Switch Mode

အခန်း (၅၁၉)

အဖြူရောင်ဝတ်ရုံ၏ ကျေးဇူးဆပ်မှု

သူတို့မှာ ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ ကြောက်ရွံ့နေကြကြောင်း သိသာထင်ရှားပေသည်။ ထို့ကြောင့်လည်း သူတို့မှာ ယခုမှ ပြန်လည်ပေါ်ပေါက်လာကြခြင်းဖြစ်၏။ သူတို့ထဲမှ လေးယောက်မှာ ကြောက်လန့်တကြားနှင့် ငိုကြွေးနေကြသည်။ ထို့နောက် သူတို့သည် သူတို့၏ရှေ့တွင် ရှိနေသော စက်ဆုပ်ဖွယ်ရာလူကြီးမှာ သူတို့၏ ငိုသံများအား မနှစ်သက်သည်ကို ပြန်၍သတိရသွားသဖြင့် ချက်ချင်းပင် သူတို့၏ ပါးစပ်များကို လက်များဖြင့် အုပ်လိုက်ကြ၏။

သူတို့ထဲမှ တစ်ယောက်သာလျှင် သူတို့အားလုံးနည်းတူ ကြောက်ရွံ့တုန်လှုပ်နေသည့်တိုင်အောင် သတ္တိမွေးကာ ရှေ့သို့ ပျံဝဲ‌လာ၏။ သူသည် ဝမ်ပေါင်လဲ့၏ ရှေ့တွင် ရပ်လိုက်ပြီးနောက် ဒူးထောက်ကာ ရှိခိုးဦးချလိုက်တော့သည်။ ထို့နောက် သူသည် ပျက်စီးယိုယွင်းနေသည့် အငွေ့အသက်များ ထွက်ပေါ်နေပါသော်လည်း အကောင်းပတိအတိုင်း ရှိနေသေးသည်ဟု ဆိုနိုင်သော ဆေးပုလင်းတစ်ပုလင်းအား ထုတ်ယူကာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ချထားလိုက်ပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ ရှိခိုးဦးချလိုက်ပြန်သည်။ ထို့နောက် သူ၏ ဝိညာဉ်ခန္ဓာကိုယ်ထဲမှ မသဲမကွဲ စကားသံတစ်သံ ထွက်ပေါ်လာ၏။

” ကျေးဇူးပြုပြီးတော့… ကျွန်တော်တို့ရဲ့ အမေကို… ကျွန်တော်တို့ဆီ ပြန်ပေးပါ ”

ထို့‌ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး ထို ဝိညာဉ်ငယ်လေးနှင့် ၎င်း၏နောက်တွင် အော်မငိုရဲဘဲ ကတုန်ကယင်နှင့် ရပ်နေကြသော ကလေးငယ်များကို စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ထိုဆေးပုလင်းအား လှမ်းယူလိုက်ပြီး စစ်ဆေးကြည့်ရှုလိုက်၏။ နောက်ဆုံးတွင် သူသည် ၎င်းအား အဖုံးဖွင့်ကာ အတွင်းထဲသို့ လှမ်းကြည့်လိုက်သောအခါ တစ်ခဏမျှ ဆွံ့အမှင်တက်သွားရတော့သည်။

” စကြဝဠာဆေးလုံးတစ်လုံးပါလား ” ဝမ်ပေါင်လဲ့မှာ ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ စတင်ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက အဖိုးတန် ရတနာများနှင့် များများစားစား ကြုံတွေ့ခဲ့ရခြင်း မရှိပေ။ သို့သော် သူသည် ဆေးလုံးများနှင့် ကုန်ကြမ်းပစ္စည်းများအကြောင်းကို အလေးပေး၍ လေ့လာခဲ့၏။

ဥပမာပြရလျှင် ဤ စကြဝဠာဆေးလုံးပင် ဖြစ်သည်။ သူသည် ထိုဆေးလုံးအား တစ်ခါမှ မမြင်ဖူးပါသော်လည်း ၎င်းမှာ တမူထူးခြားသော ဂုဏ်သတ္တိတစ်ခုကို ပိုင်ဆိုင်ထားသည့်ဖြစ်ကြောင်း သိထား၏။ ၎င်းဆီမှ အနက်ရောင် အလင်းရောင်တစ်ခု ထွက်ပေါ်နေ၏။ သို့သော် ညအချိန်သို့ရောက်လျှင် ၎င်းမှာ ပုလဲလုံးတစ်လုံးကဲ့သို့ တလက်လက်တောက်ပလာသည်သာ ဖြစ်သည်။

ထို စကြဝဠာဆေးလုံးမှာ အမြုတေ ထိပ်ဆုံးအဆင့် ကျင့်ကြံသူများအား ယွမ်ယင်အဆင့်သို့ တက်လှမ်းနိုင်စေရန် ကူညီပေးနိုင်သည့် ဆေးလုံးတစ်လုံး ဖြစ်သည်။ ၎င်းအား ဂိုဏ်းမှဝယ်ယူလိုပါက တိုက်ပွဲရမှတ် အမှတ်ငါးသောင်းတိတိ အသုံးပြုရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေရပါသော်လည်း ထိုဆေးလုံးမှာ အလွန်အင်မတန်မှ တမူထူးခြားသည့်ပုံ ပေါက်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အပျော်လွန်သွားရ၏။ သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးဝိညာဉ်အား ကိုင်မြှောက်ကာ ဘေးဘက်သို့ လှမ်းပစ်လိုက်၏။

သူသည် အဆုံးမဲ့မျိုးနွယ်စုမှာ မည်သည့်နည်းလမ်းများကိုသုံး၍ ထိုဝိညာဉ်များအား ထိန်းချုပ်ထားသည်ကို မသိပါသော်လည်း မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး အမှောင်မီးတောက်ရှစ်ခုအား ဆင့်ခေါ်လိုက်၏။ ၎င်းတို့မှာ ထိုဝိညာဉ်များ၏ ပတ်ပတ်လည်တွင် ဝန်းရံသွားပြီး ထိုဝိညာဉ်များအား ထိန်းချုပ်နေသည့် မန္တန်အကြွင်းအကျန်များကို ဖျက်ဆီးပေးလိုက်၏။ ထို့နောက် သူသည် ထိုမီးတောက်များအား သူ့ဆီသို့ ပြန်လည်ဆင့်ခေါ်လိုက်သည်။

ထို လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဝိညာဥ်များမှာ ကြောက်ရွံ့တုန်လှုပ်နေသောကြောင့် တစ်လက်မခန့်ပင် မလှုပ်ရဲကြပေ။ ဝမ်ပေါင်လဲ့၏ အမှောင်မီးတောက်များမှာ ၎င်းတို့၏ ဘဝတစ်လျှောက်လုံး၌ အကြောက်ရွံ့ရဆုံး အရာများထဲတွင် ပါဝင်နေသည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့ပြီးလျှင် ထိုမီးတောက်များအား အကြောက်ရွံ့ရဆုံး ဖြစ်နေ၏။

” အေးပါအေးပါ။ သွားကြတော့။ လူတွေကို ထပ်ပြီးတော့ လိုက်ခြောက်မနေနဲ့ဦးနော် ” ဝမ်ပေါင်လဲ့မှာ သူ၏လက်အား ဝှေ့ယမ်းလိုက်ပြီး ထိုဝိညာဉ်များအား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် စကြဝဠာဆေးလုံးအား အသေးစိတ် လေ့လာနေလိုက်တော့သည်။

အမျိုးသမီးဝိညာဉ်မှာ သူ၏လက်မှ လွတ်မြောက်လာပြီးနောက် ထိုနေရာ၌ ကြာကြာမနေရဲတော့သဖြင့် သူမ၏ ကလေးများအားခေါ်၍ အဝေးသို့ထွက်ပြေးသွားတော့သည်…

