Switch Mode

စာစဥ် (၃) အပိုင်း (၄၂)

သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံး

“မင်းသားလေး…”

လုတိန်ရှန်းက ချီလင်းထွက်ခွာသွားတာကို ကြည့်နေလိုက်သည်။ ဒီနေ့ဖြစ်ပျက်သွားခဲ့ရတာတွေက သေချာပေါက် ချီအိမ်တော်နဲ့ ဆက်စပ်မှုရှိနေရပေမည်။ ဒါ့ကြောင့် သူ့အနေနဲ့ သူတို့ကို အလွယ်တကူ လွှတ်မပေးလိုက်နိုင်ချေ။

ဇူယွမ် သူ့ရဲ့လက်ကိုဝှေ့ယမ်းပြလိုက်ကာ ပြောသည်… “သူတို့တွေက အရမ်းကိုတော်ကြပြီးတော့ အကြောင်းပြချက်ပေးနိုင်ဖို့ အစောကြီးကတည်းက ကြိုတင်ပြင်ဆင်လာခဲ့ကြတယ်… သူတို့နှစ်ယောက်စလုံးက သေသွားပြီဖြစ်တဲ့အတွက် ငါတို့ကခုချိန်မှာ သူတို့ကို အတင်းအကျပ်မေးရင်တောင်မှပဲ သူတို့ကဝန်ခံလိမ့်မှာမဟုတ်ဘူး…”

ဇူယွမ်ရဲ့စကားတွေကို ကြားလိုက်ရသည့်အခါ လုတိန်ရှန်းရဲ့နှလုံးက တုန်လှုပ်သွားခဲ့ရသည်။ ကြည့်ရတာ နောက်ထပ်သူခိုးတစ်ယောက်ကလည်း ဒီနေရာမှာပဲ အမှန်တကယ်သေဆုံးသွားခဲ့သည့်ပုံပင်။ ဒါပေမဲ့လည်း ဒါက သူ့ကိုအနည်းငယ်တော့ ပဟေဠိဖြစ်စေခဲ့သည်။ ကြားရတဲ့သတင်းတွေအရ အခြားသူခိုးတစ်ယောက်က ချီစုဆောင်းမှုအဆင့်ကိုရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဒါပေမဲ့ ဇူယွမ်နဲ့ မူလချီလှုပ်ရှားမှုအနည်းငယ်မျှပင် ထွက်ပေါ်နေခြင်းမရှိတဲ့ယောင်ယောင်တို့နှစ်ယောက်သာ ဒီနေရာတွင်ရှိနေသည်။ ဘယ်လိုလုပ် ချီစုဆောင်းမှုအဆင့် သူခိုးတစ်ယောက်က သေဆုံးသွားခဲ့ရတာလဲ။

လုတိန်ရှန်းရဲ့နှလုံးသားထဲမှာ မေးခွန်းတွေနဲ့ ပြည့်နှက်နေပေမဲ့ သူ့အနေနဲ့မေးဖို့ မသင့်လျော်ဖူးဆိုတာကို သိလေသည်။ ဒါ့ကြောင့်ပဲ သူက “မင်းသားလေး… ကျွန်တော် ဒီအကြောင်းကို လူတစ်ယောက်လွှတ်ပြီး မင်းကြီးကို သတင်းပို့ခိုင်းလိုက်ပါမယ်…”

ဇူချင်အနေနဲ့ အခြားသောကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ ဒီနေရာမှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို သိရှိနေဖို့လိုအပ်ပေသည်။

ဇူယွမ် ခေါင်းညိတ်ပြလိုက်သလို လုတိန်ရှန်းနှင့်သူလူတွေလည်း ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ သို့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူတို့တွေက မင်းသားလေးနောက်တစ်ကြိမ် ဒီလိုထပ်မဖြစ်နိုင်စေဖို့ရန် အလှမ်းကွာဝေးသည့်နေရာကို မသွားခဲ့ကြတော့ပေ။ ထို့ကြောင့်ပင် သူတို့တွေက တောင်ကြားအပြင်ဘက်တွင်ပဲ စောင့်ကြပ်နေခဲ့ကြလိုက်သည်။

တောင်ကြားအတွင်းမှာတော့ ယောင်ယောင်က သူမရှေ့မှာချထားသည့် ပုလင်းသုံးဆယ့်ခြောက်လုံးကို ကြည့်နေသည်။ ၎င်းပုလင်းတွေထဲတွင် မတူညီသည့် အဆင့် ၁မူလမှော်သားရဲ သုံးဆယ့်ခြောက်ကောင်၏ သွေးအဆီအနှစ်တွေ ပါဝင်နေ၏။ သူတို့ကို စစ်ဆေးပြီးသည့်နောက်တွင် သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်… “မဆိုးဘူး… ပါရမယ့်အရာအားလုံးကို စုဆောင်းနိုင်ခဲ့တာပဲ… ငါအရင်ဆုံးပြင်ဆင်မှုလုပ်လိုက်ဦးမယ်… မနက်ဖြန်ကျရင် သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးကို ငါနင့်ကို ရေးဆွဲပေးမယ်…”

ဇူယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ မကြာမီမှာပဲ သူက မေးလိုက်သည်… “အစ်မကြီးယောင်ယောင်… သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးက ဘယ်အဆင့်မှာရှိလဲ…”

ဇူယွမ့်အနေဖြင့် ဝင်ပေါက်ဖွင့်ခြင်းမှာ အကူအညီပေးနိုင်သည့် မူလမှော်စာလုံးတစ်ခုကို ဘယ်တုန်းကမှ မမြင်ဘူးခဲ့သလို ဇူအင်ပါယာအတွင်းမှာနေထိုင်တဲ့ လူအားလုံးကလည်း ဘယ်သူမှ ဒီလိုမျိုးမှော်စာလုံးကို သိရှိကြခြင်းမရှိပေ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီလိုမှော်စာလုံးက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာကို လူတိုင်းမြင်နိုင်ပေသည်။

ယောင်ယောင်က သာမန်မျှသာ ပြန်ပြောလိုက်သည်… “ဒါက အဆင့် ၂မူလမှော်စာလုံးပဲ… နင်က မူလဖျက်စီးခြင်းနတ်ဘုရားရဲ့ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်း ဒုတိယအဆင့်ကို ရောက်တဲ့အချိန်ကျ ငါနင့်ကို ဒီမှော်စာလုံးသင်ပေးမယ်…”

ဇူယွမ် သူ့ရဲ့ခေါင်းကို ကုတ်လိုက်ပြီးမှ မေးသည်… “ငါဒါကို တခြားလူတွေကို ပြန်သင်ပေးလို့ရမလား…”

သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးက လွန်စွာမှပင်တန်ဖိုးရှိပေသည်။ အထူးသဖြင့် ဇူအင်ပါယာအတွက်ဖြစ်သည်။ ဒီဟာက ဆုံးရှုံးနိုင်မှုတချို့ရှိပေမဲ့လည်း စွမ်းအားမြင့်မားတဲ့သူတွေသာ ရွေးချယ်အသုံးပြုမည်ဆိုလျှင် အောင်မြင်နိုင်မှုပိုများပေမည်။

ဒါ့အပြင်သူက ဒီမှော်စာလုံးအား စစ်တပ်ထဲကို ပေးလိုက်မည်ဆိုလျှင် ဝင်ပေါက်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူများစွာရဲ့စွမ်းအားတွေကို ကျိန်းသေပေါက်မြင့်တက်လာစေလိမ့်မည်ဖြစ်သလို ဇူအင်ပါယာကလည်း ပိုပြီးသန်မာလာပေလိမ့်မည်။

ဒါပေမဲ့ ဒီမှော်စာလုံးက ယောင်ယောင်ပိုင်ဆိုင်သည့်အရာဖြစ်သည်။ သူ့အနေနဲ့ အခြားလူတွေကို ပြန်သင်ပေးဖို့ဆိုတာက သူမရဲ့ခွင့်ပြုချက်လည်း လိုအပ်ပေသည်။

ယောင်ယောင်က ပုလင်းတွေကို ရွှေ့နေရင်းမှ ထူးမခြားနားစွာပဲ ပြောသည်… “နင်က အခြားလူတွေကို ပေးချင်တယ်ဆိုရင် ဒါက ငါ့ကိုမေးနေဖို့မလိုအပ်ဘူး… ဒါတွေအားလုံးက အဖိုးဟေး ငါ့ကိုသင်ပေးခဲ့တာ… သူ့ရဲ့တပည့်တစ်ယောက်ဖြစ်တဲ့နင်က ပုံမှန်အားဖြင့် ဒါတွေကို နင့်စိတ်ကြိုက်လုပ်ခွင့်ရှိတယ်…”

“ကျေးဇူးတင်ပါတယ် အစ်မကြီးယောင်ယောင်…”

ဇူယွမ်တစ်ယောက် ဝမ်းသာသွားခဲ့ရသလို ကျေးဇူးလည်းတင်မိပေသည်။ အဆင့် ၂မူလမှော်စာလုံးတစ်ခုက ယောင်ယောင်အတွက် ဘာမှမဟုတ်ဘူးဆိုပေမဲ့ ၎င်းက ဇူအင်ပါယာအတွက်တော့ အလွန်ပင်အဖိုးထိုက်တန်လှပေသည်။

“သွားအနားယူတော့… မနက်ဖြန် ဒီသားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးရဲ့သက်ရောက်မှုကို ကြိုးစားပြီးယူရလိမ့်မယ်…”

“ကောင်းပြီ…”

“ဘာ… မီးလျှံအလင်းကျင့်စဉ် ပျောက်သွားခဲ့တယ်ဟုတ်လား…”

ချီအိမ်တော်အတွင်း၌ဖြစ်သည်။

ချီလင်းရဲ့စကားကို ကြားလိုက်ရသည့်အခါ ချီယွဲ့ရဲ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့ရသလို အလျင်အမြန်ပဲ မတ်တပ်ထရပ်လိုက်မိသည်။ သူ့ရဲ့မျက်လုံးထဲမှာတော့ ပူပင်သောကတွေ တောက်လောင်နေရပေသည်။

ချီယွဲ့ရဲ့အမူအယာကို မြင်လိုက်ရသည့်အခါ ချီလင်းက အားတင်းကာ ခေါင်းညိတ်ပြလိုက်ပြီးပြောသည်… “ကျွန်တော် အဲ့ဒီနေရာကို ရောက်သွားတဲ့အချိန်မှာ လူတောင်းက အဖမ်းခံနေခဲ့ရပြီးတော့ လူဟောင်ရဲ့အရိပ်ကိုတောင်မှ မမြင်တွေ့ခဲ့ရဘူး…”

ချီယွဲ့က အံကိုတင်းတင်းကြိတ်လိုက်ရင်းမှ ပြောသည်… “လူဟောင်က ချီစုဆောင်းမှုအဆင့်ကိုရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ… ဇူယွမ်က သူ့ပြိုင်ဘက်ဖြစ်နိုင်မှာမဟုတ်ဘူး… ယောင်ယောင်ဆိုတဲ့မိန်းကလေးဆီကလည်း မူလချီလှုပ်ရှားမှုအနည်းငယ်လေးတောင် မတွေ့ရဘူး… ဒါ့ကြောင့် လူဟောင်သေသွားဖို့ဆိုတာက မဖြစ်နိုင်ဘူး…”

ချီလင်းက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ပြောသည်… “သူက ရတနာကိုယူပြီး ထွက်ပြေးသွားတာဖြစ်နိုင်မလား…”

“အဲ့ဒီခွေးကောင်က ဒီလိုမျိုးလုပ်ရဲမှာလား…” ချီယွဲ့ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တွေ ဖြတ်သွားခဲ့ရပြီး ဆက်ပြောလိုက်သည်… “သူ့ရဲ့ပုံတူကို ရေးဆွဲပြီးတော့ အပြင်ကိုဖြန့်လိုက်… ရှာဖွေတာကို သေချာအာရုံစိုက်ပြီးလုပ်… ဘယ်လောက်ပဲကုန်ကုန် ငါတို့တွေမီးလျှံအလင်းကျင့်စဉ်ကို ပြန်ရှာတွေ့ဖို့ လိုအပ်တယ်…”

