အခန်း (၆၀) မင်းတို့ လိုချင်တဲ့လူတော့ မရဘူး၊ လက်သီးပဲ ရမယ်
အကြီးအကဲချင်သည် ငြိမ်သက်စွာ ထိုင်နေ၏၊ သူ့အကြည့်က ရန်ကျောက်ကဲထံမှ ဖန်းယွမ်ရှန်းဆီသို့ ရောက်ရှိသွားသည်။
တဖန် အကြီးအကဲချင်၏အကြည့်သည် ဖန်းယွမ်ရှန်း၏လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။ သူ့အကြည့်မှာ စူးရှလွန်းလှရာ ဖန်းယွမ်ရှန်း၏ လက်အရေပြားကို ဖြတ်သန်း၍ လက်ကောက်ဝတ်ထဲမှ သွေးကြောကို စစ်ဆေးနေသည့်ပုံ ပေါ်နေသည်။
ဖန်းယွမ်ရှန်းက သူမရပ်နေသော နေရာ၌သာ တိတ်ဆိတ်စွာ ရပ်နေ၏။ တခဏကြာသော် အကြီးအကဲချင်က သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။
“သူမရဲ့ သွေးခုန်နှုန်းအရတော့ သူမက အရင်က ထူးကဲယင်ခန္ဓာကိုယ် ပိုင်ဆိုင်ဘူးကြောင်း ပြသနေတယ်၊ ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ်မှာ ယင်ဓာတ်က ပိုလျှံလွန်းနေတယ်၊ အဲ့မှာတင် ယင်ဓာတ်တွေက စိမ့်ထွက်ကုန်ပြီး သူမရဲ့ ရှိရင်းစွဲ ယင်ဓာတ်ပါ လုံးဝခမ်းခြောက်သွားတာပဲ၊ သူမရဲ့ လက်ရှိယင်ဓာတ်က သာမာန်မိန်းကလေးတစ်ယောက်ထက် အနည်းငယ် သာလွန်ရုံလောက်ပဲ ရှိတော့တယ်”
အကြီးအကဲချင်က ရန်ကျောက်ကဲအား ကြည့်၍ ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။ “နောက်ဆုံးကောက်ချက်မချခင် နေသူတော်စင်ဂိုဏ်းက လူတွေက ကြိမ်ဖန်များစွာ စစ်ဆေးပြီးလောက်ပြီ”
ရန်ရှု့နှင့် အခြားသူများလည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ နေသူတော်စင်ဂိုဏ်းများ လူများ ထိုသို့လုပ်မည်မှာ အသေအချာပင်ဖြစ်သည်။ ဒါက သူတို့ ခန့်မှန်းပြီးသားဖြစ်၏။
အကြီးအကဲချင်က စကားခဏရပ်ပြီး အနည်းငယ် သနားနေသောအကြည့်ဖြင့် ဖန်းယွမ်ရှန်းအား ကြည့်လိုက်သည်။ “သူမရဲ့ အရိုးတည်ဆောက်ပုံက ကျင့်ကြံဖို့ အရမ်းသင့်တော်တယ်၊ သူမရဲ့နားလည်နိုင်စွမ်းနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း သူမရဲ့အရိုးတည်ဆောက်ပုံနဲ့ လိုက်ဖက်ရဲ့လား ငါသိချင်မိတယ်”
ရန်ကျောက်ကဲက ရယ်မောလိုက်သည်။ “အဲ့ဒီ့နှစ်က အဲ့ဖြစ်ရပ်သာမဖြစ်ခဲ့ရင် သူမက နေသူတော်စင်ဂိုဏ်းရဲ့ အဓိက ကိုယ်စားပြုသူ အနေနဲ့ ထူးကဲယင်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေလောက်ပြီ”
“သူမ ဂိုဏ်းထဲ အရင်ဝင်ခဲ့တာကြောင့်လည်း ဖြစ်ရင် ဖြစ်လောက်တယ်၊ ဒါပေမယ့် အနည်းဆုံးတော့ သူမက မန်ဝမ်အောက် လုံးဝ မနိမ့်ခဲ့ဘူးဆိုတာကို ကျွန်တော်တို့ သိရတာပေါ့”
မန်ဝမ်သည် သာမာန် ထူးကဲယင်မိန်းမပျိုတစ်ယောက်သာ မဟုတ်ဘဲ သူမ၏ ကျင့်ကြံခြင်းပါရမီကလည်း လူငယ်မျိုးဆက်များကြားတွင် သိသိသာသာ ချွန်ထွက်နေ၏။ သက်တူရွယ်တူများကြားတွင် သူမသည် ထိပ်ဆုံး၌ ရှိနေကာ သူမ၏ကျော်ကြားမှုကလည်း ကမ္ဘာကို တုန်လှုပ်စေနိုင်လောက်သည်။
သူမသည် တရှိန်ထိုး တိုးတက်လာခြင်းကြောင့် နေသူတော်စင်ဂိုဏ်း၏ တက်သစ်စနေလေးစင်းကိုပင် ကျော်တက်နိုင်မည့် အလားအလာ ရှိနေသည်ဟု မသိမသာ ခန့်မှန်းမှုများ ဖြစ်ပေါ်နေသည်။
“ဂျူနီယာညီမလေးဖန်းသာ ရှောင်ရှန်းရဲ့ အခြားနေရာတွေကို ဒဏ်ရာရအောင်လုပ်ခဲ့ပြီး ပန်းသေအောင် မလုပ်ခဲ့ဘူးဆိုရင် သူမ ဂိုဏ်းကနေ ထွက်မပြေးကလောက်ဘူး”
အကြီးအကဲချင်က ခေါင်းငြိမ့်လိုက်ပြီး အတွေးနက်လျက်ရှိ၏။
အကယ်၍ ဖန်းယွမ်ရှန်း၏ကျင့်ကြံခြင်းပါရမီက သာမာန်ဆိုလျှင် နေသူတော်စင်ဂိုဏ်း၏ ဖိအားပေးမှုကို ခံပြီး သူမကို လက်ခံရန် မထိုက်တန်ပေ။
ဂိုဏ်းနှစ်ဂိုဏ်းကြား ဆက်ဆံရေး ပြေပြေပြစ်ပြစ်မရှိသော်လည်း ဤကဲ့သို့ အသေးအမွှား ကိစ္စမျိုးအား တစ်ဖက်နှင့် တစ်ဖက် အလျော့မပေးနိုင်သည့် အခြေအနေမျိုးတော့ မဟုတ်သေးပေ။
နေသူတော်စင်ဂိုဏ်းနှင့် ဆက်ဆံရေးက မီးနှင့်ရေလို ဖြစ်နေသော ရေနယ်မြေ၏ ကျောက်စိမ်းပင်လယ်မြို့တော်တောင်မှ နေသူတော်စင်ဂိုဏ်းမှ သစ္စာဖောက်လာသော တပည့်တစ်ဦးကို တစ်ခါက လက်ခံပေးဖူးသည်။
ရှု့ထောင့်တစ်မျိုးမှ ကြည့်လျှင် ထိုနေရာသည် ဖန်းယွမ်ရှန်း ခိုလှုံရန် အကောင်းဆုံးသော နေရာဖြစ်သည်။
သို့ရာတွင် ရေနယ်မြေမှာ ကောင်းကင်နယ်မြေနှင့် မီးနယ်မြေမှ ဝေးကွာလွန်းလှသည့်အတွက် ဤကဲ့သို့ အပြင်းအထန် လိုက်လံဖမ်းဆီးနေသည့်ကြားမှ ထိုနေရာသို့ ဖန်းယွမ်ရှန်း ရောက်ရှိရန် အလွန်ခက်ခဲသည်။
ထို့ကြောင့် ဝါဒတောင်ဂိုဏ်းမှာ သူမအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်လာသည်။
အစောပိုင်းက ရန်ကျောက်ကဲက သူမကို ခေါ်လာရန် ငြင်းဆိုခဲ့လျှင် ဖန်းယွမ်ရှန်းသည် အန္တရာယ်များကြားမှ စွန့်စားကာ ရေနယ်မြေသို့ သွားရောက်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။
ယခု အကြီးအကဲချင်၏စစ်ဆေးမှုအရ ဖန်းယွမ်ရှန်းသည် ထူးကဲယင်ခန္ဓာကိုယ် မရှိလျှင်တောင် ပြုစုပျိုးထောင်ရန် ထိုက်တန်သော ပါရမီရှင်များထဲမှ ပါရမီရှင်တစ်ယောက်၊ ရှားပါး ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း သိရလေပြီ။
ဤအချက်ကြောင့်ပင် အကြီးအကဲချင်နှင့် ဝါဒတောင်တို့ ဆုံးဖြတ်ရသည်မှာ အနည်းငယ် ဘေးကျပ်နံကျပ် ဖြစ်မိသည်။
အကျိုးနှင့် အပြစ်ကို ချိန်ဆရင်း ဝါဒတောင်ဂိုဏ်းအတွက် အကောင်းဆုံး ဖြစ်နိုင်မည့် နည်းလမ်းကို သူတို့ ရွေးချယ်ရပေမည်။
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “ဂျူနီယာညီမလေးဖန်းရဲ့ထူးကဲယင်ခန္ဓာကိုယ်က ပြန်ကောင်းလာနိုင်ပါတယ်”
အကြီးအကဲချင်က မည်သည့်စကားမှ ထပ်မပြောတော့ဘဲ မျက်မှောင်ကြုတ်လျက် ဖန်းယွမ်ရှန်းအား ကြည့်နေ၏။
သည်တစ်ကြိမ်တွင် သူ့လက်ကို မြောက်ကာ လေထဲကို သူ့လက်ချောင်းဖြင့် ထိလိုက်သည်။ သူ့ လက်ချောင်းထိပ်မှ အလင်းအမျှင်တစ်ခု ပျံသန်းသွားကာ ဖန်းယွမ်ရှန်း၏လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။
ဖန်းယွမ်ရှန်း၏အခြေအနေကို အသေအချာ ထပ်မံစစ်ဆေးပြီးနောက် အကြီးအကဲချင်သည် ရန်ကျောက်ကဲအား ကြည့်၍ လေးနက်သော အသံဖြင့် မေးလိုက်သည်။ “ဘယ်အချက်ကို အခြေခံပြီး မင်းက ဒီလို အခိုင်အမာ ပြောနိုင်တာလဲ”
ရန်ရှု့လည်း ဖန်းယွမ်ရှန်းအား စူးစိုက်ကြည့်လိုက်ကာ သူ့အကြည့်ထဲမှ တစ်စုံတစ်ခုက ဖန်းယွမ်ရှန်း၏ လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။
တခဏမျှ ကြာသော် ရန်ရှု့သည် သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး ခံစားချက်မဲ့သော အသံဖြင့် ပြောလိုက်သည်။ “ပျက်စီးတာက နည်းနည်းလေးလို့ ပြောချင်တာလား၊ ဒါပေမယ့် သူ့ရဲ့ထူးကဲယင်ခန္ဓာကိုယ်က ပျက်စီးတယ်လို့တောင် ပြောလို့ မရတော့ဘူး၊ လုံးဝ ခြောက်ခမ်းသွားတာ”
“သူမကို ပြန်ကောင်းအောင် လုပ်ဖို့ဆိုတာ လူသေကို ပြန်အသက်သွင်းတာနဲ့ မခြားဘူး”
“ပြီးတော့ နောက်ဆုံး ထွက်သက်ကို ရောက်နေတဲ့ လူမဟုတ်ဘူး၊ သေတာ ၂နှစ်လောက် ကြာနေပြီဖြစ်တဲ့ လူပဲ”
ရန်ရှု့က ရန်ကျောက်ကဲကို ကြည့်လိုက်သည်။ “အရင်ရက်ပိုင်းအတွင်း မင်းက လူတိုင်း မျှော်လင့်ထားတာထက် အများကြီး ကျော်လွန်ပြီး ကိစ္စ အကြီးကြီးတွေ စွမ်းဆောင်နိုင်ခဲ့တယ်၊ ဒါပေမယ့် မင်းမှာ လူသေကို ပြန်အသက်သွင်းနိုင်တဲ့ စွမ်းအားမျိုးရှိလား ငါ သိချင်မိတယ်”
အကြီးအကဲချင်က ဘာမှ ဝင်မပြောချေ။ ရန်ရှု့ပြောသည်ကို သူလည်း သဘောတူနေပုံရသည်။
အကြီးအကဲချင်သည် ရန်ကျောက်ကဲကို ကြည့်လျက် ရန်ကျောက်ကဲက သူ့အား ဖြေရှင်းချက်ပေးမည်ကို စောင့်ဆိုင်းနေ၏။
ရန်ကျောက်ကဲက အသာအယာ ပြုံးလျက် ပြောလိုက်သည်။ “အကြီးအကဲချင်၊ ဂျူနီယာညီမလေးဖန်းရဲ့ခန္ဓာကိုယ်ထဲက ယင်စွမ်းအားက သာမာန်မိန်းကလေးတွေထက် အနည်းငယ်ပဲ သာလွန်တယ်လို့ အကြီးအကဲချင် ပြောခဲ့တာမလား”
အကြီးအကဲချင် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်”
ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်သော ဟန်ပန်ဖြင့် ပြောလိုက်သည်။ “ကျွန်တော် သူမကို စစချင်းတွေ့တော့ သူမက သာမာန်မိန်းကလေးတစ်ယောက်နဲ့ မခြားဘူး၊ သူမရဲ့ ထူးကဲယင်ခန္ဓာကိုယ်က လုံးဝ ခြောက်ခမ်းနေပြီ၊ အရင်တုန်းက ထူးကဲယင်ခန္ဓာကိုယ် ရှိခဲ့တယ်ဆိုတဲ့ အရိပ်အယောင်လေးလောက်ပဲ ရှိတော့တယ်၊ ယင်ချီဆိုတာ လုံးဝ မရှိတော့ဘူး”
“ဘာ…” အကြီးအကဲချင်၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
သူသည် ဖန်းယွမ်ရှန်းအား ကြည့်နေ၏။ ရန်ကျောက်ကဲ ပြောသော စကားများက သူ့အတွက် ယုံကြည်ရန် ခက်ခဲနေပုံရသည်။
ယခုမှ ဖန်းယွမ်ရှန်းက သူမ၏နှုတ်ခမ်းကို ဖွင့်၍ ပြောလိုက်သည်။ “အရင်ရက်အနည်းငယ်က စီနီယာအကိုကြီးရန်နဲ့ လိုက်လာရင်း ဂျူနီယာကို သူ့ရဲ့ ရွှေအပ်လျှို့ဝှက်နည်းစနစ်နဲ့ အပ်စိုက်ကုသပေးခဲ့ပါတယ်၊ အဲ့တာကြောင့် ဂျူနီယာရဲ့ ခန္ဓာကိုယ်ထဲက ခမ်းခြောက်နေတဲ့ သွေးကြောတွေတွေထဲမှာ ထူးကဲယင်ချီတွေ နောက်တစ်ကြိမ် စတင်ဖြစ်ပေါ်လာပါတယ်”
“ပြန်ဖြစ်ပေါ်တဲ့ နှုန်းက အလွန် နှေးကွေးပေမယ့် ကျွန်မရဲ့ အခြေအနေက အရင်ကနဲ့တော့ ကွာခြားလာပါပြီ”
ရန်ရှု့နှင့် အခြားသူများမှာ ရန်ကျောက်ကဲနှင့် ဖန်းယွမ်ရှန်းတို့အား မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။
ရန်ကျောက်ကဲက ရယ်မောလိုက်သည်။ “အခြားနယ်မြေတွေပါမကျန် ရှာဖွေတာတောင် မတွေ့ခဲ့လို့ ကျွန်တော်တို့ဂိုဏ်းမှာ ထူးကဲယင်မိန်းမပျို တစ်ယောက်မှ မရှိခဲ့ဘူး၊ အရင်နှစ်တွေတုန်းက အခြားထိပ်သီးနယ်မြေတွေ ထူးကဲယင်သရဖူအတွက် ယှဉ်ပြိုင်တော့ ကျွန်တော်တို့တွေ ဘေးက ကြည့်နေရုံပဲ တတ်နိုင်တယ်၊ ဒီအခြေအနေအတွက် ကျွန်တော် စိတ်ပူမိသလို အရမ်းလည်း မပျော်မရွှင် ဖြစ်မိတယ်”
“အဲ့တာကြောင့် ကျွန်တော် တွေးမိတယ်၊ ထူးကဲယင်ခန္ဓာကိုယ်က မွေးရာပါဆိုရင်တောင် အဲ့တာကို ဖန်တီးလို့ရမယ့် နည်းလမ်းများ ရှိမလားပေါ့”
“အဲ့တာကြောင့် ထူးကဲယင်ခန္ဓာကိုယ်နဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာတွေ သတင်းအချက်အလက်တွေအများကြီးကို စုဆောင်းပြီး ဒီနယ်ပယ်မှာ ကျွန်တော် သုတေသနလုပ်ခဲ့တာပဲ” ရန်ကျောက်ကဲက အနည်းငယ် နောင်တရမိဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ “ဝမ်းနည်းဖို့ကောင်းစွာပဲ ထူးကဲယင်ခန္ဓာကိုယ်က မိုးကောင်းကင်ရဲ့ လက်ဆောင်ဖြစ်နေတယ်၊ အဲ့တာကြောင့် ကျွန်တော် ဘယ်လိုပဲ ကြိုးစား ကြိုးစား ထူးကဲယင်ခန္ဓာကိုယ်ကို ဖန်တီးနိုင်မယ့် နည်းလမ်းကို ရှာမတွေ့ခဲ့ဘူး”
သူ့ခေါင်းကို လှည့်၍ ဖန်းယွမ်ရှန်းအား ကြည့်လိုက်သည်။ “ဒါပေမယ့် ဒီနယ်ပယ်နဲ့ပတ်သတ်တဲ့ ဗဟုသုတ အတော်များများကိုတော့ ကျွန်တော် စုဆောင်းမိသွားတယ်၊ အဆုံးမှာတော့ သာမာန်မိန်းကလေးတစ်ယောက်ကို ထူးကဲယင်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်အောင် ပြောင်းလဲပေးလို့ မရပေမယ့် ပျက်စီးနေတဲ့ ထူးကဲယင်ခန္ဓာကိုယ်ပိုင်ရှင်တွေကိုတော့ ပြုပြင်ပေးလို့ ရတယ်ဆိုတာကို တွေ့သွားတယ်”
“ကျွန်တော့အပေါ် ယုံကြည်ပြီး သူမကို စမ်းသပ်ခွင့်ပေးတဲ့အတွက် ဂျူနီယာညီမလေးဖန်းကိုလည်း ကျေးဇူးတင်ပါတယ်၊ တကယ်တော့ ဒီအဖြစ်အပျက်မတိုင်ခင်အထိ ဒီနည်းလမ်းအလုပ်ဖြစ်လား မဖြစ်လားဆိုတာ စမ်းသပ်ဖို့ အခွင့်အရေး မရှိခဲ့ဘူး”
ရန်ရှုက ခံစားချက်မဲ့နေသော မျက်နှာဖြင့် ရန်ကျောက်ကဲနှင့် ဖန်းယွမ်ရှန်းအား အေးတိအေးစက် ကြည့်လိုက်သည်။ “အဲ့တာ မင်းအပြောလေ၊ မှန် မမှန် ဘယ်လို သက်သေပြမလဲ”
ရန်ကျောက်ကဲက ပြောသည်။ “ဂျူနီယာညီမလေးဖန်းနဲ့ ကျွန်တော် စတွေ့တဲ့အချိန်က စပြီး အခုအထိ သိပ်မကြာသေးပါဘူး”
“နောက်ရက်အနည်းငယ်လောက်ကြာရင် ဂျူနီယာညီမလေးဖန်းရဲ့ ခန္ဓာကိုယ်ထဲက ထူးကဲယင်ချီက အနည်းငယ် ပိုမို အားကောင်းလာရင် ကျွန်တော်ပြောတဲ့ စကားက သက်သေပြပြီးသား ဖြစ်သွားလိမ့်မယ်”
ရန်ရှု့က ခံစားချက်မဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။ “နေသူတော်စင်ဂိုဏ်းက လူတွေ ပြန်သွားတာ ရက်နည်းနည်းလောက်ပဲ ကြာသေးတယ်၊ အခု မင်းက ဒီလိုလုပ်လာတော့ သူတို့ သိပ်မကြာခင် နောက်ထပ် တံခါးလာခေါက်ဦးမယ်ထင်တယ်”
“ငါတို့ ဆုံးဖြတ်ချက် မြန်မြန် ချမှ ရမယ်၊ ငါတို့မှာ မင်း သက်သေပြတာကို စောင့်ဖို့ အချိန် မရှိဘူး”
ရန်ကျောက်ကဲက မျက်ခုံးအနည်းငယ်ပင့်လျက် စကားပြောရန် ကြံလိုက်သည်။ သို့သော် အကြီးအကဲချင်က သူ့လက်ကိုမြှောက်၍ ဖြတ်တားလိုက်သည်။
ထောင်ထောင်မောင်းမောင်းရှိသော အရှေ့အကြီးအကဲချင်က ရန်ကျောက်ကဲကို စိုက်ကြည့်နေ၏။ “မင်းပြောတာ မှန်တယ်ဆိုရင်တောင် မင်းနည်းလမ်းက ဘယ်အတိုင်းအတာအထိ သူမ ပြန်ကောင်းလာအောင် ကူညီပေးနိုင်မှာလဲ၊ သူမ ယခင်က ရှိခဲ့တာရဲ့ တစိတ်တပိုင်းကိုပဲ ပြန်ရနိုင်မှာလား၊ ဒါမှမဟုတ် အရင်အတိုင်းဖြစ်အောင် လုပ်နိုင်လား၊ အဲ့လိုမဟုတ်ဘဲ သူမကို ထိပ်ဆုံးအဆင့်နီးပါးရောက်အောင် ကူညီပေးနိုင်လား”
အလွန်လေးနက်သော အမူအရာဖြင့် ရန်ကျောက်ကဲက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ပြန်ကောင်းဖို့ဆို အချိန်ယူရမယ်၊ အထူးပတ်ဝန်းကျင်အခြေအနေတွေနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေကိုလည်း မစုဆောင်းရသေးဘူး၊ ကျွန်တော်တို့ အရင်ဆုံး စုံလင်အောင် စုဆောင်းဖို့လိုမယ်”
“ဘယ်အတိုင်းအတာအထိ သူမ ပြန်ကောင်းလာနိုင်လဲဆိုတာတော့….” ရန်ကျောက်ကဲက အကြီးအကဲချင်အား တည်ငြိမ်စွာ ကြည့်နေသည်။
“သူမ အရင်ကထက်တောင် ပို အစွမ်းကြီးလာဦးမယ်”
ရန်ကျောက်ကဲက ခပ်ပေါ့ပေါ့ ရယ်မောလိုက်သည်။ “တကယ်လို့ ကျွန်တော် အဲ့လိုမလုပ်နိုင်ရင် ကောင်းကင်ပိတ်လှောင်ခြင်းချောက်နက်ထဲမှာပဲ နေတော့မယ်”
အကြီးအကဲချင်က လေးနက်သော အကြည့်ဖြင့် ရန်ကျောက်ကဲအား ကြည့်လျက်ရှိသည်။
ရန်ရှု့ မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် နေသူတော်စင်ဂိုဏ်းမှလူများ တံခါးဝသို့ ရောက်နေပြီဖြစ်ကြောင်း အစောင့်တစ်ယောက်က လာရောက်သတင်းပို့သည်။
“အကြီးအကဲချင်….” ရန်ရှု့က သူ့ကို ကြည့်လိုက်သည်။
ထိုထွားကြိုင်းသန်မာသော အကြီးအကဲက သူ့ကို စိတ်မရှည်စွာ ကြည့်လိုက်သည်။ “သူတို့ကို မောင်းထုတ်လိုက်၊ သူတို့လိုချင်တဲ့ လူတော့ မရဘူး၊ လက်သီးပဲရမယ်”