အခန်း ( ၃၂၂ )

ဖားကြီး၏ဇာတ်သိမ်းခန်း

ဖားကြီးမှာ ပြန်လည်တိုက်ခိုက်လိုပါသော်လည်း ဒေါသတကြီးအော်ဟစ်နေရုံမှ တစ်ပါး အခြားမတတ်နိုင်ချေ။ ဆွဲငင်အားများက ၎င်း၏ သက်စောင့်စွမ်းအားများကို စုပ်ယူနေသဖြင့် ၎င်းမှာသနားစဖွယ်အော်ဟစ်ရင်း ပို၍ ခြောက်ကပ်လာတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ နဝမမြောက် စိတ်စွမ်းအင်ပင်လယ်မှာ ကိုးဆယ်ရာခိုင်နှုန်းတိတိ သလင်းကျောက်အသွင်ပြောင်းလဲသွားပြီဖြစ်သည်။ နောက်ထပ် ဆယ်ရာခိုင်နှုန်းသာ ထပ်၍ပြောင်းလဲပါက သူသည် ယခင်ကထက် လွန်စွာသာလွန်သည့် အခြေခိုင်မာခြင်းစက်ဝန်းအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအချိန်တွင်…

သူ၏ ဒဿမမြောက် ကောင်းကင်နတ်ဆိုးကြီးမှာ အပြည့်အဝ ပေါ်ထွက်လာတော့သည်။

မျက်စိတစ်မှိတ်အတွင်း နတ်ဆိုးဆယ်ကောင်မှာ တစ်ကောင်ပေါ်တစ်ကောင် ထပ်သွားပြီး မှုန်ဝါးဝါး မြူခိုးလွင်ပြင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။

ထိုမြူခိုးများမှာ အမြုပ်တစီစီထနေပြီး ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ အံ့သြဖွယ်အတိပြီးသော ဓမ္မရုပ်ပုံစံတစ်ခု ပေါ်ပေါက်စပြုလာနေသည်။

ထို့နောက် မြူခိုးအတွင်းတွင် အဆုံးမဲ့စွာ အော်ဟစ်နေသည့် ဝိညာဥ်များ ပါဝင်နေသော မှော်မီးတောက်စက်ဝန်းတစ်ခု ပေါ်ပေါက်လာသည်။

ထိုမီးစက်ဝန်း၏ အောက်ခြေတွင် မျက်လုံးနှစ်လုံးနှင့်ဆင်တူသည့် အနီရောင် အစက်အပျောက်နှစ်ခု ပေါ်ထွက်လာသည်။ အနည်းငယ်အကြာတွင် ပထမ မျက်လုံးနှစ်လုံး၏ ဘေးတွင် နောက်ထပ် အနီရောင်မျက်လုံးနှစ်လုံး ပေါ်ထွက်လာပြန်သည်။ ထို့နောက် တတိယ မျက်လုံးတစ်စုံလည်း ပေါ်ပေါက်လာပြန်တော့သည်။

အဝေးကကြည့်လျှင် မြူခိုးအတွင်းရှိအရာကြီးမှာ ဦးခေါင်းသုံးလုံးရှိသည့်ပုံစံ ပေါ်နေသည်။

နောက်ထပ် အသက်ရှူကြိမ်အနည်းငယ်အတွင်း မြူခိုးအတွင်းမှ မည်းနက်နေသည့် ဧရာမ လက်ကြီးနှစ်ဖက်ထွက်လာလေသည်။ သို့သော်လည်း ထိုမျှနှင့် ရပ်မသွားချေ။ ဒုတိယမြောက် လက်တစ်စုံပေါ်ထွက်လာပြီးနောက် တတိယမြောက်တစ်စုံပါ ထပ်၍ ပေါ်လာပြန်သည်။ ထို့နောက် အနက်ရောင် ချပ်ဝတ်တန်ဆာ အင်္ကျီတစ်ထည် ပေါ်ထွက်လာပြန်သည်။

တစ်စတစ်စ အသက်ဝင်လာနေသည့် ပုံရိပ်ကြီးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်စေနိုင်လောက်သည့်အလား ဖော်ပြ၍မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားပေသည်။

၎င်းတွင် ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်း ရှိပြီး ကြောက်မက်ဖွယ် စွမ်းအင်များကို ထုတ်လွှတ်နေတော့သည်။ ထိုအရာကြီးမှာ ထာဝရ အဇူရာ ခန္ဓာကိုယ်၏ ပုံရိပ်ကြီးပင် ဖြစ်သည်။

သူ၏ အပြင်ခန္ဓာကိုယ် စွမ်းအားများမှာ တဟုန်ထိုး တိုးတက်သွားသဖြင့် ပိုင်ရှောင်ချန်းမှာ တုန်ရီနေတော့သည်။ ယခုဆိုလျှင် သူသည်ယခင်ကထက် အဆပေါင်းများစွာ စွမ်းအားကြီးမားသွားပြီဖြစ်သဖြင့် သူ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ ထိုမျက်ဝန်းများအတွင်းရှိ အလင်းရောင်များမှာ နေမင်းနှင့်လမင်းတို့၏ အလင်းရောင်များထက်ပင် သာလွန်နေသည့်အလား တောက်ပနေတော့သည်။

သူမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူ၏ ဝိညာဥ်မှာ သူ့ထံသို့ ပြန်လည်ရောက်ရှိသွားဟန်တူသည်။ ဖားကြီး၏ အသားစိုင်ထဲမှ ထာဝရထီးကို ဆွဲထုတ်လိုက်သဖြင့် သက်စောင့်စွမ်းအား စုပ်ယူခြင်းမှာ ရပ်တန့်သွားပြီး သူသည် လှစ်ခနဲ လှုပ်ရှားလိုက်လေသည်။ ထို့နောက်သူက အော်ဟစ်ကာ လက်ကိုရှေ့သို့ဆန့်ထုတ်၍ နံရံပေါ်တွင် ကြီးမားသော အပေါက်ကြီးတစ်ပေါက်ကိုဖောက်ကာ အပြင်ဘက်သို့ ပျံထွက်သွားတော့သည်။

သူသည် လေပေါ်သို့ပျံတက်သွားသောအခါတွင် သူ၏ ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးမိလိုက်သောအခါ အခြေခိုင်မာခြင်းအဆင့်၏ စက်ဝန်းအဆင့်သို့ရောက်ရှိရန် အနည်းငယ်မျှသာ လိုတော့ကြောင်း သိလိုက်လေသည်။ ထို့နောက် သူ၏ ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ်မှာ အဇူရာ ခန္ဒာကိုယ်အဆင့်သို့ အဆင့်တက်သွားကြောင်း သူက သိသွားသဖြင့် ကျေနပ်နေတော့သည်။

ဧရာမဖားကြီးမှာ ယခုတွင် ပိန်လှီနေပြီး အသက်ကိုပင် ခပ်ပြင်းပြင်းရှူနေတော့သည်။ ယခင်က သူသည် ပိုင်ရှောင်ချန်းကို အလွယ်တကူ အနိုင်ရနိုင်ပါသော်လည်း ယခုတွင်မူ၎င်း၏ သက်စောင့်စွမ်းအား အများစုမှာ စုပ်ယူခံလိုက်ရပြီဖြစ်သဖြင့် ၎င်းသည် မှင်တက်ကာ အသက်ချမ်းသာပေးရန် တောင်းဆိုနေသည့်အလား ပိုင်ရှောင်ချန်းကို သနားစဖွယ်အမူအရာများဖြင့် ကြည့်နေတော့သည်။

၎င်း၏ နှလုံးသားကို အကြောက်တရားများက ဝါးမျိုထားပြီဖြစ်နေတော့သည်။ စောစောတုံးက သူသည် ပိုင်ရှောင်ချန်း၏ သတိပေးမှုကို လျစ်လျူရှုကာ သူ့ကို အငိုက်ဖမ်း၍ အသေသတ်ရန် ဆုံးဖြတ်ထားလေသည်။ သို့သော်လည်း ယခုတွင်မူ သူသည် ကြောက်လန့်ကာ အသနားခံနေသည့် အမူအရာများဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့်သာ ပိုင်ရှောင်ချန်းကို ကြည့်နေတော့သည်။

သူ၏ လက်ထဲရှိ အနက်ရောင်ထီးကို ကြည့်မိလိုက်သောအခါ ဖားကြီးမှာ တုန်လှုပ်ရင်းဖြင့် ကျန်ခဲ့တော့သည်။

ပိုင်ရှောင်ချန်းမှာ ဖားကြီးအတွက် အနည်းငယ်စိတ်မကောင်းဖြစ်သွားလေသည်။ ထို့ကြောင့် သက်ပြင်းချကာ ဆိုလိုက်သည်။
” အစထဲက ပြေလည်ရာပြေလည်ကြောင်း ညှိနှိုင်းမယ်လို့ ကျုပ်ပြောတာကို ခင်ဗျားကကျုပ်ကို အနိုင်ကျင့်တာကိုး။ ကျုပ်ပြောပါတယ်။ ကျုပ် တိုက်ကွက်တွေထုတ်ရင် ကျုပ်ကိုယ်ကျုပ်တောင် ပြန်လန့်ရပါတယ်ဆို။ အခုထိ ကျုပ်ကို မယုံသေးဘူးလား။”

သူသည် သူ့ကိုယ်သူ ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက်ဖြစ်ကြောင်း တွေးတောကာ ခေါင်းခါလိုက်ပြီး သက်ပြင်းအရှည်ကြီးတစ်ခေါက်ထပ်ချလိုက်ပြန်သည်။ သူတိုက်ခိုက်ခဲ့သည့် အချိန်တိုင်း လူများကို သူက သတိပေးပါသော်လည်း မည်သူကမှ သူ့ကိုမယုံခဲ့ကြချေ။

သူက သက်ပြင်းထပ်ချရန် ပြင်နေစဥ် ခပ်လှမ်းလှမ်းတွင် အလင်းတန်းများစွာ ပေါ်ထွက်လာသည်။ သူဘာဆက်လုပ်ရမည်ကို တွေးတောရန် အချိန်မရှိတော့သဖြင့် ရင်တဒုန်းဒုန်းခုန်နေကာ သူက ညာလက်ဖြင့် လျင်မြန်စွာ မန္တန်လက်ကွက်တစ်ခုကို ဖော်လိုက်ပြီး သူ၏ လက်ချောင်းကို ဖားကြီးဆီသို့ ထိုးလိုက်လေသည်။ ကြောက်စရာကောင်းသည့် ပုံစံဖမ်းကာ သူ၏ မေးကိုငေါ့လိုက်ပြီး တည်ကြည်စွာ ဆိုလိုက်လေသည်။
” အတင့်ရဲလှပါလား။ အနှိုင်းမဲ့ အတုမဲ့ ဖားနတ်ဆိုးရာ။ ပိုင်ရှောင်ချန်းဆိုတဲ့ ငါနဲ့ယှဥ်ပြီး တိုက်ခိုက်နိုင်မယ်လို့ မင်းကိုမင်း ထင်နေတာလား။ ဟွန်း။ အခု အရှုံးပေးပြီလား၊ မပေးသေးဘူးလား ပြော။”

ထိုအချိန်တွင် ခေါင်းဆောင်ကြီးများနှင့် အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများမှာ ထိုနေရာသို့ ရောက်ရှိလာပြီး ခြောက်ကပ်နေသည့် ဖားကြီး၏ တုန်လှုပ်ဖွယ်မြင်ကွင်းကိုမြင်လိုက်ရတော့သည်။

ဖားကြီးမှာ ယခင်ကလောက် မကြီးမားတော့ပဲ ရင်သပ်ရှုမောဖွယ်လည်း မကောင်းတော့ချေ။ အသက်ကိုပင် မနည်းရှူနေရသည့်အပြင် သူ၏ရှေ့တွင်ရပ်နေသည့် လူအားကြောက်ရွံ့မှု အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံ ဖြင့်ကြည့်နေသည့် အသားစိုင်တစ်ခုနှင့်သာ တူနေတော့သည်။

၎င်း၏မျက်ဝန်းများထဲရှိ အကြည့်တွင် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသည့် အကြောက်တရားများ ထင်ဟပ်နေသည်။

ဖားကြီး၏ ရှေ့တွင်ရပ်နေသူကား ပိုင်ရှောင်ချန်းပင် ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ စကားများကိုကြားလိုက်ရသောအခါ ယခုမှရောက်လာသူများသည် တုန်လှုပ်ခြောက်ခြားကာ မယုံကြည်နိုင်သည့် အကြည့်များဖလှယ်လိုက်ကြတော့သည်။ သူတို့သည် ပိုင်ရှောင်ချန်းကို ကယ်တင်မည်ဟူသော ရည်ရွယ်ချက်ဖြင့် ဝေးကွာသောနေရာများမှနေ၍ ဤနေရာသို့ အပြေးလာခဲ့ကြခြင်းဖြစ်သည်။ သူတို့ရောက်ရောက်ချင်းတွင် ဤသို့သော မြင်ကွင်းမျိုးကို ကြုံရလိမ့်မည်ဟု သူတို့လုံးဝမတွေးထားမိပေ။

လီချင်းဟောက်မှာ ဆွံ့အနေပြီး အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများမှာ မှင်တက်နေကြသည်။ ခေါင်းဆောင်ကြီးများပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ကောင်းကင်ချိုမှင်ရည်နဂါးကြီး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အကြည့်များပေါ်လာတော့သည်။ ပိန်လှီနေသည့် ဖားကြီး၏ မြင်ကွင်းမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေသဖြင့် နဂါးကြီးမှာ ပထမအချ်ိန်တုံးက အမြင်များမှားခဲ့သလားဟူ၍ပင် ပြန်လည်တွေးတောနေတော့သည်။

အနည်းငယ်မျှတိတ်ဆိတ်သွားပြီးနောက် ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက ကောင်းကင်ချိုကို လှမ်းကြည့်ကာ မေးလိုက်လေသည်။
” ကောင်းကင်ချို။ ဒီဖားက စောစောက မင်းပြောတဲ့ဖားဆိုတာ သေချာလား။”

” ကျုပ်….” ကောင်းကင်ချိုမှင်နဂါးမှာ စကားများ ဗလုံးဗထွေးပင် ဖြစ်နေတော့သည်။ ခေတ္တမျှ ချင့်ချိန်စဥ်းစားပြီးနောက် ဤဖားကြီးမှာ သူပြောခဲ့သည့်ဖားကြီးဖြစ်ကြောင်း သေချာသွားတော့သည်။ သို့သော်လည်း သူတို့၏ရှေ့တွင်ရှိသော မြင်ကွင်းမှာ ယုံကြည်ချင်စရာမကောင်းပေ။ နဂါးကြီးမှာ ပိုင်ရှောင်ချန်းကို လှမ်းကြည့်ကာ နှလုံးသားထဲတွင် ချစ်ကြောက်ရိုသေ လေးစားမှုများ နိုးကြားလာတော့သည်။

လူသစ်များကို ယခုမှ သတိထားမိသည့်အလား ဟန်ဆောင်ကာ ပိုင်ရှောင်ချန်းက ခေါင်းလှည့်ကာ ကြည့်လိုက်လေသည်။ သူ၏ သွေးကြောကြီးများမှာ ဖောင်းနေပြီး သတ်ဖြတ်လိုသောအငွေ့အသက်များမှာလည်း အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့နေတော့သည်။ ထို့နောက် သူက လက်ယှက်ကာ ဦးညွှတ်ရင်း တည်ကြည်စွာ ဆိုလိုက်လေသည်။
” မင်္ဂလာပါ ခေါင်းဆောင်ကြီးတို့။ ခေါင်းဆောင်ကြီးတို့ရဲ့ စေတနာကို ကျုပ် အင်မတန် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ် ပိုင်ရှောင်ချန်းက ဒီ ဖားနတ်ဆိုးကြီးကို အနိုင်ယူ နှိမ်နင်းပြီးသွားပါပြီ။”

လူတိုင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများပေါ်လာတော့သည်။ သူ ကြွားလုံးထုတ်နေသည်မှာ အသိအသာကြီးဖြစ်သော်လည်း သူတို့မှာ မည်သည်ကိုမှ ပြန်မပြောနိုင်ပေ။ ပိုင်ရှောင်ချန်းမှာ ဘယ်တော့မှ ရင့်ကျက်လာမည်မဟုတ်ကြောင်း သူတို့သဘောပေါက်သွားသဖြင့် သူတို့သည် ခြောက်ကပ်ကပ်သာ ပြုံးလိုက်ကြတော့သည်။

” မင်းဘယ်လိုနည်းနဲ့များ အနိုင်ယူလိုက်တာတုံး။” ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက မေးသည်။ ဖားကြီး၏ ကျင့်ကြံခြင်းအခြေခံမှာ နှောင်းပိုင်း ယင်ယန်ဝိညာဥ်အဆင့်တွင်သာမက စက်ဝန်းအဆင့်တွင်ပင် ရှိနေနိုင်ကြောင်း သူကသိသည်။ နတ်အဆင့် သို့ရောက်ရှိရန် အလွန်နီးစပ်နေပြီဖြစ်သည်။

” ကျွန်တော်က နတ်ဘုရား စွမ်းအင်နဲ့အတူ မွေးလာတာလေ။ ” ပိုင်ရှောင်ချန်းက လက်နှစ်ဖက်ကိုနောက်ပစ်ကာ မေးငေါ့လျက် ပြန်ဖြေလိုက်သည်။
” ကောင်းကင်စီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကို ရောက်ထားတဲ့ လူတစ်ယောက်ဆိုတော့ ကျွန်တော်က ကောင်းကင်ကိုပါ တုန်လှုပ်စေန်ိုင်တယ်လေ။ အဲ့တာမလို့ ကောင်းကင်တာအို လျှပ်စီးတန်းတွေကို အများကြီး ဆင့်ခေါ်လိုက်ပြီး ဒီသတ္တဝါကြီးကို ပစ်ခိုင်းလိုက်လို့ ဒီကောင် အထိနာသွားတာ။ အဆုံးမှာ မသတ်ပဲ အသက်ချမ်းသာပေးလိုက်တာက သူ့ကို သနားလို့ပဲ။”
ပုံမှန်လေသံဖြင့် ပြောဆိုနေသည့် သူ၏စကားလုံးများကြောင့် သူ့ဘေးနားရှိလူတိုင်းမှာ သူ၏မျက်နှာကို ဖြန်းခနဲရိုက်ပစ်ချင်လိုစိတ်များ ပေါ်ပေါက်လာတော့သည်။

လီချင်းဟောက်ပင်လျှင် လက်များ ယားနေတော့သည်။ ပိုင်ရှောင်ချန်း ဤကဲ့သို့ကြွားလုံး ထုတ်နေပုံကို ကြည့်၍ အတွင်းစိတ်ထဲတွင် ခြောက်ကပ်ကပ် ရယ်မောနေတော့သည်။

” ခေါင်းဆောင်ကြီးများနှင့် အခြားတာအို ရောင်းရင်းတို့ခင်ဗျား။ ကျုပ်ကို လာကယ်လို့ ကျေးဇူးပါပဲ။ တိုက်ပွဲမှာ ကျုပ် ဒဏ်ရာရလိုက်ပေမဲ့ ဒီနတ်ဆိုးကြီးကို ကျုပ်တစ်ယောက်ထဲအားနဲ့ အနိုင်တိုက်နိုင်လိုက်ပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရဲ့ မိတ်ဆွေကောင်းပီသမှုကို ကျုပ်နှလုံးသားထဲမှာ အမြဲမှတ်ထားမှာပါ။ ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ဒီဖားကြီးကို ဂိုဏ်းအတွက် လက်ဆောင်ပစ္စည်းတစ်ခုအဖြစ် ဆက်သခွင့် ပေးပါလားဗျာ။”
ထိုသို့ဆိုကာ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

” နောက်ဆုံးတော့လည်း ပိုင်ရှောင်ချန်းဆိုတဲ့ ငါက လက်ဖျောက်တစ်ချက်တီးလိုက်ရင် ဘယ်လိုသတ္တဝါပဲ ဖြစ်ဖြစ် ပြာကျသွားရတာပါလား။”

ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးမှာ ပါးများပင် တွန့်နေတော့သည်။ ဤသို့ ကြွားဝါနေမှုကို သူလုံးဝ သည်းမခံနိုင်တော့ချေ။ ပိုင်ရှောင်ချန်းကို နောက်ဆုံးတစ်ခေါက် စိုက်ကြည့်ပြီးနောက် ဖားကြီးကို လှမ်းကြည့်လိုက်လေသည်။ အတွင်းစိတ်ထဲတွင် သူက ကျေနပ်နေတော့သည်။ သူကလက်ကိုဝှေ့ယမ်းလိုက်ပြီး ဖားကြီးကို သူ၏ ထည့်စရာအိတ်ထဲသို့ သိမ်းဆည်းလိုက်လေသည်။ ဖားကြီး၏ သက်စောင့်စွမ်းအားမှာ အပြင်းအထန် ဒဏ်ရာရရှိထားပါသော်လည်း အချိန်ပေးကာ အနားယူခိုင်းပါက ပြန်လည် အားအင်ပြည့်ဖြိုးလာမည်ဖြစ်ပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် စွမ်းအားကြီး ဝိညာဥ်သားရဲအစောင့်အရှောက် နောက်တစ်ကောင် ဖြစ်လာနိုင်မည်ဖြစ်သည်။

ဖားကြီး၏ကိုယ်ထဲတွင် သားရဲဘုရင် အငွေ့အသက်အနည်းငယ်ပင် ကျန်ရှိနေသေးသည်။ ခေါင်းဆောင်ကြီးများမှာ ကျေနပ်နေကြတော့သည်။ ၎င်း၏ သက်စောင့်စွမ်းအားများမှာ လောလောလတ်လတ် စုပ်ယူခံထားရကြောင်း သူတို့က သတိထားမိသော်လည်း ဘာမှဝင်မပြောချေ။

သူတို့တွင် မင်္သကာသည့် အချက်များရှိပါသော်လည်း ထုတ်မမေးတော့ချေ။ အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများ အားလုံးကမူ ထောက်ခံကြလေသည်။ ဂိုဏ်းသားတစ်ယောက် ရတနာပစ္စည်းတစ်ခုခုကို ရရှိပါက ထိုပစ္စည်းသည် ထုိဂိုဏ်းသား၏ အပိုင်ဖြစ်သည်။ ဂိုဏ်းထဲရှိ အခြားလူများမှ ထိုပစ္စည်းကို ခိုးယူရန်ကြိုးစားပါက ဂိုဏ်းထဲတွင် မတည်မငြိမ်မှုများ ပေါ်ပေါက်လာမည်ဖြစ်သည်။

ထို့အပြင် ပိုင်ရှောင်ချန်းသည် ခေါင်းဆောင်ငယ်လေး ဖြစ်သည်မဟုတ်ပါလော။ ယင်ယန်ဝိညာဥ်အဆင့်ရှိသော ဆရာကြီးများပင်လျှင် ထိုသို့သော လူမျိုးနှင့် ခပ်တင်းတင်း ဆက်ဆံရန် အလိုရှိမည်မဟုတ်ချေ။

မကြာမီ ထိုအုပ်စု၏ အပြန်လမ်းတွင် ပိုင်ရှောင်ချန်းမှာ သူတို့၏ အလယ်တည့်တည့်တွင် အထီးကျန်သူရဲကောင်းတစ်ယောက် ပုံစံဖမ်းနေတော့သည်။ အတွင်းစိတ်ထဲတွင်မူ သူသည် ပျော်ရွှင်လွန်း၍ ကဆုန်ပေါက်နေတော့သည်။

” ဒီနေရာက ငါ့အတွက် တကယ့်ကို အကျိုးပေးတဲ့ နေရာဖြစ်သွားတာပါလား။ ကောင်းတယ်ဟေ့။ သိပ်ကောင်းတယ်။ ဒီလိပ်ကလေးကို ကိစ္စတုံးအောင် မလုပ်တာပဲ ကောင်းမယ်ထင်တယ်။ အနာဂတ်မှာ ငါ့အတွက် ထပ်ပြီး အကျိုးပေးရင် ပေးနေနိုင်တယ်။” သူသည် အလွန်အမင်း ကျေနပ်နေပါသော်လည်း ကောင်းကင်ချိုမှင်ရည်နဂါးကြီး၏ လုပ်ရပ်ကို ပြန်သတိရသွားသောအခါ သူက ၎င်းကိုလှမ်းကြည့်ကာ စူးရှစွာ စိုက်ကြည့်လိုက်လေသည်။

ထိုအခါ ကောင်းကင်ချ်ို၏ နှလုံးသားမှာ တုန်ရီသွားတော့သည်။ စောစောက ဖားကြီးတွင်ရှိသော သက်စောင့်စွမ်းအား၏ ကိုးဆယ်ရာခိုင်နှုန်းခန့် စုပ်ယူခံလိုက်ရကြောင်းကို ၎င်းက သိသဖြင့် နဂါးကြီးမှာ ထိတ်လန့်နေခြင်းဖြစ်သည်။ ထိုသို့ အရာမျိုးကိုလုပ်ရန် မည်သို့သော လျှို့ဝှက်သိုင်းများကို ပိုင်ရှောင်ချန်း သုံးခဲ့ကြောင်း သူကသေချာမသိချေ။ မည်သို့ပင် ဆိုစေကာမူ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည့် သိုင်းကွက် တစ်ခုဖြစ်မည်မှာ အသေအချာပင်။

ယခု ပိုင်ရှောင်ချန်းကိုကြည့်နေသည့် ၎င်း၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးနေသည့် အမူအရာတစ်ခုကို မြင်နိုင်ပေသည်။ ၎င်း၏ အမူအရာသည် ယခင်တုံးက ပိုင်ရှောင်ချန်း သူနှင့်တွေ့လျှင် ပြုမူနေကြ အမူအရာနှင့်ပင် ဆင်တူနေတော့သည်။

ပိုင်ရှောင်ချန်းသည် စိတ်သဘောထားကြီးသည့် အမူအရာဖြင့် နဂါးကြီးကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့အဖွဲ့မှာ အပေါက်ဝဆီသို့ ပြန်ရောက်သည့်အခါ လေပွေထဲမှ ဖြတ်ပျံကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲသို့ ပြန်ရောက်သွားတော့သည်။

လူအားလုံး ပြန်ပေါ်လာသောအခါ လေပွေကြီးမှာ ပျောက်ကွယ်သွားပြီး ကောင်းကင်ချိုနဂါးကြီးမှာလည်း အစောင့်တာဝန် ထမ်းဆောင်ရန် ချောက်ကမ်းပါးထဲသို့ ပြန်ဆင်းသွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset