Switch Mode

အခန်း ( ၂၃၈ )

လကမ္ဘာသို့ သွားကြပြီ

တချိန်တည်းမှာပင် အဓိကတာအိုကျောင်းတော်ကြီးလေးကျောင်းမှ ကျင့်ကြံသူ တစ်ထောင်ကျော်သည် တည်နေရာရွှေ့ပြောင်းခြင်း ဝဲက‌တော့ကြီးအတွင်းဝင်၍ လကမ္ဘာသို့သွားလိုက်စဉ် လအခြေစိုက်စခန်းရှိ ပြည်ထောင်စုမှ အခြားအဖွဲ့အစည်းများသည်လည်း စုဝေးလိုက်ပြီး သူတို့၏ ဂိုဏ်းသားများကို သူတို့၏ တည်နေရာရွှေ့ပြောင်းခြင်း ဝဲကတော့ကြီးများအတွင်းသို့ စေလွှတ်လိုက်ကြလေသည်။

လအခြေစိုက်စခန်းရှိ ပြည်ထောင်စု၏ အဓိကဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းဖြစ်သော အဓိကတာအိုကျောင်းတော်ကြီးလေးကျောင်းမှ ဂိုဏ်းသားများနှင့်လည်း ဆက်ဆံရေးသိပ်အဆင်မပြေလှသည့် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဝင်ပေါက်နေရာတွင် ကျောချမ်းဖွယ် တိတ်ဆိတ်နေပေသည်။ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းသားတစ်ထောင်ကျော်၏ မျက်လုံးများထဲတွင် အေးစက်စက်အငွေ့အသက်များရှိနေပြီး သူတို့၏ တည်နေရာရွှေ့ပြောင်းခြင်းဝဲကတော့ကြီးဆီသို့ တိတ်တဆိတ်သွားလိုက်ကြ၏။ ထိုဂိုဏ်းသားများသည် သူတို့အနီးသို့ အခြားသူများမကပ်စေလိုသည့်အလား တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ,နေကြလေသည်။

သူတို့၏ ခန္ဓာကိုယ်များမှ မကောင်းသောအငွေ့အသက်များ ထွက်ပေါ်နေပြီး သူတို့၏ မျက်လုံးများထဲတွင် အေးစက်စက်အကြည့်များရှိနေပေသည်။

သူတို့သည် သူတို့အသက်ကို အရေးမစိုက်သည့်ဟန်ရှိနေပြီး သူတို့မျက်ဝန်းများအတွင်းမှ အေးစက်မှုများက သူတို့သည် သတ်ဖြတ်ရန်သွားနေသကဲ့သို့ပင် ထင်ရလေသည်။

ထိုသူများကား နာမည်ကြီးစပြုလာသည့် ပြည်ထောင်စုအတွင်းမှ ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဖြစ်ပေတော့သည်။

ပြည်ထောင်စုရှိ လူသာမန်များ၏ အမြင်တွင် ဆည်းဆာကြယ်စင်စုဂိုဏ်းသည် အခြားဂိုဏ်းများနှင့်ကွဲပြားလေသည်။ အခြားဂိုဏ်းများသည် ရိုးရာနှင့် ဓလေ့ထုံးတမ်းများကို အလေးထား၍ ထိုဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်ကာ ရှေးဆန်သောအရှိန်အဝါတစ်ခုရှိလေသည်။ ဆည်းဆာကြယ်စင်စုဂိုဏ်းအစစ်အမှန်သည် အလွန်ရက်စက်ကာ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီး ပန်းတိုင်ကို အတိအကျသတ်မှတ်လုပ်ဆောင်သော ဂိုဏ်းတစ်ဂိုဏ်းပင်။ ထို့ကြောင့် ထိုဂိုဏ်းကို မိစ္ဆာဂိုဏ်းဟုခေါ်လျှင် လွန်လိမ့်မည်မဟုတ်ပေ။

ပြည်ထောင်စုပျိုးပင်အဖြစ်ရွေးချယ်ခံရသော ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းသားများသည် ဂိုဏ်းမှသေချာရွေးချယ်ထားသော သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် မကောင်းသောအကျင့်စရိုက်များ မရှိသည့်သူများဖြစ်သည်။ ပြည်ထောင်စုပျိုးပင်ရွေးချယ်ခြင်း အစီအစဉ်ကို ပြည်ထောင်စုတစ်စုလုံးအတွင်း ထုတ်လွှင့်သည်ဖြစ်ရာ ဂိုဏ်း၏ပုံရိပ်ကို မထိခိုက်စေရန် ကြိုးပမ်းရမည် မဟုတ်ပေလော။

အမှန်တွင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ရွေးချယ်ထားသော ပြည်ထောင်စုပျိုးပင်ဖြစ်လာရမည့် ဂိုဏ်းသားများသည်လည်း ထူးချွန်သူများဖြစ်သည်။ သို့သော် သူတို့သည် ဂိုဏ်းအတွင်းမှ ထိပ်သီးအစစ်အမှန်များနှင့် မယှဉ်နိုင်သေးပေ။

သူတို့သည် ဂိုဏ်းမှ ထိပ်သီးအစစ်အမှန်များကို တစ်လောကလုံးသိအောင် လုပ်ရန်မလိုပေ။ လက်ရှိလူအုပ်အကြားတွင် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ထိပ်သီးအစစ်အမှန်နှစ်ဦးပါဝင်လေသည်။

ထိုနှစ်ဦးသည် လူအုပ်အကြားတွင် ရောတိရောရာနေ,နေသော်လည်း လူများ၏ အာရုံစိုက်မှုများကို ရသေးပေသည်။ သူတို့သည် လူကြားထဲတွင် သူတို့ကို အလွယ်တကူသတိပြုမိစေနိုင်သည့် တမူထူးခြားသော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားသကဲ့သို့ပင်။

ထိုနှစ်ဦးတွင် တစ်ဦးသည် အမျိုးသားဖြစ်၍ တစ်ဦးသည် အမျိုးသမီးဖြစ်သည်။ အမျိုးသားသည် ပိန်ပါးသော လူငယ်တစ်ဦးဖြစ်ပြီး သူ၏မျက်လုံးများထဲတွင် အေးစက်စက်အကြည့်များရှိလေသည်။ သူ၏မျက်နှာ‌ပေါ်တွင် အမာရွတ်တစ်ခုရှိပြီး သူ၏ညာဘက်လက်တွင် အနက်ရောင်ပတ်တီးတစ်ခုရှိလေသည်။ ထိုပတ်တီးမှနေ၍ အနက်ရောင် အရောင်အဝါလှိုင်းများ ထွက်ပေါ်နေ၏။ ထိုအရောင်အဝါများသည် သူ့ကိုလွှမ်းခြုံနေရာ ယင်းလူငယ်သည် ပို၍ရက်စက်ခက်ထန်ပုံ ပေါ်နေပေသည်။ သူ၏ ထီမထင်မှုသည် ပေါ်လွင်နေပေသည်။

အမျိုးသမီးသည် အမျိုးသားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ သူမသည် လွန်စွာ လှပကျော့ရှင်းကာ အဖြူရောင်ကြာပန်းလေးတစ်ပွင့်ကဲ့သို့ ဖြူစင်ပေသည်။ သူမသည် အဖြူရောင်ဂါဝန်အရှည်တစ်ထည်ကို ဝတ်ဆင်ထား၏။ သူမ၏အလှသည် လွန်စွာဖြူစင်သောအလှပေ။ သို့သော် ဆည်းဆာကြယ်စင်စုဂိုဏ်းတွင် ရှင်သန်ရပ်တည်နိုင်ခဲ့ပြီး ထိပ်သီးတစ်ဦးဖြစ်နေပေရာ သူမသည် အားနွဲ့သူတစ်ဦးမဟုတ်ကြောင်း ထင်ရှားပေသည်။ သူမ၏ အနီးပေသုံးဆယ်အတွင်းသို့ မည်သူမှမကပ်ရဲပေ။ ထို့ပြင် သူမ၏ ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များထဲတွင် သတိထားနေသော အရိပ်အယောင်များ ထင်ထင်ရှားရှားရှိနေပေသည်။

