လင်းယုံ၏ အသံမှာ ဩဇာအာဏာအပြည့် ရှိသည်။ လေထဲသို့ အသံ ပျံ့လွင့်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဖိအားများလာသည့် အခြေအနေမျိုး ဖြစ်လာသည်။ အံ့ဩထိတ်လန့်ဖွယ် စွမ်းအင်တစ်ခုက ကောင်းကင်နှင့် ကမ္ဘာမြေကြား ထွက်ပေါ်လာပြီး နေထိုင်ရာ မြေပြင်အား ပင်လယ်အောက်သို့ နှစ်မြုပ်ပစ်လိုက်သည့်အလား ထင်ရသည်။ ထိုအသံ၏ လွှမ်းမိုးမှုအောက်မှ မည်သည့်အရာဖြစ်စေ ရုန်းမထွက်နိုင်ပေ။ သူတို့၏ လှုပ်ရှားမှုများ အရှိန်လျော့သွားပြီး အားလုံးမှာ ရုတ်တရက် ကြောက်ရွံ့တုန်လှုပ်ကာ ရင်တဒိတ်ဒိတ် ခုန်လာကြသည်။
ဝမ်ပေါင်လဲ့၏ အပေါ်ဘက်သို့ ကန်ချက်မှာ နှေးသွားပြီး တဖြည်းဖြည်း မြေပြင်သို့ ပြန်ကျလာသည်။ ဒေါသတကြီး ဖြစ်နေသည့် စိန်လူဝံသည်ပင် တုန်ရီကာ ပုခုံးကိုကျုံ့၍ ခေါင်းကို ပုထားလေသည်။
လင်းတျန်ဟောက်သည်လည်း သူ့အဖေ၏ စကားလေး သုံးခွန်းမျှဖြင့် ပြေလည်သွားသည်ကို ကြည့်နေရင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူက ရှေ့တိုးလာပြီး ပြဿနာကျေအေးသည်အထိ ဖြေရှင်းပေးလိုက်သည်။ ဆုံးဖြတ်ချက်မခိုင်မာခြင်း၊ အားကိုး၍ မရခြင်း စသည့် လိုအပ်ချက်များ ရှိနေသော်လည်း လင်းတျန်ဟောက်မှာ ပဋိပက္ခဖြေရှင်းရာတွင်မူ အရည်အချင်း ပြည့်ဝသူ ဖြစ်သည်။ သူ၏ ဝင်ရောက်ဖြန်ဖြေမှုကြောင့် ဝမ်ပေါင်လဲ့နှင့် ကျိုးရိရှန်တို့မှာ အမြန် လူစုကွဲသွားကြသည်။
စိန်လူဝံမှာ သက်လတ်ပိုင်းလူ ထွက်ခွာသွားသည်ကို တွေ့ပြီးနောက် ဝမ်ပေါင်လဲ့အား မျက်စိမှိတ်ပြလိုက်သည်။ ထို့နောက် သင်္ဘောပျံများ ရပ်နားထားရာ နေရာသို့ ပြန်သွားပြီး သူ၏ ရုပ်သေးရုပ်နှင့် ဆက်လက်ဆော့ကစား နေလိုက်သည်။
ဝရုန်းသုန်းကား ဖြစ်ရပ်များ တည်ငြိမ်သွားပြီးနောက် ကျိုးရိရှန်မှာ အရှက်ရကာ မျက်နှာပူနေသဖြင့် ဆက်မနေရဲတော့ပေ။ မှုန်တေတေ မျက်နှာဖြင့် သခင်ကြီးကို ခေါ်ဆောင်ကာ တိတ်တဆိတ် ထွက်ခွာသွားသည်။
ဝမ်ပေါင်လဲ့မှာ နှာခေါင်းရှုံ့ကာ ကျိုးရိရှန် ထွက်ခွာသွားသည်ကို ကြည့်နေသည်။ ကျောက်ယမုန့်၊ ကျိုးရိဖန်တို့နှင့်အတူ အခြားသူများနှင့် ခေတ္တမျှ စကားစမြည်ပြောနေကြပြီးနောက် ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
သူတို့က စိန်လူဝံ၏ ပုခုံးပေါ်သို့ တက်ကာ ထွက်ခွာလာခဲ့ကြသည်။ လူအုပ်ကြီးမှာ သူတို့၏ ထွက်ခွာသွားသည့် နောက်ကျောပြင်များကို ကြည့်ကာ ကျန်ရစ်ခဲ့ကြသည်။
“ ဝမ်ပေါင်လဲ့က စိတ်ဆတ်ပြီး ဒေါသတော်တော်ကြီးတာပဲ။ ဒါပေမဲ့ အဲဒီစိတ်ဓါတ်ကြောင့်ပဲ သူနဲ့ သူငယ်ချင်းလုပ်ရတာ… တန်ဖိုးရှိတာ။ ဒါပေမဲ့ သူလည်း ဒီတစ်ခေါက် လကမ္ဘာကို သွားမယ်ဆို သေချာပေါက် သတိထားရမဲ့ ပြိုင်ဘက်ဖြစ်မှာပဲ”
လီရှို့က တွေးလိုက်သည်။ သူ့ဘေးမှ လူများကို ကြည့်လိုက်သည့်အခါ၌လည်း အများစုက ထိုအတွေးရှိနေကြသည်ကို ခံစားလိုက်ရသည်။
သူတို့ထဲမှ အချို့သည် အာနာပါန အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး ဖြစ်ကာ လကမ္ဘာမှော်ဝင်နယ်မြေသို့ သွားရောက်ရန် ရည်ရွယ်ထားကြသည်။ ဤနှစ်အတွင်း သွားကာ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးအတွက် တိုက်ခိုက်ကြမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်မှာ အစွမ်းထက်လှသောကြောင့် ချက်ချင်းပင် သတိထားရှောင်ရှားသင့်သည့် အဆင့်မျိုး ဖြစ်သည်။ တချိန်တည်းမှာပင် သူတို့သည် နောက်တစ်ချိန် လကမ္ဘာပေါ်၌ တွေ့ဆုံခဲ့ပါက မည်သို့ ဆက်ဆံရမည်ကိုပါ ဆုံးဖြတ်ထားရန် လိုအပ်သည်။ သစ်သီးစားပွဲမှာ ညဘက် ညဥ့်နက်သည်အထိ ဆက်လက်ကျင်းပနေဆဲ ဖြစ်သည်။ အားလုံးက ကိုယ်စီအတွေးများဖြင့် တိတ်ဆိတ်နေကြသည်။ တစ်ယောက်ပြီးတစ်ယောက် ဧည့်သည်များ ထွက်ခွာသွားကြသည်။ ကောင်းကင်သစ်သီးစားပွဲမှာလည်း နောက်ဆုံးတွင် တရားဝင် ပြီးဆုံးသွားသည်။
နောက်တစ်နေ့တွင် လင်းတျန်ဟောက်မှာ ကောင်းကင်တာအိုကျောင်းတော်သို့ ပြန်ရောက်လာသည်။ ကျောင်းသားများမှာလည်း ပုံမှန်အတိုင်း သူတို့၏ ကျင့်ကြံခြင်းများ၊ အခြား လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေကြသည်။ ဝမ်ပေါင်လဲ့၊ ကျိုးရိဖန်၊ ကျောက်ယမုန့်တို့မှာလည်း အလားတူပင် ဖြစ်သော်လည်း ဟွမ်ရှန်းကို သတိထား စောင့်ကြည့်နေဆဲ ဖြစ်သည်။
ထိုသို့ စောင့်ကြည့်သည်မှာ နောက်နှစ်ပတ်အကြာ ကျောင်းက လကမ္ဘာမှော်ဝင်နယ်မြေ ဖွင့်လှစ်မည့်အကြောင်း တရားဝင် သတင်းထုတ်ပြန်သည်အထိ ဖြစ်သည်။ ထိုသတင်းမှာ အာနာပါနအထွတ်အထိပ်အဆင့်သို့ ရောက်နေကြသည့် ကျောင်းသားများကြားတွင် ချက်ချင်းပင် ဆူဆူညံညံဖြစ်ကာ ပွက်လောရိုက်သွားစေသည်။
ဝမ်ပေါင်လဲ့၏ ဝင်ခွင့်လျှောက်ထားခြင်းမှာလည်း တချိန်တည်းတွင် တရားဝင် ခွင့်ပြုမိန့်ကျလာပြီ ဖြစ်သည်။ နှစ်ပတ်အတွင်း အခြားသော ဂိုဏ်းသားများနှင့်အတူ သူသည် ကောင်းကင်တာအိုကျောင်း၏ အာကာသ သင်္ဘောပျံအတွင်း ရောက်ရှိကာ လကမ္ဘာဆီသို့ သွားနေမည်ဖြစ်သည်။
ထိုအချိန်မှာပင် ကျောင်းမှ ဝင်ခွင့်ရဂိုဏ်းသားများအား သတင်းမပေါက်ကြားစေရန် သတိပေးပြီးနောက် လကမ္ဘာမှော်ဝင်နယ်မြေအကြောင်း အချက်အလက် အများအပြားကို ဖြန့်ဝေပေးလိုက်သည်။ သို့မှသာ ကြိုတင်သိရှိထားပြီး လိုအပ်သည့် ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။
တာအိုကျောင်းမှ အချက်အလက်များတွင် ချန်းယွီထုံပေးထားသည့် အချက်အလက်များနှင့် ထပ်နေသည်များ ရှိသကဲ့သို့ အသစ်များလည်း ပါသည်။ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် လိုအပ်သည့် အကျိုးအပဲ့အကြောင်းများနှင့်အတူ အကောင်းပကတိ ရှေးပစ္စည်းများ အကြောင်းလည်း ပါဝင်သည်။
အခြေတည်အဆင့်သို့ တက်လှမ်းရန် လိုအပ်သည့် အကျိုးအပဲ့ အရေအတွက် စသည့် ချန်းယွီထုံ သိမထားသည့် အသေးစိတ်အချက်အလက်များလည်း ပါဝင်သည်။ ချန်းယွီထုံပင်လျှင် ထိုအချက်ကို သိမထားပေ။ ကျောင်းမှ ပေးသည့် အချက်အလက်ထဲတွင် ဂဏန်းအတိအကျ ဖော်ပြထားသည်။
သာမန် ကျင့်ကြံသူတစ်ယောက်သည် အကောင်းပကတိ ရှေးပစ္စည်းများကိုတွေ့နိုင်သည့် ကံကောင်းမှုမျိုး ပိုင်ဆိုင်ထားခြင်း မရှိပေ။ သို့ဖြစ်ရာ အခြေတည်အဆင့် အမြုတေဖြစ်စေနိုင်မည့် အကျိုးအပဲ့များ ရယူရန် လိုအပ်သည်။ အာနာပါနအဆင့်မှ အခြေတည်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သူများမှတဆင့် ပြည်ထောင်စုမှ စုဆောင်းထားသည့် အချက်အလက်များအရ လူတစ်ယောက် ပုံမှန်အားဖြင့် အခြေတည်အဆင့် အမြုတေဖြစ်ပေါ်ရန် အကျိုးအပဲ့ အခုနှစ်ဆယ်ခန့် လိုအပ်သည်။
ထိုလိုအပ်သည့် အရေအတွက်ကြောင့် ဤသို့ အဆင့်တက်လှမ်းရန်မှာ ပိုမိုခက်ခဲလာသည်။ လကမ္ဘာ၌ အကျိုးအပဲ့များ ရှာဖွေရယူခြင်းသည်ပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။ ထို့ပြင် ရှာတွေ့သမျှ အကျိုးအပဲ့အားလုံးမှာ အခြေတည်အဆင့် အမြုတေအတွက် သုံး၍ မရပေ။ အကျိုးအပဲ့တစ်ခုအား ရှာဖွေနိုင်ခဲ့သည့်တိုင် သူသည် သေချာပေါက် အဆင့်တက်နိုင်ရန် အခုနှစ်ဆယ်ထက် လိုအပ်သည်။
ရရှိထားသည့် အကျိုးအပဲ့များ နည်းပါးနေလျှင် အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် ကျရှုံးနိုင်ခြေများသည်။ ထို့ကြောင့်ပင် မဖြစ်မနေ အခြေအနေများမှလွဲ၍ အနည်းဆုံး အကျိုးအပဲ့ နှစ်ဆယ် မရှိဘဲ မည်သူမျှ စွန့်စားကာ စမ်းမကြည့်ရဲကြပေ။
လကမ္ဘာမှော်ဝင်နယ်မြေအား သိမ်းပိုက်ကျူးကျော်ရန် အလွန်အင်မတန် ခက်ခဲလှသောကြောင့် ပြည်ထောင်စုအတွင်းမှ နိုင်ငံရေးအင်အားစုအသီးသီးက ဤနယ်မြေအား အာနာပါနအထွတ်အထိပ်အဆင့် ကျင့်ကြံသူများအတွက် အခြေတည်အဆင့် တက်လှမ်းရန် အခွင့်အရေး ရှာဖွေသည့် နယ်မြေအဖြစ် သတ်မှတ်သဘောတူထားကြသည်။ တချိန်တည်းမှာပင် နောက်ထပ် ဥပဒေတစ်ခုကိုလည်း ထည့်သွင်းသတ်မှတ်ထားသည်။
ထိုဥပဒေကို ပြည်ထောင်စု အစိုးရ၊ လွှတ်တော်အမတ် ဆယ့်ခုနစ်ယောက် ပါဝင်သည့် လွှတ်တော်၊ တာအိုကျောင်းလေးကျောင်း၊ အဓိက ဂိုဏ်းကြီးနှစ်ဂိုဏ်း၊ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် လသုံးစင်းမဟာမိတ် စသည့်အဖွဲ့အားလုံးက လက်မှတ်ထိုး သဘောတူထားကြသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး အသီးသီး ပြန်လှန်ချိတ်ဆက်လျက် ရှိနေသည်။ မှော်ဝင်နယ်မြေ ဖွင့်လှစ်သည့်အချိန်တိုင်းတွင် အာနာပါနကျင့်ကြံသူတစ်ယောက်၏ အဆင့်တက်ရန် ကြိုးစားမှုများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရပေ။ မတော်တဆမှုများကို ကာကွယ်ရန် မှော်ဝင်နယ်မြေဖွင့်လှစ်သည်နှင့် မန္တန်စီရင်ထားလေ့ရှိသည်။ ထိုမန္တန်အစီအရင်မှာ အာနာပါန ကျင့်ကြံသူအား အဆင့်မတက်နိုင်ရန် ချုပ်ထိန်း၊ ဖိနှိပ်ခြင်းများအား တားဆီးရန် အသက်သွင်းထားခြင်း ဖြစ်သည်။
ထိုဥပဒေကို ချိုးဖောက်သူများသည် နိုင်ငံ့ရန်သူဖြစ်ကာ သုတ်သင်ခံရမည် ဖြစ်သည်။
ထိုနည်းလမ်းမှာ မှော်ဝင်နယ်မြေထဲတွင် ဖြစ်ပျက်သည့်အခြေအနေများကို ထိန်းချုပ်ရန် ဖြစ်ပြီး ကျင့်ကြံသူများ အကောင်းဆုံး၊ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရန် ဖြစ်သည်။ အာနာပါန အထွတ်အထိပ် ကျင့်ကြံသူများ မှော်ဝင်နယ်မြေထဲ ရောက်နေချိန်၌ ရန်ငြိုးဖြင့် တိုက်ခိုက်ခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများ မခံရစေရန် ကာကွယ်ထားခြင်း ဖြစ်သည်။
သို့ရာတွင် လကမ္ဘာမှော်ဝင်နယ်မြေမှာ အန္တရာယ်များနေပြီးသား နေရာတစ်ခု ဖြစ်သည်။ ထူးဆန်းသော သားရဲများ၊ ဆန်းကြယ်ပြင်းထန်လှသော ရာသီဥတုအခြေအနေများမှာ မှန်းဆ၍ပင် မရနိုင်ပေ။ အလွန်ပြင်းထန်လွန်းလှသဖြင့် လူတစ်ယောက်၏ အသွေးအသား၊ ဝိညာဉ်ကိုပါ တစ်စမကျန် ဖျက်ဆီးပစ်နိုင်သည်။
ရလဒ်အနေဖြင့် မှော်ဝင်နယ်မြေသို့ ဝင်ရောက်သူတိုင်းအတွက် သေရေးရှင်ရေး အခြေအနေများတွင် အသုံးပြုနိုင်သည့် ကျောက်စိမ်းပြားတစ်ပြား ပေးအပ်ထားမည် ဖြစ်သည်။ ၎င်းကျောက်စိမ်းပြားအား ခွဲခြေလိုက်သည်နှင့် မန္တန်အစီအရင်အား အသက်သွင်းကာ အကာအကွယ်အလွှာတစ်ခု ပေါ်လာမည် ဖြစ်သည်။ ထိုမန္တန်အစီအရင်က ချက်ချင်း မှော်ဝင်နယ်မြေအပြင်ဘက်သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။
ဤစနစ်အား ဟာကွက်ရှာသည့်အနေဖြင့် ကျောက်စိမ်းပြားအား စမ်းသပ်ခွဲခြေခြင်းများကို တားဆီးနိုင်ရန် ကျောက်စိမ်းပြား ခွဲကာ အပြင်ထွက်လာသူများအား မှော်ဝင်နယ်မြေသို့ ထိုနှစ်အတွက် ဝင်ခွင့်ဆုံးရှုံးရမည်ဖြစ်သည်။ သူတို့အနေဖြင့် အခြေတည်အဆင့်သို့ အောင်မြင်စွာ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ဝင်ခွင့်မရနိုင်ပေ။
ထို့ပြင် ကျောက်စိမ်းပြားအား မခွဲမီ အခြေတည်အဆင့်သို့ မရောက်သေးပါက ရှာဖွေတွေ့ရှိသွားသည့် အကျိုးအပဲ့အားလုံးမှာ ပြည်ထောင်စုပိုင်ဆိုင်မှုအဖြစ် လွှဲပြောင်းခံရမည် ဖြစ်ပြီး ရှာတွေ့ထားသူနှင့် မသက်ဆိုင်တော့ပေ။ သူတို့ ထိုနယ်မြေထဲ၌ တွေ့ရှိထားသမျှ အားလုံးကို စွန့်လွှတ်ရခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ထွက်ပေါက်မရှိ၊ ပိတ်မိနေသည့် သေရေး-ရှင်ရေး အခြေအနေမဟုတ်ပါက မည်သူမျှ ကျောက်စိမ်းပြားအား စိတ်လိုလက်ရ ခွဲကြမည် မဟုတ်ပေ။ ထိုသို့ ခွဲခြင်းမှာ အခြေတည်အဆင့်ကို ရောက်ရှိနိုင်မည့် အခွင့်အရေး အားလုံးကို လက်လွှတ်လိုက်ရသည့်အလား ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သည်များမှာ လကမ္ဘာမှော်ဝင်နယ်မြေနှင့် ပတ်သက်သည့် စည်းမျဉ်း၊ သတ်မှတ်ချက်များသာ ရှိသေးသည်။ သေချာစွာ ဖတ်ရှုပြီးနောက် ဝမ်ပေါင်လဲ့သည် လကမ္ဘာအကြောင်း အချက်အလက် အချို့ကိုလည်း တွေ့ရသည်။
လကမ္ဘာမှော်ဝင်နယ်မြေတစ်ခုလုံးမှာ လမျက်နှာပြင် တစ်ခုလုံး၏ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်ကို နေရာယူထားသည်။ ငါးဆယ် ရာခိုင်နှုန်းမှာ လ၏ အလင်းဘက်ခြမ်းတွင် ရှိပြီး ကျန်ရှိသည့် နှစ်ဆယ်ရာခိုင်နှုန်းမှာ လကမ္ဘာ၏ အမှောင်ဘက်ခြမ်းတွင် ရှိသည်။
လကမ္ဘာ၏ မြင်သာသည့် တစ်ဖက်ခြမ်းမှာ ပိုမိုကြီးမားသော်လည်း ထိုနေရာအများစုတွင် အလွယ်တကူ တွေ့ရှိနိုင်သည့် အကျိုးအပဲ့များမှာ ကုန်သလောက် ရှိနေပြီ ဖြစ်သည်။ အလင်းဘက်ခြမ်းတွင် သားရဲများ နည်းပါးပြီး ထူးဆန်းသည့် ရာသီဥတုအခြေအနေများကိုသာ ရှောင်ရှားနိုင်မည်ဆိုပါက အန္တရာယ်ကင်းသည်ဟု ပြောနိုင်သည်။ သို့သော် အခြေတည်အဆင့်အတွက် သုံးနိုင်သည့် အကျိုးအပဲ့များကိုမူ ကံကောင်းမှသာ ရှာတွေ့နိုင်သည်။
ဆန့်ကျင်ဘက်အနေဖြင့် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းတွင် အန္တရာယ်များ ပြည့်နှက်ဝန်းရံနေသည်။ နေရာလပ်မကျန် သေမင်းအရိပ်အယောင်များ ရှိနေပြီး ဘေးအန္တရာယ်များ ပေါများလှသည်။ ကောင်းကွက်တစ်ခုမှာ အကျိုးအပဲ့များ ပိုမို များပြားခြင်းဖြစ်သည်။ သို့ရာတွင် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်အဖို့ အကောင်းအဆိုးကို သေချာချင့်ချိန် စဉ်းစားရန် လိုအပ်သည်။
ပေးထားသည့် အချက်အလက်များထဲတွင် လကမ္ဘာထဲသို့ ဝင်ရောက်သူ ဂိုဏ်းသားအားလုံးသည် ဖော်ပြထားသည့် အမှောင်ဘက်ခြမ်း၏ နှစ်ဆယ်ရာခိုင်နှုန်းထိသာ သွားရမည် ဖြစ်ကြောင်း ထပ်ခါထပ်ခါ သတိပေးထားသည်။ ထိုအနားသတ်မျဉ်းသို့ ရောက်သည်နှင့် ရှေ့ဆက်တိုးခွင့် မရှိပေ….
အဘယ်ကြောင့်ဆိုသော် ထိုအနားသတ်မျဉ်းအလွန်မှ နယ်မြေမှာ ပြည်ထောင်စု၏ မန္တန်အစီအရင်အောက်သို့ မကျရောက်ပေ။ ထိုနေရာတွင် အန္တရာယ်တွေ့ကြုံရပါက အချက်ပြ အကူအညီတောင်းခြင်း မပြုနိုင်ပေ။ သို့ဖြစ်ရာ ကယ်ဆယ်သူများ ရောက်လာမည်လည်း မဟုတ်ပေ။
လကမ္ဘာ၏ အနက်ရှိုင်းဆုံး၊ အဝေးဆုံး အမှောင်ဘက်ခြမ်းတွင်… ဧရာမ ရှေးဟောင်းအလောင်းတစ်ခု ရှိသည်ဟုလည်း ဖော်ပြထားသည်။
ထိုရှေးဟောင်းအလောင်းမှာ ရှေးဟောင်းကြေးညိုရောင် ဓါးကြီးမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လေးဆယ်က ရှေးဟောင်း ဓါးရိုး အကျိုးအပဲ့များနှင့်အတူ တစ်စုံတစ်ယောက် ပြုတ်ကျလာခဲ့သည်။ ထိုလူ၏ အရွယ်အစားမှာ အလွန်အင်မတန် ကြီးမားလှသည်။ ထိုအလောင်းမှာ နောက်ဆုံးတွင် လကမ္ဘာ၏ အစွန်ဘက်ခြမ်း၌ ကျဆင်းရောက်ရှိလာသည်။ အလောင်းမှာ သေဆုံးနေပြီ ဖြစ်သော်လည်း ဝိညာဉ်ကဲ့သို့ အသိဉာဏ်မျိုး ပိုင်ဆိုင်ထားသည်။ များသောအားဖြင့် တိတ်ဆိတ်စွာ လဲလျောင်းနေလေ့ရှိသည်။ သို့သော် နိုးထလာသည်နှင့်…. ကပ်ဘေးဒုက္ခများ ကျရောက်လာမည် ဖြစ်သည်။ ထိုအလောင်း၏ ရိုက်ချက်တစ်ချက်မျှဖြင့် အမြုတေအဆင့် ကျင့်ကြံသူပင်လျှင် သေဆုံးသွားရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်းအလောင်းမှာ လွန်ခဲ့သည့် နှစ်လေးဆယ်အတွင်း တစ်ကြိမ်သာ နိုးထလာခဲ့သည်။ အချက်အလက်များထဲတွင် လူအားလုံးကို လကမ္ဘာအမှောင်ဘက်ခြမ်း အတွင်းပိုင်းသို့ မဝင်ရောက်ရန် သတိပေးထားသည်။ ရှေးဟောင်းအလောင်းကို နှိုးဆွခြင်းမရှိသရွေ့ နိုးလာမည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ပေးထားသမျှ အချက်အလက် အားလုံးကို ဖတ်ရှုပြီးနောက် သိလိုက်ရသည်များကြောင့် တုန်လှုပ်သွားရသည်။ ရှေးဟောင်းအလောင်းကို တွေးမိစဉ် မယုံနိုင်ခြင်းနှင့်အတူ မမလေးကို စဉ်းစားမိသွားသည်။
ခေတ္တမျှ စဉ်းစားနေပြီးနောက် ဝမ်ပေါင်လဲ့က သူ့အတွေးများကို ဘေးချိတ်ထားလိုက်သည်။ အချိန်များများ မကျန်တော့သောကြောင့် ကျန်ရှိသည့် အချိန်ကို အကျိုးရှိအောင် အသုံးချကာ တံခါးပိတ် ကျင့်ကြံလိုက်သည်။ ထိုသို့ဖြင့် သူ၏ ခန္ဓာကိုယ်မှာ အကောင်းဆုံး အခြေအနေတွင် ရှိနေမည် ဖြစ်သည်။ ထို့ပြင် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် ပြင်ဆင်ရသေးသည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ ပြင်ဆင်နေသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ ကောင်းကင်တာအိုကျောင်းမှ အာနာပါနအဆင့် ကျင့်ကြံသူတိုင်း၊ အမှန်တွင် တာအိုကျောင်းလေးကျောင်း အပါအဝင် ပြည်ထောင်စုထဲမှ အခြားသော နိုင်ငံရေးအင်အားစုများမှ ဝင်ခွင့်အောင်မြင်ထားသူတိုင်း သီးခြားပြင်ဆင်နေကြပြီ ဖြစ်သည်။
သူတို့သည် လကမ္ဘာမှော်ဝင်နယ်မြေဖွင့်လှစ်မည့်နေ့ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ တစ်ရက်ပြီးတစ်ရက် ကျော်လွန်သွားပြီး နှစ်ပတ်အကြာ၌…
လကမ္ဘာမှော်ဝင်နယ်မြေကို တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ပြည်ထောင်စုထဲမှ အဖွဲ့အစည်းအသီးသီးကလည်း ထိုသတင်းကို ရသည်နှင့် ချက်ချင်းပင် သူတို့လူများဆီသို့ သတင်းပြန်ပို့ကြသည်။ လေဆိပ်များထဲ၌ စောင့်ဆိုင်းကာ လကမ္ဘာဆီသို့ သွားရောက်ကြမည့် အာကာသသင်္ဘောပျံများမှာလည်း အင်ဂျင်စက်များကို နှိုးကာ အသင့်ပြင်ထားကြသည်။