ဒီမီးလျှံအလင်းကျင့်စဉ်က ဝူအင်ပါယာမှ သူ့အဖေကို ပေးထားသည်ဆိုတာကို လူတိုင်းသိသည့်အရာဖြစ်ပြီး ဒီကျင့်စဉ်က ချီအိမ်တော်မှာရှိသည့် အစွမ်းအထက်ဆုံးမူလကျင့်စဉ်တွေထဲမှ တစ်ခုလည်းဖြစ်သည်။ ဒီကျင့်စဉ်က အိမ်တော်အတွက် ကြီးစွာသောတာဝန်တွေကို ထမ်းဆောင်ပေးခဲ့သူမှသာ လေ့ကျင့်ခွင့်ရသော ကျင့်စဉ်တစ်ခုလည်းဖြစ်သည်။ အခုချိန်မှာ ဒါက သူ့ကြောင့်ပျောက်ဆုံးသွားခဲ့ရသည်။ သူပြန်သွားတဲ့အခါ ချီယန် ဘယ်လောက်တောင် ဒေါသထွက်နေလိမ့်မည်ဆိုတာကို ဘယ်သူမဆို ခန့်မှန်းနိုင်ပေသည်။

ချီယွဲ့က အဲ့ဒီမြင်ကွင်းကို တွေးကြည့်လိုက်မိသည့်အခါ တစ်ကိုယ်လုံးလေးလံသွားသလို ခံစားလိုက်ရသည်။

ချီယွဲ့ရဲ့မျက်နှာက ပျက်ယွင်းသွားခဲ့ရပြီး အသက်ကိုပြင်းစွာရှူလိုက်ကာ ဘေးမှလက်ဖက်ရည်ခွက်ကို မယူလိုက်ခဲ့သည်။ သို့ပေမဲ့လည်း သူ့ရဲ့နှလုံးသားထဲက ဒေါသတွေကို တည်ငြိမ်အောင်ထိန်းချုပ်ခြင်းငှာမစွမ်းသာခဲ့ဘဲ လက်ထဲမှာကိုင်ထားတဲ့ လက်ဖက်ရည်ခွက်က မြေပြင်ပေါ်ကျကွဲသွားခဲ့ရသည်။

“ဇူယွမ်… ငါမင်းကို ဒီအတိုင်းလွှတ်ပေးမထားနိုင်ဘူး…”

အခန်းထဲမှာ ဒေါသတွေနဲ့ပြည့်နှက်နေတဲ့ ချီယွဲ့ရဲ့လေသံက သားရဲတစ်ကောင် ဟစ်ကြွေးလိုက်သည့်အသံနှင့်ပင် တူလှသည်။

သူ့မှာ မူလက ဇူယွမ်ကို သင်ခန်းစာပေးဖို့ စီစဉ်ထားခဲ့ပေမဲ့လည်း အရာရာတိုင်းက သူစီစဉ်ထားသလိုဖြစ်မလာခဲ့ပေ။ မာနကြီးတဲ့ချီယွဲ့လို လူတစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုးကို မည်သို့လက်သင့်ခံနိုင်လိမ့်မည်နည်း။

နောက်တစ်နေ့ မနက်စောစောအချိန်မှာ အအေးဓာတ်က တောအုပ်တစ်ခုလုံးကို လွှမ်းခြုံထားလျက်ရှိပြီး သစ်ရွက်တွေပေါ်မှာ ပါးလွှာတဲ့ဆီးနှင်းတွေက ဖုံးအုပ်နေလျက်ရှိပေသည်။

ယောင်ယောင်က သူမလက်ထဲမှာကိုင်ထားသည့် ဖောက်ထွင်းမြင်နိုင်တဲ့ ပုလင်းတစ်လုံးကို ဖြည်းညှင်းစွာလှုပ်ခါနေခဲ့သလို ပုလင်းထဲမှာလည်း စေးကပ်ကပ်အနီရောင်အရည်တွေကလည်း ပုလင်းတစ်ဝက်အထိရှိနေသည်။ ပုလင်းကို ရှေ့နဲ့နောက် လှုပ်ယမ်းလိုက်သလို ရိုင်းစိုင်းကြမ်းကြုတ်တဲ့အရှိန်အဝါတစ်ခု စီးထွက်လာခဲ့ပြီး သားရဲတွေရဲ့အော်သံခပ်သဲ့သဲ့ကိုပင် ကြားနိုင်ပေသည်။

“ဒီအရည်နည်းနည်းလေးက များပြားတဲ့သွေးအဆီအနှစ်တွေကနေ ရလာတဲ့အရာတွေလား…” ဇူယွမ် အံ့အားသင့်သွားခဲ့ရသည်။ အဆင့် ၁မူလမှော်သားရဲတွေရဲ့ နှလုံးသွေးတွေထည့်ထားသည့် ပုလင်း ၃၆လုံးကို သန့်စင်လိုက်တဲ့အခါ ပုလင်းတစ်ဝက်စာလောက်သာ ရရှိခဲ့သည်။

“ဟုတ်တယ်.., ငါက အဆီအနှစ်အများဆုံးရှိတဲ့အပိုင်းကိုပဲ စုဆောင်းခဲ့တာ… မူလမှော်သားရဲသုံးဆယ့်ခြောက်ကောင်ရဲ့သွေးထဲမှာပါဝင်တဲ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့စွမ်းအင်တွေကို ငါဒီပုလင်းထဲမှာ စုစည်းလိုက်တဲ့အတွက် ရိုင်းစိုင်းကြမ်းကြုတ်တဲ့စွမ်းအင်တွေက နှစ်ဆဖြစ်သွားခဲ့တယ်…”

“ဒီပုလင်းတစ်ဝက်က ငါးကြိမ်လေ့ကျင့်ဖို့အတွက် လုံလောက်တယ်…”

ယောင်ယောင်က ကျောက်စိမ်းရောင်မူလမှော်စာလုံးစုတ်တံကို လက်ထဲမှာမွှေယမ်းလိုက်ပြီး ဇူယွမ့်ကိုမေးငေါ့ကာ အချက်ပြလိုက်သည်… “နင့်ရဲ့ အဝတ်အစားတွေချွတ်လိုက်…”

ဇူယွမ်က နှောင့်နှေးကြန့်ကြာနေခဲ့ခြင်းမရှိပေ။ သူက သူ့ရဲ့အင်္ကျီကို ချွတ်ချလိုက်သည့်အခါ ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့ကြွက်သားတွေက အရမ်းကြီးတောင့်တင်းကြံ့ခိုင်မှုမရှိသော်ငြား သူတို့တွေက ယောက်ျားပီသမှုတွေနဲ့ ပြည့်နှက်နေသည်။

“နင့်ပုံစံက ဆိုးတော့မဆိုးပါဘူး…”

ယောင်ယောင်ရဲ့အမူအယာက ပြောင်းလဲသွားခြင်းမရှိပေမဲ့လည်း သူမက ပေါ့ပေါ့ပါးပါးပဲ ချီးကျူးမိလိုက်သည်။

ဇူယွမ်တစ်ယောက် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ရသည်။

ယောင်ယောင်ရဲ့ နီထွေးထွေးနှုတ်ခမ်းထောင့်စွန်းလေးက အနည်းငယ်မြင့်တက်သွားခဲ့သည်။ မကြာမီမှာပင် သူမရဲ့မျက်နှာက တည်ကြည်သွားခဲ့ပြီး ဇူယွမ့်ကို ညွှန်ကြားလိုက်သည်… “နင့်ရဲ့နှလုံးကို သေချာဂရုစိုက်ကာကွယ်ထားပြီး ဒီရက်စက်တဲ့စွမ်းအင်တွေကို နင့်စိတ်ထဲဝင်ရောက်မသွားစေနဲ့… ဒါမှမဟုတ်ရင် နင့်စိတ်ဝိညာဉ်ဒဏ်ရာရသွားလိမ့်မယ်…”

ဇူယွမ်က ဒါကိုကြားလိုက်ရသည့်အခါ အသက်ကိုပြင်းစွာရှူလိုက်မိပြီး သူ့ရဲ့နှလုံးကို တည်ငြိမ်အောင်ပြုလုပ်လိုက်သလို သူ့ရဲ့မျက်နှာကလည်း ကြောက်စရာကောင်းသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်တွေ့လိုက်ရသည့်အလား တည်ကြည်လေးနက်သွားခဲ့ရသည်။

ယောင်ယောင်က ဒါကိုမြင်လိုက်ရသည့်အခါ သူမလက်ထဲတွင် ကိုင်ထားသည့်စုတ်တံကို သွေးအဆီအနှစ်ထဲစိမ်ခဲ့လိုက်ပြီးနောက် ၎င်းကဇူယွမ်ရဲ့ကျောပြင်ပေါ်ကို ဖြည်းညှင်းစွာကျဆင်းသွားခဲ့ရသည်။

စုတ်တံရဲ့ထိပ်ဖျားက လှုပ်ရှားသွားသည့်အခါ ဇူယွမ့်အနေဖြင့် ကူကယ်ရာမဲ့စွာဖြင့် အေးစက်တဲ့လေတွေကိုသာ တစ်ဝကြီးရှူသွင်းနေလိုက်မိသည်။ စုတ်တံက မီးနှင့်တို့ထားသည့်အလား သူ့ရဲ့အရေပြားပေါ်မှာလောင်ကျွမ်းနေတဲ့ခံစားချက်တစ်ခုကို သယ်ဆောင်လာခဲ့သည်။

လျှို့ဝှက်နက်နဲသည့် မူလစုတ်ချက်တွေက ဇူယွမ်ရဲ့ကျောပြင်ပေါ်မှာ အဆက်မပြတ်ပေါ်ပေါက်လာခဲ့သည်။ ဒီအရာက မိနစ်များစွာကြာပြီးသွားတဲ့နောက်မှာ ယောင်ယောင်ရဲ့ နှင်းလိုဖြူဖွေးတဲ့လက်ကလေးက သိမ်မွေ့စွာလှုပ်ခါသွားခဲ့ပြီး နောက်ဆုံးစုတ်ချက်က ဆင်းသက်လာခဲ့သည်။

“ပြင်ဆင်မှုတွေအားလုံးပြီးသွားပြီ…”

တစ်ချိန်တည်းမှာ သူမရဲ့နူးညံ့သိမ်မွေ့တဲ့အသံလေးက ဇူယွမ်၏နားထဲကို ဝင်ရောက်လာခဲ့သည်။

ဝှစ်…

သူမရဲ့အသံကို ကြားလိုက်ရတာနဲ့တစ်ချိန်တည်းမှာ သွေးနီရောင်အလင်းတွေက ဇူယွမ်ရဲ့နောက်ကျောမှ တောက်ပလာခဲ့သကဲ့သို့ မှော်သားရဲအော်သံတွေကလည်း တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့သည်။

ဒီအချိန်မှာ ဇူယွမ့်မျက်လုံးတွေက ရုတ်ချည်းတင်းကျပ်စွာပိတ်သွားခဲ့သည်။ သူ့အနေနဲ့ ရက်စက်ကြမ်းတမ်းတဲ့စွမ်းအားတွေ သူ့ရဲ့ကျောပြင်ပေါ်ကျရောက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်အတွင်းဝင်ရောက်လာသည်ကို ခံစားနိုင်ခဲ့ရသည်။

ဝေါင်း… ဝေါင်း… ဝေါင်း…

ရက်စက်ကြမ်းတမ်းတဲ့ မှော်သားရဲအော်သံတွေက ဇူယွမ်ရဲ့စိတ်ထဲမှာ ပဲ့တင်ထပ်နေခဲ့ရပြီး များစွာသောမှော်သားရဲတွေ သူ့ကိုဝိုင်းဝန်းကိုက်ခဲစားသောက်နေသည့်အလား ရူးသွပ်သွားစေနိုင်သည့်လှိုင်းတစ်ခုကို ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာပင် ဇူယွမ်က ကြိုတင်ပြင်ဆင်လာခဲ့ပေသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိစိတ်ဝိညာဉ်က အနည်းငယ်လှုပ်ရှားလာခဲ့ပြီး မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးကို စတင်ပြီးတွေးတောလိုက်မိသည်။ နတ်ဘုရားကျောက်တုံးက စတင်လှည့်လည်လာခဲ့ပြီး အန္တရာယ်ပေးနိုင်စွမ်းရှိသည့် မှော်သားရဲအော်သံတွေကို ဘာမှမကျန်ခဲ့ရအောင် ကြိတ်ချေခဲ့လိုက်သည်။

အခုမှသာ သူ့ရဲ့သတိလစ်သွားတော့မတတ်မူးဝေနေမှုက တဖြည်းဖြည်းပြန်လည်သက်သာလာခဲ့ရသည်။

တစ်ဆက်တည်းမှာပဲ ဇူယွမ်က သူ့ခန္ဓာကိုယ်ထဲမှာ အပူလှိုင်းတစ်ခုထွက်ပေါ်လာတာကို ခံစားနိုင်ခဲ့ရပြီး လွန်စွာပူလောင်လှသည့် အပူလှိုင်းတစ်ခု သူ့ခန္ဓာကိုယ်ထဲမှာ စတင်ပြီးစီးဆင်းလာခဲ့သည်။

သူ့အနေဖြင့် ဒီအပူလှိုင်းက သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးရဲ့ စွမ်းအားတွေဆိုတာကို သိပေသည်။

သူ့ရဲ့အတွေးထဲမှာ ထိုအပူလှိုင်းကို သူ့ရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးနေရာကို လမ်းညွှန်ပေးခဲ့လိုက်သည်။

အပူလှိုင်းက ငါးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးနေရာကို တိုးဝင်သွားခဲ့ပြီးနောက်မှာ မူလကအကောင်းအတိုင်းရှိနေသည့် ငါးခုမြောက်ဝင်ပေါက်အတားအဆီးက အနည်းငယ်လျော့ပါးသွားခဲ့သည်ကို ခံစားမိလိုက်သည်။

ဒီပြောင်းလဲမှုကို ခံစားမိလိုက်သည့်အခါ ဇူယွမ်ရဲ့နှလုံးသားထဲမှာ အပျော်တွေထွက်ပေါ်လာခဲ့ရသည်။ သူက အပူလှိုင်းကိုထိန်းချုပ်ပြီး ဝင်ပေါက်အတားအဆီးကို အဆက်မပြတ်တိုက်ခိုက်နိုင်ဖို့ရန်ကိုသာ အာရုံစိုက်လိုက်သည်။

အချိန်တော်တော်ကြာပြီးတဲ့နောက်မှာ ၎င်းအပူလှိုင်းက နောက်ဆုံးပျောက်ကွယ်သွားခဲ့ပြီး မူလက လုံးဝကိုပိတ်ဆို့နေလျက်ရှိသည့် ငါးခုမြောက်ဝင်ပေါက်အတားအဆီးရဲ့ သေးငယ်တဲ့အပိုင်းလေးတစ်ခုကို ဖွင့်နိုင်ခဲ့လိုက်သည်။ ဒီအခြေအနေက ဇူယွမ့်ကို အလွန်အမင်းပျော်ရွှင်သွားစေခဲ့သည်။ ဒါက ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ ပထမဆုံးအကြိမ်လေ့ကျင့်ခဲ့တုန်းက ရရှိခဲ့တဲ့အကျိုးသက်ရောက်မှုထက် အနည်းငယ်မျှပင် လျော့နည်းခြင်းမရှိခဲ့ချေ။

ဟူး…

ဇူယွမ် သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး လေတစ်ချက်မှုတ်ထုတ်လိုက်သည့်အခါ ဆိုးရွားတဲ့သွေးနံ့တစ်ခု ထွက်ပေါ်လာခဲ့ရသည်။ သူ့အနေနဲ့ ဒီအနံ့ဆိုးကို ဂရုစိုက်ခြင်းမရှိခဲ့ပေ။ သူ့ရဲ့မျက်လုံးတွေထဲမှာတော့ အလင်းရောင်တွေဖြင့် လင်းလက်တောက်ပနေပေသည်။

သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးရဲ့ အကျိုးသက်ရောက်မှုက သူမျှော်မှန်းထားသည်ထက် များစွာကျော်လွန်နေပေသည်။

ဒီနှုန်းအတိုင်းဆိုရင် သူ့ရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို တစ်လအတွင်းမှာ သေချာပေါက်ချိုးဖျက်နိုင်လိမ့်မည်ဆိုတာကို သူ့အနေဖြင့် ယုံကြည်မှုရှိပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset