Switch Mode

အခန်း (၅၂၂)

ဆုလာဘ်များအား ခံစားခြင်း

” အပြင်စည်းဂိုဏ်းသားတစ်ယောက်ရဲ့ သိုလှောင်အိတ်ထဲမှာတောင် ဒီလောက်ပစ္စည်းတွေ အများကြီးပါနေတာ အတွင်းစည်းဂိုဏ်းသားတွေရဲ့ သိုလှောင်အိတ်ထဲမှာဆိုရင် ပိုပြီးတော့တောင် ပါနေဦးမယ်။ အဲ့လိုသာဆိုရင် ဂူဗိမာန်ထဲက အဓိကဂိုဏ်းသားကြီးရဲ့ သိုလှောင်အိတ်ထဲမှာဆိုရင် ရတနာတွေ မရေမတွက်နိုင်လောက်အောင် ရှိနေလောက်တယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်တောက်လာပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။ သူသည် ထိုသိုလှောင်အိတ်များထဲတွင် အဖိုးတန်ပစ္စည်းများ ရှာတွေ့ခဲ့ပါသော်လည်း ကျင့်ကြံခြင်းပညာရပ် တစ်ခုတလေပင် ရှိမနေသည်ကို သတိထားမိလိုက်၏။

ထိုအချက်ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဝင်စားသွားရသည်။ ထိုသိုလှောင်အိတ်များ၏ ပိုင်ရှင်များမှာ အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်ရမည်ဟု သူက ကောက်ချက်ချလိုက်၏။ သို့သော် သူသည် ထိုမျှလောက်နှင့် စိတ်မကျေနပ်နိုင်ပေ။

” အဲဒီ အဓိကဂိုဏ်းသားကြီးဆီမှာ ကျင့်ကြံခြင်းပညာရပ်တွေ ရှိနေလောက်တယ်။ တစ်ခုတလေတောင် ရှိမနေရင်တော့ တော်တော်ကို ထူးဆန်းသွားပြီ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်၏။ သူသည် တောင်ထိပ်ပေါ်တွင်ရှိနေသော အရာများကို လောဘတက်နေဆဲပင်။ သူသည် ဓားကိုယ်ထည်ပိုင်းထဲရှိ ကုန်းမြေများမှာ မကြာခဏဆိုသလို အသွင်ပြောင်းလဲတတ်ကြောင်း သိထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုတောင်ထိပ်ကြီးမှာ ထိုနေရာတွင် အချိန်အကြာကြီး ရှိနေနိုင်မည်မဟုတ်ပေ။

အကယ်၍ ၎င်းသာ တည်နေရာပြောင်းသွားခဲ့ပြီး ထပ်၍ ရှာမတွေ့နိုင်တော့မည့် နေရာသို့ ရောက်သွားမည်ဆိုပါက သူ့အတွက် အများကြီးနစ်နာသွားမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ရှေ့တွင်ရှိနေသော ထိုအခွင့်အရေးကြီးအား လက်လွှတ်ဆုံးရှုံးလိုက်ရမည်ကို မလိုလားပေ။ သို့သော် သူသည် အချုပ်အနှောင်ကြီး၏ ပြင်းအားကို ပြန်၍ သတိရသွားသောအခါ စိတ်ဓာတ်ကျသွားရ၏။ သူသည် ဘာမှမလုပ်နိုင်ဘဲ လက်ပိုက်ကြည့်နေရသလို ခံစားနေရသဖြင့် ထပ်ခါတလဲလဲ သက်ပြင်းချမိနေတော့သည်။

” ထားပါတော့။ ငါက အဲဒီပစ္စည်းတွေကို ပိုင်ဆိုင်ရဖို့ ကံမှပါမလာပဲ ” ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ သက်ပြင်းချလိုက်၏။ သူသည် သူ၏ဒဏ်ရာများအား စစ်ဆေးကြည့်လိုက်သောအခါ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိလိုက်သည်။ ထိုအခါ သူသည် ထိုကျွန်းပေါ်မှ ထွက်ခွာသွားပြီး ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။

” အနည်းဆုံးတော့ ငါရခဲ့တဲ့ ပစ္စည်းတွေက မဆိုးပါဘူး ” ဝမ်ပေါင်လဲ့မှာ အပြန်လမ်းတစ်လျှောက်လုံးတွင် သူ့ကိုယ်သူ နှစ်သိမ့်နေခဲ့၏။ သူသည် ငါးကြိမ်တိတိ တည်နေရာပြောင်းရွှေ့လိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ပြန်ရောက်လာတော့သည်။

သူ၏ အိမ်အပြန်လမ်းတစ်လျှောက်လုံးမှာ ချောမွေ့နေခဲ့ပြီး မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရပေ။ သူသည် ကျယ်ပြန့်တာအိုနန်းတော် ပင်မကျွန်း၏ အနီးသို့ ရောက်လာသောအခါ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာ၏။ နောက်ဆုံးတွင် သူသည် အရှိန်မြှင့်တင်လိုက်သဖြင့် အလင်းတန်းတစ်ခုကဲ့သို့ အသွင်ပြောင်းလဲသွားပြီး ကျယ်ပြန့်တာအိုနန်းတော်ထဲသို့ ရောက်ရှိလာတော့သည်။

သူသည် မီးစိမ်းကျွန်းဆီသို့ အရင်ဆုံးပြန်ရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းအမြောက်အမြားကိုတန်ဖိုးဖြတ်ရန် လိုအပ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ အရင်ဆုံးရောက်ရှိလာရခြင်းဖြစ်သည်။ သူသည် ထိုတန်ဖိုးဖြတ်မည့် အစီအစဉ်အား စိုးရိမ်နေ၏။ အပြစ်ကင်းသော လူတစ်ယောက်မှာ အဖိုးတန်ရတနာများကြောင့် အန္တရာယ်များနှင့် ကြုံရနိုင်သည်ဖြစ်ကြောင်း သူက နားလည်ထားသည်မဟုတ်ပါလော။ အကယ်၍ သူပိုင်ဆိုင်ထားသည့် ပစ္စည်းများမှာ သိပ်၍တန်ဖိုးမရှိပါက ပြဿနာမရှိပါသော်လည်း သူ ယူဆောင်လာခဲ့သည့် ပစ္စည်းများထဲတွင် အဖိုးတန်ရတနာများ ရှိနေမည်ဆိုလျှင် အန္တရာယ်များနှင့် မလွှဲမသွေ ကြုံတွေ့ရမည်သာဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ရောက်ရှိလာပြီးနောက် သူ၏ပစ္စည်းများအား တန်ဖိုးဖြတ်ပေးမည့်လူကို ချက်ချင်းသွားမရှာဘဲ စာကြည့်တိုက်ဆီသို့ ဦးတည်သွားလိုက်ပြီး လေ့လာမှုအချို့ပြုလုပ်လိုက်၏။ သူကိုယ်တိုင် တန်ဖိုးဖြတ်ခြင်းမှာ အပြည့်အဝ မှန်ကန်မှုမရှိနိုင်ပါသော်လည်း လက်ရှိတွင် ၎င်းမှာ သူ့အတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ စာကြည့်တိုက်ထဲ၌ နှစ်ပတ်တိတိ ရှိနေခဲ့၏။ သူ အပြင်ဘက်သို့ ပြန်ထွက်လာချိန်တွင် သူ၏မျက်ဝန်းများထဲ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ကိန်းအောင်းနေပြီး သူ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် ဝိညာဉ်ငယ်လေးခုနစ်ခု သူ့အား ပေးအပ်ခဲ့သည့် ဆေးလုံး၏အကြောင်းကို အတိအကျ မစုံစမ်းနိုင်ခဲ့ပါသော်လည်း စာကြည့်တိုက်ထဲတွင်ရှိနေသော ကုန်ကြမ်းပစ္စည်းများအား လေ့လာဆန်းစစ်ကြည့်ခဲ့ပြီးနောက် ထိုဆေးလုံးမှာ စကြဝဠာဆေးလုံးတစ်လုံး ဖြစ်နေနိုင်ကြောင်း ရှယ်ဆယ်ရာခိုင်နှုန်းခန့် သေချာသွား၏။

” ငါ ဒီဆေးလုံးကို သိမ်းထားမှဖြစ်မယ်။ ဒါက အမြုတေအဆင့်ကနေ ယွမ်ယင်အဆင့်ကို ဖောက်ထွက်နိုင်ဖို့ အကောင်းဆုံးကူညီပေးနိုင်တဲ့ ဆေးလုံးပဲ ”

” ပြီးတော့ မန္တန်စစ်သည်တော်ကြီး… ကြေးဒင်္ဂါးပြား ငါးပြားက တကယ်ကို မန္တန်စစ်သည်တော်တွေ ဖြစ်နေတာပဲ။ စာကြည့်တိုက်ထဲမှာ အဲဒီကိစ္စနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ အများကြီးမရှိပေမဲ့ အပြင်စည်ဂိုဏ်းသားဆီက ရခဲ့တဲ့ ကျောက်စိမ်းပေလွှာထဲက အချက်အလက်တွေအရ အဲဒီ ဒင်္ဂါးပြား ငါးပြားစလုံးရဲ့ စွမ်းအားကို အပြည့်အဝထုတ်သုံးနိုင်တဲ့ အချိန်ကျရင် ဒင်္ဂါးပြားတစ်ပြားချင်းစီတိုင်းက ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသွားမှာ ” ဝမ်ပေါင်လဲ့မှာ ထိုအချက်ကြောင့် စိတ်အလှုပ်ရှားဆုံး ဖြစ်နေရ၏။ ထို့ကြောင့် သူသည် မန္တန်စစ်သည်တော်နှင့် ပတ်သတ်၍ အသေးစိတ်လေ့လာမှုများ ထပ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် အခြားပစ္စည်းများကိုလည်း လေ့လာဆန်းစစ်ကြည့်ခဲ့သေးသည်။ ဝမ်ပေါင်လဲ့မှာ သူ ထိုပစ္စည်းများ ပိုင်ဆိုင်ထားသည့်အချက်အား အခြားမည်သူ့ကိုမှ အသိမပေးရန် ဆုံးဖြတ်လိုက်၏။ ထို့အပြင် ဝမ်ပေါင်လဲ့ အနည်းငယ်ခန့် လေ့လာခဲ့သည့် ဆေးလုံးအချို့လည်း ရှိနေသေးသည်။ သူသည် ၎င်းတို့ထဲမှ အများစု၏ အသုံးဝင်ပုံကို သေသေချာချာမသိပေ။ သို့သော် သူရှာတွေ့ခဲ့သည့် ဆေးပုလင်းများထဲမှ ဆေးပုလင်းသုံးပုလင်းထဲတွင် အမြုတေအဆင့် ကျင့်ကြံသူများ သောက်သုံးနိုင်သည့် ကျင့်ကြံခြင်းအထောက်အကူပြု ဆေးလုံးများပါနေကြောင်း သိလိုက်ရ၏။

ထိုဆေးလုံးတစ်လုံးမှာ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် တိုက်ပွဲရမှတ် အမှန်နှစ်ထောင်တိတိ တန်ကြေးရှိပေသည်။ ၎င်းတို့မှာ အမြုတေအဆင့်ကျင့်ကြံသူများအတွက် အလွန်အင်မတန်မှ အသုံးဝင်၏။ ထို့အပြင် ၎င်းအား အခြားဆေးများနှင့်တွဲ၍ သောက်သုံးပါက ဒဏ်ရာများပျောက်ကင်းအောင် ကူညီပေးနိုင်ကြောင်း အချို့စာအုပ်များထဲ၌ ရေသားထားသေးသည်။

ဝမ်ပေါင်လဲ့မှာ တွက်ချက်မှုများ ပြုလုပ်ကြည့်လိုက်၏။ သူသည် ထို ကျင့်ကြံခြင်းအထောက်အကူပြုဆေးလုံး ခြောက်လုံးခန့် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူသည် သူ၏ အသိအမှတ်ပြု တံဆိပ်ပြားများအား တိုက်ပွဲရမှတ်များဖြင့် လဲလှယ်ချင်သော စိတ်ဆန္ဒများကို ချုပ်တည်းကာ ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ထွက်ခွာလာတော့သည်။

” တိုက်ပွဲရမှတ်တွေလဲလှယ်ဖို့ လောနေစရာမလိုဘူး။ ငါ အခုမှ ပြန်ရောက်တာလေ။ အရင်ဆုံး တခြားကိစ္စတွေကို ပြတ်အောင် ရှင်းလိုက်ဦးမယ်။ နှစ်ရက်သုံးရက်လောက် နေမှပဲ တိုက်ပွဲရမှတ်တွေ သွားလဲတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အရှိန်မြှင့်တင်လိုက်၏။ ထိုသို့ဖြင့် သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ပြေးထွက်သွားပြီး မီးစိမ်းကျွန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ခဏအကြာတွင် မီးစိမ်းကျွန်းမှာ သူ၏မြင်ကွင်းထဲ၌ ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ကျွန်းကို မြင်လိုက်ရပြီး ထိုကျွန်းဆီမှ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေသည့် အားကောင်းသော ဝိညာဉ်ချီများအား အာရုံခံမိလိုက်သောအခါ နှလုံးသားထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရသည်။ ထို့နောက် သူသည် သူ၏ ဂူဗိမာန်ဆီသို့ ရောက်ရှိလာတော့သည်။ သူသည် ဂူဗိမာန်ထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် မန္တန်အစီအရင်ကြီးအား ဖွင့်လိုက်ပြီး အိမ်တံခါးများကို ပိတ်လိုက်၏။ ထို့နောက် သူသည် တံခါးပိတ်လေ့ကျင့်သည့်အခန်းထဲသို့ ဝင်သွားလိုက်ပြီး ကြေးဒင်္ဂါးပြားငါးပြားကို ထုတ်ယူလိုက်သည်။

သူသည် ထိုကြေးဒင်္ဂါးပြားများကို လေ့လာနေရင်း မျက်လုံးများအရောင်တောက်လာ၏။ ထို့နောက် သူသည် မန္တန်စစ်သည်တော်အကြောင်း ရေးသားဖော်ပြထားသည့် ကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်ပြီးနောက် ၎င်းအား စတင်လေ့လာနေလိုက်တော့သည်။ သူသည် အချိန်အများကြီး မပေးလိုက်ရပေ။ သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် တစ်ခေါင်းလုံး ကိုက်ခဲနေသည့် ဝမ်ပေါင်လဲ့မှာ ထိုကျောက်စိမ်းပေးလွှာ‌အား အောက်သို့ ချလိုက်တော့သည်။ သူသည် မန္တန်စစ်သည်တော်များအကြောင်းကို လုံးဝမသိသောကြောင့် ၎င်းတို့အား နားလည်နိုင်ရန် အချိန်ပေး၍ လေ့လာခဲ့ရ၏။

” မန္တန်စစ်သည်တော်မှာ ပုံသဏ္ဌာန်သုံးမျိုးရှိတယ်။ သူတို့ကို ဓမ္မရတနာတစ်ခုလို အသုံးပြုလို့ရတယ်။ ပြီးရင် သူတို့ကို စစ်သည်တော်တွေအဖြစ် အသွင်ပြောင်းလဲပြီးတော့ ရုပ်သေးရုပ်တစ်ရုပ်လို ထိန်းချုပ်ပြီး ရန်သူတွေကို တိုက်ခိုက်လို့လည်းရတယ်။ နောက်ဆုံး… ဒီစစ်သည်တော်တွေကို ပူးပေါင်းပြီးတော့ ဖျက်ဆီးအားကောင်းတဲ့ မန္တန်အစီအရင်တစ်ခုလည်း ဖန်တီးလို့ရတယ် ”

” ဒီ ကြေးဒင်္ဂါးပြားငါးပြားဆိုရင် ပြီးပြည့်စုံမှုရှိတဲ့ မန္တန်အစီအရင်တစ်ခု ဖန်တီးနိုင်လောက်တယ် ” ဝမ်ပေါင်လဲ့မှာ ခေါင်းငုံ့ကာ ကြေးဒင်္ဂါးပြားများအား စိုက်ကြည့်နေလိုက်၏။ သူသည် ထိုသုံးရက်အတွင်းတွင် မျှော်လင့်ချက်ကြီးမားစွာဖြင့် ထိုကြေးဒင်္ဂါးပြားများအား ထိန်းချုပ်နိုင်ရန် ထပ်ခါတလဲလဲ ကြိုးစားခဲ့ပါသော်လည်း အချည်းနှီးပင်။ သူသည် ထို ကြေးဒင်္ဂါးပြားငါးပြားထဲမှ တစ်ပြားအား သူ၏ ပတ်ပတ်လည်တွင် သာမန် ဓမ္မရတနာတစ်ခုကဲ့သို့ ပျံဝဲနိုင်စွမ်းရှိအောင်သာ ထိန်းချုပ်နိုင်ခဲ့၏။

သူသည် ကျင့်ကြံခြင်းအဆင့် အားနည်းနေသောကြောင့်မဟုတ်ဘဲ မန္တန်စစ်သည်တော်များအား နှံ့နှံ့စပ်စပ် နားမလည်သေးသောကြောင့်သာ ဖြစ်သည်။ ထိုကျောက်စိမ်းပေလွှာထဲတွင် မန္တန်စစ်သည်တော်တစ်ယောက်အား လူတိုင်း ထိန်းချုပ်နိုင်မည်မဟုတ်ဟု ဖော်ပြထား၏။ အရည်အချင်း ပြည့်မီသူများသာလျှင် ၎င်းတို့အား ထိန်းချုပ်နိုင်မည်ဖြစ်သည်။

” ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကြေးဒင်္ဂါးပြား တစ်ပြားကို ပထမအဆင့်အထိပဲ ထိန်းချုပ်နိုင်ရင်တောင် တော်တော်ကိုစွမ်းနေပြီ… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး မန္တန်လက်ကွက်များ ဖော်ကာ ကြေးဒင်္ဂါးပြားတစ်ပြားအား ချက်ချင်းဆိုသလိုပင် ပျံထွက်သွားစေလိုက်၏။ ၎င်းမှာ သူ၏ ပတ်ပတ်လည်၌ လည်ပတ်နေသောအခါ အရှိန်လျော့သွားသည်။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏ရှေ့တွင် ရုပ်သေးရုပ်တစ်ရုပ် ပေါ်ပေါက်လာ၏။ ထိုရုပ်သေးရုပ်မှာ မျက်လုံးများအရောင်လက်သွားပြီး ဝမ်ပေါင်လဲ့အား လက်သီးဖြင့် လှမ်းထိုးလိုက်တော့သည်။

ထိုအခါ ကြေးဒင်္ဂါးပြားလေးမှာ ရှေ့သို့ပျံဝဲလာပြီး ထိုလက်သီးချက်အား တားဆီးလိုက်၏။ ထို့ကြောင့် ၎င်းတို့နှစ်ခုမှာ ရိုက်ခတ်မိသွားကြတော့သည်။ ထိုအခါ ကြေးဒင်္ဂါးပြားမှာ ဖျတ်ခနဲ လက်သွားသဖြင့် ရုပ်သေးရုပ်ကြီးမှာ တုန်ရီသွားရ၏။ ထို့နောက် ၎င်းမှာ ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး တစ်စစီ ကြေမွသွားတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူသည် သူ၏ရှေ့တွင် ရှိနေသော ကြေးဒင်္ဂါးပြားလေးအား စိုက်ကြည့်နေရင်း မျက်လုံးများနီမြန်းလာရ၏။ ထို့နောက် သူသည် တစ်ရက်ရက်တွင် မန္တန်စစ်သည်တော်ကြီးအား ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ထိန်းချုပ်နိုင်ရန် မျှော်လင့်နေမိတော့သည်။

” ငါ မန္တန်စစ်သည်တော်အကြောင်းကို ပိုပြီးတော့နားလည်လာရင် တစ်ရက်ရက်မှာ ကြေးဒင်္ဂါးပြား ငါးပြားစလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသွားလိမ့်မယ်။ အဲ့အခါကျရင် ငါ သူတို့ရဲ့ ဒုတိယမြောက် ပုံသဏ္ဍာန်တွေနဲ့ တတိယမြောက် ပုံသဏ္ဍာန်တွေကိုပါ ထိန်းချုပ်နိုင်သွားမှာ သေချာတယ် ” ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် ၎င်းတို့အားလုံးကို ထိန်းချုပ်နိုင်စွမ်း မရှိသေးသောကြောင့် နောင်တရနေရပါသော်လည်း သူ့ကိုယ်သူ ကျေနပ်နေဆဲပင်။ ယခုကဲ့သို့သော ကိစ္စများနှင့် ပတ်သက်လာလျှင် လောနေ၍မဖြစ်ကြောင်း သူက သိထား၏။ ထို့နောက် သူသည် ထို ကြေးဒင်္ဂါးပြားများအား သိမ်းဆည်းလိုက်ပြီးနောက် ကျင့်ကြံခြင်းအထောက်အကူပြု ဆေးလုံးတစ်လုံးအား ထုတ်ယူလိုက်၏။ သူသည် ၎င်းအား တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် တစ်ခါတည်း မျိုချလိုက်တော့သည်။

ဝမ်ပေါင်လဲ့ လေ့လာဖတ်ရှုထားသည့် အချက်အလက်များအရဆိုလျှင် ကျင့်ကြံခြင်းအထောက်အကူပြု ဆေးလုံးများမှာ အလွန်အင်မတန်မှ ‌ဆေးစွမ်းထက်သည့် ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထား၏။ ပုံမှန်ဆိုလျှင် ၎င်းအား ဝိညာဉ်ဖျော်ရည်အချို့ဖြင့်တွဲ၍ သောက်သုံးရသည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ဂရုစိုက်နေခြင်းမရှိပေ။ သူသည် ယွမ်ယင်အဆင့် ကျန်သူများသာ သောက်နိုင်သည့် ဆေးလုံးများကိုပင် သောက်သုံးခဲ့သည်ဖြစ်ပြီး အသက်ရှင်လျက် ကျန်ရှိနေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ထိုအချက်မှာ သူ့အတွက် ပြဿနာ မဟုတ်ပေ။ ထိုဆေးလုံး၏ ဂုဏ်သတ္တိများမှာ အခြားသူများအတွက် ပြင်းထန်လွန်းနေနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ တောင့်တင်းခိုင်မာမှု အပြည့်ရှိသော အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထား၏။ ထို့အပြင် သူသည် အမှောင်အမြုတေတစ်ခုနှင့် လျှပ်စီးအမြုတေတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုဆေးလုံးအား မျိုချလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲ၌ အားကောင်းသော အပူဓာတ်ကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ ထိုအပူဓာတ်များအား ချက်ချင်းပင်စုပ်ယူသွား၏။

ထို့နောက် သူ၏ကျင့်ကြံခြင်းအဆင့်မှာ အနည်းငယ်ခန့် တိုးတက်သွားခဲ့သည်။ နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ပွင့်လာပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်သွားပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။

ထို့ကြောင့် သူသည် စိတ်လှုပ်ရှားသွားရပြီး ဒုတိယမြောက်ဆေးလုံးနှင့် တတိယမြောက်ဆေးလုံးတို့ကို ထပ်၍ မျိုချလိုက်ပြန်သည်။ နှစ်ရက်တိတိ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် နောက်ဆုံး ကျင့်ကြံခြင်းအထောက်အကူပြု ဆေးလုံးအား မျိုချပြီးသွားသောအခါ သူ၏ခန္ဓာကိုယ်ထဲ၌ မိုးချုန်းသံတစ်သံ ပဲ့တင်ထပ်သွားတော့သည်။ ထာဝရလျှပ်စီးအသွင်ပြောင်းပညာရပ်ကြောင့် သူ၏ ခန္ဓာကိုယ်အနှံ့အပြား၌ ပေါ်ပေါက်နေသည့် လျှပ်စီးတန်းများမှာလည်း ပို၍အစွမ်းထက်လာ၏။ ၎င်းတို့မှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ပျံ့နှံ့နေသောကြောင့် သူသည် လျှပ်စီးများဖြင့် ဖွဲ့စည်းထားသကဲ့သို့ ဖြစ်နေ၏။ ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

နောက်ဆုံးတွင် သူသည် အစောပိုင်း အမြုတေအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားတော့သည်။ သူသည် အလယ်အလတ် အမြုတေအဆင့်သို့ ရောက်ရှိရန် ‌ခြေတစ်လှမ်းမျှသာ လိုတော့သည်။

ပြည်ထောင်စုကြီးထဲတွင်ဆိုလျှင် ထိုကဲ့သို့သော တိုးတက်မှုနှုန်းအား စိတ်ကူးနှင့်ပင် မှန်းဆ၍ရမည်မဟုတ်ပေ။ ဝမ်ပေါင်လဲ့တစ်ယောက် အခြေတည်အဆင့်မှ အမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ တစ်နှစ်စွန်းစွန်းသာ ရှိသေးသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကျေနပ်နေပြီး အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသဖြင့် သက်ပြင်းချမိလိုက်၏။

” ငါက ကမ္ဘာပေါ်မှာရှိနေခဲ့တုန်းက ငါ့ကိုယ်ငါ မောင်ကံကောင်းလေးဆိုပြီး ထင်နေခဲ့တာ။ အင်္ဂါဂြိုဟ်ပေါ်ကို ရောက်တော့မှ ငါ့ရဲ့ ထင်မြင်ယူဆချက်တွေက မှားနေမှန်း သိခဲ့ရတာ။ ငါက အင်္ဂါဂြိုဟ်ပေါ်မှာလည်း မောင်ကံကောင်းလေး ဖြစ်နေခဲ့တာလေ။ အခုလည်း ငါ တစ်ချိန်လုံး မှားနေခဲ့မှန်း သိသွားပါပြီ။ တကယ်တမ်းတော့ ငါက ဒီ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးရဲ့ မောင်ကံကောင်းလေး ဖြစ်နေခဲ့တာကိုးကွ ” ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွနေ၏။ သူသည် အခြားဆေးလုံးများကို ထုတ်ယူလိုက်ပြီးနောက် မည်သည့်ဆေးလုံးများအား သောက်သုံးရမည်နည်းဟု စစ်ဆေးကြည့်ရှုနေလိုက်၏။ ထိုအချိန်တွင် သူသည် သူ၏ သိုလှောင်အိတ်ထဲ၌ ရုပ်အလောင်းတစ်ခုကို မြင်လိုက်ရသဖြင့် စိတ်ဓာတ်များကျသွားရပြီး မျက်နှာအမူအရာ တည်ကြည်သွားတော့သည်။

” နောက်ဆုံးတော့ ပြည်ထောင်စုပျိုးပင်တွေထဲက တစ်ယောက် သေသွားပြီပဲ ” ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေလိုက်ပြီးနောက် သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ‌‌ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက် ကျောက်စိမ်းပေလွှာအား ထုတ်ယူလိုက်သည်။ နောက်ဆုံးတွင် သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် အုပ်စုဖွဲ့စကားဝိုင်းထဲမှ လူတိုင်းအား အသိပေးရန် ဆုံးဖြတ်လိုက်တော့သည်။

” ချစ်ခင်ရတဲ့ တာအိုရောင်းရင်းတို့။ ဖန်းမု သေသွားပြီကွ။ ငါ ပြည်ထောင်စုကြီးကို ‌‌အကြောင်းကြားလိုက်မယ်။ ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ဘေးကင်းအောင် နေကြကွာ ”

ဝမ်ပေါင်လဲ့၏ ကြေညာချက် ကြောင့် ဆူညံပွက်လောရိုက်နေခဲ့သည့် အုပ်စုဖွဲ့ စကားဝိုင်းကြီးမှာ ငြိမ်ကျသွား၏။ မည်သူကမှ စကားမပြောကြတော့သဖြင့် အသံလွှင့်အကြောင်းကြားစားများမှာလည်း ရပ်တန့်သွားသည်။ ထိုကဲ့သို့ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် သတင်းကြောင့် သူတို့အားလုံးမှာ အံ့ဩတုန်လှုပ်သွားရသည့် ပုံပင်။ သူတို့အားလုံးမှာ နှုတ်ဆိတ်သွားကြ တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset