“ ညီမ ခုနက အဆင့်ကျော်မိသွားပါတယ်။ ကျေးဇူးပြုပြီးတော့ သဘောထားကြီးပေးပါ ဂိုဏ်းတူအစ်ကို “
လီချန်ရှို့သည် ခပ်တည်တည်ပင် အရက်အိုးအရှေ့ပိုင်း၌ ထိုင်နေလေသည်။ သူသည် လက်နှစ်ဘက်ဆုပ်ကာ အရိုအသေပေးနေသော ယုံချင်ရွှမ်းယာအား ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်မူ ရွှမ်းယာအား မိုးမွှန်အောင် ဆဲဆိုပစ်ချင်နေပါသော်ငြား ရွေးချယ်စရာမရှိသဖြင့် ‘ ကိစ္စမရှိပါဘူး ’ ဟူ၍သာ ပြောလိုက်ရလေသည်။
တခြားလူများ၏အကြည့်များထဲတွင် အထင်သေးကာ မကျေနပ်သော အရိပ်အယောင်များ ရှိမနေတော့ကြောင်း လီချန်ရှို့ ခံစားလိုက်ရသည်။ ထိုအကြည့်များတွင် သနားကရုဏာများနှင့်သာ ပြည့်နေလေတော့သည်။
“ ချန်ရှို့ … ”
ကျိုးကျိုးသည်ချောင်းဟန့်ကာ စိတ်ရင်းဖြင့်ပြောလိုက်သည်။
“ အဲဒါက ကိုယ်တွင်းမိစ္ဆာ ဖြစ်မယ်ထင်တယ်။ အဲဒီေတာင်လေးပေါ်မှာပဲ မင်း ဆရာနဲ့ကျင့်ကြံရင်း ဘယ်မှမသွားရမလာရလို့ ဖြစ်တာေနမှာ “
“ ဂိုဏ်းတူအစ်ကို ချန်ရှို့ ”
ယွမ်ချင်းသည် လီချန်ရှို့၏ဘေးသို့ ဆေးပုလင်းတစ်လုံးကို ကိုင်ကာ ပျံသန်းရောက်ရှိလာသည်။
သူသည် ခပ်တိုးတိုး ဆိုလိုက်သည်။
“ ဒီဆေးလုံးတွေက အစ်ကို့ရဲ့ နှလုံးကို သန့်စင်ပေးပြီး စိတ်အာရုံစုစည်းနိုင်ဖို့ အကူအညီ ပေးလိမ့်မယ်။ ဒါတွေက ဂိုဏ်းတူအစ်ကိုရဲ့ အခြေအနေကို ကူညီပေးနိုင်မယ်ထင်တယ် “
“ ကျေးဇူးပါပဲကွာ “
လီချန်ရှို့က ရှိုးတို့ရှန်းတန်း ပြုံးလိုက်သည်။ ယွမ်ချင်းသည် တစ်စုံတစ်ခုအား ချက်ခြင်းသဘောပေါက်သွားကာ စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။
လီချန်ရှို့သည် ထိုအခွင့်အရေးအားအသုံးချကာ လူတိုင်း၏အရိပ်အခြေကို အကဲခတ်လိုက်သည်။
ယွီဝမ်လင်သည် ဖြစ်စဉ်တစ်ခုလုံးအား အရေးစိုက်ဟန်မတူဘဲ မျက်လုံးမှိတ်ကာ တိတ်ဆိတ်စွာ တရားထိုင်နေပေသည်။
လျှိုယန်အာသည် လီချန်ရှို့အား သနားသောမျက်ဝန်းများဖြင့် ကြည့်နေပြီး ဝမ်ကျိမှာမူ စိတ်မကောင်းဖြစ်သော အရိပ်အယောင်များဖြင့် ကြည့်နေလေသည်။
သူ၏စိတ်ထဲတွင်
‘ ဒီဂိုဏ်းတူအစ်ကိုကတော့ ကျင့်ကြံခြင်းအလားအလာကလည်း သာမန်ပဲရှိပြီး ဒီလို ကိုယ်တွင်းမိစ္ဆာ မျိုးလည်း ရှိနေတာ။ အနာဂတ်မှာ တာအိုလက်တွဲဖော် ရှာနိုင်ရင်ကို သူ့အတွက် တော်တော်ကောင်းနေပြီလို့ ပြောလို့ရတယ်။ သူ့ကျင့်ကြံခြင်း လမ်းစဉ်ကတော့ ခက်ခဲတော့မှာပဲ ’ ဟူ၍ တွေးကောင်းတွေးနေပေမည်။
အတူတကွကျင့်ကြံရန် တာအိုလက်တွဲဖော်ရှာဖွေခြင်းသည် တုနတ်ဝိဇ္ဇာဂိုဏ်း၌ လုပ်လေ့လုပ်ထရှိသော အရာတစ်ခု ဖြစ်သည်။
ယွမ်ချင်းသည် ရောက်တက်ရာရာများ ပြောဆိုပြီးနောက် အရက်အိုးအနောက်ပိုင်းသို့ ပြန်သွားလိုက်သည်။ ထို့နောက် ဝမ်ကျိက လီချန်ရှို့နှင့်စကားဆက်ပြောလေသည်။
ထိုတချိန်လုံး လီချန်ရှို့သည် စကားများစွာ ပြန်မပြောဘဲ ပြုံးရုံသာပြုံးနေ၏။
ယွမ်ချင်းမှလွဲ၍ ကျင့်ကြံခြင်းသာ စိတ်ထဲ၌ရှိသော သူတို့ မျိုးဆက်တပည့်များသည် အသက်အရွယ်အားဖြင့် ကြီးပြီဟု ဆိုနိုင်သော်လည်း အတွေးအခေါ်ပိုင်းတွင် အားနည်းနေသေးသည်။
သူတို့မျိုးဆက် တပည့်အနည်းငယ်က ထိပ်တန်းတပည့်များဖြစ်ကြသည်။ သူတို့၏ အချိန်အများစုကို ကျင့်ကြံခြင်း၊ လေ့ကျင့်ခြင်းများတွင်သာ အသုံးပြုခဲ့ကြသည်။ လူများနှင့်ပေါင်းသင်းဆက်ဆံရန် အခွင့်အလမ်း သိပ်မရှိခဲ့ကြပေ။
လီချန်ရှို့၏ အရှက်ရစရာဖြစ်ရပ်သည်လည်း တဖြည်းဖြည်း ငုပ်ရှိုးသွားတော့သည်။
တခဏမျှအကြာတွင် အရက်အိုးအပေါ်၌ ပြန်လည်၍ တည်တည်ငြိမ်ငြိမ် ဖြစ်လာသည်။ လူအားလုံးသည် တရားထိုင်ခြင်း၊ ကျင့်ကြံခြင်းများ ပြန်လည်ပြုလုပ်နေပြီး လီချန်ရှို့သည်လည်း ဝါးပေလိပ်အား ဆက်လက်ဖတ်ရှုနေ၏။ လီချန်ရှို့၏စိတ်သည် အနည်းငယ်မျှ တုန်လှုပ်သွားခြင်း မရှိပေ။
နတ်ဝိဇ္ဇာကျိုးကျိုးသည် အရက်အိုးအရှေ့ပိုင်းတွင် လက်ပိုက်ကာ တင်ပျဉ်ခွေထိုင်နေပြီး အတွေးနက်နေလေသည်။ လီချန်ရှို့တစ်ယောက် ကိုယ်တွင်းမိစ္ဆာကို ဖယ်ရှားကာ အေးအေးလူလူ ဆက်၍ကျင့်ကြံနိုင်စေရန် မည်ကဲ့သို့ ကူညီရမည်ဖြစ်ကြောင်း သူမ စဉ်းစားနေခြင်းပင်။
‘ မိန်းကလေးတွေရဲ့ အလှအပကို သုံးပြီး ကုရမလား။ ဒါမှမဟုတ် အဆိပ်တစ်မျိုးမျိုးကိုပဲ သုံးလိုက်ရမလား ’
နတ်ဝိဇ္ဇာကျိုးသည် သူ့ကိုယ်သူ ငုံ့ကြည့်ကာ မရိုးသားသောအပြုံးလေးတစ်စ မျက်နှာတွင် လှစ်ခနဲ ဖြတ်ပြေးသွားလေသည်။
လီချန်ရှို့သည် သူ၏ ‘စရိုက်လက္ခဏာ’ များ၌ အပိုတစ်ခု ထပ်ဆောင်းထည့်လိုက်ရသည်ကို မမှုပေ။
သူ၏အစစ်အမှန် ကျင့်ကြံခြင်းအဆင့်နှင့် အလားအလာအား ဆရာဒေါ်လေးကျိုး သိရှိသွားမည်စိုး၍ ထိုသို့ပြုလုပ်လိုက်ရပါသော်လည်း ထိုအချက်လေးအား ခရီးစဉ်တစ်လျှောက်လုံး သူ မမေ့မလျော့ မှတ်သားထားမည် ဖြစ်သည်။
မည့်သည့်အခြေအနေ၌မဆို သတိကြီးကြီးထားကာ နေရခြင်းသည် လီချန်ရှို့အတွက် မခက်ခဲပေ။
“ ဂိုဏ်းတူအစ်ကို ချန်ရှို့ … ”
အနောက်မှ သူ့ကိုခေါ်လိုက်သော အသံတစ်သံ လွင့်ပျံလာသည်။
လီချန်ရှို့ လှည့်ကြည့်လိုက်သောအခါ တောင်းပန်တိုးလျှိုးသည့်အကြည့်ဖြင့် သူ့အား ကြည့်နေသော ယုံချင်ရွှမ်းယာကို တွေ့လိုက်ရလေသည်။
‘ ကျေးဇူးပြုပြီးတော့ ရေခဲတောင် မိန်းမလှလေးလို ဘယ်သူ့မှ အဖက်မလုပ်ဘဲ ဝံ့ဝံ့ကြွားကြွားသာ နေစမ်းပါ ‘ ဟူ၍ လီချန်ရှို့ပြောလိုက်ချင်သော်လည်း ရွေးချယ်စရာ မရှိသည့်အတွက် ထပ်၍တောင်းပန်ရန် မလိုတော့ကြောင်းသာ အနည်းငယ် ပြုံး၍ လက်ခါပြလိုက်ရလေသည်။ ထို့နောက် စာကိုသာဆက်၍ ဖတ်နေလိုက်တော့၏။
ယုံချင်ရွှမ်းယာတစ်ယောက် နှုတ်ခမ်းကို တင်းတင်းစေ့သွားသည်။ သူမ၏မျက်နှာထက်တွင် တောင်းပန်သော အရိပ်အယောင်များ မပျောက်သေးပေ။
လီချန်ရှို့သည် မျက်လုံးများမှိတ်ထားသော်လည်း ယွမ်ချင်းတစ်ယောက် မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်ကို သူ၏ဝိညာဉ်အာရုံဖြင့် သိလိုက်ရသည်။
နှစ်ရက်ခန့်ကြာသောအခါ သူတို့သည် လူသားအနည်းငယ်နှင့် နတ်ဝိဇ္ဇာဂိုဏ်းများစွာရှိရာ ကြီးမားကျယ်ပြန့်သော အရှေ့ကျွန်းကို ဖြည်းညင်းစွာ ဖြတ်သန်း သွားတော့သည်။
ခရီးစဉ်တစ်လျှောက် အရက်အိုးကြီးသည် တိမ်စိုင်များအကြားမှ ပျံသန်းနေလေသည်။ နေ့နေ့ညည ရပ်နားချင်းမရှိချေ။ နောက်ဆုံး၌ အရှေ့ကျွန်း၏ အနောက်မြောက်ဒေသသို့ပင် သူတို့ ရောက်ရှိခဲ့ပေပြီ။
လီချန်ရှို့သည် ခရီးစဉ်တစ်လျှောက်လုံး မကျင့်ကြံခဲ့ဘဲ သူ၏ပတ်ဝန်းကျင်အပေါ်၌သာ သူ့အာရုံအား ဖြန့်ကျက်ထားလေသည်။ ထို့ကြောင့် ေဝဟင်ကိုဖြတ်၍ ပျံသန်းသွားသော အရိပ်များကိုပင် မကြာမကြာ တွေ့ခဲ့ရသည်။
လမ်းတစ်လျှောက်တွင် ဆူးငြောင့်ခလုတ်များ မတွေ့ကြုံခဲ့ရခြင်းသည် ကောင်းသောအခြင်းအရာ ဖြစ်သည်။
အရက်အိုးကြီးသည် အရှိန်လျှော့ကာ မြင့်မားသောတောင်တန်းကြီးများနှင့် မတ်စောက်သောတောင်ကြောများရှိရာ အောက်ဘက်သို့ ပျံသန်းသွားလေသည်။
နတ်ဝိဇ္ဇာကျိုးသည် အကြောဆန့်ကာ သန်းဝေလိုက်ပြီး သူ့အနောက်ရှိလူများကို အော်ပြောလိုက်သည်။
“ သတိထားကြ။ ငါတို့ကျွန်းနယ်စပ်တွေထဲ ဝင်တော့မယ် “
“ မင်းတို့အားလုံး သေချာနားထောင်ကြမယ် ”
“ မြောက်ကျွန်းဆိုတာ ကြမ်းတမ်းတဲ့နေရာပဲ။ မင်းတို့ ဒီကို လေ့ကျင့်ဖို့လာတာ။ ရတနာတွေ၊ ဆေးပင်တွေ ရဖို့ အသက်ရင်းပြီး မစွန့်စားနဲ့ “
“ ပြီးရင် မြောက်ကျွန်းရဲ့ ဝင်ပေါက်နေရာကို ငါ မင်းတို့ကိုခေါ်သွားပေးမယ်။ အဲ့နေရာကို မှတ်ထားကြ။ နောက်ပိုင်းကျ မြောက်ကျွန်းကို ကိုယ့်ဘာသာသွားချင်တဲ့အခါ တွေ့ရာနေရာက စွတ်မဝင်သွားကြနဲ့ “
တပည့်ငါးဦးသည် ထရပ်လိုက်ပြီး လက်နှစ်ဘက်ဆုပ်၍ နတ်ဝိဇ္ဇာကျိုးအား ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ ထို့နောက် သူတို့က အတူတကွ ပြောလိုက်၏။
“ ဟုတ်ကဲ့ပါ ဆရာဒေါ်လေး။ တပည့်တို့ နားလည်ပါပြီ “
ကျိုးကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
လျှိုယန်အာက ညင်သာစွာ မေးလိုက်၏။
“ ဆရာဒေါ်လေး မြောက်ကျွန်းဆိုတာ ကျွန်းကြီးလေးကျွန်းက တစ်ကျွန်းမဟုတ်ဘူးလား။ ဘာလို့ ဝင်ပေါက်နေရာဆိုပြီး ရှိနေရတာလဲ။ ညစ်ညမ်းချီဓာတ်တွေက သဘာဝမန္တန်အစီအရင်တွေ ဖန်တီးထားလို့လား “
ကျိုးကျိုးသည် နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။
“ အဲဒီအကြောင်း မင်းတို့ထဲကဘယ်သူတွေသိလဲ။ သူ့ကိုရှင်းပြလိုက်စမ်းပါ “
အနောက်တွင်ရပ်နေသော ယွမ်ချင်းက ပြုံးကာပြောလိုက်သည်။
“ ကောင်းကင်စက်ဝန်းအကြောင်း ဗဟုသုတရှိနေပြီဖြစ်တဲ့ ဗလာနတ္ထိအဆင့်က ကျင့်ကြံသူတွေအတွက်တော့ မြောက်ကျွန်းက ညစ်ညမ်းချီဓာတ်တွေ ရန်ကို တွန်းလှန်ဖို့ မခက်ခဲပါဘူး ”
“ ဒီက ဒုက္ခအပေးဆုံးအရာတွေက ညစ်ညမ်းချီဓာတ်ကနေဖြစ်ပေါ်လာတဲ့ အဆိပ်ရှိတဲ့ ပိုးကောင်တွေနဲ့ ဆေးပင်တွေပဲ။ ပြီးတော့ ရက်စက်ကြမ်းကြုတ်ပြီး အဆိပ်ပြင်းတဲ့ သားရဲတွေရောပေါ့။ အဲဒါတွေကို ရင်ဆိုင်ဖို့ မလွယ်ဘူး ”
“ အဲဒါတွေက ဘာဆိုင်လို့လဲ ”
ကျိုးကျိုးသည် မျက်လုံးပင့်ကာ ယွမ်ချင်းအားဆူလိုက်သည်။
“ သူမေးနေတာက ဘာလို့ ဝင်ပေါက်နေရာတွေ ရှိနေရတာလဲလို့ မေးတာ။ မင်းက ဘာတွေဖြေနေတာတုန်း “
ယွမ်ချင်းသည် လက်နှစ်ဘက်ဆုပ်၍ ရှိုးတို့ရှန်းတန်းသာပြုံးလိုက်ရလေတော့သည်။
ယွီဝမ်လင်က ခပ်တိုးတိုး ဝင်ရောက်ပြောဆိုလိုက်၏။
“ မိစ္ဆာတွေကြောင့်ပေါ့ “
“ မှန်တယ် မိစ္ဆာတွေကြောင့်ပဲ။ လူသန် စစ်သူကြီးက သိသင့်တာတွေတော့သိသားပဲ “
ကျိုးကျိုးသည် အောက်သို့ငုံကြည့်ကာ အရက်အိုးကြီးအား တောင်ထူထပ်သောနေရာရှိ တောင်ကြားတစ်နေရာသို့ မောင်းနှင်သွားလိုက်သည်။ သူမသည် တည်ကြည်လေးနက်သောမျက်နှာဖြင့် ပြောလိုက်သည်။
“ လူသားတွေက တောင်ကျွန်းမှာ စုပေါင်းနေထိုင်ပြီးတော့ မြောက်ကျွန်းကို စုန်းကဝေမျိုးနွယ်အတွက်ထားခဲ့တယ် “
“ ရှေးပဝေဏသီတုန်းက တန်ခိုးရှင်တချို့က ပြိုကျနေတဲ့ကောင်းကင်ကြီးကို ထောက်ဖို့ ကမ္ဘာဦးလိပ်နက်ကြီးရဲ့ ခြေထောက်လေးချောင်းကို ဖြတ်ယူခဲ့ကြတယ်။ အဲဒီခြေထောက်တွေက ကောင်းကင်ဘုံထောက်တိုင်လေးခု ဖြစ်လာတာပဲ “
“ လိပ်နက်ကြီးက တော်တော်လေးကို မကျေမနပ်ဖြစ်ခဲ့တာပေါ့။ အဲဒါကြောင့် သူ့ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ အဆုံးအစမဲ့ တန်ခိုးစွမ်းအင်တွေကို သုံးပြီးတော့ မြောက်ကျွန်းမှာ ဒီနေ့အထိ မဖယ်ရှားနိုင်သေးတဲ့ ညစ်ညမ်းချီဓာတ်တွေအဖြစ် ပြောင်းလဲပစ်လိုက်တယ်။ အနောက်မြောက်ဘက်ကိုကြည့်လိုက်။ အဲဒါတွေက တိမ်တွေမဟုတ်ဘူး “
တပည့်တချို့သည် အနောက်မြောက်အရပ်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူတို့သည် တောင်ထိပ်များနှင့် အလွန်နီးကပ်နေပေပြီ။ ထိုနေရာသည် ကောင်းကင်အား လွှမ်းခြုံထားသည့် တလိပ်လိပ်ရွေ့လျားနေသော မီးခိုးရောင်တိမ်တိုက်ကြီးများကို လှမ်း၍ ကြည့်ရန် အကောင်းဆုံးနေရာဖြစ်လေသည်။
တိမ်တိုက်ကြီးများသည် ကြီးမားကျယ်ပြန့်ကာ ပုံသဏ္ဍာန်အတည်အကျ မရှိပေ။
ကျိုးကျိုးက ဆက်၍ ပြောလိုက်သည်။
“ ညစ်ညမ်းချီဓာတ်က သာမန်သက်ရှိတွေ သူတို့နားမကပ်နိုင်အောင် အဆိပ်ရှိတဲ့ပိုးမွှားတွေနဲ့ ဆေးပင်တွေကို မွေးထုတ်ပေးနေတယ်။ ရှေးတုန်းက ဒီနေရာက ထူးဆန်းတဲ့ ပန်းတွေ၊ အသီးတွေ ဖြစ်ထွန်းတဲ့ နေရာပဲ။ ကြမ်းတမ်းပြီး အဆိပ်ရှိတဲ့ သားရဲမျိုးစုံလည်း ဒီမှာရှိတယ်။ ဒီကိုလာတဲ့ ကောင်းကင်နတ်မင်းတွေတောင် ကျွန်းအတွင်းပိုင်းထိ မသွားရဲကြဘူး “
“ စုန်းကဝေ-မိစ္ဆာစစ်ပွဲကြီးပြီးတော့ ကျန်ခဲ့တဲ့ စုန်းကဝေမျိုးနွယ်အကြွင်းအကျန်တွေက ဒီမှာနေခဲ့ကြတယ်။ သူတို့က မြောက်ကျွန်းရဲ့ မြောက်စူးစူးကို သွားခဲ့တာပေါ့။ အဲဒီနေရာက ရေခဲတွေ နှင်းတွေပဲရှိတယ်။ ဒီတော့ ပိုးမွှားတွေ မိစ္ဆာတွေ နည်းနည်းပဲရှိတယ်။ သူတို့ အဲဒီနေရာမှာ ရှင်သန်နိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့မျိုးတုန်းဖို့ သိပ်မလိုတော့ဘူးလို့ ပြောကြတယ်။ တော်တော်သနားစရာပဲ “
“ စုန်းကဝေမျိုးနွယ်ကို အသည်းနင့်အောင်မုန်းနေတဲ့ မိစ္ဆာတွေရော၊ လူသားကျင့်ကြံသူတွေ မောင်းထုတ်တာခံရတဲ့ မိစ္ဆာတွေရောက မြောက်ကျွန်းမှာ လာစုနေကြတယ် “
“ အချိန်ကြာလာတော့ အရှေ့အနောက် ကီလိုမီတာသောင်းကျော်ရှိတဲ့ ဒီနေရာလေးက မိစ္ဆာတွေရဲ့ အရေးပါဆုံး ခိုလှုံရာနေရာ ဖြစ်လာတာပဲ “
ထိုမျှပြောပြီးနောက် ကျိုးကျိုးသည် တပည့်များ၏ မျက်နှာထားကို အကဲခတ်လိုက်သည်။ လီချန်ရှို့မှလွဲ၍ လူတိုင်း စိတ်လှုပ်ရှားနေဟန်တူသည်။
သက်ရောက်မှုက မဆိုးပေ။ သူထပ်၍ ကြိုးစားပြောနိုင်ပေသေးသည်။
ကျိုးကျိုးသည် ပြုံးကာ လေသံဖျော့ဖျော့ဖြင့် ဆက်၍ပြောလေသည်။
“ မင်းတို့ ပတ်လည်မှာရှိတဲ့ တောင်တွေကိုကြည့်လိုက်။ အဲဒီမှာ တန်ခိုးစွမ်းအားကြီးမားတဲ့ မိစ္ဆာအိုကြီးတွေ ပုန်းအောင်းနေကြတယ်။ သူတို့ထဲက တချို့မှာ ကြောက်စရာ တန်ခိုးစွမ်းအားတွေရှိတယ်။ ပြီးတော့ သူတို့က လူသားကျင့်ကြံသူတွေကို အချိုပွဲအနေနဲ့ စားရတာကို သဘောကျတယ် “
တပည့်များသည် ပို၍ အံ့အားသင့်သွားကြသည်။ သို့သော် လီချန်ရှို့သည် အေးအေးဆေးဆေးပင် ခေါင်းညိတ်ကာ အောက်သို့ငုံ့လိုက်သည်။
ကျိုးကျိုးသည် ဆက်၍ ပြောချင်စိတ်မရှိတော့ဘဲ အရက်အိုး၏အောက်သို့ညွှန်ပြလိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။
“ ငါတို့အောက်ကမြို့က ငါတို့လူသားမျိုးနွယ် ကြိုးကြိုးစားစားတည်ထောင်ထားရတဲ့ မြောက်ကျွန်းကို ဝင်ပေါက်နေရာပဲ။ နှစ်တစ်ထောင်လောက်အတွင်း မိစ္ဆာတွေလာမတိုက်ကြဘူးလို့တော့ပြောတယ်။ ဘယ်အချိန်ပြန်လာတိုက်မလဲတော့ ငါလည်းမသိဘူး “
“ ငါတို့ မြို့ထဲကိုဝင်ရင် ညစ်ညမ်းချီဓာတ် ဖယ်ရှားပေးတဲ့ အဆောင်တွေနဲ့ အဆိပ်ဖြေဆေးလုံးတွေ ဝယ်ဖို့ခေါ်သွားပေးမယ် “
“ ငါတို့ ဂိုဏ်းမှာလည်း အဲဒါတွေရှိပါတယ်။ ဒါပေမဲ့ ငါ တောင် ဘယ်သူမှန်းမသိတဲ့တစ်ယောက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အစုတ်အပြတ်တွေကြောင့် မင်းတို့ကို အမှီအခိုကင်းတဲ့ ကျင့်ကြံသူတွေရဲ့ဘဝကို တွေ့ကြုံနိုင်အောင် လုပ်ပေးရမှာပဲ။ ဘယ်လို လဲလှယ်ရမယ်ဆိုတာ ငါ မင်းတို့ကို သင်ပေးရမယ် “
“ မှတ်ထားနော်။ ဒီမြို့ရဲ့ကောင်းကင်မှာ မင်းတို့ ကြုံသလို ပျံသန်းလို့မရဘူး။ ဒီနေရာမှာ စောင့်ကြည့်နေတဲ့ အဆင့်မြင့် ကျင့်ကြံသူမျိုးစုံ ရှိတယ်။ သူတို့က တခြားကျင့်ကြံသူတွေအပေါ် နည်းနည်း သတိထားစောင့်ကြည့်နေကြတယ်။ အရှေ့တောင်ဘက်က တောင်စောင်းမှာ ငါတို့ဆင်းမယ် “
တပည့်ငါးယောက်သည် လက်နှစ်ဘက်ဆုပ်ကာ အမိန့်နာခံလိုက်သည်။ သူတို့၏စိတ်တွင် နတ်ဝိဇ္ဇာကျိုးကျိုး၏ စကားလုံးများကို မှတ်သားထားလိုက်ကြလေသည်။
ထိုမြို့သည် တောင်ကြားတစ်ခုတွင် တည်ရှိလေသည်။ တောင်ကြားတစ်ဘက်တစ်ချက်စီ၌ မတ်စောက်သော ခြောက်ကမ်းပါးများနှင့် ကျောက်နံရံများသာရှိ၏။ ထိုနံရံများတွင် လျှောက်လမ်းများနှင့် လှေကားထစ်များလည်းရှိလေသည်။
တောင်ကြားထဲ၌ အဆောက်အဦးပုံစံမျိုးစုံဖြင့် ပြည့်နှက်နေပြီး အဝေးမှကြည့်လျှင် လွန်စွာဖရိုဖရဲနိုင်လေသည်။
ကြီးမားထိန်လင်းနေသော နန်းတော်ကြီးများ၊ မြင့်မားခမ်းနားသော စေတီများလည်းရှိသည်။ သို့သော် သစ်နှင့် ရွှံ့ဖြင့်ဆောက်လုပ်ထားသော အဆောက်အအုံများသာ များလေသည်။ တစ်မြို့လုံးက ပုံစံတကျမရှိပေ။ ဖြတ်သန်းမသွားနိုင်လောက်အောင် ကျဉ်းမြောင်းသည့် လမ်းကျဉ်းကလေးများကိုလည်း တွေ့ရလေ၏။
သို့သော် ကျင့်ကြံသူအများစုသည် ပျံသန်းနိုင်သည်ဖြစ်ရာ သူတို့အဖို့ လမ်းလျှောက်ရန် မလိုအပ်ပေ။
မြောက်ကျွန်းသို့ ကျင့်ကြံသူအများအပြား လာကြောင်း သိနိုင်ပေသည်။ လူအများအပြားသည် ထိုနေရာကို ဖြတ်သန်းသွားလာနေကြသည်။ ထို့ကြောင့် ကျင့်ကြံသူများသည် သူတို့၏ သစ်သားအိမ်၊ ရွှံ့အိမ်များ၏ ခေါင်မိုးပေါ်တွင် ဆိုင်ခန်းငယ်လေးများ ပြုလုပ်ထားကြသည်။ ထိုဆိုင်ခန်းလေးများတွင် မြောက်ကျွန်းမှထွက်သော ဆေးပင်မျိုးစုံနှင့် ရတနာမျိုးစုံတို့ကို တွေ့နိုင်ပေသည်။
ထိုဆေးပင်များနှင့် ရတနာများသည် အများအားဖြင့် ‘အဆိပ်ရှိ’ ဟုသတ်မှတ်ခံရသည်။
ကျိုးကျိုးသည် ထိုနေရာနှင့် ရင်းနှီးကျွမ်းဝင်ရှိ၏။ သူသည် တိမ်ဖြူတစ်ဆုပ်အား ဆင့်ခေါ်၍ တပည့်ငါးယောက်နှင့် ယွီဝမ်လင်တို့ကို မြို့တစ်ဝက်ခန့် ဖြတ်ကာ ဦးဆောင်ခေါ်သွားလေသည်။ သူသည် ဘေးဘယ်ညာရှိ ဆိုင်ခန်းများအား လှည့်လည်ယှဉ်ကြည့်ကာ ဆေးလုံးများနှင့် အဆောင်များကိုဝယ်ရန် သူတို့၏ ဝိညာဉ်ကျောက်တုံးများအား ထုတ်ခိုင်းလိုက်၏။
‘ အာ ဘာလို့ အဲ့ကောင်စုတ်လေးက အခုထိ ဘာမှမလုပ်သေးတာလဲ “
ကျိုးကျိုးသည် သူ၏နောက်တွင် လက်နောက်ပစ်ကာထိုင်နေသော လီချန်ရှို့အား ကြည့်၍ စိတ်မကောင်းဖြစ်သွားရ၏။ ချက်ချင်းပင် အိတ်ရှုံ့တစ်ခုအား ထုတ်ယူလိုက်ကာ လီချန်ရှို့၏ လက်ထဲသို့ ပစ်ပေးလိုက်သည်။
ထိုကဲ့သို့ အိတ်ရှုံ့မျိုးသည် ရိုးရှင်းသည့် သိုေလှာင်ဓမ္မအဆောင်ဖြစ်သည်။ သာမန်အားဖြင့် ထိုအိတ်များကို ဝိညာဉ်ကျောက်တုံးပမာဏအနည်းငယ်အား သိမ်းဆည်းရန် သုံးလေသည်။
ကျိုးကျိုးက တံတွေးထွေးကာ ပြောလိုက်သည်။
“ မင်းဆရာမှာ မင်းကိုပေးစရာသိပ်မရှိဘူးဆိုတာ ငါ သိပါတယ်။ သူဘာလို့ အဲဒီတောင်လေးကို ကာကွယ်ချင်နေမှန်းကို မသိပါဘူး “
“ အဆိပ်ဖြေဆေးလုံးနဲ့ ညစ်ညမ်းချီဓာတ်ပယ်ရှားပေးတဲ့အဆောင်တွေက မပါလို့မဖြစ်ဘူး။ နည်းနည်းသွားဝယ်လိုက်။ ယောက်ျားတစ်ယောက်လုပ်နေပြီး နှေးကွေးလေးလံနေလိုက်တာ “
လီချန်ရှို့ အံ့အားသင့်သွားသည်။ သူသည် သူ၏ရှေ့ရှိ တခမ်းတနားဝတ်စားဆင်ယင်ရသည်ကို မကြိုက်သည့် ဆရာဒေါ်လေးအား မော့ကြည့်လိုက်သည်။ ထို့နောက် နွေးထွေးစွာပြုံးလိုက်လေသည်။
သူ၏ဆရာနှင့် ဆရာတူညီမလေးသာ သူ့မျက်နှာပေါ်မှ ထိုကဲ့သို့သော အပြုံးမျိုးကို မြင်ဖူး၏။
သူအားလုံးပြင်ဆင်ခဲ့ပြီးကြောင်း ရှင်းပြရန် စကားမစရသေးခင်မှာပင် ဘေးဘက်မှနေ၍ သွယ်လျသော လက်ကလေးတစ်ဖက် ပေါ်လာလေသည်။ ထိုလက်ကလေးသည် အဝါရောင် အဆောင်စာရွက်ကလေးတစ်ထပ်နှင့် ခပ်ကြီးကြီး ကြွေပုလင်းနှစ်လုံးကို ကိုင်ထားလေ၏။
ထိုလက်ကလေးသည် ကျော၌ ဓားကြီးတစ်ချောင်းလွယ်ထားကာ အနီရင့်ရင့်ဂါဝန်အား ဝတ်ဆင်ထားသည့် မိန်းမပျိုလေး၏ လက်ပင်။
ယုံချင်ရွှမ်းယာသည် အခြားနေရာတစ်ခုအား အကြည့်လွှဲကာ စိတ်မလှုပ်ရှားစေရန် အတတ်နိုင်ဆုံး ကြိုးစား၍ ပြောလိုက်သည်။
“ ဂိုဏ်းတူအစ်ကိုကို တောင်းပန်တဲ့အနေနဲ့ ဒါလေးတွေကို လက်ခံပေးပါ။ ဒါ မတိုင်ခင်တုန်းက…”
ပြောနေရင်းပင် သူမ၏လက်ချောင်းကလေးများက လှုပ်ရှားသွားပြီး ကျင်လည်စွာပင် ဆေးလုံးများနှင့် အဆောင်များကို လီချန်ရှို့၏ လက်အတွင်းသို့ ထိုးထည့်ပေးလိုက်သည်။ ထို့နောက် သူမသည် ဘာမှမဖြစ်သကဲ့သို့ပင် ဘေးနားရှိ ဆိုင်ခန်းတစ်ခန်းကို ကြည့်ရှုနေလေတော့သည်။
လီချန်ရှို့တစ်ယောက် အောင့်သက်သက်ဖြစ်သွားရသည်။ သူသည် မည်သည့်စကားမျှ မဆိုဘဲ လက်နှစ်ဖက်ဆုပ်၍သာ ကျေးဇူးတင်ကြောင်း ပြသလိုက်ရတော့သည်။
‘ ဒီရေခဲတောင်ကြီးကတော့ သူ့နာမည်အတိုင်း မနေပါလားဟ “
***