ကြောအချုပ်အနှောင်

မြေပြင်ပေါ်မှ ချိုင့်ဝှမ်းကြီးအတွင်းရှိ အကျိုးအပဲ့ရာချီကိုကြည့်ကာ ထိုနေရာမှထွက်ပေါ်နေသော များပြားလှသည့် ဝိညာဉ်ချီများကို ခံစားနေရသဖြင့် လူတိုင်းသည် အသက်တစ်ချက်ရှူလိုက်တိုင်း ကိုယ်တွင်းရှိ စွမ်းအားများ ပို၍လျင်မြန်စွာ လည်ပတ်လာသည်ကိုပင် ခံစားနေရသည်။

သို့သော် သူတို့သည် တာအိုကျောင်းကြီးလေးကျောင်းမှ တပည့်များဖြစ်သည့်အပြင် မိမိတို့နှင့် သက်ဆိုင်ရာတာအိုကျောင်းတွင်လည်း ထူးချွန်သူများဖြစ်ရာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်၏။ သူတို့သည် အခြေအနေကို လေ့လာအကဲဖြတ်နိုင်သော ကိုယ်ပိုင်စွမ်းရည်များရှိကြသည်။

ထိုအကျိုးအပဲ့ပုံကြီးကို တွေ့လိုက်ရခြင်းသည် လွန်စွာထူးဆန်းနေသည်။ ထို့ကြောင့် သူတို့သည် ရင်ထဲတွင် လိုချင်စိတ်များရှိနေသော်လည်း စိတ်အလိုမလိုက်ကြပေ။

သို့သော် ထိုကဲ့သို့ အကျိုးအပဲ့ပုံကြီးအား မျက်စိရှေ့တွင်တွေ့နေပါလျက် မိမိတို့၏လုံခြုံရေးကြောင့် မယူဘဲလက်လျှော့လိုက်ရန်မှာ သူတို့အတွက်မဖြစ်နိုင်ပေ။ ထို့ကြောင့် တာအိုကျောင်းကြီးလေးကျောင်း၏ တပည့်များထဲမှ ကျောင်းသူ၊ ကျောင်းသား အများအပြားသည် စတင်ဆွေးနွေးလိုက်ကြသည်။ ထို့နောက် ထောင်ချောက်ပြုလုပ်သူများနှင့် သားရဲမွေးမြူသောသူများသည် ထိုနေရာကိုလေ့လာရန်အတွက် သားရဲများနှင့် ဂိုလမ်များကို စေလွှတ်လိုက်ကြ၏။

ဟွမ်ရှန်းသည်လည်း ဂိုလမ်တစ်ရုပ် စေလွှတ်လိုက်၏။ ထိုဂိုလမ်ကို မျက်စိပသာဒအတွက်မဟုတ်ဘဲ အသုံးဝင်မှုအတွက် တည်ဆောက်ထားခြင်းပင်။ ၎င်းသည် ရုပ်သေးရုပ်နှင့်ဆင်တူသော်လည်း အမှန်တွင် ကွဲပြားလေသည်။

ဂိုလမ်များနှင့် သားရဲများ ချိုင့်ဝှမ်းအနီးသို့ တဖြည်းဖြည်း ကပ်သွားသောအခါ ဝမ်ပေါင်လဲ့နှင့် အခြားသူများသည် ဂရုတစိုက်ကြည့်နေကြ၏။ တဒင်္ဂမျှကြာသောအခါ ဂိုလမ်များနှင့် သားရဲများသည် ချိုင့်ဝှမ်းအတွင်းသို့ ဝင်သွားလေကြသည်။

ဂိုလမ်များနှင့် သားရဲများ ချိုင့်ဝှမ်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်သွားပြီး မြေပြင်ပေါ်ရှိ အကျိုးအပဲ့များအား စတင်စုဆောင်းနေသည်ကို မြင်လိုက်သောအခါ လူတိုင်းစိတ်တက်ကြွသွား၏။ ဝမ်ပေါင်လဲ့သည်ပင် အသက်ရှူမြန်သွားလေသည်။ သူသည် ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြု၍ အကျိုးအပဲ့များကို စုပ်ယူသင့်၊မသင့် တွေးတောနေစဉ်မှာပင် အခြေအနေများ ရုတ်တရက်ပြောင်းလဲသွားလေတော့၏။

ရုတ်တရက် မြေကြီးအတွင်းမှ ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာ၏။ မြေပြင်သည် လှုပ်ရှားသွားပြီး သမုဒ္ဒရာလှိုင်းများကဲ့သို့ နိမ့်ချည်၊ မြင့်ချည်ဖြစ်သွားသည်။ ကျောင်းသား၊ ကျောင်းသူများ အံ့ဩတုန်လှုပ်နေစဉ်မှာပင် ဂိုလမ်တစ်ရုပ်၏အောက်မှနေ၍ ဝဲကတော့တစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။

ဝဲကတော့အတွင်းမှနေ၍ ကပ်ပါးပိုးကြီးတစ်ကောင်ထွက်ပေါ်လာပြီး ထက်ရှသောသွားများ စီတန်းရှိနေသည့် ၎င်း၏ပါးစပ်ကိုဖွင့်ကာ ဂိုလမ်ကို တစ်ချက်တည်းဝါးမျိုလိုက်လေသည်။ ထို့နောက် ၎င်းသည် ဝဲကတော့ကြီးထဲသို့ ပြန်ဝင်မသွားဘဲ မြေပြင်ပေါ်တွင်သာ ဆက်နေ,နေ၏။ ကပ်ပါးပိုးကြီးသည် ၎င်း၏ဦးခေါင်းကို လှည့်ကာ တာအိုကျောင်းကြီးလေးကျောင်းမှ လူများကို ကြည့်နေပုံပေါ်၏။

ကပ်ပါးပိုးကြီးသည် ရပ်တန့်နေသည်ဖြစ်ရာ လူတိုင်း၏ မျက်လုံးထဲတွင် ၎င်း၏ ပုံပန်းသွင်ပြင်ကို ပို၍ရှင်းရှင်းလင်းလင်း မြင်လာရလေသည်။ ကပ်ပါးပိုးကြီး၌ မျက်လုံးနှင့် နှာခေါင်း မရှိပေ။ ၎င်းတွင် ဦးခေါင်းမရှိဟူ၍ပင် ပြောနိုင်လေသည်။ ၎င်းတွင် ကြီးမားသော ပါးစပ်ကြီးတစ်ပေါက်သာရှိလေသည်။

ကပ်ပါးပိုးကြီး၏ ခန္ဓာကိုယ်အချင်းထုသည် ငါးပေရှိ၏။ မြေပေါ်တွင်ပေါ်နေသည့် ၎င်း၏ခန္ဓာကိုယ်အရှည်သည်ပင် ပေသုံးရာကျော်ရှိလေသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လက်သီးဆုပ်အရွယ် ဘုလုံးများ မရေမတွက်နိုင်အောင်ရှိနေ၏။ ထိုကပ်ပါးပိုးကြီးကြောင့် လူတိုင်း ကျောရိုးတစ်လျှောက် အေးစက်သွား၏။

“ လကမ္ဘာကပ်ပါးပိုးပဲ ”
လူအုပ်ကြားမှ တစ်စုံတစ်ယောက်က ထအော်လိုက်သည်။

ထိုဧရာမကပ်ပါးပိုးကြီးသည် လကမ္ဘာကပ်ပါးပိုးဖြစ်သည်။ လကမ္ဘာကပ်ပါးပိုးတိုင်း၏ ကျင့်ကြံခြင်းအဆင့်သည် အာနာပါန တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိလေသည်။

ဝမ်ပေါင်လဲ့သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ‌နောက်သို့ချက်ချင်းဆုတ်လိုက်၏။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့သည်လည်း ထိုသို့ပင် ချက်ချင်းဆုတ်လိုက်ကြ၏။ တာအိုကျောင်းတော်လေးကျောင်းမှ အခြားတပည့်များသည် မချင့်မရဲ ဖြစ်နေကြပါသော်လည်း ဆုံးဖြတ်ချက်ချလိုက်ကြပြီး ဆုတ်ခွာရန် ကြိုးစားလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် တာအိုကျောင်းတော်တစ်ကျောင်းခြင်းစီသည် သူတို့၏ တပည့်များကို လကမ္ဘာသို့စေလွှတ်ရာတွင် လကမ္ဘာကပ်ပါးပိုးအကြောင်းကို ပြောပြထားခြင်းကြောင့်ပင်။ တပည့်များသည် ထိုပြောပြထားသည့် အကြောင်းအရာများထဲမှ အကြောင်းအရာတစ်ခုကို စွဲစွဲမြဲမြဲမှတ်မိနေ၏။ လကမ္ဘာကပ်ပါးပိုးများသည် အုပ်စုဖွဲ့၍နေတတ်သည်ဆိုသော အကြောင်းပင်။

