အခန်း (၅၇) လူအများကြားချင်သောအရာ
လင်းယုရှောင် တံခါးပိတ်ကျင့်ကြံရာမှထွက်လာသည့်အကြောင်းမှာ ရန်ကျောက်ကဲသိပြီးသောအရာတစ်ခုဖြစ်သည်။
ထိုလင်းယုရှောင်သည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီးနောက် အရှေ့တန်နိုင်ငံသို့ခရီးထွက်လာခဲ့သည်။ ထိုအကြောင်းကိုလည်း ရန်ကျောက်ကဲသိထားပြီးဖြစ်သည်။
ဤခန္ဓာကိုယ်၏မူလပိုင်ရှင် ထားခဲ့သော အရှုပ်ထုပ်မှာ သူ့စိတ်ကို တစ်ခါတစ်ရံ အနှောက်အယှက်ဖြစ်စေသော်လည်း ဤကိစ္စကို ရန်ကျောက်ကဲသည်ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့သည်။
လင်းယုရှောင် အရှေ့တန်သို့လာရသည့်အကြောင်းမှာ ရီကျင်းပျောက်ဆုံးသွားခြင်းနောက်ကွယ်မှ အမှန်တရားကိုသိလိုခြင်းကြောင့်ဖြစ်စေ သို့မဟုတ် ရန်ကျောက်ကဲကိုတွေ့လိုခြင်းကြောင့်ဖြစ်စေ အကြောင်းရင်းမှာ ရန်ကျောက်ကဲအတွက် များစွာ အရေးမကြီးပေ။
သို့ရာတွင် လင်းယုရှောင် အမှန်တကယ် ဆုံးပါးသွားလိမ့်မည်ဟု ရန်ကျောက်ကဲ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ပို၍အရေးကြီးသည်ကား သူမသည် မတော်တဆမှုတစ်ခုကြောင့် ကွယ်လွန်ခဲ့ခြင်းမဟုတ်ပေ။ အသတ်ခံရခြင်းဖြစ်သည်။
ရန်ကျောက်ကဲသည် အချိန်အတော်ကြာမျှ ကြောင်အနေခဲ့ပြီးနောက် နောက်ဆုံးတွင် အသိပြန်ဝင်လာခဲ့သည်။
“ရှောင်ရှန်းနဲ့ချောင်ယွမ်လုံ သတ်တာတော့ မဟုတ်ဘူးမလား”
ဤစကားသည် လင်းယုရှောင်သေဆုံးသည့်သတင်းကိုကြားရပြီးနောက် ရန်ကျောက်ကဲ ပထမဆုံးပြောလိုက်သောစကားဖြစ်၏။ သို့သော် အနက်ရောင်ဝတ်ရုံဝတ်လူအစီရင်ခံသည့်အထဲတွင် နေသူတော်စင်ဂိုဏ်းအကြောင်းမပါသဖြင့်ထိုအချက်မှာ ဖြစ်နိုင်ချေနည်းသည်။
“သူမက ဂိုဏ်းက ထုတ်ပယ်ခံလိုက်ရတဲ့ ဆိုးသွမ်းတပည့်တချို့နဲ့ တွေ့သွားတာများလား”
ဤအရာမှာ အတော် ယုတ္တိမရှိသော်လည်း ရှောင်ရှန်းသာ တရားခံမဟုတ်ပါက ထိုအချက်သည် ရန်ကျောက်ကဲ စဉ်းစားနိုင်သည့် အဖြစ်နိုင်ဆုံးသောအကြောင်းအရင်းပင်။
ရန်ကျောက်ကဲ သိရသလောက်ဆိုပါက လင်းယုရှောင်တွင် ရန်သူကြီးကြီးမားမားမရှိသလို သူမကို ကမ္ဘာမကျေလောက်အောင် မုန်းတီးနေသည့် ရန်သူဟူ၍ တစ်ယောက်မှ မရှိချေ။
အကယ်၍ ရန်ကျောက်ကဲ၏ရန်သူများက သူတို့၏အမုန်းတရားများကို လင်းယုရှောင်အပေါ်ပုံချလိုက်ခြင်းဖစ်သည်ဆိုလျှင် နေသူတော်စင်ဂိုဏ်းမှတပါး အခြားသံသယဖြစ်စရာ များများစားစားမရှိပေ။
အခြားတစ်ဖက်တွင်မူ နဂါးချုပ်လှောင်ခြင်းချောက်နက်တစ်ဝိုက်၌ ဖြတ်သွားဖြတ်လာလုပ်နေကြသောခရီးသွားများစွာရှိသည်။ ထိုခရီးသွားများထဲတွင် အရှက်နည်း၍ ပင်ကိုယ်အားဖြင့်သွေးဆာတတ်သောကျင့်ကြံသူများစွာရှိသည်။
လင်းယုရှောင်သည်ဝါဒတောင်ဂိုဏ်း၏တပည့်တစ်ဦးဖြစ်သည်ဆိုလျှင်တောင်မှ သူမသည် ထိပ်သီးနယ်မြေတစ်ခု၏တပည့်တစ်ယောက်ကိုပင် သတ်ရဲသော ကြမ်းတမ်း၍ဘာမှဂရုမစိုက်တတ်သည့်ကျင့်ကြံသူတစ်ချို့နှင့် တွေ့မိတာလည်း ဖြစ်နိုင်သည်။
ထိုကဲ့သို့အခြေအနေမျိုးတွင် မိမိ၏အစွမ်းအစသည်သာ မိမိ၏အားကိုးရာဖြစ်သည်။
အနက်ရောင်ဝတ်ဆက်သားက ခေါင်းခါ၍ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့အစီရင်ခံစာတွေအရတော့ မိန်းကလေးလင်းအလောင်းပေါ်က အဝတ်အစားတွေက သပ်သပ်ရပ်ရပ်နဲ့ ပုံမှန်အတိုင်း ရှိနေပါတယ်၊ သူမက အကြမ်းဖက်ခံထားရတဲ့ပုံ မပေါ်ပါဘူး”
ရန်ကျောက်ကဲသည် မျက်ခုံးများ တင်းတင်းကြပ်ကြပ် ကျုံ့လျက် မည်သို့ ဖြစ်ပျက်ခဲ့ကြောင်းကို စိတ်ကူးပုံဖော်လျက်ရှိသည်။
ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် မိန်းကလေးလင်းနှင့် နက်ရှိုင်းသော ဆက်နွယ်မှူရှိသော်လည်း လက်ရှိရန်ကျောက်ကဲသည် မိန်းကလေးအပေါ် ဘယ်တုန်းကမှ မျက်စိမကျခဲ့ပေ။
သူမ သေဆုံးကြောင်း ကြားသောအခါ ရန်ကျောက်ကဲသည် လူသားတစ်ယောက်အနေဖြင့် ဝမ်းနည်းမိသလို များစွာ စိတ်မကောင်းဖြစ်မိသည်။
ဤမျှ ငယ်ရွယ်သော မိန်းကလေးငယ်တစ်ယောက်သည် အတောင်မစုံသေးခင် ကြွေလွင့်ခဲ့ရသည်။
အတန်ကြာမှ ရန်ကျောက်ကဲ သက်ပြင်းချလိုက်သည်။
“ငါတို့ပြန်ရောက်တာနဲ့ ဘယ်သူသတ်လဲ ရှာဖွေဖော်ထုတ်ကြတာပေါ့”
ရန်ကျောက်ကဲတို့အဖွဲ့သည် တဖြည်းဖြည်း ခရီးဆက်ရင်း လျူလောင်တောင်တန်းအပြင်သို့ ရောက်လာကြသည်။
နောက်ဆုံးလျှိုမြောင်ကို ဖြတ်ကျော်ပြီးနောက် ချောက်နက်ကြီးကြပ်ခြင်းမြို့သို့ အပြန်လမ်းတွင် သူတို့သည် ဝါဒတောင်ဂိုဏ်းကျင့်ကြံသူတစ်စုနှင့် ဆုံမိလေသည်။
