အတွင်းနယ်မြေ၏ ကြယ်အဖွဲ့အစည်းလေးခုတွင် ကျူးကျော်လာသော ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံးသည် အတွင်းနယ်မြေမှ ကျင့်ကြံသူအားလုံး၏ စုပေါင်းစွမ်းအားကို သုံး၍ လည်ပတ်စေသော ဘီးကြောင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
ကျန်နေသည့် တစ်ခုတည်းသောအရာမှာ လေဟာနယ်ကို ဆုတ်ဖြဲ၍ ဖွင့်လှစ်ကာ အကြောက်အကန် ထွက်ပြေးသော ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ကြောင့် ဖြစ်ပေါ်ခဲ့သော အက်ကြောင်းသာ ရှိတော့၏။ နောက်ထပ် မသေသေးသော ကျင့်ကြံသူတစ်ယောက်လည်း ရှိပေသည်။ ထိုသူမှာ ဆရာသခင်ယွင်လော ဖြစ်၏။
ပြင်ပနယ်မြေ၌ ဝမ်လင်းကို အကြောက်လန့်ဆုံးသူမှာ ယွင်လော ဖြစ်ပေ၏။ အတိတ်တုန်းက သူမ ရှေ့ဖြစ်ကြည့်ခဲ့စဉ်က တွေ့မြင်ခဲ့ရသည့်အရာကို သူမ အနေဖြင့် လုံးဝ မေ့ဖျောက်နိုင်မည် မဟုတ်ပေ။ ဝမ်လင်း၏မြားက အုပ်စိုးသူကို နောက်သို့ အတင်းအကြပ် ဆုတ်သွားစေခဲ့သည့်အချိန်တည်းက သူမသည် သူမ ဆရာပေးခဲ့သော အသက်ကယ်ကျောက်စိမ်းပြားကို ခွဲခြေကာ တုန့်ဆိုင်းခြင်းမရှိ ထွက်သွားခဲ့ခြင်းပင်။
သေအံမူမူ ဖြစ်နေစဉ်အတွင်း သူမ၏ဆရာက ထိုကျောက်စိမ်းပြားကို သန့်စင်ခဲ့ကာ ဟင်းလင်းပြင်နှင့် ပေါင်းစပ်စေခဲ့ခြင်း ဖြစ်၏။ ၎င်းသည် သူမကို မည်သည့်နေရာကနေမဆို ရှေးဟောင်းကြယ်အဖွဲ့အစည်း(ပြင်ပနယ်မြေ)ရှိ သူမကလန်၏ ပလ္လင်ထံသို့ ပြန်ရောက်စေနိုင်စွမ်း ရှိသည်။ တစ်ကြိမ်အသုံးပြုပြီးနောက် ထိုကျောက်စိမ်းပြားမှာ တစစီ ဖြစ်သွားလိမ့်မည်။
သူမသည် ထိုကျောက်စိမ်းပြားကို ကိုယ်နှင့်မကွာ အမြဲဆောင်ထား၏။ သို့သော် သူမ၏ကိုယ်ပွားသေဆုံးခဲ့ချိန်ကတော့ ၎င်းကို အသုံးမပြုခဲ့ပေ။ ယနေ့တွင်မူ သူမသည် အသက်ရှင်နိုင်ဖို့ ၎င်းကို အသုံးပြုခဲ့ပြီး ဖြစ်၏။
ခုချိန်၌ ဝမ်လင်း၏ အော်ရာမှာ မတည်မငြိမ် ဖြစ်နေ၏။ သူက ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း သူ အပြင်းအထန် ဒဏ်ရာရထားခဲ့ပြီး ဖြစ်၏။ ထိုဒဏ်ရာများသည် သူ နာမည်နှင့် အဆင့်အတန်းကို မသိသော ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ကို သတ်ဖြတ်ခဲ့ချိန်က ရခဲ့ခြင်း ဖြစ်၏။ ထိုဒဏ်ရာများသည် သူ ဝတ်စုံနက်အဘိုးအိုနှင့် နောက်ထပ်ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်တို့ကို ဖိနှိပ်ဖို့ အင်ပါယာမီးပြင်းဖိုကို အသုံးပြုချိန်က ရခဲ့ခြင်း ဖြစ်၏။
သို့သော် အဆိုးဆုံးဒဏ်ရာ ရသွားခြင်းကတော့ သူ၏အနှစ်သာရသုံးခုကို ဘီးများကို ပေါင်းစပ်၍ လောက၏ လုပ်ဆောင်မှုကို ပြောင်းလဲစေခဲ့ချိန်ကပင်။ ထိုဘီးကို ဖြစ်ပေါ်စေခြင်းသည် သူ၏ခွန်အားကုန်ကို အသုံးပြုခဲ့ရ၏။ လေးကြိမ်မြောက်လည်ပတ်၍ ထိုဘီးကို တွန်းခဲ့ရခြင်းက သူ့ကို ခြေကုန်လက်ပန်း ကျစေခဲ့သည်။
ခုချိန်၌ သူ၏မျက်နှာမှာ သွေးရောင်မရှိဘဲ ဖြူရောနေ၏။ သူသည် အစောပိုင်းကလို သန်မာခြင်း မရှိလေတော့ပေ။ သို့ပေမည့် သူ၏မျက်လုံးတို့ကမူ အေးစက်မှုအပြည့်၊ ပြတ်သားမှုအတိပင်။
သူသည် နောက်မဆုတ်ခဲ့ပေ။ မကျရှုံးခဲ့ပေ။ သူက သုံးနှစ်တာ အတွင်းနယ်မြေမှလူများကို စောင့်ရှောက်ပေးမည်ဟုလည်း ပြောခဲ့သေး၏။
ဝမ်လင်း ထိုသို့ ပြောလိုက်စဉ် အကွာအဝေးတစ်ခုထံမှ စစ်ထူနန်နှင့် ကျင့်ကြံသူထောင်ချီ ရောက်လာကြ၏။ သူတို့က နောက်ကျနေခဲ့သည်။ သူတို့နောက်ကျသည့်အတွက်ကြောင့် တိုက်ပွဲတွင် မပါဝင်ခဲ့ရဘဲ ဒဏ်ရာလည်း မရခဲ့ကြပေ။ သူတို့သည် ဝမ်လင်းဘေး၌ အတွင်းနယ်မြေကို စောင့်ရှောက်ကြမည့်သူများ ဖြစ်လာ၏။
သူသည် ချင်းရွှေနှင့် သူ သိသောလူများကို စကားတစ်ခွန်း ပြောနေရန်ပင် အချိန်မရပေ။ အချိန်သည် ပဓာနဖြစ်နေ၏။ ခုချိန်၌ အတွင်းနယ်မြေသည် တည်ငြိမ်သွားသော်လည်း ဝမ်လင်းက ဤသည်မှာ အစသာ ရှိသေးသည်ကို သိ၏။ အရာအားလုံးသည် အခုမှ အစဦးဆုံး ခြေလှမ်းသာ ရှိသေးသည်။
အစစ်အမှန်တည်ငြိမ်မှုက နောက်လာမည့် သုံးနှစ် သို့မဟုတ် သုံးနှစ်ပြီးမှ အထွတ်အထိပ်သို့ ရောက်လိမ့်မည် ဖြစ်၏။ ထိုလာမည့် အဖြစ်အပျက်မှာ အတွင်းနယ်မြေနှင့်အပြင်နယ်မြေတို့ကို လုံးဝ ပျက်စီးစေတာပါ ဖြစ်နိုင်သေးသည်။
တကယ်တော့ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ ရောက်လာကြသူများ၏ အမြင်၌ ဒီလှိုဏ်ဂူလောရှိ လူအားလုံး သေဆုံးသွားလျှင်ပင် ပြဿနာရှိလိမ့်မည် မဟုတ်ပါ။ ကောင်းကင်ဘုံတာအို ဒီနေရာတွင် ရှိနေသ၍ သက်ရှိဖြစ်တည်မှုများ ပေါ်လာနိုင်သည် မဟုတ်လား။ ထို့နောက် နှစ်ပေါင်းသန်းနှင့်ချီ ကြာပြီးပါက မရေမတွက်နိုင်သော သက်ရှိအသွင်ဖြစ်တည်မှုများ ပေါ်လာကြမည်ပင်။ ထိုသူများကြား၌လည်း တတိယအဆင့် ကျင့်ကြံသူများသည် ပိုမိုသန်မာလာအောင် ရုန်းကန်ကြဦးမည် ဖြစ်သည်။
သို့ပေမည့် ဝမ်လင်းသည် ထိုသို့သောအရာမျိုး ဖြစ်ပွားလာမည်ကို ခွင့်ပြုမည် မဟုတ်ပေ။ သူ့ထံ၌ ကိုယ်ပိုင်အစီအစဉ် ရှိ၏။ ရူးသွပ်ဖွယ်အကြံအစည်ပင်။ ထိုအကြံကို စိတ်ထဲထည့်ကာ သူက အနှစ်သာရဘီးကို ကြယ်အဖွဲ့အစည်းထံ ဖြတ်သန်း၍ တွန်းလေသည်။
သူ၏နောက်ကနေ မူပင်းမေသည် ထွက်ခွာသွားသော ဝမ်လင်း၏ပုံရိပ်ကို ကြည့်လျက် အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးသောအကြည့် ဆက်မရှိတော့ပေ။ စိတ်ဝေဝါးမှုအချို့သာ ရှိနေ၏။ အချိန်အတန်ကြာပြီးနောက် သူမသည် ခေါင်းငုံ့သွား၏။ အစောပိုင်းတုန်းက ဝမ်လင်း ပြောခဲ့သော စကားများသည် သူမစိတ်ထဲ၌ ရစ်သီနေလေ၏။
“သူမဟာ ငါ့ချစ်သူ မဟုတ်ပေမဲ့ သူမဟာ ငါ့သား ဝမ်ပိုင်ရဲ့ အမေပဲ…” မူပင်းမေသည် ခေါင်းမော့လာ၏။ သူမ၏မျက်လုံးထဲ၌ ပြတ်သားမှုတို့ အစားဝင်ရောက်လာသည်။ သူမသည် လေထဲသို့ လှပသောဖီးနစ်ငှက်အလား ပျံသန်းတက်ကာ ဝမ်လင်းနောက်သို့ လိုက်လာသည်။
အကွာအဝေးတစ်ခု၌ ချင်းရွှေ၏ မူလစိတ်ဝိညာဉ်သည် ပြန်ရောက်လာ၏။ သူက မျက်လုံးဖွင့်လိုက်သည်။ သူသည် ဝမ်လင်းကို ကြည့်နေသော သူ့ဘေးရှိ ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးကို ကြည့်လိုက်သည်။ သူက သက်ပြင်းချ၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“နင် သူ့ကို သိတယ်မလား…”
ပန်းရောင်ဝတ်စုံနှင် အမျိုးသမီးက ခဏတာ စဉ်းစားပြီးနောက် ချင်းရွှေကို လှည့်ကြည့်ကာ ညင်သာစွာ ခေါင်းညိတ်ပြ၏။
“သူ့ဘဝဟာ ဆိုးရွားလွန်းတယ်။ သူ အထီးကျန်နေရတာ ကြာလွန်းခဲ့ပြီ။ နင် သူနဲ့အတူ ရှိချင်ရင် တွေဝေမနေနဲ့။ တခါတရံ နင် တွေဝေလိုက်တာဟာ ဆုံးရှုံးသွားတတ်တယ်။ အတိတ်တုန်းက ငါ့လိုမျိုး မဖြစ်ပါစေနဲ့…” ချင်းရွှေ၏မျက်လုံးထဲတွင် အတိတ်ကို အောက်မေ့ဟန် လှစ်ခနဲ ပေါ်သွားသည်။
ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ခေါင်းညိတ်လိုက်၏။ ခဏကြာပြီးနောက် သူက ညင်သာစွာ မေးလိုက်သည်။ “သင် ဘာကြောင့် ငါ့ကို ကယ်ခဲ့တာလဲ…”
ချင်းရွှေသည် အချိန်အတန်ကြာ ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် ခါးသီးဟန် အမူအရာ လှစ်ဟပေါ်သည်။ သူသည် ခေါင်းယမ်းကာ စကားပြန်မဆိုပေ။ တချို့အရာတွေကို သူ မပြောနိုင်ပေ။ ပြောနိုင်သည်မှာ သူက သူမကို သူ၏သမီးအဖြစ် အသိအမှတ်ပြုသည့်အခါ အရာရာလုပ်ပေးလိမ့်မည်ပင်။ သို့သော် သူသည် ထိုအရာကို မည်သို့ဖော်ပြရမည်ကို မသိပေ။
အချိန်အတန်ကြာပြီးနောက် ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ချင်းရွှေကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်၏။ သူမသည် နားမလည်နိုင် ဖြစ်မိပြီး သက်ပြင်းချမိ၏။ သူမက ကောင်းကင်ထက်သို့ လှည့်ထွက်ကာ ဝမ်လင်းနောက်သို့ လိုက်သွားလေ၏။
ချင်းလင်က ရပ်၍ ကြယ်များကို ကြည့်နေပြီး မျက်လုံးမှိတ်ထားလိုက်၏။
“သူ တချို့အမှန်တရားတွေကို နားလည်သွားတာ ဖြစ်နိုင်တယ်။ အတိတ်တုန်းက ဆရာ ငါ့ကို ပြောခဲ့ဖူးသလိုမျိုးပေါ့။ အတိတ်တုန်းက ငါဟာ ဒါကို မယုံကြည့်ခဲ့ဘဲ ငါ့ကိုယ်ငါ လှည့်ဖြားဖို့ပဲ ရွေးချယ်ခဲ့တယ်။ သူဟာ ငါ့ထက် သန်မာတယ်။ သူဟာ သူ့ကိုယ်သူ လှည့်ဖြားဖို့ မရွေးချယ်ပဲ အဲ့ဒီအမှန်တရားကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာပဲ…”
မူပင်းမေနှင့် ပန်းရောင်ဝတ်စုံအမျိုးသမီးတို့ ပျံသန်းထွက်လာစဉ် တတိယမြောက်အလင်းတန်းတစ်ခုသည်လည်း မပျက်စီးသေးသော ဂြိုဟ်ထံမှ ပျံသန်းထွက်လာ၏။ အမျိုးသမီးတစ်ယောက်က ထိုအလင်းတန်းအဖြစ် ပြောင်းလဲကာ ပျံသန်းလာခြင်းပင်။ သူမ၏နာမည်မှာ ရှီဇီဖန် ဖြစ်၏။
သည်စစ်ပွဲပြီးသည့်နောက် လူငါးသောင်းပင် မကျန်တော့ပေ။ တိမ်ပင်လယ်ရှိ ပထမဆုံးတိုက်ပွဲအတွင်းတုန်းက ကျင့်ကြံသူငါးသောင်းနီးပါး ရှိခဲ့၏။ စစ်ပွဲဖြစ်ပြီး နှစ်ပေါင်း(၉၇)နှစ်ကြာပြီးနောက် ကိုးဆယ်ရာခိုင်နှိုင်းကျော်မှာ သေဆုံးသွားခဲ့ကြပြီ ဖြစ်၏။
ကျန်သည့်သူများမှာ အစွမ်းထက်သည့် အတွင်းနယ်မြေကျင့်ကြံသူများ ဖြစ်ကြ၏။
ရာစုနှစ်တစ်စုနီးပါး စစ်ပွဲအတွင်း သေခြင်းတရားများစွာကို ခံစားခဲ့ရခြင်းသည် အတွင်းနယ်မြေအနေဖြင့် အရင်က လုံးဝ မမြင်ဖူးခဲ့သောအရာပင်။ အတွင်းနယ်မြေသည် တတိယအဆင့်ကျင့်ကြံသူများစွာ မပိုင်ဆိုင်ထားပေ။ ခုချိန်၌ အများစုမှာ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ကျန်သည့်သူများမှာလည်း ဒဏ်ရာရထားကြသည်။
အပူဇော်ခံမီးတောက်လည်း လုံလုံလောက်လောက် မရှိသည်ဖြစ်ရာ သူတို့အဖို့ ပြန်ကောင်းမွန်ရန် ခက်ခဲလှသည်။ သူတို့သည် သူတို့၏အထွတ်အထိပ်သို့ နောက်ထပ် ပြန်မရောက်တော့မှာပါ ဖြစ်နိုင်သည်။
သည်စစ်ပွဲပြီးသည့်နောက် ဂြိုဟ်အစီအရင်၌ ဂြိုဟ်(၁၉)လုံးသာ ကျန်ခဲ့သည်။ ထိုဂြိုဟ်ဆယ့်ကိုးလုံးပေါ်တွင် ဒဏ်ရာများ ကုသဖို့ ကျင့်ကြံသူငါးသောင်း နေထိုင်ကြ၏။
ဤအရာမှာ အတွင်းနယ်မြေအတွက် ကျင့်ကြံခြင်းလောကအသစ် ဖြစ်လာခြင်းပင်။
စစ်ထူနန်နှင့် တခြားသူများ၏ စောင့်ကြပ်မှုအောက်၌ လူတိုင်းသည် ဂြိုဟ်ဆယ့်ကိုးလုံးမှ ဂြိုဟ်တစ်လုံးလုံးကို အနားယူရန်နှင့် ဒဏ်ရာကုသရန် ရွေးချယ်လိုက်ကြ၏။ သည်ကျင့်ကြံသူများကြား၌ ဆေးပညာကျွမ်းကျင်သူများလည်း ရှိကြ၏။ စစ်ထူနန်တို့ အုပ်စုမှ ကျင့်ကြံသူအဖွဲ့များက စောင့်ကြပ်ပေးရင်း သူတို့သည် ဗလာနတ္တိ ဖြစ်နေသော တခြားကြယ်အဖွဲ့အစည်းသုံးခုထံ ဆေးပင်များကို ရှာဖွေကြသည်။ သူတို့က လူတိုင်း မြန်မြန် ပြန်ကောင်းနိုင်ဖို့ ဆေးလုံးများကို သန့်စင်ချင်ကြ၏။
အရာအားလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားသည်ဟု ထင်မှတ်ရ၏။ သည်ကျင့်ကြံသူထောင်သောင်းချီက ဒဏ်ရာကုသမှုကို စတင်ကြသည်။ သို့ပေမည့် သူတို့သည် စိတ်ချလက်ချဖြစ်ကာ စိတ်မအေးနိုင်သေးပေ။ စစ်ပွဲမှာ ခုထိ မပြီးပြတ်သေးပေ။
သည်အခိုက်အတန့်၌ ဝမ်လင်း ပျောက်ကွယ်သွားသောနေရာထံသို့ လေးခုမြောက်အလင်းတန်း ပျံသန်းဝင်လာ၏။ ထိုအလင်းတန်းထဲ၌ နောက်ထပ်အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမက ဆင့်ခေါ်ခြင်းမြစ်မှ ဆန်းကြယ်လေဟာနယ်အဆင့် ခရမ်းရောင်ဝတ်စုံဖြင့်အမျိုးသမီးပင်။
သူမ၏ဇစ်မြစ်မှာ ထူးခြားဆန်းကြယ်နေ၏။ အတွင်းနယ်မြေရှိ တချို့လူများကလွဲ၍ သူမ၏ နောက်ခံပုံရိပ်ကို မသိကြပေ။ သို့ပေမည့် ဒီစစ်ပွဲအတွင်း သူမ၏လုပ်ဆောင်မှုများက လူတိုင်း၏ လေးစားမှုကို ရရှိစေခဲ့သည်။
လွန်ခဲ့သော နှစ်သုံးဆယ်က သူမ၏ညီမဖြစ်သူမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့၏။ သူမက အလွန်နှုတ်နည်းသောသူလည်း ဖြစ်၏။ ထိုအချိန်မှစ၍ သူမသည် စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။
ဝမ်လင်းသည် ပင်ပန်းနေလျက်ကပင် အနှစ်သာရသုံးခုဘီးကို တိမ်ပင်လယ်ဆီသို့ တွန်းနေ၏။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရှိ ချိပ်ပိတ်နယ်မြေအစီအရင်၌ အဟမှာ သည်သုံးနှစ်အတွင်း ပုန်းကွယ်နေသည့် အကြီးမားဆုံးအန္တရာယ် ဖြစ်သည်။
ဝမ်လင်းသည် အတွင်းနယ်မြေအတွက် ဒဏ်ရာများ ကုစားကာ ပြန်ကောင်းမွန်နိုင်ဖို့ အချိန်သုံးနှစ် လိုချင်ပါက သူသည် ၎င်းအဟကို ချိပ်ပိတ်ဖို့ လိုမည်သာမက သူကိုယ်တိုင်ပါ ထိုနေရာ၌ ရက်ပေါင်းညပေါင်းတစ်ထောင်ကျော် စောင့်ကြပ်နေရမည် ဖြစ်သည်။
အမှန်တကယ်တော့ သူသည် ထိုသို့လုပ်ရန် မလိုအပ်ပေ။ သူက သူ့ကိုယ်သူ လှည့်စားကာ အသက်ကြီးအိုမင်း၍ သေဆုံးသွားမည့်နေ့ထိ နေရာတစ်နေခုရှာကာ နေထိုင်နိုင်သည်။ သို့ပေမည့် သူသည် ထိုသို့ မလုပ်ချင်ပေ။ မလုပ်နိုင်ပေ။
သူ ရှေ့ဆက်လာနေစဉ် တဝီဝီအသံများမှာ ကြယ်များကြား ပဲ့တင်ထပ်၏။ ထိုမြည်သံများသည် သူ၏ဧရာမအနှစ်သာရသုံးခုဘီးထံမှ ထွက်ပေါ်လာခြင်းပင်။ ဝမ်လင်း၏မျက်လုံးထဲရှိ အလင်းက သူ၏ပင်ပန်းနွမ်းနယ်မှုကို ဖုံးကွယ်ပေးထားရင်း သူက ဘီးကို ရှေ့သို့ ဆက်တွန်းနေသည်။
မကြာခင်တွင် သူက တိမ်ပင်လယ်၏ နယ်စပ်သို့ ရောက်လာ၏။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး တိမ်ပင်လယ်ထဲ မြန်ဆန်စွာ ရွှေ့လျားလာသည်။
တိမ်ပင်လယ်ကို ခြုံလွှမ်းထားတတ်သည့် မြူများ ပျောက်ကွယ်ခဲ့သည်မှာ ကြာပြီ ဖြစ်၏။ ထို့ကြောင့် သည်ကြယ်အဖွဲ့အစည်းသည် အတော်လေး ကြည်ရှင်းနေသည်။ သွေးနံ့များလည်း ပြည့်နှက်နေ၏။ ကုန်းမြေများသည် အပျက်အစီးပုံ ဖြစ်နေပြီ။
ဝမ်လင်းက ပျက်စီးနေပြီ ဖြစ်သော တိမ်ပင်လယ်ကို ဖြတ်၍ ဘီးကို တွန်းလာ၏။ မကြာမီတွင် တိမ်ပင်လယ်ရှိပထမဆုံးစစ်ပွဲကွင်းပြင်က သူ့ရှေ့တွင် ပေါ်လာ၏။ သည်နေရာတွင်မူ အချို့နေရာများ၌ မြူများ ကျန်ရှိနေသေး၏။ သို့သော် ဝမ်လင်း ရောက်ရှိလာသည့်အခါ ဘီးထံမှ လေပြင်းနှင့်ဟိန်းမြည်သံ ထွက်ပေါ်လာသည်။
ထိုလေသည် ချိပ်ပိတ်နယ်မြေအစီအရင်၏ အပေါက်ပတ်လည်ရှိမြူများကို ရွှေ့လျားစေကာ သိပ်မကြာခင် လွင့်ပါးပျောက်ကွယ်သွားစေသည်။ ဝမ်လင်း၏ရှေ့ရှိ ထူထဲသောမြူများ ကွယ်ပျောက်သွားပြီး သူ့မျက်လုံးရှေ့တွင် ပေတစ်သောင်းရှိ အပေါက်တစ်ခု ထင်ထင်ရှားရှားပေါ်လာ၏။
ထိုအပေါက်သည် ဒဏ်ရာအမာရွတ်တစ်ခုကဲ့သို့ ဖြစ်၏။ လွန်ခဲ့သောနှစ်ပေါင်းတစ်ရာတည်းက သည်အပေါက်ကို ပြန်ကုစားနိုင်စွမ်း မရှိခဲ့ပေ။ အတွင်းနယ်မြေမှ ကျင့်ကြံသူများက ဒီအပေါက်ကို ပြန်ပြုပြင်နိုင်ဖို့ ကြိုးစားခဲ့သေး၏။ သို့သော် အဆုံးသပ်၌ သူတို့အားလုံးက စိတ်ပျက်လက်ပျက် ထွက်လာခဲ့ရသည်သာ။ ဒီအပေါက်ကို ပြန်မပြုပြင်နိုင်ပေ။ အကြောင်းမှာ စစ်ပွဲအတွင်း၌ ချိပ်ပိတ်နယ်မြေအစီအရင်သည် ပျက်စီးလုနီးနီး ဖြစ်ခဲ့ခြင်းကြောင့်ပင်။
မည်သူက ဒီချိပ်ပိတ်နယ်မြေအစီအရင်ကို ဖန်တီးခဲ့သည်ကိုမူ မသိရပေ။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်လွန်လာပြီးနောက် ထပ်ခါထပ်ခါ တိုက်ခိုက်ခံရပြီးနောက် သည်အပေါက် ဖြစ်ပေါ်လာသည်မှာ နှစ်တစ်ရာနီးပါး ရှိလေတော့မည်။ နယ်မြေချိပ်ပိတ်ခြင်းအစီအရင်မှာ အလွန်အားနည်းသွားခဲ့ပြီ ဖြစ်၏။
ထိုအပေါက်ရှေ့တွင် ရပ်နေရင်း ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက ချိပ်ပိတ်နယ်မြေအစီအရင်ကို ကြည့်ကာ သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ သူက အတွင်းရှိ အစီအရင်စိတ်ဝိညာဉ်များကို ခံစားမိနိုင်သည်။ သို့သော် ယင်းတို့မှာ လွန်စွာ အားနည်းသွားခဲ့ပြီပင်။ အားနည်းသွားသော ချိပ်ပိတ်နယ်မြေအစီအရင်က ယင်းအစီအရင်စိတ်ဝိညာဉ်များကို လွင့်ပါးပျောက်ကွယ်စေတော့မည့်အလား။
“ဒီအစီအရင် သေသွားခဲ့ပြီ…” ဝမ်လင်းသည် စိတ်မကောင်းဖြစ်မိ၏။ သူသည် နောက်လှည့်၍ သူ၏ရှေ့ရှိ ဟင်းလင်းပြင်ကို ကြည့်သည်။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာကို သယ်ဆောင်လာသော ခရမ်းရောင်အလင်းတန်းတစ်ခုက သူ့ထံ ပျံသန်းလို့လာသည်။
ထိုအလင်းတန်းမှာ နောက်ဆုံးမှ ထွက်ခွာလာခဲ့သော ဝမ်လင်းနောက် လိုက်လာသည့် လေးခုမြောက်အလင်းတန်း ဖြစ်၏။ သို့သော် ဝမ်လင်းကို မှီလာသည့်ပထမဆုံးသူလည်း ဖြစ်သည်။ သူမမှာ ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးကျင့်ကြံသူ ဖြစ်၏။
***