အကယ်၍ သရဲကြောက်တတ်သည့် လူတစ်ယောက်သာဆိုပါက လက်ရှိအခြေအနေတွင် ကြောက်ဒူးများ တုန်ကာ အသံကုန် အော်ဟစ်မြည်တမ်းရင်း ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားလောက်ပြီ ဖြစ်သည်။ သို့သော် အဖြူရောင်ဝတ်ရုံများ ဆင်မြန်ထားသည့် ထို အမျိုးသမီးနှင့် သူမ၏ ဘေးတွင်ရှိနေသော ကောင်ကလေးခုနစ်ယောက်မှာမူ သူတို့ရင်ဆိုင်နေရသည့် လူပုဂ္ဂိုလ်ကြီးမှာ ထိုကဲ့သို့ သဘာဝလွန်သတ္တဝါများအား လုံးဝမကြောက်တတ်သည့် လူတစ်ယောက်ဖြစ်နေသည်ကို မသိထားပေ။ ဝမ်ပေါင်လဲ့မှာ စိတ်မရှည်တော့သည့်ပုံပင် ပေါက်နေ၏။
ကျောချမ်းဖွယ်ရာ အငွေ့အသက်ကြီး ပေါ်ပေါက်လာပြီး အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီး ဝိညာဉ်ကြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေစဉ် ဝမ်ပေါင်လဲ့မှာ ၎င်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ညာဘက်ခြေထောက်ကိုမြှောက်ကာ လှမ်းကန်လိုက်သဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
ထိုကန်ချက်မှာ အမျိုးသမီးဝိညာဉ်ပေါ်သို့ ကျရောက်သွား၏။ ၎င်းမှာ သူမ၏ ဝိညာဉ်အား ဖြတ်သန်းသွားပြီး သူမ၏ ခန္ဓာကိုယ်အစစ်ပေါ်သို့ ကျရောက်လာတော့သည်။ ထိုအခါ ထို အမျိုးသမီးဝိညာဉ်မှာ သနားစဖွယ် အော်ဟစ်မြည်တမ်းကာ နောက်သို့ ပေတစ်ရာကျော်အထိ လွင့်ထွက်သွား၏။
” ဒီလောက်အစွမ်းအစလေးနဲ့များ အခုလို ဟိတ်ကြီးဟန်ကြီးတွေ လုပ်ရဲတယ်ပေါ့ ” ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်အား မြှောက်လိုက်ပြီး ဝိညာဉ်လမ်းညွှန်မှုပညာရပ်အား ထုတ်သုံးလိုက်တော့သည်။ ထိုအခါ သူ၏လက်ထဲတွင် ပုံရိပ်ပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာကာ တစ်ခုပေါ်တစ်ခု အဆင့်ဆင့် ထပ်သွားပြီးနောက် ကြောက်မက်ဖွယ်ရာ အနက်ရောင် ဖုတ်ကောင်လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွား၏။ ထိုလက်ကြီး၏ ပေါ်ပေါက်လာမှုနှင့်အတူ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် အငွေ့အသက်များမှာလည်း ပို၍ အေးစက်လာ၏။ အကယ်၍ အမျိုးသမီးဝိညာဉ်နှင့်အတူ ပေါ်ပေါက်လာခဲ့သည် ကျောချမ်းဖွယ်ရာ လေအေးများကို ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးကြီးတစ်ကောင်အဖြစ် သတ်မှတ်နိုင်ပါက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် လေပြင်းများမှာ နတ်ဆိုးသခင်ကြီးထက်ပင် ပို၍ သာလွန်နေပြီဖြစ်သည်။
