လအခြေစိုက်စခန်းသည် ရွှေဖြင့်ပြုလုပ်ထားသည့် မြို့တော်တစ်ခုကဲ့သို့ပင်။ ၎င်းသည် မကြီးမားသော်လည်း လူသောင်းချီဆန့်လေသည်။ ၎င်း၏အောက်မှ ထွက်ပေါ်နေသော အသံများကြောင့် ထိုအခြေစိုက်စခန်းတစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်ဟု ထင်ရပေသည်။
အဓိကတာအိုကျောင်းကြီးလေးကျောင်းသည် အခြေစိုက်စခန်းအတွင်းရှိ ပြည်သူ့ရင်ပြင်တွင် စုဝေးနေကြသည်။ ပြည်သူ့ရင်ပြင်အရှေ့တွင် အလင်းရောင်မျိုးစုံတောက်ပနေသော ရှည်လျားသည့်ဝဲကတော့ကြီးတစ်ခု ရှိနေ၏။ အလင်းများသည် ဝဲကတော့ကြီးအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ကို အလင်းတန်းများ ဖြာကျနေပေသည်။ ဝဲကတော့ကြီးအတွင်း၌ တည်နေရာရွှေ့ပြောင်းခြင်း စွမ်းအားများ လှုပ်ရှားထကြွနေ၏။
ထိုဝဲကတော့ကြီးသည် လကမ္ဘာကို ဝင်ရောက်နိုင်သော ဝင်ပေါက်တစ်ခုဖြစ်သည်။ ထိုဝဲအတွင်းသို့ ဝင်လိုက်လျှင် အဓိက တာအိုကျောင်းကြီးလေးကျောင်း စုဝေးနေရာ နေရာမှ လကမ္ဘာအတွင်းသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။
အဓိကတာအိုကျောင်းကြီးလေးကျောင်း စုဝေးနေသော လအခြေစိုက်စခန်းရှိ ပြည်သူ့ရင်ပြင်တွင် တာအိုကျောင်းကြီးလေးကျောင်းမှ တပည့်များသည် ကောင်းကင်တာအိုကျောင်းမှလူများ ရောက်လာသောအခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး မျက်မှန်းတန်းမိအောင် လုပ်နေလေသည်။ ကျောင်းတော်လေးကျောင်း၏ ဂိုဏ်းချုပ်လေးဦးသည်လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စကားပြောဆိုနေကြပြီး သူတို့၏တာအိုကျောင်းများမှ အမြုတေအဆင့် ကျင့်ကြံသူများက သူတို့ကို အဖော်ပြုနေကြ၏။
အဓိကတာအိုကျောင်းလေးကျောင်း၏ ဓလေ့ထုံးတမ်းများအရ လကမ္ဘာကို ဖွင့်လှစ်သည့်အခါတိုင်း ကျောင်းတစ်ကျောင်းစီမှ ဂိုဏ်းချုပ်များသည် ကိုယ်တိုင်တက်ရောက်ရမည် ဖြစ်သည်။ ထိုသို့တက်ရောက်ရခြင်းမှာ မတော်တဆမှုများ ဖြစ်ပေါ်မလာစေရန်ဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် ဂိုဏ်းချုပ်များ၏ အစောင့်အရှောက်များအဖြစ် အမြုတေအဆင့် ကျင့်ကြံသူ အနည်းဆုံးငါးဦးရှိလေသည်။
သို့ဖြစ်၍ ထိုနေရာသည် အတန်ငယ်သက်တောင့်သက်သာ မရှိသကဲ့သို့ ခံစားနေရ၏။ အဓိကတာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများသည် တစ်ဦးနှင့်တစ်ဦး မရင်းနှီးသောကြောင့်လည်း ပါပေသည်။ သို့သော် ထိုကျောင်းသားများသည် ယခင်စုဝေးပွဲများတွင် တစ်ဦးနှင့်တစ်ဦး တွေ့ဖူးထားသည်ဖြစ်ရာ သူစိမ်းဟုလည်း ဆို၍မရပေ။
ဝါရင့်ဂိုဏ်းသားများသည် တစ်ဦးနှင့်တစ်ဦး အတော်အတန် မျက်မှန်းတန်းနေကြပြီ ဖြစ်သည်။ သူတို့သည် အချင်းချင်း နှုတ်ဆက်လိုက်ကြပြီး ထိုအထဲမှ အချို့သည် အုပ်စုဖွဲ့စကားပြောဆို၍ အချို့သည် သူတို့ဘာသာ တစ်ကိုယ်တည်း ရပ်နေလေသည်။ သူတို့သည် ပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီး တည်နေရာရွှေ့ပြောင်းဝဲကတော့ဝင်ပေါက်ကြီးကို တွေ့သောအခါ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်များ၊ အလိုဆန္ဒများနှင့် ပြည့်နှက်သွား၏။
ဝမ်ပေါင်လဲ့မှာမူ ပြည်ထောင်စုပျိုးပင်တစ်ဦးဖြစ်သဖြင့် သူ သိသည့်လူထက် သူ့ကိုသိသည့်လူက ပိုများလေသည်။ သူသည် အခြားအဓိကတာအိုကျောင်းကြီးလေးကျောင်းမှ ဂိုဏ်းသား၊ ဂိုဏ်းသူများအကြားတွင် ရင်းနှီးသောမျက်နှာများကို တွေ့လိုက်ရ၏။ ဝိညာဉ်အမြစ်ရွာမှ လီယီ၊ အနက်ရောင်မျက်နှာနှင့်လူငယ်လေး နှင့် အခြားသူများသည် ဝမ်ပေါင်လဲ့ကို မြင်တွေ့လိုက်ရသောအခါ မျက်နှာများ ရှုံ့မဲ့သွားကြ၏။ သူတို့ထဲမှ အချို့သည် မုန်းတီးမှုများဖြင့် အံကြိတ်လိုက်ကြသော်လည်း ဝမ်ပေါင်လဲ့ရင်တွင်းမှ ပေါ်ပေါက်လာသော ရင်းနှီးသည့်ခံစားချက်များကို မရပ်တန့်လိုက်နိုင်ပေ။
“ တစ်ခါတလေတော့ အဓိကတာအိုကျောင်းတော်ကြီးလေးကျောင်းရဲ့ ဂိုဏ်းသူ၊ ဂိုဏ်းသားတွေက မိသားစုတွေလိုပဲလို့ ငါ ခံစားရတယ်။ ငါတို့က အတူတူမနေဘူးဆိုပေမယ့် မကြာမကြာတော့ တွေ့ရသားပဲ ”
ဝမ်ပေါင်လဲ့တစ်ယောက် ခံစားချက်များဖြင့် သက်ပြင်းချလိုက်ပြီး သူ့ဘေးတွင်ရပ်နေသည့် ကျိုးရိဖန်ကို ကြည့်လိုက်၏။ သူသည် ပြောပြောဆိုဆိုဖြင့်ပင် သမင်ဖြူတာအိုကျောင်းမှ လူများကို လက်မြှောက်နှုတ်ဆက်လိုက်သည်။
ကျိုးရိဖန်က ခေါင်းညိတ်ပြလိုက်၏။ အမှန်တွင် ထိုသို့ခံစားနေရသည့်သူများမှာ သူတို့သာ မဟုတ်ပေ။ ထိုကဲ့သို့ ခံစားနေရသည့် အခြား အဓိကတာအိုကျောင်းကြီးသုံးကျောင်းမှ လူအများအပြားလည်း ရှိပေသေးသည်။ ထို့ကြောင့် အဓိက တာအိုကျောင်းကြီးလေးကျောင်းသည် မဟာမိတ်ဖြစ်သည်ဟု ကျော်ကြားခြင်းဖြစ်သည်။ ထိုသို့ မဟာမိတ်ဖြစ်လာသည်မှာလည်း တာအိုကျောင်းများ၏ ကြိုးစားဖန်တီးခဲ့ခြင်းရလာဒ်ပင်။
အဓိက တာအိုကျောင်းကြီးလေးကျောင်းမှ တပည့်များသည် တစ်ဦးနှင့်တစ်ဦး လေ့လာကြည့်ရှုနေကြပြီး နှုတ်ဆက်နေကြ၏။ အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာ၏။ တာအိုကျောင်းများ၏ ဂိုဏ်းချုပ်များသည်လည်း တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ဆွေးနွေးပြီးသွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်သည် တပည့်များ လကမ္ဘာအတွင်းသို့ မဝင်မီ ကြေညာချက်တစ်ခုထုတ်ပြန်လိုက်၏။
သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်သည် သူတော်စင်တစ်ဦး၏ အငွေ့အသက်များရှိသော အကြီးအကဲတစ်ဦးဖြစ်လေသည်။ သူ၏ မျက်လုံးများထဲတွင် အာကာသဟင်းလင်းပြင်ကြယ်စုကြီး ရှိနေသလိုပင်။ သူသည် အမြဲပြုံးနေတတ်ပြီး လွန်စွာဖော်ရွေတတ်သော လူတစ်ယောက်ဟု ထင်ရလေသည်။ သို့သော် သူ၏ အကျင့်စရိုက်ကိုသိသူများသာ သမင်ဖြူတာအိုကျောင်း၏ ဂိုဏ်းချုပ်သည် လွန်စွာစိတ်ဆတ်သောလူတစ်ယောက်ဖြစ်ပြီး သူ အလိုမကျပါက ဒေါသပေါက်ကွဲတတ်သောသူတစ်ယောက်ဖြစ်ကြောင်း သိကြသည်။
သူသည် လည်ချောင်းရှင်းသည်ဆိုရုံသာ ချောင်းဟန့်လိုက်သော်လည်း သမင်ဖြူတာအိုကျောင်းမှ ကျင့်ကြံသူများနှင့် ကျောင်းခွဲများမှလူများအပါအဝင် အဓိကတာအိုကျောင်းကြီးလေးကျောင်းမှလူများသည် ရုတ်ခြည်း တိတ်ဆိတ်သွားကြပြီး သူ့အပေါ် အာရုံစိုက်လိုက်ကြသည်။
မဟာမြစ်တာအိုကျောင်းနှင့် ကောင်းကင်တာအိုကျောင်းမှ ကျင့်ကြံသူများသည် ကြောင်သွားသော်လည်း အများနည်းတူ တိတ်တဆိတ်နေလိုက်ကြ၏။ ဝမ်ပေါင်လဲ့သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကို လှမ်းကြည့်လိုက်စဉ် သူ့နားအတွင်းသို့ ပျင်းရိပျင်းတွဲအသံတစ်သံ ဝင်ရောက်လာလေသည်။
“ ငါ ဒီကိစ္စကို ထပ်ပြီးပြောချင်တယ် ”
“ အဓိကတာအိုကျောင်းကြီးလေးကျောင်းကြားမှာ မကြာခဏ ပဋိပက္ခတွေရှိတတ်တယ်ဆိုပေမဲ့ အဲဒါတွေက မျှတတဲ့ ပြိုင်ဆိုင်မှုတွေပဲ။ ပြီးတော့ အဲဒါတွေရဲ့ ရည်ရွယ်ချက်က ငါတို့ကျောင်းတွေ အဆက်မပြတ် တိုးတက်နိုင်ဖို့ပဲ ”
“ တကယ်လို့သာ မင်းတို့က တာအိုကျောင်းကြီးလေးကျောင်းကြားထဲက ဆက်ဆံရေးကို အဓိပ္ပာယ်ကောက်မှားပြီး ငါတို့က တစ်ဦးနဲ့တစ်ဦး သူသေကိုယ်သေ တိုက်ခိုက်နေတယ်လို့ထင်ရင် အဲဒါ အမှားကြီးတစ်ခုဖြစ်သွားလိမ့်မယ် ”
“ အတွင်းမှာတော့ တာအိုကျောင်းကြီးလေးကျောင်းက စည်းကမ်း တင်းတင်းကြပ်ကြပ်နဲ့ ရှေ့ကိုချီတက်နေတယ်ဆိုပေမယ့် အပြင်မှာတော့ အဓိကတာအိုကျောင်းကြီးလေးကျောင်းက ဂိုဏ်းတစ်ဂိုဏ်းထဲက ဆင်းသက်လာတဲ့ ကျောင်းတော်တွေပဲ ”
“ အဲဒါကြောင့် ငါတို့ရဲ့ ရပ်တည်နိုင်ရေးအတွက် ရှေးဦးဝိညာဉ်ခေတ်ကတည်းက မဟာမိတ်ဖွဲ့ခဲ့တာပဲ။ မင်းတို့အကုန်လုံး မှတ်ထားကြ… မင်းတို့ ဒီထဲမှာပဲဖြစ်စေ၊ အပြင်မှာပဲဖြစ်စေ ဘယ်လိုအခြေအနေမျိုးပဲကြုံလာကြုံလာ အတွင်းပိုင်းပဋိပက္ခတွေ ရှိလို့မရဘူး။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်လို့မရဘူး ”
“ တကယ်တော့ မင်းတို့တွေက မျိုးနွယ်တစ်ခုတည်းကလူတွေပဲ။ မင်းတို့ကသာ ကိုယ့်ညီနောင်အချင်းချင်း သတ်ရလောက်တဲ့အထိ ရက်စက်မယ်ဆိုရင် တာအိုကျောင်းကြီးလေးကျောင်းကလည်း မင်းတို့ကို ရက်ရက်စက်စက် အပြစ်ပေးရလိမ့်မယ်။ တာအိုကျောင်းကြီးလေးကျောင်းရဲ့ စည်းလုံးမှုကို ထိခိုက်စေမယ့် ဘယ်လိုမတော်တဆမှုမျိုးကိုမဆို အလေးအနက်ထားကိုင်တွယ်မယ်ဆိုတာ မင်းတို့ သိထားလိုက် ”
သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်၏ စကားများကိုနားထောင်ပြီးသွားသောအခါ အဓိက တာအိုကျောင်းကြီးလေးကျောင်းမှ တပည့်များသည် တိတ်ဆိတ်သွားကြလေသည်။ သို့သော် သူတို့၏ရင်ထဲတွင်မူ ခံစားချက်များပြည့်နှက်နေပေသည်။
အာနာပါန ပဉ္စမအဆင့်ရှိသည့် ကျင့်ကြံသူများ သို့မဟုတ် အာနာပါနအဆင့်အထွတ်အထိပ်ရှိသော ကျင့်ကြံသူများသည် ဂိုဏ်းချုပ်ပြောသွားသည့် တာအိုကျောင်းကြီးလေးကျောင်းအကြားရှိ ဆက်ဆံရေးကို သိရှိပြီးဖြစ်သည်။ ထို့ပြင် တာအိုကျောင်းတစ်ကျောင်းချင်းစီသည် တပည့်များကို သင်ကြားရာတွင်လည်း တပည့်များ၏ သင်ရိုးညွှန်းတမ်းထဲတွင် ထိုသတင်းအချက်အလက်များကို ထည့်သွင်းဖော်ပြထားပေသည်။ သို့သော် ထိုအကြောင်းကို ယခုကဲ့သို့ တာအိုကျောင်းကြီးလေးကျောင်း၏ ဂိုဏ်းချုပ်တစ်ဦးမှ ထုတ်ဖော်ပြောကြားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
ဂိုဏ်းချုပ်ဆိုလိုချင်သည်မှာ တပည့်များ လကမ္ဘာအတွင်း၌ ရှိနေစဉ် တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ခြင်းမပြုလုပ်ရန်ဖြစ်သည်။ တပည့်များအတွက်မှာမူ ထိုစကားကို ကြားခဲ့ရသဖြင့် သူတို့ပြုလုပ်သင့်သည့်အရာဟု ခံစားနေရသည့် တစ်ဦးနှင့်တစ်ဦး အချိန်ပြည့် သတိကြီးကြီးထားနေရမည့် စိတ်ဖိစီးမှုမှ လွတ်မြောက်သွားသကဲ့သို့ပင်။
တာအိုကျောင်းများမှ တပည့်များ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံရှိနေသည်ကို အာရုံခံမိလိုက်သကဲ့သို့ သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်သည် ပြုံး၍ ဆက်လက် စကားပြောလိုက်သည်။
“ မင်းတို့အချင်းချင်း ရင်းနှီးအောင်လုပ်ဖို့ ငါအချိန်ငါးမိနစ်ပေးမယ်။ ပြီးရင်တော့ မှော်နယ်မြေကို ဖွင့်လိုက်တော့မယ် ”
သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်က စကားပြောပြီးသွားသောအခါ အာရုံလွှဲလိုက်ပြီး ရှင်သန်ရေးကျောက်စိမ်းပြားများကို ထုတ်ပေးရန် ပြင်ဆင်လိုက်လေသည်။
ကျောက်စိမ်းပြားများသည် အစိမ်းရောင်ရှိကာ ကြည်လင်နေ၏။ ဝမ်ပေါင်လဲ့က ကျောက်စိမ်းပြားကို လက်ထဲတွင် ကိုင်လိုက်ပြီး ခံစားကြည့်လိုက်ရာ ၎င်းအတွင်းမှာ ဝဲကတော့အနီးရှိ အားများနှင့်တူသော အားတစ်ခုပါကြောင်း သိရှိလိုက်၏။ ၎င်းကို ဖောက်ခွဲလိုက်လျှင် မန္တန်အစီအရင်ရောက်ရှိလာမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် ထိုကျောက်စိမ်းပြား၏ အသုံးဝင်ပုံကို တွေးတောပြီးသောအခါ ၎င်းကို အလျင်အမြန် လုံခြုံစွာသိမ်းဆည်းလိုက်၏။
ကျောက်စိမ်းပြားများကို ဝေပေးနေစဉ် အဓိကတာအိုကျောင်းကြီးလေးကျောင်းမှ တပည့်များသည် ယခင်က သူတို့အကြားတွင်ရှိသည့် ဆက်ဆံရေးများကို အခြေခံကာ တစ်ဦးနှင့်တစ်ဦး ပိုမိုပြောဆိုဆက်ဆံလိုက်ကြ၏။ မကြာမီ အဓိကတာအိုကျောင်းကြီးလေးကျောင်းမှ တပည့်များသည် တစ်ဦးနှင့်တစ်ဦး ရောနှော၍ နှုတ်ဆက်ရင်း စကားပြောဆိုနေကြလေသည်။
ဝမ်ပေါင်လဲ့သည် နာမည်ကြီးသော ပြည်ထောင်စုပျိုးပင်တစ်ဦးဖြစ်သဖြင့် အခြားတာအိုကျောင်းများမှ တပည့်များသည် သူနှင့် ရင်းနှီးမှုရရန် ကြိုးစားကြ၏။
ဝမ်ပေါင်လဲ့ကလည်း သူ့ထံ ကြင်ကြင်နာနာ လာရောက်နှုတ်ဆက်သည့် ကျင့်ကြံသူများကို ပြန်၍ အလေးအနက်နှုတ်ဆက်လိုက်၏။
သူတို့သည် အာလာပသလ္လာပပြောပြီးနောက် အတန်ငယ်ရင်းနှီးလာသောအခါ လကမ္ဘာနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို တစ်ဦးနှင့်တစ်ဦး ဝေမျှလိုက်ကြသည်။ တဖြည်းဖြည်းဖြင့် ဝမ်ပေါင်လဲ့သည် မဟာမြစ်တာအိုကျောင်းမှ ကျင့်ကြံသူတစ်ဦးကို အာရုံစိုက်မိသွားပြီး စိတ်ဝင်စားလာ၏။
ထိုသူသည် တချိန်လုံး တည်ငြိမ်ပုံရှိနေသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် ပြည်ထောင်စုပျိုးပင်တစ်ဦး မဟုတ်ပေ။ ဝမ်ပေါင်လဲ့သည် သူမကို ဝိညာဉ်အမြစ်ရွာတွင် တစ်ခါမှ မမြင်ဖူးပေ။ သို့သော် သူမပတ်လည်တွင် လူတော်တော်များများ ဝန်းရံနေ၏။
လီယီကဲ့သို့ အချောအလှမျိုးပင် ထိုမိန်းကလေးနှင့် မယှဉ်နိုင်ပေ။
“ သူက ဘယ်သူလဲ ”
ဝမ်ပေါင်လဲ့က မဟာမြစ်တာအိုကျောင်းမှ သူငယ်ချင်းအသစ်ကို စိတ်ဝင်တစားမေးလိုက်သည်။
“ သူက ကျွန်တော်တို့ တာအိုကျောင်းက ဝါရင့်ဂိုဏ်းသူတစ်ဦးပါ။ သူ့နာမည်က ရှစ်လင်းပါ။ သူက ဝိညာဉ်ခန္ဓာမပိုင်ပေမယ့် သူ့ရဲ့ ဝိညာဉ်တွေအပေါ် နားလည်တာက အခြားသူတွေထက် အများကြီးပိုတယ်။ တချို့နေရာတွေမှာဆိုရင် သူ့ရဲ့ အာရုံက ဝိညာဉ်ခန္ဓာရှိတဲ့သူတွေထက်တောင် ပိုပြီးထက်မြက်သေးတယ်။ ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ် ပြောတဲ့စကားတွေအရဆိုရင် သူက လကမ္ဘာထဲက အစိတ်အပိုင်းတွေရှာတဲ့ကိစ္စမှာ သေချာပေါက် ထူးချွန်ထင်ရှားလာမှာပဲ ”
မဟာမြစ်တာအိုကျောင်းမှ ကျင့်ကြံသူသည် ဝမ်ပေါင်လဲ့ကို ရှင်းပြလိုက်၏။ သူ၏လေသံတွင် မနာလိုဖြစ်နေသည့် အရိပ်အယောင်အချို့ ပါလေသည်။
“ သူက အဲဒီလောက်တောင် အထင်ကြီးစရာကောင်းတာလား ”
ဝမ်ပေါင်လဲ့က မျက်တောင် အကြိမ်ကြိမ်ခတ်လိုက်ပြီး သူမနှင့် မည်သို့ ရင်းနှီးမှုရယူရမည်ကို တွေးတောလိုက်သည်။ ရှင်သန်ရေးကျောက်စိမ်းပြားများကို ဝေပေးခြင်းပြီးဆုံးသွားသောအခါ သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်သည် လည်ချောင်းရှင်းလိုက်၏။ ထိုအခါ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကာ စကားပြောနေကြသော တပည့်များသည် တိတ်ဆိတ်သွားပြီး ဂိုဏ်းချုပ်ကို ကြည့်လိုက်ကြ၏။
“ အခြေတည်အဆင့်ရောက်ဖို့နဲ့ ပတ်သက်လို့ မင်းတို့အနေနဲ့ အနည်းဆုံး ထူးခြားတဲ့ အကျိုးအပဲ့နှစ်ဆယ်လောက်လိုမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိထားရမယ်။ လိုတဲ့အကျိုးအပဲ့အရေအတွက် အတိအကျကိုတော့ မင်းတို့ မှော်နယ်မြေထဲကိုဝင်ပြီးလို့ ပထမဆုံး အစိတ်အပိုင်းကိုတွေ့ရင် ပြောပြမယ် ”
“ အကျိုးအပဲ့တွေကို ရှာရမယ့်နည်းလမ်းက ရိုးရှင်းပါတယ်။ မင်းတို့သင်ထားတဲ့ အခြေခံအကျဆုံး ကျင့်ကြံခြင်းပညာရပ်ဖြစ်တဲ့ ချီအားဖြည့်ပညာရပ်ကို အသုံးပြုရုံပါပဲ ”
“ လကမ္ဘာက ကမ္ဘာမြေနဲ့ ကွာခြားတယ်။ ဝိညာဉ်ချီတွေက နေရာနည်းနည်းမှာပဲရှိတယ်။ ကမ္ဘာမှာလို နေရာအနှံ့ပျံ့နှံ့နေတာမဟုတ်ဘူး။ အဲဒါကြောင့် အကျိုးအပဲ့တွေရှိတဲ့နေရာတွေမှာပဲ ဝိညာဉ်ချီတွေရှိနေလိမ့်မယ် ”
“ ဝိညာဉ်ကျောက်တုံးတွေကို သန့်စင်တဲ့ ပညာရပ်ကိုသုံးပြီး ပတ်ဝန်းကျင်က ဝိညာဉ်ချီတွေကို စုပ်ယူပြီးတော့ လကမ္ဘာအတွင်းမှာ ဝိညာဉ်ချီတွေ ဘယ်လောက်စုစည်းနေတယ်ဆိုတာ တိုင်းတာကြည့်လိုက်။ အဲဒါဆို မင်းတို့ကို အခြေတည်အဆင့် ရောက်အောင် ကူညီပေးနိုင်မယ့် အသုံးဝင်တဲ့အကျိုးအပဲ့တွေကို ရှာတွေ့လိမ့်မယ် ”
သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်က စကားဆုံးသွားသောအခါ ရပ်တန့်လိုက်ပြီး သူ့ရှေ့တွင်ရှိနေသည့် တပည့်ထောင်ချီကိုကြည့်ကာ ပြုံးလိုက်၏။
“ နောက်ဆုံးအနေနဲ့ မင်းတို့ကံကောင်းပါစေလို့ ငါဆုတောင်းပေးပါတယ် ”
“ ကဲ… လကမ္ဘာကို အခုစပြီး ဖွင့်လှစ်လိုက်ပြီ… ”
သူသည် ညာဘက်လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်၏။ ရုတ်ခြည်းပင် တည်နေရာရွှေ့ပြောင်းခြင်း ဝဲကတော့ကြီးသည် ကျယ်လောင်စွာ မြည်ဟီးလာပြီး လျင်မြန်စွာလည်ပတ်လာကာ အတွင်းမှ မျက်စိကျိန်းလောက်သည့် အလင်းတန်းများထွက်ပေါ်လာလေသည်။
ဝမ်ပေါင်လဲ့ တုန်လှုပ်သွားပြီး အခြားသူများသည်လည်း မျှော်လင့်တကြီးဖြစ်နေကြ၏။ သူတို့၏ မျက်လုံးများအတွင်းမှ စိတ်လှုပ်ရှားမှုများသည် ပေါ်လွင်နေပေသည်။ တည်နေရာရွှေ့ပြောင်းခြင်း ဝဲကတော့ကြီး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် သူတို့သည် ရှေ့သို့ထွက်ကာ ဝဲကတော့ကြီးဆီသို့ ပြေးသွားလိုက်ကြလေတော့သည်။
ဝမ်ပေါင်လဲ့သည်လည်း လူအုပ်အကြားတွင် ရောနှောလိုက်ပါသွား၏။ သူ၏ ကျင့်ကြံခြင်းအဆင့် အခြေတည်အဆင့်သို့ ရောက်နိုင်ရန် ယုံကြည်မှုများ၊ မျှော်လင့်ချက်များသည် သူ၏ မျက်လုံးများထဲတွင် ပြည့်နှက်နေ၏။ သူသည် ကျန်လူများနှင့်အတူ ဝဲကတော့ကြီးအတွင်းသို့ဝင်ကာ ပျောက်ကွယ်သွားလေတော့သည်။
😀