စာစဥ် (၃) အပိုင်း (၃၈)

အနက်ရောင်သစ်တောတောင်တန်း

သူရိန်နေမင်းက အရှေ့ဘက်မိုးကုပ်စက်ဝိုင်းမှ တဖြည်းဖြည်းမြင့်တက်လာခဲ့သလို ၎င်းရဲ့အလင်းရောင်က ဇူအင်ပါယာတော်ဝင်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

“မဆိုးဘူး… ငါတို့ဇူကလန်ရဲ့ မြင့်မြတ်တဲ့နဂါးက မျှော်မှန်းထားခဲ့တဲ့အတိုင်းပဲ သားက သားရဲ့လေးခုမြောက်စွမ်းအင်ဝင်ပေါက်ကို ဒီလိုတိုတောင်းတဲ့အချိန်အတွင်းမှာ ဖွင့်နိုင်ခဲ့တယ်…” ထမင်းစား စားပွဲမှာ ဇူချင်က သားရဲကိုးကောင်စွပ်ပြုတ်ခွက်ကို မော့သောက်နေတဲ့ ဇူယွမ်ကို အားရကျေနပ်သည့်မျက်နှာဖြင့် ကြည့်လျက်မှပြောသည်။

ဇူယွမ်တစ်ခွက်လုံး ကုန်အောင်သောက်လိုက်ပြီးတဲ့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်ထဲက အပူလှိုင်းတွေမြင့်တက်လာခဲ့တာကို စတင်ခံစားလိုက်ရသည်။ သူက နှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး ဆန်းကြယ်သလင်းကျောက်ထမင်းထည့်ထားတဲ့ခွက်ကို မယူလိုက်ကာ စားပွဲပေါ်မှာ အသင့်ပြင်ဆင်ထားတဲ့ မူလမှော်သားရဲအသားတွေနဲ့ရောကာ အငမ်းမရမျိုချလိုက်သည်။

သူ့ရဲ့ခန္ဓာကိုယ်စွမ်းရည်က မြင့်တက်လာခဲ့သလို သူ့ရဲ့နေ့စဉ်လေ့ကျင့်မှုတွေမှာ စွမ်းအင်လုံလောက်အောင်အသုံးပြုနိုင်ဖို့အတွက် သူစားနေကျအစားအစာထဲမှာ ပိုပြီးအာဟာရဖြစ်စေနိုင်မဲ့ မူလမှော်သားရဲအသားတွေကို ထပ်ပေါင်းထည့်ခဲ့ရသည်။

သူရဲ့စားသောက်မှုပြီးဆုံးသွားတဲ့နောက်မှာ ဇူယွမ်က ဇူချင်ကို ပြုံးပြလိုက်သည်။ ခဏအကြာမှာ ဇူယွမ်က သူ့ရဲ့ခေါင်းကို ညှိုးငယ်စွာခါယမ်းပြလိုက်ရင်းမှ ပြောလိုက်သည်… “ဒါပေမဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အကျိုးသက်ရောက်မှုက ပိုပြီးလျော့နည်းလာခဲ့တယ်… ကျွန်တော့်ရဲ့ ငါးခုမြောက်စွမ်းအင်ဝင်ပေါက်ကို ပိုပြီးမြန်အောင်ဖွင့်နိုင်ဖို့ တခြားနည်းလမ်းတွေကို စဉ်းစားဖို့လိုအပ်တယ်…”

သူ့ရဲ့ဝင်ပေါက်ဖွင့်ခြင်းက သာမန်လူတွေထက် များစွာပိုပြီးခက်ခဲမှုရှိသည်။ သာမန်နည်းလမ်းတွေက အချိန်များစွာ ကုန်ဆုံးရပေလိမ့်မည်။ ဇူယွမ့်အနေနဲ့ ဒီလိုမျိုးမဖြစ်စေချင်တာ ထင်ရှားလှပေသည်။