ရန်ကျောက်ကဲအား မြင်သောအခါ ထိုအုပ်စု၏ခေါင်းဆောင်က ထူးဆန်းသော မျက်နှာဖြင့် နှုတ်ဆက်လိုက်သည်။
“တူလေးရန်”
ထိုသူမှာ အကြီးအကဲရှု၏လက်ထောက်တစ်ယောက်ဖြစ်သည်ကို ရန်ကျောက်ကဲ သတိပြုမိသဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
“ဘာကိစ္စရှိလို့လဲ”
ထိုလူက အသံနှိမ့်၍ ပြောသည်။
“အကြီးအကဲရှုက မင်း မြို့ထဲကို မဝင်ခင် မြို့ပြင်ကီလိုမီတာတစ်ဆယ်အကွာမှာရှိတဲ့ စံအိမ်မှာ သူနဲ့ လာတွေ့ပါလို့ အမှာစကားပါးလိုက်ပါတယ်”
ရန်ကျောက်ကဲက တည်ငြိမ်စွာ ပြောလိုက်သည်။
“မလိုပါဘူး၊ အကြီးအကဲရှု့ကို ကျွန်တော့ဆီ လာတွေဖို့ ကျွန်တော်ကတောင် ဂိုဏ်းတူဦးလေးကို ဒုက္ခခံခိုင်းရဦးမယ်၊ ကျွန်တော်တို့ လမ်းလျှောက်ရင်း ဆွေးနွေးသွားလို့ရတယ်၊ ကျွန်တော် အရှေ့တန်နိုင်ငံမြို့တော်ကို သွားမှ ဖြစ်မယ့် အရေးတကြီးကိစ္စရှိနေတယ်”
သက်လတ်ပိုင်းလူက တခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် ခေါင်းငြိမ့်၍ ပြန်လည်ထွက်ခွာသွားလေ၏။
ရန်ကျောက်ကဲက အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ရာ လျူလျောင်တောင်တန်းမှ သူ ထွက်ခွာလာသည်ကို စောင့်ကြည့်နေသော လူတစ်ယောက်အား တွေ့မိသည်။ ချက်ချင်းပင် ထိုလူသည် ထွက်ပြေးသွား၏။
ထိုလူက သူ့တည်နေရာကို တစ်ဖက်လူထံ ပြန်လည်သတင်းပို့နေခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
ရန်ကျောက်ကဲက သူ့နောက်ကို မလိုက်ပေ။ သူ့လမ်းအတိုင်းသာ ခရီးဆက်နေသည်။
တော်ဝင်မိသားစုဝင်များအနေဖြင့် ကျောက်ရှီလီနှင့် ကျောက်ယွမ်တို့၏ အဆင့်အတန်းအရ အရှေ့တန်နိုင်ငံအတွင်း သူတို့ သိချင်သော အရာများကို ဖုံးကွယ်ရန် ခက်ခဲပေသည်။
လူတချို့ကို စေလွှတ်၍ စုံစမ်းစေပြီးနောက် သူတို့သည် လျင်မြန်စွာ ပြန်လာ၍ သတင်းပို့၏။ ထိုစုံစမ်းရန် ထွက်သွားသော လူစု ပြန်လည်စုရုံးမိသောအခါ သူတို့မျက်နှာများသည် အတော် ထူးဆန်းနေကြသည်။
အခြားတစ်ဖက်တွင် ကျောက်ဟိုသည် မည်သည့်အရာကမှ သူ့ကို မတုန်လှုပ်စေနိုင်သည့် ပုံစံမျိုးဖြင့် အေးအေးလူလူ ရပ်နေ၏။
ခဏအကြာတွင် အလွန် စိုးရိမ်နေပုံရသော ရှု့ချွမ်နှင့် သူ့လူစုသည် ရန်ကျောက်ကဲထံသို့ သုတ်သုတ်ပျာပျာဖြင့် ရောက်လာ၏။
“တူလေးရန် ပြန်ရောက်လာပြီပဲ၊ ဦးရီးတော်ကျင်ကော၊ ပထမမင်းသား၊ ဒုတိယမင်းသားနဲ့ မင်းသားဆယ့်ခြောက်ပါ ပါလာတာပဲ”
ထုံးစံအတိုင်း အပြန်အလှန် နှုတ်ဆက်လိုက်ပြီးနောက် ရှု့ချွမ်သည် ရန်ကျောက်ကဲထံသို့ အသံပေးပို့လိုက်သည်။
“တူလေးရန်၊ တူမလေးလင်းရဲ့ သတင်းဆိုးကို ကြားပြီးပြီလား”
ရန်ကျောက်ကဲ၏အကြည့်က တခဏမျှ လှုပ်ခတ်သွားသည်။ ထို့နောက် ဝမ်းနည်းနေသော ဟန်ပန်ဖြင့် သူ ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော် ကြားပြီးပါပြီ၊ ဘယ်သူက ဒီလို ဆိုးယုတ်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာလဲ”
ရှု့ချွမ်၏မျက်နှာက အနည်းငယ် မအီမသာ ဖြစ်နေသည်။
“တူလေးရန် လုပ်ခဲ့တယ်ဆိုတဲ့ ကောလဟာလတချို့ ပျံ့နှံ့နေတယ်”
ရန်ကျောက်ကဲ၏ မျက်ခုံးများ တင်းတင်းကြပ်ကြပ် ကျုံ့သွားသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘယ်သူက ဒီလို အဓိပ္ပာယ်မရှိတဲ့ သတင်းမျိုး ဖြန့်တာလဲ”
“မတွေ့တာ ကြာလို့ သူမအပေါ် မင်းရဲ့အချစ်တွေ လျော့ပါးလာပြီဆိုတဲ့ ကောလဟာလတွေ ထွက်နေတယ်။”
ရှု့ချွမ်ကား ဉာဏ်များသည့် မြေခွေးအိုကြီးပင်။ သည်ကောလဟာလက ပိုမို သည်းမခံနိုင်စရာကောင်းသည်။ ထိုအဓိပ္ပာယ်မှာ ရန်ကျောက်ကဲက လင်းယုရှောင်အား ငြီးငွေ့နေသည့်ဆိုသည့် သဘောပင်။ သိသာစွာပင် ရှု့ချွမ်သည် ဤအကြောင်းကို ရန်ကျောက်ကဲအား တိုက်ရိုက် မပြောရဲပေ။
“အဲ့ဒီ့ကောလဟာလအရတော့ တူလေးက အခြားတပည့်မစစ်ခုန်ချင်းနဲ့ စုံမက်နေတယ်တဲ့”
ရန်ကျောက်ကဲက မယုံကြည်နိုင်ဟန်ဖြင့်
“ကျွန်တော့လုပ်ရပ်က အဲ့လို ထင်စရာကောင်းလို့လားဗျာ”
ရှု့ချွမ်က ရန်ကျောက်ကဲအား မျက်စောင်းထိုးလိုက်ပြီး အနက်ရောင်ခွေးကလေးနှင့် ဆော့ကစားနေသော ဖန်းယွမ်ရှန်းအား အကဲခတ်နေသည်။
ရှု့ချွမ်သည် ရန်ကျောက်ကဲအား ဆက်မဆွရဲပေ။ ခြောက်ကပ်ကပ်လေသံဖြင့် သူ ဆက်ပြောလိုက်သည်။
“ကောလဟာလထဲမှာ ပြောတာကတော့ တူမလေးလင်းက မင်းနဲ့ တူမလေးစစ်ခုန်ရဲ့ ဆက်ဆံရေးကို ကြားပြီးတဲ့နောက်မှာ အရှေ့တန်ကို ချက်ချင်းလိုက်လာတာပဲ”
“မင်းတို့နှစ်ယောက်တွေ့ပြီး စကားများ ရန်ဖြစ်ကြတယ်၊ သည်းမခံနိုင်တဲ့အဆုံး မင်းက…..”
ရန်ကျောက်ကဲ၏ မျက်နှာမှာ အိုးဖင်လို မဲမှောင်နေလေရာ ရှု့ချွမ် ဆက်မပြောရဲတော့ပေ။
ရန်ကျောက်ကဲက မှုန်တေတေဖြင့် ပြောလိုက်သည်။
“ဒီလို အခြေအမြစ်မရှိတဲ့ ဟာတွေကို ယုံတဲ့လူ ရှိတာပဲလား”
ရှု့ချွမ်က မအီမသာမျက်နှာထားဖြင့် ရယ်မောလိုက်သည်။
“ကောလဟာလတွေအရတော့ မိန်းကလေးလင်းက တုရှိတလက်ဝါးချက်နဲ့ သေဆုံးသွားတယ်ဆိုပဲ”
ရန်ကျောက်ကဲ၏သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားသည်။
“တုရှိတလက်ဝါးလား”
ရှု့ချွမ်က လေးလေးပင်ပင်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
“အလောင်းကို ရန်ရှု့အောက်က လူတွေ ပထမဆုံး တွေ့တာပဲ၊ အခုထိ သူတို့လက်ထဲမှာပဲ ရှိသေးတယ်၊ အချိန်တစ်ခုအထိတော့ အဲ့အလောင်းကို အနီးကပ် စစ်ဆေးရဖို့ မလွယ်ဘူး”
“ဒါပေမယ့် ကောလဟာလအရတော့ ကြီးမားတဲ့ ဒဏ်ရာကြီးကြောင့် သူမရဲ့အစာအိမ်ပွင့်နေတယ်တဲ့၊ သူမရဲ့ သွေးတွေ အသားတွေလည်း မီးကျွမ်းနေပြီ၊ မီးနဲ့ ဆိုင်တဲ့ သိုင်းပညာကြောင့် ဖြစ်လောက်တယ်”
“ဒါပေမယ့် လက်ရှိမှာတော့ လင်းယုရှောင်က တုရှိတလက်ဝါးကြောင့် သေတယ်ဆိုတဲ့ အသံတွေ ထွက်လာတာပဲ”
ရှု့ချွမ်က ရန်ကျောက်ကဲအား စိုးရိမ်ပူပန်စွာ ကြည့်နေသည်။
တုရှိတလက်ဝါး အသုံးပြုနိုင်သော ကျင့်ကြံသူဟူသည် ရန်ကျောက်ကဲတစ်ယောက်ထဲ မဟုတ်ပေ။ အရှေ့တန်နိုင်ငံထဲတွင်တောင်မှ တုရှိတသိုင်းကို တတ်မြောက်ထားသည့် အခြား‘ဝါဒတောင်ကျင့်ကြံသူများ ရှိနေသည်။ သို့သော် သူတို့အားလုံးအနက် ရန်ကျောက်ကဲကသာ ဖြစ်နိုင်ချေ အရှိဆုံးဖြစ်သည်။
သည်ယူဆချက်မှာ အတော်လေး အဓိပ္ပာယ်မရှိသော်လည်း ဤကဲ့သို့ အညီအဟောက်သတင်းမျိုးက ပျံ့နှံ့ရန် လွယ်ကူသော ကောလဟာလမျိုးဖြစ်လေသည်။
ဤသို့သော ကောလဟာလကြောင့် လူထု၏အမြင်၌ ရန်ကျောက်ကဲ၏ပုံရိပ် ထိခိုက်မည်မှာ မလွဲဧကန်ပင်။
ရန်ကျောက်ကဲ၏အချစ်များအကြောင်း ကောလဟာလဆိုရင်တောင် အဆင်ပြေသေးသည်။ တကယ်တော့ သူရဲကောင်းတစ်ယောက်နှင့် ဘေးနားတွင် ဝန်းရံနေကြသော မိန်းမလှလေးများ၏ ဇာတ်လမ်းများကို လူအများ နှစ်သက်ကြလေသည်။ သို့ရာတွင် ဖောက်ပြန်ခြင်းနှင့် လူသတ်ခြင်းဟူသည်ကား လုံးဝ ခြားနားသော ရက်စက်ကြမ်းကြုပ်သော ကိစ္စဖြစ်သည်။
အထူးသဖြင့် ဤသို့သော ကောလဟာလမျိုးသည် နောင်အခါ ရှင်းလင်းနိုင်လျှင်တောင်မှ လူအများက ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။
ရန်ကျောက်ကဲ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သည်ကောလဟာလကို ဖြန့်ချိနေကြသော လူများသည် သူ့နာမည်ပျက်ရုံသက်သက်လောက် မဟုတ်ပေ။ ပိုမို ကြီးမားသော အရာကို စီစဉ်နေလောက်သည်။
၎င်းမှာ တစ်ခုခု အကွက်ဆင်မှုဖြစ်လိမ့်မည်ဟု ရန်ကျောက်ကဲစိတ်ထဲ မသိမသာ ခံစားမိနေသည်။
တခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲ ခေါင်းယမ်းလိုက်သည်။
“ဂျူနီယာညီမလေးလင်းရဲ့သေဆုံးမှုက ကျွန်တော်နဲ့ ဘာမှ မသက်ဆိုင်ဘူး၊ တကယ့်တရားခံကို ကျွန်တော်တို့ သေသေချာချာ စုံစမ်းဖော်ထုတ်သင့်တာတော့ အမှန်ပဲ”
“ဒါပေမယ့် ကျွန်တော့မှာ အရှေ့တန်မြို့တော်ကို အရေးတကြီးသွားဖို့လိုနေတဲ့ ကိစ္စရှိနေတယ်၊ အဲ့ကိစ္စက ဝါဒတောင်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်နဲ့ သက်ဆိုင်နေတယ်၊ ကျွန်တော်လည်း ဂျူနီယာညီမလေးလင်း သေဆုံးမှုအတွက် အရမ်း ဝမ်းနည်းမိပါတယ်၊ ဒါပေမယ့် လက်ရှိမှာ ဒီကိစ္စကို ဘေးချပြီး နောက်မှပဲ ပူဆွေးရမှာပဲ”
“အရှေ့အကြီးအကဲကလည်း အရှေ့တန်မြို့တော်ကို အလျင်အမြန်လာနေပြီ၊ ကျွန်တော် အဲ့မှာ သူ့ကို သွားတွေ့ရဦးမယ်ဗျ”
ရှု့ချွမ် တခဏမျှ ကြောင်သွားသည်။ ရန်ကျောက်ကဲက ပြဿနာကို ရှောင်လွဲချင်နေသည်ဟု သူ အစက ထင်ခဲ့သည်။ သို့သော် အရှေ့အကြီးအကဲ ကိုယ်တိုင် လာနေသည်ကို ကြည့်ရလျှင် တကယ်ပဲ အရေးကြီးကိစ္စ ရှိနေပုံရ၏။
ရှု့ချွမ် တခဏမျှ တုံ့ဆိုင်းသွားသည်။ ထို့နောက် ခပ်တိုးတိုး ပြောလိုက်သည်။
“အကြီးအကဲရန်ရှု့က ချောက်နက်ကြီးကြပ်ခြင်းမြို့ကို ရောက်နေတယ်၊ မင်းကို တွေ့တာနဲ့ သူ့ဆီ ခေါ်လာရမယ်လို့ အမိန့်ပေးထားတယ်၊ တူမလေးလင်းရဲ့ ရုပ်အလောင်းဟာလည်း အဲ့မြို့ထဲမှာပဲ”
ရန်ကျောက်ကဲ၏နှုတ်ခမ်းများ တွန့်လိမ်သွားသည်။
“လူတွေ အသက်ကြီးရင် မေ့တတ်လာပါလား၊ ကျွန်တော်က သူ့အမိန့်ကို လိုက်နာစရာမလိုဘူးဆိုတာ သူ မေ့နေပုံရတယ်”
“သူ့မှာ ကျွန်တော်နဲ့ ရှင်းစရာကိစ္စရှိရင် ကျွန်တော်နဲ့အတူ အရှေ့တန်မြို့တော်ကို လိုက်ခဲ့လို့ရတယ်”