Switch Mode

အခန်း ( ၂၃၉ )

ဝဋ်ကြွေး

လကမ္ဘာ၏ အလင်းဘက်ခြမ်းတွင် လူရာကျော်ပါသည့် လူအုပ်ကြီးသည် အကျိုးအပဲ့များကို ရှာဖွေနေလေသည်။ မည်းမှောင်နေသောကောင်းကင်သည် အလင်းအပေါ် အကျိုးသက်ရောက်မှုရှိပုံ မပေါ်ပေ။

သူတို့ပတ်ဝန်းကျင်ရှိ မြေပြင်တွင် အပင်လေးများပေါက်နေသည်ကို မကြာခဏတွေ့ရ၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ချီများသည် လကမ္ဘာကို ပြောင်းလဲပစ်လိုက်သဖြင့် လကမ္ဘာသည် သက်ရှိများရှင်သန်နိုင်သော ဂြိုလ်တစ်ခုဖြစ်လာသောကြောင့်ပင်။ တစ်ခုတည်းသော ပြဿနာမှာ ခန္ဓာကိုယ်သန်စွမ်းသော ဝမ်ပေါင်လဲ့အပါအဝင် လူအားလုံးသည် အားကောင်းသော ဖိအားတစ်ခုကို ခံစားနေရခြင်းပင်။

နာရီဝက်မျှ သွားလာရှာဖွေနေပြီးနောက် ခန္ဓာကိုယ်အားနည်းသော အမျိုးသမီးကျင့်ကြံသူအချို့သည် အာနာပါန အထွတ်အထိပ်အဆင့်ရောက်နေသူများဖြစ်သော်လည်း မောပန်းနှေးကွေးလာကြလေသည်။

“ ချီအားဖြည့်ပညာရပ်ကို သုံးပြီး ပတ်ဝန်းကျင်က ဝိညာဉ်ချီပြောင်းလဲမှုတွေကို လေ့လာပြီး အကျိုးအပဲ့တွေရဲ့ တည်နေရာကို ရှာရမယ်။ ဒါပေမဲ့ အခြေတည်အဆင့်ရောက်ဖို့ အသုံးပြုနိုင်မယ့် အကျိုးအပဲ့တွေက တမူထူးခြားကြတယ်။ အဲဒါကြောင့် အကျိုးအပဲ့အများကြီးထဲကနေပြီး သေချာရွေးချယ်ရမယ်… ”
ဝမ်ပေါင်လဲ့သည် နှေးကွေးလာသော အမျိုးသမီးကျင့်ကြံသူများကို ကြည့်လိုက်ပြီး သူ့ဘာသာရေရွတ်လိုက်၏။ သူသည် ချီအားဖြည့်ပညာရပ်ကို အသုံးပြုလိုက်သော်လည်း မည်သည့်ဝိညာဉ်ချီကိုမှ အာရုံမခံမိပေ။

‘ ဒီနေရာမှာ ဝိညာဉ်ချီတွေ မရှိဘူးလား ’
ဝမ်ပေါင်လဲ့ ခေါင်းကုတ်လိုက်၏။ သူသည် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ကိုလှမ်းကြည့်လိုက်ရာ သူတို့လည်း အာရုံခံမိသည့်ပုံမပေါ်ကြောင်း သိရှိလိုက်လေသည်။

ဟွမ်ရှန်းကိုမူ ဝမ်ပေါင်လဲ့သည် အစကတည်းက အကြိမ်များစွာ လျှို့ဝှက်လေ့လာပြီးပြီဖြစ်သည်။ ဟွမ်ရှန်းသည် တိတ်တဆိတ်သာနေ,နေပြီး အန္တရာယ်ရှိမည့်ပုံမပေါ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့ အနည်းငယ်စိတ်သက်သာရာရသွား၏။ သို့သော် သူ သတိလက်လွတ်တော့ မဖြစ်ခဲ့ချေ။

လကမ္ဘာပေါ်တွင် ဝိညာဉ်ချီများသည် နေရာအနှံ့ပျံ့နှံ့နေသည် မဟုတ်ပေ။ မည်သည့်ဝိညာဉ်ချီမှ မရှိသောနေရာများလည်း လကမ္ဘာပေါ်တွင် အများအပြားရှိ၏။ ယခု အဓိကတာအိုကျောင်း‌တော်ကြီးလေးကျောင်းမှ လူများရောက်ရှိနေသောနေရာသည် ထိုကဲ့သို့သောနေရာတစ်ခု ဖြစ်သည်။

ထို့ကြောင့် သူတို့အနေဖြင့် ချီအားဖြည့်ပညာရပ်ကို မည်မျှပင်ကြိုးစား၍ သုံးစေကာမူ အချည်းနှီးသာဖြစ်လေသည်။ ဝမ်ပေါင်လဲ့သည် မချင့်မရဲဖြစ်လာပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။

‘ နိုးထဖို့အချိန်ကျပြီ။ အဲ့ကောင်လေးက အစာဝနေတော့ စကားသိပ်နားမထောင်တော့ဘူး။ နောက်ကျရင် အစာဝအောင် ကျွေးလို့မဖြစ်ဘူးထင်တယ် ’
ဝမ်ပေါင်လဲ့သည် ဝါးမျိုခြင်းသစ်စေ့ကို နှိုးရင်း တွေးတောလိုက်သည်။

သို့သော် ဝါးမျိုခြင်းသစ်စေ့သည် မည်သို့မှ မတုံ့ပြန်ပေ။ ဝမ်ပေါင်လဲ့တစ်ယောက် စိတ်မရှည်ဟန်ဖြင့် သူ၏ ဝမ်းဗိုက်ကို ပုတ်လိုက်ပြီး အပြစ်တင်ရန်ဟန်ပြင်လိုက်စဉ်တွင် ဝါမျိုးခြင်းသစ်စေ့သည် အကြောင်းတစ်ခုခုကြောင့် စတင်လှုပ်ရှားလာ၏။

“ ဟင်… ”
ဝမ်ပေါင့်လဲ့၏ မျက်လုံးများ အရောင်လက်သွား၏။ သူသည် သူ၏ဝမ်းဗိုက်ကို ကြိမ်ဖန်များစွာ ခပ်သွက်သွက် ထပ်မံပုတ်လိုက်လေသည်။ ဝါးမျိုးခြင်းသစ်စေ့သည် အကြိမ်များစွာ ထပ်မံလှုပ်ရှားသွားကြောင်း သူခံစားလိုက်ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် အံ့ဩဝမ်းသာသွားပြီး သူ၏ဝမ်းဗိုက်ကို အဆက်မပြတ်ပုတ်လိုက်လေတော့သည်။

ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့သည် ဝမ်ပေါင်လဲ့လုပ်နေသည့်အရာကို မြင်သောအခါ နားမလည်နိုင်ဖြစ်သွားကြ၏။ တာအိုကျောင်းတော်ကြီးလေးကျောင်းမှ အခြားတပည့်များသည်လည်း ဝမ်းဗိုက်ပုတ်သံကို ကြားသဖြင့် ဝမ်ပေါင်လဲ့ကို သတိပြုမိသွားပြီး အံ့ဩသွားကြလေသည်။

မကြာမီ လူတော်တော်များများသည် ဝမ်ပေါင်လဲ့တစ်ယောက် သူ့ဗိုက်ကိုသူ အဆက်မပြတ်ပုတ်နေသည်ကို စတင်သတိထားမိလာလေတော့သည်။ သူတို့သည် နားမလည်နိုင်ဖြစ်နေသော်လည်း သိပ်၍ မတွေးလိုက်ကြပေ။ လီယီသည်လည်း လှောင်ပြုံးပြုံး၍ ဝမ်ပေါင်လဲ့ကို မဲ့ရွဲ့ကာ တင်တင်စီးစီးကြည့်လိုက်လေသည်။

ဟွမ်ရှန်းသည်လည်း ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သော်လည်း လျင်မြန်စွာပင် အကြည့်ပြန်လွှဲသွားပြီး မည်သို့မှ မတုံ့ပြန်လိုက်ပေ။

ဝမ်ပေါင်လဲ့သည် အခြားသူများ သူ့အား ကြည့်နေသည်ကို ဂရုမစိုက်ပေ။ သူသည် လွန်စွာ ဝမ်းသာအားရဖြစ်နေ၏။ သူ၏ ဝမ်းဗိုက်ကိုပုတ်နေစဉ် သူ့ကိုယ်တွင်းရှိ ဝါးမျိုခြင်းသစ်စေ့သည် တဖြည်းဖြည်း နိုးထလာပေသည်။ တဒင်္ဂကြာပြီးသောအခါ ဝမ်ပေါင်လဲ့၏ အင်္ကျီအောက်ရှိ ဝမ်းဗိုက်အရေပြားသည် နီရဲလာပေပြီ။ ထိုအခါမှ ဝါးမျိုခြင်းသစ်စေ့သည် အပြည့်အဝနိုးထလာလေတော့သည်။

ဝါးမျိုခြင်းသစ်စေ့နိုးထလာသောအခါ စုပ်အားတစ်ခု ဖြစ်ပေါ်လာ၏။ ဝမ်ပေါင်လဲ့သည် ဝမ်းသာအားရဖြစ်နေရင်းမှာပင် အခြားသူများ သတိမပြုမိအောင် စုပ်အားကို ထိန်းချုပ်လိုက်ပြီး လျှော့ချလိုက်လေသည်။

ထိုသို့ထိန်းချုပ်ထားသော်လည်း ဝါးမျိုခြင်းသစ်စေ့သည် ဝိညာဉ်ချီများကို ကောင်းစွာအာရုံခံနိုင်ပေသည်။ ထို့ကြောင့် ၎င်းနိုးထလာသောအခါ ဝမ်‌ပေါင်လဲ့၏ ဝိညာဉ်ချီကို အာရုံခံနိုင်စွမ်းသည် ချီအားဖြည့်ပညာရပ်ကို အသုံးပြုနေစဉ်ကထက် တိုးတက်လာ၏။

ဝမ်ပေါင်လဲ့သည် လျင်မြန်စွာပင် ဝါမျိုးခြင်းသစ်စေ့၏ စုပ်အားအကူအညီဖြင့် အနောက်မြောက်အရပ်ရှိ ဝိညာဉ်ချီအချို့ကို အာရုံခံမိလိုက်လေသည်။ ဝိညာဉ်ချီသည် အားပျော့သဖြင့် ချီအားဖြည့်ပညာရပ်ကိုသာအားကိုးနေလျှင် အာရုံခံနိုင်မည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့သည် စိတ်လှုပ်တရှားဖြင့် အနောက်မြောက်ဘက်ကို ကြည့်လိုက်၏။

ထိုအခိုက်တွင်…
“ ငါ တစ်ခုရှာတွေ့ပြီ။ အဲဒါက အနောက်မြောက်ဘက်မှာပဲ ”

လူအုပ်ထဲမှ မာန်မာနအရိပ်အငွေ့များ စွက်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။

ဝမ်ပေါင်လဲ့ အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ မဟာမြစ်တာအိုကျောင်းမှ ရှစ်လင်းကိုတွေ့လိုက်၏။ သူမသည် အခြားသူများထက် ဝိညာဉ်ချီများကို ပို၍အာရုံခံနိုင်စွမ်းရှိ၏။ သူမသည် လက်နောက်ပစ်ကာ မေးငေါ့ထားပြီး သူမ‌၏ဘေးရှိသူများကို ဝမ်းသာအားရ ကြေညာလိုက်ပေသည်။
“ တွေ့သွားပြီလား ”

“ အင်း… သူက ဝိညာဉ်ချီကို အာရုံခံတဲ့နေရာမှာ ပါရမီရှင်ဆိုတာ သံသယဖြစ်နေစရာမရှိတော့ပါဘူး… ငါ တစ်နာရီလောက် ကြိုးစားအာရုံခံတာတောင် ဘာမှအာရုံခံလို့မရခဲ့ဘူး ”
ရှစ်လင်း၏ ရှာဖွေတွေ့ရှိမှုသည် လူအုပ်၏ အာရုံစိုက်မှုကို ရရှိသွား၏။ မကြာမီ လူအားလုံးသည် ရှစ်လင်းပြောသော နေရာသို့ လျင်မြန်စွာသွားလိုက်ကြလေသည်။ ဝမ်ပေါင်လဲ့တစ်ယောက် လူအုပ်နှင့်အတူသွားနေရင်း လမ်းတစ်လျှောက်တွင် စိတ်ထဲ မချင့်မရဲဖြစ်နေ၏။ တစ်ခဏမျှကြာသောအခါ သူတို့သည် အနောက်မြောက်အရပ်ရှိ ကျတ်တီးမြေနေရာတစ်နေရာသို့ ရောက်သွားလေသည်။

ထိုကျတ်တီးမြေပေါ်တွင် ပျံ့နှံ့နေသော ဝိညာဉ်ချီအချို့၏ အငွေ့အသက်များကို သူပြတ်ပြတ်သားသား အာရုံခံနိုင်၏။ ရှစ်လင်းသည်လည်း ထိုဝိညာဉ်ချီများကို အာရုံခံနိုင်သည်မှာ သေချာပေသည်။ သူမ၏ ဆံပင်များသည် လေထဲတွင် ဝဲလွင့်နေပြီး သူမက လူအုပ်ကိုဦးဆောင်ခေါ်သွား၏။ လူများသည် ထိုကျတ်တီးမြေတွင် စတင်တူးဆွလိုက်ကြသည်။ တဖြည်းဖြည်းဖြင့် မြေကြီးအတွင်း ဆယ်ပေခန့်တူးပြီးသောအခါ လက်သည်းခွံအရွယ်အစားရှိသည့် အကျိူးအပဲ့တစ်ခုကို တွေ့ရှိလိုက်ရလေသည်။

မကြာခင်မှာပင် အကျိုးအပဲ့သည် မြေကြီးအတွင်းမှ ထွက်လာပြီး သိပ်သည်းသော ဝိညာဉ်ချီများကို ထုတ်လွှတ်လိုက်ပြီး လူအားလုံး၏ လိုချင်ဆန္ဒကိုစွလိုက်လေသည်။ သို့သော် ထိုအကျိုးအပဲ့ကို ရှာတွေ့သူမှာ ရှစ်လင်းဖြစ်ပြီး အဓိကတာအိုကျောင်း‌တော်ကြီးလေးကျောင်း၏ စည်းမျဉ်းအရ ရှာတွေ့သူသာ ပိုင်ဆိုင်ရမည်ဖြစ်ရာ ထိုသူများသည် သူတို့၏မျက်စိရှေ့တွင် သူတစ်ပါးလက်ထဲ အကျိုးအပဲ့ပါသွားသည်ကိုသာ လက်မှိုင်ချကြည့်နေရလေတော့သည်။ သို့သော် ထိုအကျိုးအပဲ့၏ ဝိညာဉ်ချီက သိပ်သည်းသော်လည်း အခြေတည်အဆင့်သို့ရောက်ရန် အထောက်အကူမဖြစ်ပေ။

“ အားလုံး မပူကြပါနဲ့… ငါ ရှစ်လင်းရှိနေရင် ငါတို့အကုန်လုံး အကျိုးအပဲ့တစ်ခုစီရဖို့လောက်က ပြဿနာမဟုတ်ပါဘူး ”
သူမသည် အကျိုးအပဲ့ကိုကိုင်ကာ အင်္ကျီလက်ကိုခါ၍ ဝံ့ကြွားစွာ ပြောလိုက်လေသည်။

သူမ၏ စကားကြောင့် လူအုပ်သည် မျှော်လင့်ချက်များဖြင့် ပြည့်သွားပြီး သူမအနားတွင် ဝိုင်းကာ ဆက်လက်ရှာဖွေလိုက်ကြ၏။ ဝမ်ပေါင်လဲ့သည် ဘေးမှနေ၍ ထိုအရာများအားလုံးကိုကြည့်နေပြီး အောင့်သက်သက်ခံစားနေရကာ သူမကို လွန်စွာမကျေမနပ်ဖြစ်နေပေသည်။

‘ ငါ့ရဲ့ ဝါးမျိုခြင်းသစ်စေ့က အဲ့ ဝိညာဉ်ချီအာရုံခံကိရိယာကို မနိုင်ဘူးဆိုတာ ငါမယုံဘူး ’
ဝမ်ပေါင်လဲ့သည် သူမကိုစိုက်ကြည့်လိုက်ပြီး သူ၏ ဝါးမျိုခြင်းသစ်စေ့ကို နှိုးကာ ထပ်မံရှာဖွေလိုက်သည်။

အချိန်များကုန်ဆုံးသွားပြီး ငါးမိနစ်ကြာပြီးနောက် လူအုပ်က ဆက်၍ရှာဖွေနေဆဲမှာပင် ဝမ်ပေါင်လဲ့တစ်ယောက် ဝိညာဉ်ချီထွက်ပေါ်လာမှုတစ်ခုကို အာရုံခံမိလိုက်သဖြင့် ဆတ်ခနဲတုန်သွားလေသည်။ သူသည် ဝမ်းသာအားရဖြင့် အော်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင်…

ရှစ်လင်းသည် သူ့ထက် ခြေတစ်လှမ်းဦးသွားပြန်၏။ သူမသည် ဂုဏ်ယူဝံ့ကြွားသောအသံဖြင့် ကြေညာလိုက်သည်။
“ ငါ နောက်ထပ်တစ်ခုတွေ့ပြီ။ အဲဒါက ရှေ့ပေတစ်ထောင်အကွာမှာပဲ ”

ဝမ်ပေါင်လဲ့ တုန်လှုပ်သွားပြီး ထိုစကားကြောင့် ရှေ့သို့ပြေးထွက်သွားကြသော လူအုပ်ကြီးကိုငေးကြည့်ကာ အံ့အားသင့်နေလေသည်။ လျင်မြန်စွာပင် နောက်ထပ်အကျိုးအပဲ့တစ်ခုကို ရှာတွေ့ခဲ့ပေပြီ။ သို့သော် ထိုအကျိုးအပဲ့သည်လည်း အခြေတည်အဆင့်အတွက် အသုံးဝင်သော အကျိုးအပဲ့မဟုတ်သဖြင့် စိတ်မကောင်းစရာပင်။

ဝမ်ပေါင်လဲ့သည် ဖြစ်ပျက်နေသောအရာအားလုံးကို မကျေမနပ်ဖြစ်နေလေသည်။

‘ သူက ငါ့ရဲ့ ဝဋ်ကြွေးလား ’
ဝမ်ပေါင်လဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် အင်္ကျီလက်ကို ခါလိုက်သော ရှစ်လင်ကိုကြည့်လိုက်၏။ သူမကိုကြည့်ရင်း ဝမ်ပေါင်လဲ့ ပို၍ ကြိတ်မနိုင်ခဲမရဖြစ်လာ၏။

‘ ဘယ်လိုတောင် ထူးဆန်းတဲ့အကျင့်လဲ… သူ့ရဲ့ အင်္ကျီလက်ကိုခါတာတဲ့ ’
ဝမ်ပေါင်လဲ့ ခပ်မဲ့မဲ့ပြုံးလိုက်ပြီး လူအုပ်မှခွဲထွက်၍ သူ့ဘာသာလိုက်ရှာရန် တွေးလိုက်လေသည်။ သို့သော် သူလူခွဲထွက်သွားလျှင် သူသည် ရှစ်လင်ထက် ညံ့ကြောင်း ဝန်ခံလိုက်သလိုဖြစ်သွားမည်ဟု ခံစားလိုက်ရ၏။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့တွေးမိလိုက်ပြီး အရှုံးမပေးနိုင်ကြောင်း ဆုံးဖြတ်လိုက်လေတော့သည်။ ထို့ကြောင့် သူသည် ဝါးမျိုခြင်းသစ်စေ့၏ စုပ်အားကို မြှင့်တင်လိုက်ပြီး သူ၏ စွမ်းရည်ကို သက်သေပြရန် ရှစ်လင်းထက် မြန်မြန် အကျိုးအပဲ့ကိုရှာနိုင်‌ရေးအတွက် ဝိညာဉ်ချီရှာဖွေခြင်းတွင်သာ အာရုံစိုက်ထားလိုက်သည်။

တစ်ခုတည်းသော ပြဿနာမှာ ထိုအစီအစဉ်သည်ကောင်းသော်လည်း ကိစ္စများသည် ဝမ်ပေါင်လဲ့၏အကြံကဲ့သို့ မဖြစ်ခြင်းပင်။ မကြာမီမှာပင် သူသည် တတိယအကျိုးအပဲ့ကို အာရုံခံမိလိုက်၏။
“ ငါ ထပ်တွေ့ပြန်ပြီ..ဟား… ”

ဝမ်ပေါင်လဲ့ အသက်ရှူသွင်းလိုက်ပြီး အံတင်းတင်းကြိတ်ကာ ဆက်ရှာဖွေလိုက်၏။ သို့သော် ထပ်မံ၍…
“ လေးခုမြောက်ကိုတွေ့ပြီ။ အဲဒါက အရှေ့ဘက်မှာ ”

“ အဲ့နေရာမှာ အကျိုးအပဲ့တွေအများကြီးရှိတယ်။ ငါးခုမြောက်က ပေသုံးရာအကွာက ဟိုနေရာမှာ… ”

“ ခြောက်ခုမြောက်က အရှေ့ပေတစ်ထောင်အကွာလောက်မှာ… ”
ရှစ်လင်းသည် အဆက်မပြတ် အော်ပြောနေရာ လူအုပ်သည် ရှစ်လင်း၏ ဝိညာဉ်ချီအာရုံခံနိုင်စွမ်းကို အံ့အားသင့်နေလေတော့သည်။ ရှစ်လင်းကို ချစ်ခင်စိတ်ဖြင့် ကြည့်ကာ မျက်လုံးများအရောင်လက်နေသော အမျိုးသမီးကျင့်ကြံသူအချို့ပင် ရှိလေသည်။

သို့သော် အခြေတည်အဆင့်အတွက် အသုံးဝင်သော အကျိုးအပဲ့များသည် အနည်းငယ်သာရှိ၍ တစ်ခုနှင့်တစ်ခုလည်း အတော်ကွာကွာတွင် ရှိပုံရလေသည်။ ရှစ်လင်းသည် အကျိုးအပဲ့အများအပြားကို ရှာတွေ့ခဲ့သော်လည်း တစ်ခုမှ အခြေတည်အဆင့်အတွက် အသုံးမဝင်ပေ။

သို့သော် ထိုအကျိုးအပဲ့များသည် အခြေတည့်အဆင့်အတွက် အသုံးမဝင်ပါသော်လည်း လွန်စွာအဖိုးထိုက်တန်သေးပေသည်။

‘ အဲ့တစ်ယောက်က အာရုံခံကိရိယာ ပြန်ဝင်စားတာများလား ’
ဝမ်ပေါင်လဲ့သည် ပထမဆုံးအကြိမ် ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားလိုက်ရလေသည်။ ရှစ်လင်းတစ်ယောက် အကျိုးအပဲ့တစ်ခုရှာတွေ့တိုင်း သူမ၏ အင်္ကျီလက်ကို ဝံ့ကြွားစွာခါလိုက်ပုံကို ကြည့်ရင်း ဝမ်ပေါင်လဲ့ သက်ပြင်းသာချနေရပေသည်။

‘ ထားလိုက်ပါတော့… ငါက သူ့ထက် ပိုအားနည်းတာမဟုတ်ဘူး။ ငါက သိုသိုသိပ်သိပ်နေရလို့ပေါ့ကွာ။ ဟွမ်ရှန်းကလည်း နည်းနည်းထူးဆန်းနေတယ်ဆို‌တော့ ငါ့အနေနဲ့ လူအာရုံစိုက်ခံရမယ့်ကိစ္စမျိုးတွေ သိပ်မလုပ်သင့်ဘူး။ ငါ့ဘာသာ တစ်ယောက်တည်း ခွဲထွက်သွားတာ ပိုကောင်းမယ်ထင်တယ် ’
ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ကို အသိပေးရန် ပြင်လိုက်စဉ်တွင် သူ၏ဝါးမျိုခြင်းသစ်စေ့သည် သိပ်သည်းသော ဝိညာဉ်ချီလှိုင်းတစ်ခုကို ရုတ်ခြည်းအာရုံခံမိလိုက်၏။

“ ငါ တွေ့ပြီ ”
ဝမ်‌ပေါင်လဲ့က ချက်ချင်းပင် ကျယ်လောင်စွာထအော်လိုက်သည်။ သို့သော် သူအော်လိုက်ချိန်မှာပင် ရှစ်လင်းအပါအဝင် အခြားသူများသည်လည်း စိတ်လှုပ်တရှား အော်လိုက်ကြလေသည်။
“ ငါလည်းတွေ့ပြီ ”

“ အရှေ့မှာ တော်တော်လေး ထူထဲတဲ့ ဝိညာဉ်ချီလှိုင်းတွေရှိနေတယ် ”
လူအုပ်သည် ဝမ်းသာအားရဖြစ်သွားပြီး မကြာမီ သူတို့ ယခင်က အာရုံခံရခဲ့သည်ထက်ပို၍ ပေါ်လွင်သော ဝိညာဉ်ချီလှိုင်းများကို လူအားလုံး အာရုံခံမိလိုက်၏။ ထိုဝိညာဉ်ချီလှိုင်းများ ထွက်ပေါ်နေသောနေရာသည် သူတို့အရှေ့တွင်ရှိသည်ဟု ထင်ရပေသည်။ ထိုနေရာတွင် ကြီးမားသော ဝိညာဉ်ချီအရင်းအမြစ်ကြီးတစ်ခု ရှိနေပြီး အရပ်မျက်နှာအနှံ့ကို ဝိညာဉ်ချီလှိုင်းများ ထုတ်လွှတ်ကာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားပုံရ၏။

လူအားလုံးသည် ချက်ချင်းပင် စိတ်အားတက်ကြွသွားကြ၏။ သူတို့သည် ရုတ်ခြည်းပင် ရှေ့သို့ အပြေးအလွှားသွားလိုက်ကြသည်။ ဝမ်ပေါင်လဲ့သည်ပင် သူ၏မကျေမနပ်မှုများကို ချိုးနှိမ်၍ အခြားသူများနှင့်အတူ အရှိန်မြှင့်ကာ အပြေးသွားလိုက်လေသည်။

မကြာမီ သူတို့သည် အရှေ့၌ရှိသော အရာကို ရှင်းလင်းစွာမြင်ခဲ့ရပေပြီ။ သူတို့သည် အသက်ရှူရန်ပင်မေ့သွားကြပြီး မကြာခင် အသက်ရှူနှုန်းများ မြန်လာလေတော့သည်။

ဝမ်ပေါင်လဲ့သည်လည်း အံ့ဩမှင်တက်နေ၏။ သူတို့၏အရှေ့တွင် မြေအောက်ထဲတွင် နစ်မြုပ်မနေဘဲ မြေပေါ်နေရာအနှံ့တွင် ပေါ်နေသော အကျိုးအပဲ့တစ်ရာကျော် ရှိနေသည့် ချိုင့်ဝှမ်းတစ်ခုရှိလေသည်။ ထိုနေရာတွင် ရှိခဲ့သည် ဧရာမအကျိုးအပဲ့ကြီးတစ်ခုသည် တစ်စစီဖြစ်သွားပြီး ချိုင့်ဝှမ်းတစ်ခုလုံးတွင် အကျိုးအပဲ့အသေးလေးများ ပျံ့နှံ့သွားပုံရလေသည်။

ထို့ကြောင့် ယင်းနေရာတွင် ဝိညာဉ်ချီများသည် လွန်စွာ သိပ်သည်းနေပေသည်။ ထိုနေရာနှင့် နီးကပ်လာလေလေ ပို၍ သိပ်သည်းလာလေလေပင်။
“ ဘုရားရေ… ဒီနေရာမှာ… ”

“ ဧရာမအကျိုးအပဲ့ကြီးရဲ့ အကြွင်းအကျန်တွေလား… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီလောက် သိသာတဲ့ အကျိုးအပဲ့တွေကို အရင်က ဘယ်သူမှရှာမတွေ့ခဲ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား ”

Comment

Leave a Reply

Options

not work with dark mode
Reset