ရင်ပြင်တစ်ခုလုံး၏ မြင်ကွင်းသည် ကျိုးရိရှန်၏ မျက်ဝန်းအတွင်း ပျောက်ကွယ်သွားပုံပေါ်လေသည်။ သူသည် သူ၏အရှေ့ရှိ အရာအားလုံးကို ဖျက်စီးပစ်ရန် ဟန်ပြင်နေသည့် ကြီးမားသော ဝဲဂယက်ကြီးကိုသာ တွေ့နေပုံရ၏။ သူသည် သူ၏အတိတ်ဘဝနှစ်ခုအရိပ်နှင့် ရောယှက်ကာ အခြေတည်အဆင့်သို့ ရောက်သွားသော်လည်း လက်ရှိ ဝမ်ပေါင်လဲ့၏ တိုက်ခိုက်မှုကို မည်သို့မှ မရပ်တန့်နိုင်ပေ။
ကျိုးရိရှန်တစ်ယောက် ကြောက်ရွံ့လာပြီး အသက်ရှူမမှန်ဖြစ်လာ၏။ သူသည် သူ့ကိုယ်သူကာကွယ်ရန် အကောင်းဆုံးကြိုးစားလိုက်သော်လည်း ဝမ်ပေါင်လဲ့၏ လက်သီးသည် သူ့ထံသို့ ဝင်ရောက်လာလေတော့သည်။ ဝဲဂယက်ကြီးသည် ရှေ့သို့တိုးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးရိဖန်၏ ခန္ဓာကိုယ်ကို နာကျင်မှုများနှင့် မိတ်ဆက်ပေးလိုက်လေသည်။ သူ ပြိုလဲသွားမတတ်ဖြစ်သွား၏။
ကျိုးရိရှန် ဒေါသတကြီးအော်ဟစ်လိုက်ပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်စဉ်တွင် သူ၏အနောက်မှ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးထွက်ပေါ်လာ၏။ သူသည် ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထား၏။ သူ၏ဆံပင်သည် ရှည်လျားပြီး သူ၏မျက်နှာပေါ်တွင် မထင်မရှား အမဲစက်များရှိနေရာ သူ၏သွင်ပြင်သည် လွန်စွာ မှုန်မှိုင်းနေပေသည်။ သူ ကျိုးရိရှန် အနီးသို့ကပ်လာသောအခါ သူ၏ခန္ဓာကိုယ်မှနေ၍ ကိုယ်ရောင်ကိုယ်ဝါများ ပေါ်ထွက်လာလေသည်။
သူသည် မထင်မရှားလူစိမ်းတစ်ဦးအဖြစ်မှ အခြေတည်အစောပိုင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးအဖြစ် ပြောင်းလဲသွားလေတော့သည်။ သူသည် ခြေတစ်လှမ်းတည်းဖြင့် ကျိုးရိရှန်၏ဘေးသို့ ရောက်ရှိသွားပြီး သူ့ကိုဘေးသို့ဆွဲလိုက်လေသည်။ သူသည် ဘယ်လက်ဖြင့် လက်ဟန်များဖော်လိုက်ပြီး တိုက်ခိုက်ရန်လာနေသော ဝမ်ပေါင်လဲ့ထံ တွန်းထုတ်လိုက်သည်။
“ ထွက်သွား… ”
သက်လတ်ပိုင်းအရွယ် အမျိုးသားက အော်လိုက်သည်။ သူ၏ မြှောက်ထားသော ညာဘက်လက်မှနေ၍ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ဧရာမလက်ကြီးအဖြစ်သို့ပြောင်းလဲသွားကာ ကျိုးရိရှန်၏နေရာတွင် အစားနေရာဝင်ယူလိုက်ပြီး ဝမ်ပေါင်လဲ့၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
ကျိုးရိရှန် အခြေအနေဆိုးနှင့် ကြုံတွေ့နေရခြင်း၊ ထူးခြားဆန်းကြယ်သော အမျိုးသားပေါ်လာခြင်းနှင့် အနက်ရောင်အခိုးအငွေ့များဖြင့် ပြုလုပ်ထားသည့် ဧရာမလက်ကြီးထွက်ပေါ်လာခြင်းစသော အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခြင်းပင်။ သက်လတ်ပိုင်းအရွယ် အမျိုးသားပေါ်လာပြီး ကျိုးရိရှန်၏နေရာကို ဝင်ယူကာ ဝမ်ပေါင်လဲ့၏ တိုက်ခိုက်မှုကို ခုခံလိုက်ရာ လေထဲတွင် မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံတစ်ခု ပဲ့တင်သွားလေသည်။
ထိုကျယ်လောင်သော ပေါက်ကွဲသံကြီးသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့ တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
သူ၏အသက်ရှူသံ မြန်လာ၏။ သို့သော် သွေးထွက်သွားသည့် အရိပ်အယောင်တော့မရှိပေ။ ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့က ရှေ့သို့ထွက်၍ သူ့ကိုထိန်းပေးလိုက်သည်။ ဝမ်ပေါင်လဲ့သည် သက်လတ်ပိုင်းအရွယ် အမျိုးသားကို အလျင်စလို မော့ကြည့်လိုက်၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားက မျက်မှောင်ကြုတ်သွား၏။ သူသည် မည်သည့်ဒဏ်ရာမှ ရလိုက်ပုံမပေါ်ပေ။ ထို့နောက် ရိုက်ခတ်မှုကြောင့် တုန်ခါနေသည့် သူ၏ညာဘက်လက်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ သူ အတန်ငယ် အံ့အားသင့်နေ၏။
သူသည် အခြေတည်အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ၏ သာမန်လက်ဝါးရိုက်ချက် တစ်ချက်သည် အာနာပါနအဆင့်ရှိသော ကျင့်ကြံသူတစ်ဦးကို ပြားကပ်သွားစေနိုင်၏။ အကယ်၍ သူရိုက်လိုက်သော လက်ဝါးရိုက်ချက်ကို ခုခံခဲ့သူမှာ အာနာပါနအဆင့်ရှိသော အခြားသူများဖြစ်ပါက အပြင်းအထန်ဒဏ်ရာရသွားပြီး သွေးအန်နေရမည်ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့သည် နောက်သို့ခြေလှမ်းအနည်းငယ်သာ ဆုတ်သွားလေသည်။ သူသည် ဒဏ်ရာရသွားပုံပင် မပေါ်ပေ။ ထို့ကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အံ့အားသင့်သွားပြီး သတိကြီးသွား၏။
သူသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဘဝတွင် ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းပင်။ အထူးသဖြင့် ဝမ်ပေါင်လဲ့၏ အပြင်အားက သူ့ကို အတန်ငယ် ကြောက်မက်ဖွယ်ကောင်းနေစေခြင်းပင်။
သူ့ဘေးရှိ ကျိုးရိရှန်၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူ၏ အစောင့်အရှောက်သည် သူ့ကိုကယ်တင်လိုက်သော်လည်း ဝမ်ပေါင်လဲ့၏ ဆွေ့ရှင်းပေါင်ကြောင့် ဒဏ်ရာရသွားခဲ့ပေသည်။ သူ၏နှုတ်ခမ်းစွန်းနှစ်ဖက်မှနေ၍ သွေးများစီးကျနေ၏။
သူသည် အစောင့်အရှောက်၏ ကယ်တင်မှုကိုခံလိုက်ရသော်လည်း လူအုပ်အရှေ့တွင် ဒဏ်ရာရသွားခဲ့လေသည်။ ကျိုးရိရှန်၏ မျက်နှာနှင့် နားရွက်များသည် ပူထူလာပြီး သူ၏မျက်လုံးများသည် ရဲရဲနီလာလေတော့သည်။ သူသည် အတန်ငယ် စိတ်မတည်မငြိမ်ဟန်ဖြင့် အော်ပြောလိုက်၏။
“ သခင်ကြီးကျိုး … သူ့ကို အနိုင်ယူဖို့ ကျွန်တော် ခင်ဗျားကို အမိန့်ပေးတယ် ”
ကြည့်ရှုနေကြသည့် လူအုပ်သည် ချက်ချင်းပင် နောက်သို့ဆုတ်လိုက်ကြပြီး သူတို့အတွက် နေရာချဲ့ပေးလိုက်၏။ လီယီအပြင် အခြား ပြည်ထောင်စုပျိုးပင်တစ်ရာကျော်သည် ဝမ်ပေါင်လဲ့၏ လုပ်နိုင်စွမ်းများကို သိလေသည်။ လီရှို့ကဲ့သို့ အခြားသူများမှာမူ ဝမ်ပေါင်လဲ့တိုက်ခိုက်သည်ကို ယခုမှ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သူတို့၏ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်နေလေသည်။ ဝမ်ပေါင်လဲ့၏ ကြောက်မက်ဖွယ် သန်မာသောခန္ဓာကိုယ်နှင့် အကြမ်းပတမ်းခံခြင်းသည် တမဟုတ်ခြင်းပင် သူတို့၏ရင်ထဲ၌ စွဲသွားပေပြီ။
အမြင့်နေရာရှိ အခန်းများအတွင်းမှ လင်းယုံသည်လည်း တိုက်ပွဲကို အကဲခတ်နေ၏။ သို့သော် သူ၏အာရုံများသည် လင်းတျန်ဟောက်ထံတွင်ဖြစ်သည်။
“ ဆရာ… ကျွန်တော် ဝင်ပြီး တိုက်ပွဲကိုရပ်လိုက်ရမလား ”
လင်းယုံ၏နောက်တွင်ရပ်နေသော အဘိုးကြီးသည် တိတ်တဆိတ်မေးလိုက်၏။
“ မလိုဘူး… ဟောက်အာ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ငါကြည့်ချင်တယ် ”
လင်းယုံက ခေါင်းခါပြလိုက်ပြီး ချီတုံချတုံဖြစ်နေဟန်ရှိသော လင်းတျန်ဟောက်ကို ဆက်ကြည့်နေလိုက်၏။ တဖြည်းဖြည်းဖြင့် သူ၏ အကြည့်များထဲတွင် စိတ်ပျက်မှုများ ပေါ်ပေါက်လာလေတော့သည်။
“ သူဘယ်သူ့ကိုပဲ ကူညီကူညီ သူ ငါ့ရဲ့ထောက်ခံမှုကို ရမှာပဲ။ ဒါပေမဲ့ ဒါက သူ့ရဲ့ အိမ်တော်လေ..သူက အိမ်ရှင်ပဲ။ အဲဒီလိုရပ်နေပြီး ဘာမှဝင်မလုပ်တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ထင်ရပေမယ့် တကယ်တော့ အကြီးဆုံးအမှားပဲ ”
လင်းယုံ သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူသည် လင်းတျန်ဟောက်ကို ဝမ်ပေါင်လဲ့နှင့် နှိုင်းယှဉ်ကြည့်နေခြင်း သို့မဟုတ် ကျိုးရိရှန်နှင့် နှိုင်းယှဉ်ကြည့်နေခြင်း ဖြစ်ရပေမည်။
အကယ်၍ လင်းတျန်ဟောက်သည် ဝမ်ပေါင်လဲ့၏ ခွန်အားနှင့် ခက်ထန်မှုကို မရရှိနိုင်ခဲ့လျှင်ပင် ကျိုးရိရှန်၏ အဆင့်လောက်ရခဲ့လျှင်လည်း မဆိုးလှဟု လင်းယုံတွေးမိနေ၏။
လင်းယုံ သက်ပြင်းချလိုက်ပြီး လင်းတျန်ဟောက်မှာ ဆက်၍ ချီတုံချတုံဖြစ်နေ၏။
ကျိုးရိရှန် အမိန့်ပေးပြီးသွားသောအခါ သူ၏ဘေးရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အတန်ငယ်မျက်မှောင်ကြုတ်သွား၏။ သို့သော် သူသည် အမိန့်ကို ပြန်၍မေးခွန်းမထုတ်လိုက်ဘဲ ထမ်းဆောင်ရန် ဟန်ပြင်လိုက်သည်။
တချိန်တည်းမှာပင် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့နှစ်ဦးစလုံး၏ မျက်ဝန်းများထဲတွင် အေးစက်စက်အကြည့်များ ရှိနေလေသည်။ သူတို့သည် ဝမ်ပေါင်လဲ့နှင့်အတူ တိုက်ခိုက်ရန် စိတ်အားထက်သန်နေကြ၏။ ထိုအခိုက်တွင် ဝမ်ပေါင်လဲ့သည် လက်မြှောက်လိုက်ပြီး သူတို့နှစ်ဦးကို တားလိုက်၏။ သူက ခေါင်းမော့လိုက်ရာ သူ၏မျက်လုံးများသည် ထီမထင်မှုများဖြင့် တောက်ပနေလေသည်။
“ မင်းတို့နှစ်ယောက် ဝင်ပါစရာမလိုပါဘူး။ ဒီနေ့ ငါ ဝမ်ပေါင်လဲ့ ကိုယ့်ကိုယ်ကိုပဲအားကိုးပြီး ဒီတိုက်ပွဲကို တိုက်မယ်။ အခြေတည်အဆင့်ဆိုတော့ရော ဘာဖြစ်သေးလဲ။ ဝမ်ပေါင်လဲ့ရဲ့ အဘိဓာန်မှာ အကြောက်တရားဆိုတဲ့ စာလုံးမရှိဘူးကွ ”
“ ကျင့်လေး ”
ဝမ်ပေါင်လဲ့ ရုတ်တရက် အော်ခေါ်လိုက်သည်။ သူ အော်ခေါ်လိုက်ရာ ခပ်လှမ်းလှမ်းတွင် ၎င်း၏ ရုပ်သေးရုပ်များနှင့် ဆော့ကစားနေသော စိန်လူဝံသည် ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး ကြောက်မက်ဖွယ် အော်ဟစ်လိုက်လေသည်။ ၎င်းသည် ထရပ်ကာ မြေပြင်ကို ခပ်ပြင်းပြင်းထုရိုက်လိုက်၏။ မြေပြင်သည် ကြေမွသွားပြီး စိန်လူဝံ၏ ခပ်ဝါးဝါးပုံရိပ်သည် လေထဲသို့ တောင်အသေးလေးတစ်ခုသဖွယ် ခုန်ပျံသွားကာ ကျယ်လောင်သောအသံကြီးနှင့်အတူ ဝမ်ပေါင်လဲ့၏ဘေးသို့ကျလာလေသည်။
သံချပ်ဝတ်တန်ဆာ၊ နက်မှောင်သော အမွေးများ၊ ကြီးမားသောခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်မျက်နှာထားတို့ကြောင့် ရုတ်တရက်ရောက်လာသော စိန်လူဝံသည် ပြိုင်ဘက်ကင်းသည့် အသွင်ရှိနေပေသည်။ ၎င်းသည် လက်သီးဆုပ်လိုက်၏။ လက်ပေါ်ရှိ သံလက်အိတ်များသည် လူတိုင်း၏နှလုံးသားအတွင်းသို့ အကြောက်တရားများ သွင်းပေးလိုက်သကဲ့သို့ပင်။ ၎င်းသည် လက်မြှောက်ကာ ရင်ဘတ်ကို ပုတ်၍ အော်ဟစ်လိုက်လေသည်။ ထို့နောက် ၎င်းသည် ရှေ့သို့တိုးလာသော်လည်း ခြေလှမ်းများတုံ့သွားပြီဖြစ်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားကို စူးစူးဝါးဝါးကြည့်လိုက်၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ မြန်နေသောရင်ခုန်သံကို မထိန်းချုပ်နိုင်ပေ။ သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်လာရာ သူ၏မျက်နှာပေါ်ရှိ အမဲစက်များကို ပို၍ထင်ရှားလာစေ၏။ သူသည် တံတွေးမျိုချလိုက်ပြီး စိန်လူဝံကို မသိမသာ ကြည့်လိုက်၏။ သူသည် ဆက်၍ ရှေ့သို့ တိုးမလာဝံ့တော့ပေ။ သူသည် ထိုစိန်လူဝံထံမှ အားပြင်းသော အန္တရာယ်အငွေ့အသက်များကို ခံစားနေရလေသည်။ ထိုစိန်လူဝံ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့် ချပ်ဝတ်တန်ဆာတို့သည် သူ၏ဦးရေပြားကို တဖျဉ်းဖျဉ်း ဖြစ်သွားစေ၏။
‘ ကိုယ်အားကိုယ်ကိုးမယ်ဆိုတဲ့ စကားက ဘယ်ရောက်သွားတာတုံး ’
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ အသက်ရှူနှုန်းသည် ပရမ်းပတာဖြစ်သွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ သူသည် ဝမ်ပေါင်လဲ့ကဲ့သို့ အရှက်မရှိသောလူမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လူအုပ်သည် တိတ်ဆိတ်သွား၏။ သူတို့သည် ဝမ်ပေါင်လဲ့ကို ငေးကြည့်နေကြပြီး ထူးဆန်းသည့်မျက်နှာထားများ ဖြစ်နေကြလေသည်။ လီရှို့မှာ အံ့အားသင့်သွား၏။ လင်းတျန်ဟောက်သည် ခပ်မဲ့မဲ့သာ ပြုံးလိုက်၏။
ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့သည် ဝမ်ပေါင်လဲ့၏ တမူထူးခြား၍ ကို့ရို့ကားယားနိုင်သော အတွေးအခေါ်များကို တွေ့ကြုံဖူးနေကျဟန် ပေါ်နေပေသည်။ အမှန်တွင် သူတို့သည် ဝမ်ပေါင်လဲ့ပြောသွားသည့်အထဲတွင် အမှားတစ်ခုမှမပါဟု ခံစားနေရ၏။
လူအုပ်ကြီးသည် သူတို့၏ ထူးဆန်းသောအတွေးများနှင့် အလုပ်များနေစဉ် ဝမ်ပေါင်လဲ့သည် ရှေ့သို့ ခြေတစ်လှမ်း ခပ်ရဲရဲလှမ်း၍ ကျိုးရိရှန်ထံသို့ ပြေးသွားလိုက်သည်။
“ ကျိုးရိရှန် မင်း ပြန်တောင်းပန်မှာလား၊ မတောင်းပန်ဘူးလား ”
ဝမ်ပေါင်လဲ့သည် သွက်လက်စွာ ချဉ်းကပ်လာရင်း အော်ပြောလိုက်သည်။ ကျိုးရိရှန်၏ မျက်နှာထား ပြောင်းလဲသွားချိန်တွင် ဝမ်ပေါင်လဲ့သည် သူ့အရှေ့သို့ ရောက်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ အခြေတည်အဆင့် ပြင်ပခန္ဓာကိုယ်အစွမ်းများ ပေါက်ကွဲထွက်လာ၏။ သူသည် လက်သီးဆုပ်ကာ ထိုးလိုက်လေသည်။
ကျိုးရိရှန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပေါ်လာ၏။ သူသည် ထိုလက်သီးချက်ကို ရှောင်ရန်ကြိုးစားလိုက်သော်လည်း အချည်းနှီးသာ။ သူ၏မျက်လုံးများ ပြာဝေသွားပြီး သူ၏ခေါင်းထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသံကို ကြားလိုက်ရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှုများသည် လှိုင်းတံပိုးများကဲ့သို့ ပျံ့နှံ့သွားကာ သူ၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်စွန်ကဲ့သို့ ဖြစ်သွား၏။ ဝမ်ပေါင်လဲ့၏ လက်သီးချက်သည် သူ့ကို ဆယ်ကိုက်မျှ လွင့်သွားစေသည်။
သွေးများ မြေပြင်ပေါ်ကျသွားသော်လည်း တိုက်ပွဲသည် မပြီးဆုံးသေးပေ။ ဝမ်ပေါင်လဲ့သည် ရှေ့သို့ထပ်မံ တိုးလိုက်ပြီး အော်ပြောလိုက်သည်။
“ တောင်းပန်စမ်း ”
“ ဝမ်ပေါင်လဲ့ … မင်း သတ္တိရှိတယ်ဆိုရင် ငါ့ကိုသတ်လိုက်ပါလား။ ငါ ကျိုးရိရှန်ကို မင်းက တောင်းပန်စေချင်တယ်ပေါ့လေ။ အဲဒီလိုအရှက်ရခံမယ့်အစား ငါ အသေပဲခံလိုက်မယ်ကွ ”
ကျိုးရိရှန်သည် အားတင်း၍ ထရပ်လိုက်ပြီး ဝမ်ပေါင်လဲ့ကို ပြန်အော်ပြောလိုက်သည်။
ဝမ်ပေါင်လဲ့သည် သူ့ကိုသတ်ဝံ့မည်မဟုတ်ဟု ယုံကြည်နေ၏။ ထို့ပြင် ထိုနေရာသည် မြို့စား၏ အိမ်တော်ဖြစ်သည်။ လင်းယုံသည် ထိုင်ကြည့်နေကာ ထိုကဲ့သို့ ကိစ္စကို အဖြစ်ခံမည်မဟုတ်ပေ။ သူ့တွင် ကြောက်စရာမရှိပေ။ ကျိုးရိရှန်တစ်ယောက် ဆက်၍ မခံချင်အောင်ပြောရန် ပြင်လိုက်စဉ် ဝမ်ပေါင်လဲ့သည် သူ့ထံသို့ရောက်လာပြီး လက်သီးအစား ခြေထောက်ကိုသုံးကာ သူ၏ပေါင်ကြားကို အားကုန်ကန်ကျောက်လိုက်လေသည်။
ကျိုးရိရှန်တစ်ယောက် အကန်ခံလိုက်ရသဖြင့် မျက်လုံးများပြုးသွားပြီး ခေါင်းထဲတွင် ကြယ်မြင်လမြင်ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားကြောင်း သူ ခံစားလိုက်ရ၏။ သူ၏ ဦးရေပြားသည် တဖျဉ်းဖျဉ်းဖြစ်လာပြီး ထုံလာလေတော့သည်။ ဖော်ပြ၍မရနိုင်သော အကြောက်တရားတစ်ခုက သူ့ကို ပူးကပ်သွားလေ၏။
ဝမ်ပေါင်လဲ့၏ ကန်ချက်သည် လွန်စွာရက်စက်ပြီး ကန်အားသည် ကြောက်မက်ဖွယ်ပင် ကောင်းပေသည်။ သူ၏ခြေကန်ချက်ထွက်သွားချိန်တွင် လေခွင်းသံများပင် ကြားရလိုက်ရ၏။ အကယ်၍ ထိုကန်ချက်ဖြင့်သာ အကန်ခံလိုက်ရပါက ဥသည် ချက်ချင်းပင် ကြေမွသွားမည်ဟုပင် ထင်ရလေသည်။
တိုက်ပွဲတစ်ခုလုံးကို စောင့်ကြည့်နေသော လင်းယုံသည်ပင် ပင့်သက်ရှိုက်လိုက်၏။ သူသည် ခပ်ယဲ့ယဲ့ပြုံး၍ တိုက်ပွဲကို ရပ်တန့်ရန် ဟန်ပြင်လိုက်သည်။ သူ မည်သို့မှ မပြောလိုက်နိုင်ခင်မှာပင် ကျိုးရိရှန်သည် နောက်သို့လန်ကျသွားပြီး သရဲတစ်ကောင်ကဲ့သို့ ဖြူဖပ်ဖြူရော်မျက်နှာထားဖြင့် အော်ပြောလိုက်၏။
“ ငါမှားပါတယ် ရိဖန် … ငါမှားပါတယ်… ငါ့ကိုမကန်ပါနဲ့တော့ ဝမ်ပေါင်လဲ့… ရပ်ပါတော့ ”
သူ၏တောင်းပန်သံက ရုတ်တရက်ထွက်ပေါ်လာရာ ဝမ်ပေါင်လဲ့ပင် ကြောင်သွား၏။ ကျိုးရိရှန်သည် သုံးစား၍မရကြောင်း ဝမ်ပေါင်လဲ့တွေးမိသွားလေသည်။
လူအုပ်သည်လည်း တစ်ဦးကိုတစ်ဦးကြည့်ကာ ဆွံ့အနေပေသည်။ သူတို့သည် ပေါင်ကြားကိုအကန်ခံရခြင်း၏ ကြောက်မက်ဖွယ်နောက်ဆက်တွဲပြဿနာများကို နားလည်လေသည်။ သို့သော် ကျိုးရိရှန်သည် အကြောက်တရားကင်းမဲ့ကာ ထီမထင်သောပုံစံဖြစ်နေပြီးနောက် ချက်ချင်းပင် သူရဲဘောကြောင်ကာ အညံ့ခံလိုက်ပုံသည် လွန်စွာလျင်မြန်သော ပြောင်းလဲမှုဖြစ်၏။ ထို့ကြောင့် သူတို့အားလုံး အံ့အားသင့်သွားကြခြင်းပင်။
ကျိုးရိရှန်၏ စကားများဆုံးသွားသောအခါ ရင်ပြင်တစ်ခုလုံးပေါ်သို့ ဩဇာအာဏာဖြင့် ပြည့်နှက်နေသော လင်းယုံ၏ ကျယ်လောင်သောအသံ ကျဆင်းလာလေတော့သည်။
“ တော်လောက်ပြီ။ မင်းတို့က ငါ့ရဲ့ လင်းအိမ်တော်ကို ဘယ်လိုနေရာများထင်လို့လဲ ”