Switch Mode

အခန်း (၅၁၇)

ထူးဆန်းသော နေရာတစ်ခု

” အကူအညီတောင်းနေတာပါလား ” ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွား၏။ ထို့နောက် သူသည်‌ ခေါင်းငုံ့ကာ ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက် ကျောက်စိမ်းပေလွှာအား သေသေချာချာ ဖတ်ရှုလိုက်တော့သည်။ သူသည် စကားဝိုင်းထဲ၌ အဆက်မပြတ် ပေါ်ပေါက်လာနေသည့် အရေးပေါ် အကူအညီတောင်းစာများကို စိုက်ကြည့်နေ၏။

သူသည် ထိုအသံလွှင့်အကြောင်းကြားစာထဲမှ အကူအညီ တောင်းနေသည့်လူမှာ မျှော်လင့်ချက်များအားလုံး ပျက်သုဥ်းနေသည့်လေသံ ပေါက်နေသည်ကို သတိထားမိလိုက်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် ထိုအသံလွှင့်အကြောင်းကြားစာအား စစ်ဆေးနေစဉ် ထိုပြည်ထောင်စုပျိုးပင်မှာ ငိုကြွေးနေပြီ ဖြစ်သည်။ သို့သော် သူမည်မျှပင် အသနားခံစေကာမူ အုပ်စုဖွဲ့စကားဝိုင်းထဲတွင် မည်သူကမှ သူ့အား စကားပြန်ပြောခြင်း မရှိပေ။

ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက်မှာ အကွာအဝေး ကန့်သတ်ချက်တစ်ခု ရှိပေသည်။ ထိုပြည်ထောင်စုပျိုးပင်မှာ ဓားကိုယ်ထည်ပိုင်းထဲ၌ ပိတ်မိနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် သူ၏ အနီးအနား၌ ရှိနေနိုင်သည့် ‌‌အခြား ပြည်ထောင်စုပျိုးပင်တစ်ယောက် ဖြစ်နေလောက်ပေသည်။

” ဖန်းမုပါလား… ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီး လူငယ်လေးတစ်ယောက်၏ ပုံရိပ်မှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ သူသည် ထိုပြည်ထောင်စုပျိုးပင်အား ရင်းရင်းနှီးနှီး မသိပေ။ သူတို့မှာ လမ်းတွင်ဆုံလျှင် အပြန်အလှန် ခေါင်းညိတ်ပြသည့် အဆင့်တွင်သာရှိပေသည်။ အမှန်တွင် ပြည်ထောင်စုပျိုးပင် အထူးလေ့ကျင့်ရေးအစီအစဉ်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ဖန်းမုမှာ အခြားသူများနှင့် ပူးပေါင်းကာ ဝမ်ပေါင်လဲ့အား ချုံခိုတိုက်ခိုက်ဖူးခဲ့သေးသည်။

ထို့နောက် ဖန်းမုမှ ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရသဖြင့် သူတို့နှစ်ယောက်မှာ ထပ်၍ မဆုံတွေ့ခဲ့ကြတော့ပေ။ သူတို့မှာ ရှေးဟောင် အစိမ်းရောင်ကြေးဓားကြီးပေါ်သို့ ရောက်ရှိလာသည့်အချိန်မှသာ ပြန်လည်ဆုံတွေ့ခဲ့ကြသည် ဖြစ်သည်။ သို့သော် ဖန်းမုမှာ လီယီနှင့် ယခင်တုန်းကထက်ပို၍ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ရှိနေသည်ကို ဝမ်ပေါင်လဲ့က သတိထားမိခဲ့၏။

သို့သော် သူတို့အားလုံးမှာ ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူများ ဖြစ်နေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ယခုကဲ့သို့ တိုင်းတစ်ပါးသို့ ရောက်နေချိန်တွင် အချင်းချင်း ကူညီရိုင်းပင်းရမည်ဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ ဓားကိုယ်ထည်ပိုင်းထဲတွင်သာ မဟုတ်ဘဲ ဓားရိုးပိုင်းထဲတွင် ရှိနေသည်ဆိုပါက သူ့အား သွားရောက်ကယ်တင်ရန် တွေဝေတုံ့ဆိုင်းနေမည် မဟုတ်ပေ။ သို့သော် ယခုတွင် သူသည် ဓားကိုယ်ထည်ပိုင်းထဲ၌ ရောက်နေသည်မဟုတ်ပါလော။ ထို့ကြောင့် ထိုအကူအညီတောင်းသံမှာ အနည်းငယ်ခန့် သံသယဝင်စရာ ကောင်းနေတော့သည်။

