အခန်း ( ၉ )

ရေခဲတောင်ကြီးလို အေးစက်စက် နေပေးပါ

“ အရှင့်သမီးတော်၊ ကျွန်တော်မျိုး ဒီကို အရှင်မင်းမြတ်ရဲ့အမိန့်နဲ့ ရောက်နေတာပါ။ ဒီအတိုင်းပြန်သွားမယ်ဆိုရင် အရှင်မင်းမြတ်ကို ရှင်းပြဖို့ခက်ခဲပါလိမ့်မယ် ”

“ မကြာသေးခင်ကပဲ ရန်သူ့တိုင်းပြည်က ကျွန်တော်မျိုးတို့ကို ပြဿနာရှာနေတာပါ။ အရှင်မင်းမြတ်က ရန်သူတွေ အရှင့်သမီးကို လုပ်ကြံမှာကို သိပ်စိုးရိမ်နေတာ။ ကျွန်တော်မျိုးကို ဒီခရီးမှာ အရှင့်သမီးနဲ့လိုက်ခွင့်ပေးပါ။ အရှင့်သမီး တုနတ်ဝိဇ္ဇာဂိုဏ်းကို ပြန်ရောက်တာနဲ့ ကျွန်တော်မျိုးပြန်သွားမှာပါ “
ယုံချင်ရွှမ်းယာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ပုံမှန် ခံစားချက်ကင်းမဲ့နေသော မျက်နှာလေးတွင် စိတ်ရှုပ်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

ယွမ်ချင်းက ရွှမ်းယာကို ဖျောင်းဖျစကား ဆိုလိုက်သည်။
“ ဂိုဏ်းတူညီမလေး ရွှမ်းယာ. .. အစ်ကိုတို့က မြောက်ကျွန်းကိုသွားရမှာ။ အဲဒီနေရာက အန္တရာယ်များတဲ့နေရာပဲ။ စစ်သူကြီးယွီဝမ်သာ အစ်ကိုတို့နဲ့ပါလာရင် ညီမကို စောင့်ရှောက်မယ့်သူ ပိုများလာမှာပေါ့ “

လီချန်ရှို့သည် ရုတ်တရက် မေးသင့်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။
“ ဂိုဏ်းတူညီလေးယွမ်ချင်း … ဒီစစ်သူကြီးကို အရင်ကတည်းက မင်း သိတာလား။ ခုနက စစ်သူကြီး သူ့နာမည်ကို ထုတ်ပြောတာ ငါ မကြားလိုက်မိပါဘူး “

“ အဲ … ဟုတ်တယ် “
ယွမ်ချင်းသည် လီချန်ရှို့အားကြည့်ကာ ပြုံးလိုက်သည်။
“ ဂိုဏ်းတူညီမလေး ရွှမ်းယာနဲ့ ကျွန်တော်က အတူတူကြီးလာတာ။ တုနတ်ဝိဇ္ဇာဂိုဏ်းကိုတောင် အတူတူဝင်ခဲ့ကြတာလေ “

“ ဒီစစ်သူကြီးရဲ့ နာမည်က ယွီဝမ်လင်တဲ့။ သူက ရွှမ်းယာ ခမည်းတော်ရဲ့ အယုံကြည်ရဆုံး စစ်သူကြီးပဲ။ ပုံမှန်ဆို သူက ရွှမ်းယာရဲ့ ခမည်းတော်ကို ကာကွယ်ပေးဖို့ တာဝန်ယူထားရတာ။ သူကိုယ်တိုင် ဒီအထိရောက်လာရတာကိုကြည့်ရင် အခြေအနေက တော်တော်ဆိုးနေပုံပဲ “

‘ ဒီတော့ မျက်နှာသေအမျိုးသမီးနဲ့ နွေးထွေးကြင်နာတဲ့အမျိုးသားက ငယ်သူငယ်ချင်းတွေပေါ့ … ’
လီချန်ရှို့သည် လက်နှစ်ဘက်ကိုဆုပ်ကာ ပြောလိုက်သည်။
“ ကျွန်တော် စကားအများကြီး ပြောမိသွားတယ် “

