အာကာသ သင်္ဘောပျံများမှာ ကမ္ဘာမြေထက်မှ ကောင်းကင်ယံတွင် သွားလာနေသည့် သင်္ဘောပျံများနှင့် များစွာ ကွာခြားသည်။ တိတိကျကျ ပုံဖော်ပြရလျှင် ပေတစ်ရာကျော်ရှည်သည့် တိုက်ပွဲဝင်သင်္ဘောပျံနှင့် ပိုတူသည်။ ယခုအခိုက်အတန့်တွင် ထိုသင်္ဘောပျံမှာ အထူးဆောက်လုပ်ထားသည့် လေဆိပ်ထဲတွင် ရပ်နားနေသည်။ ဝေးဝေးမှ ကြည့်လျှင် အလွန်အံ့ဩလေးစားဖွယ်ကောင်းသည့် ဓါးရှည်ကြီးတစ်လက်အသွင် ထင်ရလေသည်။
တချိန်တည်းမှာပင် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသံများ ထိုသင်္ဘောပျံဆီမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ လကမ္ဘာသို့ သွားရန် လျှောက်မထားသည့် အဆင့်မြင့်ကျွန်းမှ ဂိုဏ်းသားများအားလုံးသည် အသံကြားပြီးနောက် ထွက်လာကြသည်။ သူတို့က သင်္ဘောပျံကိုကြည့်ပြီးနောက် ရင်ထဲမှ စိတ်ခံစားချက် ပေါင်းစုံ လှိုက်တက်လာသည်။
အသံမှာ ပြင်းထန်လှသည့် တွန်းကန်အားကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရက်စက်ကြမ်းတမ်းလှသည့် သားရိုင်းတစ်ကောင်၏ အော်မြည်သံဟုပင် ထင်မှတ်ရသည်။ ဆင့်ခေါ်စာ ရရှိပြီးနောက် ရောက်လာကြသူများမှာ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။
သင်္ဘောပျံပေါ်သို့ တက်ပြီး ကုန်းပတ်ပေါ်တွင် ရပ်နေချိန်တွင်မှ စိတ်တည်ငြိမ်သွားကြသည်။
ကောင်းကင်တာအိုကျောင်းမှ လကမ္ဘာမှော်ဝင်နယ်မြေသို့ ဝင်ရောက်ကြမည့်သူများမှာ ရာဂဏန်းခန့် ရှိသည်။ အများစုမှာ အဆင့်မြင့်ကျွန်းတွင် နှစ်အတော်ကြာ နေထိုင်ခဲ့ကြသည့် ဝါရင့်ဂိုဏ်းသားများ ဖြစ်ကြသည်။ သူတို့၏ နေ့စဉ်ဘဝမှာ ပြင်ပ၌ ကျင့်ကြံခြင်းနှင့် တံခါးပိတ်ကျင့်ကြံခြင်း၊ ဤနှစ်မျိုးဖြင့်သာ အချိန်ကုန်ဆုံးနေကြသည်။ သို့ဖြစ်ရာ ပြင်ပကမ္ဘာအကြောင်းကို နည်းနည်းပါးပါးသိသော်လည်း နက်နက်နဲနဲ မသိကြပေ။
သို့ရာတွင် သူတို့ထဲမှ တချို့မှာ ရရှိထားသည့် ရာထူးများကြောင့် ဝမ်ပေါင်လဲ့နှင့် သူ့ရာထူးကို ကြားသိထားကြသည်။ လကမ္ဘာဆီသို့ ဦးတည်နေသည့် အာကာသ သင်္ဘောပျံထက်တွင် လူအများ ဆုံမိကြစဉ် သူတို့က တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်ကြသည်။ ထောင်ချောက်အဆောင်မှ ဟွမ်ရှန်းမှာလည်း သူတို့ထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ဝမ်ပေါင်လဲ့ သင်္ဘောပေါ်သို့ ရောက်ကာ အခြားသူများနှင့် နှုတ်ဆက်နေစဉ် ဟွမ်ရှန်းကို သတိထားမိသွားသည်။ သူက အပြုံးမပျက် နေမြဲတိုင်း နေသော်လည်း စိတ်ထဲတွင်မူ အချက်ပေးခေါင်းလောင်းသံများ မြည်ဟီးလာသည်။
ဟွမ်ရှန်းနှင့် ချန်းယွီထုံကဲ့သို့ ဝါရင့်ဂိုဏ်းသားများမှ လွဲ၍ လူသစ်များမှာ လူအားလုံး၏ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိရာ ဝမ်ပေါင်လဲ့ မတွေ့ဖူးသူ များများစားစား မရှိပေ။ မြင်နေကျလူများထဲတွင် ကျိုးရိဖန်၊ ကျောက်ယမုန့်နှင့် လင်းတျန်ဟောက်တို့ ပါဝင်သည်။
တုမင်၊ ချန်းကျစ်ဟန်နှင့် အခြားသူများမှာမူ အာနာပါန ပဉ္စမအဆင့်သို့ မရောက်သေးသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ပေ။ ဘန်နီကလည်း ယခင်က ဝမ်ပေါင်လဲ့အား သူမအနေဖြင့် တံခါးပိတ်ကျင့်ကြံရန် အချိန်အနည်းငယ်လိုသေးသည်ဟု ပြောထားခဲ့သည်။ ဘန်နီ၏ ဆရာမှာ အလွန်အမင်း စည်းကမ်းတင်းကြပ်ပြီး သူမအပေါ် ကြီးကြီးမားမား မျှော်လင့်ထားရာ ယခုထိတိုင် တံခါးပိတ် ကျင့်ကြံနေရဆဲ ဖြစ်သည်။
လူသစ်များကြားတွင် ဝမ်ပေါင်လဲ့ မှတ်မိနေသူတစ်ဦးလည်း ပါလာသည်။ သို့ရာတွင် ထိုရင်းနှီးနေသူကို မြင်သောအခါ ဝမ်ပေါင်လဲ့မှာ မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်ရလေသည်။
“ ဖေ့သား၊ မင်း ဘယ်လောက်တောင် မြန်မြန် ကျင့်ကြံလိုက်လို့ အာနာပါန ပဉ္စမအဆင့်ကို ရောက်လာတာလဲ။ ဒုံးပျံများ စားလိုက်တာလား”
ဝမ်ပေါင်လဲ့မှာ တအံ့တဩ ဖြစ်ကာ လုကျစ်ဟောင်ကို မေးလိုက်သည်။
လုကျစ်ဟောင်မှာ သိုင်းပညာအဆောင်မှ ဂိုဏ်းသားတစ်ဦးဖြစ်သော်လည်း ဝမ်ပေါင်လဲ့နှင့် သိုင်းပညာအဆောင်ပြိုင်ပွဲ ဝင်ပြိုင်ပြီးနောက် အခွင့်အလမ်းကောင်းနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့်ပင် သူက ဝမ်ပေါင်လဲ့ကို အမှီလိုက်ကာ ချန်းကျစ်ဟန်၊ တုမင်နှင့် ကျန်လူများကို ကျော်ကာ လကမ္ဘာမဖွင့်မီ လက်မတင်လေးတွင် အာနာပါန ပဉ္စမအဆင့်သို့ ရောက်ရှိလာခဲ့သည်။
ရှေးဦးဝိညာဉ်ခေတ်စတင်သည်မှာ နှစ်လေးဆယ်ကျော်မျှသာ ရှိသေးသည်ဖြစ်ရာ ဤသည်မှာ အံ့ဩစရာကောင်းသော်လည်း မဖြစ်နိုင်သည့် အရာမဟုတ်ပေ။ အကျိုးအပဲ့များကို မည်မျှပင် အကုန်အစင်သိမ်းဆည်းပြီး ဖြစ်သည့်တိုင် မရှာဖွေရသေးသော နယ်မြေများ ရှိနေရာ လုကျစ်ဟောင်ကဲ့သို့လူများသည် သူတို့၏ ကျင့်ကြံခြင်းခရီးတွင် အခွင့်ကောင်းကြုံရနိုင်ခြေရှိသည်။
ဤသို့သောအခြေအနေမျိုးမှာ ကြုံတွေ့နေကျ အဖြစ်အပျက်မျိုး မဟုတ်သော်လည်း ရှားပါးဖြစ်စဉ်မျိုးလည်း မဟုတ်ပေ။ အမှန်တကယ်တွင် ပြည်ထောင်စုထဲ၌ လုကျစ်ဟောင်ကဲ့သို့ အခွင့်အရေးကောင်းများ ကြုံတွေ့ခဲ့သူ များစွာ ရှိသည်။
ထိုကဲ့သို့ တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် ရုတ်တရက် မြင့်တက်သွားခြင်းမှာ အာနာပါနအဆင့်တွင် ရှိနေစဉ် ဖြစ်လေ့ဖြစ်ထရှိကြသည်။ အခြေတည်အဆင့် ရောက်သွားသည်နှင့် ထိုသို့ ကျင့်ကြံခြင်းစွမ်းရည်များ ဆတိုး မြင့်တက်လာရန် ခက်ခဲသည်။
ဝမ်ပေါင်လဲ့၏ အံ့ဩခြင်းနှင့်အတူ ထွက်ပေါ်လာသည့် စကားများကြောင့် လုကျစ်ဟောင်မှာ သဘောကျသွားသည်။ အမှန်တွင် သူသည် ဝမ်ပေါင်လဲ့၏ အလွန်အမင်း ထင်ရှားသည့် ခန္ဓာသွင်ပြင်ကြောင့် သူ့ကို သတိထားမိနေသည်မှာ ကြာပြီဖြစ်သည်။ ယခင်က သူ့မျက်နှာကို မမြင်ချင်သောကြောင့် ရှောင်မည်ဖြစ်သော်လည်း ယခုအချိန်တွင် ယုံကြည်ချက်ရှိနေသည်ဟု ခံစားရသည်။ ထို့ကြောင့်ပင် သူ့စည်းကမ်းများအရ တမင်ပင် ဝမ်ပေါင်လဲ့၏ အံ့ဩမှုကို သူ့မျက်လုံးနှင့် ဆတ်ဆတ်မြင်ရရန် တမင်လူလုံးထွက်ပြခြင်း ဖြစ်သည်။
“ ဘာလို့ အဲဒီလို ပြောတာလဲ။ မင်းက လက်ထောက် အဆောင်မှူးဆိုပေမဲ့…. ငါ၊ လုကျစ်ဟောင်က သိုင်းပညာအဆောင်ကကွ၊ မင်းတို့ ဓမ္မလက်နက်အဆောင်က မဟုတ်ဘူး၊ ဒါကို မင်းက ငါ့ကို ဒီလိုစကားမျိုးပြောရဲသလား”
ဝမ်ပေါင်လဲ့၏ နှုတ်ခွန်းဆက်လိုက်ခြင်းကြောင့် လုကျစ်ဟောင်မှာ နှာမှုတ်ကာ ပြန်လှန်ပြောလိုက်သည်။
“ မင်းက အတင့်ရဲနေတာပဲ။ ဟောင်အာ၊ မင်းအဖေကို ဒီလိုမျိုး ပြောရသလား”
ဝမ်ပေါင်လဲ့က လုကျစ်ဟောင်ကို တအံ့တဩ ကြည့်လိုက်သည်။ သူက တစ်ဖက်လှည့်ကာ လှစ်ခနဲပြေးထွက်သွားပြီး လူတစ်ယောက်နှင့် စကားလက်ဆုံကျနေသည့် ကျိုးရိဖန်ကို အော်ခေါ်လိုက်သည်။
“ ရိဖန်၊ ဒီမှာ ပြဿနာတက်နေလို့ဟေ့”
အခြားသူများနှင့် ရယ်ကာမောကာ စကားပြောနေသည့် ကျိုးရိဖန်မှာ ဝမ်ပေါင်လဲ့စကားကို ကြားပြီးနောက် တစ်ချက်လှည့်ကြည့်လိုက်သည်။ ခွင့်တောင်းပြီးနောက် သူက ဝမ်ပေါင်လဲ့နားသို့ ကပ်လာသည်။ သိုင်းပညာအဆောင် လက်ထောက်အဆောင်မှူး၊ ပြည်ထောင်စုပျိုးပင်အနေဖြင့် ကျိုးရိဖန်မှာ ဩဇာအာဏာ၊ သိုင်းပညာစွမ်းရည်၊ လုပ်ရည်ကိုင်ရည်များအားလုံးတွင် ထက်မြက်သည့် ကြယ်ပွင့်တစ်ဦးဖြစ်သည်။
ထို့ကြောင့် သူရောက်လာခြင်းမှာ လုကျစ်ဟောင်အတွက် မခံမရပ်နိုင်သည့် ကိစ္စရပ်ဖြစ်ကာ စိတ်ပျက်သွားရသည်။ မည်သို့ပင်ဖြစ်စေ၊ သူသည် သိုင်းစစ်သည်တစ်ဦးမျှသာ ဖြစ်ပြီး ကျိုးရိဖန်မှာ လက်ထောက်အဆောင်မှူးတစ်ယောက် ဖြစ်နေပေသည်။
သူက လက်ထောက်အဆောင်မှူးနှစ်ယောက် ရှေ့မှောက်၌ ဦးညွှတ်အရိုအသေပြုရခြင်းသည် ရှက်ဖွယ်ကိစ္စမဟုတ်ဟု တွေးလိုက်သည်။ လုကျစ်ဟောင်သည် သူ့စည်းမျဉ်းများမှ သွေဖယ်ခြင်းမရှိဟု မှတ်ယူကာ ကျိုးရိဖန် ရောက်မလာမီပင် နှာမှုတ်ကာ ထွက်ခွာသွားသည်။
လုကျစ်ဟောင်မှာ နူးညံ့သော မင်းသမီးတစ်ပါးအလား ပြုမူနေသည်ကို ကြည့်ကာ ဝမ်ပေါင်လဲ့မှာ စိတ်ထဲ ခံစားသွားရသည်။
“ ငါ့သားလေး အရွယ်ရောက်လာပြီပဲ”
သူက ထိုသို့တွေးရင်း ရေရွတ်လိုက်သည်။ သူက လုကျစ်ဟောင်အား အကြီးအကဲများအား မလေးစားခြင်းအတွက် သင်ခန်းစာပေးချင်သော်လည်း သူ ကြံစည်နေစဉ်အတွင်းမှာပင် ဝေဟင်လမ်းကျွန်းမှ လူရိပ်အတော်များများ ပျံတက်လာရာ အာကာသ သင်္ဘောပျံအား အရှိန်ပြင်းပြင်း နီးကပ်လာနေသည့် သက်တန့်အသွင် ဖြစ်ပေါ်လာသည်။ သင်္ဘောတစ်ခုလုံး မကြာမီ ငြိမ်သက်သွားသည်။
ဝမ်ပေါင်လဲ့သည်လည်း ခေါင်းမော့ကာ တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ကောင်းကင်ကိုပါ လှုပ်ခတ်စေနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားများ သယ်ဆောင်လာသည့် သက်တန့်များကို တွေ့လိုက်ရသည်။ သူတို့သည် မျက်စိတစ်မှိတ်အတွင်း သင်္ဘောပေါ်သို့ ရောက်ရှိလာကြသည်။
ပေါ်ထွက်လာသည့် လူရှစ်ယောက်မှာ အားလုံးပင် အထင်ကြီးလေးစားဖွယ် အငွေ့အသက်များ ထုတ်လွှတ်နေကြသည်။ အခြေတည်အဆင့်လှိုင်းများက ပတ်ဝန်းကျင်တစ်ခွင် လှုပ်ခတ်တုန်ရီသွားစေသည်။ တစ်ချက်မော့ကြည့်ရုံဖြင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတကြီး ဖြစ်သွားပြီး ထိုလူအားလုံးမှာ အမြုတေအဆင့်ဖြစ်ကြောင်း ပြောနိုင်သည်။
ဝမ်ပေါင်လဲ့အား သဘောကျသည့် လက်ထောက်ဂိုဏ်းချုပ်လည်း ထိုလူအုပ်ထဲတွင် ပါဝင်သည်။ အလွန်အမင်း ခက်ထန်ဟန်ရှိသည့် အကြီးအကဲတစ်ယောက်လည်း ပါဝင်သည်။ သို့သော် ထိုအကြီးအကဲမှာ ချန်းယွီထုံနှင့် ဝမ်ပေါင်လဲ့ဆီသို့ ရောက်သောအခါ ကြင်နာသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
ဝမ်ပေါင်လဲ့သည် ထိုအကြီးအကဲအား ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့ရာတွင် ချန်းယွီထုံ၏ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပုံကို ကြည့်ခြင်းအားဖြင့် ထိုအကြီးအကဲမှာ ချန်းယွီထုံ၏ ဆရာသခင်ဖြစ်မည်ကို သိလိုက်သည်။
ထိုအမြုတေအဆင့်ပုဂ္ဂိုလ်များကို ဦးဆောင်သူမှာ ပညာရှိဆန်ဆန် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။ သူသည် ကြင်နာသဘောကောင်းဟန် ရှိပြီး မျက်လုံးများမှာ ကြယ်ပွင့်များ၏ အလင်းကဲ့သို့ တောက်ပနေသည်။ သင်္ဘောပျံပေါ်သို့ ရောက်လာပြီးနောက် သူက သဘောကျအားပေးသည့် အကြည့်မျိုးဖြင့် လူအုပ်ကို ဝေ့ကြည့်လိုက်သည်။
“ နှုတ်ဆက်ပါတယ်၊ ဂိုဏ်းချုပ်၊ နှုတ်ဆက်ပါတယ်၊ လက်ထောက်ဂိုဏ်းချုပ်များနဲ့ မဟာအကြီးအကဲ” သူပေါ်လာသည်နှင့်တပြိုင်နက် သူ့ဘေးမှ ဝါရင့်ဂိုဏ်းသားများက ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြကာ ထိုအရေးကြီးပုဂ္ဂိုလ်များအား နှုတ်ဆက်လိုက်ကြသည်။
“ ဂိုဏ်းချုပ် ”
ဝမ်ပေါင်လဲ့ မျက်လုံးများမှာ လင်းခနဲ ဖြစ်သွားကြသည်။ ဤသည်မှာ ကောင်းကင်တာအိုကျောင်းအား အုပ်ချုပ်သူများနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ဂိုဏ်းစောင့်အကြီးအကဲမှာ တာအိုကျောင်းကိစ္စများကို အရေးတယူ ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ကြောင်း သိထားသည်။ အမှန်တွင် ကောင်းကင်တာအိုကျောင်း၌ ဩဇာအာဏာအကြီးဆုံးမှာ ဂိုဏ်းချုပ်ဖြစ်သည်။
“ ဒီလကမ္ဘာမှော်ဝင်နယ်မြေ ဖွင့်လိုက်တာက အနာဂတ် ကောင်းကင်တာအိုကျောင်းရဲ့ အဓိကခေါင်းဆောင်တွေက ဘယ်သူတွေ ဖြစ်မလဲဆိုတာ ဆုံးဖြတ်ပေးမှာပဲ။ ဒါကြောင့် မင်းတို့ရဲ့ ခရီးမှာ ဘေးကင်းပြီး အောင်မြင်စေဖို့ ငါကိုယ်တိုင် လိုက်ပို့မှာ ဖြစ်တယ်”
ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ဖြစ်သော အဖြူရောင်ဝတ်ရုံဝတ် သက်လတ်ပိုင်းလူက ပြုံးကာ ပြောလိုက်သည်။ ထို့နောက် မလိုအပ်သည့်အရာ ဘာတစ်ခွန်းမျှ မပြောဘဲ ချက်ချင်းပင် ညာလက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။
“ ထွက်ခွာစေ”