ထိုအမျိုးသမီး၏ အန္တရာယ်အဆင့်သည် တိုင်းထွာရန်ခက်ခဲကြောင်း ထင်ရှား၏။ သူမ၏ အကြည့်များထဲတွင် စွဲမက်ဖွယ်အကြည့်များ မကြာမကြာ ထွက်ပေါ်လာ၏။ သို့သော် သေချာဂရုတစိုက်ကြည့်မည်ဆိုလျှင် ထိုစွဲမက်ဖွယ်ရုပ်သွင်၏ နောက်ကွယ်တွင် ရက်စက်မှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

ထိုအချိန်တွင် ယွီဟွားရှန်ထျန်းဂိုဏ်းနှင့် ပြည်ထောင်စု၏ မဟာဂိုဏ်းကြီးနှစ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းတွင် အထက်ပါဖော်ပြမှုများနှင့် ကွဲပြားသော အဖြစ်အပျက်များဖြစ်နေပေသည်။ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းသားများနှင့်ယှဉ်လျှင် ယွီဟွားရှန်ထျန်းဂိုဏ်းမှ ဂိုဏ်းသားများ၏ ပြင်ပခန္ဓာကိုယ်သည် ပို၍ သန်စွမ်းလေသည်။ ထိုဂိုဏ်းတစ်ခုလုံး၏ ပန်းတိုင်သည် ခန္ဓာကိုယ်သန်စွမ်းမှုကို အထွတ်အထိပ်ထိရောက်ရန်ဖြစ်သည်။ သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်သည် အခြေခံများသို့ ပြန်သွားခြင်းဟူသော နိယာမကို အခြေခံလေသည်။

ထို့ပြင် ဂိုဏ်းထဲတွင် အမျိုးသားဂိုဏ်းသားထက် အမျိုးသမီးဂိုဏ်းသားက ပိုများလေသည်။ ထို့ကြောင့် အခြားအဖွဲ့အစည်းများနှင့် ဂိုဏ်းများ၏ အမြင်၌ ထိုဂိုဏ်းတွင် အမျိုးသမီးဂိုဏ်းသားများသည် အမျိုးသားဂိုဏ်းသားများထက်ပို၍ စိတ်မြန်လက်မြန်ရှိကာ ဒေါသထွက်လွယ်ကြသည်ဟု ထင်ကြ၏။

ထိုဂိုဏ်းနှစ်ဂိုဏ်းအပြင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုသည်လည်း သူတို့၏ဂိုဏ်းသားများကို လအခြေစိုက်စခန်းရှိ သူတို့၏ တည်နေရာရွှေ့ပြောင်းခြင်း ဝဲကတော့ကြီးအတွင်းသို့ စေလွှတ်နေကြသည်။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်သည် မိသားစုငါးစု မဟာမိတ်အဖွဲ့တစ်ခု ဖြစ်ပေသည်။ သူတို့ကိုသူတို့ ‘ ကောင်းကင်မျိုးနွယ် ’ဟု သမုတ်ခြင်းကိုကြည့်လျှင် သူတို့၏မျိုးရိုးကို မည်မျှ ဂုဏ်ယူကြောင်းကို သိနိုင်ပေသည်။

ကျိုးမိသားစုသည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ ခေါင်းဆောင်ပိုင်းမိသားစုများထဲမှ တစ်စုဖြစ်သည်။ ရှေးဟောင်းကောင်းကင်မျိုးနွယ်မဟာမိတ်အဖွဲ့တွင် ခေါင်းဆောင်ပိုင်းမိသားစု ငါးစုရှိလေသည်။ မိသားစုတစ်စုစီ၏ မျိုးရိုးအမည်သည် မတူကြပေ။ သူတို့မျိုးနွယ်များထဲတွင် အနောက်ဘက်နှင့် အရှေ့ဘက်အင်အားစုများ ပါဝင်လေသည်။

ထို့ပြင် ထိုမိသားစုငါးစုကို မှီခိုနေရသည့် အခြားမိသားစုများ များစွာရှိရာ ထိုမိသားစုငါးစုသည် လျစ်လျူရှု၍မရသော အင်အားစုများဖြစ်လာပေသည်။ ထိုမိသားစုငါးစု၏ ဓလေ့ထုံးတမ်းများသည်လည်း အခြားမိသားစုများနှင့်ယှဉ်လျှင် ပို၍ အခြေတည်မြဲပြီး ဖြစ်ပေသည်။

တစ်ဆယ့်ခုနစ်ယောက်အဖွဲ့လွှတ်တော်သည်လည်း ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်နှင့် နေရာတော်တော်များများတွင် ဆင်တူပေသည်။ အကယ်၍ တစ်ဆယ့်ခုနစ်ယောက်အဖွဲ့လွှတ်တော်သည် မိသားစုငါးစုကဲ့သို့ မျိုးဆက်ပေါင်းများစွာ ပျက်သုဉ်းလောက်သည့်အန္တရာယ်နှင့် ရင်မဆိုင်ခဲ့ရလျှင် ထိုအဖွဲ့သည်လည်း ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်ကဲ့သို့ ကြီးမားသော မိသားစုအဖွဲ့ကြီးတစ်ခုအဖြစ် ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

ထိုတူညီမှုများကြောင့် ထိုအဖွဲ့အစည်းနှစ်ခုသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရင်းနှီးကြ၏။ ဥပမာအနေဖြင့် ပြောရလျှင် သူတို့၏ အခြေစိုက်စခန်းများသည် တစ်ခုနှင့်တစ်ခု မဝေးကြပေ။ တစ်ဆယ့်ခုနစ်ယောက်အဖွဲ့လွှတ်တော်၏ အခြေစိုက်စခန်းတွင် လီရှို့အပြင် အခြားလွှတ်တော်ဝင်များ၏ သားများနှင့် အစောင့်အရှောက်များစွာတို့သည် တည်နေရာရွှေ့ပြောင်းခြင်း ဝဲကတော့ကြီးအတွင်းသို့ ဝင်ကာ လကမ္ဘာသို့သွားလိုက်ကြလေသည်။

လကမ္ဘာဖွင့်လှစ်သောအခါတွင် ပြည်ထောင်စုအတွင်းရှိ အဖွဲ့တိုင်းသည် ဝင်ရောက်ပါဝင်ကြသည်ဟု ဆိုနိုင်ပေသည်။ ယခု လကမ္ဘာဖွင့်လှစ်မှုတွင်လည်း ထိုသို့သာဖြစ်သည်။ လသုံးစင်းမဟာမိတ်အဖွဲ့သည်လည်း အဖွဲ့သားအချို့ကို စေလွှတ်ကာ ကံစမ်းခဲ့လေသည်။

သို့သော် လသုံးစင်းမဟာမိတ်သည် အခြားအဖွဲ့အစည်းများနှင့် ကွဲပြား၏။ သူတို့သည် ယခင်က လကမ္ဘာသို့ လူများစေလွှတ်ခဲ့ဖူးသော်လည်း ဟန်ပြမျှသာဖြစ်သည်။ သူတို့စေလွှတ်ခဲ့သောသူများမှာ သူတို့၏ဆွေမျိုးများနှင့် ဆွေမျိုးများ၏ ဆွေမျိုးများသာဖြစ်သည်။ အဖွဲ့၏ အရေးပါသောသူများသည် တစ်ခါမှ လကမ္ဘာသို့ မသွားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့အတွက် ပိုက်ဆံဖြင့်ဖြေရှင်း၍ရသောကိစ္စကို သူတို့၏အသက်ကိုရင်း၍ စွန့်စားရန်မလိုသောကြောင့်ပင်။