ယွီဝမ်လင်သည် မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်သည်။
“ အရှင့်သမီး … မင်းသမီးခြောက် ”

ယုံချင်ရွှမ်းယာသည် အရက်အိုးအဝ၌ ခြေပစ်လက်ပစ်ထိုင်နေသော ကျိုးကျိုးအား လှည့်ကြည့်လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် အသနားခံသည့်အရိပ်အယောင်များ ပေါ်နေ၏။

“ ငါတို့အလုပ်ကိုတော့ အနှောင့်အယှက်မဖြစ်စေနဲ့ “
နတ်ဝိဇ္ဇာကျိုးကျိုးသည် လက်ကိုဝှေ့ယမ်းကာ ပျင်းရိစွာ ပြောလိုက်သည်။

“ သူကမင်းရဲ့ သက်တော်စောင့်ဆို ငါတို့နဲ့ လိုက်လို့ ရပါတယ်။ နတ်ဝိဇ္ဇာအဆင့်ကို အခုမှရောက်တဲ့ ဝိတ်ပေါကြီးက ငါတို့အလုပ်မှာ ပြဿနာတော့ ရှာနိုင်မှာ မဟုတ်ပါဘူးလေ “

“ ဟေး လူသန်ကြီး အရက်အိုးရဲ့‌နောက်မှာထိုင် “

“ ပြီးရင် ဘာအသံမှ မထွက်နဲ့တော့။ ရှင့်ကို လိုက်ခွင့်ပေးရတာ ကျမအတွက် သိပ်မသင့်တော်ဘူး။ တော်သေးတာက ဂိုဏ်းစည်းကမ်းတွေက ခရီးစဉ်မှာ တပည့်တွေရဲ့ သက်တော်စောင့်တွေ လိုက်ခဲ့တာကို မတားမြစ်ထားလို့ပဲ “

ယွီဝမ်လင်သည် လက်နှစ်ဘက်ဆုပ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် နတ်ဝိဇ္ဇာအကြီးအကဲ ခင်ဗျား “
ပြောပြီးသည်နှင့် ကြီးမားသောပုဆိန်ကြီးကိုင်ထားသည့် လူသန်ကြီးသည် အရက်အိုးအနောက်ပိုင်းသို့ ပျံသန်းလာလေသည်။ ကျိုးကျိုးလက်ညှိုးညွှန်လိုက်ရာ အရက်အိုးကြီးပတ်လည်ရှိ နတ်ဝိဇ္ဇာအကာအကွယ်တွင် အပေါက်ကလေးတစ်ခု‌ ပေါ်လာလေ၏။

ထိုဖြစ်စဉ်များကို ကြည့်ရှုကာ လီချန်ရှို့သည် မျက်နှာသေကြီးဖြင့် နံဘေးသို့ ခြေနှစ်လှမ်း ရွှေ့ပေးလိုက်သည်။ ထို့နောက် ဘေးဘက်မှနေ၍ အရက်အိုးအရှေ့ပိုင်းသို့ လျှောက်သွားလိုက်ပြီး လက်နှစ်ဘက်ဆုပ်ကာ မေးလိုက်သည်။
“ဆရာ‌ဒေါ်လေးကျိုး၊ ကျွန်တော် ဆရာဒေါ်လေးရဲ့နောက်နားမှာ ထိုင်လို့ရမလား “

ကျိုးကျိုးတစ်ယောက် ရယ်ရအခက် ငိုရအခက် ဖြစ်သွားရသည်။
“ ဘာလို့လဲ။ မင်းအသက်ပဲ တစ်ရာကျော်နေပြီ သေမှာကြောက်နေတုန်းပဲလား “

“ လာထိုင်။ မင်းမှာ တော်တော် သတိကြီးတဲ့ စရိုက်ရှိတယ်လို့ မင်းဆရာက ပြောတယ်။ သူပြောတာ မှန်တာပဲ “

“ ဂိုဏ်းတူအစ်ကိုလီ ဒီမှာလာထိုင်လေ “
ယုံချင်ရွှမ်းယာက စိတ်လိုလက်ရပင် ထ၍ ပေးလိုက်သည်။ သူမက လီချန်ရှို့ကို အားနာဟန်ပြုံးပြလိုက်ပြီး နောက်သို့ ခြေနှစ်လှမ်းဆုတ်ပေးလိုက်၏။

“ ကျေးဇူးပဲ “
လီချန်ရှို့က ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

သူ့နောက်ကျောကို ကြည့်နေသည့် အကြည့်စူးစူးနှစ်ခုအား သူ ဂရုမစိုက်ဘဲ ယုံချင်ရွှမ်းယာထိုင်နေခဲ့သောနေရာတွင် ထိုင်ချလိုက်လေသည်။

ထိုအကြည့်စူးစူးနှစ်ခုသည် လျှိုယန်အာနှင့် ဝမ်ကျိတို့ထံမှပင် ဖြစ်သည်။ သူတို့သည် လီချန်ရှို့၏ရိုင်းပြမှုကြောင့် မကျေမနပ်ဖြစ်သွားကြောင်း ထင်ရှားပေသည်။ လီချန်ရှို့သည် တုနတ်ဝိဇ္ဇာဂိုဏ်း၏တပည့်များ ပြုမူသင့်သည့်အတိုင်း ဂုဏ်သရေရှိရှိပြုမူချင်းမရှိဟု သူတို့ တွေးထင်နေကြပေမည်။

ပုံမှန်အတိုင်း လီချန်ရှို့က သူတို့အား စိတ်ထဲမထားဘဲ နေလိုက်သည်။

နတ်ဝိဇ္ဇာကျိုးကျိုးသည် အရက်အိုးအား မြောက်အရပ်သို့ ဆက်လက်မောင်းနှင်လိုက်သည်။ လီချန်ရှို့အား ပြက်ရယ်ပြုရန် လျှိုယန်အာနှင့် ဝမ်ကျိတို့က ယွီဝမ်လင်ကို ရည်ရွယ်ချက်ရှိရှိ စကားစလိုက်ကြ၏။

သို့သော်လည်း လူသန်ကြီး ယွီဝမ်လင်သည် အလွန်စကားနည်းလေသည်။ သူတို့သုံးယောက်၏ စကားဝိုင်းက အလွန်ကိုးရိုးကားရားနိုင်ပြီး လျင်မြန်စွာပင် ပြောစရာစကားများ ကုန်ခမ်းသွားတော့သည်။

ယွမ်ချင်းသည် ထိုအခြင်းအရာကို သတိထားလိုက်မိပုံပေါ်၏။ ထို့ကြောင့် သူက စကားဝိုင်းတွင် ဝင်ရောက်ဦးဆောင်ပြောလိုက်သည်။ ထိုအခါမှသာ အဆင်ပြေသွားပြီး စကားဝိုင်းသည်လည်း အဆင်ချောသွားလေတော့သည်။

လီချန်ရှို့ကား လှည့်၍ပင်မကြည့်ပေ။ သူသည် ညာလက်အား အင်္ကျီလက်အနားထား၍ ပတ်ဝန်းကျင်အားစောင့်ကြည့်ရန် ဝိညာဉ်အာရုံအနည်းငယ်ကို ဖြန့်ကျက်ထားလေ၏။

မြောက်ကျွန်းသို့ တစ်ယောက်တည်းသွားရန် မဆုံးဖြတ်ရသေးမီကပင် လီချန်ရှို့သည် ထိုကိစ္စနှင့်ပတ်သက်၍ လေးလေးနက်နက် တွေးတောစဉ်းစားခဲ့သည်။ အခြေအနေအရပ်ရပ်အား နားလည်သည်အထိ သူနှင့်ရင်းနှီးသော ပိုင်ဖန်ခန်းမရှိလူများအား အချိန်ပေးကာ လိုက်လံမေးမြန်းစုံစမ်းခဲ့သည်။ ဤအကြိမ်ခရီးစဉ်တွင် တပည့်များအား လိုက်ပါစောင့်ရှောက်မည့်လူသည် ယခင်အကြိမ်များတွင် လိုက်ပါစောင့်ရှောက်ခဲ့သော နတ်ဝိဇ္ဇာကျိုးကျိုး ဖြစ်ကြောင်း သူသိရှိခဲ့ရသည်။

ကျိုးကျိုးသည် နှစ် ( ၁၀၀၀ ) ခန့်သာ ကျင့်ကြံရသေးသော်လည်း လျှော့တွက်၍မရပေ။ ဂိုဏ်းချုပ်မှ ချီးမြှင့်ထားသော ဓမ္မအဆောင်အနည်းငယ်နှင့် ထူးခြားသော မှော်တန်ခိုးများ ရှိ၏။ သူမ၏ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်မင်းအဆင့်သို့ပင် ရောက်တော့မည် ဖြစ်ကြောင်း ပြောကြသည်။

နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းပြီးနောက် ကျင့်ကြံသူများသည် မူလ နတ်ဝိဇ္ဇာအဆင့်၊ အတုမဲ့နတ်ဝိဇ္ဇာအဆင့်၊ ကောင်းကင်နတ်မင်း၊ အာကာသနတ်မင်း၊ တာ့လော်နတ်မင်း နှင့် ကောင်းကင်တာအိုပညာရှိ ဟူသော အထက်ပါအဆင့်များကို အစဉ်အတိုင်း ဖြတ်ကျော်ရလေသည်။

အရေးအကြီးဆုံးမှာ ကျိုးကျိုးသည် သူ့ဆရာ၏ မိတ်ဆွေအနည်းအကျဥ်းအနက် ပါဝင်နေသူတစ်ယောက် ဖြစ်နေခြင်းပင်။

ကနဦးတွင် လီချန်ရှို့သည် မြောက်ကျွန်းသို့ လူအနည်းငယ်သာ လေ့ကျင့်ရန် သွားလိမ့်မည်ဟု ခန့်မှန်းတွေးတောခဲ့သည်။ နတ်ဝိဇ္ဇာကျိုးကျိုး၏ အကာအကွယ်ဖြင့်ဆိုလျှင် သူတစ်ကိုယ်တည်းသွားခြင်းထက် ပို၍လုံခြုံစိတ်ချရပေမည်။

သို့သော် လမ်းခရီးတွင် ဤကဲ့သို့သောအခြေအနေမျိုး ကြုံလာရလိမ့်မည်ဟူ၍ သူ မမျှော်လင့်ခဲ့ပေ။

လီချန်ရှို့သည် ယွမ်ချင်းနှင့် ယွီဝမ်လင်တို့အား တစ်ချက်မျှ ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ စတင်တွေးတောစဉ်းစားနေလေသည်။ သူက မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ သူက ကျင့်ကြံချင်စိတ် ရှိမနေဘဲ လေကိုယ်ယောင်ဖျောက်အတတ်ကိုသာ အသုံးပြုရန် နိုးနိုးကြားကြား နေလေသည်။

ဆရာဒေါ်လေးကျိုးအနီးတွင် ထိုင်ရခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ပို၍လုံခြုံမှုရှိသည်ဟု သူ ခံစားရသည်။

“ အာ … ”

“ဟီးဟီးဟီး ငါ တစ်ငုံလောက်ပဲ သောက်မှာပါ။ ငါတို့သွားမယ့်နေရာရောက်ဖို့ အဝေးကြီးလိုပါသေးတယ်။ ဘာမှမဖြစ်ဘူးရယ်၊ ဘာမှ မဖြစ်ဘူး ”
အရက်အိုးအဝတွင်ထိုင်နေသော နတ်ဝိဇ္ဇာကျိုးကျိုးတစ်ယောက် နားလည်ရခက်စွာ ပြုံးလိုက်ပြီး အရက်အပြည့်ရှိသော အရက်အိုးအားကိုင်ကာ ခိုးကြောင်ခိုးဝှက် မော့ချလိုက်လေသည်။ သူမက နှုတ်ခမ်းသပ်ကာ အရက်အရသာကို ခံစားနေပြီး မျက်နှာလေးသည်လည်း ပို၍နီမြန်းလာတော့သည်။

လီချန်ရှို့တစ်ယောက် ဆွံ့အသွားသည်။

အကြောင်းပြချက်ရှာ၍ အဖွဲ့မှခွဲထွက်ကာ သူ့ဘာသာတစ်ယောက်တည်းဆက်သွားသင့်သည်မှာ အမှန်ပင်။

သူ၏ဦးစားပေးကိစ္စသည် သူ့ဆရာပင် မဟုတ်ပါလား။

***

နေ့တစ်ဝက်ကုန်လွန်သွားသော်လည်း သူစကားတစ်ခွန်းမျှ မပြောသေးပေ။

အနောက်အရပ်တွင် နေဝန်းကြီးသည် ကောင်းကင်ရှိ ကြယ်ကလေးများနှင့် နေရာလုရင်း တဖြည်းဖြည်း ပျောက်ကွယ်စပြုနေပေပြီ။

ပါးလျသောနတ်ဝိဇ္ဇာအကာအကွယ် လွှမ်းခြုံထားသည့် ပေ ( ၁၀၀ ) ကျော်ရှည်သော အရက်အိုးကြီးပေါ်တွင်ထိုင်ကာ အရက်နံ့များအားရှူရင်း လီချန်ရှို့တစ်ယောက် ဝါးပေလိပ်တစ်ခုကို ကိုင်ကာ တိတ်တဆိတ် ဖတ်ရှုနေလေသည်။

ယွီဝမ်လင်အပါအဝင် အနောက်ဘက်၌ထိုင်နေကြသူများက ကျင့်ကြံနေပြီ ဖြစ်သည်။

ကျိုးကျိုး၏ မျက်လုံးများသည် မပွင့်တပွင့် ရီဝေဝေဖြစ်နေပြီး အရက်အိုးထိပ်တွင် လှဲနေ၏။ လေပြေများသည် သူမ၏ဆံပင်များကို တိုးဝှေ့တိုက်ခတ်နေသည်။ သူမသည် အခြားနတ်ဝိဇ္ဇာများနှင့် မတူကွဲပြားသည်မှာ အမှန်ပင်။ သို့သော်လည်း သူမမှာ စိတ်ဝင်စားဖွယ်အကျင့်စရိုက်များရှိကြောင်း ပြောနိုင်ပေသည်။

လီချန်ရှို့သည် ပေလိပ်ပေါ်၌ရေးသားထားသည့် တာအိုနည်းစနစ်များ မည်သို့အလုပ်ဖြစ်မည်ကိုတွေးကာ သဘောကျနေသည်။ သို့သော်ငြား သူ၏ ဝိညာဉ်အာရုံကိုတော့ ပြန်မရုပ်သိမ်းထားပေ။ သူ့ပတ်လည် ပေ ( ၁၀၀ ) အတွင်း အန္တရာယ်ပေါ်ပေါက်လာမည်ကို သတိထား စောင့်ကြည့်နေသည်။

ထိုသို့ပြုလုပ်နိုင်ခြင်းမှာ သူသည် သတိကျင့်စဉ်များကို တမင်လေ့ကျင့်ထားသောကြောင့်ပင်။ သူ့အတွက် ထိုအရာသည် ထမင်းစားရေသောက်သာဖြစ်သည်။

မျက်စိရှေ့တွင် အရက်အိုးတစ်အိုးကို လီချန်ရှို့ တွေ့လိုက်ရသည်။ သူက ခေါင်းခါကာ တည်ကြည်လေးနက်စွာ ငြင်းလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဆရာ‌ဒေါ်လေး။ ကျွန်တော်က အရက်သိပ်မသောက်နိုင်လို့ပါ “

“ ပျင်းစရာကောင်းလိုက်တာဟာ “
ကျိုးကျိုးက မျက်လုံးပင့်ကာ ပြန်ပြောလိုက်သည်။ ထို့နောက် သူမက အရက်အိုးထိပ်ရှိ အဖုံးနားမှ ခုန်၍ထလိုက်ပြီး အရက်အိုးနှုတ်ခမ်းစွန်းနားတွင် ထိုင်ချကာ အသန့်ရှင်းဆုံးအစိတ်အပိုင်းဖြစ်သည့် သွယ်လျသောခြေထောက်များကို ညင်သာစွာ လှုပ်ရမ်းလိုက်သည်။

သူမက ေဂ့ခနဲ လေချဥ်တက်လိုက်ပြီး မူးယစ်နေဟန်ဖြင့် မေးလိုက်သည်။
“ ချန်ရှို့ … မင်းဆရာက မကြာခင် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းတော့မှာဆို “

“ နောက် ၃၊ ၄နှစ်လောက်ဆို ကောင်းကင်ပြစ်ဒဏ် ရောက်ပြီ ”
လီချန်ရှို့က သူ၏ပေလိပ်အား ခြေထောက်ပေါ်သို့ တင်ကာ ပြန်ဖြေလိုက်သည်။ သူသည် ရှေ့ရှိ ဆရာဒေါ်လေးကျိုးကျိုးအကြောင်း တွေးလိုက်၏။

လွန်ခဲ့သောနှစ် ( ၁၀၀ ) ကျော် လီချန်ရှို့ဂိုဏ်းအတွင်းသို့ ရောက်သည့်အချိန်မှစ၍ သူတို့၏ ချုံတောင်လေးသို့ လာလေ့ရှိသူအနည်းငယ်တွင် ကျိုးကျိုးသည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။

“ ဟင်း … “
ကျိုးကျိုးက သက်ပြင်းချလိုက်ပြီး လီချန်ရှို့ဘက်သို့လှည့်၍ ရင့်ကျက်သောလေသံဖြင့် ပြောလိုက်သည်။
“ အရင်တုန်းက မင်းဆရာနဲ့ ငါနဲ့ တော်တော် ခင်ခဲ့တာ။ မင်းဆရာက သနားစရာပါဟာ။ အလားအလာကောင်းတွေရှိပေမဲ့ သူ ဒဏ်ရာရပြီးတဲ့နောက် သူ့တာအိုအခြေခံ ထိခိုက်သွားတယ်။ အခုထိ အဲဒါကို ကျော်လွှားဖို့ အခက်အခဲတွေရှိနေတုန်းပဲ “

“ ချန်ရှို့ … မင်းဆရာကို နတ်ဝိဇ္ဇာအဆင့် မရောက်သေးဘူးဆိုတာနဲ့ အထင်မသေးနဲ့။ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ တာအိုနည်းစနစ်တွေကို သူ နားလည်နိုင်စွမ်းက နှစ် ( ၁၀၀၀ ) နတ်ဝိဇ္ဇာတွေထက် မညံ့ဘူး ”

“ ဘယ်လိုများပြောလိုက်တာလဲ ဆရာ‌ဒေါ်လေးရယ် “
လီချန်ရှို့ မျက်လုံးများ မှေးသွားသည်အထိ ပြုံးလိုက်သည်။ သူ၏ဆရာနှင့် ဆရာတူညီမလေးမှလွဲ၍ လူနည်းစုသာ ထိုကဲ့သို့ သူ့မျက်နှာထားကို မြင်ဖူးလေသည်။

လီချန်ရှို့က ဆက်ပြောလိုက်သည်။
“ ဆရာက ကျွန်တော်နဲ့ ကျွန်တော့်ဆရာတူညီမလေးကို တတ်နိုင်သလောက် အကောင်းဆုံးသင်ကြားပေးနေတာ။ ကျွန်တော့်အတွက် ဆရာက မိဘတစ်ယောက်လိုပါပဲ ”

“ ဒါနဲ့စကားမစပ် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လိုဖြစ်ရတာလဲ။ ဒီလောက်နှစ်တွေကြာပြီ မင်းက အခုထိ ဝိညာဉ်အခြေတည် နဝမအဆင့်မှာပဲ ရှိသေးတယ်။ ဗလာနတ္ထိအဆင့်ကိုတောင် မရောက်နိုင်သေးဘူးလား “
ကျိုးကျိူးသည် ချုံတောင်လေးရှိရာသို့ လှမ်းကြည့်လိုက်သည်။

“ မင်းရဲ့ ဆရာဒေါ်လေး ဂိုဏ်းကိုရောက်စက မင်းတို့ချုံတောင်လေးက ကံဆိုးခြင်းတွေနဲ့ ပြည့်နှက်နေတယ်လို့ ကြားတယ်။ အဲဒါက တကယ်ဟုတ်နေတဲ့ပုံပဲ ”

“ မင်းလက်ကို ပြစမ်းပါဦး။ မင်းရဲ့အလားအလာကို ကြည့်ပေးမယ်။ မင်းဂိုဏ်းထဲဝင်စက မင်းမှာ အလားအလာကောင်းတွေရှိတာ ငါမှတ်မိပါတယ်။ မင်းရဲ့ ဆရာငတုံးက အသုံးမကျတာတော့ မဟုတ်ဘူးမလား ”

လီချန်ရှို့ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။
‘ ဆရာအဒေါ်ကျိုးကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ပဲ။ ဒါပေမဲ့ … ”

လီချန်ရှို့၏ခန္ဓာကိုယ်အား ထိတွေ့စစ်ဆေးမိပါက သူမ၏အတုမဲ့နတ်ဝိဇ္ဇာအရည်အချင်းနှင့်ဆိုလျှင် ဓမ္မအဆောင်များဖြင့်ဖုံးကွယ်ထားသည့် လီချန်ရှို့၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို သိရှိသွားပေလိမ့်မည်။

ကျိုးကျိုးသည် လီချန်ရှို့ထံ အရက်နံ့များ တထောင်းထောင်း ထနေသော ညာဘက်လက်ဖြင့် လက်လှမ်းနေပြီ ဖြစ်သည်။ လီချန်ရှို့က သူ့တင်ပါးကိုယ်သူ ပွတ်လိုက်မိပြီး ရှက်ပြုံးပြုံးလိုက်သည်။
“ ဆရာဒေါ်လေး ယောက်ျားလေးနဲ့ မိန်းကလေးက သိပ်နီးနီးကပ်ကပ်မနေသင့်ဘူး။ အဲဒါ မသင့်တော်မှာ စိုးပါတယ် “

“ ယောက်ျားလေးနဲ့ မိန်းကလေးက နီးနီးကပ်ကပ်မနေသင့်ဘူး ဟုတ်လား။ ဘယ်သူက ပြောတာတုန်း။ ငါတော့ တစ်ခါမှ မကြားဖူးဘူး ”
ကျိုးကျိုးသည် ရုတ်ခြည်း လီချန်ရှို့အား အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
“ ငါတို့မျိုးဆက်က ကျင့်ကြံသူတွေက လွတ်လပ်မှုကို ရှာဖွေကြတယ်။ ငါတို့က ဘဝကို လွတ်လွတ်လပ်လပ်ပဲ ဖြတ်သန်းချင်တာ။ ဘာလို့ လောကကြီးရဲ့ ဓလေ့ထုံးတမ်း၊ စည်းမျဉ်းစည်းကမ်းတွေကို ဂရုစိုက်နေမှာလဲ ”

“ မြန်မြန်လေး … မင်းလက်ကို ပြစမ်းပါ “

“ မင်းရဲ့ ကျင့်ကြံခြင်းမှာ တစ်ခုခုများလွဲနေသလား။ မင်းမှာ အလားအလာကောင်းတွေရှိခဲ့တာ ငါ မှတ်မိပါတယ် ”

“ ဆရာဒေါ်လေး ဒါက မသင့်တော်ပါဘူးဗျာ။ ကျွန်တော်က မိန်းကလေးတွေနဲ့ ထိမိရင် တစ်ကိုယ်လုံးအကြောဆွဲတတ်တာကို လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကမှ သိလိုက်ရတာ ”
လီချန်ရှို့က ရုတ်တရက်ထရပ်ကာ အနောက်သို့ဆုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားပြီး ယုံချင်ရွှမ်းယာ၏နောက်သို့ လျင်မြန်ချောမွေ့စွာ ရောက်ရှိသွားကာ ကျိုးကျိုးအား ခါးသက်သက်ပြုံး၍ ကြည့်နေလေသည်။

ကျိုးကျိုးက မျက်တောင်ခတ်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။
‘ သူလှုပ်ရှားတုန်းက သုံးသွားတဲ့ခြေလှမ်းအကွက်တွေက…’

“ နဂါးတိမ်စီး အကွက်လား။ ကောင်စုတ်လေးက မဆိုးဘူးပဲ။ ဒီလောက်ခက်တဲ့ ခြေလှမ်းကွက်ကိုတောင် တတ်ထားတယ်ပေါ့ “
ကျိုးကျိုး၏မျက်နှာထားက တစ်မျိုးတဖုံ ဖြစ်သွားသည်။
“ မင်းက ကိုယ်ယောင်ဖျောက်အတတ်တွေကိုပဲ စိတ်ဝင်စားတယ်လို့တော့ မင်းဆရာပြောတာပဲ။ နှစ် ( ၁၀၀ ) လုံးလုံး မင်း အဲဒါတွေပဲ ကျင့်နေတာတော့ မဟုတ်ဘူးမလား “

“ ဆရာ‌ဒေါ်လေးရဲ့တပည့်ကျွန်တော်က အမြဲကြိုးစား ကျင့်ကြံပါတယ်။ ကျွန်တော်တစ်ခါမှ … ဟာ ..ဘာတုန်းဟ ”

နူးညံသောအထိအတွေ့တစ်ခုကို သူ ခံစားလိုက်ရသည်။

လီချန်ရှို့ အောက်သို့ငုံ့ကြည့်လိုက်ရာ ဖြူဖွေးသေးသွယ်သော လက်ချောင်းလေးများက သူ၏ပေါင်အတွင်းပိုင်းအား ညင်သာစွာ ထိတွေ့နေကြောင်း သိလိုက်ရလေသည်။ သူ၏ နဖူးပြင်တွင် အနက်ရောင်မျဥ်းများ ဖျတ်ခနဲ ပေါ်လာသည်။

သူသည် သေးသွယ်သောလက်ချောင်းများမှတဆင့် ဆက်လက် ကြည့်ရှုလိုက်ရာ ကျောက်ဖြူသားြဖင့် သွန်းလုပ်ထားသော လက်ရာမြောက်သည့် ရုပ်ထုတစ်ခုအလား ဖြူဖွေးချောမွတ်သွယ်လျသော လက်မောင်းလေးအား မြင်လိုက်ရသည်။ ထိုမှဆက်သွားသောအခါ အနီရင့်ရင့် ပခုံးသိုင်းကြိုးနှင့် ဝတ်စုံကို တွေ့လိုက်ရပြီး နောက်ဆုံး၌ အတန်ငယ် စပ်စုလိုဟန်ပေါ်နေသော နှစ်လိုဖွယ်ကောင်းသည့် မျက်နှာလေးကို တွေ့လိုက်ရလေတော့သည်။

ယုံချင်ရွှမ်းယာ …

‘ ကျွန်တော်က မိန်းကလေးတွေနဲ့ထိမိရင် တစ်ကိုယ်လုံးအကြောဆွဲတတ်တယ်ဆိုတာကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ သိလိုက်ရတာ ’

လီချန်ရှို့၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီသွားရတော့သည်။ သို့သော် သူက လျှပ်တစ်ပြက်အတွင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေတော့သည်။

ထိုတစ်ယောက်က အလွန် အကြင်နာကင်းမဲ့လှသည်။ ယခုအခါ သူ၏ရုပ်ရည်သွင်ပြင်အား သူ ဂရုမစိုက်နိုင်တော့။ သူသည် အံတင်းတင်းကြိတ်ကာ သူ၏ကြွက်သားများအား တွန့်လိမ်သွားအောင် ပြုလုပ်လိုက်ရာ တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ သူ၏မျက်နှာက နာကျင်မှုဖြင့် ပုံပျက်ပန်းပျက်ဖြစ်နေပြီး မျက်ဖြူလန်ကာ ပါးစပ်အတွင်းမှလည်း အဖြူရောင်အမြုပ်များ ထွက်လာတော့သည်။

‘ မင်းမေဘ၊ ယုံချင်ရွှမ်းယာ … မင်းက ရေခဲတောင်ကြီးဆို၊ အယုတ်တမာမ … ’

***


Comment

Leave a Reply

Options

not work with dark mode
Reset