Switch Mode

အခန်း (၅၂၀)

အချုပ်အနှောင်အား ချိုးဖျက်ခြင်း

အချိန်များ လျင်မြန်စွာကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့ ထိုနေရာ၌ ရှိနေခဲ့သည်မှာ သုံးရက်တိတိ ကြာမြင့်နေပြီဖြစ်ပြီး ထိုသုံးရက်အတွင်းတွင် သူသည် ရုပ်သေးရုပ် စုစုပေါင်း အရုပ်ငါးထောင်ခန့် အသုံးပြုခဲ့ပြီးဖြစ်သည်။ သူသည် အထူးဒေသမြို့တော်၏ မြို့တော်သခင် ဖြစ်လာခဲ့စဉ်တုန်းက ၎င်းတို့အား စုစည်းထားခဲ့ခြင်းဖြစ်၏။ သူသည် သူ၏ အဆောင်သန့်စင်ခြင်းပညာရပ်များ တိုးတက်လာသည့်အချိန်တိုင်း ရုပ်သေးရုပ်များကိုလည်း ပုံမှန် အဆင့်မြှင့်တင်ပေးခဲ့၏။

ထို့ကြောင့်လည်း သူ၏ ရုပ်သေးရုပ်များထဲမှ အားအနည်းဆုံး ရုပ်များရုပ်မှာ အာနာပါနအဆင့်တွင် ရှိနေကြပြီဖြစ်ပြီး ရုပ်သေးရုပ် အရုပ်တစ်ရာကျော်မှာဆိုလျှင် အခြေတည်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ အံ့ဩစရာအကောင်းဆုံးမှာ သူ ပထမဆုံးအကြိမ်အဖြစ် သန့်စင်ခဲ့သည့် အထူးရုပ်သေးရုပ်များပင် ဖြစ်သည်။ ၎င်းတို့ထဲမှ ရုပ်သေးရုပ်နှစ်ရုပ်သာ ကျန်ရှိတော့ပါသော်လည်း ထိုနှစ်ရုပ်စလုံးမှာ အခြေတည်ထိပ်ဆုံးအဆင့်၌ ရောက်နေကြပြီဖြစ်ပြီး အမြုတေအဆင့်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသောအခါ ထို ရုပ်သေးရုပ်များမှာ ယခင်တုန်းကလောက် အသုံးမဝင်တော့ပေ။ ထို့ကြောင့်လည်း သူသည် ၎င်းတို့အား အမြောက်အမြား စုဆောင်းမိထားခြင်းဖြစ်သည်။ ယခုတွင် ၎င်းတို့မှာ အချုပ်အနှောင်အား စမ်းသပ်ရာ၌ အသုံးဝင်လာပြီးဖြစ်သည်။

ထိုစမ်းသပ်မှုမှာ စေ့စပ်တိကျလွန်းသောကြောင့် သုံးရက်အကြာတွင် ဝမ်ပေါင်လဲ့မှာ ထိုအချုပ်အနှောင်ကြီးထဲရှိ ဟာကွက်ကို ဖော်ထုတ်နိုင်သွားတော့သည်။

” အသေးစားဟာကွက် သုံးခုရှိတယ်… ” ဝမ်ပေါင်လဲ့မှာ ထောင့်တစ်ထောင့်တွင် တင်ပျဉ်ခွေထိုင်ရင်း သူ၏ရှေ့တွင်ရှိနေသော တောင်ထိပ်ကြီးအား အကဲခတ်နေ၏။ သူသည် မည်သည့်အချိန်တွင် နောက်ထပ်ပြောင်းလဲမှုတစ်ခု ထပ်မံပေါ်ပေါက်လာမည်ကို မသိပါသော်လည်း သူ့ဆီတွင် အချိန်သိပ်မကျန်တော့ကြောင်း နားလည်ထား၏။ ထို့ကြောင့် သူ့ဘက်မှ အလျင်အမြန် လှုပ်ရှားရန် လိုအပ်ပေသည်။

သို့သော် သူသည် လောနေ၍မဖြစ်ပေ။ သူ၏ သုံးသပ်ချက်များအရဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အပြင်ခန္ဓာကိုယ်စွမ်းအားများမှာ ထိုအနက်ရောင်အလင်းတန်းကြီး၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ အကယ်၍ သူသည် ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်မည်ဆိုပါက အမှားအယွင်အနည်းငယ် လုပ်မိသည်နှင့် သူ၏ ဝိညာဉ်နှင့်ခန္ဓာကိုယ်နှစ်ခုစလုံး ချက်ချင်းပင် ပျက်စီးသွားရမည်သာဖြစ်သည်။

” ငါက တိုက်ပွဲရမှတ်လေးတွေ လိုချင်ရုံပါပဲကွာ။ ပင်ပန်းလိုက်တာနော်… ” ဝမ်ပေါင်လဲ့မှာ ထိုတောင်ကြီးပေါ်ရှိ ရုပ်အလောင်းများနှင့် အဆောင်များအား လှမ်းကြည့်ရင်း သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ သူသည် ထို ရုပ်အလောင်းများပေါ်ရှိ သိုလှောင်အိတ်များကို ငမ်းငမ်းတက် လိုချင်နေသောကြောင့် အခြားရွေးချယ်စရာ မရှိတော့ပေ။

ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် သူ၏ရှေ့တွင်ရှိနေသော တောင်ကြီးကို စိုက်ကြည့်နေလိုက်၏။ နာရီဝက်ကုန်သွားတိုင်း သူသည် ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်လွှတ်လိုက်သည်ဖြစ်ပြီး ၎င်းတို့၏ အရေအတွက်အား တဖြည်းဖြည်းနှင့် တိုးမြှင့်လာခဲ့၏။ ထိုရုပ်သေးရုပ်များမှာ ထိုအချုပ်အနှောင်ကြီးအား ဖြတ်သန်းသွားရန် ကြိုးစားလိုက်သည့်အချိန်တိုင်း အနက်ရောင်အလင်းတန်းကြီးကြောင့် အပိုင်းပိုင်းပြတ်သွားရသည်သာ ဖြစ်သည်။

ထိုသို့ဖြင့် ရှစ်နာရီတိတိ ကုန်ဆုံးသွားပြန်သည်။ ဝမ်ပေါင်လဲ့မှာ နောက်ထပ်ရုပ်သေးရုပ်တစ်ရုပ်အား ထိုတောင်ထိပ်ဆီသို့ စေလွှတ်လိုက်သောအခါ အနက်ရောင်အလင်းတန်းကြီးမှာ ပြန်လည်ထွက်ပေါ်လာပြန်သည်။ သို့သော် ယခုအကြိမ်တွင်မူ ထိုအလင်းတန်းကြီးမှာ တစ်ခဏမျှ ရပ်တန့်သွား၏။

” အဲတာ ဟာကွက်ပဲ ” သူသည် ထိုသို့ဖြစ်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းကာ ပြင်ဆင်ထားခဲ့သည့်ပုံပင်။ အနက်ရောင်အလင်းတန်းကြီး ထိုကဲ့သို့ ရပ်တပ်သွားသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး လျှပ်စီးတန်းတစ်တန်းကဲ့သို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွား၏။ ထို့နောက် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ လျင်မြန်စွာ လည်ပတ်လာတော့သည်။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏ ပတ်ပတ်လည်၌ ဓမ္မရတနာပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပြန့်ထွက်သွားကြ၏။ ၎င်းတို့ထဲတွင် ဓမ္မလက်နက်မျိုးစုံ ပါဝင်နေသည်။ သူ၏ ပတ်ပတ်လည်တွင်မူ ရောင်စုံဖဲကြိုးလေးတစ်ခုမှာ အဆက်အပြတ် လည်ပတ်နေပြီး အားကောင်းသော အကာအရံကြီးတစ်ခုကို ဖန်တီးပေးထား၏။

သူသည် အရာရာတိုင်းအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည့်ပုံပင်။ ထိုအခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့၏။ ဝမ်ပေါင်လဲ့မှာ ကြယ်ပျံတစ်လုံးကဲ့သို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွားပြီး တောင်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ထို ကိုယ်ပျောက်အချုပ်အနှောင်ကြီးဆီသို့ ရောက်ရှိလာ၏။ အနက်ရောင်အလင်းတန်းကြီးမှာ ချက်ချင်း ပေါ်ထွက်လာရမည် ဖြစ်ပါသော်လည်း ‌ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်အား တိုက်ခိုက်နေခဲ့စဉ်တုန်းက တစ်ခဏမျှ ရပ်တန့်သွားခဲ့သည် မဟုတ်ပါလော။

ယခုတွင်လည်း ၎င်းမှာ ထပ်၍ ရပ်တန့်သွားပြန်သည်။

ထိုကဲ့သို့ တစ်ခဏမျှရပ်တန့်သွားမှုကြောင့် ဝမ်ပေါင်လဲ့မှာ အကာအရံကြီးကို ကျော်ဖြတ်ကာ တောင်ပေါ်သို့ ရောက်ရှိလာတော့သည်။ သို့သော် သူသည် ထိုအချုပ်အနှောင်အား ဖျက်ဆီးနိုင်ခဲ့ခြင်းတော့မရှိပေ။ သူသည် ထိုတောင်ပေါ်သို့ ရောက်သွားသည့်တိုင်အောင် အန္တရာယ်နှင့်ကြုံတွေ့နိုင်သေးသည်ဟု ခံစားနေရဆဲပင်။

သို့သော် သူသည် ယခုတွင် ထိုကိစ္စနှင့်ပတ်သတ်၍ တွေးပူနေရန်အချိန်မရှိပေ။ ထို့ကြောင့် သူသည် အချုပ်အနှောင်ကြီးအား ကျော်ဖြတ်ကာ တောင်ပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် သူ၏ ညာဘက်လက်အား မြှောက်၍ ခပ်လှမ်းလှမ်းတွင် ရှိနေသော ရုပ်အလောင်းများဆီမှ သိုလှောင်အိတ်များကို လှမ်း၍ ဖမ်းဆွဲလိုက်တော့သည်။

ထိုအခါ သိုလှောင်အိတ်လေးလုံးမှာ သူ့ဆီသို့ ပျံဝဲလာ၏။ သူသည် ၎င်းတို့အား လှမ်းဖမ်းလိုက်ပြီးနောက် သူ၏လောဘစိတ်များကို ချုပ်တည်းကာ နောက်သို့ ချက်ချင်းပင် ဆုတ်ခွာသွားတော့သည်။ ထို့နောက် သူသည် အတွင်းသို့ ဝင်ရောက်လာခဲ့စဉ်တုန်းကအတိုင်း လျှပ်စီးတန်းတစ်ခုကဲ့သို့ လျင်မြန်စွာ ပြန်ထွက်သွား၏။ သူ၏ လှုပ်ရှားမှုများမှာ အတားအဆီးမရှိ စီးဆင်းနေသော ရေများကဲ့သို့ ချောမွေ့နေ၏။ လွန်ခဲ့သည့် သုံးရက်အတွင်းတွင် သူသည် ထိုလှုပ်ရှားမှုများအား စိတ်ကူးထဲ၌ ထပ်ခါတလဲလဲ ပုံဖော်ထားခဲ့သည် မဟုတ်ပါလော။

ထိုကဲ့သို့ သူ နောက်သို့ဆုတ်သွားပြီး ထိုနေရာမှထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အနက်ရောင်အလင်းတန်းကြီးမှာ ရုတ်တရက်ဆိုသလို ပြန်လည်ပေါ်ပေါက်လာ၏။ ၎င်း ရပ်တန့်နေခဲ့သည့် အချိန်မှာ ပြီးဆုံးသွားပြီဖြစ်၍ ယခုတွင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဘေးမှ ဖြတ်သန်းသွားတော့သည်။

ထို အနက်ရောင်အလင်းတန်း၏ အမြန်နှုန်းမှာ ဝမ်ပေါင်လဲ့၏ အမြန်နှုန်းထက် အဆပေါင်းများစွာပို၍ သာလွန်နေ၏။ ထို့ကြောင့် ၎င်းမှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းနေတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်၏။ ထို အနက်ရောင်အလင်းတန်းကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ပတ်ပတ်လည်တွင် ရှိနေသော ဓမ္မရတနာများမှာ သူနှင့် ထိုအနက်ရောင်အလင်းတန်းကြီး၏ ကြားသို့ ရောက်လာကြတော့သည်။

ထို့ကြောင့် ထို ဓမ္မရတနာများမှာ အနက်ရောင်အလင်းတန်းကြီးနှင့် ရိုက်ခတ်သွား၏။ ထိုအခါ ၎င်းတို့၏ အမြုတေများနှင့် အစိတ်အပိုင်းများမှာ တစ်စစီ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ဖြစ်သွားသဖြင့် ၎င်းတို့မှာ စာရွက်များအဖြစ်သို့ ပြောင်းလဲသွားသည့်အလားပင်။ ၎င်းတို့မှာ အနက်ရောင်အလင်းတန်းကြီးအား ခုခံနိုင်စွမ်းမရှိသဖြင့် ထပ်ခြမ်းကွဲသွားကြတော့သည်။

ကံကောင်းစွာဖြင့် ရောင်စုံဖဲကြိုးလေးထဲတွင် စွမ်းအားအမြောက်အမြား ကိန်းအောင်းနေ၏။ ၎င်းမှာ သူ၏ပတ်ပတ်လည်၌ လည်ပတ်ကာ လေမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဝမ်ပေါင်လဲ့၏ ဓမ္မရတနာများမှာလည်း ၎င်းတို့၏ စွမ်းအားများကို ထုတ်လွှတ်ကာ အကာအရံတစ်ခု ဖန်တီးလိုက်ပြီး အနက်ရောင်အလင်းတန်းကြီးအား တားဆီးလိုက်၏။ ထိုအခါ လေထုထဲတွင် မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားတော့သည်။ နောက်ဆုံးတွင် ဖဲကြိုးလေးနှင့် ဓမ္မလက်နက်များမှာ အနက်ရောင်အလင်းတန်းကြီး၏ တိုက်ခိုက်မှုအား ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အချုပ်အနှောင်နယ်မြေကြီးထဲမှ အပြင်သို့ ပြေးထွက်လာတော့သည်။

သူသည် ထွက်ပြေးလွတ်မြောက်လာသည့်တိုင်အောင် အချုပ်အနှောင်ကြီး၏ ပြင်းအားမှာ အလွန်အင်မတန်မှ အားကောင်းနေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ သူ၏ အမြင်အာရုံများမှာလည်း ဝေဝါးသွားရပြီး သူသည် အချုပ်အနှောင်ကြီးထဲမှ ပျံထွက်လာပြီးနောက် ခြေလှမ်းများ ဒယိမ်းဒယိုင် ဖြစ်သွားရ၏။ ထို့နောက် သူ၏ပါးစပ်ထဲမှ နောက်ထပ်‌သွေးတစ်ပွက် အန်ထွက်လာပြန်သည်။ သူသည် ဒဏ်ရာအပြင်းအထန် ရသွားသောကြောင့် ဖဲကြိုးလေးနှင့် သူ၏ အခြား ဓမ္မရတနာများအား ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် ၎င်းတို့မှာ မြေကြီးပေါ်သို့ ပြုတ်ကျလာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင် ဖြစ်သွားပြီးနောက် ရင်ဘတ်ထဲမှ သွေးများ စိမ့်ထွက်လာ၏။ ထို့နောက် သူသည် ဘေးဘက်သို့ လဲကျသွားတော့သည်။ သူ၏ ဒဏ်ရာများမှာ အလွန်အင်မတန်မှ ပြင်းထန်သည့်ပုံ ပေါ်နေပြီး နောက်ဆုံးတွင် သူသည် သတိလစ်သွားတော့သည်။

သူထိုကဲ့သို့ သတိလစ်သွားသောအခါ သူ ယူ‌လာခဲ့သော သိုလှောင်အိတ်များမှာလည်း လက်ထဲမှ ထွက်ကျသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။ အနက်ရောက်အလင်းတန်းကြီးမှာမူ တလက်လက်တောက်ပနေပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။

ထိုကဲ့သို့ တစ်နာရီတိတိ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ ထို တစ်နာရီအတွင်းတွင် မည်သည့်လှုပ်ရှားမှုမှ မရှိသလို အသံတစ်သံမှ ထွက်ပေါ်မလာခဲ့ပေ။ ဒဏ်ရာအပြင်းအထန်ရထားသော ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် မြေကြီးပေါ်၌ မလှုပ်မယှက် လဲလျောင်းနေ၏။ ထိုအချိန်တွင် သူ့အား တိုက်ခိုက်လိုက်မည်ဆိုပါက သူသည် ပြန်လည်ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် ရန်ပြုလိုသည့် လူတစ်ယောက်ယောက်သာ ရောက်ရှိလာမည်ဆိုပါက သူ့အား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေမည်ဖြစ်သည်။

သူ၏ ဘေးနားတစ်ဝိုက်တွင် ပြန့်ကျဲနေသော ဓမ္မလက်နက်များနှင့် သိုလှောင်အိတ်များမှာ လောဘသားများ၏ သတ်ဖြတ်လိုစိတ်များကို နှိုးဆွပေးနိုင်လောက်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် ကံကောင်းနေသောကြောင့်လား အခြားသူများ ကံကောင်းနေသောကြောင့်လားတော့မသိပေ။ ထိုတစ်နာရီအတွင်းတွင် မည်သူမှ ပေါ်ပေါက်မလာခဲ့ပေ။ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးဝိညာဉ်ပင် ပေါ်ပေါက်လာခဲ့ခြင်းမရှိပေ။

ထိုသို့ဖြင့် တစ်နာရီတိတိ သွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ပွင့်လာ၏။ သူ၏ မျက်ဝန်းများထဲတွင် သတိလစ်နေရာမှ ပြန်လည်နိုးထလာသည့် လူများ၏ မျက်ဝန်းများထဲတွင် ရှိနေတတ်သော ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များကို မမြင်ရပေ။ သူ၏ မျက်ဝန်းများမှာ အဓိပ္ပါယ်လေးနက်သော အလင်းရောင်တစ်ခုဖြင့် တောက်ပနေ၏။

” ကြည့်ရတာ ဒီနားမှာ ဘယ်သူမှ တကယ်မရှိတဲ့ပုံပဲ… အမျိုးသမီးဝိညာဉ်က ငါ့ကို တကယ် ကျေးဇူးဆပ်ချင်ခဲ့တာပါလား။ ငါ့ရဲ့ ဟန်ဆောင်မှုက ဒီလောက်အထိ ကောင်းနေတာမလို့ ဒီနားတစ်ဝိုက်မှာ ငါ့ကို မကောင်းကြံချင်တဲ့လူတွေ ရှိနေရင် ငါ့ကို တိုက်ခိုက်ပြီးလောက်ပြီ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ချက်ချင်းပင် ပြန်ထလာ၏။ သူ၏ဒဏ်ရာများအားလုံးမှာ အတုအယောင်များ ဖြစ်နေသည့်ပုံပင်။

အမှန်တွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တောင်ထိပ်ကြီးကို မြင်ခဲ့ရသည့်တိုင်အောင် သူ၏ သတိဝီရိယများကို လျှော့ချခဲ့ခြင်းမရှိပေ။ သူသည် ထိုနေရာတစ်ဝိုက်တွင် ထောင်ချောက်များရှိနေမည်ကို စိုးရိမ်နေခဲ့၏။ ထို့ကြောင့်လည်း သူသည် ဒဏ်ရာရသွားခဲ့သည့်ပုံစံ ဟန်ဆောင်ကာ သူ့အား ချောင်းမြောင်းနေနိုင်သည့် လူများအား မျှားခေါ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ပတ်ပတ်လည်တွင် ပြန့်ကျဲနေသော ဓမ္မလက်နက်များမှာ ဟိုတစ်စ သည်တစ်စ ဖြစ်နေပါသော်လည်း ၎င်းတို့မှာ သူကိုယ်တိုင် ဖန်တီးသန့်စင်ထားသည့် ဓမ္မလက်နက်များ ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် တစ်စုံတစ်ယောက် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် သူသည် ၎င်းတို့၏ စွမ်းအားများကို ချက်ချင်းထုတ်သုံးနိုင်ပေသည်။

” ဘယ်သူမှ မရှိမှတော့ ငါလည်း အချိန်ဖြုန်းမနေတော့ဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး သူ၏ လက်ကိုဝှေ့ယမ်းကာ ဘေးပတ်ပတ်လည်တွေ ပြန့်ကျဲနေသော ပစ္စည်းများကို ပြန်လည်သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အရောင်တောက်ပလာပြီး တောင်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။ အချိန်အတော်အတန်ကြာပြီးနောက် သူ၏ လျှပ်စီးအမြုတေစွမ်းအားများ ထွက်ပေါ်လာ၏။ ထိုအခါ လေထဲတွင် လျှပ်စီးတန်းများ ပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ ရေခဲမီးတောက်များ ထွက်ပေါ်လာသည်။ သူသည် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားများကို အကုန်လုံး ထုတ်သုံးလိုက်သောကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ တဖျစ်ဖျစ်‌တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာတော့သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ရောင်စုံဖဲကြိုးလေးနှင့် သုံးရောင်ခြယ် ဓားပျံများမှာလည်း အပြင်သို့ပျံထွက်လာကြပြီး သူ၏ ပတ်ပတ်လည်၌ အရှိန်အဟုန်ဖြင့် လည်ပတ်နေ၏။ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ ယခင်အကြိမ်တုန်းကထက် အများကြီးပို၍ အားကောင်းနေပြီ ဖြစ်သည်။ သူသည် ထိုကဲ့သို့ ပြင်ဆင်လိုက်ပြီးနောက် နောက်ထပ် နာရီဝက်တိတိ ဆက်လက်စောင့်ဆိုင်းနေလိုက်၏။ ထို့နောက် သူသည် နောက်ထပ် ရုပ်သေးရုပ်ဆယ်ရုပ်အား ထုတ်လွှတ်လိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သူ၏ ရုပ်သေးရုပ်များနှင့်အတူ အချုပ်အနှောင်နယ်မြေကြီးထဲသို့ ပြေးဝင်သွားလိုက်တော့သည်။

ယခုအကြိမ်တွင် သူသည် ပထမအကြိမ်တုန်းကထက် နှစ်ဆတိတိ ပို၍ မြန်နေ၏။ သူသည် ဒုတိယမြောက် ဟာကွက်ကို အခွင့်ကောင်းယူကာ အချုပ်အနှောင်ကြီး၏ အကာအရံကြီးအား ကျော်ဖြတ်သွားလိုက်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲ၌ ရှိနေသော ဝါးမျိုခြင်းသစ်စေ့မှာ စတင်လည်ပတ်လာတော့သည်။ ထိုအခါ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ရှေ့တွင် ရှိနေသည့် ဒါဇင်ပေါင်းများစွာသော ရုပ်အလောင်းများ၏ သိုလှောင်အိတ်များမှာ မျက်လုံးဖြင့်မမြင်နိုင်သော လက်များ၏ လှမ်းဆွဲခြင်းကို ခံလိုက်ရသည့်အလား သူ့ဆီသို့ ပျံဝဲလာကြတော့သည်။

အရာအားလုံးမှာ သူစီစဉ်ထားသည့်အတိုင်းပင်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ ယခုချက်ချင်း ထွက်ခွာသွားလိုက်မည်ဆိုပါက ဒဏ်ရာအများကြီး ရမည်မဟုတ်ပေ။ သို့သော် သူသည် နောက်သို့ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် မျက်လုံးများပြူးကျယ်သွားရ၏။ သူသည် ထိုတောင်ထိပ်ကြီးပေါ်ရှိ အမြင့်ဆုံးနေရာအား ငေးကြည့်နေမိ‌တော့သည်။ သူသည် အပြင်ဘက်တွင် ရှိနေခဲ့စဉ်တုန်းက ကြားတွင် အချုပ်အနှောင်ကြီး ရှိနေခဲ့သောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပါသော်လည်း ယခုတွင်မူ အတွင်းထဲသို့ ရောက်နေပြီဖြစ်ရာ ဂူဗိမာန်တစ်လုံးကို… အထင်အရှားမြင်လိုက်ရတော့သည်။

ထို ဂူဗိမာန်ထဲတွင် ဝတ်ကောင်းစားလှများကို ဆင်မြန်းထားသည့် ရုပ်အလောင်းတစ်ခုမှာ တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ပေါင်ပေါ်တွင်… ခရမ်းရောင် အသိအမှတ်ပြု တံဆိပ်ပြားတစ်ခု ရှိနေသည်။

” အဓိကအဖွဲ့ဝင်တစ်ယောက်ရဲ့ အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုပါလား “

Comment

Leave a Reply

Options

not work with dark mode
Reset