အချိန်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ စကြဝဠာဆေးလုံးအား သိမ်းဆည်းလိုက်၏။ သူသည် သူ၏နေအိမ်သို့ ပြန်ရောက်သောအခါမှ ၎င်းအား ထပ်၍ စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ထိုဆေးလုံး၏ အမည်အစစ်အမှန်အား သိရှိအောင်လုပ်ပြီး ၎င်းမှာ စကြဝဠာဆေးလုံး ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ကြံရွယ်ထား၏။ အကယ်၍ ၎င်းမှာ စကြဝဠာဆေးလုံး အစစ်ဆိုပါက သူသည် အမြတ်ထွက်သွားမည်သာ ဖြစ်သည်။ အကယ်၍ ၎င်းမှာ အတုဖြစ်နေလျှင်မူ…. ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွား၏။ သူသည် ဤနေရာသို့ ပြန်လာပြီး ထိုဝိညာဉ်များအား မတွေ့တွေ့အောင်ရှာကာ သူ့အား လိမ်လည်လှည့်ဖျားခဲ့ရသည့် အကြောင်းအရင်းကို မေးမြန်းလိုက်မည်သာ ဖြစ်သည်။

သူသည် နောက်သို့ လှည့်ကာ ဧရာမ ရွှေရောင်နွားချေးပိုးကြီးအား စိုက်ကြည့်နေလိုက်၏။ အချိန်အနည်းငယ်ခန့် စဉ်းစားတွေးတောပြီးသွားသောအခါမှ သူသည် ထိုနွားချေးပိုးကြီးနှင့် ၎င်း၏ အတွင်းထဲတွင် ရှိနေသော ရုပ်အလောင်းများကိုပါ သူနှင့်အတူ ပြန်ယူသွားရန် ဆုံးဖြတ်လိုက်တော့သည်။

” ဒါတွေကို တိုက်ပွဲရမှတ်တွေနဲ့ လဲလို့မရလည်း ကိစ္စမရှိဘူး။ အရင်ဆုံး ပြန်ယူသွားပြီးမှ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားရမယ်။ နောက်ပိုင်းကျရင် ပြန်ရောင်းလို့ ရရင်ရမှာ… တခြား ဘာမှလုပ်စရာမှ မရှိဘဲ။ ငါက မွဲလွန်းနေတာကိုး ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ညည်းညူနေတော့သည်။ သူသည် ဤခရီးစဉ်တွင်ရရှိခဲ့သော အကျိုးအမြတ်များနှင့် ပတ်သတ်၍ အနည်းမျှသာ စိတ်ကျေနပ်မှု ရှိပေသည်။

အကယ်၍ ထိုဆေးလုံးမှာ အစစ်ဆိုပါက သူ့အတွက် အဆင်ပြေနိုင်ပါသော်လည်း အစစ်မဟုတ်ပါက သူ၏ ခရီးစဉ်မှာ အရှုံး‌ပေါ်နေမည်ဖြစ်သည်။ အသွားအပြန်ကုန်ကျစရိတ်မှာ တိုက်ပွဲရမှတ် အမှတ်တစ်ထောင်တိတိ ရှိနေသည် မဟုတ်ပါလော။ ထို့အပြင် သူသည် အချိန်အများကြီး အကုန်ခံခဲ့ရသေးသည်။

” ထားပါတော့။ ဒီခရီးကြောင့် ဒီပတ်ဝန်းကျင် အနေအထားကို အကျွမ်းတဝင် ရှိသွားတာ အမြတ်လို့ပဲ သဘောထားလိုက်မယ် ” ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။ သူသည် လေပေါ်သို့ ပျံတက်သွားပြီး သူ၏ နေအိမ်ရှိရာဘက်သို့ မျက်နှာမူကာ အကာအရံကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။ ထိုအချိန်တွင် မကြာသေးမီတုန်းက ထွက်ခွာသွားခဲ့သော အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးဝိညာဉ်မှာ သူ၏ရှေ့တွင် ပြန်ပေါ်လာ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့၌ နောက်ထပ်တစ်ကြိမ်ထပ်၍ ပေါ်လာရဲလောက်အောင် သတ္တိကောင်းနေသော အမျိုးသမီးဝိညာဉ်အား စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်၏။ သူသည် သူမအား အော်ဟစ်ကြိမ်းမောင်းရန် ပြင်လိုက်စဉ်မှာပင် ထိုဝိညာဉ်မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး ဝမ်ပေါင်လဲ့အား အလောတကြီးနှင့် ဂါရဝပြုလိုက်၏။ သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် သူမအား အထင်လွဲသွားမည်ကို ကြောက်ရွံ့နေသည့်ပုံပင်။ ထို့ကြောင့် သူမသည် သူမ၏ အသိစိတ်အား သူ့ဆီသို့ ဆန့်ထုတ်လိုက်၏။

” ငါ နင့်ကို မန္တန်အချုပ်အနှောင်ထဲကနေ လွတ်မြောက်အောင် လုပ်ပေးခဲ့လို့ နင်က ငါ့ကို ကျေးဇူးဆပ်ချင်နေတာလား ” အချိန်အတော်အတန် ကြာပြီးမှ ဝမ်ပေါင်လဲ့မှာ သူမ ပြောလိုသည့်စကားများကို နားလည်သွားတော့သည်။ သို့သော် သူသည် သံသယဖြစ်သွားရသဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော အမှောင်အမြုတေမှာ လည်ပတ်သွားကာ အမှောင်မီးတောက်တစ်ခုမှာ ထိုအမျိုးသမီးဝိညာဉ်ဆီသို့ ဦးတည်သွားပြီး သူမ၏ နဖူးထဲသို့ ဝင်သွား၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းပြန်ရောက်လာပြီး သူ၏ လက်ဖဝါးပေါ်၌ ဆင်းသက်သွား၏။ သူသည် ၎င်းအား သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် အမျိုးသမီးဝိညာဉ်မှာ အမှန်တကယ်ပင် သူ့အား ကျေးဇူးဆပ်ချင်နေသည်ဖြစ်ကြောင်း သိလိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ဤခရီးစဉ်ထဲ၌ သူ ရရှိခဲ့သည့် အကျိုးအမြတ်များမှာ စိတ်ကျေနပ်စရာ မကောင်းသေးကြောင်း ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် သူ၏လက်အား ဝှေ့ယမ်းလိုက်ပြီး အမျိုးသမီးဝိညာဉ်အား ရှေ့မှသွားရန် အချက်ပြလိုက်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် သဘောတူလိုက်သည်ကို မြင်လိုက်ရသောအခါ အမျိုးသမီးဝိညာဉ်မှာ အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်သွား၏။ ထို့နောက် သူမသည် ရှေ့သို့ပျံထွက်သွားပြီး ဝမ်ပေါင်လဲ့အား အဝေးသို့ ခေါ်ဆောင်သွားလိုက်တော့သည်။

သူတို့မှာ အဝေးကြီး မသွားလိုက်ရပေ။ မိုင်တစ်ရာခန့်လောက်သာ ပျံသန်းလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်လုံးတွင် သတိကြီးကြီးထားကာ အမျိုးသမီးဝိညာဉ်နောက်မှလိုက်၍ လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ပေါ်ပေါက်လာခဲ့သည့်ပုံပေါ်သော နယ်မြေတစ်ခုဆီသို့ ရောက်ရှိသွားသည်။

မီးပင်လယ်ကြီးထဲ‌၌ ဘေးဘက်သို့ အနည်းငယ်ခန့် စောင်းနေသော တောင်ထိပ်တစ်ခုမှာ ရှိနေ၏။ ၎င်းမှာ တစ်ခုခု၏ကြားတွင် ညှပ်နေသည့်ပုံပေါ်ပြီး ရွေ့လျားနေခြင်းမရှိပေ။ ချော်ရည်ပူများမှာ ၎င်း၏ ဘေးမှနေ၍ ဖြတ်သန်းစီးဆင်းနေ၏။ ၎င်းမှာ တစ်ဝက်တစ်ပျက်ဖြစ်နေသည့် တောင်ကြီးတစ်လုံးကဲ့သို့ပင်။

ထိုကဲ့သို့ တစ်ဝက်တစ်ပျက်သာ ဖြစ်နေသည့်တိုင်အောင် ၎င်း၏ အရွယ်အစားမှာ အံ့သြမှင်တက်ဖွယ်ရာကောင်းနေဆဲပင်။ ၎င်းမှာ ကောင်းကင်တာအိုကျောင်းထဲရှိ အဓိကတောင်ထိပ်တစ်လုံးပေါ်မှ အဆောင်တစ်ဆောင်၏ အရွယ်အစားခန့် ရှိပေသည်။ ထိုတောင်ပေါ်တွင် အဆောင်များနှင့် အခြား အဆောက်အဦများစွာလည်း ရှိနေကြသေးသည်။ ၎င်းတို့ အများစုမှာ ထိခိုက်ပျက်စီးနေကြပြီဖြစ်သော်လည်း အနည်းငယ်ခန့်မှာ အကောင်းပတိအတိုင်း ကျန်ရှိနေဆဲပင်။

၎င်းမှာ အံ့ဩတုန်လှုပ်စရာ အကောင်းဆုံးအချက် မဟုတ်ပေ။ ဝမ်ပေါင်လဲ့အား အသက်ရှူသံများ မြန်ဆန်သွားစေသည့် မြင်ကွင်းမှာ ထိုတောင်ပေါ်တွင် ရှိနေသည့် ရုပ်အလောင်းများပင်ဖြစ်သည်။ ထို ရုပ်အလောင်းများထဲတွင် ‌ယောက်ျားများရော မိန်းမများပါ ရှိနေကြ၏။ သူတို့၏ ခန္ဓာကိုယ်များပေါ်ရှိ ဒဏ်ရာဒဏ်ချက်များမှလွဲ၍ သူတို့၏ ရုပ်အလောင်းများမှာ အကောင်းပတိအတိုင်း ရှိနေကြဆဲပင်။ သူတို့ဆီတွင် သိုလှောင်အိတ်များပင် ရှိနေသေးသည်ကို ဝမ်ပေါင်လဲ့က မြင်လိုက်ရ၏။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရတော့သည်။ သူသည် ထိုတောင်ကြီးအား စစ်ဆေးခြင်း မရှိဘဲ အရင်ဆုံး သူ၏ ဓမ္မလက်နက်အားဆွဲထုတ်ကာ ဘေးပတ်ဝန်းကျင်အား အလျင်အမြန် အကဲခတ်လိုက်၏။ အချိန်အတော်အတန် ကြာမြင့်သွားပြီး ဘေးနားတစ်ဝိုက်တွင် မည်သည့် ဘေးအန္တရာယ်မှရှိမနေကြောင်း သေချာသွားသောအခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် လောဘတက်နေသော မျက်ဝန်းများဖြင့် ထိုတောင်ကြီးဆီသို့ သတိကြီးကြီးထား၍ ချဉ်းကပ်လာတော့သည်။

အမျိုးသမီးဝိညာဉ်မှာ ဝမ်ပေါင်လဲ့အား ထိုနေရာသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် တရိုတသေဦးညွှတ်ကာ ထွက်ခွာသွား၏။ ဝမ်ပေါင်လဲ့မှာ သူမအား မသတ်ခဲ့ဘဲ အချုပ်အနှောင်ကြီးဆီမှ လွတ်မြောက်အောင် ကူညီပေးခဲ့သောကြောင့် သူမသည် ယခုလို ကျေးဇူးပြန်ဆပ်နေခြင်း ဖြစ်သည်။ သူမသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်က ဤနေရာအား ရှာဖွေတွေ့ရှိခဲ့ပါသော်လည်း ထိုနေရာတွင် ရှိနေသည့် ပစ္စည်းများကို စိတ်မဝင်စားပေ။ သို့သော် ဤနေရာသို့ ရောက်ရှိလာကြသည့် အပြင်လူများမှာ အများအားဖြင့် ထိုကဲ့သို့သော ပစ္စည်းများအား လုယူလေ့ ရှိကြသည်ဖြစ်ကြောင်း သူမက သိရှိထားသည်။

ထို့ကြောင့်လည်း သူမသည် ဝမ်ပေါင်လဲ့အား ‌တွေ့အောင်ရှာကာ ထိုနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ ၎င်းမှာ သူမ၏ ကျေးဇူးဆပ်သည့်နည်းလမ်းပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်နေရပြီ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်တွင် မည်သည့်အန္တရာယ်မှ ရှိမနေကြောင်း သေချာသွားသောအခါ သူသည် ထိုတောင်ထိပ်ဆီသို့ စိတ်လှုပ်တရှားနှင့် ချဉ်းကပ်လာ၏။ ထို့နောက် သေသေချာချာ ကြည့်ရှုစစ်ဆေးပြီးသွားသောအခါ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူ၏ မျက်ဝန်းများထဲတွင်လည်း လိုအင်ဆန္ဒမီးတောက်များ တောက်လောင်လာရ၏။

” သေချာတယ်။ ဒီနေရာကို တခြား ဘယ်သူမှ မဝင်ဖူးသေးဘူး ”

” တစ်ချက်ကြည့်လိုက်ရုံနဲ့ ရုပ်အလောင်း အခုသုံးဆယ်ကျော်ကို မြင်နေရတယ်… သူတို့အကုန်လုံးဆီမှာလည်း သိုလှောင်အိတ်တွေ ရှိနေတုန်းပဲ။ အဲဒီအိတ်တွေထဲမှာ အသိအမှတ်ပြု တံဆိပ်ပြားတွေနဲ့ တခြား တန်ဖိုးကြီးပစ္စည်းတွေ အများကြီးရှိနေလောက်တယ် ”

” ငါ ဒီထဲကိုသာ ဝင်နိုင်မယ်ဆိုရင် ထောပြီပဲ ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် လောဘတက်နေသည့်တိုင်အောင် လက်လွတ်စပယ် ပြုမှုခြင်းမရှိပေ။ သူသည် ဓားကိုယ်ထည်ပိုင်းထဲတွင် ရှိနေခဲ့သည့် ကာလတစ်လျှောက်လုံးတွင် ထိုကဲ့သို့သော နေရာပေါင်းမြောက်မြားစွာကို မြင်ဖူးခဲ့၏။ ၎င်းတို့မှာ ဤတောင်ထိပ်ကြီးလောက် ပေါ်ပေါ်ထင်ထင် ရှိမနေပါသော်လည်း ၎င်းတို့ထဲတွင်လည်း အဖိုးတန် ရတနာများ ရှိနေလောက်ပေသည်။

သို့သော် အချုပ်အနှောင်တစ်ခုမှာ ထိုနေရာများအား ကာကွယ်ထား၏။ ၎င်းတို့မှာ မီးပင်လယ်ကြီးကိုသာမက ဝမ်ပေါင်လဲ့ကိုပါ အတွင်းသို့ မဝင်နိုင်အောင် တားဆီးထားသည် ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းတို့အား အပြင်ဘက်မှသာကြည့်ကာ သက်ပြင်းများချ၍ စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာလာခဲ့ရသည်သာဖြစ်သည်။

သို့သော် သူ၏ရှေ့တွင်ရှိနေသည့် ဘေးတစ်ဖက်သို့ စောင်းနေသော တောင်ထိပ်ကြီးကိုမူ မည်သည့်မန္တန်အချုပ်အနှောင်ကမှ ကာကွယ်ထားခြင်း မရှိသည့်ပုံပင်။ ထို့ကြောင့် သူသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် အတွင်းထဲသို့ ဝင်သွားနိုင်မည့်ပုံ ပေါက်နေ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ မဆင်မခြင် ပြုမူတတ်သူတစ်ယောက် မဟုတ်သောကြောင့် ထိုနေရာတစ်ဝိုက်အား သေသေချာချာ အကဲခတ်လေ့လာလိုက်ပြီးနောက် ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် ထိုရုပ်သေးရုပ်အား ထိန်းချုပ်ကာ ရှေ့သို့ ပျံသန်းသွားစေလိုက်တော့သည်။

ထို ရုပ်သေးရုပ်မှာ စိန်လူဝံကြီးတစ်ကောင်နှင့် ဆင်တူ၏။ ၎င်းမှာ ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားလိုက်ပြီး လေပေါ်သို့ ခုန်တက်သွား၏။ ထိုရုပ်သေးရုပ်ကြီး တောင်ထိပ်နားသို့ ရောက်ရှိလာပြီး တောင်ထိပ်ပေါ်၌ ဆင်းသက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စိန်လူဝံကြီး၏ ဘေးမှ ဖြတ်သန်းသွား၏။ ထိုအခါ စိန်လူဝံရုပ်သေးရုပ်ကြီးမှာ ကြက်သေသေသွားကာ တစ်ကိုယ်လုံး အပိုင်းပိုင်း ပြတ်ထွက်သွားပြီးနောက် တစ်စစီ ပေါက်ကွဲသွားတော့သည်။

” ထင်ထားတဲ့အတိုင်းပဲ။ အချုပ်အနှောင်တစ်ခု ရှိနေတယ်… ” ဝမ်ပေါင်လဲ့မှာ အားသင့်သွားခြင်းမရှိပေ။ သူသည် မလှုပ်မယှက် ရပ်နေရင်း အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောနေလိုက်၏။ ထို့နောက် သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး ရုပ်သေးရုပ် တစ်ဒါဇင်ခန့် ထပ်၍ ဆင့်ခေါ်လိုက်ပြန်သည်။ ၎င်းတို့မှာ ရှေ့သို့ ပျံထွက်သွားကြပြီး ထိုတောင်ထိပ်ကြီး၏ ပတ်ပတ်လည်အား ဝန်းရံထားလိုက်၏။ ထို့နောက် ၎င်းတို့မှာ ထိုတောင်ထိပ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် တစ်ပြိုင်နက်တည်း ဦးတည်လာကြတော့သည်။

၎င်းတို့ ထိုသို့ ဦးတည်ပျံသန်းလာကြသောအခါ အနက်ရောင် အလင်းတန်းကြီးမှာ ပြန်လည်ပေါ်ပေါက်လာ၏။ ထိုအလင်းတန်းကြီးမှာ ထိုနေရာတစ်ဝိုက်အား ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွားသည်။ ထို့နောက် ပေါက်ကွဲသံများ မြည်ဟည်းထွက်ပေါ်လာပြီး ရုပ်သေးရုပ်များအားလုံးမှာ ချက်ချင်းပင် ကြေမွပျက်စီးသွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုဆုံးရှုံးမှုများအတွက် ရင်နာနေခြင်းမရှိဘဲ မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဝင်းလက်တောက်ပသွား၏။ ထို့နောက် သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ရုပ်သေးရုပ် အရုပ်ငါးဆယ်ကျော်အား ဆင့်ခေါ်လိုက်ပြန်သည်။

” ဒီ အချုပ်အနှောင်ကြီးမှာ… ဟာကွက်တစ်ခု ရှိနေတယ် “

Comment

Leave a Reply

Options

not work with dark mode
Reset