” ဖန်းမုရဲ့ ကျင့်ကြံခြင်းအဆင့်က အခြေတည်အဆင့်မှာပဲ ရှိသေးတာလေ။ သူက ဘယ်လိုလုပ်ပြီးတော့ ဓားကိုယ်ထည်ပိုင်းထဲကို ဝင်လာနိုင်ရတာလဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူသည် ထိုနေရာ၌ ရှိနေသည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်ရာ ဓားကိုယ်ထည်ပိုင်းမှာ မည်မျှအန္တရာယ်များကြောင်းကို သိရှိနားလည်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စဥ်းစားတွေးတောကြည့်လိုက်ပြီးနောက် သူ့အား ချက်ချင်းသွားမကယ်ဘဲ အုပ်စုဖွဲ့စကားဝိုင်းထဲ၌ မေးခွန်းတစ်ခု ပြန်မေးလိုက်၏။

” ဖန်းမု။ မင်း ဘာလို့ ဒီကို ရောက်နေရတာလဲ ”

ဖန်းမုမှာ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အုပ်စုဖွဲ့စကားဝိုင်းထဲ၌ စကားသံတစ်သံကို ကြားလိုက်ရသောအခါ ဆွံ့အမှင်တက်သွားရတော့သည်။ ထို့နောက် သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားကာ အပျော်လွန်သွားပြီး အုပ်စုဖွဲ့စကားဝိုင်းထဲသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ထပ်၍ ပေးပို့လိုက်တော့သည်။

” ပေါင်လဲ့လား။ ငါ့ကို ကယ်ပါဦး ပေါင်လဲ့ရေ။ ကမ်းနားကျွန်းသခင်က ငါနဲ့ တခြား တာအိုရောင်းရင်းငါးယောက်ကို ဒီနေရာအထိ အတင်းအဓမ္မ စေလွှတ်ခဲ့ပြီးတော့ အပျက်အစီးတွေကြားမှာ ရှာဖွေခိုင်းခဲ့တာ။ ငါတို့တွေ အဲ့လိုရှာနေတုန်း အချုပ်နှောင်ကြီးတစ်ခုနဲ့ ပက်ပက်တိုးခဲ့တာပဲ။ ကျွန်းသခင်က တော်တော်ကို ယုတ်မာတဲ့ လူကြီး။ တခြားလူတွေအကုန်လုံးလည်း သေသွားရော သူက အတွင်းစည်းဂိုဏ်းသားတစ်ယောက်ရဲ့ အသိအမှတ်ပြု တံဆိပ်ပြားကိုယူပြီး ထွက်ပြေးသွားတာ ”

ဝမ်ပေါင်လဲ့မှာ အုပ်စုဖွဲ့စကားဝိုင်းထဲမှ အသံလွှင့်အကြောင်းကြားစာအား စိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်သွားရ၏။ ဖန်းမု၏ စကားများမှာ အဓိပ္ပါယ်ရှိပါသော်လည်း သူ၏ နှလုံးသားထဲတွင်မူ သံသယစိတ်များ ပေါ်ပေါက်လာရတော့သည်။

” တစ်ခုခုတော့ ထူးဆန်းနေပြီ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများမှေးသွား၏။ သူသည် သူ၏ သံသယစိတ်များကို အုပ်စုဖွဲ့စကားဝိုင်းထဲ၌ ထုတ်ပြောခြင်းမရှိဘဲ ဖန်းမုအား သူရောက်နေသည့် နေရာအကြောင်း မေးမြန်းလိုက်၏။