သို့ရာတွင် ဤအကြိမ်တွင်မူ ကွဲပြားခဲ့ပေပြီ။ လသုံးစင်းမဟာမိတ်အဖွဲ့၏ ကြီးမား၍ ဇိမ်ခံပစ္စည်းများနှင့်ပြည့်နေသော အခြေစိုက်စခန်းတွင် ရောင်စုံအင်္ကျီ၊ ဒူးဖုံးဘောင်းဘီတိုနှင့် တန်ဖိုးကြီးနေကာမျက်မှန်ကို ဝတ်ဆင်ကာ တည်နေရာရွှေ့ပြောင်းခြင်းဝဲကတော့ကြီးအရှေ့ရှိ ခုံကြီးပေါ်တွင် လဲလျောင်းနေသော လူငယ်တစ်ဦးရှိနေလေသည်။ ထိုလူငယ်သည် တစ်ရေးတစ်မောအိပ်ကာ ဟောက်၍ပင်နေ၏။

သူ့နံဘေးတွင် မလုံမလဲဝတ်ဆင်ထားသော မိန်းမပျိုသုံးဆယ်ခန့် ဝန်းရံနေပေသည်။ ထိုမိန်းမပျိုအားလုံးသည် လှပချောမောကြပြီး ကျင့်ကြံခြင်းအဆင့်လည်း မြင့်ကြပေသည်။ သူမတို့သည် စကားတပြောပြောဖြင့် လူငယ်လေးအတွက် ထီးမိုးပေးသူကမိုး၊ နှိပ်ပေးသူကနှိပ်၊ သစ်သီးအခွံနွာပေးသူကနွာဖြင့် လုပ်နေကြလေသည်။ လူငယ်က အိပ်ပျော်နေသော်လည်း သူမတို့သည် ပြုစုပေးမှုကို မရပ်တန့်လိုက်ကြပေ။

ထို့ပြင် လူငယ်လေး၏ အစောင့်အေရှာက်များဖြစ်သော အထင်ကြီးလောက်သည့် ကျင့်ကြံသူဆယ်ဦးသည်လည်း ထိုခုံကြီးကို ဝန်းရံထားလေသည်။ ထိုအစောင့်အရှောက်များအပြင် ခုံကြီးက ဘေးတစ်ဖက်တစ်ချက်စီ၌ အရပ်ပေခုနစ်ဆယ်ရှည်သော လူဝံကြီးနှစ်ကောင်သည်လည်း ဆောင့်ကြောင့်ထိုင်နေပေသည်။

တည်နေရာရွှေ့ပြောင်းခြင်းဝဲကတော့ကြီး၏ ဘေးနှစ်ဖက်တွင် လသုံးစင်းမဟာမိတ်အဖွဲ့မှ အမြုတေအဆင့်ရှိသော အကြီးအကဲအချို့ရှိနေပြီး ဟောက်နေသောလူငယ်လေးကို စိတ်မသက်သာဟန်ဖြင့် ကြည့်နေကြလေသည်။ သူတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ရင်ထဲမှ သက်ပြင်းချလိုက်ကြသည်။
“ သခင်လေးက ဘာတွေတွေးနေတာလဲ… အိမ်တော်မှာပဲ လေ့ကျင့်တာက သူ့အတွက်မလုံလောက်ဘူးလား။ ဘာလို့ သူက အခြေတည်အဆင့်ကိုရောက်ဖို့အတွက်လောက်နဲ့ ဒီကိုလာရတာလဲ။ ပြီးတော့ သခင်ကြီးက သူ့ကို ပြီးပြည့်စုံတဲ့အ‌ဆောင်တစ်ခုကို ပေးခဲ့ပြီးပြီမဟုတ်ဘူးလား ”

“ သခင်လေးက မိသားစုအဖွဲ့အစည်းကို အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီး အခြေတည်အဆင့်ကိုရောက်အောင်လုပ်မယ်လို့ တစ်ယောက်ယောက်နဲ့ လောင်းထားလို့ပါ။ အဲဒါကြောင့် သခင်လေးက သခင်ကြီးအခန်းအောင်းကျင့်ကြံနေတုန်း ဒီကိုလာခဲ့တာ… ”

“ အဲဒါက ပြဿနာကို မီးထွန်းရှာတာမဟုတ်ဘူးလား။ မြန်မြန် တခြားအဖွဲ့တွေကို အသိပေးလိုက်… သခင်လေးကို ဘယ်လိုအန္တရာယ်နဲ့မှ ကြုံစေလို့မရဘူး… ”
အကြီးအကဲသည် အကြံအိုက်နေသည့်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။ သို့သော် သူသည် သခင်လေးအား မည်သို့ဖျောင်းဖျရမည်ကို မသိပေ။ ထိုသခင်လေးဆိုသူ လူငယ်လေးသည် လသုံးစင်းမဟာမိတ်အဖွဲ့၏ ကျန်ရှိနေသော အမွေခံနှစ်ဦးထဲမှ တစ်ဦးပင် မဟုတ်ပါလော။

အခြားမိသားစုအဖွဲ့များ၏ အလုံးစုံထိန်းချုပ်ခြင်းကို ခံနေရသော လသုံးစင်းမဟာမိတ်အဖွဲ့အတွက် ထိုလူငယ်လေးသည် အာနာပါနအဆင့်ရှိသောလူတစ်ဦးသာဖြစ်သော်လည်း ဂုဏ်အဆင့်အတန်းမြင့်ကာ ချမ်းသာသူတစ်ဦးဖြစ်သဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်ကို လျစ်လျူရှုထားနိုင်ပေသည်။

အကြီးအကဲများ ထိုကိစ္စကို စိုးရိမ်နေစဉ်တွင် ခုံကြီးပေါ်တွင် လဲလျောင်းနေသော လူငယ်လေးသည် နှာချေလိုက်ပြီး အိပ်မှုန်စုံမွှားဖြင့် ထလာလေသည်။ သူက ညာဘက်လက်ကို မြှောက်လိုက်ရာ သူ့နံ‌ဘေးရှိ မိန်းမပျိုလေးများသည် သူ့ကို ထူပေးလိုက်ကြသည်။ လူငယ်လေးသည် သမ်းဝေရင်း လကမ္ဘာဖွင့်မည့် အချိန်ကိုရောက်ပြီလား မေးလိုက်၏။ လကမ္ဘာဖွင့်လှစ်ပြီဖြစ်ကြောင်း အတည်ပြုပြီးသွားသောအခါ လူငယ်လေးသည် စိတ်အားတက်ကြွသွားပြီး အရှေ့သို့ လက်ညှိုးညွှန်ပြလိုက်လေသည်။

“ သွားကြစို့ ”
သူအမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် လူဝံကြီးနှစ်ကောင်သည် အော်လိုက်ပြီး ခုံကြီးကိုမလိုက်လေ‌တော့သည်။ မိန်းမပျိုလေးများနှင့် အစောင့်အရှောက်များသည် သူ့ပတ်လည်တွင် ဝန်းရံလိုက်ပြီး ထိုလူအုပ်သည် တည်နေရာရွှေ့ပြောင်းခြင်းဝဲကတော့ကြီးဆီသို့ သွားလိုက်ကြလေသည်။

လအခြေစိုက်စခန်းတွင် စုဝေးနေသော အဖွဲ့အသီးအသီး၊ ဂိုဏ်းအသီးသီးမှ လူများသည် လကမ္ဘာသို့ သွားလိုက်ကြသောအခါ လကမ္ဘာ၏ အလင်းခြမ်းရှိ ချိုင့်ဝှမ်းတစ်ခုတွင် တောက်ပသောအလင်းတစ်ခု လင်းလက်သွားပေသည်။ ထိုနေရာတွင် အဓိကတာအိုကျောင်းတော်ကြီးလေးကျောင်းမှ ဂိုဏ်းသားတစ်ထောင်ကျော်ပေါ်လာ၏။

မကြာခင် ထိုနေရာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ ဂိုဏ်းသားများအကြားတွင် ဆွေးနွေးသံများ၊ မြန်ဆန်သော အသက်ရှူသံများ ထွက်ပေါ်လာလေတော့သည်။

ထိုလူအုပ်အကြားရှိ ဝမ်ပေါင်လဲ့သည်လည်း နေရာပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူသည် အခြေစိုက်စခန်းမှနေ၍ အခြားနေရာတစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း သတိပြုမိသွားပြီးနောက် မှောင်မည်းနေသောကောင်းကင်နှင့် ကန္တာရကဲ့သို့ အဝါရောင်မြေပြင်ကို ကြည့်လိုက်လေသည်။ လကမ္ဘာပေါ်ရှိ ဖိအားဒဏ်ကို ခံနေရသဖြင့် သူ၏ နှလုံးခုန်နှုန်းသည် တစ်စထက်တစ်စ မြန်လာလေတော့သည်။

ထို့နောက် သူတို့သည် ပတ်ဝန်းကျင်နှင့်နေသားကျသွားသောအခါ အဓိကတာအိုကျောင်းတော်ကြီးလေးကျောင်းမှ ဂိုဏ်းသားအချို့သည် လူအုပ်နှင့် ခွဲသွားရန် ရွေးချယ်လိုက်ကြ၏။ အချို့သည် သုံးယောက်တစ်စု၊ ငါးယောက်တစ်စုဖြင့် လူခွဲသွားကြ၏။ အချို့မှာမူ တစ်ယောက်တည်းထွက်ခွာသွားကြလေသည်။

ကျန်လူများအတွင်းမှ ဝါရင့်ဂိုဏ်းသားများသည် တစ်ယောက်ချင်းစီအမြင်ကို ပြော၍ ဆွေးနွေးလိုက်ကြပြီး အကျိုးအပဲ့များကို ရှာရာတွင် အတူတကွသွားရန် ဆုံးဖြတ်လိုက်ကြ၏။

ထိုအတူတကွသွားမည့် သူများအထဲတွင် ထောင်ချောက်အဆောင်မှ ဟွမ်ရှန်းလည်းပါဝင်ပေသည်။

ဝမ်ပေါင်လဲ့သည်လည်း တွေးတောလိုက်ပြီး ကျိုးရိဖန်၊ ကျောက်ယမုန့်တို့နှင့် ဆွေးနွေးလိုက်ပြီး စတင်မလှုပ်ရှားသေးရန် ဆုံးဖြတ်လိုက်ကြလေသည်။ သူတို့သည် ကျန်ရှိနေသော လူအုပ်နှင့် အတူတကွသွားရန် ရွေးချယ်လိုက်ပြီး တဒင်္ဂမျှ အကျိုးအပဲ့များကို အတူတကွရှာရန် ဆုံးဖြတ်ချက်ချလိုက်၏။ ‌နောက်မှ သူတို့ ထိုလူအုပ်မှ ခွဲထွက်၊ မခွဲထွက်ဆိုသည်ကို အခြေအနေအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်သည်။

ထိုသို့ဖြင့် အဓိကတာအိုကျောင်းတော်ကြီးလေးကျောင်းမှ ဂိုဏ်းသားရာကျော်သည် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်၍ ချိုင့်ဝှမ်းအတွင်းမှထွက်ကာ တက်ကြွမှုများဖြင့် အဝေးသို့ အတူတကွလျှောက်သွားလိုက်ကြလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset