အခန်း (၂၆) အချိန် (၃) နှစ်နှင့် (၃) နှစ်ကျော်လွန်လေသော်
လက်ရှိအချိန်တွင် ကျန်းလန် လုန်ယွိအပါအဝင် အခြားသူများနှင့် နီးနီးကပ်ကပ် မနေလိုပေ။
အနက်ရောင်ဝတ်လူနှင့် တိုက်ခိုက်ခဲ့သူမှာ ကျန်းလန် ဖြစ်ကြောင်း လုန်ယွိ ရိပ်မိသွားမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။
ယခုတော့… ခွန်လွန်တောင်မှ အင်မော်တယ်များ ရောက်လာကြပြီဖြစ်ရာ လုန်ယွိတို့အဖွဲ့နှင့်သာ မှော်ရုံနယ်မြေအပြင်ဘက်သို့ ပြန်လည်ထွက်ခွာရပေတော့မည်။
သို့သော်… မကြာမီပင် သူ့အတွေးများအတိုင်း မဖြစ်နိုင်တော့ကြောင်း ကျန်းလန် သိရှိလိုက်သည်။
အဘယ်ကြောင့်ဆိုသော်… အင်မော်တယ်တစ်ပါးက သူ့ထံသို့ တန်းတန်းမတ်မတ် ပျံသန်းရောက်ရှိလာသောကြောင့် ဖြစ်၏။
ထိုအင်မော်တယ် မည်သူဖြစ်ကြောင်း မေးနေစရာ မလိုပေ။ ကျန်းလန်၏ ဆရာဖြစ်သူ မော့ကျန်းသုန့် ဖြစ်၏။
မော့ကျန်းသုန့်က ကောင်းကင်ထက်မှ ပျံသန်းလာပြီး ကျန်းလန်ရှေ့သို့ရောက်သည်နှင့် မြေပြင်ထက်သို့ ဆင်းသက်လိုက်၏။
သူ၏ ဝတ်ရုံရှည်များက လေတွင်လွင့်မျောနေပြီး အင်မော်တယ်တစ်ပါး၏ အသရေကို တွေ့မြင်နိုင်သည်။
ကျန်းလန် ချက်ချင်းပင် ဆရာဖြစ်သူကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
“ဆရာ့ကို ဂါရဝပြုပါတယ်…”
မော့ကျန်းသုန့်က ကျန်းလန်ကို သေသေချာချာ အကဲခတ်ကြည့်လိုက်သည်။
ဒဏ်ရာရထားခြင်းမရှိဘဲ ကောင်းကောင်းမွန်မွန် ရှိနေကြောင်း သိရတော့မှ စိတ်သက်သာရာရသွားဟန် ရှိသည်။ သို့သော်… မော့ကျန်းသုန့်က ကျန်းလန် မည်သည့်အန္တရယ်ကြုံတွေ့ခဲ့ရသည်ကို လုံး၀ မေးမြန်းခြင်း မရှိခဲ့ပေ။
ကျန်လန်ကို အတန်ကြာအကဲခတ်နေပြီးမှ မော့ကျန်းသုန့်က မေးခွန်းတစ်ခု မေးလိုက်၏။
“မင်း… အခြေခံတည်ဆောက်ခြင်းအဆင့်ကို အဆင့်တက်သွားပြီလား…”
ကျန်းလန်ကလည်း စကားအပို တစ်ခွန်းမှ မဆိုဘဲ ဆရဖြစ်သူမေးသည့် မေးခွန်းကိုသာ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် ဆရာ… ၊ တပည့် အခြေခံတည်ဆောက်ခြင်းအဆင့် အဆင့်တက်သွားပါပြီ…”
“သိပ်ကောင်းတယ်… ဆရာ မင်းကို တောင်ပေါ် ပြန်ခေါ်သွားမယ်…”
ပြောပြီးသည်နှင့် မော့ကျန်းသုန့်က ကျန်းလန်ကို တန်ခိုးစွမ်းအားများနှင့် ရစ်ပတ်ကာ တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေထဲမှ ခေါ်ထုတ်သွားလေတော့သည်။
မော့ကျန်းသုန့်က အခြားမည်သူနှင့်မှ တွေ့ဆုံခြင်း မရှိသလို မည်သို့သောပြဿနာများ ဖြစ်ပျက်ခဲ့ကြောင်းကိုလည်း စုံစမ်းခြင်း မပြုတော့ပေ။
သူ့တပည့်အဆင်ပြေနေလျှင် ကျေနပ်ပြီ ဖြစ်သည်။ အခြားသူများအတွက် သူ့တွင် တာဝန်မရှိပေ။
ကျန်းလန်ကလည်း တစ်ချက်မှ မငြင်းဆန်ဘဲ ဆရာဖြစ်သူနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွား၏။ လက်ရှိအချိန်တွင် … သူကိုယ်တိုင်ကလည်း အခြားသူများနှင့် မပတ်သက်ချင်ပေ။
တစ်ယောက်တည်း ထွက်ခွာသွားရခြင်းက ကျန်းလန်အတွက် အကောင်းဆုံး ဖြစ်၏။ ယခု ဆရာဖြစ်သူ လာခေါ်သည့်အခါ အရာအားလုံး အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။
ဆရာကိုယ်တိုင် လာခေါ်သောကြောင့် အခြားသူများ သူ့ကို အာရုံစိုက်လာမည်ကိုလည်း စိတ်ပူစရာ မလိုတော့ပေ။
ကျန်းလန်က နဝမတောင်ထွတ်မှ တစ်ဦးတည်းသော တပည့်ဖြစ်၏။ နဝမတောင်ထွတ်တွင် တပည့်များစွာ မရှိသောကြောင့် ရင်းမြစ်များအားလုံးကို ကျန်းလန်တစ်ယောက်သာ အသုံးပြုခွင့်ရခဲ့သည်။
ဆရာဖြစ်သူကလည်း သူ့ကို ဂရုစိုက်လွန်းသောကြောင့် တစ်ခါတစ်ရံ စိတ်မသက်မသာပင် ခံစားရသည်။
အချို့သောတပည့်များကတော့ သာမန်မျှသာအရည်အချင်းရှိသော ကျန်းလန်လိုတပည့်တစ်ယောက်က ထိုမျှ ဂရုစိုက်ခံရရန် မထိုက်တန်ဟု ထင်ကြပေလိမ့်မည်။
သူသာ နဝမတောင်ထွတ်မှ တပည့်တစ်ယောက်မဟုတ်ခဲ့လျှင် သူ့အဆင့်က လက်ရှိတွင် ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၄) သို့မဟုတ် အဆင့် (၅)မျှသာ ရှိနေပေလိမ့်မည်။
အချို့တပည့်များကတော့ ကျန်းလန်မှာ မည်သူမှ မနေနိုင်သည့် နဝမတောင်ထွတ်တွင် နေထိုင်နိုင်စွမ်းရှိသောကြောင့် ဤသို့သော ဂရုစိုက်မှုများကို ခံရသင့်သည်ဟု ထင်မြင်ကြသည်။
ကျန်းလန်ရရှိသည့် ရင်းမြစ်များ ၊ ဂရုစိုက်ခံရမှုများက အခြားသူများထက်သာလွန်သည့်တိုင် သူ့မှာ ကိုယ်တွင်းမိစ္ဆာအန္တရယ်ကို အချိန်တိုင်း စွန့်စားရင်ဆိုင်နေခဲ့ရသူ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ… ဆရာဖြစ်သူက သူ့အပေါ်အလွန်ကောင်းခဲ့သည်ကတော့ ငြင်းမရသည့် ကိစ္စပင်…။
ကောင်းကင်ထက်တွင် ပျံသန်းလာရင်း မော့ကျန်းသုန့်က ကျန်းလန်ကို မေးလိုက်သည်။
“မင်း… အခု အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ပြီဆိုတော့… ဆရာက မင်းကို ဆုချရမှာပေါ့… ၊ ကဲ… ပြော… ဘယ်လို မှော်ဝင်ပစ္စည်းမျိုး လိုချင်လဲ…”
အချိန် (၃)နှစ်ခွဲအတွင်း… တပည့်ဖြစ်သူက အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ရှိသွားသောကြောင့် မော့ကျန်းသုန့် အတော်လေး ကျေနပ်ပီတိဖြစ်နေမိသည်။
ဤသည်က ပါရမီရှင်တပည့်များနှင့် ကောင်းကောင်းယှဉ်နိုင်သည့် လျှင်မြန်မှုမျိုး ဖြစ်သည်။
နောက်ပိုင်းတွင်တော့… သာမန်မျှသာဖြစ်သော ကျန်းလန်က ပါရမီရှင်များနှင့် အဆင့်ကွာခြားသွားနိုင်ပေသည်။ သို့သော်… လက်ရှိတွင်တော့ မော့ကျန်းသုန့် အတော်လေး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။
ကျန်းလန်က အသံတိုးတိုးဖြင့်…
“ဆရာဘာပဲပေးပေး ကျွန်တော် ယူမှာပေါ့…”
မည်သည့်မှော်ဝင်ပစ္စည်း တောင်းဆိုရမည်မသိသောကြောင့် ကျန်းလန် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
မော့ကျန်းသုန့်က ပြုံးလိုက်ရင်း…
“မင်းကတော့လေ… ဒီဆရာကို အခက်တွေ့အောင် လုပ်ပြန်ပြီ…”
သို့သော်… မော့ကျန်းသုန့်က စ နောက် လိုက်ခြင်းသာ ဖြစ်သည်။
သူ၏ မျက်ဝန်းများထဲတွင် တကယ်တမ်း အခက်တွေ့သည့်အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။
သူ့ကိုကြည့်ရသည်မှာ ကျန်းလန်နှင့်အသင့်တော်ဆုံး လက်ဆောင်ပစ္စည်းတစ်ခုကို စဉ်းစားထားပြီး ဖြစ်ဟန်တူသည်။ ကျန်းလန်ကလည်း ဆရာဖြစ်သူက မည်သည့်လက်ဆောင်များပေးမည်လဲဟု သိချင်စိတ်ဖြစ်နေမိတော့သည်။
ထိုသို့ဖြင့်… ဆရာတပည့် (၂)ယောက် နဝမတောင်ထွတ်သို့ ပြန်လည်ရောက်ရှိလာခဲ့လေတော့သည်။
***
နောက်တစ်နေ့…
မော့ကျန်းသုန့်နေထိုင်သည့် နဝမတောင်ထွတ်အစွန်းသို့ ကျန်းလန် ရောက်ရှိနေလေသည်။
မော့ကျန်းသုန့်က ကျန်းလန်ကို လက်ဆောင်တစ်ခု ပေးလိုက်၏။
ထိုလက်ဆောင်က အဖြူရောင်နှင့်အနက်ရောင်စပ်ကြား ဥ တစ်လုံး ဖြစ်၏။ ထို ဥ ၏ အရွယ်အစားက ကြက်ဥခန့်သာ အရွယ်အစား ရှိ၏။
ကျန်းလန်က ဆရာဖြစ်သူ ပေးသည့် အဖြူအနက်စပ်ကြား ဥ ကို သေသေချာချာ လေ့လာကြည့်ရင်း…
“ဆရာ… ဒါက ကြက်ဥလား…”
မော့ကျန်းသုန့်က ပြုံးလိုက်ရင်း…
“အဲဒါက ဝိညာဉ်သားရဲဥလေးလေ…”
မော့ကျန်းသုန့်က ဆက်ရှင်းပြသည်။
“ဒီဥလေးက တိမ်တိုက်ကျား ဝိညာဉ်သားရဲဥ မူကွဲတစ်ခုပဲ… အဲဒီဥလေးက အမှတ်မထင် နဝတောင်ထွတ်ပေါ်ကို ကျလာတာ… ၊ တကယ်တော့… အခြား ဝိညာဉ်သားရဲဥတွေဆိုရင် မရဏအငွေ့အသက်တွေကို ခံနိုင်ရည် မရှိကြဘူး…၊ ခဏလေးနဲ့ သေသွားကြတာ… ဒါပေမဲ့… ဒီဥလေးကတော့ မမျှော်လင့်ဘဲ မရဏအငွေ့အသက်တွေထဲမှာ ရှင်သန်နေခဲ့တယ် ၊ ကြည့်ရတာ … သူလည်း မင်းလိုပဲ မရဏအငွေ့အသက်တွေနဲ့ လိုက်လျောညီထွေ ရှိတယ်ထင်တယ်…”
မော့ကျန်းသုန့်က ခဏနားလိုက်ပြီး ကျန်းလန်လက်ထဲမှ ဝိညာဉ်သားရဲဥလေးကို ကြည့်လိုက်ရင်း…
“ပြီးတော့… ဒီ ဝိညာဉ်သားရဲဥလေးက မရဏအငွေ့အသက်တွေကို တကယ်ခံနိုင်ရည် ရှိ မရှိ ဆိုတာ ဆရာ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးပြီ… အဆင်ပြေတယ်ဆိုမှ မင်းကို ခုလို လက်ဆောင်ပေးရဲတာ… ၊ မင်းလည်း အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်ပြီဆိုတော့ ဝိညာဉ်သားရဲလေးတစ်ကောင် မွေးထားသင့်တယ်လေ…”
ထို့နောက်… မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်လိုက်ပြီး ခပ်အေးအေးလေသံဖြင့်…
“နဝမတောင်ထွတ်မှာ အခြားတပည့်လည်း မရှိဘူးလေ… ၊ ဒီတော့ ဒီ ဝိညာဉ်သားရဲလေးတစ်ကောင်တော့ မင်းအဖော်ရအောင် မွေးထားသင့်တာပေါ့…”
ကျန်းလန်က ဆရာဖြစ်သူကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
“ကျေးဇူးတင်ပါတယ် … ဆရာ…”
ဆရာပြောသည်မှာလည်း ဟုတ်သည်လေ…။
နဝမတောင်ထွတ်တွင် ကျန်းလန်မှလွဲပြီး အခြားတပည့်များ မရှိပေ။
ကျန်းလန်က အလွန်ငယ်ရွယ်သေးသည့် လူငယ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်… သူ့အတွက် အထီးကျန်ဆန်သည်မှာတော့ အမှန်ပင်ဖြစ်သည်။
အခြားတောင်ထွတ်မှ တပည့်များကလည်း နဝမတောင်ထွတ်မှ တပည့်ဆိုလျှင် အပေါင်းအသင်းမလုပ်လိုကြဘဲ ခွဲခြားဆက်ဆံချင်ကြသည်။
ထို့ကြောင့်… ဆရာဖြစ်သူက ကျန်းလန်အတွက် ရည်ရွယ်ပြီး ဝိညာဉ်သားရဲဥလေး ပြင်ဆင်ပေးထားခြင်း ဖြစ်ဟန်တူသည်။
ထို သားရဲဥလေးက နဝမတောင်ထွတ်တွင် ရှင်သန်နိုင်စွမ်းရှိသည့် ဝိညာဉ်သားရဲ ဥ လေးဖြစ်သည်။
ကျန်းလန် ဝိညာဉ်သားရဲဥလေးကို ယူပြီး သူနေထိုင်ရာ မရဏဂူသို့ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြန်သွားခဲ့လေ၏။ နောက်ရက်အနည်းငယ်အတွင်း ဝိညာဉ်သားရဲဥလေးက အကောင်ပေါက်လာမည်ဟု ကျန်းလန် ထင်မှတ်မိသည်။
သို့သော် … ကျန်းလန် မှားယွင်းသွားခဲ့လေသည်။
***
ထိုသို့ဖြင့်…
အချိန် (၃)နှစ်ကြာသွားခဲ့လေသည်။
သို့တိုင်အောင်… ကျန်းလန်၏ ဝိညာဉ်သားရဲဥလေးမှာ အကောင်ပေါက်လာခြင်း မရှိသေးပေ။
ဝိညာဉ်သားရဲဥလေး သေများသွားပြီလားဟု ကျန်းလန် တွေးလိုက်မိသည်။
သို့သော်… ကျန်းလန် စစ်ဆေးကြည့်လေတိုင်း သားရဲဥလေးက အသက်ရှိနေသေးကြောင်း တွေ့ရမြဲဖြစ်သည်။ ထို့ပြင်… ဝိညာဉ်သားရဲဥလေးအတွင်းမှ အသက်ဓာတ်စွမ်းအားက အလွန်တည်ငြိမ်လှကြောင်း ကျန်းလန် သတိပြုမိသည်။
ကြည့်ရသည်မှာ ဥလေးထဲတွင် ရှင်သန်နေသည့် တစ်စုံတစ်ရာက အိပ်ပျော်နေခြင်း ဖြစ်ဟန်တူ၏။
“ထားလိုက်တော့… နည်းနည်းလောက် ထပ်စောင့်ကြည့်လိုက်မယ်… ၊ ကြည့်ရတာ နောက်ထပ် နှစ်နည်းနည်းလောက်ကြာရင်တော့ အကောင်ပေါက်လာမယ်ထင်တာပဲ…”
“သူက အကောင်ပေါက်မလာတော့လည်း… ငါ့ဟာငါ တစ်ယောက်တည်းပဲ နေရတာပေါ့… ဘာမှ မဖြစ်ပါဘူး…”
ယခုနှစ်များအတွင်း ကျန်းလန် ကျင့်ကြံခြင်းကိုလည်း အပြင်းအထန် ပြုလုပ်ခဲ့သည်။
သို့သော်…မူလဝိညာဉ်အဆင့်သို့ တက်ရောက်ရန်မှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ခက်ခဲကြောင်း သဘောပေါက်လိုက်သည်။
အချိန် (၃)နှစ်အတွင်း… ကျန်းလန်မှာ ရွှေပြဒါးအမြုတေအဆင့်တွင်သာ တစ်နေခဲ့သည်။
ရွှေပြဒါးအမြုတေအဆင့်ပင် လုံး၀ ပြီးပြည့်စုံသည့်အဆင့်သို့ မရောက်သေးပေ။ (၁၀)စုနှစ်နှင့်ချီပြီး ကျင့်ကြံမှ ရွှေပြဒါးအမြုတေအဆင့် အောင်မြင်လိမ့်မည်ဟု ကျန်းလန် တွေးလိုက်မိသည်။
အမှန်တော့… ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ရန်မှာ မလွယ်ကူလှပေ။ သာမန်တပည့်တစ်ယောက်အတွက် နှစ်ပေါင်းရာနှင့်ချီပြီး ကျင့်ကြံရလေ့ရှိသည်။
ယခုတော့… အင်မော်တယ်တစ်ပါးဖြစ်လာရန် မည်မျှခက်ခဲကြောင်း ကျန်းလန် သဘောပေါက်နေပြီ ဖြစ်သည်။
ဤနေ့ရက်များအတွင်း… ကျန်းလန် မရဏဂူထဲတွင် တစ်ယောက်တည်း အထီးကျန်စွာဖြင့် ကျင့်ကြံနေခဲ့သည်။
တတိယတောင်ထွတ်၏ မှော်ရုံနယ်မြေမှ ပြန်လာပြီးသည့်နောက်… ခွန်လွန်တောင်တွင် မည်သည့်အကြေင်းအရာများဖြစ်ပျက်နေသည်ကို ကျန်းလန် အရေးမစိုက်တော့ပေ။
သူက … မရဏဂူထဲတွင် အောင်းနေပြီး စနစ်တွင် အဆက်မပြတ် မှတ်ပုံတင်လျှက် ရှိလေတော့သည်။
***
ထိုသို့ဖြင့်…
နောက်ထပ် အချိန် (၃)နှစ် ထပ်မံကြာမြင့်သွားခဲ့ပြန်လေသည်။
တစ်နေ့တွင်တော့…
ထူးဆန်းစွာပင်… ဆရာဖြစ်သူ မရဏဂူသို့ ရောက်လာလေသည်။
မော့ကျန်းသုန့် မရဏဂူထဲ ရုတ်တရက် ရောက်လာသောကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။
သူက ချက်ချင်းပင် ဆရာဖြစ်သူကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
“ဆရာ…”
မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်ကာ ပြုံးလိုက်ရင်း…
“ဒီတပည့်ကတော့လေ… အပြင်ကိုတောင် ထွက်မလာတော့ဘူး… ၊ မရဏဂူကိုများ ကိုယ့်အိမ်ကိုယ့်ယာထင်နေလား မသိဘူး…”
သူ့စကားသံတွင် ရယ်သံအနည်းငယ်စွက်လျှက် ရှိသည်။
ဤနေ့က… ကျန်းလန် နဝမတောင်ထွတ်သို့ ရောက်ရှိသည်မှာ (၁၀)နှစ်ပြည့်သည့်နေ့ ဖြစ်သည်။ ဤသည်က အရင်က လုံး၀ ဖြစ်ပျက်ခဲ့ဖူးခြင်းမရှိသည့် ကိစ္စ ဖြစ်၏။
ယခင်အချိန်များတုန်းက… မည်မျှ ပါရမီရှိသည့် တပည့်ဖြစ်ပါစေ ၊ မည်မျှ တော်သည့်တပည့်ဖြစ်ပါစေ နဝမတောင်ထွတ်တွင် နှစ်အနည်းငယ်သာ နေထိုင်နိုင်ကြသည်။
နဝမတောင်ထွတ်တွင် အချိန် (၅)နှစ်အထိ နေထိုင်နိုင်သူကိုပင် မော့ကျန်းသုန့် မတွေ့ခဲ့ဖူးပေ။ (၁၀)နှစ်ဆိုသည်ကတော့ ပြောနေစရာပင် မလိုတော့ပေ။
အစပိုင်းတွင်… မော့ကျန်းသုန့်က အလားအလာကောင်းသည့် တပည့်များကို ရွေးခြယ်လေ့ရှိခဲ့သည်။ သို့သော်… နောက်ပိုင်းတွင်တော့ သာမန်တပည့်များကိုသာ အဆင့်လျှော့ချပြီး ရွေးခြယ်တော့သည်။
ပါရမီရှင်တပည့်များနှင့် ထူးချွန်ထက်မြက်သည့်တပည့်များက နဝမတောင်ထွတ်တွင် အချိန်တိုတစ်ခုသာ နေနိုင်ကြသည်။
လူတစ်ယောက်က အရည်အချင်းမြင့်မားလေ ရည်မှန်းချက် ကြီးမားလေ ဖြစ်သည်။ ထိုသို့သောလူမျိုးများက ကိုယ်တွင်းမိစ္ဆာဝင်ရောက်ပြီး လမ်းမှားရောက်နိုင်ချေ ပိုမိုများပြားသည်။
ကျန်းလန်ကတော့ သာမန်အရည်အချင်းရှိသူတစ်ယောက်သာ ဖြစ်သည်။ သို့သော်… ကျန်းလန်ကတော့ သူ့ကို အမှန်တကယ်ပင် အံ့သြစေသူ ဖြစ်သည်။
ကျန်းလန်က…
“ဒီ… မရဏဂူထဲမှာ ကျင့်ကြံရတာ ပိုပြီး လျှင်မြန်တယ်လို့ ခံစားရတယ်… ဆရာ… ၊ အဲဒါကြောင့် အပြင်မထွက်တော့တာ…”
ကျန်းလန် လိမ်ပြောခြင်း မဟုတ်ပေ။ အမှန်တကယ်ပင် ထိုသို့ ခံစားရခြင်း ဖြစ်၏။
မော့ကျန်းသုန့် တိတ်ဆိတ်နေ၏။
လူအများစုက မရဏအငွေ့အသက်များကို ကြောက်ရွံ့စွာဖြင့် ရှောင်ရှားချင်ကြသည်။ ဤတပည့်လေးကတော့ မရဏအငွေ့အသက်များကြားမှ ထွက်မသွားချင်လောက်အောင် ဖြစ်နေ၏။
ထူးဆန်းပါပေ့… ကျန်းလန်…။
အခြားသူများနှင့် ပြောင်းပြန်ဖြစ်နေသည့် ကျန်းလန်ကိုကြည့်ပြီး မော့ကျန်းသုန့် ရယ်ချင်သွားမိသည်။
သို့သော်… သူက ဆရာဖြစ်နေသောကြောင့် တပည့်ဖြစ်သူရှေ့တွင် မျက်နှာပိုးသတ်လိုက်၏။
ထို့နောက်… မော့ကျန်းသုန့်က ဝိညာဉ်ကျောက်တုံးတစ်ထုပ်ကို ကျန်းလန်ထံ ပစ်ပေးလိုက်ရင်း…
“တောင်အောက်ဆင်းပြီး… အကောင်းစားသေရည်တစ်အိုးလောက်… သွားဝယ်ကွာ…”