သူ၏ ဝိညာဉ်လမ်းညွှန်လက်ကြီး ဆန့်ထွက်လာသောအခါ အမျိုးသမီးဝိညာဉ်၏ မျက်နှာပေါ်တွင် သူမ၏ မျက်နှာအင်္ဂါရပ်များ ပြန်၍ ပေါ်ပေါက်လာ၏။ သူမ၏ မျက်နှာအမူအရာမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အံ့ဩတုန်လှုပ်နေပြီ ဖြစ်သည်။ ထို အမျိုးသမီးဝိညာဉ်မှာ အသံကုန်အော်ဟစ်၍ ထွက်ပြေးရန် ကြိုးစားလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူမသည် ဝမ်ပေါင်လဲ့၏ ဝိညာဉ်လမ်းညွှန်လက်ကြီးထဲ၌ ဖမ်းဆီးခံလိုက်ရတော့သည်။
ပုံရိပ်ယောင် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားသော ထို အမျိုးသမီးဝိညာဉ်မှာ ပြန်လည်ခုခံနိုင်စွမ်းပင်မရှိပေ။ ဝမ်ပေါင်လဲ့မှာ သူမအား လည်ပင်းညှစ်၍ သူ၏ရှေ့သို့ ဆွဲခေါ်လာ၏။
” သရဲတစ္ဆေလို ဟန်ဆောင်တာ ကိစ္စမရှိပေမဲ့ ငါ့ရှေ့မှာ လာပြီးတော့ မလုပ်နဲ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီး ထို အမျိုးသမီးဝိညာဉ်အား လေပေါ်သို့မြှောက်ကာ မြေကြီးပေါ်သို့ ပြန်၍ ကိုင်ပေါက်လိုက်၏။ သူသည် ထိုမျှလောက်နှင့် အားမရသေးသောကြောင့် ခြေထောက်ကိုမြှောက်၍ ထိုအမျိုးသမီးဝိညာဉ်အား ထပ်ခါတလဲလဲ ကန်ကျောက်နေလိုက်တော့သည်။ ထို့ကြောင့် ထိုအမျိုးသမီးဝိညာဉ်၏ အော်ဟစ်မြည်တမ်းသံများမှာ တဖြည်းဖြည်းနှင့် ပို၍ သနားစရာကောင်းလာတော့သည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေထိပ်ဆုံးအဆင့်တွင် ရှိနေပါသော်လည်း ဝမ်ပေါင်လဲ့ ရှေ့တွင်မူ သူမသည် အားအင်ချည့်နဲ့နေရ၏။ သူမသည် သူမ၏ အစွမ်းများကို လုံးဝထုတ်မသုံးနိုင်ဘဲ ဖြစ်နေရပြီး လက်ရည်တူ ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရ၏။
သူမဆီမှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ သက်ရှိများအားလုံးကို တုန်လှုပ်ချောက်ချားသွားစေနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့အပေါ် အကျိုးသက်ရောက်မှုမရှိပေ။ ဝမ်ပေါင်လဲ့မှာ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသောကြောင့် သူ၏ အမှောင်အိပ်မက်ထဲတွင် ထို အမျိုးသမီးဝိညာဉ်ထက် အဆပေါင်းများစွာပို၍ ကြောက်စရာကောင်းသည့် ဝိညာဉ်သန်းပေါင်းများစွာကို မြင်တွေ့ဖူးထားပြီးသား ဖြစ်သည်။ ထိုဝိညာဉ်များထဲမှ အချို့မှာဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံးကိုပင် ချေမှုန်းပစ်နိုင်စွမ်းရှိပေသည်။ သို့သော်လည်း သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့၏ရှေ့တွင် ဝပ်တွားခယနေခဲ့ရပြီး သူ့အား ပြဿနာမရှာရဲခဲ့ကြပေ။
အမှောင်ဂိုဏ်းမှာ ဝိညာဉ်များအား လမ်းညွှန်ပေးသည့် အင်အားကြီးဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့သည်မဟုတ်ပါလော။ အကယ်၍ သူသာ အမှောင်ကလေးငယ်တစ်ယောက်အနေနှင့် ယခုကဲ့သို့ မဖြစ်စလောက် ဝိညာဉ်လေးအား ကြောက်ရွံ့နေမည်ဆိုပါက ကွယ်လွန်သွားခဲ့ပြီးဖြစ်သော အမှောင်ဂိုဏ်းထဲမှ ဘိုးဘေးကြီးများမှာ အမျက်ချောင်းချောင်းထွက်ကာ အသက်ပြန်ဝင်လာလောက်ပေသည်။
ဝမ်ပေါင်လဲ့မှာ အဆက်မပြတ် ထိုးနှက်ကန်ကျောက်နေသောကြောင့် အမျိုးသမီးဝိညာဉ်၏ အော်ဟစ်မြည်တမ်းသံများမှာ ပို၍ပင် သနားစရာကောင်းလာတော့သည်။ သူမသည် အသက်ချမ်းသာပေးရန် တောင်းဆိုနေပါသော်လည်း အချည်းနှီးပင်။ သူမသည် ကြောက်မက်ဖွယ်ရာကောင်းသော မျက်နှာအမူအရာများဖြင့် အော်ဟစ်နေခဲ့ရမှ ယခုလို အခြေအနေသို့ ရောက်သွားရသည်မှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေသောကြောင့် သူမ၏ ကလေးခုနစ်ယောက်စလုံးမှာ မှင်တက်သွားကြ၏။ သူတို့ထဲမှ နှစ်ယောက်မှာဆိုလျှင် အကြောက်လွန်ကာ ငိုကြွေးနေကြတော့သည်။
၎င်းတို့မှာ မျက်ရည်အစစ်များဖြစ်ပြီး မကြာသေးမီတုန်းက ဟန်ဆောင်ဖန်တီးခဲ့သည့် ကျောချမ်းဖွယ်ရာ ငိုကြွေးသံများနှင့် မတူပေ။ သို့သော် ထိုအသံမှာ နားကြားပြင်းကတ်စရာ ကောင်းလွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ အော်ဟစ်ခြိမ်းခြောက်လိုက်၏။
” တိတ်စမ်း။ ထပ်ငိုရင် ငါ မင်းတို့ကို စားပစ်မယ်။ သီချင်းဆိုကြစမ်း ”
သူ၏ အော်သံကြီးကြောင့် ငိုကြွေးနေကြသည့် ကလေးငယ်နှစ်ယောက်မှာ အသားများ တုန်ရီသွားရပြီး ချက်ချင်းပင် အငိုတိတ်သွားတော့သည်။ သူတို့မှာ ငိုချပစ်ချင်ပါသော်လည်း အသံမထွက်ရဲတော့ပေ။ ထို့အပြင် သူတို့မှာ ထိုနေရာမှ ထွက်ပြေးချင်ပါသော်လည်း မလုပ်ရဲဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ အဆက်မပြတ် ထိုးနှက်ကန်ကျောက်မှုများကြောင့် သူတို့၏မိခင် ဝိညာဉ်တစ်ခုလုံး စိစိညက်ညက် ကြေမွကာ တစ်စစီ ပျက်စီးသွားရတော့မည့်အလား ဖြစ်နေသည်ကို ဘေးမှရပ်၍ စိုက်ကြည့်နေရတော့သည်။
ထိုအချိန်တွင် သူတို့မှာ ကတုန်ကယင်နှင့် သီချင်းဆိုလိုက်ကြ၏။
” အမေ။ အမေ။ သား ဗိုက်ဆာနေပြီ… ”
” အမေ။ အမေ့လက်ချောင်းက စားလို့လည်း မကောင်းဘူး။ သား အရမ်းဗိုက်ဆာနေပြီဗျ။ တစ်ခုခုစားချင်တယ် ”
” သားကို မရိုက်ပါနဲ့။ သားကို မသတ်ပါနဲ့။ သားကို အရေခွံမဆုတ်ပါနဲ့ အမေရေ။ အမေ။ သား နာလှပြီ ” ထိုကလေးငယ်များ၏ ကတုန်ကယင်တေးသီဆိုသံများမှာ လေထဲ၌ ပဲ့တင်ထပ်နေတော့သည်။ ထိုအခါမှသာ သူတို့၏ အော်ဟစ်သံများမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း သူတို့ကိုယ်သူတို့ ပြန်သိလိုက်ရ၏။ သူတို့မှာ ထိုကဲ့သို့တေးသီဆိုနေရင်း သူတို့ကိုယ်သူတို့ ပြန်၍ ကြောက်လာကြတော့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့၏ တေးဆိုသံများအား ငြီးငွေ့လာ၏။ ထို့ကြောင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ထိုကလေးငယ် ခုနစ်ယောက်မှာ ချက်ချင်းပင် ထွက်ပြေးသွားကြတော့သည်။ သူတို့၏ ငယ်ရွယ်နုနယ်သေးသော အသိစိတ်ထဲတွင် ဝမ်ပေါင်လဲ့မှာ နတ်ဆိုးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသောကြောင့် အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေပြီဖြစ်သည်။
ထို ကလေးငယ်လေးများ ထွက်ပြေးသွားကြသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ အမျိုးသမီးဝိညာဉ်အား သတိလစ်သွားသည့် အနေအထားအထိ အဆက်မပြတ် ကန်ကျောက်နေလိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စိစိညက်ညက် ကြေမွနေပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် သူမအား သူ၏ရှေ့သို့ ဆွဲခေါ်လာပြီး မျက်လုံးများ ကျွတ်ထွက်လာလုမတတ် စိုက်ကြည့်ကာ နှာမှုတ်လိုက်၏။
” နင့်လို အသုံးမကျတဲ့ ဝိညာဉ်တွေ ငါ့ရှေ့မှာ အခုလို ပေါ်လာတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ထားပါတော့။ နင့်ကို ဘယ်လိုနည်းနဲ့ စားရမလဲဆိုတာ စဉ်းစားလိုက်ဦးမယ် ” ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာဆိုလိုက်၏။ သူသည် သူ၏ အမှောင်အိပ်မက်ထဲတွင် ဝိညာဉ်များကို ခိုး၍ စားသုံးနေခဲ့သည့် အမှောင်ဂိုဏ်းသားအချို့ကို မြင်ဖူးခဲ့သည် မဟုတ်ပါလော။ အမှောင်ဂိုဏ်းမှာ အလွန်အင်မတန်မှ ကြီးမားသောကြောင့် ဝိညာဉ်တစ်ကောင်နှစ်ကောင် ပျောက်နေရုံနှင့် မည်သူကမှ သတိထားမိကြမည် မဟုတ်ပေ။ အကယ်၍ တစ်ယောက်ယောက်က သိသွားခဲ့လျှင်တောင် ကိစ္စမရှိပေ။ အမှောင်ဂိုဏ်းမှာ ဝိညာဉ်များအား တရားစီရင်ပိုင်ခွင့် ရှိနေသည် မဟုတ်ပါလော။
သူသည် ဝိညာဉ်တစ်ကောင်မှ မစားဖူးပါသော်လည်း မည်သို့မည်ဖုံ စားရမည်ကို သိထား၏။ ယခုတွင် သူ၏ မုန့်များမှာ ပြတ်လတ််လုနီးပါးနေပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ညစဉ်ညတိုင်း ဗိုက်ဟောင်းလောင်းနှင့် လန့်နိုးနေခဲ့ရသည်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် အမျိုးသမီးဝိညာဉ်အား စိုက်ကြည့်ရင်း တံတွေးများ မျိုချမိသွား၏။
သို့သော် သူသည် ဝိညာဉ်များအား မစားမိအောင် သူ့ကိုယ်သူပြန်၍ ထိန်းချုပ်လိုက်ရ၏။ သူသည် သူ၏ ဘေးပတ်ဝန်းကျင်အား အရင်ဆုံး အကဲခတ်သင့်သည်ဟု တွေးလိုက်ပြီး ထိုဝိညာဉ်အား ချုပ်နှောင်ကာ ဖန်းမု၏ ရုပ်အလောင်းဆီသို့ ဦးတည်သွားလိုက်သည်။ သူသည် ထိုအရုပ်အလောင်းအား စစ်ဆေးပြီးသွားသောအခါ မျက်စိမျက်နှာ ပျက်သွားရတော့သည်။
ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းထဲ၌ ဝိညာဉ်များနှင့်ပတ်သတ်၍ လေ့လာသိရှိခဲ့သော ဗဟုသုတများကို အသုံးပြုကာ ဖန်းမု၏ ရုပ်အလောင်းအား စစ်ဆေးကြည့်လိုက်ပြီးနောက် သူသည် ဝိညာဉ်တစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းမဟုတ်ကြောင်း သိရှိသွားသည်။ သူသည် ဝိညာဉ်ရှာဖွေမှုပညာရပ်ကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အခြားမည်သည့်ဒဏ်ရာမှ မရှိပေ။ သူသည် အခြားလူတစ်ယောက်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပြီးနောက် သူ၏ဝိညာဉ်မှာ အတင်းအဓမ္မ ရှာဖွေခံခဲ့ရသည် ဖြစ်သည်။ သူ၏ ဦးနှောက်မှာ ထိုရှာဖွေမှုဒဏ်အား ခုခံနိုင်စွမ်းမရှိသောကြောင့် ပျက်စီးသွားခဲ့ရပြီး သူ၏ဝိညာဉ်မှာလည်း စိစိညက်ညက် ကြေမွသွားခဲ့ရသည်။
ထိုလူသတ်နည်းမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်ပေသည်။ ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားကာ ဖန်းမု၏ ရုပ်အလောင်အား တစ်ကြိမ်ထပ်၍ စစ်ဆေးကြည့်လိုက်ပြီးနောက် ၎င်းအား သိမ်းဆည်းလိုက်၏။ သူတို့အားလုံးမှာ ပြည်ထောင်စုပျိုးပင်များ ဖြစ်နေကြသည် မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် ဖန်းမုမှာ သေဆုံးသွားရပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ ရုပ်အလောင်းအား တိုင်းတစ်ပါး၌ ချန်ရစ်ထားခဲ့နိုင်မည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ တိတ်ဆိတ်ငြိမ်သက်နေရင်း မခံမရပ်နိုင်လောက်အောင် ဖြစ်လာရ၏။ သူတို့အားလုံးမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ စတင်ရောက်ရှိလာသည့် အချိန်ကတည်းက စိတ်ပိုင်းဖြတ်ထားကြပြီးသား ဖြစ်ပါသော်လည်း ယခုကဲ့သို့ သေဆုံးမှုများကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသောအခါ သူသည် သက်ပြင်းချမိသွား၏။
ခဏအကြာတွင် သူသည် သူ၏ ခံစားချက်များကို ပြန်လည်ချုပ်တည်းလိုက်ပြီး ခေါင်းမော့ကာ ရွှေရောင်နွားချေးပိုးကြီးအား စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ခြေတစ်လှမ်းလှမ်းကာ ချိုင့်ကြီး၏ရှေ့သို့ ရောက်ရှိလာတော့သည်။ ထိုအခါ သူသည် ထိုချိုင့်ကြီးထဲ၌ ရုပ်အလောင်းနှစ်ခုကို မြင်လိုက်ရ၏။
ရုပ်အလောင်းတစ်ခုမှာ သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ ရုပ်အလောင်းဖြစ်၏။ သူသည် ကျယ်ပြန့်တာအိုနန်းတော်၏ ဝတ်ရုံများကို ဆင်မြန်းထားသည်။ ထိုဝတ်ရုံများမှာ ပျက်စီးစုတ်ပြဲနေပြီဖြစ်သည်။ သူ သေဆုံးသွားခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်သောကြောင့် သူ့ဆီမှ ထွက်ပေါ်နေသည့် အပုပ်နံ့မှာ ဆိုးရွားလွန်းနေ၏။ သူသည် သေဆုံးနေပြီ ဖြစ်ပါသော်လည်း သူ၏ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင်များကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။
သူနှင့်အတူ သေဆုံးသွားခဲ့သည့် အခြားတစ်ယောက်မှာ ကျယ်ပြန့်တာအိုနန်းတော်မှ မဟုတ်ပေ။ ထိုလူကြီးမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသည့် အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်သည်။
သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် အတူတူ သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။ ဤ နွားချေးပိုးကြီးမှာ သူတို့ထဲမှ တစ်ယောက်၏ စီးတော်ယဉ်ကြီး ဖြစ်ရပေမည်။ သူတို့ သေဆုံးသွားခဲ့ပြီးနောက် ထိုနွားချေးပိုးကြီးမှာလည်း သက်တမ်းကုန်သွားခဲ့ပြီး ဤ ကုန်းမြင့်ပေါ်၌ နစ်မြုပ်နေခဲ့ခြင်း ဖြစ်ပေသည်။
ထို့နောက် မြေပြင်အခြေအနေများ ပြောင်းလဲသွားခဲ့ပြီး မီးပင်လယ်ကြီး မြင့်တက်လာခဲ့၏။ မဝေးတော့သည့် အနာဂတ်တွင် ဤနေရာတွင် ရှိနေသည့် အရာအားလုံးမှာ နောက်ထပ်ပေါ်ပေါက်လာမည့် ပြောင်းလဲမှုများနှင့်အတူ ပျောက်ကွယ်သွားနိုင်ပေသည်။
သူတို့၏ သိုလှောင်အိတ်များထဲတွင် အဖိုးတန်ပစ္စည်းများ မရှိတော့သလို အသိအမှတ်ပြု တံဆိပ်ပြားများကိုလည်း ရှာတွေ့နိုင်မည် မဟုတ်ပေ။ ၎င်းတို့မှာ ဖျက်ဆီးခံခဲ့ရခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်က ၎င်းတို့အား ယူသွားခဲ့ခြင်းဖြစ်ရမည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်နေ၏။
၎င်းတို့အား ယူသွားသည့်လူမှာ ဖန်းမုအား သတ်ဖြတ်ခဲ့သည့်လူ ဖြစ်လျှင် ဖြစ်နေနိုင်ပေသည်။
” သူတို့က ဖန်းမုကို သတ်ပြီးတော့ ဒီနေရာမှာ ထောင်ချောက်တစ်ခု ဆင်ခဲ့တာပဲ ” ဝမ်ပေါင်လဲ့မှာ မည်သည့် တန်ဖိုးကြီးပစ္စည်းမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် ထိုနွားချေးပိုးကြီးထဲမှ ထွက်ခွာလာပြီး အမျိုးသမီးဝိညာဉ်အား လွှတ်ပေးလိုက်၏။ ထို့နောက် သူသည် သူမအား လည်ပင်းညှစ်ကာ အားပါပါ လှုပ်ယမ်းလိုက်၏။ ထိုအခါ ထိုအမျိုးသမီးဝိညာဉ်မှာ ချက်ချင်းပင်ပြန်၍ သတိရလာတော့သည်။ သူမသည် ဝမ်ပေါင်လဲ့၏ မျက်နှာအား မြင်လိုက်ရသောအခါ အသံကုန်အော်ဟစ်ကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားရ၏။
” နင် အသံထပ်ထွက်လာရင် နင့်ကို ငါ စားပစ်မယ် ” ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာဆိုလိုက်၏။
ထိုအခါ အမျိုးသမီးဝိညာဉ်မှာလည်း ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။ သူမသည် တစ်ကိုယ်လုံး တုန်ရီနေဆဲဖြစ်ပါသော်လည်း စကားတစ်ခွန်းမှ မဟရဲတော့ပေ။
” ပြောစမ်း။ ဒီမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ ” ဝမ်ပေါင်လဲ့မှာ အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးဝိညာဉ်အား စိုက်ကြည့်ကာ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် မေးမြန်းလိုက်၏။ သို့သော် သူ၏စကားသံ ထွက်ပေါ်လာသောအခါ အမျိုးသမီးဝိညာဉ်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တစ်ကိုယ်လုံး တုန်ရီသွားရပြန်သည်။ သူမသည် မည်သည့်အချက်အလက်ကိုမှ မထိမ်ချန်ရဲတော့ဘဲ သူမ၏ အာရုံများကို အပြင်ဘက်သို့ ဆန့်ထုတ်ပေးလိုက်၏။
” အဆုံးမဲ့မျိုးနွယ်စုက…. နောက်ကွယ်ကနေကြိုးကိုင်ပြီးတော့… နင့်ကိုသတ်ဖို့… ဒီနေရာကို မျှားခေါ်လာတာ ”
” ဟင် ” ဝမ်ပေါင်လဲ့မှာ ထိုစကားများကိုကြားလိုက်ရသောအခါ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ထို့နောက် သူသည် မန္တန်လက်ကွက်တစ်ခုဖော်ကာ အမှောင်မီးတောက်တစ်ခုအား ထိုဝိညာဉ်၏ နဖူးထဲသို့ ထည့်သွင်းလိုက်သည်။ ခဏအကြာတွင် ၎င်းမှာ သူ့ဆီသို့ပြန်ရောက်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်းတွင် ရှိနေခဲ့စဉ်တုန်းက လေ့လာခဲ့သော အသေးစားမန္တန်တစ်ခု ဖြစ်ပေသည်။ ထိုမန္တန်အားအသုံးပြု၍ ဝိညာဉ်များ၏ ပြောစကားများမှာ အမှန် ဟုတ်မဟုတ် စစ်ဆေးနိုင်၏။ ထိုသို့ဖြင့် သူသည် ထိုအမျိုးသမီးဝိညာဉ်အား အသေးစိတ် စစ်ဆေးမေးမြန်းနေလိုက်တော့သည်။ အချိန်အတော်အတန် ကုန်ဆုံးသွားပြီးနောက် သူသည် မျက်နှာပျက်သွား၏။ သူသည် ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားပြီဖြစ်သည်။ အသက်ရှင်လျက် ရှိနေဆဲဖြစ်သော အဆုံးမဲ့မျိုးနွယ်စုဝင်တစ်ယောက်မှာ ထိုအမျိုးသမီးဝိညာဉ်အား ထိန်းချုပ်ကာ သူမအား ဤနေရာသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်၏။ သူသည် ဝမ်ပေါင်လဲ့အား သတ်ဖြန်ရန် ကြံရွယ်ထားခြင်းဖြစ်သည်။
ထို အဆုံးမဲ့မျိုးနွယ်စုဝင်မှာ သူ အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသည့်အချက်ကို မသိထားသည့်ပုံပင်။ သူသည် ဝိညာဉ်များအား လုံးဝ ကြောက်ရွံ့နေမည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ အတွေးမျိုးစုံပေါ်ပေါက်လာ၏။ သူသည် အသိစိတ်များ ဝေဝါးနေသော အမျိုးသမီးဝိညာဉ်ဆီမှ သဲလွန်စတစ်ခုကိုသာ ရရှိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ကျယ်ပြန့်တာအိုနန်းတော်ကြီးနှင့် အစိမ်းရောင်ကြေးဓားကြီးတို့မှာ အလွန်အင်မတန်မှ လျှို့ဝှက်ဆန်းကြယ်နေသည်ဖြစ်ကြောင်း ရိပ်မိလာပြီဖြစ်သည်။
” အသက်ရှင်နေတဲ့ အဆုံးမဲ့မျိုးနွယ်စုဝင်တွေ ရှိနေသေးတာလား ” ဝမ်ပေါင်လဲ့မှာ ပင့်သက်များ ရှိုက်မိသွား၏။ သူသည် ထိုနေရာမှ အမြန်ဆုံး ထွက်ခွာသွားသင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည် ထိုအမျိုးသမီးဝိညာဉ်နှင့် စာရင်းရှင်းရန် ပြင်လိုက်စဉ်မှာပင်…
ခပ်လှမ်းလှမ်းရှိ ဟင်းလင်းပြင်ကြီးထဲတွင် သူ့ဆီမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် ဝိညာဉ်လေး ခုနစ်ကောင်မှာ ကတုန်ကယင်နှင့် ပြန်လည်ပေါ်ပေါက်လာကြ၏။