Switch Mode

အခန်း (၂၇)

အကောင်ပေါက်မလာသည့်ဝိညာဉ်သားရဲဥလေး

အခန်း (၂၇) အကောင်ပေါက်မလာသည့်ဝိညာဉ်သားရဲဥလေး

ကျန်းလန်က ဝိညာဉ်ကျောက်တုံးများကိုယူလိုက်ပြီး ခဏတာမျှ စပ်စပ်စုစုနှင့် ကြည့်နေလိုက်သည်။

ယနေ့မှ… ဆရာဖြစ်သူက အဘယ့်ကြောင့် သေရည်သွားဝယ်ခိုင်းရပါသနည်း။

နဝမတောင်ထွတ်သို့ ကျန်းလန် ရောက်နေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်… ဆရာဖြစ်သူ သေရည်သောက်သည်ကို တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။

ကျန်းလန် ပဟေဠိဖြစ်နေမိသည်။ သို့သော်… သေရည်ဝယ်သည့်အလုပ်က ခက်ခဲသည့် အလုပ်  မဟုတ်ပေ။ ထို့ကြောင့်… ဆရာဖြစ်သူခိုင်းသည်ကို ငြင်းစရာအကြောင်းမရှိပေ။

ကျန်းလန် ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ကဲ့ပါ… ဆရာ…”

ထို့နောက် … ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာသွားလေတော့သည်။

လက်ရှိတွင် ကျန်းလန်၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်က ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့် ဖြစ်လေသည်။

ကျင့်ကြံခြင်းအဆင့် အလျှင်အမြန် မြင့်တက်ရန်အတွက် နဝမတောင်ထွတ်မှ ဝိညာဉ်ဆေးပင်များကလည်း ကူညီနိုင်ခြင်း မရှိပေ။ အဘယ်ကြေင့်ဆိုသော်… နဝမတောင်ထွတ်တွင် ရွှေပြဒါးအမြုတေအဆင့် ဆေးပင်များ မရှိသောကြောင့် ဖြစ်၏။

ထို့ကြောင့်… ကျင့်ကြံခြင်းအဆင့် မြင့်တက်ရန်အတွက် ကျန်းလန်မှာ စနစ်တွင်သာ မှတ်ပုံတင်နေရလေသည်။

လွန်ခဲ့သည့်နှစ်များအတွင်း… ကျန်းလန် စနစ်မှ ကျင့်စဉ်များ ၊ ဆေးဝါးများ ၊ မန္တန်များ ၊ မှော်ဝင်ပစ္စည်းများနှင့် အင်းသင်္ကေတများ များစွာ ရရှိခဲ့သည်။

သို့သော်… သိပ်ပြီး အသုံးမဝင်လှပေ။

ခွန်လွန်စိတ်ကျမ်း ၊ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းနှင့် နွားရိုင်းကိုးကောင်စွမ်းအားများကိုသာ အဓိကထားပြီး ကျန်းလန် ကျင့်ကြံနေခဲ့ရသည်။

ယခုဆိုလျှင် နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအားက နွားရိုင်းငါးကောင်တန်ခိုးစွမ်းအားအထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။ သို့သော်… နွားရိုင်းခြောက်ကောင်အဆင့်သို့ တက်ရောက်ရန်က အတော်လေး ခက်ခဲနေသေးသည်။

မည်သို့ပင်ဖြစ်စေ… နွားရိုင်းငါးကောင်စွမ်းအားက နွားရိုင်လေးကောင်စွမ်းအားထက် အဆပေါင်းများစွာ ပြင်းထန်သည်ဟု ဆိုရမည်။

ယခုအချိန်တွင်သာ တတိယတောင်ထွတ်ရှိ မှော်ရုံနယ်မြေထဲမှ တိုက်ပွဲကို ပြန်လည်ဆင်နွှဲရမည်ဆိုလျှင် နောက်ကွယ်မှ ကြိုးကိုင်သူကို ကျန်းလန် ကောင်းကောင်း ရင်ဆိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

တတိယတောင်ထွတ်မှ ပြန်လာပြီးနောက်ပိုင်း သတင်းအချို့ကိုတော့ ကျန်းလန် ကြားခဲ့ရသည်။

ပြောကြသည်ကတော့… မှော်ရုံနယ်မြေထဲတွင် တိုက်ခိုက်ခံရသည့် အဖြစ်အပျက်ကြောင့် တပည့်အချို့ ခွန်လွန်တောင်မှ ထုတ်ပယ်ခံလိုက်ရသည်ဟု ဆိုကြသည်။

ရန်သူများက နဂါးမျိုးနွယ်ကို လက်စားချေချင်သည်ဟုဆိုခြင်းမှာ ဟုတ်မှန်ခြင်းမရှိဟု ပြောကြသည်။

ရန်သူများ၏ ရည်မှန်းချက်က တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေထဲတွင် ရှိနေသည့် မှော်ဝင်ပစ္စည်းများကို ရယူရန် ဖြစ်သည်ဟုလည်း သတင်းထွက်လာသည်။

ခွန်လွန်တောင်မှ အကြီးအကဲများက အမှုမှန်ဖော်ထုတ်နိုင်ရန် ပြင်းထန်သည့် သွေးစတေးခြင်းနည်းလမ်းကို အသုံးပြုခဲ့သည်ဟုလည်း ဆိုကြသည်။

ထိုသတင်းများက မှန်သည်လား ၊ မှားသည်လား ကျန်းလန် အရေးမစိုက်ပေ။

ရန်သူများက လိမ်လည်နေခြင်းလား ၊ ခွန်လွန်တောင်မှ အကြီးအကဲများက တစ်စုံတစ်ခု ဖုံးကွယ်ထားခြင်းလား ကျန်းလန် မသိရှိပေ။

သူ့အဆင့်ဖြင့် ထိုအဖြေများကို ရှာဖွေနိုင်စွမ်း မရှိသေးပေ။

သို့သော်… တတိယတောင်ထွတ်ရှိ မှော်ရုံနယ်မြေတွင် အနက်ရောင်ဝတ်လူနှင့် တိုက်ခိုက်ခဲ့သည့် လူထူးလူဆန်းအကြောင်းကိုတော့ မည်သူမှ ပြောဆိုကြခြင်း မရှိပေ။

ဆရာဖြစ်သူကလည်း ထိုအကြောင်း မေးမြန်းခဲ့ခြင်း မရှိပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ့အကြောင်း အကောင်းဆုံးဖုံးကွယ်ထားနိုင်ခဲ့သည်ဟု ကျန်းလန် နားလည်လိုက်သည်။

ကျန်းလန် တောင်ပေါ်မှ ဆင်းလာရင်း…

“အချိန်အားရင် ဓားသိုင်းလေး နည်းနည်းပါးပါး လေ့ကျင့်ထားဦးမှပဲ…”

ဟု တွေးလိုက်၏။

ကျန်းလန်က ကျင့်ကြံသည့်ဘက် အာရုံစိုက်နေရသောကြောင့် သိုင်းပညာကို သိပ်ပြီး အလေးမထားခဲ့မိပေ။

နွားရိုင်းကိုးကောင်စွမ်းအားကိုသာ အများဆုံးအချိန်ပေးပြီး ကျင့်ကြံခဲ့သောကြောင့် ဓားသိုင်းလေ့ကျင့်ခြင်းတွင် အားနည်းခဲ့သည်။

ဓားသိုင်းပညာက အစွမ်းထက်သော်လည်း တကယ်တမ်း ရန်သူနှင့်ရင်ဆိုင်ရသည့်အခါ နွားရိုင်းကိုးကောင်စွမ်းအားလောက် အသုံးမဝင်ပေ။

သို့သော်… ကျန်းလန်အနေဖြင့် နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအားကို လူရှေ့သူရှေ့တွင် ထုတ်ဖော်အသုံးပြုရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဓားသိုင်းလေ့ကျင့်ရန်ကတော့ လိုအပ်လေ၏။

အမှန်တော့… အခြားသူများရှေ့တွင် အသုံးမပြုနိုင်သည့် အရာဝတ္ထုများ ၊ ကျင့်စဉ်များစွာ ကျန်းလန်တွင် ရှိနေလေသည်။

ဤနှစ်များအတွင်း ကျန်းလန်က နဝမတောင်ထွတ်တွင်သာ အချိန်ဖြုန်းနေခဲ့သောကြောင့် မည်သူနှင့်မှ တိုက်ခိုက်စရာ မလိုပေ။

စနစ်တွင်မှတ်ပုံတင်ရင်း မှော်ဝင်ပစ္စည်းများ ၊ ကျင့်စဉ်များ ၊ ဂါထာမန္တန်များကိုသာ စုဆောင်းထားခဲ့သည်။ ထို့ပြင်… အကောင်မပေါက်သေးသည့် ဝိညာဉ်သားရဲလေးတစ်ကောင်လည်း သူနှင့်အတူ အဖော်ပြုပေးနေခဲ့လေသည်။

ဘာကြောင့်မှန်းမသိ … အချိန် (၆)နှစ်ကြာခဲ့သည့်တိုင် ဝိညာဉ်သားရဲဥလေးက အကောင်ပေါက်မလာခဲ့ပေ။ သို့သော်… ထိုဥလေးတွင် အသက်စွမ်းအားကတော့ ရှင်သန်နေလေသည်။

အကောင်မပေါက်ရသည့်အကြောင်းရင်းကို ဆရာဖြစ်သူကို မေးကြည့်ပြန်တော့လည်း မော့ကျန်းသုန့်ကိုယ်တိုင် ရေရေရာရာ မသိရှိပေ။

သူမေးလိုက်တိုင်း ဆရာဖြစ်သူက စိတ်ရှုတ်ထွေးသွားဟန် ရှိသည်။

ထို့ကြောင့်… ဝိညာဉ်သားရဲလေး အကောင်ပေါက်လာရန်မှာ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရန်သာ ရှိသည်။ နောက်ထပ် အချိန် (၂)နှစ်ခန့်ကြာလျှင် အကောင်ပေါက်ချင်လည်း ပေါက်လာပေလိမ့်မည်။

“အဲဒီ အကောင်လေးပေါက်လာဖို့ တစ်ယောက်ယောက်က ငါ့ကို လမ်းပြပေးရင် သိပ်ကောင်းမှာပဲ… ၊ အခုတော့ အခက်တွေ့နေရတယ်…”

တွေးရင်း ကျန်းလန် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ယနေ့တော့… တစ်စုံတစ်ခု ထူးခြားလေမည်လားဟု ဝိညာဉ်သားရဲဥလေးအပေါ်သို့ ဝိညာဉ်ဆေးရည်အချို့ လောင်းချပေးထားခဲ့သည်။

သူ၏ သားရဲလေးမှာ အာဟာရချို့တဲ့နေသောကြောင့် ဥခွံကိုထိုးခွဲပြီး ဖောက်ထွက်မလာခြင်းများလားဟု တွေးမိသောကြောင့် ဖြစ်၏။

ကျန်းလန် ခွန်လွန်တောင်အောက်သို့ ဆင်းလာခဲ့သည်။

ခွန်လွန်တောင်က လွန်ကြီးမားကျယ်ပြန့်သည့် နေရာဒေသတစ်ခုဖြစ်ပြီး တောင်ခြေပတ်ဝန်းကျင်အချို့နေရာများကိုလည်း ခွန်လွန်တောင်၏ အစိတ်အပိုင်းများအဖြစ် သတ်မှတ်ထားကြသည်။

ခွန်လွန်တောင်ခြေတွင် တံမြက်လှည်းကျင်း အမှိုက်သိမ်းနေကြသူများ ၊ လယ်ယာစိုက်ပျိုးနေကြသည့် အသက်ကြီးပိုင်းများမှာ ခွန်လွန်တောင်မှ အကြီးအကဲများက ရုပ်ဖျက်ထားခြင်းဖြစ်သည်ဟု ကောလဟလများ ပြောလေ့ရှိကြသည်။

ခွန်လွန်တောင်မှ အကြီးအကဲများက တောင်ပေါ်တွင် တပည့်များကို ကြီးကြပ်ရင်း ကိုယ်တိုင်လည်း ကျင့်ကြံနေကြရသဖြင့် အချိန်အားလပ်နိုင်မည်မဟုတ်ဟု ကျန်းလန်က ယူဆသည်။

သို့သော်… ကောလဟလများကလည်း ရပ်တန့်သွားခြင်း မရှိပေ။

ကောလဟလများ မှန်သည်လား မှားသည်လားတော့ မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။ ဖြစ်နိုင်ချေလည်း ရှိချင် ရှိမည် ဖြစ်၏။

ကောလာဟလတစ်ခုအရဆိုလျှင်တော့… ခွန်လွန်တောင်ခြေတွင် သေရည်ဆိုင်ဖွင့်ထားသူမှာလည်း ခွန်လွန်တောင်မှ အကြီးအကဲတစ်ယောက်ဖြစ်သည်ဟူ၏။

ခွန်လွန်တောင်ခြေတွင် သေရည်ဆိုင်အိုကြီးတစ်ဆိုင် ရှိလေသည်။ ထိုဆိုင်တွင် ခွန်လွန်တောင်မှ အကောင်းဆုံးသေရည်များကို ရရှိနိုင်သည်ဟု ပြောကြသည်။

သေရည်ဆိုင်အိုကြီးရှေ့ရောက်သည်နှင့် ကျန်းလန် ခြေလှမ်းများ ရပ်တန့်လိုက်သည်။

“ရောက်ပြီကွ…”

သေရည်ဆိုင် အပြင်အဆင်က ရိုးရှင်းလှသည်။

သေရည်တစ်မျိုးတည်းသာ အဓိကထားရောင်းချသောကြောင့် လူများများစားစား သိပ်မရှိပေ။

တည်းခိုရိပ်သာလည်း သေရည်ဆိုင်နှင့် တွဲဖွက်ဖွင့်လှစ်ထားလေသည်။ သို့သော်… မည်သူမှ တည်းခိုကြခြင်း မရှိပေ။ ခွန်လွန်တောင်ခြေတွင် မည်သူမှ တည်းခိုရန် စဉ်းစားကြမည် မဟုတ်ပေ။

အားလုံးက ကျင့်ကြံသူများဖြစ်လေရာ အနားယူစရာမလိုလောက်အောင် တန်ခိုးစွမ်းအားများ မြင့်မားကြသည်။

ကျန်းလန် သေရည်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သစ်သားစားပွဲအနည်းငယ် ခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။ သို့သော်… ဧည့်သည်တော့ တစ်ယောက်မှ မရှိပေ။

“ဒေါက်.. ဒေါက်…”

ကျန်းလန်က ဆိုင်ကောင်တာကို လက်ဖြင့်ခေါက်လိုက်၏။

ကောင်တာနောက်တွင်… အသက် (၁၀)နှစ်အရွယ်ခန့် ကလေးငယ်တစ်ယောက် အိပ်ပျော်နေ၏။ ကလေးငယ်က ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းလေသည်။

ကျန်းလန် ကောင်တာကို လက်ဖြင့်ခေါက်လိုက်သောကြောင့် အိပ်ပျော်နေသည့်ကလေးငယ် နိုးသွား၏။

ကျန်းလန်က ပျော့ပြောင်းသည့်လေသံဖြင့်…

“အကောင်းစားသေရည်အိုတစ်အိုးလောက် ဝယ်ချင်လို့ကွာ…”

ကလေးငယ်က မျက်လုံးများကို လက်ဖြင့်ပွတ်ရင်း အိပ်ချင်မူးတူးဖြင့်…

“ဘိုးဘိုး ပြန်မရောက်သေးဘူး… စောင့်ရမယ်ထင်တယ်… အကောင်းစားသေရည်တွေထားတဲ့နေရာကို ဘိုးဘိုးတစ်ယောက်ပဲ ဖွင့်လို့ရတာ…”

ကျန်းလန်က…

“ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ…”

ကလေးငယ်က…

“သိဘူးလေ… တစ်ခါတစ်လေတော့ ညနေလောက်မှ ပြန်လာတတ်တယ်…”

ကျန်းလန် ခေါင်းညိတ်ပြလိုက်ပြီး ထိုင်စောင့်ရန် ဟန်ပြင်လိုက်သည်။

“အကောင်းစားသေရည်” ဆိုသည်မှာ မည်သို့သောသေရည်မျိုးလဲ ကျန်းလန် မသိရှိပေ။ သို့သော် စိတ်ရှည်ရှည်ဖြင့် စောင့်ရမည် ဖြစ်၏။

ကျန်းလန် ထိုင်စောင့်နေစဉ်မှာပင်… ဆိုင်အတွင်းသို့ မိန်းမပျိုတစ်ယောက် ဝင်လာလေသည်။

ကျန်းလန် မိန်းမပျိုကို လှမ်းကြည့်လိုက်သည်။ မိန်းမပျို၏ တန်ခိုးစွမ်းအားက အနည်းငယ် ထူးဆန်းနေပြီး ပရမ်းပတာလည်း ဖြစ်နေကြောင်း ခံစားရသည်။

ကျန်းလန် မိန်းကလေးကို ခဏမျှ စပ်စပ်စုစုဖြင့် အကဲခတ်နေလိုက်သည်။

မိန်းကလေးက ချောမောလှပသည်ဟုဆိုနိုင်သော်လည်း ရိုးရိုး အအ ကျေးတောသူဟန် ပေါက်လေသည်။ ဝတ်ဆင်ထားသည့် အဝတ်အစားများကလည်း သာမန်အဝတ်အစားများပင် ဖြစ်ပြီး အတော်လေးပင် ဟောင်းနွမ်းစုတ်ပြဲနေ၏။

မိန်းမပျိုက နတ်မိစ္ဆာတစ်ယောက်ဖြစ်နိုင်သည်ဟု ကျန်းလန် ခန့်မှန်းလိုက်မိသည်။

မည်သို့သော နတ်မိစ္ဆာက ခွန်လွန်တောင်ပတ်ဝန်းကျင်သို့ လာရောက်ရဲရပါသနည်း…။ ကျန်းလန် တအံ့အသြဖြင့် တွေးလိုက်မိသည်။

မိန်းမပျိုက သေရည်ဆိုင်အဝင်ဝမှနေပြီး အထဲသို့ တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

ဆိုင်ထောင့်တစ်ထိုင်နေသည့် ကျန်းလန်ကိုတွေ့လိုက်ရသည့်အခါ သူမ အလွန်အံ့သြတုန်လှုပ်သွားပြီး ခြေလက်များပင် အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်သွားသည်။

ကျင့်ကြံသူတစ်ယောက်နှင့် တွေ့ဆုံရသောကြောင့် သူမ ထိတ်လန့်သွားလေသည်။ သို့သော်… ဆိုင်ထဲသို့လည်း သူမ အရဲစွန့်ဝင်ရောက်လာချင်ဟန် ရှိသည်။

ချီတုံချတုံဖြစ်နေပြီးနောက်… သူမ ဆုံးဖြတ်ချက်ချလိုက်ပြီး သေရည်ဆိုင်ထဲသို့ ဝင်လာလေ၏။

ထို့နောက် ဆိုင်ကောင်တာရှေ့တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မျက်ခုံးများ တွန့်ချိုးထားလေသည်။

ကျန်းလန်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် သူမ ဝင်လာရဲခြင်း ဖြစ်၏။

ကျန်းလန်က အခြားသူများအမြင်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် ၊ အလယ်ဆင့်မျှသာ ရှိသေးသည် မဟုတ်ပါလား။

သို့သော်… အချိန် (၁၀)နှစ်အတွင်း ထိုအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင်ခြင်းမှာ ကျင့်ကြံခြင်းအဆင့် လျှင်မြန်သည်ဟုပင် ဆိုနိုင်လေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset