Switch Mode

အခန်း (၅၉)

အရေးအကြီးဆုံး အရာ

အခန်း (၅၉) အရေးအကြီးဆုံး အရာ

အရှေ့အကြီးအကဲ၏ကျင့်ကြံမှုအဆင့်နှင့် အခြားသူများအပေါ် သက်ရောက်နိုင်သည့် ဖိအားက ရန်ရှု ယှဉ်ပြိုင်နိုင်သော အရာမဟုတ်ပေ။

ရန်ကျောက်ကဲ၏ အမူအရာက ပုံမှန်အတိုင်းပင်။ ရန်ကျောက်ကဲသည် အရှေ့အကြီးအကဲကို နှုတ်ဆက်၍ သူ့အနောက်မှ ဖန်းယွမ်ရှန်းကို လှည့်ကြည့်လိုက်သည်။ “အကြီးအကဲ၊ သူက ကျွန်တော် အကြီးအကဲကို ပြောထားတဲ့လူပါ၊ နဂိုနာမည်က ဖန်းမူကီ၊ အခု နာမည်က ဖန်းယွမ်ရှန်းပါ”

ဖန်းမူကီ”ဟူသော စကားလုံးများကို ကြားလျှင် အရှေ့အကြီးအကဲက ခေါင်းအနည်းငယ် ငြိမ့်လိုက်သည်။ သူ့ကဲ့သို့ ရာထူးအဆင့်ဖြင့် ကိစ္စ အတော်များများကို သိလေသည်။

ထို့နောက် ရန်ကျောက်ကဲက ဖန်းမူကီကို မိတ်ဆက်ပေးလိုက်သည်။ “ဂျူနီယာညီမလေးဖန်း၊ ဒါ ငါတို့ဂိုဏ်းရဲ့ အရှေ့ကောင်းကင်ဒေသက ခေါင်းဆောင်ပုဂ္ဂိုလ်၊ အကြီးအကဲချင်ပဲ”

ဖန်းယွမ်ရှန်းက အကြီးအကဲချင်အား လေးနက်တည်ကြည်စွာ နှုတ်ဆက်လိုက်သည်။ သူမကလည်း ယဉ်ကျေးမှု မကင်းမဲ့ချေ။ “လူငယ်မျိုးဆက်က ဖန်းယွမ်ရှန်းက ဂုဏ်သရေရှိအကြီးအကဲကို နှုတ်ဆက်ပါတယ်”

လွတ်လွတ်လပ်လပ် နေထိုင်ခြင်းနှင့် ရိုင်းပြခြင်းကြား ကွာခြားပုံနှင့် မည်သို့သောအခြေအနေတွင် မည်သည့်အမူအရာဖြင့် ပြုမူသင့်သည်ကို ဖန်းယွမ်ရှန်း ကောင်းစွာ နားလည်သဘောပေါက်သည်။

သူမ၏နောက်ခံနှင့် ဗဟုသုတအရ သူမရှေ့မှ ထိုထွားကြိုင်းသည့် အကြီးအကဲသည် အရှေ့ကောင်းကင်ဒေသတစ်ခုလုံးကို ကြီးကြပ်ရန် ဝါဒတောင်ဂိုဏ်းက တာဝန်ပေးထားသော ပထမအဆင့်အကြီးအကဲဖြစ်ကြောင်း သူမ သိလေသည်။

ဝါဒတောင်ဂိုဏ်းတွင် ရာထူးအစဉ်လိုက်အရ ပထမအဆင့်အကြီးအကဲ၊ အဆင့်မြင့်အကြီးအကဲနှင့် အဆင့်နိမ့်အကြီးအကဲဟူ၍ ခွဲခြားထားသည်။

သူ့ကျင့်ကြံမှုအဆင့်နှင့် ဩဇာအာဏာအရ ရန်ကျောက်ကဲ၏အဖေ ရန်တိနှင့် မယှဉ်နိုင်သော်လည်း ရာထူးအရ ထိုအကြီးအကဲချင်သည် အဆင့်တူတွင် ရှိလေသည်။ သို့သော်လည်း သူတို့ကွပ်ကဲသည့် နယ်မြေများမှာ ကွာခြားသည်။ တစ်ယောက်က အတွင်း၊ တစ်ယောက်က အပြင်ဖြစ်သည်။

သဘောတရားအရ အရှေ့ကောင်းကင်ဒေသအတွင်း ဖြစ်ပျက်သမျှ အရာအားလုံးကို အရှေ့အကြီးအကဲချင်က စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိလေသည်။

သို့သော် သည်တစ်ကြိမ် ဖန်းယွမ်ရှန်းနှင့် ကိစ္စသည် အရာများစွာ ပါဝင်ပတ်သတ်နေလေရာ သူကိုယ်တိုင် ဆုံးဖြတ်ရန် မသင့်ဟု အရှေ့အကြီးအကဲချင်က ခံစားမိခြင်းဖြစ်သည်။

ဝါဒတောင်မှ လူတချို့ စေလွှတ်ရန် စီစဉ်နေလေပြီ။ အရှေ့အကြီးအကဲချင်က ဤကိစ္စကို ပထမဆုံး သိသူဖြစ်သောကြောင့် အရှေ့တန်နိုင်ငံသို့ အရင် ရောက်လာခြင်းဖြစ်သည်။

သို့သော် သည်ကိစ္စကို အရှေ့အကြီးအကဲချင် ရောက်နေခိုက်တွင် မကျော်ဖြတ်နိုင်လျှင် ရှေ့လျှောက် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကျော်ဖြတ်နိုင်စရာ လမ်းမရှိတော့ပေ။

ရန်ကျောက်ကဲက အရှေ့အကြီးအကဲချင်ဆီသို့ ကြည့်လိုက်သည်။ သည်လူအိုကြီးသည် ဂိုဏ်း၏ သက်တော်ရှည်အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ကာ လက်ရှိ ဂိုဏ်းချုပ်နှင့် မျိုးဆက်တူဖြစ်သည်။ ရန်ကျောက်ကဲ၏အဖေရန်တိနှင့် ရန်ကျောက်ကဲ၏ဒုတိယဦးလေးကြားတွင် သူသည် မည်သည့်ဘက်ကိုမှ မယိမ်းချေ။

သည်လူကြီးထံမှ အထူးဆက်ဆံမှုရရန် သူ မျှော်လင့်ထား၍ မရပေ။ သို့သော် တူညီစွာပင် သည်လူကြီး ရှိနေသရွေ့ ရန်ရှု့ ဒုက္ခပေးမည်ကို သူ စိုးရိမ်နေစရာမလိုပေ။

အရှေ့အကြီးအကဲ လုပ်သမျှ အရာအားလုံးသည် ဝါဒတောင်ဂိုဏ်း၏ အကျိုးအမြတ်ကိုသာ အခြေခံထားသည်။

အကြီးအကဲချင်၊ ကျွန်တော် အစောပိုင်းက သတင်းပို့ထားသလိုပဲ၊ ဒီဂျူနီယာညီမလေးဖန်းက အရင်တုန်းက နေသူတော်စင်ဂိုဏ်းရဲ့တပည့်ပဲ၊ အခု သူမက အဲ့ဂိုဏ်းကို စွန့်ပစ်ပြီး ကျွန်တော်တို့ ဝါဒတောင်ဂိုဏ်းကို ဝင်ချင်လို့တဲ့ဗျ” ရန်ကျောက်ကဲက ဖြည်းဖြည်းမှန်မှန် ပြောလိုက်သည်။

ရှု့ချင် ကြားဖြတ်မပြောပေ။

နေသူတော်စင်ဂိုဏ်းမှ သစ္စာဖောက်လာသော တပည့်ကို ဝါဒတောင်ဂိုဏ်းက လက်ခံလျှင် မည်သို့အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်ကြောင်း ရန်ကျောက်ကဲ မသိသည်မှာ မဖြစ်နိုင်ပေ။

သို့တိုင်အောင် ရန်ကျောက်ကဲက ဖန်းယွမ်ရှန်းကို ခေါ်လာခဲ့သေးသည်။ ထို့အပြင် အရှေ့အကြီးအကဲချင်က ဤလုပ်ရပ်ကို တားဆီးရမည့်အစား ပင်မဂိုဏ်းကိုပင် အသိပေးလိုက်သေးသည်။ ဤအချက်များကြောင့် သည်ကိစ္စသည် အတော် ထူးခြားသည့် ကိစ္စဖြစ်ကြောင်း ရှု့ချင် သဘောပေါက်မိသည်။

ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “အရင်တုန်းက နေသူတော်စင်ဂိုဏ်းရဲ့ ထူးကဲယင်မိန်းမပျိုအကြောင်း စုံစမ်းတုန်းက ဖန်းမူကီ နာမည်ပါတဲ့ မှတ်တမ်း တစ်ခုကို အကြီးအကဲချင် တွေ့ဖူးလောက်လိမ့်မယ် ထင်ပါတယ်”

ဒါပေမယ့် နောက်ဆုံးမှာ မန်ဝမ် ပေါ်လာတော့ ဒီသတင်းက လှိမ့်လုံးတစ်ခုလို ဖြစ်သွားတာပဲ၊ တကယ်က အဲ့လို မဟုတ်ဘူး”

ဖန်းမူကီဆိုတာ တကယ် ရှိတယ်၊ သူက ကျွန်တော့နောက်က ဂျူနီယာညီမလေးဖန်းပဲ”

အရှေ့အကြီးအကဲချင်နှင့် ရန်ရှု့အပြင် ဤနေရာတွင် ရှိနေကြသော လူအားလုံးသည် အရှေ့ကောင်းကင်ဒေသ၏ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြသည်။

ဤကိစ္စကို သိပြီးသားဖြစ်သော အရှေ့အကြီးအကဲချင်က လွဲလျှင် ထူးကဲယင်မိန်းမပျိုဟူသော စကားလုံးများကို ကြားသည်နှင့်၊ ရန်ရှု့နှင့် အခြားသူများ၏ မျက်လုံးများ ရုတ်ချည်း တောက်ပလာသည်။

သူတို့သည် ကျယ်ပြောလှသော ကောင်းကင်နယ်မြေကြီး၏ ဒေသငါးခုအတွင်း ထူးကဲယင်မိန်းမပျိုတစ်ယောက်ကိုပင် ရှာဖွေ၍ မရခဲ့ပေ။

အခြားဂိုဏ်းများ မျက်စိလျှမ်း၍ ကျန်ခဲ့သော တစ်ယောက်တစ်လေမျှ တွေ့လိုတွေ့ငြား ဝါဒတောင်ဂိုဏ်းသည် အခြားထိပ်သီးဂိုဏ်းများ၏နယ်မြေများထဲသို့ပါ လူများ စေလွှတ်၍ တိတ်တဆိတ် ရှာဖွေခဲ့သည်။ သို့သော်ငြားလည်း သူတို့အကုန်လုံး လက်ဗလာဖြင့် ပြန်လာခဲ့ကြသည်။

ယခင် ထူးကဲယင်ပြိုင်ပွဲနှစ်ကြိမ်တွင် အခြားထိပ်သီးနယ်မြေများ ထူးကဲယင်သရဖူအတွက် ယှဉ်ပြိုင်နေကြသည်ကို ဝါဒတောင်ဂိုဏ်းသည် ဘေးမှ ထိုင်ကြည့်နေရသည်။ ထိုအချိန်ရောက်တိုင်း သူတို့သည် စိတ်ကသိကအောင့်ဖြစ်မှု၊ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်လျက်ရှိ၏။

ဖန်းယွမ်ရှန်းက အမှန်တကယ်ပင် ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်ခဲ့လျှင် နေသူတော်စင်ဂိုဏ်းကို ထိပ်တိုက်ရင်ဆိုင်ရတောင်မှ ဝါဒတောင်ဂိုဏ်းက သူမကို ဆက်ထိန်းထားမည်ဖြစ်သည်။

အကြီးအကဲချင်က ခေါင်းငြိမ့်၍ တည်ငြိမ်စွာ မေးလိုက်သည်။ “မင်းအစောပိုင်းက ပို့လိုက်တဲ့ စာထဲမှာ ဒီမိတ်ဆွေလေးဖန်းရဲ့ ထူးကဲယင်ခန္ဓာကိုယ်က ပျက်စီးသွားပြီလို့ပါတယ်၊ ဒါပေမယ့် ဘယ်အတိုင်းအတာအထိ ပျက်စီးသွားလဲဆိုတာတော့ မင်းမပြောခဲ့ဘူး”

ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ အရင်းအမြစ်များစွာ စိုက်ထုတ်ရတယ်၊ ဒါပေမယ့် နေသူတော်စင်ဂိုဏ်းရဲ့ နောက်ခံနဲ့ဆို မန်ဝမ်ရှိလျက်နဲ့ အခြားထူးကဲယင်မိန်းမပျိုတစ်ဦးကို ပြုစုပျိုးထောင်ဖို့ဆိုတာ ဖြစ်နိုင်တဲ့အရာပဲ”

ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို သူမ သွားချင်တဲ့နေရာ သွားခွင့်ပြုထားတာက အသေးအမွှားကိစ္စမဟုတ်ဘူး၊ နေသူတော်စင်ဂိုဏ်းက ဒီလောက် မိုက်မဲပြီး သတိလက်လွတ်မနိုင်ဘူး”

ဒီမိတ်ဆွေလေးဖန်းရဲ့ ထူးကဲယင်ခန္ဓာကိုယ်က လုံးဝ ပျက်စီးသွားရင်တော့ တမျိုးပေါ့”

အနိမ့်အမြင့်မရှိသောအသံဖြင့် ရန်ကျောက်ကဲက ရိုးသားစွာ ဖြေကြားသည်။ “လက်ရှိမှာတော့ အဲ့တာက အမှန်ပါပဲ”

အကြီးအကဲချင်က အနည်းငယ် မျက်မှောင်ကြုတ်လျက် ရန်ကျောက်ကဲနှင့် ဖန်းယွမ်ရှန်းတို့အား ကြည့်လိုက်သည်။

ရန်ရှု့က ယခုမှ ဖြည်းဖြည်းချင်း ဝင်ပြောသည်။ “နေသူတော်စင်ဂိုဏ်းလို ဂိုဏ်းအနေနဲ့ ထူးကဲယင်မိန်းမပျိုတစ်ယောက်ကို သူလျှိုအဖြစ် မစေလွှတ်လောက်ဘူး”

ဒါပေမယ့် ထူးကဲယင်ခန္ဓာကိုယ် ပျက်စီးသွားတဲ့ သာမာန်တပည့်တစ်ယောက်ဆို ဖြစ်နိုင်ချေ ရှိတဲ့အရာပဲ”

ရန်ရှု့၏ စကားများကို ကြားသော် အားလုံးမျက်မှောင်ကြုတ်မိကြသည်။ မည်သည့်အုပ်စုမှဖြစ်စေ သူတို့သည် ရန်ကျောက်ကဲနှင့် ဖန်းယွမ်ရှန်းတို့အား အသေးစိတ် အကဲခတ်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သည်နေ့ကိစ္စကား လုံးဝ အသေးအမွှားကိစ္စမဟုတ်ချေ။

ဖန်းယွမ်ရှန်း၏ထူးကဲယင်ခန္ဓာကိုယ်က အကောင်းပတိအတိုင်း ရှိနေလျှင် ထပ်ဆွေးနွေးစရာ မလိုချေ။ ဝါဒတောင်က ချက်ချင်းပဲ သူမကို လက်ခံကာ ရန်ကျောက်ကဲသည်လည်း အကြီးကြီး အကျိုးဆောင်နိုင်ခဲ့သည်ဟု ဆိုရပေမည်။

သို့သော် ဖန်းယွမ်ရှန်းက သူမ၏ထူးကဲယင်ခန္ဓာကိုယ် ဆုံးရှုံးသွားပါက ဝါဒတောင်ဂိုဏ်းက သူမကို လက်သင့်ခံသင့်၊ မခံသင့်ဟူသည် သူတို့ အသေအချာ စဉ်းစားသင့်သော အရာဖြစ်သည်။

အခြားထိပ်သီးဂိုဏ်းမှ သစ္စာဖောက်လာသော တပည့်တစ်ယောက်ကို လက်ခံခြင်းသည် ရန်စသော လုပ်ရပ်တစ်ခုဖြစ်သည်။ အထူးသဖြင့် ဆက်ဆံရေး ပြေပြေပြစ်ပြစ် မရှိသော ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းကြားတွင် ပိုမို မှန်ကန်သည်။ ဤကဲ့သို့ အရာမျိုး ပြုလုပ်ခြင်းက သူတို့၏ ဆိုးဝါးနေသော ဆက်ဆံရေးကို နောက်တစ်လှမ်း ဆုတ်ကာ ပိုမို ဆိုးဝါးသွားစေနိုင်သည်။

ဤအရာအားလုံး၏ လက်သည် ရန်ကျောက်ကဲသည် ဂိုဏ်းအပေါ် မလိုလားအပ်သော ပြဿနာများနှင့် ဒုက္ခများ ယူလာပေးသည့်အတွက် ပေါ့တီးပေါ့ပျက်နိုင်ပြီး မစဉ်းစားမဆင်ခြင်တတ်သော လူတစ်ယောက်အဖြစ် နာမည်တပ်ခံရနိုင်သည်။

ထို့အပြင် ဝါဒတောင်ဂိုဏ်းက ဖန်းယွမ်ရှန်းကို လက်ခံပြီးမှ သူမက နေသူတော်စင်ဂိုဏ်းမှ စေလွှတ်သော သူလျှိုတစ်ယောက်ဖြစ်နေကာ ဝါဒတောင်ဂိုဏ်းအပေါ် ဒုက္ခပေးခဲ့လျှင် ဤကိစ္စ၏ အဓိကတရားခံ ရန်ကျောက်ကဲသည် ဂိုဏ်း၏သမိုင်းထဲတွင် နာမည်ဆိုးတွင်သွားဖွယ်ရှိသည်။

ရန်ကျောက်ကဲ၏မျက်နှာက မပြောင်းလဲပေ။ “ဖန်းယွမ်ရှန်းက သူမနဲ့ ဂိုဏ်းတူ နေသူတော်စင်ဂိုဏ်းသားတွေရဲ့ အနိုင်ကျင့်တာ ခံခဲ့ရတယ်၊ ဂိုဏ်းထဲက အကြီးအကဲတွေကလည်း တရားမျှတမှုကို မဖော်ထုတ်ပေးဘူး၊ အဖြူကို အမဲပြောင်းပြီး သူမအသက်ကို ယူဖို့လုပ်တယ်”

သူမအပေါ် ဂရုစိုက်တဲ့ တစ်ယောက်ထဲသောသူ သူမရဲ့ဆရာကလည်း မကြာသေးမီက အရှေ့ပင်လယ်က မီးတောက်မိစ္ဆာတွေနဲ့ တိုက်ပွဲမှာ ဆုံးပါးသွားတယ်၊ ဒီအကြောင်းကို သိကထဲက သူမ ထွက်ပြေးနေတာ ၂နှစ်လောက်ရှိပြီ၊ လက်ရှိမှာတော့ သူမက နေသူတော်စင်ဂိုဏ်းကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ပြီးပြီ၊ နေသူတော်စင်ဂိုဏ်းသား သုံးယောက်ကိုတောင် သတ်ဖြတ်ခဲ့သေးတယ်”

ရန်ကျောက်ကဲက သူတို့ကို ကြည့်လိုက်သည်။ “လွန်ခဲ့တဲ့၂နှစ်က သူမ နေသူတော်စင်ဂိုဏ်းရဲ့ ဌာနချုပ်ကနေ ထွက်ပြေးခဲ့တဲ့ အကြောင်းရင်းက သူမက ရှောင်ရှန်းကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်မိလို့ပဲ၊ အဲ့ဖြစ်ရပ်ပြီးထဲက ရှောင်ရှန်းနဲ့ သူ့လူတွေက သူမကို အဆက်မပြတ် လိုက်ဖမ်းနေတာပဲ”

သူမကို သူလျှိုအနေနဲ့ အောင်အောင်မြင်မြင် ထည့်သွင်းနိုင်ဖို့ နေသူတော်စင်ဂိုဏ်းက သာမာန်ဂိုဏ်းသားသုံးယောက်လောက်ကို မစတေးဘူးလို့ ဘယ်သူပြောနိုင်လဲ” ရန်ရှု့က ခံစားချက်မဲ့သော မျက်နှာဖြင့် ပြောလိုက်သည်။

ရန်ကျောက်ကဲ ရယ်မောလိုက်၏။ “အဲ့လို ဖြစ်နိုင်ချေရှိတယ်၊ ဒါပေမယ့် သူလျှိုထည့်သွင်းချင်တာနဲ့ နေသူတော်စင်ဂိုဏ်းရဲ့ မဟာအကြီးအကဲက သူရဲ့ တစ်ဦးတည်းသောမြေး၊ သူတို့မျိုးရိုးရဲ့ တစ်ဦးတည်းသော ယောကျ်ားလေးကို ကုန်းကုန်းအဖြစ်ခံမယ် ထင်လား”

ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

ရန်ရှု့ ကြောင်အသွားသည်။ အကြီးအကဲချင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ “မင်း ပြောချင်တာက…..”

အဲ့နှစ်က ဖန်းယွမ်ရှန်းက ရှောင်ရှန်းရဲ့ဂွကြားကို ဒဏ်ရာရအောင် လုပ်ခဲ့တာပဲ၊ အင်း… နောက်တစ်မျိုးပြောရရင်တော့၊ ရှောင်ရှန်းဟာ အခု လူဖြစ်ရှုံးနေပြီ” ရန်ကျောက်ကဲက လေးနက်သောအကြည့်ဖြင့် ပြောသည်။

ဖန်းယွမ်ရှန်းက လေးနက်သော မျက်နှာဖြင့် ဦးညွှတ်လိုက်သည်။ “အဲ့အချိန်တုန်းက ရွေးချယ်စရာမရှိလို့ ဒီဂျူနီယာက လုပ်မိလုပ်ရာ လုပ်ထည့်လိုက်တာပါ၊ ရှောင်ရှန်းလို ကောင်နဲ့ ထိုက်တန်ပေမယ့် ဒီလို အရာမျိူးက နားမှာ ကြားရတာ စိတ်မချမ်းမြေ့စရာပါပဲ၊ ဒီဂျူနီယာကို ဗွေမယူပါနဲ့”

ရန်ကျောက်ကဲက ထပ်မံပြောလိုက်သည်။ “သူမစကားကို ကျွန်တော် သက်သေခံနိုင်တယ်၊ ဒုတိယအကြိမ် ရှောင်ရှန်းနဲ့တိုက်တော့ ဒီအချက်ကို ကျွန်တော်ကိုယ်တိုင် အတည်ပြုထားတယ်”

ရှောင်ရှန်းက တစ်ခုခုကြောင့် ပန်းသေသွားတာလည်း ဖြစ်နိုင်တယ်၊ တကယ်တော့ ပန်းသေသွားတယ်လို့ ပြောရင် လုံးဝမမှန်ဘူး၊ သူက သူ့ရဲ့လုပ်နိုင်စွမ်းကို ဆုံးရှုံးသွားတာပဲ၊ ဒါမှမဟုတ် သူ့အခြေအနေက တခြားတစ်စုံတစ်ခုကြောင့် ဖြစ်ခဲ့ပေမယ့် နေသူတော်စင်ဂိုဏ်းက အဲ့အချက်ကို အသုံးချပြီး ဖန်းယွမ်ရှန်းကို သူလျှိုအနေနဲ့ ထည့်သွင်းဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တာပဲ”

အဲ့တာကြောင့် ဂျူနီယာညီမလေးဖန် ကျွန်တော်တို့ဂိုဏ်းထဲဝင်မယ်ဆိုရင် စစ်ဆေးမှုတချို့ ပြုလုပ်သင့်တာ အမှန်ပဲ၊ ဒါပေမယ့် ခြုံငုံကြည့်လိုက်ရင်တော့ ဂျူနီယာညီမလေးဖန်းရဲ့စကားတွေက ယုံကြည်ရတယ်လို့ ကျွန်တော်တော့ ခံစားမိတာပဲ”

ရန်ရှု့၏ပါးစပ်က မဲ့ရွဲ့သွားသည်။ သူ နှာခေါင်းရှုံ့၍ အစောပိုင်းက အချက်ကို ဆက်လက်မငြင်းခုံတော့ပေ။ ထိုအစား သူ ပြောလိုက်သည်။ “သူမရဲ့ထူးကဲယင်ခန္ဓာကိုယ်ကို ပြန်ရမှ အဲ့စကားကို ပြောပါလား”

သို့သော် အကြီးအကဲချင်ကမူ တိတ်ဆိတ်လျက် အတွေးနက်နေသည်။ ဤအချိန်တွင် ဝါဒတောင်ဂိုဏ်းတွင် အရေးအကြီးဆုံးအရာမှာ ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset