အခန်း (၅၈) အသေးအမွှားပြဿနာ မဟုတ်
လင်းယုရှောင်က တုရှိတလက်ဝါးချက်ဖြင့် သေဆုံးခဲ့သည်ဟူသော ကောလဟာလအား ကြားသောအခါမှ ရန်ကျောက်ကဲသည် တိမ်ကင်းစင်သွားသည့် နေမင်းကို မြင်လိုက်ရသည့်နှယ် ခံစားရသည်။
သေချာတာပေါ့၊ ရန်ကျောက်ကဲက တုရှိတလက်ဝါးသိုင်း တတ်မြောက်ထားသည်ကို ရန်ရှု့သိလေသည်။ အခြားတစ်ဖက်တွင် အရှေ့တန်အကြီးအကဲရန်ရှု့ကလည်း တုရှိတလက်ဝါးသိုင်း လေ့ကျင့်ထားကြောင်း ရန်ကျောက်ကဲ သိထား၏။
သို့ရာတွင် သူ့ကို အပြစ်ဖို့ရန် သက်သက်အတွက် ထိုအဘိုးကြီးက လင်းယုရှောင်အား သတ်လောက်သည်အထိ မရူးမိုက်သေးလောက်ဟု ရန်ကျောက်ကဲ ခံစားမိသည်။
ရန်ရှု့က တရားခံမဟုတ်လျှင်တောင်မှ ရန်ကျောက်ကဲအပေါ် စွပ်စွဲခြင်းနှင့် ပျံ့နှံ့နေသော ကောလဟာလအားလုံးမှာ ရန်ရှု့၏လက်ရာများဖြစ်သည်။
လင်းယုရှောင်၏ရုပ်အလောင်းကို ရန်ရှု့၏လူများက အရင်ဆုံး တွေ့ရှိခဲ့ရာ ယခုထိတိုင်အောင် သူတို့လက်ထဲတွင် ရှိနေသေးသည်။ သူတို့အတွက် ထိုအလောင်းကို တစ်ခုခုလုပ်ချင်ပါက အလွယ်လေးပင်။
သို့သော် ရန်ရှု့တို့လူသိုက်က လင်းယုရှောင်ကို သတ်တာမဟုတ်ပါက မည်သူက လူသတ်မှုအတွက် တာဝန်ရှိသနည်း။
ရန်ကျောက်ကဲ၏စိတ်ထဲတွင် ပုံရိပ်တစ်ခုက ဖြတ်ခနဲ ပေါ်လာသည်။
“အဲ့လောက်အထိတော့ မဖြစ်သင့်ဘူးမလား….”
ရန်ကျောက်ကဲ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့အကြည့်မှာ အေးစက်သွားသည်။
“ငါက မင်းကို မှတ်လောက်သားလောက်အောင် ဆုံးမပြီး ဂိုဏ်းကို အပ်မလို့၊ ဒါပေမယ့် မင်းက ဒီလောက်အထိ ရူးနေရင်တော့ ပိုလွယ်ကူသွားအောင် မင်းကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ တစ်ခါတည်း ပို့ပစ်လိုက်မယ်”
မကြာခင်မှာပဲ အားဟူ ပြန်လာခဲ့သည်။
သူ့ကို မြင်သည်နှင့် ရန်ကျောက်ကဲက တန်းမေးလိုက်သည်။
“ရီကျင်းဆိုတဲ့ကောင်ကို တွေ့ပြီလား”
အားဟူက ရှက်ကိုးရှက်ကန်းဖြင့် သူ့တုတ်ခိုင်သော လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
“မင်းသားလေး၊ ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်ဗျာ၊ ကီလိုမီတာငါးရာပတ်လည်က မြေအောက်မြစ်တိုင်းမှာ လိုက်ရှာခဲ့တယ်”
“အဲ့ကောင်က မြေအောက်မြစ်အတိုင်း ဆက်မျောလိုက်သွားတယ်ထင်တယ်၊ သူ့ခြေရာလက်ရာတွေ တွေ့တော့ တော်တော် နောက်ကျနေပြီ”
“သူက လျူလျောင်တောင်တန်းကနေ ထွက်သွားလောက်ပြီ၊ ကျယ်ပြောလှတဲ့ ကောင်းကင်နှင့် မြေကြီးကြားမှာ သူ့ကို ရှာတွေ့ဖို့ဆိုတာ တော်တော် ခက်ခဲတယ်”
ရန်ကျောက်ကဲကလည်း အားဟူအား အပြစ်မတင်ရက်တော့ဘဲ သူ့လက်ကို ရမ်းလိုက်သည်။
“မင်း သူ့ကို မတွေ့တာ လက်ခံလို့ရပါတယ်၊ မြေအောက်မြစ်ဆိုတာမျိုးက ဘယ်လောက်အထိ ရှည်လဲ ဘယ်သူမှ မသိဘူး၊ ဒါအတွက် ငါ မင်းကို အပြစ်မတင်နိုင်ပါဘူး”
“ဒါပေမယ့် မရပ်နဲ့ဦး၊ ဆက်ရှာနေ”
လင်းယုရှောင်၏အဖြစ်ဆိုးနှင့် ကောလဟာလများအကြောင်း ကြားသိရသောအခါ အားဟူသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
လင်းယုရှောင်နှင့် တွေ့ဖူးသဖြင့် သူမ သေဆုံးသည့်သတင်းကို ကြားရသောအခါ အားဟူသည်လည်း စိတ်မချမ်းမသာဖြစ်မိသည်။
“ဘယ်သူက မိန်းကလေးလင်းကို သတ်တာလဲ”
သူတို့နှစ်ယောက်သည် စကားတပြောပြောဖြင့် လူအုပ်ထဲသို့ ပြန်လျှောက်လာကြသည်။
အားဟူသည် စပ်စုချင်စိတ်ဖြင့် လင်းယုရှောင်အား ကြည့်နေသည်။
ဖန်းယွမ်ရှန်းက သူ့အား ညင်သာစွာ လက်ယမ်းပြလိုက်သည်။ အားဟူ တခဏမျှ ကြောင်သွားသည်။ ထို့နောက် သူ့လက်ကို ပြန်ယမ်းပြလိုက်သည်။
အားဟူသည် ရန်ကျောက်ကဲဘက်သို့ လှည့်ကာ သွားအဖြီးသားဖြင့် ပြုံးလိုက်သည်။
“မင်းသားနဲ့ စစ်ခုန်ချင်း အတော် နီးကပ်ကြတယ်ပြောတယ်၊ မင်းသားက သူမအပေါ် တခြား ဘာအတွေးမှ မရှိဘူးမဟုတ်လား”
“လျူလျောင်တောင်တန်းကို မဝင်ခင်က စစ်ခုန်ချင်းကို မင်းသား စိတ်ဝင်စားနေတဲ့ အရိပ်အယောင်မျိုး ကျွန်တော် မတွေ့မိပါဘူး”
“မိန်းကလေးစစ်ခုန်က တကယ်ကို လှတယ်နော်၊ မင်းသားလေးမှာ သူမကို စားဖို့ စိတ်ကူးရှိဖူးလား”
ရန်ကျောက်ကဲက အားဟူအား မျက်စောင်းထိုးလိုက်သည်။
“ဒီတစ်ခါ ဒီလိုလှပတဲ့ကလေးမတစ်ယောက်ကို မင်းသား ဘယ်ကနေ ဖမ်းခေါ်လာပြန်ပြီလဲ”
အားဟူသည် ရန်ကျောက်ကဲ ရှေ့တွင် ရပ်၍ ဖန်းယွမ်ရှန်းအား မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။
အားဟူသည် ဖန်းယွမ်ရှန်းအား ခြေဆုံးခေါင်းဆုံး လှည့်ပတ်ကြည့်ရှု့နေသည်။
“ဒီတစ်ယောက်ကိုရော စားပြီးပြီလား”
အားဟူသည် ရန်ကျောက်ကဲအနားကပ်၍ ခပ်တိုးတိုးမေးလိုက်သည်။
ရန်ကျောက်ကဲက အားဟူကို မျက်လုံးလှန်ကြည့်၍ သူ့ခေါင်းအား ဒေါင်ခနဲ ခေါက်လိုက်သည်။
အသားတုံးလေးဟု အမည်ရသော အနက်ရောက်ခွေးငယ်လေးကို ပိုက်ထားသော ဖန်းယွမ်ရှန်းသည် အားဟူအား ရယ်ချင်နေသော မျက်နှာဖြင့် ကြည့်နေ၏။
“ကျွန်မက သူ စားတာ မခံရသေးပါဘူးရှင်၊ ကျွန်မဟာ အပြစ်ကင်းစင်တဲ့ အပျိုစင်ကလေးပါ”
“အဟွတ် အဟွတ်”
ရန်ကျောက်ကဲ၏အားဖြင့် ခေါင်းခေါက်ခြင်းခံရသောကြောင့် မူးဝေနေသော အားဟူသည် လည်ချောင်းထဲမှ တံတွေးပင် သီးသွားပြီး လျှာထွက်မတတ် ဖြစ်သွားသည်။
ရန်ကျောက်ကဲ၏နှုတ်ခမ်းထောင့်မှ နှစ်ကြိမ် တွန့်လိမ်သွားသည်။
“အပြစ်ကင်းစင်တဲ့ အပျိုစင်ကလေးက ဟိုလိုကိစ္စကို ယောကျ်ားတွေနဲ့ အေးအေးဆေးဆေး ဆွေးနွေးတယ်၊ ပြီးတော့ တက်တက်ကြွကြွနဲ့”
ဖန်းယွမ်ရှန်းက အသားတုံးလေးကို ပွတ်သပ်ရင်း ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“အဲ့တာဆို ကျွန်မက ဘာလုပ်ကမှာလဲ၊ ယောကျ်ားတွေ ပေါက်ကရပြောနေတာကို ရှက်သွေးတွေဖြာ မျက်နှာတွေနီလာပြီး ခေါင်းငုံ့နေရမှာလား၊ ဒါမှမဟုတ် သူတို့ပြောတာတွေကို မကြားချင်ယောင်ဆောင်နေပြီး တိမ်တွေ လွင့်နေတာ ကောင်းကင်ကြီးက ပြာနေတာကို ခံစားနေရမှာလား၊ သူတို့ပြောတာ မှန်သမျှ ဂရုမစိုက်ဘဲ နေပြီး လူတွေ ကျွန်မအကြောင်းပြောချင်ရာပြောနေတာကို… ကျွန်မမျက်နှာပေါ် သူတို့ တံတွေးထွေးနေတာကို မတုံ့ပြန်ပဲ ဒီအတိုင်းနေရမှာလား”
ရန်ကျောက်ကဲသည် သူမအား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်သည့်အခိုက်တွင် ဖန်းယွမ်ရှန်းက ခေါင်းခါလိုက်သည်။
“ပြီးခဲ့တဲ့ နှစ်နှစ် ကျွန်မ ဂိုဏ်းက ထွက်လာကတည်းက နေရာအစုံကို ရောက်ခဲ့တယ်၊ လူပေါင်းစုံကို မြင်တွေ့ခဲ့တယ်၊ ကိစ္စအများအပြားနဲ့ ကြုံတွေ့ခဲ့ရတယ်”
“ရှောင်ရှန်းနဲ့ အခြားသူတွေ လိုက်ဖမ်းနေတာကို ရှောင်ရှားဖို့ ကျွန်မမှာ တစ်ခါတစ်ရံ တောထဲမှာ အိပ်ခဲ့ရတယ်၊ မြို့ထဲမှာ ပုန်းခဲ့ရတယ်၊ ဝေးလံခေါင်ဖျားတဲ့ တောင်တန်းတွေ နက်ရှိုင်းတဲ့ တော့အုပ်တွေထဲပါ ရောက်ခဲ့သေးတယ်၊ ဈေးတွေဆိုတာ ကျွန်မအတွက် ခြေရာဖျောက် ပုန်းခိုနေကျ နေရာတွေလို့တောင် ပြောလို့ရတယ်”
ရန်ကျောက်ကဲက ခေါင်းယမ်းလျက် စိတ်မထိန်းနိုင်ဘဲ ပြုံးမိသည်။ ဖန်းယွမ်ရှန်းကို ကြည့်၍ အားဟူကလည်း လက်မထောင်ပြလိုက်သည်။
ဖန်းယွမ်ရှန်းသည်လည်း ရယ်မောလိုက်ပြီး အားဟူအား ပြန်လည် လက်မထောင်ပြလိုက်သည်။
“ရှင့်သခင်လေးက ကျွန်မကို ဖမ်းခေါ်လာတာ မဟုတ်ပါဘူး၊ တကယ်တော့ သူရဲကောင်းက မိန်းမပျိူလေးကို ကယ်တင်တဲ့ ပုံပြင်မျိုးပါ”
“သခင်လေးက ခမ်းခမ်းနားနားနဲ့ အစွမ်းပြသပြီး နေသူတော်စင်ဂိုဏ်းရဲ့ ထွန်းသစ်စနေလေးစင်းထဲက နှစ်ယောက်ကို ရိုက်နှက်ခဲ့ပါတယ်၊ ဒီအားနွဲ့တဲ့ မိန်းမပျိုလေးကို ကယ်တင်ခဲ့တာပေါ့”
အားဟူသည် တခဏမျှ ကြောင်သွားပြီး ခေါင်းလှည့်၍ ရန်ကျောက်ကဲအား ကြည့်လိုက်သည်။
“နှစ်ယောက်လား၊ ချောင်ယွမ်လုံအပြင်….”
“ရှောင်ရှန်းလည်း ပါသေးတယ်”
ရန်ကျောက်ကဲက သာမာန်မျှ ပြောလိုက်သည်။
“အကြောင်းအရာအသေးစိတ်ကိုတော့ အခြားသူတွေကို မေးလိုက်တော့”
ရန်ကျောက်ကဲနှင့် ချောင်ယွမ်လုံ၊ ရှောင်ရှန်းတို့၏ တိုက်ပွဲအကြောင်းကိုလည်းကောင်း ရန်ကျောက်ကဲက အပြင်ပိုင်းကြယ်တာရာချီ အလယ်အလတ်အဆင့်သို့ အဆင့်တက်သွားသည်ကို လည်းကောင်း ကြားသိရသောအခါ အားဟူသည် ကြည်ညှိလေးစားနေသောဟန်ပန်ဖြင့် ရန်ကျောက်ကဲအား ကြည့်လိုက်သည်။
“မင်းသားလေး၊ တကယ်ကို မိုက်တယ်ဗျာ”
“ဖိနပ်’လျက် မနေနဲ့တော့။ ဖားချင်လည်း ဒီထက်ပိုပြီး မျက်နှာကို သဘာဝကျအောင် လုပ်လိုက်ဦး။ မင်းမျက်နှာက ဟန်လုပ်နေမှန်း သိသာတယ်”
စကားတပြောပြောနှင့် သူတို့သည် အရှေ့တန်မြို့တော်သို့ ဦးတည်သွားကြသည်။
သို့ရာတွင် လမ်းခုလတ်၌ သူတို့သည် နောက်မှ တစ်စုံတစ်ယောက်၏ ရုတ်တရက် ခေါ်သံကို ကြားလိုက်ရသည်။ အော်ခေါ်သူမှာ အရှေ့တန်အကြီးအကဲရန်ရှု့ဖြစ်၏။
ရန်ကျောက်ကဲကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရပြီးနောက် သူသည် အကြွေးဟောင်းကို ပြန်ဆပ်ရန် ရောက်လာခြင်း မဟုတ်ပေ။ အရှေ့အကြီးအကဲက အခေါ်လွှတ်သဖြင့် အရှေ့တန်မြို့တော်သို့ ထွက်ခွာလာခြင်းဖြစ်သည်။
ရန်ကျောက်ကဲအား ကြည့်၍ ရန်ရှု့က မေးသည်။
“အရှေ့အကြီးအကဲက အရှေ့တန်ကို လာတာ ဘာအတွက်လဲ”
ရန်ကျောက်ကဲက ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဘာလို့ ကျွန်တော့ကို လာမေးနေတာလဲ အကြီးအကဲရန်၊ ကျွန်တော်လည်း အရှေ့အကြီးအကဲနဲ့တွေ့ဖို့ အရှေ့တန်မြို့တော်ကို သွားနေတာပဲ”
ရန်ရှု့၏အကြည့်မှာ အေးစက်သုန်မှုန်သွားပြီး ရန်ကျောက်ကဲအား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။
“ဒီရက်တွေမှာ နေသူတော်စင်ဂိုဏ်းက တော်တော် လှုပ်လှုပ်ရွရွ ဖြစ်နေတယ်၊ ငါ့အထင် အရှေ့အကြီးအကဲလာတာ ဒီကိစ္စနဲ့ ပတ်သတ်နေပုံရတယ်”
“နေသူတော်စင်ဂိုဏ်းရဲ့ ဌာနချုပ်မှာတောင် တပ်လှန့်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်”
“မင်း ဒီတစ်ခါ ဘာပြဿနာ လုပ်လာပြန်ပြီလဲ”
ရန်ရှု့၏အေးစက်သုန်မှုန်သော အကြည့်ကို အရေးမစိုက်သည့်အလား ရန်ကျောက်ကဲက ခပ်အေးအေးပင် ဖြေကြားသည်။
“ဒီကိစ္စနဲ့ ပတ်သတ်ပြီး အရှေ့အကြီးအကဲက ခင်ဗျားကို ညွှန်ကြားချက် ပေးပြီးဖြစ်မှာပါ၊ အရှေ့အကြီးအကဲမှာလည်း သူ့အတွေးနဲ့သူ ရှိမှာပေါ့၊ ကျွန်တော် ထင်ရာမြင်ရာ လျှောက်ပြောနေရင် မယဉ်ကျေးရာကျတယ်”
သူ့စကားများ၏အဓိပ္ပာယ်ကား ရှင်းသည်။ ‘ခင်ဗျားသိဖို့လိုတဲ့အရာအားလုံးကို အရှေ့အကြီးအကဲက ခင်ဗျားကို ပြောပြပြီးပြီပဲ။ ခင်ဗျားသိစရာမလိုတဲ့ အရာတွေကို ကျွန်တော့်ဆီက စကားနှိုက်ဖို့ မကြိုးစားနဲ့။ ကျွန်တော် ပြောပြမှာ မဟုတ်ဘူး‘ ဟူ၍ ဖြစ်သည်။
ရန်ရှု့က ရန်ကျောက်ကဲအား ခံစားချက်မဲ့စွာ ကြည့်၍ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်သည်။
“ကောင်းတယ်၊ ကောင်းတယ်”
စောစောက အရှေ့အကြီးအကဲသည် သူ့အား နေသူတော်စင်ဂိုဏ်းကို သတိထားရန်နှင့် ရန်ကျောက်ကဲတို့လူစုကို လိုက်ပါစောင့်ရှောက်ရန် အမိန့်စာပါးခဲ့သည်။ သူ တစ်ခုခု သိချင်ပါက ရန်ကျောက်ကဲနှင့်အတူ အရှေ့တန်မြို့တော်သို့ ရောက်သည့်အထိ စောင့်ရပေမည်။
ရန်ကျောက်ကဲတို့အုပ်စု ဘေးကင်းစေရန် အရှေ့အကြီးအကဲက သူ့အား သီးသန့် တာဝန်ပေးထားခြင်းဖြစ်၏။
ထိုသို့ အတွေးရေယာဉ်ကြောမှာ မျောနေစဉ် ရန်ရှု့၏အကြည့်က ဖန်းယွမ်ရှန်းပေါ်သို့ ရောက်သွားသည်။
လျူလျောင်တောင်တန်းမှ ထွက်လာသော ရန်ကျောက်ကဲတို့အုပ်စုတွင် တစ်ခုတည်းသော ကွာခြားချက်မှာ သူမ လိုက်ပါလာခြင်းဖြစ်သည်။
“အရှေ့အကြီးအကဲရဲ့ကိစ္စပြီးသွားရင် မင်း သေချာ ရှင်းရမယ့် ကိစ္စတစ်ခု ကျန်သေးတယ်”
ရန်ရှု့က သုန်မှုန်လျက် ပြောလိုက်သည်။
ရန်ကျောက်ကဲ၏မျက်နှာမှာ မပြောင်းလဲပေ။
“အကြီးအကဲရန် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်”
သူတို့သည် အရှေ့တန်မြို့တော်ကို ခြေချမိချိန်တွင် အရှေ့ကောင်းကင်ဒေသတစ်ခုလုံးကို ကြီးကြပ်ရသော ဝါဒတောင်ဂိုဏ်း၏အရှေ့အကြီးအကဲက ရောက်နေလေပြီ။
အရှေ့အကြီးအကဲသည် ရန်ရှု့ မူလက ရုံးထိုင်ခဲ့သောအိမ်တော်၌ သူတို့ အရောက်ကို စောင့်နေ၏။
အရှေ့အကြီးအကဲမှာ ဇရာ၏ထုထောင်းခြင်းကို ခံရပုံမပေါ်သည့် ထွားကြိုင်းသန်မာသော လူအိုကြီးတစ်ယောက်ဖြစ်သည်။
သူတို့သည် ခန်းမထဲကို ရောက်သည်နှင့် အရှေ့အကြီးအကဲ၏တောက်ပသော အကြည့်က ဖန်းယွမ်ရှန်းပေါ်သို့ ဖြတ်ခနဲ ကျရောက်သွားသည်။
အကြည့်တစ်ချက်ဖြင့် သူမအား ဂရုတစိုက် အကဲခတ်ပြီးနောက် သူ့အကြည့်က ရန်ရှု့နှင့် ရန်ကျောက်ကဲပေါ်သို့ ရောက်သွားသည်။
“ကျောက်ကဲ၊ ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ် ပြောပြစမ်း”
အရှေ့အကြီးအကဲက ပြောသည်။
“ဒီကိစ္စကြောင့် ငါတို့ဂိုဏ်းဌာနချုပ်မှာ အုတ်အုတ်ကျက်ကျက်ဖြစ်နေတယ်၊ သူတို့က ဒီကို လူတွေလွှတ်ဖို့ ပြင်ဆင်နေပြီ”
ဤသည်ကို ကြားသောအခါ အရှေ့တန်အကြီးအကဲ၏အကြည့် အနည်းငယ် လှုပ်ခတ်သွားသည်။
အရှေ့အကြီးအကဲတောင် ဆုံးဖြတ်ချက်မချနိုင်သည့် ကိစ္စ၊ ပင်မဂိုဏ်းကတောင် လှုပ်ရှားဖို့ လိုနေတယ်တဲ့လား။
သည်တစ်ခါ ရန်ကျောက်ကဲ မီးမွှေးသော ပြဿနာမှာ လုံးဝ အသေးအမွှားမဟုတ်ချေ။