သူ့အသံ ပေါ်ထွက်လာသည်နှင့် အာကာသ သင်္ဘောပျံကြီးမှာ တဝုန်းဝုန်းမြည်ဟီးသံများနှင့်အတူ ဖြည်းဖြည်းချင်း လေထဲသို့ မြင့်တက်သွားသည်။ ချက်ချင်းပင် လေဟာနယ်ကို အရှိန်မြင့်မြင့် ဖောက်ထွင်း ဖြတ်သန်းသွားသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟီးသွားပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားသည်နှင့်အတူ သင်္ဘောပျံမှာလည်း ကောင်းကင်ဆီသို့ တဟုန်ထိုး ပျံသန်းသွားသည်။
အရှိန်မှာ မြန်လွန်းလှသည့်အပြင် ပုံပန်းသွင်ပြင်မှာလည်း အရှိန်အဝါကြီးမားလှသဖြင့် ကြည့်နေသူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ကြည့်နေကြသူများထဲတွင် လျှိုတောက်ပင်း၊ ချန်းကျစ်ဟန်နှင့် ကျန်လူများမှာလည်း အသက်ရှူသံများ မြန်လာကြပြီး တိုက်သင်္ဘောကြီး တိမ်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားရာဘက်သို့ မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
သူတို့သည် သင်္ဘောပျံကို မမြင်ရတော့ပေ။ သူတို့သည် သင်္ဘောပျံ၏ ပေါက်ကွဲအားကြောင့် တိမ်မြူခိုး အကွင်းလိုက် ပျောက်ကွယ်သွားပြီး အားသက်ရောက်မှုကြောင့် မြင်ကွင်းမှာ ဝေဝါးလာသည်။
မှော်ဆေးရည်ဌာန၌ တံခါးပိတ်ကျင့်ကြံနေသည့် ဘန်နီလေးမှာ အပြင်ဘက်တွင် ဖြစ်နေသည်များကို မသိပေ။ သို့ရာတွင် သူမသည် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား မျက်တောင်များ လှုပ်ရှားလာပြီး မျက်လုံးပွင့်လာတော့မည့်အလားပင် ထင်ရသည်။
တုမင်၊ ဝမ်ပေါင်လဲ့၏ သူငယ်ချင်းမိတ်ဆွေများ၊ အခြား လကမ္ဘာသို့ သွားရောက်သူများနှင့် ရင်းနှီးသူများမှာ ကောင်းကင်သို့ ငေးကြည့်ရင်း သူတို့ပြန်အလာကို စောင့်မျှော်နေမိသည်။
သူတို့၏ မျက်စိတစ်ဆုံး၊ မမြင်နိုင်သည့် တစ်နေရာတွင် ကောင်းကင်ယံမှ တိမ်တိုက်များသည် လျင်မြန်လှသည့် အရှိန်ဖြင့် ရွေ့လျားနေသည်။ အာကာသ သင်္ဘောပျံမှာ ကောင်းကင်တခွင် ထိုးဖောက်ပျံသန်းသွားသည့် ဒုံးပျံအလား မယုံနိုင်ဖွယ်ရာ အရှိန်မျိုးဖြင့် ပျံသန်းသွားသည်။
သင်္ဘောပျံမှာ မည်မျှ လျင်မြန်စွာ သွားနေသည်ကို အတိအကျ ဖော်ပြရန် မလွယ်ပေ။ သို့ရာတွင် သင်္ဘောပျံပေါ်၌ လိုက်ပါလာကြသူများမှာ မြန်လှသည်ဟု မခံစားကြရပေ။ သို့တိုင်အောင် ကမ္ဘာ့မျက်နှာပြင်မှ ထွက်ခွာလာသည်ကို တွေးမိလျှင် ထူးဆန်းသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ၊ သူတို့အားလုံးနီးပါးအတွက် ဤသည်မှာ ဘဝတွင် ပထမဆုံးအကြိမ် ကမ္ဘာမြေမှ ထွက်ခွာသွားခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း အလားတူပင် ဖြစ်သည်။ သူ့နှလုံးသားမှာ တဒိတ်ဒိတ် တုန်လှုပ်နေပြီး မြေပြင်ကို ငုံ့ကြည့်နေရင်း မျက်လုံးများမှ အရောင်များ တလက်လက်တောက်ပနေသည်။ သူ့အောက်မှ ကမ္ဘာကြီးမှာ မူလက ပြားနေရာမှ ဖြည်းဖြည်းချင်း ခုံးလာသည်။ သူ့အထက် ကောင်းကင်ကြီးသည် ဖြည်းဖြည်းချင်း မည်းမှောင်လာရာမှ နောက်ဆုံးတွင် လုံးဝ မှောင်အတိကျသွားသည်။
ထိုအဖြစ်အပျက်များအားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူရန်ပင် မေ့ကာ သူ့ရှေ့မှ မြင်ကွင်းကို အာရုံစိုက်ကြည့်နေမိသည်။ သူသည် အချိန်ကုန်သွားသည်ကိုပင် မေ့လျော့ကာ သူ့မျက်စိရှေ့မှ ကမ္ဘာကြီးသည် အပြာရောင် ဂြိုဟ်တစ်လုံးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရချိန်၌ ဝမ်ပေါင်လဲ့မှာ တုန်ရီသွားသည်။
စိတ်လှုပ်ရှားတုန်ရီသွားကြသည်မှာ ဝမ်ပေါင်လဲ့ တစ်ယောက်တည်းမဟုတ်ပေ။ သင်္ဘောပေါ်မှ အများစုမှာ အလားတူ ခံစားကြရသည်။
သူတို့ ကမ္ဘာပေါ်တွင် ရှိစဉ်က ကောင်းကင်များမှာ အလင်းအရင်းအမြစ် ဖြစ်ခဲ့ကြပြီး မြေပြင်ကို အလင်းပေးခဲ့သည်။ ကောင်းကင်မှ ကျဆင်းလာသည့် အလင်းရောင်ကို အသားကျနေခဲ့သည့် လူများမှာ ယခု ကြယ်များအကြား ခရီးဆန့်ရင်း ဆန့်ကျင်ဘက်တွေ့ကြုံနေရသည်။ အလင်းလာရာ အရင်းအမြစ်မှာ ကောင်းကင်မဟုတ်ဘဲ ကမ္ဘာကြီးဆီမှ ဖြစ်နေသည်။ သူတို့ဘေးပတ်လည်မှာ လုံးဝ မှောင်မည်းနေသည်။ ကမ္ဘာမြေမှ တောက်ပနေသည့် အပြာရောင်အလင်းမှာ မည်သူမျှ မကြုံဖူးသည့် ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်သည်။
မကြာမီ ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း တစ်ဖက်သို့ လှည့်ကာ စကြဝဠာတစ်ခုလုံးကို ကြည့်လိုက်သည်။ သူသည် ကမ္ဘာထက် သေးငယ်ပြီး မှိန်ဖျော့နေသော ချိုင့်ခွက်နေသည့်အရာတစ်ခုကို တွေ့လိုက်ရသည်။ ဤသည်မှာ လကမ္ဘာဖြစ်သည်။
“ လနဲ့ပတ်သတ်တဲ့ ဒဏ္ဍာရီတွေကတော့ အများကြီးရှိတယ်….”
လူအားလုံးမှာ အမြင်သစ်၊ အတွေ့အကြုံသစ်ကြောင့် အံ့ဩဘနန်းဖြစ်နေကြစဉ် ဂိုဏ်းချုပ်၏ အသံ ထွက်ပေါ်လာပြီး သင်္ဘောတစ်ခုလုံး ပျံ့နှံ့သွားသည်။