လူတိုင်း၏ တုံ့ပြန်မှုသည် အတော်လေးလျင်မြန်သော်လည်း သူတို့သည် ခြေတစ်လှမ်းနောက်ကျသွားပြီဖြစ်သည်။ ရုတ်တရက် မြေပြင်သည် အဆက်မပြတ်တုန်ခါလာပြီး သူတို့၏ ပတ်ပတ်လည်တွင် ဝဲကတော့များ တစ်ခုပြီးတစ်ခု ပေါ်လာလေတော့သည်။ ဝဲကတော့များအတွင်းမှ ဧရာမ လကမ္ဘာကပ်ပါးပိုးများ ထွက်လာကြ၏။

သူတို့အရှေ့တွင် လကမ္ဘာကပ်ပါးပိုး ထောင်ချီရှိနေပေပြီ။ ထို့ပြင် သူတို့နှင့်အဝေးမှ မြေပြင်သည်လည်း ဆက်လက် တုန်ခါနေပြီး သူတို့ထံသို့ မရေမတွက်နိုင်အောင် များပြားသော လကမ္ဘာကပ်ပါးပိုးများ လာနေသည်ကို တွေ့ရလေသည်။

“ ဒါက ထောင်ချောက်ပဲ ”
လူအုပ်အတွင်းမှ စိတ်လှုပ်တရှားအော်လိုက်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ဦးရေပြား ထုံသွားသလိုပင် ခံစားလိုက်ရသည်။ ထိုအခိုက်မှာပင် သူ၏နောက်ရှိ အကျိုးအပဲ့ပုံကြီးသည် တွန့်လိမ်လာပြီး ပင်လယ်ရေလှိုင်းဖြင့်ပါသွားသော သဲသောင်ပြင်မှ ပန်းချီတစ်ချပ်ကဲ့သို့ လျင်မြန်စွာပျောက်ကွယ်သွားလေသည်။

ထိုနေရာသည် ပုံရိပ်ယောင်ပင်။

သို့သော် ရိုးရိုး ပုံရိပ်ယောင်နှင့်ယှဉ်လျှင် လကမ္ဘာပေါ်ရှိ ပုံရိပ်ယောင်သည် ပို၍ စစ်မှန်သကဲ့သို့ ထင်ရ၏။ တစ်နည်းဆိုရလျှင် သူတို့ရှေ့ရှိ ချိုင့်ဝှမ်းကြီးသည် အစစ်အမှန်ဖြစ်ပြီး အကျိုးအပဲ့များသည်သာ ပုံရိပ်ယောင်ဖြစ်လေသည်။

လကမ္ဘာသည် လွန်စွာထိတ်လန့်ဖွယ်ကောင်းလှ၏။ ဝမ်ပေါင်လဲ့တစ်ယောက် ဆံပင်ဖျားများပင် ထောင်လာသကဲ့သို့ ခံစားနေရ၏။ သူသိထားသော လကမ္ဘာအကြောင်းများသည် သူရရှိထားသည့် အရင်းအမြစ်များနှင့် အခြားသူများပြောပြသော အကြောင်းများမှ စုဆောင်းထားခြင်းသာဖြစ်သည်။ ယခုမှသာ လကမ္ဘာသည် မည်မျှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းကာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သိသွားလေတော့သည်။

“ ဒီနေရာက ထွက်ကြ ”
လကမ္ဘာသို့ လာကြသော ကျောင်းတော်ကြီးလေးကျောင်းမှ ကျင့်ကြံသူများသည် အနိမ့်ဆုံး အာနာပါန ပဉ္စမအဆင့်ရှိသူများဖြစ်သည်။ သူတို့ထဲမှ အချို့သည် အာနာပါန အထွပ်အထိတ်အဆင့်သို့ပင် ရောက်နေပေပြီ။ သူတို့သည် တုန်လှုပ်သွားသော်လည်း ရုတ်ရုတ်သဲသဲဖြစ်မသွားကြပေ။ သူတို့သည် အတူတကွစုဝေးလိုက်ကြပြီး ဦးတည်ရာတစ်ဖက်တည်းသို့ ဆုတ်ခွာလိုက်ကြသည်။

တချိန်တည်းမှာပင် သူတို့ပတ်ပတ်လည်ရှိ လကမ္ဘာကပ်ပါးပိုးများသည် ငိုကြွေးသံကဲ့သို့ ထူးဆန်းသောအသံတစ်သံကို ထုတ်လွှတ်လိုက်၏။

ထိုအသံများ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသည်ကို လူတိုင်းကြားလိုက်ရ၏။ အချို့လကမ္ဘာကပ်ပါးပိုးများသည် အနက်ရောင်အရည်များကိုပင် ပန်းထုတ်လိုက်ကြလေသည်။ ထိုအနက်ရောင်အရည်များသည် လွန်စွာအနံ့ပြင်းပြီး မြေပြင်နှင့်ထိတွေ့သည့်အခါ မြေပြင်ကို ချက်ချင်းပင် တိုက်စားပစ်လိုက်ကြ၏။ အကယ်၍ ထိုအရည်သာ လူပေါ်သို့ကျလာပါက အသွေးအသားနှင့် အရိုးများကို ချက်ချင်းပင်တိုက်စားသွားပြီး လူတစ်ကိုယ်လုံးကို အကျိအချွဲများအဖြစ် ရုတ်ခြည်းပြောင်းလဲပစ်လိုက်နိုင်ကြောင်း လူတိုင်းတွေးလိုက်မိ၏။

ထိုမြင်ကွင်းကြောင့် လူတိုင်း ပို၍တုန်လှုပ်သွားကြသည်။ သူတို့သည် ချက်ချင်းပင် သူတို့၏ နတ်ဘုရားရတနာများနှင့် အခြားပစ္စည်းများကို ထုတ်ကာ ဆုတ်ခွာနေရင်း လကမ္ဘာကပ်ပါးပိုးများကို တိုက်ခိုက်လိုက်ကြ၏။

ရုတ်ခြည်းပင် ပတ်ဝန်းကျင်မှ ကျယ်လောင်သော မြည်ဟီးသံကြီးများ ပဲ့တင်ထပ်လာတော့သည်။

ဝမ်ပေါင်လဲ့သည်လည်း ထိုပြန်လည်တိုက်ခိုက်နေသော လူများထဲတွင် တစ်ယောက်အပါဖြစ်လေသည်။ သူတိုက်ခိုက်နေစဉ်တွင် လျှပ်စီးများသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထား၏။ သူသည် သူ့ထံသို့ ဦးတည်လာနေသော လကမ္ဘာကပ်ပါးပိုးတစ်ကောင်ကို တစ်ချက်တည်းနှင့် သတ်လိုက်ပြီး ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဆုတ်ခွာနေ၏။

သူနှင့် ခပ်လှမ်းလှမ်းတွင် သမင်ဖြူတာအိုကျောင်းမှ ကျင့်ကြံသူတစ်ဦးရှိ၏။ ထိုသူ၏ မျက်နှာသည် ဖြုဖပ်ဖြူရော်ဖြစ်နေပြီး တုန်လှုပ်ကြောက်ရွံ့နေဟန် ရှိလေသည်။ သူသည် ဆုတ်ခွာရန် ကြိုးစားနေသော်လည်း သူ့အတွက် နောက်ကျသွားပေပြီ။ လကမ္ဘာကပ်ပါးပိုးတစ်ကောင်သည် သူ့ကိုယ်ပေါ်သို့ အနက်ရောင်အရည်များ ပန်းထုတ်လိုက်၏။ သူသည် နာကျင်တကြီး‌‌ အော်ဟစ်နေ၏။ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာတိုက်စားခံနေရပြီး သူ၏မျက်နှာသည် ပုံပျက်ပန်းပျက်ဖြစ်လာသည်ကို လူတိုင်းမြင်လိုက်ရ၏။ သူ၏ လက်တစ်ဖက်ရှိ အရိုးများသည်ပင် လျင်မြန်စွာ အရည်ပျော်နေပြီဖြစ်သည်။

သို့သော် သူသည် ချက်ချင်းသေမသွားသေးဘဲ နာကျင်စွာအော်ဟစ်နေရင်းမှာပင် သူ၏အခြားလက်တစ်ဖက်ဖြင့် ရှင်သန်ရေးကျောက်စိမ်းပြားကို ပေါက်ခွဲလိုက်လေသည်။

သူ၏ကျောက်စိမ်းပြား ကွဲသွားသည်နှင့် တစ်ပြိုင်နက် အလင်းများထွက်လာပြီး သူ၏ခန္ဓာကိုယ်ကို စက်လုံးသဏ္ဍာန်ကာရံသွား၏။ သူ့အား ကာရံထားသော စက်လုံးသဏ္ဍာန်အလင်းလွှာမှနေ၍ ရှည်လျားသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထိုအလင်းတန်းသည် ကောင်းကင်ပေါ်သို့ သက်တန့်တစ်စင်းသဖွယ် ပျံတက်သွားလေသည်။ ၎င်းအလင်းတန်းသည် လကမ္ဘာပေါ်ရှိ မန္တန်အစီအရင်အတွင်းသို့သွား၍ အကူအညီသွားရောက်တောင်းခံခြင်းဖြစ်ရပေမည်။

အလင်းတန်းက လျင်မြန်စွာရွေ့လျားနေပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ သို့သော်… ထိုအခိုက်တွင်… မြေပြင်သည် ယခင်ကထက်ပို၍ လှုပ်ခါလာလေတော့၏။

တောင်ကြီးများပြိုကျသံကဲ့သို့ ကျယ်လောင်‌သော မြည်ဟီးသံကြီးများသည် လကမ္ဘာပေါ်တွင် မိုးချုန်းသကဲ့သို့ အဆက်မပြတ်ထွက်ပေါ်နေလေသည်။

လကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ မြေပြင်လှုပ်ခါနေမှုကို ခံစားရလေသည်။

ထိုမြေပြင်လှုပ်ခါမှုနှင့် မြည်ဟီးသံကြီးများကို တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များသာမက အခြားဂိုဏ်းများမှ ကျင့်ကြံသူများသည်လည်း ခံစားကြားသိလိုက်ရ၏။ သူတို့အားလုံး မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ မြေပြင်လှုပ်ခါနေမှုကို ခံစားနိုင်ပေသည်။

သူတို့ မအော်ဟစ်နိုင်သေးခင်မှာပင် လကမ္ဘာပေါ်ရှိ ကောင်းကင်တွင် ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။ မူလက မည်းမည်းမှောင်နေသော ကောင်းကင်သည် သွေးနီရောင်များ စတင်တောက်ပလာလေသည်။

ထိုသွေးနီရောင်အလင်းများ ပျံ့နှံ့နေစဉ်မှာပင် လေထဲ၌ သစ်ကြောများပေါ်လာပြီး အာကာတစ်ခွင်လုံး လျင်မြန်စွာလွှမ်းခြုံနေသည်ကို မထင်မရှားလှမ်းမြင်ရလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဝမ်ပေါင်လဲ့နှင့် တာအိုကျောင်းတော်ကြီးလေးကျောင်းမှ အခြားတပည့်များသည် ထိုသစ်ကြောများ၏ အဆုံးကိုပင် လှမ်းမမြင်နိုင်ကြတော့ချေ။ ထိုသစ်ကြောများသည် လကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားပြီဖြစ်သည်။

သစ်ကြောများသည် ကြီးမားသော အချုပ်အနှောင်ကြီးတစ်ခုဖြစ်လာပြီး လကမ္ဘာပေါ်တွင်ရှိသည့် မန္တန်အစီအရင်ကြီးကို ကာရံလိုက်၏။ ၎င်းတို့သည် ကပ်းပါးပိုးများသဖွယ် မူလမန္တန်အစီအရင်ကြီးကို ချုပ်နှောင်လိုက်ပြီး လကမ္ဘာမှနေ၍ အကူအညီတောင်းခံသည့် အချက်ပြမှုများကို တားဆီးလိုက်လေသည်။

လကမ္ဘာတစ်ခုလုံးတွင် ကျယ်လောင်သော မြည်ဟီးသံကြီးများ ပျံ့နှံ့သွား၏။ လကမ္ဘာပေါ်ရှိလူများသည် ပြင်ပကမ္ဘာနှင့် တသီးတခြားဖြစ်သွားလေတော့သည်။ ထို့ကြောင့် လကမ္ဘာပေါ်ရှိ လူများကို ပြင်ပမှလူများ လာရောက်ကူညီနိုင်တော့မည် မဟုတ်ချေ။ အမြုတေအဆင့်ကျင့်ကြံသူများပင် မန္တန်အစီအရင်အတွင်းသို့ ဝင်၍မရတော့ဘဲ လကမ္ဘာသို့ ယာယီမျှ သွား၍ရတော့မည်မဟုတ်ချေ။

လကမ္ဘာအပြင်ရှိ ဂိုဏ်းအသီးသီးတို့၏ အခြေစိုက်စခန်းများရှိ အမြုတေအဆင့်ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြသည်။ အချို့သည် လကမ္ဘာသို့ဝင်ရောက်ရန် ကြိုးစားကြသော်လည်း မန္တန်အစီအရင်ကြီးက သူတို့ကို ပြန်၍တွန်းလွှတ်လိုက်သည်သာဖြစ်သည်။ သူတို့သည် လကမ္ဘာအတွင်းသို့ ခြေတစ်လှမ်းမျှပင် မဝင်နိုင်ပေ။
“ တောက် … ဒုက္ခပဲကွာ ”

“ ကမ္ဘာမြေပေါ်က ပြည်ထောင်စုကို ချက်ချင်းဆက်သွယ်ကြ။ လကမ္ဘာပေါ်မှာ မထင်မှတ်ထားတာတွေဖြစ်နေပြီလို့ ဥက္ကဋ္ဌကို တင်ပြလိုက်ကြ… ”
တာအိုကျောင်းတော်ကြီးလေးကျောင်းမှ ဂိုဏ်းချုပ်များသည် ထိတ်လန့်တုန်လှုပ်သွားကြ၏။ ထို့ပြင် လွှတ်တော်၊ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်နှင့် မဟာဂိုဏ်းနှစ်ဂိုဏ်းတို့သည် ရုတ်ရုတ်သဲသဲဖြစ်သွား၏။ ပို၍ ရုန့်ရင်းဆန်ခတ်ဖြစ်သွားသော အဖွဲ့သည် လသုံးဆင်းမဟာမိတ်ပင်။

သူတို့သည် သူတို့၏ အခြေစိုက်စခန်းကို ဖောက်ခွဲကာ မန္တန်အစီအရင်ကြီးတွင် အပေါက်တစ်ခုဖြစ်လာအောင် လုပ်ရန်ပင်ကြံရွယ်လိုက်သော်လည်း အလုပ်မဖြစ်ပေ။

“ သခင်လေးက အထဲမှာဟ… ”
လသုံးစင်းမဟာမိတ်မှ အကြီးအကဲများသည် တုန်လှုပ်ကာ မွှန်ထူနေပေပြီ။ ထိုအခြေအနေ၏ နောက်ဆက်တွဲများကို စဉ်းစားမိသွားသောအခါ သူတို့သည် အသက်ပင်မရှူနိုင်ဖြစ်သွားကြပြီး လွန်စွာ စိုးရိမ်ပူပန်လာကြလေတော့သည်။

ပြင်ပကမ္ဘာမှလူများ ထိတ်လန့်တုန်လှုပ်နေသကဲ့သို့ပင် လကမ္ဘာပေါ်ရှိ တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များနှင့် အခြားဂိုဏ်းများမှ ကျင့်ကြံသူများသည်လည်း ထပ်တူထပ်မျှပင် အံ့ဩတုန်လှုပ်နေကြလေသည်။

ကျောက်စိမ်းပြားကို ဖောက်ခွဲခဲ့သော တပည့်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော ကာကွယ်ရေးအလင်းလွှာသည်လည်း ပျောက်ကွယ်သွားပေပြီ။ သူ ကြောက်ရွံ့တုန်လှုပ်နေဆဲမှာပင် သူ၏ကျန်နေသေးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို လကမ္ဘာကပ်ပါးပိုးက ဝါးမျိုသွားလေတော့သည်။

သူ၏အဖော်များ သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့၏မျက်နှာထားသည် တည်ကြည်လေးနက်သွား၏။ ဝမ်ပေါင်လဲ့တစ်ယောက် ကောင်းကင်ပေါ်ရှိ သစ်ကြောများနှင့် သူ့ပတ်ပတ်လည်ရှိ မရေမတွက်နိုင်‌အောင် များပြားသော လကမ္ဘာကပ်ပါးပိုးများကို ကြည့်ရင်း အသက်ရှူပင်ရပ်သွားလေသည်။ အားပြင်းသော အန္တရာယ်အငွေ့အသက်တစ်ခုသည် သူ့တစ်ကိုယ်လုံးကို ဒီရေလှိုင်းများသဖွယ် လွှမ်းခြုံသွား၏။

စိုးရိမ်ဖွယ် ကိစ္စတစ်ခု ဖြစ်ပေါ်လာပေပြီ။

Comment

Leave a Reply

Options

not work with dark mode
Reset