ဒီစကားကိုကြားတဲ့အခါ ဇူချင်ရဲ့မျက်နှာပေါ်မှာ အတွေးနက်နေဟန် ထင်ဟပ်လာခဲ့သည်။ ဇူယွမ်အနေနဲ့ သူ့ရဲ့ဝင်ပေါက်တွေကို ဒုတိယအကြိမ်မြောက်ဖွင့်ခြင်းဟာ အရမ်းကိုခက်ခဲမှုရှိတယ်ဆိုတာကို သူကသိခဲ့ရပြီးဖြစ်သည်။

ဘေးနားမှာ တိတ်ဆိတ်စွာစားသောက်နေတဲ့ ယောင်ယောင်က ရုတ်တရက်ပြောလိုက်သည်… “နင့်ရဲ့ဝင်ပေါက်တွေကို ပိုပြီးမြန်မြန်ဖွင့်နိုင်ဖို့ ငါ့မှာအကြံတစ်ခုရှိတယ်…”

“ဟင်…” ဇူယွမ်နဲ့ဇူချင်က သူမကို အံ့အားသင့်စွာကြည့်လိုက်မိကြသည်။

သူတို့ရဲ့အကြည့်တွေက ယောင်ယောင်ရဲ့မျက်နှာကို ပြောင်းလဲသွားစေခဲ့ခြင်းမရှိခဲ့သလို သူမက အသေးစိတ်ရှင်းပြလိုက်သည်… “သားရဲသုံးဆယ့်ခြောက်ကောင်ဝင်ပေါက်ဖွင့်ခြင်းမှော်စာလုံးဆိုတဲ့ မူလမှော်စာလုံးတစ်ခုကို ငါသိတယ်… အဆင့် ၁ မူလမှော်သားရဲသုံးဆယ့်ခြောက်မျိုးရဲ့ သွေးတွေကို အခြေခံအဖြစ်သုံးပြီးတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲနိုင်တယ်… ဒါက အဲ့ဒီလူကို မူလမှော်သားရဲတွေရဲ့သွေးထဲမှာပါတဲ့ ရက်စက်ကြမ်းကြုတ်တဲ့စွမ်းအင်တွေကိုအသုံးပြုပြီး သူ့ရဲ့ဝင်ပေါက်တွေကိုဖွင့်နိုင်စေတယ်…”

“ဒါပေမဲ့လည်း ဒီနည်းလမ်းက နည်းနည်းတော့အန္တရာယ်ရှိတယ်… တကယ်လို့လူတစ်ယောက်ရဲ့စိတ်က မသန်မာဘူးဆိုရင် မူလမှော်သားရဲတွေရဲ့သွေးထဲမှာ ပါဝင်တဲ့ရက်စက်ကြမ်းကြုတ်တဲ့စွမ်းအင်က လူတစ်ယောက်ရဲ့စိတ်ကို ပြောင်းလဲသွားစေလိမ့်မယ်…”

ရှင်းရှင်းပြောရရင် ရူးသွပ်သွားတဲ့လူတစ်ယောက်ထက်ပိုပြီး ဘာမှဖြစ်လာလိမ့်မည်မဟုတ်ပေ။

ယောင်ယောင်က ဒီစကားကိုပြောလိုက်တဲ့အခိုက်အတန့်မှာ ဇူချင်နဲ့ချင်ယုတို့ရဲ့အမူအယာက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။

သူတို့နဲ့ဆန့်ကျင်ဘက်ပင် ဇူယွမ်ရဲ့မျက်လုံးတွေထဲမှာ အပျော်တွေဖြတ်ပြေးသွားခဲ့သည်။ သူ့အနေနဲ့ သူ့ရဲ့စိတ်စွမ်းအားကို အလွန်အမင်းယုံကြည်မှုရှိပေသည်။ ဒါ့အပြင် သူက နဂါးဒေါသအဆိပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှုကိုတောင် ခုခံနိုင်ခဲ့တဲ့အတွက် အဆင့် ၁ မူလမှော်သားရဲအနည်းငယ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စိုးရိမ်ထိတ်လန့်နေစရာအကြောင်းမရှိချေ။

ဇူယွမ်က တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲပြောသည်… “အစ်မကြီးယောင်ယောင်… ငါတို့တွေ ဒီမှော်သားရဲသုံးဆယ့်ခြောက်ကောင်မှော်စာလုံးကို သုံးရလိမ့်မယ်…”

ချင်ယုက တစ်ခုခုပြောဖို့ပြင်လိုက်စဉ်မှာ ဇူယွမ်က သူမကိုပြုံး၍ပြောလိုက်သည်… “မစိုးရိမ်ပါနဲ့အမေ… ကျွန်တော်အဆင်ပြေပါလိမ့်မယ်…”

ဒါကိုကြားလိုက်ရတဲ့အခါ ချင်ယုက ဘာတစ်ခုမှပြန်ပြောနိုင်ခြင်းမရှိခဲ့ဘဲ သူမရဲ့ခေါင်းကိုသာညိတ်ပြနိုင်ခဲ့သည်။

ဇူချင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ဖြည်းညှင်းစွာပြောသည်… “သားအနေနဲ့ဆုံးဖြတ်ပြီးသွားပြီဆိုရင်လည်း အဖေမတားတော့ဘူး… အဖေ တစ်ယောက်ယောက်ကို အဆင့် ၁ မူလမှော်သားရဲသုံးဆယ့်ခြောက်ကောင်ရဲ့ လတ်ဆတ်တဲ့သွေးတွေကို စုဆောင်းခိုင်းလိုက်မယ်…”

ဇူယွမ်ရဲ့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ပုံစံကို မြင်ရတဲ့အခါ သူ့အနေနဲ့ပျော်ရွှင်ရပေသည်။

ဒါ့အပြင် တန်ခိုးကျင့်ခြင်းလမ်းကြောင်းက ခက်ခဲတဲ့အရာတစ်ခုဖြစ်ပေသည်။ တကယ်လို့ လူတစ်ယောက်မှာသာ ကြီးမားတဲ့သတ္တိနဲ့ စိတ်အားတက်ကြွမှုမရှိဘူးဆိုရင် ဒီလမ်းကြောင်းပေါ်မှာ အလွန်ဝေးကွာတဲ့အဆင့်တစ်ခုကို ရောက်နိုင်ဖို့က လွန်စွာမှပင်ခက်ခဲပေလိမ့်မည်။

ယောင်ယောင်က သူမရဲ့ခေါင်းကို ခါယမ်းပြလိုက်ပြီး ညင်သာစွာပြောသည်… “သူ့ကို သူကိုယ်တိုင်သွေးတွေ သွားစုဆောင်းခိုင်းတာက ပိုကောင်းလိမ့်မယ်… လက်ရှိ သူ့မှာတိုက်ပွဲအတွေ့အကြုံမရှိသေးသလို သူ့ရဲ့တိုက်ပွဲအပေါ်နားလည်ဆင်ခြင်နိုင်စွမ်းကလည်း မသန်မာသေးဘူး… သူသာ ဒီလိုမျိုးပဲဆက်ပြီးလေ့ကျင့်နေမယ်ဆိုရင် သူရဲ့အင်အားတစ်ခုတည်းအပေါ်မှာပဲ မှီခိုနေရပြီးတော့ ဘာအတွေ့အကြုံမှမရှိတဲ့ လူတစ်ယောက်ဖြစ်သွားလိမ့်မယ်…”

ဇူယွမ်အံ့အားသင့်သွားခဲ့ရပြီး မကြာမီမှာပဲ သူ့ရဲ့မျက်လုံးတွေထဲမှာ ဆုံးဖြတ်ချက်ချလိုက်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့သည်။ ယောင်ယောင်ပြောတာမှန်ပေသည်။ သူ့မှာ တိုက်ပွဲအတွေ့အကြုံအရမ်းနည်းပါးသလို တိုက်ပွဲအပေါ်နားလည်ဆင်ခြင်နိုင်စွမ်းကလည်း အားနည်းလှသည်။ ဒါ့ကြောင့်ပဲ ဒီအရာတွေမှာအားနည်းခဲ့တဲ့အတွက် သူ့အနေနဲ့ နဂါးလက်ဝါးဒုတိယအဆင့်ကို အချိန်အတော်ကြာတဲ့ထိအောင် အောင်မြင်မှုမရရှိသေးခြင်းဖြစ်သည်။

တကယ်လို့သာ ဒီအခြေအနေတိုင်း ဆက်ရှိနေခဲ့ရမယ်ဆိုရင် သူ့ရဲ့ခွန်အားမြင့်မားလာခဲ့ရင်တောင်မှ သူ့ရဲ့ဘဝကိုဆုံးရှုံးသွားရနိုင်ပြီး သေခြင်းတရားနဲ့အဆုံးသတ်ဖို့က အရမ်းကိုဖြစ်နိုင်ချေများလှသည်။

ဇူယွမ်က ဒါကိုတွေးလိုက်မိသည့်အခါ ဇူချင်ကိုကြည့်၍ ပြောလိုက်သည်… “အဖေ… ကျွန်တော်အချိန်တချို့ကို အနက်ရောင်သစ်တောတောင်တန်းထဲမှာ သွားပြီးလေ့ကျင့်ရလိမ့်မယ်…”

အနက်ရောင်သစ်တောတောင်တန်းက ဇူအင်ပါယာမြို့တော်ဝန်းကျင်မှာ ထင်ရှားတဲ့တောင်တန်းတစ်ခုပင်ဖြစ်သည်။ ၎င်းမှာ မရေတွက်နိုင်လောက်တဲ့ မူလမှော်သားရဲတွေနေထိုင်ကျက်စားနေကြပြီးတော့ အန္တရာယ်များလှသည့်နေရာတစ်ခုပင်။ အဲ့ဒီမှာ အသက်ရှင်နေထိုင်နိုင်ဖို့ရန် တိုက်ခိုက်မှုစွမ်းရည်ရှိဖို့က အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပေသည်။

ဇူချင်အချိန်တစ်ခုကြာအောင် တိတ်ဆိတ်သွားခဲ့ရပြီးမှ ခေါင်းကိုဖြည်းညှင်းစွာညိတ်ပြလိုက်ရင်းမှ ပြောသည်… “သားမှာ ဒီလိုအတွေးမျိုးရှိတာကောင်းတယ်… လူတစ်ယောက်ဟာ သေခြင်းနဲ့ရှင်ခြင်းကြားမှာ ရုန်းကန်လှုပ်ရှားရတဲ့ အတွေ့အကြုံမရှိဘဲနဲ့ လုံးဝရင့်ကျက်တည်ငြိမ်မှုရှိတယ်လို့ မဆိုနိုင်ဘူး…”

“သားသွားနိုင်တယ်… ဒါပေမဲ့ အဖေက လုတိန်ရှန်းနဲ့လူအချို့ကိုတော့ သားနဲ့ထည့်ပေးလိုက်ရလိမ့်မယ်… သူတို့တွေက သားကိုအနှောင့်အယှက်ပေးမှာကို မစိုးရိမ်နဲ့… သူတို့က သားကိုကာကွယ်ပေးဖို့အတွက်ပဲ ထည့်ပေးလိုက်တာ…”

လုတိန်ရှန်းက နန်းတော်အစောင့်အရှောက်တွေထဲက ခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အပြင် ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတစ်ယောက်လည်းဖြစ်ကာ သူ့အဖေရဲ့လူယုံတစ်ယောက်ဖြစ်သည်။

ဇူယွမ်က ဇူချင်ရဲ့အပြုအမူကို သိနားလည်တဲ့အတွက် တစ်စုံတစ်ရာငြင်းပယ်ခဲ့ခြင်းမရှိဘဲ ခေါင်းကိုသာညိတ်ပြလိုက်သည်။

နောက်တစ်နေ့ နံနက်ခင်းစောစောမှာ ဇူယွမ်နဲ့ ယောင်ယောင်တို့နှစ်ယောက် နန်းတော်ဂိတ်ပေါက်ကို ရောက်ရှိလာခဲ့ကြပြီး အသားညိုညို ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းတဲ့ ထောင်ထောင်မောင်းမောင်းလူတစ်ယောက်က သူတို့ကိုနှုတ်ဆက်လိုက်သည်။

“မင်းသားလေး…”

နှုတ်ဆက်လိုက်သူရဲ့မျက်နှာက အေးစက်စက်ဖြင့် ရေခဲတုံးတစ်တုံးအလား မထုံတက်သေးအမူအယာရှိသည်။ သူ့ခန္ဓာကိုယ်ပတ်လည်မှာ သွေးရောင်အရှိန်အဝါ မှိန်ဖျော့ဖျော့ထွက်ပေါ်နေပြီး ဒါက သူ့ကို စစ်မြေပြင်ကပြန်လာသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားစေသည်။ ၎င်းက လုတိန်ရှန်းပင်ဖြစ်ပြီး တော်ဝင်ဇူနန်းတော်ရဲ့ နန်းတော်အစောင့်အရှောက်ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။

“ကျွန်တော်တို့ ခေါင်းဆောင်လုကို အလုပ်များစေမိပြီ… သွားကြစို့…”

ဇူယွမ်က နှောင့်နှေးကြန့်ကြာမှုမရှိဘဲပြုံး၍ လုတိန်ရှန်းကို ခေါင်းညိတ်ပြလိုက်၏။

လုတိန်ရှန်းလည်း ခေါင်းညိတ်ပြလိုက်သည်။ အဲ့ဒီနောက်မှာ သူက လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်သည့်အခါ ကြံ့ခိုင်တောင့်တင်းတဲ့ လူဆယ်ယောက်ကျော်ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်နဲ့ ယောင်ယောင်တို့ကို ခြံရံကာ နန်းတော်ဂိတ်တံခါးမှ ထွက်ခွာလာခဲ့ကြသည်။ သူတို့လူစုက လူအုပ်ကြားထဲကို တိုးဝင်သွားခဲ့ပြီး လျင်မြန်စွာပဲပျောက်ကွယ်သွားခဲ့ကြသည်။

အနက်ရောင်သစ်တောတောင်တန်းက မြို့တော်မှ ၆ မိုင်ခန့်သာ ကွာဝေးသည်။ တောင်တန်းတွေက ကုန်းမြေကိုဖြတ်ကာ သွယ်တန်းနေလျက်ရှိပြီး မရေတွက်နိုင်လောက်တဲ့မူလမှော်သားရဲတွေနဲ့ များစွာသောသဘာဝရင်းမြစ်များပေါကြွယ်ဝစွာရှိနေသည်။ ဒါကပဲ အနက်ရောင်သစ်တောတောင်တန်းကို ဇူအင်ပါယာမြို့တော်ဝန်းကျင်က ထင်ရှားတဲ့နေရာတွေထဲမှ တစ်ခုဖြစ်စေခဲ့သည်။

များစွာသောမူလဆရာသခင်တွေက အန္တရာယ်ကြီးမားလှတဲ့တောင်တန်းထဲမှာ ကံကောင်းမှုအချို့ကို ရရှိနိုင်ဖို့မျှော်လင့်ချက်နဲ့ ဒီနေရာမှာ စုဝေးရောက်ရှိနေခဲ့ကြသည်။ သူတို့တွေက အခြားလူတွေရဲ့ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့သူဖြစ်လာဖို့ သူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ရန် ကြိုးစားလိုကြသူများပင်ဖြစ်သည်။

တောင်ရဲ့အဝင်အဝမှာ များစွာသောမူလဆရာသခင်တွေကသူ့အစုလိုက် အဖွဲ့လိုက်စုစည်းနေခဲ့ကြသည်။ ဇူယွမ်နဲ့အဖွဲ့က ရပ်တန့်ခဲ့ခြင်းမရှိဘဲ တောင်ထဲကို တစ်ဖြောင့်တည်းဝင်ရောက်သွားခဲ့ကြသည်။ ဒါ့အပြင် လုတိန်ရှန်းလို ကောင်းကင်ဘုံတံခါးအဆင့်ကျွမ်းကျင်သူတစ်ယောက်ပါလာတဲ့အတွက် အဆင့် ၃ မူလမှော်သားရဲတွေနဲ့ ရင်ဆိုင်တွေ့ရရင်တောင် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။

ဇူယွမ်နဲ့ သူ့ရဲ့အဖွဲ့က တောင်ရဲ့အတွင်းပိုင်းကို ၁၅ မိုင်လောက် ဝင်ရောက်ခဲ့ပြီးနောက်မှာ ရပ်တန့်လိုက်ကြသည်။ ဒီနေရာက အနက်ရောင်သစ်တောတောင်တန်းရဲ့ အပြင်ဘက်ပိုင်းဖြစ်ပြီးတော့ အဆင့် ၁ မူလမှော်သားရဲတွေအများဆုံး ကျက်စားရာနေရာလည်းဖြစ်သည်။

လုတိန်ရှန်းနဲ့ သူ့လူတွေက တောင်ကြားတစ်နေရာမှာ တဲနှစ်လုံးဆောက်လုပ်ဖို့ ဇူယွမ်နဲ့ယောင်ယောင်တို့နှစ်ယောက်အနားကနေ ထွက်ခွာသွားကြသည်။

လုတိန်ရှန်းနဲ့ ကျန်တဲ့လူတွေ ထွက်ခွာသွားသကဲ့သို့ ဇူယွမ်ကလည်း အသက်ကိုပြင်းစွာရှူလိုက်ပြီး မှောင်မဲနေတဲ့ တောအုပ်အတွင်းကို ကြည့်လိုက်မိသည်။ လေထဲမှာပါလာတဲ့ ညှီစို့စို့သွေးနံ့ကိုရလိုက်တဲ့အချိန်မှာ ဇူယွမ်က သူ့ရဲ့ကျောမှာရှိတဲ့ ကောင်းကင်ယွမ်စုတ်တံကို ဆုပ်ကိုင်မိလိုက်သည်။

သူ့အနေနဲ့ ဒီနေရာမှာ အချိန်တစ်ခုကြာအောင်လေ့ကျင့်ရမည်ဆိုတာကို သိထားသလို သူ့ရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်ကိုလည်း ဒီနေရာမှာပဲဖွင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားမိသည်။

ချီအိမ်တော်ရဲ့ အခန်းတစ်ခုအတွင်းမှာ ချီယွဲ့က သူ့ရှေ့မှသက်လက်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ကို အေးစက်စွာကြည့်နေပြီး ဖြည်းညှင်းစွာမေးသည်… “ဇူယွမ်က အနက်ရောင်သစ်တောတောင်တန်းကို သွားခဲ့တာလား…”

“ဟုတ်ကဲ့… လုတိန်ရှန်းက သူ့ကိုကိုယ်တိုင်စောင့်ရှောက်ပြီး အဲ့ဒီမှာသူက လေ့ကျင့်ဖို့စီစဉ်ထားပုံပဲ…” သက်လတ်ပိုင်းအရွယ်အမျိုးသားရဲ့မျက်လုံးတွေက လွန်စွာနက်ရှိုင်းလှပြီး သူ့ရဲ့အသားအရေက ကျောက်သားအလား အဝါရောင်ခပ်ဖျော့ဖျော့သမ်းလျက်ရှိသည်။

ထိုလူက ချီအိမ်တော်ရဲ့ အိမ်တော်ထိန်းဖြစ်သူ ချီလင်းပင်ဖြစ်သည်။

ချီယွဲ့က ဒါကိုကြားလိုက်ရတဲ့အခါ ဘာတစ်ခုမှပြန်ပြောခဲ့ခြင်းမရှိဘဲ အေးစက်စွာရယ်မောလိုက်သည်။ သူ့ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင် ဖြတ်ခနဲထွက်ပေါ်လာခဲ့ပြီး သူ့ဘာသာသူပဲ ရေရွတ်လိုက်မိသည်… “မင်းက မြို့တော်ထဲမှာပဲနေရင်တောင် ငါကဘာတစ်ခုမှလုပ်လို့ရမှာမဟုတ်ဘူး… ဒါပေမဲ့ မင်းက အမှန်တကယ်ကို အနက်ရောင်သစ်တောတောင်တန်းထဲကို ကိုယ့်သဘောနဲ့ကိုယ် သွားခဲ့တာပဲ… မင်းက တကယ့်ကို အကျိုးအကြောင်းမစဉ်းစားတတ်ဘူးပဲ…”

“ဒုတိယသခင်လေးက သူ့ကိုတစ်ခုခုလုပ်ဖို့ ရည်ရွယ်နေတာလား…” ချီလင်းက သက်ပြင်းချလိုက်ရင်းမှ ဆက်ပြောသည်… “တကယ်လို့ ကျွန်တော်တို့လုပ်တယ်ဆိုတာကိုသာ ရှာတွေ့သွားခဲ့ရင် တော်ဝင်ကလန်က သေချာပေါက်ပြန်ပြီး လက်တုံ့ပြန်လိမ့်မယ်…”

ချီယွဲ့က ခပ်ဖွဖွပြုံး၍ ပြောသည်… “ဒါ့ကြောင့် ငါ့မှာစေ့စပ်သေချာတဲ့ အစီအစဉ်တစ်ခုလိုအပ်နေတာ… ဒါ့အပြင် ငါက သူ့ကို သတ်ဖို့အထိမရည်ရွယ်ဘူး… သူ့ကို မသေမရှင်ဖြစ်အောင်လုပ်ပြီး ဒေါသထွက်သွားစေချင်ရုံလောက်ပဲ ဖြစ်စေချင်တာ…”

သူက အချိန်ခဏကြာတွေးတောလိုက်ပြီး ခံစားချက်ကင်းမဲ့တဲ့လေသံဖြင့်ပြောသည်… “လူနှစ်ယောက်ရှာပြီးတော့ ချီအိမ်တော်ကို လုယက်ချင်ယောင်ဆောင်လိုက်… ပြီးရင် မင်းက လူတချို့ကိုဦးဆောင်ပြီး သူတို့နှစ်ယောက်နောက်ကို လိုက်သွားလိုက်… သူတို့ကို ဇူယွမ်ရှိနေတဲ့နေရာထိရောက်အောင် ဦးတည်သွားစေပြီးတော့ မင်းက လုတိန်ရှန်းကို အချိန်ဆွဲနိုင်ဖို့နည်းလမ်းရှာရလိမ့်မယ်… ဒါတွေအားလုံးပြီးသွားရင် ငါတို့ရဲ့လုယက်သူဆိုတဲ့ လူနှစ်ယောက်ကို ရှင်းပြစ်လိုက်တော့…”

“ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် အဲ့ဒီလူနှစ်ယောက်ကပဲ အပြစ်တင်ခံရပြီးတော့ ငါ့တို့တွေအပေါ်ဘာတစ်မှဖြစ်လာစရာ အကြောင်းမရှိတော့ဘူး… ဒါ့အပြင် ချီအိမ်တော်ကလည်း လုယက်ခံရသူဖြစ်သွားမယ်… အတတ်နိုင်ဆုံး သူတို့ကို သေသေချာချာမှာထားလိုက်… ဒီလိုမှပဲ ဘယ်သူမှ ငါတို့အပေါ် ဘာတစ်မှမပြောနိုင်မှာ…”

ချီလင်း အံ့အားသင့်သွားခဲ့ရ၏။ ခဏအကြာမှာ သူကပြုံး၍ ပြောလိုက်သည်… “ဒါက အရမ်းကောင်းတဲ့ အစီအစဉ်တစ်ခုပဲ…”

ချီယွဲ့က အေးစက်စက်ရယ်မောလိုက်ပြီး သူ့ရဲ့ဝတ်စုံအတွင်းမှ ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်ယူလိုက်သည်။ မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခုက စာလိပ်ပေါ်မှ ထွက်ပေါ်နေခဲ့သလို ၎င်းရဲ့အပေါ်မှာလည်း ရှေးဟောင်းစာလုံးတွေကို ရေးထွင်းထားလေသည်။

“ဒါပေမဲ့ ငါတို့အပေါ်မှာ သံသယကင်းအောင် အရာရာတိုင်းကို သေချာဂရုစိုက်ပြီးလုပ်မှ တော်ရာကျမယ်… ဒီပစ္စည်းကို သူတို့နှစ်ယောက်ကိုပေးပြီးတော့ သူတို့ရဲ့တာဝန်တွေကို လုပ်ဆောင်စေရလိမ့်မယ်…”

ချီလင်းက စာလိပ်ကိုလက်ခံလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ သူ့ရဲ့အမူအယာက ရုတ်ချည်းပြောင်းလဲသွားခဲ့ရပြီး ပြောလိုက်သည်… “မီးလျှံအလင်းကျင့်စဉ်လား… ဒါက ဝူအင်ပါယာရဲ့ ဆရာသခင်ထံကနေ ချီအိမ်တော်လက်ခံရရှိခဲ့တဲ့ထဲက စွမ်းအားမြင့်မူလကျင့်စဉ်တစ်ခုပဲ…”

“ငါက ဒါကို အစောပိုင်းကတည်းက ဘဏ္ဍာတိုက်ထဲကနေပြန်ပြီး ထုတ်ယူထားခဲ့တာ… ဒီကိစ္စက အရေးကြီးတဲ့အတွက်ကြောင့် ဒါနဲ့မှပိုပြီးသင့်တော်မယ်… သူတို့နှစ်ယောက်က သူတို့ရဲ့တာဝန်အောင်မြင်သွားတဲ့အခါ မင်းက လုတိန်ရှန်းကို ကူညီပြီးတော့ သူတို့ကိုသတ်လိုက်… ပြီးရင်ဒါကို ပြန်ယူလာခဲ့လိုက်…”

“ဒါက အကြောင်းပြချက်တစ်ခုဖြစ်လာနိုင်တယ်… ဒါ့အပြင် ငါတို့ချီအိမ်တော်က ဒီလိုမျိုးရတနာတစ်ခု ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့တဲ့အတွက် တော်ဝင်ကလန်က ငါတို့အပေါ်ဘာတစ်ခုမှ ပြောလိမ့်မှာမဟုတ်ဘူးလို့ ငါထင်တယ်… သူတို့တွေ ပြောခဲ့တယ်ဆိုရင်တောင် ဘာတစ်ခုမှပြန်မဖြေရှင်းပဲနဲ့ နှုတ်ဆိတ်နေလိုက်… တော်ဝင်ကလန်က ရွေးချယ်စရာမရှိတော့တဲ့အဆုံးမှာ ငြိမ်သက်သွားကြလိမ့်မယ်…”

ချီယွဲ့ရဲ့လေသံက ရက်စက်ယုတ်မာမှုတွေနဲ့ ပြည့်နှက်နေပေသည်။ သူ့ရဲ့ကြောက်စရာကောင်းတဲ့ အစီအစဉ်ကို ကြားရတဲ့အခါ ချီလင်းက ခေါင်းညိတ်၍သာ သဘောတူလိုက်ရသည်။

“ဒုတိယသခင်လေးရဲ့ အစီအစဉ်က ခြွင်းချက်မရှိလောက်အောင် အရမ်းကောင်းတယ်…” ချီဘုရင်ရဲ့နောက်လိုက်တစ်ယောက်ဖြစ်တဲ့သူက ဇူအင်ပါယာတော်ဝင်ကလန်အပေါ်မှာ အလေးထားခြင်းမရှိခဲ့သလို အခုဇူယွမ့်ကို လျှို့ဝှက်ကြံစည်ဖို့ကိုတောင်မှ ကြောက်ရွံ့ခြင်းအလျဉ်းမဖြစ်မိပေ။

ချီယွဲ့က ရယ်မောလိုက်ပြီး သူ့ရဲ့ခေါင်းကို မော့လိုက်သည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ အမုန်းတရားတွေနဲ့ပြည့်နှက်နေပြီး အနက်ရောင်သစ်တောတောင်တန်းရှိရာအရပ်ကို ကြည့်လိုက်မိသည်။

“ဇူယွမ်… မင်းက ငါ့ကို တော်ဝင်ဇူကျောင်းတော်ထဲမှာ မျက်နှာပျက်အောင်လုပ်ခဲ့တဲ့အတွက် ငါကလည်း မင်းရဲ့ဘဝတစ်ဝက်ကို ပြန်ယူရလိမ့်မယ်…”

“ငါနဲ့ တိုက်ခိုက်ချင်တာလား… ဟမ့်… မင်းမှာ အတွေ့အကြုံမရှိသေးဘူး…”


Comment

Leave a Reply

Options

not work with dark mode
Reset