ခဏအကြာတွင် သူသည် ဖန်းမု ရှိနေသည့်နေရာကို သိရှိသွားတော့သည်။ သူသည် ထိုနေရာအား ကြည့်ရှုစစ်ဆေးကြည့်လိုက်သောအခါ ဖန်းမုမှာ သူနှင့် ဆယ်မိုင်ပင်မဝေးသော နေရာတစ်ခုတွင် ရှိနေသည်ကို သိလိုက်ရ၏။ သူတို့နှစ်ယောက်မှာ အလွန်အင်မတန်မှ နီးကပ်နေသောကြောင့် ဝမ်ပေါင်လဲ့၏ သံသယစိတ်များမှာ ပို၍ပင် ကြီးထွားလာရတော့သည်။ အကယ်၍ သူတို့နှစ်ယောက်မှာ အဝေးကြီးတွင် ရှိနေကြမည်ဆိုပါက ကိစ္စမရှိပါသော်လည်း ဖန်းမုမှာ သူနှင့် အလွန်အင်မတန်မှ နီးကပ်နေပြီး နယ်စပ်ဒေသ အနီးတွင် ရှိနေသည်မဟုတ်ပါလော။

” တိုက်ဆိုင်တာများ ဖြစ်နေမလား.. ငါ့ကို သူ့ဆီ မရောက်ရောက်အောင် အတင်း တွန်းပို့ပေးနေတဲ့ပုံပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၏။ ထို့နောက် သူသည် ဖန်းမု ရှိနေသည့်နေရာသို့ မဟုတ်ဘဲ အကာအရံကြီးဆီသို့ ဦးတည်ပျံသန်းသွားလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။

ဖန်းမု၏ ဓားကိုယ်ထည်ပိုင်းထဲ၌ ပေါ်ပေါက်လာမှုမှာ သံသယဖြစ်ဖွယ် ကောင်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ ရှင်းပြချက်မှာ မည်မျှပင် ကောင်းမွန်နေစေကာမူ ဝမ်ပေါင်လဲ့မှာ သူနှင့် အကျွမ်းတဝင်မရှိသော နယ်မြေထဲတွင် သတိကြီးကြီးထားရန် လိုအပ်ကြောင်း နားလည်ထား၏။ သူသည် သူတော်ကောင်းတစ်ယောက် မဟုတ်သဖြင့် အခြားသူတစ်‌ယောက်အား ကယ်တင်ရန် အသက်စွန့်နိုင်မည် မဟုတ်ပေ။

သူ၏ လုပ်ရပ်မှာ သွေးအေးအေးနှင့် ရက်စက်ရာကျပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုအကူအညီတောင်းသံအား လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုအချိန်တွင် အုပ်စုဖွဲ့စကားဝိုင်းထဲမှ အော်ဟစ်သံများမှာ ပို၍ပင် စူးရှကျယ်လောင်လာတော့သည်။ သို့သော် ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရ၏။

သူသည် လမ်းပျောက်နေပြီဖြစ်ကြောင်း သတိထားမိလိုက်ခြင်းဖြစ်သည်။

သူသည် မကြာသေးမီတုန်းက သူ၏ရှေ့တွင် အကာအရံကြီးကို မြင်ခဲ့ရပါသော်လည်း ယခုတွင်မူ ၎င်းမှာ မှုန်ဝါးဝါးဖြစ်ကာ ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သတိကြီးကြီး ထားလိုက်ပြီး ထိုနေရာ၏ ဘေးမှ ကွေ့ဝိုက်သွားလိုက်၏။ သူသည် တစ်ခဏမျှထပ်၍ ပျံသန်းနေလိုက်ပြီးနောက် ရပ်တန့်သွားရပြန်သည်။ သူ၏ရှေ့တွင် မြူခိုးများမှာ ဆိုင်းမဆင့် ဗုံမဆင့် တိတ်တဆိတ် ပေါ်ပေါက်လာသဖြင့် သူသည် မျက်မှောင်ကြုတ်သွားရ၏။ ထို့နောက် သူသည် ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက် ကျောက်စိမ်းပေလွှာအား ထုတ်ယူ‌၍ ဖန်းမုပေးထားသည့် တည်နေရာအား စိုက်ကြည့်နေလိုက်တော့သည်။

” စိတ်ဝင်စားစရာပဲ ” သူသည် ထို တည်နေရာအား မြင်လိုက်ရသည်နှင့် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။

သူသည် ထိုနေရာ၏ အဝေးသို့ ထွက်သွားရန် ကြံရွယ်ထားခဲ့သည့်တိုင်အောင် ထိုနေရာဆီသို့ အမှုမဲ့အမှတ်မဲ့ ချဉ်းကပ်လာနေသကဲ့သို့ ဖြစ်နေ၏။ ယခုတွင် သူသည် ဖန်းမုရှိနေသည့်နေရာနှင့် တစ်မိုင်ပင် မဝေးတော့ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာပျက်သွားရပြီး ဖန်းမုရှိနေသည့် အရက်မျက်နှာဘက်သို့ လှည့်ကာ ငေးကြည့်နေမိတော့သည်။ ထို့နောက် သူသည် နှာမှုတ်လိုက်ပြီး ထိုနေရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားလိုက်၏။ ခဏအကြာတွင် သူသည် ချန်းမု ရှိနေသည်ဆိုသည့် နေရာသို့ ရောက်ရှိလာတော့သည်။

သူသည် ကုန်းမြင့်တစ်ခုပေါ်၌ ရောက်ရှိနေခြင်းဖြစ်၏။ မီးပင်လယ်ကြီးပင်လျှင် ထိုနေရာတစ်ဝိုက်အား ဖုံးလွှမ်းနိုင်စွမ်းမရှိပေ။ ‌ထို့အပြင် ထိုနေရာတစ်ဝိုက်ရှိ ကုန်းမြေများ ပုံသဏ္ဍာန်ပြောင်းလဲသွားခဲ့သည့် လက္ခဏာများကို မြင်နိုင်ပေသည်။ သို့ဖြစ်ရာ ၎င်းမှာ မကြာသေးမီကမှ ယခုကဲ့သို့ ကုန်းမြင့်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ၎င်းမှာ ဓားကိုယ်ထည်ပိုင်းထဲ၌ ထူးဆန်းအံ့ဖွယ်ရာ ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ယခုအနေအထားသို့ ရောက်လာရခြင်း ဖြစ်ပေသည်။

‌ဓားကိုယ်ထည်ပိုင်းထဲတွင် ထိုကဲ့သို့သော နေရာများကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်၏။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော နေရာများကို မြင်ဖူးထားပြီးသားဖြစ်ရာ စိုးရိမ်တုန်လှုပ်နေခြင်းမရှိပေ။ သို့သော် သူ့အား အံ့အားသင့်သွားစေခဲ့သည့် အရာမှာ ထိုကုန်းမြင့်ကြီး၏ ထိပ်၌ မြေကြီးထဲသို့ မြုပ်နေသည့် ပေတစ်ထောင်ကျော် ရှည်လျားသော ရွှေရောင်နွားချေးပိုးကြီးတစ်ကောင်ပင် ဖြစ်သည်။

ထိုနွားချေးပိုးကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်မျှသာ မြေကြီးအောက်၌ မြုပ်နေ၏။ မြေကြီးအထက်တွင် ရှိနေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများမှာမူ ဆွေးမြည့်ပျက်စီးနေပြီဖြစ်သည်။ ထို နွားချေးပိုးကြီး၏ အခွံပေါ်တွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး လေးကိုက် ငါးကိုက်နီးပါး ကျယ်ဝန်းသော ချိုင့်ကြီးတစ်ခုလည်း ရှိနေသေးသည်။ ထိုချိုင့်ကြီးကိုဖြတ်၍ နွားချေးပိုးကြီး၏ အတွင်းပိုင်းများကို လှမ်းမြင်နိုင်ပေသည်။ ထိုအတွင်းပိုင်းထဲတွင် သက်ရှိသတ္တဝါတစ်ကောင်၏ အသွေးအသားများ ရှိမနေဘဲ အခန်းတစ်ခန်းသာ ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ ပင်လယ်ဇူဇကာတစ်ကောင်ကို မြင်ဖူးပေသည်။ သူ၏ အမှောင်အဆောင်ပစ္စည်းထဲတွင် ထိုသတ္တဝါတစ်ကောင်ကို သိမ်းဆည်းထားသည်မဟုတ်ပါလော။ ထို့အပြင် သူသည် ဤ စကြဝဠာထဲရှိ လူမှုအဖွဲ့အစည်းပေါင်း မြောက်မြားစွာမှာ ပျံသန်းရေးအတွက် အသုံးပြုနိုင်သည့် ထူးဆန်းအံ့သြဖွယ် ဓမ္မအဆောင် အမျိုးမျိုးအား ဖန်တီးထားကြသည်ကိုလည်း သိရှိထားပေသည်။ ထို ဓမ္မအဆောင်များမှာ ပြည်ထောင်စုကြီးထဲတွင် အသုံးပြုသည့် သင်္ဘောပျံများနှင့် မတူကြပေ။ အချို့မှာ ပင်လယ်ဇူဇကာများ ဖြစ်ကြပြီး အချို့မှာ ဤ နွားချေးပိုးကြီးကဲ့သို့ ထူးဆန်းအံ့ဖွယ်သတ္တဝါများ ဖြစ်ကြပေသည်။ သူသည် ၎င်းအား ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်း ဖြစ်ပါသော်လည်း ၎င်းမှာ သက်ရှိ အာကာသသင်္ဘောပျံတစ်စင်းဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်၏။

ထို နွားချေးပိုးကြီးမှာ သေဆုံးသွားပြီဖြစ်ပြီး ၎င်း၏ အတွင်းပိုင်းများမှာ ပျက်စီးနေပြီဖြစ်ပါသော်လည်း ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခုကို ဆက်လက်ထုတ်လွှတ်နေဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ယွမ်ယင်အဆင့် ကျင့်ကြံခြင်းစွမ်အား အငွေ့အသက်တစ်ခုကို အာရုံခံမိနေ၏။ ထို့နောက် သူသည် မျက်လုံးများမှေးသွားရသည်။ သူသည် ထိုနွားချေးပိုးကြီး၏ ဘေးတွင် လဲလျောင်းနေသည့် ရုပ်အလောင်းတစ်ခုကို မြင်လိုက်ရခြင်းဖြစ်သည်။

ထို ရုပ်အလောင်းကြီးမှာ ကျယ်ပြန့်တာအိုနန်းတော် ဝတ်ရုံများကို ဆင်မြန်းထား၏။ ၎င်းမှာ ပြည်ထောင်စုပျိုးပင်တစ်ယောက်ဖြစ်သော ဖန်းမုဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် အပုပ်နံ့များကြောင့် သူယခုလို သေဆုံးနေခဲ့သည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်ကြောင်း သိနိုင်ပေသည်။

သူ၏ မျက်နှာပေါ်တွင် အသက်မသေခင်တုန်းက ခံစားရခဲ့သည့် နာကျင်မှု အရိပ်အယောင်များ ထင်ဟပ်နေဆဲပင်။ သူသည် ဖန်းမု၏ ရုပ်အလောင်းကြီးအား စိုက်ကြည့်နေပြီဖြစ်ပြီး သူရှိနေသည့်နေရာသို့ ရောက်နေပြီဖြစ်သည့်တိုင်အောင် ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက်ထဲရှိ အုပ်စုဖွဲ့စကားဝိုင်းထဲတွင် ချန်းမု၏ အကူအညီတောင်းသံကြီးမှာ ထွက်ပေါ်နေဆဲဖြစ်သောကြောင့် ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်မိသွား၏။ ဖန်းမု၏ နာကျည်းမှုများဖြင့် ပြည့်နှက်နေသော မျက်နှာအမူအရာကိုကြည့်လျှင် တစ်စုံတစ်ယောက်မှာ သူ မသေခင် သူ၏ ဝိညာဉ်အား ရှာဖွေခဲ့ပြီး သူ့အား ညှင်းပန်းနှိပ်စက်ကာ မေးခွန်းများ မေးခဲ့ခြင်း ဖြစ်ရပေမည်။

” ဒီထောင်ချောက်က ငါ့တစ်ယောက်တည်းအတွက်လား။ ဒါမှမဟုတ် တခြားလူတွေအတွက်ရောလား ” ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ဆက်တိုးသွားခြင်းမရှိဘဲ သူ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြီးအား စိုက်ကြည့်ကာ နောက်သို့ဆုတ်ခွာသွားပြီး ထိုနေရာမှထွက်ခွာသွားရန် ပြင်လိုက်တော့သည်။

သို့သော် သူ နောက်သို့ ခြေတစ်လှမ်းလှမ်းလိုက်စဉ်မှာပင် ချစ်ချစ်တောက် ပူနေသော နယ်မြေကြီးထဲ၌ အေးစက်စက် လေပြည်လေညင်းတစ်ခုမှာ သူ၏ ပါးနှစ်ဖက်အား ဖြတ်၍ တိုက်ခတ်သွား၏။ ထို့နောက် သူ၏ ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးမှာ သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

မိုးကောင်းကင်ကြီးမှာ မှောင်မိုက်သွားပြီး မြေပြင်ကြီးမှာလည်း မှုန်ဝါးဝါးဖြစ်သွား၏။ ထို့နောက် အရပ်မျက်နှာအနှံ့မှ ငိုကြွေးသံများနှင့် ရယ်မောသံများ မျောလွင့်လာကြတော့သည်။ ထိုအသံများမှာ ရှင်းလင်းပြတ်သားခြင်းမရှိဘဲ ကျော်ချမ်းဖွယ်ရာ လေအေးများနှင့်အတူ ရောက်ရှိလာကြ၏။

” အမေ။ အမေ။ သား ဗိုက်ဆာနေပြီ… ”

” အမေ။ အမေ့လက်ချောင်းက စားလို့လည်း မကောင်းဘူး။ သား အရမ်းဗိုက်ဆာနေပြီဗျ။ တစ်ခုခုစားချင်တယ် ”

” သားကို မရိုက်ပါနဲ့။ သားကို မသတ်ပါနဲ့။ သားကို အရေခွံမစုတ်ပါနဲ့ အမေရေ။ အမေ။ သား နာလှပြီ ”

ထို ကလေးငယ်များ၏ စကားသံများမှာ ဦးရေခွံများပင် ထုန်ကျဉ်သွားစေနိုင်လောက်အောင် ကျောချမ်းဖွယ်ရာ ကောင်းလှပေသည်။ လေထဲ၌ ပျံ့လွင့်လာသည့် ထိုစကားသံများကြောင့် ဝမ်ပေါင်လဲ့မှာ အထိတ်တလန့်ဖြစ်သွားရ၏။ သူသည် သူ၏ ပတ်ပတ်လည်တွင် ကလေးငယ်များရှိနေသည်ကို အာရုံခံမိလိုက်သည်။ ၎င်းတို့မှာ လက်ချင်းချိတ်ထားကြပြီး သူ၏ ပတ်ပတ်လည်၌ ပြေးလွှားနေကြ၏။

သူတို့ထဲမှတစ်ယောက်မှာ ပြေးလွှားနေရင်း ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့၏ ဘေးသို့ ရောက်လာ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ပြုံးပြလိုက်သည်။ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ကြည့်လိုက်သောအခါ သူနှင့် ဆယ်ပေခန့်အကွာတွင် ဟင်းလင်းပြင်တစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။ ထိုဟင်းလင်းပြင်၏ ဘေးတွင် အဖြူရောင်ဝတ်ရုံများ ဆင်မြန်းထားသော ဆံရှည်အမျိုးသမီးတစ်ယောက်မှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ သူမ၏ ဆံပင်မှာ မျက်နှာတစ်ခုလုံးကိုပင် ဖုံးနိုင်လောက်အောင် ရှည်နေပြီ ဖြစ်သည်။ ထို အဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ ဘေးတွင် ကောင်ကလေးခုနစ်ယောက် ရပ်နေကြ၏။ သူတို့အားလုံးမှာ ကျောချမ်းဖွယ်ရာ အပြုံးများဖြင့် ဝမ်ပေါင်လဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ ထိုအချိန်တွင် ထိုအဖြူရောင်ဝတ်ရုံနှင့် အမျိုးသမီးမှာ ခေါင်းမော့လာသဖြင့် မျက်လုံးနှင့် နှာခေါင်းမပါသော မျက်နှာကြီးတစ်ခုကို မြင်လိုက်ရ၏။ သူမ၏ ထိတ်လန့်စက်ဆုပ်ဖွယ်ရာ မျက်နှာကြီးပေါ်တွင် ဟောင်းလောင်းပွင့်နေသော အနက်ရောင်ပါးစပ်ပေါက်ကြီးတစ်ပေါက်သာ ရှိနေသည်။ သူမသည် ထို ကောင်ကလေးခုနှစ်ယောက်အား ဦးဆောင်၍ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာတော့သည်။

Comment

  1. Melrin says:

    lol နေထဲသရဲခြောက်ခံနေရတယ်ဆိုပဲ

Leave a Reply

Options

not work with dark mode
Reset