အခန်း (၂၈) ခွဲခြားဆက်ဆံခြင်းများခံရလေသလား
နတ်မိစ္ဆာမိန်မပျိုကို ကျန်းလန် သိပ်ပြီး အရေးမစိုက်တော့ပေ။
သူမက တန်ခိုးစွမ်းအား နိမ့်ပါးသူတစ်ယောက်တော့ မဟုတ်ပေ။ အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ၊ နောက်ဆုံးအဆင့် ရှိလောက်ပေ၏။
သူမ၏ တန်ခိုးစွမ်းအားက ခွန်လွန်တောင်မှ မျိုးဆက်သစ်တပည့်များနှင့်ယှဉ်လျှင် အားနည်းသည်ဟု မဆိုသာပေ။
သို့သော်… ကြီးမြတ်သည့်ခွန်လွန်တောင်ကတော့ သူမကဲ့သို့ နတ်မိစ္ဆာများကို သေးငယ်သည့် တိရိစ္ဆန်သတ္တဝါများအဖြစ်သာ သဘောထားမည် ဖြစ်သည်။
ထို့ကြောင့်… ခွန်လွန်တောင်မှ ကျင့်ကြံသူများကို မိန်းမပျိုကြောက်ရွံ့နေသည်မှာ သဘာဝကျလေသည်။
ခွန်လွန်တောင်ခြေတွင် တန်ခိုးစွမ်းအားမြင့်မားသည့် ကျင့်ကြံသူများစွာ ရှိနေနိုင်လေသည်။ ရွှေပြဒါးအမြုတေအဆင့် ၊ မူလဝိညာဉ်အဆင့် ၊ မရှိမှုအာကာသအဆင့် ကျင့်ကြံသူများနေရာတိုင်းတွင် ရှိနိုင်သည်။
အခန့်မသင့်လျှင် အင်မော်တယ်များနှင့်ပင် ရင်ဆိုင်ရနိုင်ချေသည်။
နတ်မိစ္ဆာတစ်ယောက်အနေဖြင့် မည်သည့်အရာနှင့် ရင်ဆိုင်ရမည်က ပြောရန် ခက်ခဲလှသည်။
“သူ့ကိုကြည့်ရတာ ဒီနေရာကိုလာဖို့ အတော်လေး စွန့်စားပြီး လာခဲ့ရတဲ့ပုံပဲ… ၊ ဘာအတွက်များ လာရတာလဲ မသိဘူး…”
ကျန်းလန်က ထိုမိန်းမပျိုအကြောင်း စိတ်ဝင်စားမိသော်လည်း အရမ်းတော့ အာရုံမစိုက်မိပေ။
သူက အကောင်းစားသေရည်တစ်အိုးလာဝယ်ခြင်းဖြစ်လေရာ သေရည် ရ မရကိုသာ အာရုံစိုက်ရမည် ဖြစ်သည်။
“ကျွန်မ… ကျွန်မကို သာမန်သေရည်လေး တစ်အိုးလောက် ရောင်းပါလား…”
နတ်မိစ္ဆာမိန်းမပျိုက ခပ်တိုးတိုးအသံဖြင့် ပြောလိုက်သည်။
ထို့နောက် ကောင်တာပေါ်သို့ သေရည်ထည့်ရန် ဘူးသီးခြောက်တစ်ခုနှင့် ဝိညာဉ်ကျောက်တုံး အထုပ်လေးတစ်ထုပ် တင်ပေးလိုက်သည်။
သူမက ဝိညာဉ်ကျောက်တုံး အထုပ်လေးကို အဝတ်စလေးတစ်စဖြင့် သေသေချာချာလေး ရစ်ပတ်ထုပ်ပိုးထားလေသည်။ ဝိညာဉ်ကျောက်တုံးများ ပျောက်ဆုံးသွားမည်ကို အလွန်စိုးရိမ်ပူပန်သည့်အလား ဖြစ်သည်။
ကျန်းလန် သူမထံမှ မျက်နှာလွှဲလိုက်ပြီး မျက်လုံးများ မှိတ်ထားလိုက်သည်။
ထိုစဉ်မှာပင်… သေရည်ဆိုင်အတွင်းသို့ နောက်ထပ် မိန်းမပျိုတစ်ယောက် ဝင်ရောက်လာပြန်၏။
သူမကိုတွေ့သည်နှင့် နတ်မိစ္ဆာမိန်းမပျိုမှာ အတော်လေး ကြောက်ရွံ့ထိတ်လန့်သွားဟန် ရှိသည်။ ကြည့်ရသည်မှာ ထပ်မံဝင်ရောက်လာသည့် မိန်းမပျိုက အတော်လေး အရှိန်အဝါ ကြီးမားဟန် ရှိသည်။
