Switch Mode

စာစဥ် (၃) အပိုင်း (၃၇)

နှစ်ယောက်ဆက်တိုက်အဆင့်တက်ခြင်း

ဝုန်း…

အခန်းတစ်ခုအတွင်းမှာ ချီယွဲ့ရဲ့မျက်လုံးတွေက နီရဲနေကာ သူ့လက်ထဲမှာရှိတဲ့ အရာအားလုံးကို ပေါက်ခွဲဖျက်စီးနေသည်။ ၎င်းက အချိန်တော်တော်ကြာမှသာ ရပ်တန့်သွားသည်။ ချီယွဲ့က အသက်ကိုပြင်းစွာရှူရှိုက်နေသလို သူ့ရဲ့မျက်နှာကလည်း လွန်စွာကြောက်မက်ဖွယ်ကောင်းနေသည်။

ချီယွဲ့က စားပွဲခုံပေါ်မှာ အပေါက်တစ်ခုဖြစ်သွားအောင် ပြင်းပြင်းထန်ထန်ထိုးချလိုက်သကဲ့သို့ အံတင်းတင်းကြိတ်ကာ ဒေါသတကြီး ကြိမ်းဝါးလိုက်သည်… “ဇူယွမ်…”

လျှိုစီက ဘေးမှာရပ်နေလျက်ရှိပြီး သူ့ဒေါသတွေ ပြေပျောက်သွားတဲ့အထိ စောင့်နေခဲ့ပြီးမှ အနားတိုးကပ်သွားကာ နှစ်သိမ့်လိုက်သည်… “ချီယွဲ့ ဒါက ဒေါသထွက်ဖို့မလိုအပ်ဘူး… ဇူယွမ်က ဒီတစ်ကြိမ် ကံနည်းနည်းကောင်းသွားတာ… တကယ်လို့ ဒါကသာ အစစ်အမှန်တိုက်ခိုက်မှုတစ်ခုဆိုရင် သူကနင့်ရဲ့ပြိုင်ဘက် ဖြစ်လာလိမ့်မှာမဟုတ်ဘူး… သူက သူ့ရဲ့နုံချာတဲ့ စိတ်ဝိညာဉ်အပေါ်မှာပဲ မှီခိုအားထားခဲ့ရတယ်…”

ချီယွဲ့က အံကိုတင်းတင်းကြိတ်လိုက်မိသည်။ ဇူယွမ်အနေနဲ့ အစစ်အမှန်တိုက်ခိုက်ကြမယ်ဆိုရင် ဘာမှလုပ်နိုင်လိမ့်မှာမဟုတ်ဘူးဆိုတာကို သူသိပေမဲ့လည်း အခုအချိန်မှာ သူက လောင်းကြေးအားလုံးရှုံးနိမ့်ခဲ့ရသည်။ ဒါ့အပြင်ကို သူက တော်ဝင်ဇူကျောင်းတော်ရဲ့ ကျောင်းသားအားလုံးအရှေ့မှာ အရုပ်ဆိုးတဲ့အပြုအမူတစ်ခု ပြုလုပ်ခဲ့မိသည်။

ဒီကိစ္စဖြစ်ပြီးသွားတဲ့နောက် ကျောင်းတော်ထဲမှာ သူ့ရဲ့ကျော်ကြားမှုနဲ့ဂုဏ်သတင်းက ဘယ်လောက်တောင် ဖျက်စီးခံရလိမ့်မယ်ဆိုတာကို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

အထူးသဖြင့် ဒုတိယအတန်းရရှိခဲ့တဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန် ၄ နာရီထဲက ၃ နာရီကို သူဆုံးရှုံးခဲ့ရသည်။ ဒုတိယအတန်းက ကျောင်းသားတွေအနေနဲ့ သူ့ကိုပေါ်ပေါ်ထင်ထင် ဘာတစ်ခုမှပြောကြလိမ့်မည်မဟုတ်ပေမဲ့ သူတို့ရဲ့နှလုံးသားထဲမှာတော့ သူ့ကိုသေချာပေါက် အပြစ်တင်ကြပေလိမ့်မည်။

အဲ့ဒီအကြည့်တွေကို သူပြန်စဉ်းစားမိလိုက်သည့်အခါ မာနကြီးတဲ့ချီယွဲ့က သွေးအန်ထွက်လုနီးပါး ဆိုးဆိုးရွားရွားခံစားလိုက်ရသည်။

“အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက အရမ်းကိုနီးကပ်နေပြီ… အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ နင်က သူ့ကို ပြတ်ပြတ်သားသားအနိုင်ယူပြီး နင်တို့နှစ်ယောက်ကြား ကွာခြားမှုဘယ်လောက်ကြီးတယ်ဆိုတာ သူ့ကိုသိစေရလိမ့်မယ်… ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် နင်ဆုံးရှုံးသွားတဲ့ အရာမှန်သမျှပြန်ယူနိုင်လိမ့်မယ်…” လျှိုစီက ပြောသည်။

ချီယွဲ့က အသက်ပြင်းစွာရှူလိုက်ပြီး သူ့ရင်ထဲက ဒေါသတွေကို ချိုးနှိမ်ခဲ့လိုက်ကာ ခေါင်းကိုဖြည်းညှင်းစွာညိတ်လျက်မှပြောသည်… “မစိုးရိမ်ပါနဲ့… အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ သူက ငါ့ကိုအရာအားလုံးပြန်ပေးဆပ်ရအောင် ငါသေချာပေါက်လုပ်မယ်…”

“ဒါပေမဲ့ ဒီကောင်က တစ်ချို့အရာတွေကို ထူးထူးခြားခြားလုပ်လာနိုင်တဲ့အတွက် ငါ့အနေနဲ့ လုံးဝစိတ်ချထားလို့မရဘူး… သူ့အနေနဲ့ တစ်ခုခုပြန်လုပ်နိုင်တဲ့ အခွင့်အရေးအနည်းငယ်လေးကိုတောင်မှမပေးရဖို့ ငါ့ရဲ့လေ့ကျင့်မှုတွေကို နှစ်ဆတိုးပြီးလေ့ကျင့်ဖို့လိုအပ်တယ်…”

ချီယွဲ့စကားကို ကြားရသည့်အခါ လျှိုစီက ကျေနပ်စွာခေါင်းညိတ်မိသည်။ အဆုံးမှာ သူက ဘာမှမစဉ်းစားမဆုံးဖြတ်နိုင်လောက်အောင် ဒေါသတွေဖုံးလွှမ်းသွားစေမည့်အစား ဇူယွမ်ကို ပြိုင်ဘက်တစ်ယောက်အဖြစ် စတင်မှတ်ယူလာခဲ့သည်။ ချီယွဲ့ရဲ့ပါရမီနဲ့ပတ်သက်လို့ သူမက ယုံကြည်မှုရှိသည်။ ယခင်ကအတိုင်းပင် ဇူယွမ်က ချီယွဲ့နဲ့ယှဉ်ပြိုင်ဖို့ရန်မှာ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ အတောက်ပဆုံးလူက ချီယွဲ့သာလျှင်ဖြစ်ပေလိမ့်မည်။

ဒါ့အပြင် အရင်တုန်းက သူမအနေနဲ့ ဇူယွမ်ကို ဖားပြုတ်တစ်ကောင်လို့ခေါ်ခဲ့တာ မှားယွင်းမှုတစ်ခုမဟုတ်ခဲ့ပေ။

ချီယွဲ့ရဲ့လက်သီးတွေက အနည်းငယ်ပြေလျော့သွားခဲ့ရသလို သူ့ရဲ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ပြီး အမုန်းတရားတွေ ဖြတ်ခနဲထွက်ပေါ်လာရသည်။

“ဇူယွမ်… မင်းအနေနဲ့ ဒါကိုကောင်းကောင်းအမှတ်ရနေစေရမယ်…”

နောက်ထပ်ဆယ်ရက်ဆိုတဲ့အချိန်က ပါရမီရှင်အတန်းကျောင်းသားတွေအတွက် လွန်စွာမှပင် ကောင်းမွန်လှသည်။ ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ဖို့သူတို့ရရှိတဲ့အချိန်က ၆ နာရီကနေ ၈ နာရီထိ တိုးလာခဲ့သည်။ ဒါ့ကြောင့်ပဲ ကျောင်းသားများစွာရဲ့ ဝင်ပေါက်ဖွင့်တဲ့နှုန်းထားက မြင့်တက်လာခဲ့ရသလို သူတို့ရဲ့ဝင်ပေါက်နောက်တစ်ခု အတားအဆီးကို ချိုးဖျက်နိုင်ဖို့ကလည်း နီးစပ်လာခဲ့သည်။

ဒုတိယအတန်းက စွမ်းအားမြင့်ကျောင်းသားတွေကလည်း ပါရမီရှင်အတန်းကျောင်းသားတွေကို ယခင်တုန်းကလို လှောင်ပြောင်မှုမရှိကြတော့ဘဲ သူတို့ကိုယ်တိုင်ရှောင်ရှားလာခဲ့ကြသည်။ ဒါက ပါရမီရှင်အတန်းမှကျောင်းသားတွေကို စိုးရိမ်သောကကင်းစေခဲ့သည်။ အခြားကျန်တဲ့အတန်းကျောင်းသားတွေက ဇူယွမ်ရဲ့အပြုအမူကြောင့် ပါရမီရှင်အတန်းကျောင်းသားတွေနဲ့ ပိုပြီးရင်းနှီးမှုရှိလာခဲ့ကြသည်။ ပါရမီရှင်အတန်းကျောင်းသားတွေရဲ့ စိတ်ဓာတ်က တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရသလို ယခင်ကထက်စာရင် ဇူယွမ့်ကို သူတို့ရဲ့နှလုံးသားထဲကနေ ပိုပိုပြီးလေးစားသဘောကျလာခဲ့ကြသည်။

ဝုန်း…

ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာတော့ ဇူယွမ်က မျက်လုံးတွေကို မှိတ်ထားလျက် အဆုံးမရှိတဲ့ရေတွေ သူ့အပေါ်ကို စီးကျနေစေလိုက်သည်။ တစ်ချိန်တည်းမှာ သူ့ရဲ့ခန္ဓာကိုယ်က သတ္တုဓာတ်စွမ်းအင်တွေကို အဆက်မပြတ်စုပ်ယူနေလျက်ရှိသည်။

ဇူယွမ်တိတ်ဆိတ်စွာ လေ့ကျင့်နေလျက်ရှိနေစဉ်မှာ ရေကန်စပ်ကနေ အော်ဟစ်သံတွေကို ရုတ်တရက်ကြားလိုက်ရသည်။

“ဝိုး… ယုဝေ… နင်က တကယ့်ကို အံ့အားသင့်စရာပဲ… နင်က နင့်ရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့တာ အရမ်းကိုမြန်တာပဲ…”

ဇူယွမ်က ဒါကိုကြားလိုက်ရတဲ့အခါ အနည်းငယ်အံ့အားသင့်သွားရသည်။ သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး ရေကန်စပ်မှာ ပါရမီရှင်အတန်းကျောင်းသားတွေ ဝန်းရံနေလျက်ရှိတဲ့ စုယုဝေရဲ့ပုံရိပ်ကို ကြည့်လိုက်မိသည်။

“အိုး… စုယုဝေက သူမရဲ့ ငါးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်သွားပြီလား… ဒါက အရမ်းကိုမြန်တာပဲ…” ဇူယွမ် စိတ်ထဲကနေသာကြိတ်၍ သက်ပြင်းချလိုက်မိသည်။ စုယုဝေရဲ့ပါရမီက အမှန်တကယ် လက်ဖျားခါရလောက်ပေသည်။ တန်ခိုးကျင့်ခြင်းရင်းမြစ်တွေမရှိရင်တောင်မှပဲ သူမရဲ့ထူးချွန်မှုက အမှန်တကယ်အံ့အားသင့်စရာကောင်းလှသည်။

“ကောင်းတယ် ယုဝေ… တကယ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်…” ရေကန်ရဲ့ဘေးမှာတော့ ချူထျန်းယန်က ပြုံးရွှင်နေကာ ပျော်ရွှင်တဲ့အမူအယာဖြင့် စုယုဝေကိုကြည့်၍ ပြောသည်။ စုယုဝေနဲ့ဆိုရင် သူတို့ပါရမီရှင်အတန်းမှာ ဝင်ပေါက်ငါးခုဖွင့်နိုင်တဲ့ကျောင်းသား သုံးယောက်ရှိလာခဲ့ပြီဖြစ်သည်။

စုယုဝေ အနည်းငယ်ပြုံးလိုက်မိသည်။ သူမရဲ့လှပတဲ့မျက်လုံးတွေက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို ကြည့်လိုက်မိသည့်အခါ သူမနဲ့ရင်းနှီးတဲ့ပုံရိပ်တစ်ခုက လက်မထောင်ပြတာကို မြင်လိုက်ရသည်။

သူမနှုတ်ခမ်းထက်မှ အပြုံးကပိုပြီးပီပြင်လာခဲ့ရသလို ဒါက သူမကို ပိုပြီးညှို့ငင်ဆွဲဆောင်နိုင်စွမ်းရှိစေခဲ့သည်။

“ယုဝေက သူမရဲ့ ငါးခုမြောက်ဝင်ပေါက်ကိုတောင် ဖွင့်နိုင်ခဲ့ပြီ… ငါက နောက်မှာအရမ်းကြီး ပြတ်ကျန်နေလို့မဖြစ်ဘူး… ကံကောင်းတာက ငါ့မှာအထောက်အပံ့အားလုံးနီးပါးရှိနေခဲ့တာပဲ…”

ဇူယွမ်သူ့ရဲ့ခန္ဓာကိုယ်ထဲကို ရှင်းရှင်းလင်းလင်းအာရုံခံမိသကဲ့သို့ သူ့ရဲ့နှလုံးသားကလည်း အလျင်အမြန်တည်ငြိမ်သွားခဲ့သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ် လေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာ လေးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးက ပိုပြီးလျော့ပါးလာခဲ့သည်။ သူ့အနေနဲ့ အတားအဆီးကို လုံးဝချိုးဖျက်နိုင်ဖို့က အရမ်းကိုနီးစပ်နေပြီဖြစ်သည်။

ဇူယွမ်ရဲ့မျက်လုံးတွေ နောက်တစ်ကြိမ်မှိတ်သွားခဲ့ရသလို သတ္တုဓာတ်စွမ်းအင်စုပ်ယူတဲ့နှုန်းကိုလည်း သူကတိုးမြှင့်လိုက်သည်။

ဒါက နှစ်နာရီအတိ ကြာမြင့်ခဲ့သည်။

နေမင်းကြီးက တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ကျောက်စိမ်းဝိညာဉ်ရေတံခွန်ပေါ်ကျရောက်နေတဲ့ အလင်းရောင်က လျော့နည်းလာခဲ့ရသလို အမှောင်ထုကလည်း တဖြည်းဖြည်းဖုံးလွှမ်းလာခဲ့သည်။

ရေတံခွန်အတွင်းထဲမှာ ဇူယွမ်ရဲ့ပုံရိပ်က ဒီအခိုက်အတန့်မှာ စတင်တုန်ခါလာခဲ့ပြီး အလွန်အမင်းနာကျင်မှုကို ခံစားနေရသည့်အလား အံကိုတင်းတင်းကြိတ်ထားမိလိုက်သည်။

သူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာတော့ သတ္တုဓာတ်စွမ်းအင်တွေက ဇူယွမ်ရဲ့လမ်းညွှန်မှုအောက်မှာ လေးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးကို အကြင်နာမဲ့စွာထိုးနှက်တိုက်ခိုက်နေလျက်ရှိသည်။

ဖောက်…

တိုးညှင်းတဲ့အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအချိန်အခိုက်အတန့်အတွင်းမှာ ဇူယွမ်ရဲ့မျက်လုံးတွေ ရုတ်ချည်းပွင့်လာခဲ့ပြီး ပတ်ဝန်းကျင်မှမူလချီတွေက သူ့ခန္ဓာကိုယ်ထဲကို တစ်ဟုန်ထိုးဝင်ရောက်လာခဲ့ကြသည်။

ဝုန်း…

မူလချီတွေတိုးဝင်လာမှုကြောင့် သူ့ရဲ့အသွေးအသားတွေ ဆူပွက်လာခဲ့ရသလို သူ့ရဲ့အရိုးအဆစ်တွေကလည်း အနည်းငယ်တုန်ခါလာခဲ့သည်။ မူလချီလှိုင်းတွေက သူ့ရဲ့ခန္ဓာကိုယ်ကို သန့်စင်ပေးခဲ့သကဲ့သို့ ဇူယွမ်ရဲ့ခန္ဓာကိုယ်စွမ်းရည်ကလည်း နောက်တစ်ကြိမ်တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

တစ်ဟုန်ထိုးတက်လာတဲ့ အပူလှိုင်းတွေက သူ့ရဲ့ခြေလက်လေးဖက်စလုံးနဲ့ အရိုးအဆစ်တွေထဲထိကို စီးဝင်သွားခဲ့ရသည်။

သူ့ရဲ့လေးခုမြောက်စွမ်းအင်ဝင်ပေါက်အတားအဆီးက နောက်ဆုံးမှာ ကျိုးပျက်သွားခဲ့ရပြီဖြစ်သည်။

မူလချီအလင်းတွေက ဇူယွမ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ လှည့်ပတ်နေပြီး ၎င်းနဲ့ထိတွေ့မိသည့် ဒလဟောစီးကျနေတဲ့ရေတွေကိုတောင်မှ ရပ်တန့်စေခဲ့သည်။ သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာ သက်တောင့်သက်သာဖြစ်သွားသည့်အလား အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သလို သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေတိုးပွားလာတာကို ခံစားနိုင်ခဲ့သည်။

တစ်လလုံးလုံးအဆက်မပြတ် လေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာ သူ့ရဲ့လေးခုမြောက်စွမ်းအင်ဝင်ပေါက်ကို အခုအချိန်မှာဖွင့်နိုင်ခဲ့ပြီဖြစ်သည်။

“ငါ့ရဲ့ လေးခုမြောက်စွမ်းအင်ဝင်ပေါက်ဖွင့်နိုင်ခဲ့တဲ့အတွက် ခုအချိန်မှာ ချီယွဲ့နဲ့ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင်တောင် ငါ့အနေနဲ့ ကြောက်စရာမလိုလောက်တော့ဘူး… ဒါပေမဲ့ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရောက်ရင် ချီယွဲ့ကလည်း အနည်းဆုံး ဝင်ပေါက်ခုနှစ်ခုတော့ သေချာပေါက်ဖွင့်ထားနိုင်လိမ့်မယ်… ဒီလိုသာဆိုရင် ပထမနေရာကိုရနိုင်ဖို့က ဝင်ပေါက်လေးခုဖွင့်ထားနိုင်ရုံနဲ့မလုံလောက်သေးဘူး…” ဇူယွမ်ကိုယ့်ကိုကိုယ်ရေရွတ်လိုက်မိသည်။

လက်ရှိသူ့ရဲ့အခြေအနေက ချီယွဲ့ကို ရင်ဆိုင်နိုင်ပြီဆိုပေမဲ့လည်း အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ချီယွဲ့ကို သေချာပေါက် အနိုင်ယူနိုင်ဖို့ဆိုတာက မဖြစ်နိုင်သေးပေ။ ဒီလိုမျိုး သူကပိုပြီးသန်မာလာတဲ့အချိန်မှာ ချီယွဲ့အနေနဲ့လည်း မတိုးတက်ပဲနေလိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် ချီယွဲ့က သူ့ရဲ့ခုနှစ်ခုမြောက်စွမ်းအင်ဝင်ပေါက်ကို မကြာခင်ဖွင့်နိုင်လိမ့်မည်ဆိုတာက ဖြစ်နိုင်ချေအရမ်းများပေသည်။

သို့ပေမဲ့ ဇူယွမ်က သူ့ရဲ့လေးခုမြောက်ဝင်ပေါက်အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ပြီးတဲ့နောက်မှာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့အကျိုးသက်ရောက်မှုက ပိုပြီးနည်းပါးလာတာကို ခံစားမိခဲ့သည်။ ဒါက သူ့ခန္ဓာကိုယ်ဟာ သတ္တုဓာတ်စွမ်းအင်များစွာ စုပ်ယူခဲ့ပြီးနောက်မှာ ၎င်းကိုခုခံလာနိုင်ခဲ့ခြင်းကြောင့်ပင်။

ဒါ့အပြင် သူ့ရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်ဖွင့်နိုင်ဖို့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်က အရေးမပါနိုင်တော့သည့်ပုံပေါ်သည်။

ဇူယွမ်အနည်းငယ်ကသိကအောက်ဖြစ်သွားရသကဲ့သို့ သူ့ရဲ့ခေါင်းကို ခါယမ်းလိုက်ရင်းမှ ရေရွတ်မိလိုက်သည်။

“ဒီပုံစံအတိုင်းဆိုရင် ငါတခြားနည်းလမ်းရှာရတော့မယ်… ဒီလိုမှမဟုတ်ရင် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရောက်တဲ့အခါ ငါ့ရဲ့ငါးခုမြောက်စွမ်းအင်ဝင်ပေါက်မဖွင့်နိုင်မှာကို စိုးရိမ်ရတယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset