Switch Mode

အခန်း (၅၂၁)

မန္တန်စစ်သည်တော်တစ်ယောက်

ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း အပြည့်ရှိပါသော်လည်း ထိုရုပ်အလောင်းနှင့် သူ၏ အသိအမှတ်ပြုတံဆိပ်ပြားကို မြင်လိုက်ရသောအခါ အသားများ တဆတ်ဆတ် တုန်ရီလာရပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သို့သော် သူ၏ အနီးတွင် ဘေးအန္တရာယ်ကြီးတစ်ခု ပေါ်ပေါက်လာတော့မည့်အလား ခံစားလိုက်ရသဖြင့် စဉ်းစားတွေးတောနေရန် အချိန်မရှိလိုက်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုအန္တရာယ်ကြီးအား အာရုံခံမိလိုက်သည်နှင့် ထွက်ပြေးရန် ပြင်လိုက်ပါသော်လည်း အသိအမှတ်ပြုတံဆိပ်ပြားကြောင့် အငိုက်မိသွားခဲ့သဖြင့် ခြေတစ်လှမ်းခန့် နောက်ကျသွားခဲ့ရ၏။ ထို့ကြောင့် သူသည် အချိန်မီ ဆုတ်ခွာနိုင်ခြင်း မရှိတော့ပေ။ ထိုနေရာမှ ဒဏ်ရာအနည်းဆုံး အနေအထားဖြင့် ပြန်လည်ထွက်ခွာလိုသော သူ၏ အစီအစဉ်မှာလည်း ပျက်ပြားသွားရတော့သည်။

အနက်ရောင်အလင်းတန်းကြီးမှာ ထစ်ချုန်းသံများ မြည်ဟည်းကာ ချက်ချင်းဆိုသလိုပင် သူ၏အနီးသို့ ချဉ်းကပ်လာပြီး သုံးရောင်ခြယ် ဓားပျံလေးနှင့် ရိုက်ခတ်သွား၏။ ထိုအခါ ၎င်းမှာ ကြီးမားသော ပြင်းအားတစ်ခုနှင့် ရိုက်ခတ်မိသွားသကဲ့သို့ ဖြစ်သွားပြီး တုန်ရီသွားရတော့သည်။ ထိုအချိန်တွင် အနက်ရောင်အလင်းတန်းကြီးမှာ အလင်းတန်း ဆယ်ခုအသွင် ခွဲထွက်သွား၏။ ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ အရပ်မျက်နှာအနှံ့မှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာကြတော့သည်။ ထိုအလင်းတန်းများမှာ သူ့အား အပိုင်းပိုင်းပြတ်သွားအောင် ဖြတ်တောက်ပစ်မည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်၍ အသံကုန်အော်ဟစ်လိုက်ပြီး မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သုံးရောင်ခြယ်ဓားပျံလေးနှင့် ဖဲကြိုးလေးတို့မှာ ဝင်းလက်တောက်ပလာ၏။ သူ၏ ဓမ္မလက်နက်များမှာ ၎င်းတို့၏စွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်အမြုတေမှာလည်း အမှောင်မီးတောက်တစ်ခုအား အပြင်ဘက်သို့ ထုတ်လွှတ်လိုက်၏။ ထို့အပြင် သူသည် သူ၏ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်ကိုလည်း အစွမ်းကုန် ထုတ်သုံးလိုက်သေးသည်။ သူ၏ အပြင်ခန္ဓာကိုယ်မှာ ထိုစွမ်းအားများအားလုံးကို တောင့်ခံပေးထားသောကြောင့် သွေးချီများမှာ မိုးကောင်းကင်ပေါ်သို့ မြင့်တက်သွားကြ၏။ နောက်ဆုံးတွင် သူသည် အနက်ရောင်အလင်းတန်းဆယ်ခု သူ့အား အပိုင်းပိုင်း မဖြတ်တောက်နိုင်ခင် အချုပ်အနှောင်နယ်မြေကြီးထဲမှ ထွက်ပြေးလွတ်မြောက်သွားတော့သည်။

သူသည် ထိုကဲ့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်တိုင်အောင် အနက်ရောင်အလင်းတန်းကြီးအား ခုခံတိုက်ခိုက်ခဲ့ရသည့် ဒဏ်များမှာ သူ၏ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နှုတ်ခမ်းထဲမှ သွေးများစီးကျလာတော့သည်။ ယခုအကြိမ်တွင် သူ၏ အတွင်းကလီစာများမှာ အမှန်တကယ် နာကျင်နေရပြီဖြစ်သည်။

အခြားသူတစ်ယောက်ယောက်သာဆိုလျှင် ထိုနာကျင်မှုများကြောင့် ချက်ချင်းပင် သတိလစ်သွားမည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ဖြစ်ပြီ သူ့ကိုယ်သူ အခြားသူများထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံပြုမူတတ်သည့် လူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အရှိန်မြင့်တင်ကာ အဝေးသို့ အမြန်ဆုံးနည်းဖြင့် ပြေးထွက်သွားလိုက်ပြီး ကောင်းကင်ယံထဲ၌ သက်တံ့တစ်ခုအဖြစ် ပြောင်းလဲသွား၏။

သူသည် ထိုနေရာတစ်ဝိုက်တွင် အခြားမည်သူမှ ရှိမနေသည်ကို သိထားပါသော်လည်း အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် ဓားကိုယ်ထည်ပိုင်းထဲတွင် ဆက်၍ မနေသင့်တော့ကြောင်း နားလည်ထား၏။ ထို့ကြောင့် လက်ရှိတွင် သူသည် ဓားကိုယ်ထည်ပိုင်းထဲမှ အမြန်ဆုံးနည်းဖြင့် ထွက်ခွာပြီး ဓားရိုးပိုင်းဆီသို့ မရောက်ရောက်အောင် သွားသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။

သူသည် အမြန်ဆုံးနည်းဖြင့် ပျံထွက်သွားပြီး တစ်ခဏလေးပင် ရပ်တန့်သွားခြင်းမရှိပေ။ ဓားကိုယ်ထည်ပိုင်းနှင့် ဓားရိုးပိုင်းတို့အား ပိုင်းခြားထားသည့် အကာအရံကြီးဆီသို့ ရောက်ရန် ဆယ်မိုင်ခန့်သာ လိုတော့သည်ဖြစ်ပြီး သူ၏ လမ်းတစ်လျှောက်တွင် မြူခိုးများလည်း လုံးဝမရှိပေ။ ဝမ်ပေါင်လဲ့မှာ သက်တံ့ကွေးကြီးတစ်ခုကဲ့သို့ ကောင်းကင်ယံကြီးအား အ‌ရှိန်အဟုန်ဖြင့် ထိုးခွင်းသွား၏။ သူသည် အကာအရံကြီး၏ အနီးသို့ ရောက်ရှိလာပြီးနောက် တစ်ခဏအကြာတွင် အပြင်ဘက်သို့ ပြေးထွက်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ အခြားတစ်ဘက်၌ ပေါ်ပေါက်လာသည့်နှင့် ပါးစပ်ထဲမှ နောက်ထပ်သွေးတစ်ပွက် ထပ်၍ အန်ထွက်လာ၏။ သူ၏ ပတ်ပတ်လည်မှ အပူချိန်များမှာ သိသိသာသာ လျော့ကျသွားပြီဖြစ်ကြောင်း သူက ခံစားမိလိုက်သည်။ ထိုခံစားချက်မှာ သူ့အား အမောပြေသွားစေ၏။ သူသည် နွေရာသီမှ ဆောင်းဦးရာသီသို့ ချက်ချင်းပြောင်းလဲသွားသည့်အလား ခံစားလိုက်ရသည်။

သို့သော် ၎င်းမှာ နှိုင်းယှဉ်ပြခြင်းသာ ဖြစ်သည်။ ဓားရိုးပိုင်းထဲတွင် ရှိနေသော အပူချိန်မှာ မြင့်မားနေဆဲပင်။ သို့သော် ဓားကိုယ်ထည်ပိုင်းထဲရှိ အပူချိန်နှင့် ယှဉ်လိုက်ပါက ၎င်းမှာ ဆောင်းဦရာသီကဲ့သို့ အေးမြနေ၏။

ဝမ်ပေါင်လဲ့မှာ အပူချိန်နိမ့်သော နေရာသို့ ရောက်သွားသဖြင့် အနည်းငယ်ခန့် စိတ်ဓာတ်များ တက်ကြွလာ၏။ သို့သော် သူသည် အရှိန်လျော့ကျသွားခြင်းမရှိဘဲ အဝေးသို့ ပျံထွက်သွားဆဲပင်။ သူသည် လမ်းခရီးတစ်လျှောက်လုံး၌ ဘေးပတ်ဝန်းကျင်အား မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့၏။ သူ၏နောက်မှ လိုက်လာသည့်လူများနှင့် သူ့အား ချောင်းမြှောင်းနေသည့်လူများ လုံးဝမရှိကြောင်း သေချာသွားသောအခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ သူ၏ ဒဏ်ရာများမှာ အတော်အသင့် ပြင်းထန်နေသောကြောင့် သူသည် လူမနေသော ကျွန်းတစ်ကျွန်းအား ရှာဖွေလိုက်ပြီး သာမန်ဂူဗိမာန်တစ်လုံး တည်ဆောက်ကာ အတွင်းထဲသို့ ဝင်သွားလိုက်ပြီးနောက် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ချလိုက်၏။ ထို့နောက် သူသည် ဆေးလုံးအချို့ကိုထုတ်ယူကာ မျိုချလိုက်ပြီး တရားထိုင်နေလိုက်တော့သည်။

ထိုသို့ဖြင့် ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့ မျက်လုံးများ ပြန်ပွင့်လာသည့်အချိန်တွင် ၎င်းတို့မှာ ဖျတ်ခနဲ အရောင်လက်သွား၏။ သူ၏ ဒဏ်ရာအများစုမှာ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူသည် အကောင်းပတိအတိုင်း ပြန်ဖြစ်ရန် သိပ်မလိုတော့ပေ။

” အချုပ်အနှောင်ကြီးက တော်တော်ကိုအစွမ်းထက်တာပဲ…. ဟာကွက်တွေ ရှိနေလို့ တော်သေးတာပေါ့။ ဟာကွက်တွေသာ ရှိမနေဘူးဆိုရင် အထဲက ပစ္စည်းတွေ သွားယူဖို့အတွက် ငါ့ရဲ့ ဓမ္မရတနာတွေ အကုန်လုံးကို စတေးရမှာ။ အဲတာဆို အရှုံးပေါ်သွားနိုင်တယ် ” ဝမ်ပေါင်လဲ့မှာ တောင်ကြီးပေါ်တွင် ရှိနေသည့် အချုပ်အနှောင်ကြီး၏ အကြောင်းကို ပြန်တွေးကာ အသားများ တုန်ရီသွားရ၏။ ထို့နောက် သူသည် သူရယူနိုင်ခဲ့သည့် ပစ္စည်းများကြောင့် စိတ်လှုပ်တရှား ဖြစ်သွားရတော့သည်။ ထို့ကြောင့် သူသည် ၎င်းတို့အား ကြည့်ရှုစစ်ဆေးနိုင်ရန် ချက်ချင်းပင် ဆွဲထုတ်လိုက်၏။

သူသည် ထိုသိုလှောင်အိတ်များအား ရယူခဲ့ပြီးနောက် ချက်ချင်းထွက်ခွာလာခဲ့သည် မဟုတ်ပါလော။ ထို့အပြင် ‌သူသည် ဤကျွန်းပေါ်သို့ ရောက်လာခဲ့သည့်အချိန်တွင်လည်း သူ၏ ဒဏ်ရာများကို ချက်ချင်း ကုသခဲ့သည်ဖြစ်သည်။ ထို့ကြောင့် သူသည် သူ ရယူနိုင်ခဲ့သည့် ပစ္စည်းများကို မစစ်ဆေးကြည့်ရသေးပေ။ ယခုတွင် သူသည် ၎င်းတို့အား တစ်ခုပြီးတစ်ခု ဆွဲထုတ်ကာ ရေတွက်ရင်း မျက်လုံးများ အရောင်တောက်လာရတော့သည်။

” ငါ စုစုပေါင်း သိုလှောင်အိတ် သုံးဆယ့်ကိုးလုံး ယူလာနိုင်ခဲ့တာပဲ ” သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားပြီး ထီဆုကြီး ပေါက်သွားသလို ခံစားလိုက်ရတော့သည်။ ထို့နောက် သူသည် မျှော်လင့်တကြီးဖြင့် ထိုသိုလှောင်အိတ်များအား ကြည့်ရှုလိုက်ပြီးနောက် အိတ်တစ်လုံးကို ကောက်ယူကာ သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ သူသည် မျက်လုံးများအရောင်လက်သွားရ၏။ ထို့နောက် သူ၏ လက်ဖဝါးကို ပြောင်းပြန်လှန်လိုက်သောအခါ သူ၏ လက်ဖဝါးအရွယ်အစားရှိသော မီခိုးရောင် အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုမှာ သူ၏လက်ထဲ၌ ပေါ်ပေါက်လာတော့သည်။

၎င်း၏ အထိအတွေ့မှာ အေးမြနေသောကြောင့် ၎င်းအား အအေးဓာတ်ပါသည့် ကုန်ကြမ်းပစ္စည်းတစ်ခုနှင့် ပြုလုပ်ထားသည်ဟု ထင်ရပေသည်။ ၎င်းဆီမှာ ဖိနှိပ်အားလှိုင်းများ တစိမ့်စိမ့် ထွက်ပေါ်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ သာမန်ပစ္စည်းတစ်ခုမဟုတ်ကြောင်း သိသာထင်ရှားပေသည်။ ၎င်း၏ ရှေ့ဘက်ခြမ်းတွင် နာမည်တစ်ခု ရေးထားပြီး နောက်ဘက်ခြမ်းတွင် စာလုံးနှစ်လုံး ရေးထား၏။

ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် အသုံးပြုသည့် ဘာသာစကားနှင့် ရင်းနှီးနေပြီးသားဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် ၎င်းမှာ ပြည်ထောင်စုကြီးထဲတွင်လည်း လူသုံးများသည့်ဘာသာစကားတစ်ခု ဖြစ်သည်။ သို့သော် ၎င်းမှာ ကျယ်ပြန့်တာအိုနန်းတော်ဆီမှ ဆင်းသက်လာသည့် ဘာသာစကားဖြစ်သည်ဟု ဖော်ပြထားခြင်းမရှိပေ။

ပြည်ထောင်စုကြီးထဲတွင်ရှိနေသည့် ကျင့်ကြံခြင်းပညာရပ် အများစုမှာ ရှေးဟောင်းဓားကြီး၏ အပိုင်းအစများဆီမှ စတင်မြစ်ဖျားခံလာခဲ့သည် မဟုတ်ပါလော။ ထို့အပြင် မော့ကောင်းကျိလည်း ရှိနေသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုစာလုံးများကို အလွယ်တကူ ဖတ်ရှုနိုင်စွမ်းရှိနေ၏။ ၎င်းမှာ ကျင့်ကြံသူတိုင်း လေ့လာသင်ယူထားရသည့် နိုင်ငံခြားဘာသာစကားတစ်ခု ဖြစ်ပေသည်။

” စွန်းယန်၊ အပြင်စည်းဂိုဏ်း ” ဝမ်ပေါင်လဲ့မှာ ထိုအသိအမှတ်ပြုတံဆိပ်ပြားအား လက်ထဲတွင်ကိုင်ရင်း နှစ်ဖက်စလုံးတွင် ရေးထားသည့် စာလုံးများကို ဖတ်ရှုလိုက်၏။

” မီးခိုးရောင်၊ အနီရောင်၊ ခရမ်းရောင်၊ အနက်ရောင်ဆိုပြီးတော့ အဆင့်ဆင့်ရှိတာ။ အဲဒီအရောင်တွေက အပြင်စည်းဂိုဏ်းသား၊ အတွင်းစည်းဂိုဏ်းသား၊ အဓိကဂိုဏ်းသားနဲ့ အကြီးအကဲတွေကို အသီးသီး ကိုယ်စားပြုတယ်။ ဒါပေမဲ့ မဟာထိပ်သီးအကြီးအကဲကြီးရဲ့ အသိအမှတ်ပြုတံဆိပ်ပြားကိုတော့ အရောင်သတ်မှတ်ထားတာမရှိဘူး… ” ဝမ်ပေါင်လဲ့မှာ အသိအမှတ်ပြုတံဆိပ်ပြားများ၏ အဆင့်များနှင့် ပတ်သတ်၍ ရှင်းပြပေးထားသော တာဝန်ညွှန်ကြားချက်အား ပြန်၍သတိရသွား၏။ ယခု သူ၏လက်ထဲတွင်ရှိနေသော အသိအမှတ်ပြုတံဆိပ်ပြားမှာ အပြင်စည်းဂိုဏ်းသားတစ်ယောက်၏ တံဆိပ်ပြားတစ်ခု ဖြစ်နေသောကြောင့် ၎င်း၏တန်ကြေးမှာ တိုက်ပွဲရမှတ် အမှတ်တစ်ရာတိတိ ရှိပေသည်။

ဝမ်ပေါင်လဲ့မှာ ထို အသိအမှတ်ပြုတံဆိပ်ပြားအား သိမ်းဆည်းထားလိုက်ပြီး ထို သိုလှောင်အိတ်အား ဆက်၍ လှန်လှောရှာဖွေလိုက်၏။ ထိုအိတ်ထဲတွင် ပစ္စည်းများများစားစား မရှိသလို ရှိနေသည့် ပစ္စည်းအများစုမှာလည်း ပျက်စီးနေကြပြီဖြစ်သည်။ ဆေးလုံးများလည်း သိပ်မရှိပေ။ ထို့ကြောင့် စွန်းယန်မှာ ကြွယ်ဝချမ်းသာမှု သိပ်မရှိသော အပြင်စည်းဂိုဏ်းသားတစ်ယောက် ဖြစ်ရပေမည်။

ဝမ်ပေါင်လဲ့မှာ အားလျော့သွားခြင်းမရှိဘဲ ဒုတိယ သိုလှောင်အိတ်အား မျှော်လင့်တကြီးဖြင့် ဖွင့်ကြီးလိုက်ပြန်သည်။ ထိုအိတ်ထဲတွင်လည်း အပြင်စည်းဂိုဏ်းသား အသိအမှတ်ပြုတံဆိပ်ပြားတစ်ခုနှင့် အလုံပိတ်ထားသော ဆေးပုလင်းတစ်ပုလင်း ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံး၏ အမည်ကို မသိပါသော်လည်း ဆေးပုလင်း၏ ပုံပန်းသွင်ပြင်ကိုကြည့်လျှင် ၎င်းမှာ အတော်အသင့် အဖိုးတန်ကြောင်း သိနိုင်ပေသည်။ သူသည် ထိုဆေးပုလင်းအား ဖွင့်ပြီး စစ်ဆေးကြည့်လိုက်သောအခါ ပင့်သက်ရှိုက်မိသွားရ၏။

” ဒီဆေးလုံးက… ငါ တစ်ရှိုက်လောက်ပဲ ရှူရသေးတာကို ငါ့ရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်ချီတွေ ဗြောင်းဆန်နေပြီ။ ဒီဆေးလုံးက အဖိုးတန် ရတနာတစ်ခုပဲ ” ဝမ်ပေါင်လဲ့မှာ ထိုဆေးပုလင်းအား စိတ်လှုပ်တရှားနှင့် သိမ်းဆည်းလိုက်ပြီးနောက် နောက်ထပ် သိုလှောင်အိတ်တစ်အိတ်အား ဆက်၍ စစ်ဆေးကြည့်ရှုလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသိုလှောင်အိတ်များအား တစ်လုံးပြီးတစ်လုံး ဖွင့်ကာ စစ်ဆေးကြည့်ရှုနေရင်း ပင့်သက်ရှိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ သူသည် သုံးဆယ့်တစ်အိတ်မြောက် သိုလှောင်အိတ်အား ဖွင့်ကြည့်မိလိုက်သည့်အချိန်တွင် မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

ထို သိုလှောင်အိတ်ထဲတွင် ရှိနေသည့် ပစ္စည်းများနှင့် အသိအမှတ်ပြုတံဆိပ်ပြားမှာ သူ အခြားသိုလှောင်အိတ်များထဲ၌ ရှာတွေ့ခဲ့သည့် ပစ္စည်းများနှင့် မတူဘဲ ဖြစ်နေရ၏။ ထို အသိအမှတ်ပြုတံဆိပ်ပြား၏ အရောင်မှာ အနီရောင်ဖြစ်နေသည်။

” အတွင်းစည်းဂိုဏ်းသားတစ်ယောက်ရဲ့ အသိအမှတ်ပြုတံဆိပ်ပြားပါလား ”

ဝမ်ပေါင်လဲ့မှာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ထို အတွင်းစည်းဂိုဏ်းသား၏ သိုလှောင်အိတ်အား သေသေချာချာ ကြည့်ရှုစစ်ဆေးနေလိုက်တော့သည်။ သူသည် ထိုအိတ်ထဲတွင် ထောင်ပေါင်းများစွာသော အဖြူရောင်ကျောက်တုံးများကို မြင်ခဲ့ရ၏။ သူသည် ၎င်းတို့၏ အသုံးပြုပုံကို သေချာမသိပေ။ ထို့အပြင် သူသည် ကြေးဒင်္ဂါးငါးပြားကိုလည်း ရှာတွေ့ခဲ့သေးသည်။

ထို ကြေးဒင်္ဂါးပြားများ၏ အရွယ်အစားမှာ သူ၏ လက်ဖဝါးတစ်ဝက်ခန့် ရှိ၏။ ၎င်းတို့၏ ရှေ့ဘက်ခြမ်းတွင် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသည့် နတ်ဆိုးတစ်ကောင်၏ ရုပ်ပုံတစ်ခု ရှိနေပြီး နောက်ဘက်ခြမ်းတွင် စာကြောင်းတစ်ကြောင်း ရေးထားသည်…

” တောင်ဝိညာဉ်နှင့် မိုးကြိုးနတ်ဘုရားများ။ ဤ ဖုတ်ကောင်များကို နှိမ်နင်းကာ ဤဝိညာဉ်များအား သုတ်သင်ပေးပါ။ ဤနတ်ဆိုးများကို ချေမှုန်းပြီး မိစ္ဆာအားလုံးကို အစွဲချွတ်ပေးပါ။ ထာဝရသန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းစောင့်ရှောက်ပေးပါ ”

ဝမ်ပေါင်လဲ့မှာ ထို ကြေးဒင်္ဂါးပြားများအား ရီဝေဝေနှင့် စိုက်ကြည့်နေလိုက်၏။ သူသည် ၎င်းတို့မှာ မည်သည့်ပစ္စည်းများဖြစ်ကြောင်း မသိပါသော်လည်း ဓမ္မရတနာတစ်ခု၏ အငွေ့အသက်များမှာ ၎င်းတို့ဆီမှ ထွက်ပေါ်နေ၏။ ထို့ကြောင့် သူသည် ၎င်းတို့အား ဘေးသို့ဖယ်ထားလိုက်ပြီး ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ပြန်ရောက်သောအခါမှ ဆက်လက်စုံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထို သိုလှောင်အိတ်ထဲတွင် အခြားပစ္စည်းအနည်းငယ်လည်း ရှိနေသေးသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အဖြူရောင် ကျောက်စိမ်းပေးလွှာလေးတစ်ခုကို ရှာတွေ့လိုက်၏။ သူသည် ၎င်းအား စိတ်ဝင်စားသွားသောကြောင့် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်ကာ ထို ကျောက်စိမ်းပေးလွှာလေးအား ကြည့်ရှုစစ်ဆေးကြည့်လိုက်သောအခါ အသက်ရှူသံများ ရပ်တန့်သွားရ၏။ ထို့နောက် သူသည် သူ၏ဘေးတွင်ရှိနေသော ကြေးဒင်္ဂါးပြားများကို ကောက်ယူလိုက်ပြီး ထိုကျောက်စိမ်းပေလွှာလေးအား ထပ်၍ စိုက်ကြည့်နေလိုက်ပြန်သည်။ အချိန်အတော်အတန် ကြာပြီးနောက် သူသည် ရေရွတ်လိုက်၏။

” မန္တန်စစ်သည်တော်တစ်ယောက်ဆိုပါလား ”

ထို ကျောက်စိမ်းပေလွှာထဲတွင် မန္တန်စစ်သည်တော်တစ်ယောက်အား ဖန်တီးသန့်စင်ကာ ထိန်းချုပ်နိုင်သည့် နည်းလမ်းတစ်ခုကို ဖော်ပြထားသည်။ ၎င်းမှာ အလွန်အင်မတန်မှ အစွမ်းထက်ပြီး တမူထူခြားသော ဓမ္မရတနာတစ်မျိုး ဖြစ်သည်။ ထို ကြေးဒင်္ဂါးပြား ငါးပြားအား မန္တန်စစ်သည်တော်တစ်ယောက်အဖြစ် သတ်မှတ်ထား၏။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ လေ့လာကြည့်လိုက်ပြီးနောက် ထို ကျောက်စိမ်းပေလွှာထဲတွင် အချက်အလက်များစွာ ပါဝင်နေသည်ကို သိလိုက်ရ၏။ သူသည် ၎င်းတို့အား အချိန်တိုလေးအတွင်း နားလည်နိုင်မည်မဟုတ်သောကြောင့် ထိုကျောက်စိမ်းပေလွှာလေးအား သေသေချာချာ သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် အခြားသိုလှောင်အိတ်များကို ဆက်၍ ကြည့်ရှုစစ်ဆေးနေလိုက်တော့သည်။ သူသည် ထို သိုလှောင်အိတ်အားလုံးကို စစ်ဆေးပြီးသွားသောအခါ သူရရှိခဲ့သည့် ပစ္စည်းများကို စိုက်ကြည့်ရင်း ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။

သူရှာဖွေတွေ့ရှိခဲ့သည့် အသိအမှတ်ပြုတံဆိပ်ပြားများကိုသာ ရေတွက်မည်ဆိုပါက အပြင်စည်းဂိုဏ်းသား အသိအမှတ်ပြုတံဆိပ်ပြား သုံးဆယ့်ရှစ်ခုနှင့် အတွင်းစည်းဂိုဏ်းသားအသိအမှတ်ပြုတံဆိပ်ပြားတစ်ခု ရှိနေ၏။ ၎င်းတို့မှာ သူ့အား တိုက်ပွဲရမှတ် အမြောက်အမြား ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် သူသည် ဆေးလုံးမြောက်မြားစွာနှင့် တစ်ဝက်တစ်ပျက် ကျိုးပဲ့ပျက်စီးနေသည့် ဓမ္မရတနာများကိုလည်း ရှာတွေ့ခဲ့သေးသည်။ ၎င်းတို့၏ အရည်အသွေးများကို အကဲမဖြတ်ရသေးသောကြောင့် တန်ဖိုး အတိအကျ သိနိုင်ဦးမည်မဟုတ်ပေ။ သို့သော် ၎င်းတို့မှာလည်း သူ့အား တိုက်ပွဲရမှတ်များစွာ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်ထားသည်။

ဝမ်ပေါင်လဲ့မှာ ဓားကိုယ်ထည်ပိုင်းထဲမှ အကျိုးအမြတ်များစွာဖြင့် ပြန်ထွက်လာနိုင်ခဲ့၏။ အကယ်၍ အခြားသူများသာ ထိုအကြောင်းအား သိရှိသွားမည်ဆိုပါက သူတို့မှာ ‌သေချာပေါက် မနာလိုဖြစ်သွားကြမည် ဖြစ်သည်။

” ပြီးတော့ စကြဝဠာဆေးလုံးနဲ့တူနဲ့ ဆေးလုံးတစ်လုံးလည်း ရှိနေသေးတယ်… ”

” အဲတာအပြင်.. ခရမ်းရောင် အသိအမှတ်ပြုတံဆိပ်ပြားလည်း ရှိသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိသွားသောအခါ မျက်လုံးများအရောင်တောက်လာ၏။ သူသည် ကြက်သေသေကာ ထိုခရမ်းရောင် အသိအမှတ်ပြုတံဆိပ်ပြားအား ငေးကြည့်နေခဲ့သောကြောင့် ဒဏ်ရာရခဲ့ရသည်ကို မေ့ပျောက်နိုင်မည်မဟုတ်ပေ။

ခရမ်းရောင် အသိအမှတ်ပြုတံဆိပ်ပြားမှာ အဓိကအဖွဲ့ဝင်တစ်ယောက်ကို ကိုယ်စားပြုပြီး အဓိကအဖွဲ့ဝင်တစ်ယောက်၏ အသိအမှတ်ပြုတံဆိပ်ပြားတစ်ခုမှာ တိုက်ပွဲရမှတ် နှစ်သောင်းတိတိ တန်ကြေးရှိပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုတောင်ထိပ်ကြီးပေါ်တွင် အကောင်းပတိအတိုင်း ရှိနေခဲ့သည့် အဆောင်များကိုလည်း မေ့ပျောက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုတောင်ထိပ်ရှိ ဂူဗိမာန်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ရုပ်အလောင်းကြီးတစ်ခုလည်း ရှိနေသေးသည်။

” ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် အဲဒီတောင်က… ကျယ်ပြန့်တာအိုနန်းတော်အစစ်ထဲက အဓိကအဖွဲ့ဝင်တစ်ယောက်ရဲ့ ဂူဗိမာန် ဖြစ်နေလောက်တယ် ”

၎င်းမှာ မည်သူမှ ရှာမတွေ့သေးသည့် အဓိကအဖွဲ့ဝင်တစ်ယောက်၏ ဂူဗိမာန်တစ်လုံး ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုဂူဗိမာန်၏ တန်ဖိုးအား တစ်ခဏမျှ တွေးလိုက်ရုံနှင့် မျက်ဝန်းများထဲတွင် လောဘမီးတောက်များ တောက်လောင်လာရတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset