အပိုင်း (၇) အချိန်တွေကုန်မြန်လိုက်တာ
ခေတ်ပေါ် ကမ္ဘာနှင့် မတူသည်မှာ ယခု ရောက်ရှိနေသည့် ကမ္ဘာမှာ ဆွေမျိုးတော်စပ်သူ အချင်းချင်း လက်ထပ်ကြခြင်းကို ကန့်သတ် ထားခြင်းမရှိပေ။
ထို့ကြောင့်ပင် ဆန်းမိသားစုအတွက် အပြင်လူများ ဝင်ရောက်လာခြင်းကို ကာကွယ်နိုင်ခြင်း ဖြစ်လေသည်။
သူ၏ဦးလေး နှစ်ယောက်လုံးမှာ ဤမင်္ဂလာကိစ္စကို သဘောတူထားပြီး ဖြစ်ပုံရလေသည်။ ပြီးတော့ ဆန်းရော့ရှီမှာ ဆန်းလျန်ကို အထင်သေးသောကြောင့် ဖြစ်စေ အခြား တစ်ယောက်နှင့် ချစ် ကြိုက်နေသောကြောင့် ဖြစ်စေ ကိစ္စမရှိပေ။ မိသားစု၏ ဆန္ဒအတိုင်း လိုက်နာရမည် ဖြစ်လေသည်။
ပြီးတော့ ဆန်းမိသားစု၏ ဆန္ဒ ဆိုသည်မှာလည်း ဆန်းသခင်ကြီး၏ ဆန္ဒပင် ဖြစ်လေသည်။ ဆန်း သခင်ကြီး၏ ဆန္ဒကို မည်သူမျှ မလွန်ဆန်နိုင်။
ထို့ကြောင့်ပင် ဆန်း သခင်ကြီး၏ စရိုက်လက္ခဏာမှာ မည်သို့ရှိကြောင်း ဆန်းလျန် သိခွင့်ရခဲ့ လေသည်။ ထိုသို့သော အခြေအနေများကြောင့် ဆန်းသခင်ကြီးက ဆန်းလျန်ကို ချက်ချင်း ပြန်ခေါ် စေခဲ့ခြင်း ဖြစ်လေသည်။
ဆန်းသခင်ကြီးမှာ လေးစားစရာ ကောင်းလောက်အောင် တိကျ ပြတ်သားသူ တစ်ယောက် ဖြစ်သည့်အတွက် အသက်အရွယ် မည်မျှ ကြီးရင့်နေပြီ ဖြစ်နေပါစေ အားလုံး ကောင်းဖို့အတွက် စီစဉ် မည်ပင် ဖြစ်လေသည်။
ဆန်းလျန် ဆန်းအိမ်တော်သို့ ပြန်လိုက်ခဲ့ဖို့ ငြင်းဆိုလျှင်တောင်မှ သူ့ကို အတင်းအကျပ် ပြန်ခေါ်မည့် သဘောမှာ ရှိလေသည်။
ဆန်းလျန်က သာမာန် လူတစ်ယောက် ဆိုလျှင်တော့ ဤမင်္ဂလာ ကိစ္စကို လက်ခံ လိုက်မည် ဖြစ်လေသည်။
ရလဒ်ကတော့ လှပသော ကံကြမ္မာလေးထဲတွင် ဆန်းလျန်မှာ အရုပ်တစ်ရုပ် ဘဝသို့ ရောက် ရမည် ဖြစ်လေသည်။
ဆန်းသခင်ကြီး၏ မျက်လုံးထဲတွင်တော့ ဆန်းလျန် ကောင်းကျိုးအတွက် လုပ်ပေးခြင်း ဖြစ်သည်ဟု မြင်နေမည် ဖြစ်ကောင်း ဖြစ်သော်လည်း ဆန်းလျန် ကိုယ်တိုင်ကတော့ အခြား သူများ အမြင်တွင် အရုပ် တစ်ရုပ်လို မဖြစ်ချင်။
မင်္ဂလာပွဲ အစီအစဉ်မှာ ဆန်းလျန်အတွက် အကျိုးရှိသည် ဆိုသည်ကိုတော့ သံသယဝင် စရာမရှိနိုင်။ သို့သော် သူ့ဘက်က ငြင်းလိုက်လျှင်တော့ ဂုဏ်သိက္ခာ တက်ပေလိမ့်မည်။
ဆန်းလျန်က မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ် လိုက်သည်။ သူ့မှာ အပြည့်အဝ ကျန်းမာ ကြံ့ခိုင်ခြင်း မရှိသေး။
ဆန်းအိမ်တော်မှ သူ့ကို စောင့်ကြည့် နေသည်ကိုလည်း သူမအံ့သြတော့ပါ။
ဆန်းရော့ရှီက ဆန်းလျန်မည်မျှ အေးဆေး တည်ငြိမ်သည်နှင့် မည်မျှ မျက်လုံးလျင်သည်ကို သိရှိ သွားပြီးသည့်နောက် သူမ၏ ရွှေဆံထိုးလေးကို ဆန်းလျန်ဆီသို့ ပစ်လွှတ် လိုက်လေသည်။
သူမသည် လက်တည့်သူ တစ်ယောက်ဖြစ်ပြီး သူမ၏ အစွမ်းကို ကောင်းကောင်း ယုံကြည်လေသည်။ ဆယ်ကြိမ်တွင် ကိုးကြိမ်ကတော့ ပစ်မှတ်ကို ထိသည်ချည်းပင်။ ဆံထိုးသေးသေး မျှင်မျှင်လေးဖြင့် မည်သည့် နေရာကိုမဆို ချိန်ရွယ် ပစ်ခတ် နိုင်လေသည်။ သူမ၏ ဆံထိုးလေးမှာ ဆန်းလျန်၏ မျက်နှာတည့်တည့်ကို ထိသွားလိမ့်မည်ဟု သူမ ယုံကြည်ထားပြီး ဆန်းလျန် ဒေါသ ထွက်သွားမည်ကို စောင့်ကြည့် နေမိလေသည်။
မိန်းကလေးများမှာ သူတို့၏ ရုပ်ရည်သွင်ပြင်ကို အထူး ဂရုစိုက်ကြပြီး သူတို့ မျက်နှာ ဒဏ်ရာရ ပျက်စီးမည်ကို အထူးကာကွယ် ကြလေသည်။ ထို့ကြောင့်ပင် ဆန်းရော့ရှီက ဆန်းလျန်၏ မျက်နှာကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူမ၏ အားနည်းချက်ကို ဆန်းလျန်တွင် ထင်ဟပ် စေလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ သပ်သပ်ရပ်ရပ် ရှိပြီး နူးညံ့သည့် မျက်နှာသွင်ပြင်မှာ ဆန်းရော့ရှီကို ဒေါသ ထွက်စေပြီး သူ့မျက်နှာကို ပျက်စီး သွားစေလို စိတ်များ ဖြစ်ပေါ် နေလေတော့သည်။
သို့သော် ဖြစ်ပျက်သွားသည့် အဖြစ်အပျက်များကြောင့် ဆန်းရော့ရှီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။ သူမ၏ ရွှေဆံထိုးလေးကို ဆန်းလျန်က လက်ညိုးနှင့် လက်ခလယ်ညှပ်ကာ ဖမ်းယူ လိုက်လေသည်။
ဆန်းလျန်တွင် ဒီလို အရည်အချင်း ရှိလိမ့်မည်ဟု ဆန်းရော့ရှီ မျှော်လင့် မထားမိပေ။ ယခုတော့ သူမ၏ ဆံထိုးလေးကို ဆန်းလျန် ဖမ်းလိုက်နိုင်သည်မှာ ထင်ရှားနေသည်။
ဆန်းလျန်က မျက်မှောင်ကြုတ်လိုက်ပြီး ရော့ရှီကို စိုက်ကြည့်လိုက်သည်။ ပတ်ဝန်းကျင် လေထုမှာ အေးစိမ့် သွားလေသည်။
သူက ရွှေဆံထိုးလေးကို နူးညံ့ ညင်သာစွာပင် ရော့ရှီထံသို့ ပြန်ပစ်လိုက်သည်။ ဆံထိုးလေးမှာ ရော့ရှီ အရင်က ထိုးစိုက်ထားသည့် ဆံနွယ်ထက်တွင် ကျကျနန နေရာပြန်ယူ သွားလေသည်။
“ဆန်းရော့ရှီ ဒီတစ်ခါတော့ မင်းကို ငါအလွတ်ပေးလိုက်မယ် နောက်တစ်ခါဆိုရင်တော့ မင်း မျက်နှာပေါ်မှာ ပန်းပုံစံ ဆေးမင်ကြောင် ထိုးပစ်မယ်”
သူ့စကားသံက ဟိတ်ကြီးဟန်ကြီး မရှိသလို ခြိမ်းခြောက်သည့် အသံလည်းမပေါက်။ သို့သော် သူ၏ မျက်နှာကို ကြည့်ရသည်မှာ အတည်ကြီး ပြောနေသည့်ဟန်။
နောက်ထပ် ဖြစ်လာသည့် ကိစ္စကတော့ မျှော်လင့် မထားသည့်ကိစ္စ ဖြစ်လေသည်။
“ရှင်က အနိုင်ကျင့်တတ်တဲ့ သူပဲ”
ဆန်းရော့ရှီ အော်ဟစ်လိုက်ပြီး မျက်ရည်များ စီးကျလာလေသည်။
သူမမှာ စကားပြောရင်း မျက်ရည်များလည်း တသွင်သွင် စီးကျနေသည့်အတွက် အနီးအနားမှ အစေခံများပင် သတိ ပြုမိကုန်ကြသည်။
ဆန်းရော့ရှီက သူမမျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး ပြေးထွက် သွားတော့သည်။ ဆန်းလျန် မှာ တားချိန်ပင် မရလိုက်။
ဆန်းလျန်မှာ ရုတ်တရက် အံ့သြမှင်တက်ပြီး ကျန်ရစ် ခဲ့ရလေသည်။
မိန်းကလေးတိုင်း အနိုင်ကျင့်ခံရလျှင် ထိုသို့ပင် ငိုကြသည်မှာ ပုံမှန်ပင် ဖြစ်မည်ဟု ဆန်းလျန် တွေးလိုက်မိသည်။
ဆန်းရော့ရှီကို သခင်လေး ဆန်းလျန်က အနိုင်ကျင့်သည်ဟူသော သတင်းမှာ အိမ်တော်တစ်ခုလုံး ပြန့်နှံ့ သွားလေတော့သည်။ ထိုအကြောင်းကို အမျိုးမျိုး ပြောနေကြသော်လည်း ဆန်းလျန်ကတော့ ဂရု မစိုက်ပေ။
ဆန်းအိမ်တော်၏ အိမ်ရှေ့တွင် ပန်းဥယျာဉ်တစ်ခု ရှိလေသည်။ ဆန်းသခင်ကြီးက ထို ဥယျာဉ်ထဲတွင် ညတိုင်း လမ်းလျှောက်လေ့ ရှိသည်။ ပန်းဥယျာဉ်မှာ စိတ် အပန်းဖြေသည့် နေရာတော့ မဟုတ်။ အရေးကြီးသည့် ဧည့်သည်များကို လက်ခံ တွေ့ဆုံသည့်နေရာ ဖြစ်လေသည်။
ပန်းဥယျာဉ် မြေကွက်လပ်မှာ ချင်ပြည်နယ် မြို့တော်ကိစ္စများ အပါအဝင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်သည့် နေရာ တစ်နေရာပင်ဖြစ်လေသည်။
သစ်ရွက်များပေါ်တွင် ဖြာကျနေသည့် နေရောင်ခြည်က သစ်ရွက်များ ပေါ်တွင် တွဲခိုနေသည့် ရေ စက်လေးများကို ခြောက်သွေ့ သွားစေပြီး နွေးထွေးမှုက ကျန်ရစ်ခဲ့လေသည်။
ကဗျာ ဆန်လွန်းလှလေသည်။
ဆန်းသခင်ကြီးက ဥယျာဉ်ထဲတွင် ရေကရားလေးကို ကိုင်ကာ ပန်းပင်များကို ရေလောင်း နေလေသည်။ ပန်းပင်လေးများကို စိုက်ပျိုးခဲ့သူမှ ဆန်းလျန်၏ အဘွားဖြစ်လေသည်။ ပန်းပင် လေးများမှာ ပွင့်လန်း ရှင်သန်နေဆဲ ဖြစ်သော်လည်း ဆန်းလျန်၏ အဖွားမှာတော့ ဆုံးပါး သွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
“မင်းရော့ရှီကို ငိုအောင်လုပ်လိုက်တယ်ဆို”
ဆန်းသခင်ကြီးက နောက်သို့ လှည့်မကြည့်ဘဲ ဆန်းလျန်ကို မေးလိုက်သည်။ တခြားသော သက်ကြီးရွယ်အိုများကဲ့သို့ သခင်ကြီး၏ လက်မှာ တုန်ယင်နေခြင်း မရှိပေ။ ရေကရားထဲမှ ရေများမှာ ပန်းပင်လေးများဆီသို့ တည်ငြိမ်စွာပင် စီးဆင်းသွားပြီး ရေတစ်စက်မျှ ဖိတ်စင်ခြင်း အလျဉ်းမရှိ။
“အဘိုး ကျွန်တော့်ကို အဲဒီလောက် စိတ်ဝင်စား လိမ့်မယ်လို့ ထင်မထားမိဘူး”
ဆန်းလျန် ပြုံးရင်း ပြောလိုက်သည်။
အခြားသော ဆန်းမိသားစုဝင်များနှင့် မတူညီစွာ ဆန်းလျန်ကတော့ ဆန်းသခင်ကြီးကို ပွင့်ပွင့် လင်းလင်းနှင့် ပုံမှန်ပင် ဆက်ဆံလေသည်။
“ရော့ရှီက ဆိုးတယ် ဒါပေမယ့် သူမက ကြင်နာတတ်တဲ့ မိန်းကလေးပါ။ မင်း မှတ်မိသေးလား ငယ်ငယ်က သူ့မှာ မုန့်တစ်ခုရတိုင်း မင်းအတွက် ချန်ထားပေးတာလေ”
ဆန်းသခင်ကြီးက ပျော့ပြောင်းသည့် လေသံဖြင့် ပြောလိုက်သည်။
ထို အဖြစ်အပျက်များကို ဆန်းလျန်မှာ မှတ်မိခြင်း မရှိတော့။ တကယ့် ဆန်းလျန်အစစ်၏ မှတ်ဉာဏ်များကို သူက သိနေသည့်တိုင် အသေးစိတ် တစ်ခုမကျန်ကိုတော့ မှတ်မိနိုင်ခြင်း မရှိပေ။
ထို့ပြင် ကလေးဘဝ မှတ်ဉာဏ်များ ဆိုသည်က ယေဘုယျအားဖြင့် ခပ်ရေးရေးမျှသာ မှတ်မိ တတ်သည် မဟုတ်ပါလား။
ငယ်စဉ်ဘဝက ခင်မင် ရင်းနှီးခဲ့ကြသော်လည်း ကြီးလာသည့် အခါတွင်တော့ ခွဲခွာကြရသည့် ဖြစ် ရပ်များလည်း ရှိသည်ပဲလေ။
ဆန်းသခင်ကြီး တွေးနေသည့် အကြောင်းအရာများကို ဆန်းလျန် သိလေသည်။ သို့သော် လိုက်တော့ ပြောနိုင်ခြင်း မရှိ။ ဆန်းလျန်မှာ တကယ့် ဆန်းလျန်အစစ် အကြောင်းကို အများကြီးတော့ သိထားသူ မဟုတ်ပေ။ သူဘာမှ မသိသည့် နေရာတစ်ခုတွင် စတင်ရသည်မှာ သူ့အတွက် သဘောကျ စရာတော့ ကောင်းသည်ဟု တွေးနေမိသည်။
“ကျွန်တော်က သူ့အစ်ကိုပါ သူက ကျွန်တော့်ညီမလေးပဲ အဲဒါက မပြောပလောက်ပါဘူး”
ဆန်းလျန်က ရော့ရှီကို ညီမလေး တစ်ယောက်လိုသာ သဘောထားကြောင်း သိသာစေရန် ပြော လိုက် လေသည်။
“ဒီရေကရားကို မင်းကို ပေးလိုက်မယ် ပန်းပင်လေးတွေကို ရေလောင်းတာ မလောင်းတာကတော့ မင်းအပိုင်းပဲ”
ဆန်းသခင်ကြီးက ဆန်းလျန်ကို ခပ်ကြာကြာ တစ်ချက် စိုက်ကြည့်လိုက်ပြီး ရေကရားလေးကို ပေးလိုက်လေသည်။
ဆန်းလျန်က ရေကရားလေးကို ယူလိုက်ပြီး သခင်ကြီး ဆိုလိုသည့် အဓိပ္ပါယ်ကို နားလည် လိုက်သည်။
ဆန်းလျန်က ဆန်းသခင်ကြီးကို အရိုအသေပေးလိုက်ပြီး စကားစ ဖြတ်လိုက်လေသည်။
ဆန်းလျန် ထွက်သွားတော့မှ ပန်းဥယျာဉ် တစ်ဘက်ဆီမှ ဆန်းချင်းစန်းက သခင်ကြီးဆီသို့ ရောက်လာသည်။
“ဒီကလေးက ဘယ်တုန်းကမှ ဉာဏ်သိပ်မကောင်းခဲ့ဘူး။ ဒါပေမယ့် တောင်ပေါ်မှာ နှစ်နှစ် သွားနေလိုက်တာ အသိဉာဏ်ပညာတွေ တိုးတက်လာပုံရတယ် သူက ကျူးအယ်နဲ့ ဝေ့အယ် ထက်တောင် သာနေသေးတယ်”
ကျူးအယ်နှင့်ဝေ့အယ် ဆိုသည်မှ ဆန်းလျန်၏ အစ်ကိုဝမ်းကွဲ နှစ်ယောက်၏ နာမည် ဖြစ်လေ သည်။
“မနက်ဖန် သူတို့ နှစ်ယောက် ဈာပန အခမ်းအနားနေ့ပဲ”
ဆန်းသခင်ကြီးက ပြောလိုက်ပြီး ပန်းပွင့် ချပ်လွှာလေးများ ပေါ်မှ ရေစက်လေးများကို ငေးကြည့် နေလေသည်။
“လိုအပ်တာတွေ အားလုံး ကျွန်တော်စီစဉ်ပြီးပါပြီ”
ဆန်းချင်းစန်းလည်း ငေးငိုင်နေရင်းမှ ပြန်ပြောလိုက်လေသည်။
“ကျန်းဟူက လူတစ်ယောက် ဝါးရွက်စိမ်းဂိုဏ်းနဲ့ မနက်ဖြန် အဆက်အသွယ်လုပ်လိမ့်မယ်”
ဆန်းသခင်ကြီးက အေးစက်စွာပြောလိုက်လေသည်။
ထို့နောက် သူကဥယျာဉ်ထဲမှ ထွက်ခွာသွားလေတော့သည်။ ဆန်းလျန်က နောက်သို့ လှည့်ကာ ဆန်းသခင်ကြီးကို ကြည့်လိုက်မိသည်။ ပန်းဥယျာဉ်ထဲတွင် ခြောက်သွေ့သည့် လေထုက ဖုံးလွှမ်း သွားလေ တော့သည်။
တစ်ယောက်ကတော့ သူ့ဘဝ ကံကြမ္မာအတွက် စဉ်းစားနေပြီး နောက်တစ်ယောက်ကတော့ အမွေဆက်ခံမည့် မျိုးဆက်ရရှိရေးအတွက် တခြား တစ်ယောက်၏ ဘဝကို အသုံးချဖို့ ကြံစည် နေလေသည်။ ဤသည်မှာ ဆန်းလျန် လိုချင်သည့် ဘဝမျိုး မဟုတ်ပေ။
သူ့စိတ်ထဲတွင် ရှိနေသည်က သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို အားပြည့်အောင် လေ့ကျင့်ပေးပြီး ဆန်းမိသားစုကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဆန့်ကျင်ရန် ဖြစ်လေသည်။
LIKE