ထိုမိန်းမပျိုက နဂါးမျိုးနွယ်တစ်ယောက်ဖြစ်ကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
ကျန်းလန် ချက်ချင်းပင် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
အဖြူရောင်နှင့်အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောလှပသည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။
“လုန်ယွိပါလား…”
ကျန်းလန် စိတ်ထဲက ရေရွတ်လိုက်သည်။
လုန်ယွိက လွန်ခဲ့သည့် (၆)နှစ်ကျော် အချိန်ကအတိုင်း မပြောင်းလဲဘဲ လှပနေဆဲ ဖြစ်လေသည်။ ကြွေရုပ်လေးပမာ အံ့သြစရာကောင်းသည့် အလှတရားကို ပိုင်ဆိုင်ထားဆဲ ဖြစ်လေသည်။
သူမ၏ ညာဘက်ပါးနှင့် လည်ပင်းတစ်လျှောက်မှ သွေးနီရောင်ဒဏ်ရာကြီးသည်လည်း ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော်… သေသေချာချာကြည့်မည်ဆိုလျှင်တော့ သေးငယ်သည့် အနီရောင်အနာရွတ်လေးများ ထင်ကျန်နေသေးသည်ကို တွေ့မြင်နိုင်သည်။
ကြည့်ရသည်မှာ… လုန်ယွိက ဒဏ်ရာကို ယာယီပျောက်ကင်းသွားအောင် တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်ဟန်တူသည်။
လုန်ယွိ သေရည်ဆိုင်ထဲ ဝင်လာသည်နှင့် ကျန်းလန်ကို အရင်ဆုံး သတိပြုလိုက်မိသည်။ ထို့နောက် ကောင်တာရှေ့မှ နတ်မိစ္ဆာမိန်းမပျိုကို လှမ်းကြည့်လိုက်၏။
နတ်မိစ္ဆာမိန်းမပျိုက သေရည်ထည့်ထားသည့် ဘူးသီးခြောက်ကို အလျှင်အမြန်ယူလိုက်ပြီး ခေါင်းကိုတွင်တွင်ငုံ့ကာ ဆိုင်ထဲမှ ထွက်ခွာသွားလေသည်။
သူမ လုန်ယွိနံဘေးမှ ဖြတ်လျှောက်သွားစဉ် အတော်လေးပင် တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။ လုန်ယွိက သူမကို ရုတ်တရက် အန္တရယ်ပြုလိုက်မည်ကို စိတ်ပူနေဟန် ရှိသည်။
လုန်ယွိက နတ်မိစ္ဆာမိန်းမပျို ထွက်ခွာသွားသည်ကို ကြည့်နေပြီးမှ ကောင်တာဆီသို့ လျှောက်သွားလိုက်သည်။
“အကောင်းစားသေရည်တစ်အိုး လိုချင်လို့ပါ…”
လုန်ယွိလည်း သူ့လိုပင် ထိုင်စောင့်ရပေတော့မည်ဟု ကျန်းလန် တွေးလိုက်မိသည်။
သို့သော်… သူ့အထင် မှားသွားခဲ့လေ၏။
ကလေးငယ်က လုန်ယွိကို သေရည်တစ်အိုး ကမ်းပေးလိုက်ပြီး …
“ဒီမှာ အကောင်းစားသေရည်တစ်အိုး ရပါပြီ…”
ကျန်းလန် ဆွံ့အသွား၏။
လုန်ယွိကျ ထိုင်မစောင့်ရဘဲ သူက ထိုင်စောင့်နေရသောကြောင့် ခွဲခြားဆက်ဆံခံရသည်ဟုလည်း ခံစားလိုက်ရသည်။
လုန်ယွိက သေရည်အိုးကို ယူပြီးသည်နှင့် ကျန်းလန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
“ဂိုဏ်းတူမောင်လေးလည်း… အကောင်းစားသေရည် လာဝယ်တာလား…”
ဂိုဏ်းတူအစ်မက နှုတ်ဆက်လာသည့်အတွက် ကျန်းလန်က လေးစားသမှုဖြင့် ချက်ချင်းပင် ထိုင်နေရာမှ မတ်တတ်ရပ် လိုက်သည်။
“ဟုတ်ပါတယ်…ဂိုဏ်းတူအစ်မ…”
ပြောသာပြောရသည် အကောင်းစားသေရည်ဆိုသည်မှာ ဘာကိုပြောမှန်း ကျန်းလန် မသိပေ။
ဆရာမှာ၍သာ မှာသည့်အတိုင်း လာဝယ်ခြင်း ဖြစ်၏။
လုန်ယွိက…
“တကယ်တော့… အကောင်းစားသေရည်လိုချင်ရင် ဆိုင်ကို တစ်ရက်ကြိုမှာရတယ်… ဂိုဏ်းတူမောင်လေး… ၊ ဒါမှ ဆိုင်ရှင်က သူ… အပြင်မသွားခင် အကောင်းစားသေရည်တွေကို အပြင်ကို ထုတ်ပေးသွားလို့ရမှာပေါ့… ၊ မဟုတ်ရင်တော့ … ဆိုင်ရှင်ပြန်လာတဲ့အထိ စောင့်ရလိမ့်မယ်…”
ယခုတော့… လုန်ယွိ အကောင်းစားသေရည်တစ်အိုး အဘယ့်ကြောင့် ချက်ချင်းရရှိသွားသည်ကို ကျန်းလန် သဘောပေါက်သွားပြီ ဖြစ်သည်။
လုန်ယွိကတော့ မနေ့ကတည်းက ကြိုတင်မှာကြားထားခဲ့ဟန် ရှိသည်။
ကျန်းလန်က…
“ပြောပြပေးတာ ကျေးဇူးတင်ပါတယ်… ဂိုဏ်းတူအစ်မ…”
ဆရာဖြစ်သူကတော့ အကောင်းစားသေရည်လိုချင်လျှင် တစ်ရက်ကြိုမှာရမည်ကို အဘယ့်ကြောင့် ပြောမပြခဲ့ပါလိမ့်။
သို့သော်… သေရည်က ဆိုင်ရှင်ပြန်လာလျှင် ဝယ်ယူနိုင်မည်ဖြစ်သောကြောင့် ကျန်းလန် သိပ်တော့ စိတ်မပူမိပေ။
ခဏမျှ ထိုင်စောင့်နေရုံသာ ရှိသည်။ သူလည်း သိပ်ပြီး အလျှင်လိုစရာမှ မရှိပေပဲ…။
ထို့နောက်… လုန်ယွိ သေရည်ဆိုင်ထဲမှ ထွက်ခွာသွားလေသည်။
ပုံမှန်ဆိုလျှင် သူမက သာမန်တပည့်တစ်ယောက်ကို နှုတ်ဆက်စကားဆိုမိမည် မဟုတ်ပေ။ သို့သော်… နဝမတောင်ထွတ်မှ တပည့်ကတော့ သူမ အစကတည်းက အထင်ကြီးခဲ့မိသူ ဖြစ်နေလေသည်။
ယနေ့ … အမှတ်မထင် နဝမတောင်ထွတ်မှ တပည့်နှင့် တွေ့ဆုံရသည့်အတွက် သူမ အံ့အားသင့်နေမိသည်။
နဝမတောင်ထွတ်မှ တပည့်က တောင်အောက်ဆင်းလာသေးသည်တဲ့လား…။
လွန်ခဲ့သည့် (၆)နှစ်က မှော်ရုံနယ်မြေထဲတွင် အန္တရယ်နှင့် ကြုံတွေ့ခဲ့ရပြီးနောက် နဝမတောင်ထွတ်မှ တောင်သခင်က ခွန်လွန်တောင်တစ်ခုလုံးနှင့် နဝမတောင်ထွတ်ကို အဆက်ဖြတ်ထားခဲ့သည်။
နဝမတောင်ထွတ်မှ တောင်သခင်အနေဖြင့် တပည့်ဖြစ်သူ ထပ်မံအန္တရယ်ကျရောက်မည်ကို စိုးရိမ်ပူပန်ဟန်ရှိသည်။
ကျန်းလန်ကတော့ ထွက်ခွာသွားသည့် လုန်ယွိ၏ ကျောပြင်ကို ငေးမောရင်း ကျန်ရစ်ခဲ့လေသည်။
အချိန် (၁၀)နှစ်အတွင်း… ကျန်းလန်အနေဖြင့် ခွန်လွန်တောင်မှ အခြားတပည့်များနှင့် သိကျွမ်းခဲ့ဖူးခြင်းမရှိပေ။ နာမည်နှင့်တကွ သိရှိခဲ့သူဆို၍ လုန်ယွိတစ်ယောက်သာ ရှိလေသည်။
သူက အခြားဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများနှင့်လည်း ရင်းနှီးခင်မင်ရန် ဆန္ဒမရှိပေ။ သူက တစ်ယောက်တည်းသာ နေချင်သူ ဖြစ်သည်။
တစ်ယောက်တည်းနေခြင်းဖြင့် စနစ်တွင် အေးအေးဆေးဆေး မှတ်ပုံတင်နိုင်ပြီး အေးအေးဆေးဆေး ကျင့်ကြံနိုင်မည် ဖြစ်သည်။
အင်မော်တယ်ဖြစ်သွားသည့်တစ်နေ့တွင်တော့ တောင်ပေါ်မှဆင်းပြီး မည်သူနှင့်မဆို စိတ်ကြိုက်မိတ်ဆွေဖွဲ့နိုင်မည် ဖြစ်သည်။
ပျက်သုဉ်းနေသည့် တစပြင်လောကကြီးတွင် အင်မော်တယ်များ ၊ နတ်မိစ္ဆာများ ၊ နတ်ဆိုးများ ၊ နတ်ဘုရားများ များစွာ ရှိနေသည်ပဲ မဟုတ်ပါလား။
ပျက်သုဉ်းနေသည့် တစပြင်လောကကြီး အလွန်ပင် အန္တရယ်များလှသော်လည်း အင်မော်တယ်ဖြစ်သွားလျှင်တော့ မည်သည့်အရာကိုမှ ကြောက်နေစရာ မရှိတော့ပေ။
အတန်ကြာ စဉ်းစားနေမိပြီးနောက် ဘာကိုမှ မတွေးတော့ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်… မျက်လုံးများမှိတ်လိုက်ပြီး စိတ်စွမ်းအားကျင့်စဉ်ကို စတင်ကျင့်ကြံနေလိုက်သည်။
မကြာမီ… နေ့ခင်းအချိန်သို့ ရောက်ရှိလာလေသည်။
ကျန်းလန် နေရာတွင်ပင် ထိုင်နေလေသည်။ သူ၏ခန္ဓာကိုယ်က တစ်စက်လေးမှ လှုပ်ရှားခြင်း မရှိပေ။
ဆိုင်ကောင်တာတွင်ထိုင်နေသည့် ကလေးငယ်က ကျန်းလန်ကို စိတ်ဝင်တစားဖြင့် ကြည့်နေ၏။ ဤလူငယ်က အခြားသူများနှင့်မတူကြောင်း ကလေးငယ် ခံစားနေရသည်။
ကျန်းလန်က အလွန်မှ ငြိမ်သက်လွန်းနေသည် မဟုတ်ပါလား။
“အိပ်ပျော်နေတာလား မသိဘူး…”
ကလေးငယ်က ရေရွတ်လိုက်သည်။
သူ… ကျန်းလန်ကို စောင့်ကြည့်နေသည်မှာ နေ့တစ်ဝက်ကျော်နေပြီ ဖြစ်သည်။
သို့သော်… ထိုလူငယ်က လှုပ်ရှားခြင်းလည်းမရှိသလို အသံလည်းတစ်စက်မှ မထွက်ပေ။ သေချာပေါက် အိပ်ပျော်နေခြင်း ဖြစ်ရပေမည်။
ထိုအချိန်မှာပင်…
“မင်းနောက်က သေရည်အိုး ပြုတ်ကျတော့မယ်ကွ…”
စကားပြောလိုက်သူက ကျန်းလန် ဖြစ်၏။
စကားသံဆုံးသွားသည်နှင့် ကျန်းလန်က မျက်လုံးများဖွင့်လိုက်ပြီး ကလေးငယ်ကို လှမ်းကြည့်လိုက်သည်။
ကျန်းလန်ကို စိတ်ဝင်တစားစပ်စုနေသည့် ကလေးငယ်မှာ ချက်ချင်း သတိဝင်လာပြီး အနောက်သို့ လှည့်ကြည့်လိုက်၏။
ထိုအခါ… စင်ပေါ်တွင်တင်ထားသည့် သေရည်အိုးများ ယိမ်းထိုးလှုပ်ခတ်နေပြီး သေရည်အိုးတစ်အိုးက အောက်သို့ ပြုတ်ကျခါနီးနေပြကို တွေ့လိုက်ရသည်။
ကလေးငယ်က ပြုတ်ကျလာသည့် သေရည်အိုးကို ဆီးပြီးဖမ်းထားလိုက်သည်။
“ကျေး… ကျေးဇူးပါပဲ… အစ်ကိုကြီး… ၊ ဒါနဲ့ … သိပ်မကြာခင် ဘိုးဘိုး ပြန်လာတော့မယ် ထင်တယ်…”
ကလေးငယ်က လက်ထဲမှ သေရည်အိုးကို မြေပြင်ထက်သို့ချရင်း ပြောလိုက်သည်။
“ကျွန်တော် သေရည်အိုးတစ်အိုး ခွဲပြီးတိုင်း… သိပ်မကြာခင်… အဘိုးပြန်လာလေ့ရှိတယ်… ၊ ကြည့်ရတာ… သေရည်အိုးတွေက သတိပေးတာ ဖြစ်ရမယ်…”
ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။
အမှန်တော့ သေရည်အိုးများက သတိပေးခြင်း မဟုတ်ပေ။ ဆိုင်တွင် ပေါ့ပေါ့ဆဆ နေသလားဟု ကလေးငယ်ကို အဘိုးဖြစ်သူက စစ်ဆေးခြင်းသာ ဖြစ်သည်။
တိုက်ဆိုင်သွားသောကြောင့် ကျန်းလန်က ထိုအချက်ကို သတိပြုလိုက်မိခြင်း ဖြစ်၏။
ကျန်းလန်၏ စိတ်စွမ်းအားက အတော်လေး အဆင့်မြင့်နေပြီ ဖြစ်သည်။
ကျန်းလန်၏ ကျင့်ကြံခြင်းက အစစအရာရာ ချောမွေ့လျှက် ရှိသော်လည် မူလဝိညာဉ်အဆင့်သို့ ယခုချိန်ထိ အဆင့်တက်နိုင်ခြင်း မရှိသေးပေ။
ထိုအချက်က… ကျန်းလန်ကို အတော်လေး စိတ်ပူပန်စေခဲ့သည်။ သူ့တွင် ကိုယ်တွင်းမိစ္ဆာ နှောက်ယှက်ခြင်း မခံရသည့်တိုင် စိတ်သက်သက်သာသာဖြင့် မနေနိုင်ခဲ့ပေ။
လက်ရှိအခြေအနေကို သူ့အနေဖြင့် ရောင့်ရဲမနေနိုင်ပေ။ ကျင့်ကြံခြင်းအဆင့် မတက်နိုင်လျှင် ကျန်းလန်၏ အခြေအနေက တဖြည်းဖြည်းနှင့် ဆုတ်ယုတ်လာမည် ဖြစ်သည်။
မကြာမီ… သေရည်ဆိုင်အနောက်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ သေရည်ဆိုင်ပိုင်ရှင် ပြန်ရောက်လာခြင်း ဖြစ်ဟန်တူ၏။
ထို့နောက်…
သေရည်ဆိုင်အနောက်ဘက်မှ အသက်ကြီးကြီးအဘိုးအိုတစ်ယောက် ထွက်ပေါ်လာပြီး သေရည်ဆိုင်ထဲသို့ ဝင်လာလေသည်။
အဘိုးအိုက အသက်အရွယ်ကြီးရင့်ဟန် ရှိသော်လည်း အလွန်ပင် ကျန်းမာသန်စွမ်းပြီး စွမ်းအားပြည့်ဝလွန်းလှသည်။
အဘိုးအိုကိုတွေ့သည်နှင့် ကျန်းလန်က ချက်ချင်းပင် ကောင်တာဆီသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်မှာပင် … ကလေးငယ်က ကျန်းလန် ပြောမည့်စကားကို ဝင်ပြောလိုက်၏။
“ဘိုးဘိုး… ဒီအစ်ကိုကြီးက အကောင်းစားသေရည်တစ်အိုးလောက် လိုချင်လို့တဲ့…”
အဘိုးအိုက ကျန်းလန်ကို အရေးမလုပ်ပေ။
သူက ကွဲအက်သွားခြင်းမရှိဘဲ ကြမ်းပြင်ထက်တွင် အကောင်းတိုင်းရှိသည်နေသည့် သေရည်အိုးကိုသာ မျက်လုံးပြူးကာ စိုက်ကြည့်နေလေတော့သည်။