Switch Mode

စာစဥ် (၃) အပိုင်း (၄၀)

အားလုံးထဲမှာဒါပဲကျန်နေခဲ့တယ်

ဝေါင်း…

တစ်ချိန်တည်းမှာ တောအုပ်အတွင်းမှ ကျားဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မူလချီအလင်းတွေလှည့်ပတ်နေတဲ့ လက်သီးတစ်လုံးက ပြင်းထန်တဲ့စွမ်းအားတွေသယ်ဆောင်ကာ လေထုကိုဖြတ်၍ ၎င်း၏ခေါင်းထက်ကို အညှာအတာကင်းမဲ့စွာ ကျရောက်သွားခဲ့သည်။

ဟူး…

ဇူယွမ်က မှော်သားရဲအလောင်းကို ကြည့်လိုက်ပြီး သူ့ရဲ့ပခုံးပေါ်က ကြီးလေးတဲ့တာဝန်ကြီးတစ်ခုပြီးဆုံးသွားသည့်အလား သက်ပြင်းချလိုက်ကာ သူ့ရဲ့တင်းကျပ်နေမှုတွေ တဖြည်းဖြည်းလျော့ပါးသွားခဲ့ရသည်။ အဲ့ဒီနောက်မှာ သွေးတွေပေနေတဲ့ သူ့ရဲ့လက်သီးကို ၎င်းရဲ့အမွှေးတွေနဲ့ သုတ်လိုက်သည်။

၎င်းက မုန်တိုင်းကျားတစ်ကောင်ဖြစ်သည်။ အဆင့် ၁မူလမှော်သားရဲတွေထဲမှာမှ အရမ်းကိုလျင်မြန်တဲ့မူလမှော်သားရဲတစ်ကောင်ဖြစ်သလို ရင်ဆိုင်နိုင်ဖို့လည်း ခက်ခဲလှသည်။ ကံကောင်းစွာပင် ဇူယွမ်က နဂါးခြေလှမ်းကို လေ့ကျင့်ခဲ့သည်။ ၎င်းရဲ့စွမ်းရည်ကြောင့်ပဲ သူ့အနေနဲ့ မုန်တိုင်းကျားကို ရင်ဆိုင်ရာမှာ အနိုင်ရရှိခဲ့ခြင်းဖြစ်ပေသည်။

“ဒါက သုံးဆယ့်ခြောက်ကောင်မြောက် အဆင့် ၁မူလမှော်သားရဲပဲ…” ဇူယွမ်က မှော်သားရဲအလောင်းကို မယူလိုက်ရင်းမှ ပြုံးလိုက်သည်။

ရွှစ်…

အဲ့ဒီအချိန်မှာပင် အမှောင်ထုထဲက အေးစက်တဲ့အလင်းရောင်တစ်ခု ရုတ်ချည်းထွက်ပေါ်လာခဲ့ပြီး ၎င်းက ဇူယွမ်ရဲ့နှလုံးတည့်တည့်ကို ဦးတည်ဝင်ရောက်လာခဲ့သည်။

သို့ပေမဲ့လည်း အေးစက်တဲ့အလင်းတန်းက ဇူယွမ့်ကို မထိခင်မှာပင် သူ့ရဲ့လက်က ဆတ်ခနဲလှုပ်ရှားသွားခဲ့ပြီး ကျားသေရဲ့အလောင်းကိုစောင်းလျက် သူ့ရဲ့နှလုံးကို ကာကွယ်ခဲ့လိုက်သည်။ အေးစက်တဲ့အလင်းတန်းက ကျားသေအလောင်းကို ဖြတ်သွားခဲ့သလို ဓားမြှောင်ရဲ့အသွားကလည်း ၎င်းအသားထဲ နစ်ဝင်သွားခဲ့သည်။ ဒါကိုကြည့်ခြင်းအားဖြင့် ၎င်းရဲ့နောက်ကွယ်မှာ စွမ်းအားပြည့်ဝလှတဲ့အင်အားတွေ ပါဝင်နေတာကို မြင်တွေ့နိုင်သည်။

“ဟင်…” အလစ်တိုက်ခိုက်မှု လွဲချော်သွားတဲ့အခါ အမှောင်ထဲမှ အံ့အားသင့်သွားသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဘယ်သူလဲ… ထွက်ခဲ့စမ်း…” ရုတ်တရက် အကြင်နာမဲ့စွာခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကြောင့် ဇူယွမ်ရဲ့အမူအယာ ပြောင်းသွားခဲ့သည်။ သူ့ရဲ့လက်က နောက်တစ်ကြိမ်ထပ်လှုပ်ရှားသွားခဲ့ပြီး ကျားသေအလောင်းက အမှောင်ထုထဲကို တစ်ဟုန်ထိုးတိုးဝင်သွားခဲ့သည်။

အမှောင်ထဲမှ လူရိပ်တစ်ခုက လျင်မြန်စွာထွက်ပေါ်လာခဲ့ပြီး ကျားသေအလောင်းကို ခြေထောက်နဲ့ကန်လိုက်သလို ဇူယွမ်ရဲ့ရှေ့မှာ ငှက်မွှေးတစ်ခုအလား ပေါ့ပါးစွာဆင်းသက်လာခဲ့သည်။

ဇူယွမ်က သက်ပြင်းချလိုက်ပြီး သန်မာတဲ့လူကြီးကိုကြည့်လိုက်၍ သူ့ရဲ့မျက်လုံးထဲမှာ မကောင်းတဲ့အငွေ့အသက်တွေ ထွက်ပေါ်လာခဲ့ရပြီး မေးလိုက်သည်… “ခင်ဗျားဘယ်သူလဲ…”

“မင်းအသက်အတွက် လာတဲ့လူတစ်ယောက်ပဲ…” ရောက်ရှိလာသည့်လူက လူတောင်းပင်ဖြစ်သည်။ သူက ဇူယွမ်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းမှာ အလေးမထားသည့်အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့ကာ အေးစက်စက်ပြောသည်… “ကောင်လေး… မင်းရဲ့သေခြင်းကို လိမ်လိမ်မာမာနဲ့ လက်ခံလိုက်… အလှလေးက နောက်မှာ ငါ့ကိုပျော်ရွှင်အောင်လုပ်ပေးဖို့ စောင့်နေတယ်…”

ဒါကိုကြားလိုက်ရသည့်အခါ ဇူယွမ့်အမူအယာက ချက်ချင်းပြောင်းလဲသွားခဲ့ရပေမဲ့ လျင်မြန်စွာပဲ တည်ငြိမ်အောင် ပြန်ပြီးထိန်းချုပ်နိုင်လိုက်သည်။ ယောင်ယောင်က စွမ်းအားမရှိတဲ့ ကြက်ကလေးတစ်ကောင်အလားထင်ရပေမဲ့ သူမရဲ့လျှို့ဝှက်ချက်ကို ဇူယွမ်က ကောင်းစွာသိထားပေသည်။ ဒါ့အပြင် သူမရဲ့ဘေးမှာ သူမကို ကာကွယ်ပေးဖို့ ပဟေဠိဆန်တဲ့ ထန်ထန်လည်း ရှိနေသေးသည်။

ဒါ့ကြောင့် ယောင်ယောင်အနေနဲ့ ကောင်းကင်ဘုံတံခါးအဆင့်ကျွမ်းကျင်သူတစ်ယောက်နဲ့ ရင်ဆိုင်တွေ့မယ်ဆိုရင်တောင် အဆင်ပြေနိုင်ပေလိမ့်မည်။ ကောင်းကင်ဘုံတံခါးအဆင့်ကျွမ်းကျင်သူတွေက ဇူအင်ပါယာမှာ စွမ်းအားအမြင့်ဆုံးတန်ခိုးရှင်တွေထဲမှာ ပါဝင်နေတဲ့အတွက် အလွယ်တကူထွက်ပေါ်လာလိမ့်မည်တော့ မဟုတ်ပေ။

ဇူယွမ်က တည်ငြိမ်မှုရှိသွားခဲ့သော်လည်း သူ့ရဲ့မျက်လုံးတွေထဲမှာ အေးစက်တဲ့အလင်းရောင်တွေ ထွက်ပေါ်လာခဲ့သည်။ ဒီလူရှုပ်တွေက ယောင်ယောင့်ကို နှောင့်ယှက်ဝံ့သည့်အတွက် သေဖို့ထိုက်တန်ပေသည်။

ဇူယွမ် လက်သီးကို ဖြည်းညှင်းစွာဆုပ်လိုက်ရင်းမှ ပြောသည်… “မင်းအနေနဲ့ ဒီနေ့အနက်ရောင်သစ်တောတောင်တန်းထဲကနေ အသက်ရှင်လျက်ပြန်မထွက်သွားစေရဘူးလို့ ငါအာမခံတယ်…”

“မင်းက ကိုယ့်အတွက်ကိုယ်ပဲ စိတ်ပူသင့်တယ်ကောင်လေး… ငါက မင်းကို တစ်ချက်တည်းနဲ့ ဘယ်လိုသတ်မလဲဆိုတာ သေချာကြည့်ထား…” လူတောင်းက ဒါကိုကြားလိုက်ရသည့်အခါ အကျည်းတန်စွာရယ်မောလိုက်ပြီးပြောသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူ့ရဲ့ခန္ဓာကိုယ်က ရှေ့ကိုတိုးဝင်သွားခဲ့ပြီး မူလချီအလင်းတွေလှည့်ပတ်နေတဲ့ လက်သီးတစ်ချက်ထိုးချလိုက်သည့်အခါ ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူတောင်းရဲ့ ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်သည့်ခွန်အားဖြင့် သူ့ရဲ့လက်သီးချက်မှာ ပါဝင်တဲ့စွမ်းအားက သေချာပေါက်ကို အံ့အားသင့်ဖွယ်ကောင်းလှသည်။

သို့ပေမဲ့ ဇူယွမ်ရဲ့အမူအယာက တည်ငြိမ်လျက်ပင် လူတောင်းရဲ့လက်သီးချက်ကို ကြည့်နေသည်။ လူတောင်းရဲ့လက်သီးက ရက်စက်ကြမ်းကြုတ်စွာဖြင့် ရှေ့ကို တိုးဝင်လာခဲ့သည်။

“ဝင်ပေါက်လေးခုပဲ ဖွင့်ထားနိုင်သေးတဲ့လူက ငါနဲ့လက်သီးချင်းယှဉ်ချင်တာလား…” ဒါကိုမြင်လိုက်ရသည့်အခါ လူတောင်းရဲ့ ယုတ်မာတဲ့အပြုံးက ပိုပီပြင်လာခဲ့ပြီး ဇူယွမ်က သူ့ရဲ့မရင့်ကျက်မှုကြောင့် အမှားတစ်ခုပြုလုပ်မိလိုက်ပြီလို့ ယုံကြည်သွားခဲ့သည်။ လူတောင်းက သူ့ရဲ့လက်သီးထဲကို စွမ်းအားတွေပိုပြီးပေါင်းထည့်လိုက်ကာ ဇူယွမ်၏လက်ကို ဦးတည်ပြီးထိုးချလိုက်သည်။

ဘုန်း…

သို့ပေမဲ့လည်း သူတို့ရဲ့လက်သီးတွေ ရင်ဆိုင်တွေ့မိလိုက်သည့်အခါ ယုတ်မာတဲ့အပြုံးတွေနဲ့ပြည့်နှက်နေတဲ့ လူတောင်းရဲ့မျက်နှာက အနည်းငယ်လှုပ်ရှားသွားခဲ့ရသည်။ သူ့အနေနဲ့ ဇူယွမ်ရဲ့လက်သီးချက်မှာပါဝင်တဲ့စွမ်းအားက သူ့ရဲ့ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်တဲ့စွမ်းအားထက် အားနည်းမှုမရှိဘူးဆိုတာကို ခံစားနိုင်ခဲ့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…”

လူတောင်းရဲ့နှလုံးက အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ သူ့အနေနဲ့ ခက်ခဲတဲ့ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်မိပြီဆိုတာကို သိလိုက်သည်။ ဒါ့ကြောင့်ပင် သူ့အနေနဲ့ အနည်းငယ်မျှပင် အထင်သေးရဲခြင်းမရှိတော့ပေ။ သူ့ရဲ့လက်သီးက ရုတ်ချည်းဆိုသလို လက်သည်းကုတ်ပုံစံပြောင်းလိုက်ပြီး အေးစက်တဲ့အလင်းရောင်နဲ့အတူ ဇူယွမ်၏လည်ချောင်းထံ လျှပ်တစ်ပြက်တိုးဝင်သွားခဲ့သည်။

ဇူယွမ်ရဲ့ခြေထောက်တွေက နဂါးခြေလှမ်းလှုပ်ရှားမှုကို ပြုလုပ်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်က ဖြတ်ခနဲပျောက်ကွယ်သွားခဲ့သည်။

ပြင်းထန်တဲ့လက်သည်းကုတ်ချက်က ဇူယွမ်ရဲ့မျက်နှာမှ သုံးလက်မခန့်လွဲချော်သွားခဲ့ရသလို သူကလည်း လျင်မြန်စွာဖြင့် လူတောင်းရဲ့မျက်နှာကို စွမ်းအားပြည့်ဝတဲ့လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ တိုက်ခိုက်မှုက ရက်စက်ကြမ်းတမ်းပြီး တိုက်ရိုက်ဆန်ကာ အနည်းငယ်သောသနားညှာတာမှုလေးတောင်မှ မပါဝင်ပေ။

လျင်မြန်ပြီးပြင်းထန်တဲ့ လက်သီးချက်ဝင်ရောက်လာတဲ့အခါ လူတောင်းရဲ့မျက်လုံးပြူးကျယ်သွားခဲ့ရပြီး သူ့ရဲ့နှလုံးသားထဲမှာ အချက်ပေးသံတွေထွက်ပေါ်လာခဲ့ရသလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း ရုတ်တရက်လှုပ်ရှားသွားခဲ့သည်… “ဝင်ပေါက်ခြောက်ခုပွင့်စမ်း…”

ဘုန်း…

ပတ်ဝန်းကျင်ရှိ မူလချီတွေက တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး လူတောင်းရဲ့ခန္ဓာကိုယ်ထဲကို စီးဝင်သွားခဲ့သည်။ သူ့ရဲ့အဝတ်အစားတွေက တဖျပ်ဖျပ်လှုပ်ခါသွားခဲ့ပြီး မူလချီအလင်းတွေက သူ့ရဲ့ချွေးပေါက်တွေမှတစ်ဆင့် စိမ့်ထွက်လာခဲ့ကာ မှိန်ဖျော့ဖျော့အလင်းတစ်ခုက သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။

ဘုန်း…

ဇူယွမ်ရဲ့လက်သီးချက်က လူတောင်း၏မျက်နှာပေါ်မှ မူလချီအလင်းပေါ်ကို ပြင်းပြင်းထန်ထန်ကျရောက်သွားခဲ့ပေမဲ့ တစ်စုံတစ်ရာဖြစ်ပေါ်စေခဲ့ခြင်းမရှိပေ။ အဲ့ဒီအစား မူလချီတွေရဲ့အရှိန်ကြောင့် ဇူယွမ်သာ နောက်ဘက်ကို ပြန်လည်လွင့်ထွက်သွားခဲ့ရသည်။

“ငါ့လို ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်တဲ့သူတစ်ယောက်ကို မင်းက တိုက်ခိုက်ချင်နေတာလား… မင်းအနေနဲ့ နောင်တရချိန်မရှိဘဲ သေသွားနိုင်တယ်…” လူတောင်းက အံကိုတင်းတင်းကြိတ်လိုက်ပြီး ဒေါသတကြီးပြောသည်။ ဝင်ပေါက်လေးခုတည်းဖွင့်ထားနိုင်သေးတဲ့ကောင်လေးတစ်ယောက်က သူ့ကိုဒဏ်ရာရလုနီးပါးဖြစ်စေခဲ့တာက သူ့ကို အလွန်အမင်းဒေါသထွက်စေခဲ့သည်။

ဝှစ်…

လူတောင်းက နောက်တစ်ကြိမ်ရှေ့ကိုတိုးဝင်လာခဲ့သလို ဒီတစ်ကြိမ်မှာ သူ့ရဲ့အမြန်နှုန်းက အရမ်းကိုမြန်ဆန်နေပေသည်။ အနက်ရောင်အလင်းတစ်ခုက သူ့ရဲ့လက်ချောင်းထိပ်မှ ထွက်ပေါ်လာခဲ့သလို ဆိုးဝါးတဲ့အနံ့အသက်တစ်ခုကလည်း ပျံ့လွင့်လာခဲ့သည်။

“အလယ်အလတ်အဆင့် မူလကျင့်စဉ်… မိစ္ဆာနက်လက်ဝါး…”

ဇူယွမ်ရဲ့မျက်လုံးတွေ အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရပြီး သူ့ရဲ့လက်တွေက တောင်တစ်လုံးကို သယ်ဆောင်လာသည့်အလား နှေးကွေးလေးလံစွာဖြင့် ရှေ့ကိုဆန့်ထုတ်လိုက်သည်။ သို့ပေမဲ့ သူ့ရဲ့လက်မှ သေးငယ်တဲ့လှုပ်ရှားမှုလေးတစ်ခုပြုလုပ်လိုက်တိုင်းမှာ ပတ်ဝန်းကျင်လေထုထံမှ စူးရှတဲ့အော်မြည်သံတွေကို ထွက်ပေါ်စေခဲ့သည်။

“ဝင်ပေါက်လေးခုပွင့်စမ်း…”

ဇူယွမ်ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်ဝင်ပေါက်တွေ တုန်ခါလာခဲ့ပြီး စုပ်ယူအားတစ်ခုထွက်ပေါ်လာခဲ့သလို ပတ်ဝန်းကျင်မှ မူလချီတွေကို အဆက်မပြတ်စုပ်ယူလိုက်သည်။ ထိုမူလချီတွေက ဇူယွမ်ရဲ့လက်ထဲကို စီးဆင်းသွားခဲ့ပြီး သူ့ရဲ့စွမ်းအားတွေ တစ်ဟုန်ထိုးတိုးသွားခဲ့ရသည်။

ဇူယွမ်၏ခန္ဓာကိုယ်မှ ပြင်းထန်တဲ့ဖိအားတစ်ခု ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

“နဂါးလက်ဝါး… မြေကိုခွဲခြင်း…” တိုးညှင်းတဲ့အသံတစ်ခု ဇူယွမ့်ပါးစပ်ဖျားမှ ထွက်ပေါ်လာသည်။

မူလမှော်သားရဲတွေနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲတွေ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ ဇူယွမ်က နဂါးလက်ဝါးကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကို အသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။

ဘန်း…

ဇူယွမ့်ခြေထောက်အောက်ရှိမြေပြင်က ပြင်းပြင်းထန်ထန်လှုပ်ခါသွားခဲ့သလို သူ့ရဲ့လက်အား ရှေ့ကိုတွန်းထုတ်လိုက်သည်။ ၎င်းရဲ့ရှေ့ရှိ လေထုက ပိုင်းဖြတ်ခြင်းခံလိုက်ရသကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့အားတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

“ခန္ဓာကိုယ်မှ မူလချီထုတ်လွှတ်ခြင်းလား…” လူတောင်း အံ့အားသင့်သွားခဲ့ရသည်။ ဒီအရာက ချီစုဆောင်းမှုအဆင့်ကိုရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ခွန်အား ဒါမှမဟုတ် သာမန်မူလကျင့်စဉ်ထက်များစွာသာလွန်တဲ့ အနက်ရောင်အဆင့်မူလကျင့်စဉ်တစ်ခုကသာ ပြုလုပ်နိုင်သည့်အရာဖြစ်ပေသည်။

ဒါပေမဲ့ ဝင်ပေါက်လေးခုပဲဖွင့်ထားနိုင်သေးတဲ့ ကောင်လေးတစ်ယောက်က ဘယ်လိုလုပ် အနက်ရောင်အဆင့်မူလကျင့်စဉ်ကို အသုံးပြုနိုင်ရတာလဲ။

သို့ပေမဲ့လည်း သူဘယ်လောက်ပင်အံ့အားသင့်သွားစေခဲ့ရကာမူ ပြင်းထန်တဲ့လက်သီးလေလှိုင်းတွေက သူ့ရင်ဘတ်ဆီ တစ်ဟုန်ထိုးဝင်ရောက်လာသည့်အတွက် သူ့မှာဆက်လက်တွေးတောနေဖို့ အချိန်မရှိခဲ့ပေ။

ဘန်း…

လူတောင်းရဲ့ခန္ဓာကိုယ်က အမြောက်ကျည်ဆံအလား နောက်ကိုလွင့်ထွက်သွားခဲ့ပြီး ပါးစပ်အပြည့်သွေးတစ်လုပ် အန်ထုတ်လိုက်မိသည်။ သူ့ရဲ့ပြင်းထန်တဲ့ ဒဏ်ရာကိုလျစ်လျူရှူလျက် ကုန်းထလိုက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့လိုက်သည်။ ပြီးခဲ့တဲ့ထိပ်တိုက်ရင်ဆိုင်တွေမှုမှာ သူ့အနေနဲ့ ဝင်ပေါက်လေးခုသာဖွင့်ထားနိုင်သေးတဲ့ လူငယ်လေးတစ်ယောက်ရဲ့တိုက်ပွဲစွမ်းရည်က ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို သူနားလည်သဘောပေါက်ခဲ့ရသည်။

လူတောင်းထွက်ပြေးသွားတာကို မြင်လိုက်ရသည့်အခါ ဇူယွမ်ရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေ ထွက်ပေါ်လာခဲ့သည်။ မူလမှော်စာလုံးတစ်ခုက သူ့ရဲ့လည်ပင်းမှာ ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်က သူ့ရဲ့ပါးစပ်ကိုဖွင့်ဟကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ဝေါင်း…

၎င်းက အဆင့် ၁မူလမှော်စာလုံးဖြစ်သည့် ကျားဟိန်းသံမှော်စာလုံးပင်။

အသံလှိုင်းတစ်ခုက အပြင်ဘက်ကို လွင့်ပျံသွားခဲ့ပြီး လူတောင်းရဲ့ခန္ဓာကိုယ်ကို အချိန်တစ်ခုကြာ တောင့်တင်းသွားစေခဲ့သည်။ သူ့ရဲ့ခေါင်းက မူးနောက်သွားခဲ့ရသလို ခန္ဓာကိုယ်အတွင်းမှ သွေးနဲ့မူလချီတွေ အပြင်းအထန်လှုပ်ရှားသွားခဲ့ရသည်။

လူတောင်း အသိတရားပြန်ဝင်လာခဲ့တဲ့အချိန်မှာ ဇူယွမ်ရဲ့လက်က သူ့ရဲ့ခေါင်းပေါ်ကျရောက်လာခဲ့သည့်အတွက် ကာကွယ်ဖို့ကို သတိမေ့သွားခဲ့ရသလို အော်ဟစ်ချိန်ပင် မရခဲ့လိုက်ပေ။

ဇူယွမ်က ခုချိန်မှာ သတိလစ်နေတဲ့လူတောင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို သယ်ဆောင်ကာ တောင်ကြားဆီသို့ စတင်ပြေးလွှားခဲ့လိုက်သည်။ သူက ယောင်ယောင်မှာ ဝှက်ဖဲများစွာရှိတာကို သိသော်ငြား သူမတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်မှုတော့ ရှိနေသေးသည်။

သူက တောင်ကြားဆီသို့ ခြေထောက်မှမီးထတောက်မတတ် အမောတကောပြေးလာသည့်ပုံစံက သနားစရာပင်ကောင်းလှသည်။

ဇူယွမ်တောင်ကြားကို ရောက်သည့်အခါ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ့မှာလုံးဝအံ့အားသင့်သွားခဲ့ရသည်။ ယောင်ယောင်က ကျောက်တုံးပေါ်မှာ အေးအေးချမ်းချမ်းထိုင်နေလျက်ပင်ရှိပြီး ကျောက်စိမ်းပုလင်းထဲမှသေရည်ကို ဖြည်းညှင်းစွာမော့သောက်နေလျက်ရှိသလို ထန်ထန်ကလည်း သူမ၏ဘေးတွင် သမ်းဝေကာ လဲလျောင်းနေလျက်ရှိသည်။

“ဒါက…”

ဇူယွမ်အနည်းငယ်တွေဝေသွားခဲ့ရသည်။ ဒီနေရာမှာ တိုက်ပွဲဖြစ်ထားသည့် အရိပ်အယောင်တစ်စွန်းတစ်စမျှပင် မမြင်တွေ့ရပေ။

ဇူယွမ်ရှေ့ကို လျှောက်လှမ်းသွားလိုက်ပြီး အလျင်အမြန်မေးလိုက်မိသည်… “အစ်မကြီးယောင်ယောင်… နင်အဆင်ပြေရဲ့လား…”

ယောင်ယောင်က အနည်းငယ်ပြုံးလိုက်မိပြီး ဇူယွမ်ရဲ့စိုးရိမ်ပူပန်နေတဲ့မျက်လုံးတွေကို မြင်လိုက်ရသည့်အခါ အနည်းငယ်သနားသွားခဲ့ရသည်။ သူမရဲ့အပြုံးထဲမှာတော့ နွေးထွေးမှုတွေပါဝင်နေခဲ့ပြီး ခေါင်းညိတ်ပြလိုက်၍ ပြောသည်… “ငါ အဆင်ပြေပါတယ်…”

သူမက အနည်းငယ်ရပ်တန့်လိုက်ပြီးမှ ဆက်ပြောသည်… “ဒါပေမဲ့ ကံမကောင်းတဲ့လူတစ်ယောက်တော့ မတော်တဆနည်းနည်းဖြစ်သွားခဲ့တယ်…”

ဇူယွမ် အလျင်အမြန်ပဲ မေးလိုက်သည်… “သူဘယ်ရောက်သွားပြီလဲ…”

ယောင်ယောင်က ထန်ထန့်ကို လက်ညှိုးထိုးပြလိုက်သည်။ ၎င်းက သူ့ရဲ့အမြီးကို လှုပ်ခါပြလိုက်ပြီး ကျောက်စိမ်းစာလိပ်တစ်ခုကို ထွေးထုတ်လိုက်သည်။ သူမက ကျောက်စိမ်းစာလိပ်ကို ညွှန်ပြလိုက်ပြီး ပြုံး၍ပြောလိုက်သည်… “အားလုံးထဲမှာ ဒါပဲကျန်နေခဲ့တယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset