Switch Mode

စာစဥ် (၃) အပိုင်း (၃၆)

လျှို့ဝှက်အကြံအစည်

အနီရောင်ဆေးလုံးက ချီယွဲ့ရဲ့အစာအိမ်ထဲရောက်အောင် ဝါးမြိုခြင်းခံလိုက်ရသကဲ့သို့ ချက်ချင်းဆိုသလို အေးစက်တဲ့ခံစားမှုတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာ ပေါ်ပေါက်လာခဲ့ပြီး သူ့ရဲ့ဦးခေါင်းဆီကို ရောက်ရှိလာခဲ့သည်။

ဒီဆေးလုံးကို စိတ်ဝိညာဉ်တိုးပွားခြင်းဆေးလုံးလို့သိကြပြီး ၎င်းက လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို ယာယီအားဖြင့် တစ်ခဏတာ မြင့်တက်စေနိုင်သည်။ သို့ပေမဲ့လည်း ၎င်းမှာဆိုးကျိုးလည်းရှိပေသည်။ ဒါကို အသုံးပြုပြီးတဲ့နောက်မှာ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အချိန်တစ်ခုကြာအောင် လျော့ကျသွားရပေလိမ့်မည်။

၎င်းက ချီယွဲ့အနေနဲ့ ဒီအချိန်မှာ ဒါတွေကို ဂရုစိုက်မနေအားဘူးဆိုတာ ထင်ရှားလှပေသည်။

သူ့ရဲ့စိတ်ဝိညာဉ်က တိုးပွားလာသကဲ့သို့ ချီယွဲ့ရဲ့မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်မှိန်မှိန်လေးတစ်ခု ထွက်ပေါ်လာခဲ့ကာ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက ချီယွဲ့၏ စိတ်ဝိညာဉ်ပင်ဖြစ်သည်။ ချီယွဲ့ရဲ့စိတ်ဝိညာဉ်က စိတ်ဝိညာဉ်တိုးပွားခြင်းဆေးလုံးရဲ့အကူအညီနဲ့ ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိသွားခဲ့သည်။

သူ့ရဲ့စိတ်ဝိညာဉ်က အခုအချိန်မှာ ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည့်အတွက် အစောပိုင်းက သူ့အနေနဲ့သတိမထားမိခဲ့တဲ့အရာတွေကို ချီယွဲ့တစ်ယောက်ချက်ချင်းရှာတွေ့ခဲ့လိုက်သည်။ သူက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာရှိတဲ့ သတ္တုဓာတ်စွမ်းအင်တွေ ဇူယွမ့်ဆီကို အဆက်မပြတ်စီးဝင်နေတာကို ခံစားမိခဲ့လိုက်သည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မင်းက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ အချိန်အကြာကြီးခုခံနေနိုင်တာ မင်းရဲ့စိတ်ဝိညာဉ်ကြောင့်လို့ ငါမထင်ခဲ့လိုက်မိဘူး…” ချီယွဲ့မျက်မှောင်ကျုံ့သွားခဲ့သည်။ သူ့အနေနဲ့ ဇူယွမ်က သူ့ထက်ပိုပြီး အချိန်ကြာမြင့်စွာခုခံနိုင်စွမ်းရှိခဲ့ရတာလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့လိုက်ပြီဖြစ်သည်။

“ဟမ့်… ငါဒီနေ့အတွက် ကြိုပြီးပြင်ဆင်လာခဲ့မိတာ ကံကောင်းတာပဲ… ဒီလိုသာမဟုတ်ခဲ့ဘူးဆိုရင် ငါက အမှန်တကယ်ကို ရေကန်ထဲမှောက်ကျသွားခဲ့ရလိမ့်မယ်…”

ချီယွဲ့ရဲ့အမူအယာက နက်မှောင်သွားခဲ့သည်။ မကြာမီမှာ မူလမှော်စာလုံးတစ်ခုက သူ့ရဲ့မျက်ခုံးနှစ်ခုကြားကနေ တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။ ဒီမှော်စာလုံးကိုတော့ စိတ်ဝိညာဉ်ထိုးဖောက်ခြင်းမှော်စာလုံးလို့သိကြပြီး ၎င်းက အဆင့် ၁ မူလမှော်စာလုံးဖြစ်ကာ ကျွမ်းကျင်သူတစ်ယောက်ကို ရှာဖွေပြီး သူ့အားကူညီ၍ရေးဆွဲပေးစေခဲ့ခြင်းဖြစ်သည်။ ၎င်းရဲ့လုပ်ဆောင်ပုံက စိတ်ဝိညာဉ်ကို အပ်တစ်ချောင်းပုံစံတစ်ခုအလား စုစည်းစေကာ ရန်သူကို တိုက်ခိုက်နိုင်ခြင်းပင်ဖြစ်သည်။

ယေဘူယျပြောရမယ်ဆိုရင် လူတစ်ယောက်ဟာ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ပြုလုပ်နိုင်ဖို့ရန်က အနည်းဆုံးစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မြင့်အဆင့်ကို ရောက်ရှိနေဖို့လိုအပ်ပေသည်။ ချီယွဲ့က စိတ်ဝိညာဉ်တိုးပွားခြင်းဆေးလုံးအကူအညီနဲ့တောင် စဦးဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရုံမျှသာရှိတဲ့အတွက်ကြောင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုနိုင်ဖို့က ပြင်ပစွမ်းအားတစ်ခုအပေါ် အားကိုးဖို့ရန် လိုအပ်ပေသည်။

ချီယွဲ့က ရေတံခွန်ထဲမှာ တိုက်ရိုက်တိုက်ခိုက်နိုင်ခြင်းမရှိချေ။ ဒါ့ကြောင့်ပင် သူက စိတ်ဝိညာဉ်တိုက်ခိုက်မှုလို နည်းလမ်းတစ်ခုကို လျှို့ဝှက်ပြီးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဝှစ်…

စိတ်ဝိညာဉ်ထိုးဖောက်ခြင်းမှော်စာလုံးကို အသက်သွင်းလိုက်ပြီးနောက်မှာ ချက်ချင်းပင် ချီယွဲ့ရဲ့မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းက ရှည်လျားသည့်အပ်တစ်ချောင်းအလား ပစ်လွင့်သွားခဲ့သည်။ ရှည်လျားတဲ့စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းက ရေတွေကိုဖြတ်သန်းလျက် ဇူယွမ့်ဆီကို ဦးတည်ကာသွားနေလျက်ရှိသည်။

စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်း သူ့ထံကို ပစ်လွင့်လာသည့်အခိုက်အတန့်မှာ ဇူယွမ်ကချက်ချင်းဆိုသလို အာရုံခံမိလိုက်ပြီး မျက်မှောင်ကြုပ်လိုက်မိသည်။

“စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုလား… ချီယွဲ့ရဲ့စိတ်ဝိညာဉ်က ဘယ်လိုလုပ် ဒီလောက်သန်မာနိုင်မှာလဲ…”

လက်ရှိအချိန်မှာ ဇူယွမ့်အနေဖြင့်တောင်မှ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ပြုလုပ်နိုင်ခြင်းမရှိသေးပေ။

သူအနေနဲ့ စိတ်ရှုပ်ထွေးသွားခဲ့ရသော်လည်း ဇူယွမ်က အချိန်ဆွဲမနေရဲခဲ့ပေ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်နိုင်စွမ်းမရှိပေမဲ့လည်း ၎င်းရဲ့အဖျက်စွမ်းအားက စိတ်ဝိညာဉ်အပေါ်တွင်တော့ ကြီးစွာသော ထိခိုက်ဒဏ်ရာရမှုကို ဖြစ်စေနိုင်ပေသည်။

လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်က တစ်ကြိမ်ထိခိုက်နာကျင်သွားခဲ့ရမယ်ဆိုရင် ၎င်းက ပြင်ပဒဏ်ရာတစ်ခုထက်ကို ပြန်ပြီးကုသနိုင်ဖို့ရန်မှာ လွန်စွာခက်ခဲပေလိမ့်မည်။

ဒါ့ကြောင့်ပဲ ဇူယွမ်က သတ္တုဓာတ်စွမ်းအင်တွေ စုပ်ယူနေတာကို ချက်ချင်းရပ်တန့်ခဲ့လိုက်သည်။ သူ့ရဲ့စိတ်ဝိညာဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ၎င်းကိုယ်တိုင် သူ့ရဲ့မျက်ခုံးနှစ်ခုကြားထဲကို ဝင်ရောက်သွားခဲ့ပြီး ခံစစ်အလွှာနှစ်ခုကို ဖန်တီးလိုက်ကာ ကာကွယ်ထားခဲ့သည်။

ရွှစ်…

ခပ်တိုးတိုးအသံတစ်ခုကို ကြားခဲ့လိုက်ရပြီး စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းတစ်ခုက ဇူယွမ်ရဲ့မျက်လုံးတွေဆီသို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။ အခုအချိန်မှာ ဇူယွမ်က ရေစီးကိုဖြတ်ပြီး သူ့ရဲ့ဦးခေါင်းထံကို ပစ်လွင့်လာသည့် စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းကို မြင်တွေ့နိုင်ခဲ့ရသည်။

ရွှစ်… ရွှစ်…

သူ့ရဲ့မျက်ခုံးနှစ်ခုကြားမှာ စူးရှတဲ့နာကျင်မှုတစ်ခုကို ခံစားခဲ့လိုက်ရသလို သူ့ရဲ့အမူအယာကလည်း လွန်စွာလေးနက်သွားခဲ့သည်။ စိတ်ဝိညာဉ်စွမ်အားအမျှင်တန်းက ထက်မြနေကာ သူဖန်တီးထားခဲ့သည့် စိတ်ဝိညာဉ်ခံစစ်အလွှာကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

“မင်းက သေဖို့ဆန္ဒရှိနေမှတော့ ငါကလည်း ဖြည့်ဆည်းပေးရလိမ့်မှာပေါ့…” ဇူယွမ်ရဲ့အကြည့်တွေက ဖြတ်ခနဲတောက်ပသွားခဲ့ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာလည်း အေးစက်တဲ့အပြုံးတစ်ခု ထွက်ပေါ်လာသည်။ လက်ရှိမှာ သူ့အနေဖြင့် ချီယွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းမပြုနိုင်ပေ။ ဒါပေမဲ့လည်း ၎င်းက စိတ်ဝိညာဉ်ဖြစ်နေမယ်ဆိုရင်တော့ ချီယွဲ့က အမှန်တကယ်ကို သေချင်လို့ပဲဖြစ်ရပေမည်။

ဇူယွမ်က သူ့ရဲ့စိတ်ဝိညာဉ်ကို အသုံးပြုပြီး ထိုးဖောက်ဝင်ရောက်နေတဲ့ စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းရဲ့ ထက်မြမှုကို အဆက်မပြတ်ဖိနှိပ်နေလျက်ရှိသည်။ ခဏအကြာမှာ သူက ရုတ်တရက် အတွေးတစ်ခုနဲ့အတူ သူ့ရဲ့ခံစစ်ကို ပျောက်ကွယ်သွားစေခဲ့လိုက်သည်။

“အောင်မြင်ခဲ့တာလား…”

ချီယွဲ့က ဒါကိုအာရုံခံစားမိလိုက်သည့်အခါ သူ့ရဲ့မျက်နှာထက်မှာ ရက်စက်ယုတ်မာတဲ့အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဘုန်း…

သို့ပေမဲ့လည်း သူ့ရဲ့မျက်နှာပေါ်မှာ ရက်စက်တဲ့အပြုံးထွက်ပေါ်လာစဉ် အခိုက်အတန့်မှာပဲ ကျယ်လောင်တဲ့အသံတစ်ခုက သူ့ရဲ့နားထဲကို လွင့်ပျံလာခဲ့သည်။ အဲ့ဒီနောက်မှာတော့ သူက သူ့ကိုယ်သူ ကြယ်တွေနဲ့ပြည့်နှက်နေသည့်အဆုံးမရှိတဲ့ကောင်းကင်ကြီးထဲမှာ တွေ့လိုက်ရသကဲ့သို့ သူ့ရဲ့မျက်လုံးတွေက လျင်မြန်စွာပဲ လှုပ်ရှားသွားခဲ့ရသည်။

ဝုန်း…

ဒီလိုရုတ်တရက်ဖြစ်ပေါ်လာတဲ့ အလှည့်အပြောင်းက ချီယွဲ့ရဲ့အမူအယာကို ကျယ်လောင်စွာမိုးကြိုးပစ်ချခံလိုက်ရသည့်အလား ပြင်းပြင်းထန်ထန်လှုပ်ရှားသွားစေသည်။ သူက သူ့ရဲ့ခေါင်းကိုမော့ကြည့်လိုက်ပြီး အဆုံးမရှိအောင်ကြီးမားလှတဲ့ကျောက်တုံးကြီးဖြည်ညှင်းစွာထွက်ပေါ်လာတာကို မြင်လိုက်ရတဲ့အခါ ထိန်းမထားနိုင်လောက်အောင် ကြောက်ရွံ့မှုတွေက လျင်မြန်စွာပဲ ဖုံးလွှမ်းသွားခဲ့သည်။ သူ့ထံကို ကြီးမားတဲ့သတ္တဝါကြီးတစ်ကောင် တိုးဝင်လာသည့်အလား ကောင်းကင်ကိုတောင်ဖုံးကွယ်နိုင်လောက်တဲ့ အရိပ်တစ်ခုက ဆင်းသက်လာခဲ့သည်။

အဆုံးမရှိတဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေက ချီယွဲ့ရဲ့နှလုံးသားထဲမှာ တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့ရသည်။

လွန်စွာကြီးမားလှသည့် ကျောက်တုံးကြီးကျဆင်းလာတာကို သူ့အနေနဲ့ ခုခံနိုင်စွမ်းအလျဉ်းမရှိခဲ့ဘဲ သူ့ရဲ့စိတ်ဝိညာဉ်က အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့သည့်အလား ခံစားလိုက်ရသည်။

ခရက်…

ခပ်တိုးတိုးကွဲကြေသွားသံတစ်ခုက ဇူယွမ်ရဲ့ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာခဲ့ပြီး ချီယွဲ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းက အစိတ်စိတ်အမြွာမြွာကွဲကြေသွားခဲ့ရသည်။ ဇူယွမ်ရဲ့မျက်ခုံးနှစ်ခုကြားမှာတော့ ကန်းယွမ်ချန်ထားခဲ့တဲ့ မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးအမှတ်အသားက ထင်ကျန်နေလျက်ရှိပေသည်။ ဒါ့ကြောင့်ပဲ ဇူယွမ့်အနေနဲ့ စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို ကြောက်ရွံ့ထိတ်လန့်မှုမရှိခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်လာတဲ့ ဘယ်လိုမျိုးစိတ်ဝိညာဉ်တိုက်ခိုက်မှုမျိုးကိုမဆို မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးက တစ်စစီဖြစ်အောင် ဖျက်စီးပစ်နိုင်စွမ်းရှိပေသည်။

အား…

ဇူယွမ်က စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းကို ဖျက်စီးလိုက်တဲ့အခါမှာ ရုတ်တရက် ဘေးနားမှ သနားစရာကောင်းလောက်တဲ့အော်ဟစ်သံတစ်ခု လွင့်ပျံထွက်ပေါ်လာခဲ့သည်။

ဒီအော်သံက ရေတံခွန်အပြင်ဘက်မှာရှိတဲ့ လူတိုင်းရဲ့စိတ်ဝင်စားမှုတွေကို ချက်ချင်းဆွဲငင်ယူဆောင်သွားခဲ့သည်။ အဲ့ဒီနောက်မှာတော့ သူတို့အားလုံးက ချီယွဲ့ရဲ့ခန္ဓာကိုယ်တုန်ခါလာပြီး အဆုံးမရှိစီးကျနေတဲ့ရေစီးကြောင်းရဲ့ထိုးနှက်မှုကြောင့်လွင့်စင်ကာ ရေကန်ထဲက အေးစက်နေတဲ့ရေတွေထဲ လဲကျသွားခဲ့တာကို တုန်လှုပ်ချောက်ချားစွာတွေ့လိုက်ရသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” ရှုဟောင်ရဲ့အမူအယာက ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ ရေကန်ထဲကို လဲကျသွားခဲ့ပြီး တုန်ခါနေတဲ့ ချီယွဲ့ကိုစိုက်ကြည့်နေလျက်မှ သူ့မျက်နှာက လွန်မင်းစွာပျက်ယွင်းသွားခဲ့ရသည်။

ဘေးနားမှာရပ်နေလျက်ရှိတဲ့ လျှိုစီရဲ့ပါးစပ်လေးက ပွင့်ဟသွားခဲ့ရပြီး သူမရဲ့ဆွဲဆောင်မှုရှိတဲ့မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်သွားခဲ့သည်။

ကျန်တဲ့ဒုတိယအတန်းက ကျောင်းသားတွေကလည်း တိတ်တဆိတ်တုန်ခါသွားခဲ့ရပြီး သူတို့ရဲ့မျက်နှာတွေက သိုးတစ်ကောင်အလား ဖြူဖွေးသွားခဲ့ရသည်။

တကယ်တော့ ဒါက သူတို့တွေပင်မဟုတ်ပေ။ ချူထျန်းယန်၊ စုယုဝေနဲ့ ပါရမီရှင်အတန်းမှကျောင်းသားတွေရဲ့ မျက်နှာတွေပေါ်မှာတောင် အံ့အားသင့်တုန်လှုပ်သွားမှုတွေနဲ့ ပြည့်နှက်သွားခဲ့သည်။ ထွက်ပေါ်လာတဲ့ရလဒ်က လူတိုင်းရဲ့ထင်မှတ်ထားမှုထက် များစွာကျော်လွန်သွားခဲ့တာ ထင်ရှားလှပေသည်။

လူတိုင်းက မကောင်းဆိုးဝါးတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ကျောက်စိမ်းဝိညာဉ်ရေတံခွန်ဝန်းကျင်တစ်ခုလုံး လုံးဝငြိမ်သက်တိတ်ဆိတ်သွားခဲ့ရသည်။

လူအုပ်ကြီးကို တိတ်ဆိတ်ငြိမ်သက်မှုက ဖုံးလွှမ်းသွားခဲ့စဉ်မှာပဲ လူရိပ်တစ်ခုက ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှ ပျံသန်းထွက်ပေါ်လာခဲ့ပြီး ရေကန်အစပ်မှာ ယုံကြည်ချက်ရှိစွာဖြင့် ဆင်းသက်လာခဲ့သည်။ ၎င်းက ဇူယွမ်မှလွဲပြီး ဘယ်သူများ ဖြစ်နိုင်လိမ့်မည်နည်း။

သူက လွန်မင်းစွာအမူအယာပျက်ယွင်းနေတဲ့ ရှုဟောင်၊ လျှိုစီနဲ့ ကျန်တဲ့သူတွေအားလုံးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်… “အနိုင်ရသူက ရှင်းရှင်းလင်းလင်းအဖြေပေါ်သွားခဲ့ပြီ… ဘယ်သူတွေက ဘာများပြောချင်သေးလဲ…”

ကျောင်းသားအချို့က ရေကန်ထဲမှ ချီယွဲ့ကို သယ်ထုတ်လာခဲ့ပြီး သူ့ရဲ့မျက်နှာက ဖြူဖျော့နေကာ သူ့ရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ပြည့်နှက်နေတာကို လူတိုင်းတွေ့လိုက်ရသည်။ သူ့ရဲ့ပုံစံက အလွန်အမင်းထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ယင်နေလျက်ရှိသည်။

ဒါက လူတိုင်းကို ခေါင်းခြောက်သွားစေခဲ့ရသည်။ သူတို့အနေနဲ့ ချီယွဲ့ဘယ်လိုဖြစ်သွားခဲ့ရတာလဲဆိုတာကို လုံးဝကိုနားလည်နိုင်စွမ်းမရှိခဲ့ပေ။

“ဒါက… စိတ်ဝိညာဉ် ဒဏ်ရာရသွားတာလား…” ချီယွဲ့ရဲ့ပုံစံကို မြင်လိုက်ရသည့်အခါ ရှုဟောင်ရဲ့အမူအယာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

လျှိုစီက ဒါကိုကြားလိုက်ရတဲ့အခါ သူမက ချက်ချင်းပင် ဇူယွမ်ကို လက်ညှိုးထိုးလိုက်ကာ ကျယ်လောင်စွာအော်ပြောလိုက်သည်… “ရွံစရာကောင်းတဲ့ကောင်… နင်က မသမာတဲ့နည်းလမ်းကို သုံးခဲ့တာပဲ…”

ကျောင်းသားအများစုက ဇူယွမ်ကို သံသယဖြင့် ကြည့်လိုက်မိကြသည်။

“မသမာတဲ့နည်းလမ်းကို သုံးခဲ့တာလား…” ဇူယွမ်က နှာခေါင်းရှုံ့လိုက်ပြီး ချီယွဲ့ရဲ့နဖူးပေါ်က မှိန်ဖျော့ဖျော့ကျန်နေသေးတဲ့ မှော်စာလုံးတစ်ခုကို ညွှန်ပြလိုက်သည်… “ငါမမှားဘူးဆိုရင် ဒါက အဆင့် ၁ မူလမှော်စာလုံးတစ်ခုဖြစ်တဲ့ စိတ်ဝိညာဉ်ထိုးဖောက်ခြင်းမှော်စာလုံး ဟုတ်တယ်မလား…”

“တကယ်လို့သာ သူက ငါ့ကို အစောပိုင်းတုန်းက စိတ်ဝိညာဉ်စွမ်းအားနဲ့မတိုက်ခိုက်ခဲ့ဘူးဆိုရင် သူလည်းဒီလိုအခြေအနေမျိုး ဖြစ်သွားမှာမဟုတ်ဘူး…”

ဒီစကားတွေကို ပြောလိုက်တဲ့အခိုက်အတန့်မှာ လူအုပ်ကြီးထံမှ ဆူဆူညံညံအသံတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူတို့ရဲ့အကြည့်တွေက ချီယွဲ့ရဲ့နဖူးပေါ်ကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ကြသည်။ သေချာပေါက်ပင် သူတို့အားလုံး မှိန်ဖျော့ဖျော့ကျန်ရှိနေသေးတဲ့ မှော်စာလုံးတစ်ခုကို တွေ့လိုက်ရပြီး မူလမှော်စာလုံးနဲ့ပတ်သက်ပြီး သိကျွမ်းသူတွေက ဒါကဘာမှော်စာလုံးလဲဆိုတာကို ချက်ချင်းသိလိုက်ကြသည်။

“ချီယွဲ့က မင်းသားဇူယွမ်ထက် သေချာပေါက်ပိုပြီးသန်မာတယ်လေ… ဒါတောင်မှ သူက ဒီလိုမျိုးစက်ဆုပ်စရာကောင်းတဲ့နည်းလမ်းကို သုံးလိမ့်မယ်လို့ ထင်မထားမိဘူး…” များစွာသောကျောင်းသားတွေက ချီယွဲ့ကိုကြည့်လိုက်ပြီး အထင်သေးစွာဖြင့် ရေရွတ်လိုက်ကြသည်။

လျှိုစီက အကြည့်တွေကို ခံစားမိလိုက်သည့်အခါ သူမရဲ့မျက်နှာက ပျက်ယွင်းသွားခဲ့သလို သူမရဲ့မျက်လုံးထဲမှာလည်း ဒေါသရောင်လွှမ်းသွားခဲ့ရသည်။ သို့ပေမဲ့လည်း အမှန်တရားက ထင်ရှားနေပြီဖြစ်သည့်အတွက် သူမအနေနဲ့ တစ်စုံတစ်ရာပြန်လည်ချေပနိုင်ခြင်းမရှိခဲ့ပေ။ တကယ်လို့ ချီယွဲ့က ဆိုးရွားတဲ့ဘယ်အရာကိုမှ မလုပ်ခဲ့ဘူးဆိုရင် ဒီစိတ်ဝိညာဉ်ထိုးဖောက်ခြင်းမှော်စာလုံးက ဘာလုပ်ဖို့အတွက်လဲ။

တကယ်လို့ သူမကသာ ရှင်းပြဖို့ကြိုးစားခဲ့မယ်ဆိုရင် သူမတောင်မှ လူအုပ်ကြီးရဲ့တံတွေးကြားထဲမှာ နစ်မြုပ်သွားရပေလိမ့်မည်။

သူတို့အားလုံးက လူအုပ်ကြီးရဲ့အသံတွေကို ကြားခဲ့ရသကဲ့သို့ များစွာသောဒုတိယအတန်းမှ ကျောင်းသားတွေက အမူအယာပျက်ယွင်းစွာဖြင့် တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်မိကြသည်။ အရင်က ချီယွဲ့ကို လေးစားအားကျစွာကြည့်ခဲ့ကြတဲ့ အကြည့်တွေအစား သူတို့ရဲ့အကြည့်တွေက အခုချိန်မှာ ဝေဖန်ပြစ်တင်မှုတွေအဖြစ်ပြောင်းလဲသွားခဲ့ကြသည်။

ဒါ့အပြင်ကို ချီယွဲ့က လောင်းကြေးလည်းရှုံးခဲ့ရပြီး သူတို့ဒုတိယအတန်းရဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်က လေ့ကျင့်ချိန် ၃ နာရီလည်း ဆုံးရှုံးသွားခဲ့ရပေသည်။ နောက်ထပ်ပြောရရင် သူတို့မှာ လေ့ကျင့်ချိန် ၁ နာရီသာကျန်ရှိပေတော့မည်ဖြစ်သည်။

ဒါက သူတို့ဒုတိယအတန်းအတွက် ပြင်းထန်တဲ့ရိုက်ချက်တစ်ခုလည်းဖြစ်သည်။

အချို့က ကူညီပေးနိုင်ခြင်းမရှိခဲ့ပေမဲ့လည်း ရေရွတ်လိုက်မိကြသည်… “ယုံကြည်ချက်အပြည့်အဝမရှိဘဲနဲ့ သူများတွေကို သွားစိန်ခေါ်တာပဲ… တကယ်ကောင်းတဲ့အလုပ်ပဲ… အခုကစပြီးတော့ နောက်ထပ်ဘာမှဆုံးရှုံးစရာမရှိတော့ဘူးပေါ့…”

လျှိုစီက ချက်ချင်းဆိုသလို ဒေါသတကြီးလှည့်ကြည့်လိုက်ပေမဲ့ ဘယ်သူပြောခဲ့လဲဆိုတာကို မတွေ့လိုက်ရတဲ့အတွက် ဒေါသထွက်စွာဖြင့် အံကိုသာတင်းတင်းကြိတ်လိုက်မိသည်။

“ဟီးဟီး… အတန်းပိုင်ဆရာရှု… ငါတို့ပါရမီရှင်အတန်းက ခင်ဗျားတို့ဒုတိယအတန်းကပေးတဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန် ၃ နာရီကို ယဉ်ကျေးစွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်…” ချူထျန်းယန်က အခုချိန်မှာ အားရပါးရရယ်မောလိုက်မိသည်။ ရှုဟောင်ရဲ့ ပျက်ယွင်းနေတဲ့မျက်နှာကိုကြည့်ရတာ သူ့အတွက်တော့ အလွန်တရာကောင်းမွန်လှတဲ့ ခံစားချက်ကိုရစေခဲ့သည်။

ပါရမီရှင်အတန်းကို ဒုက္ခရောက်စေဖို့ အမြဲတမ်းမျှော်လင့်ထားခဲ့မှုတွေအစား ဒုတိယအတန်းက ဒီလိုမျိုးကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပေါ်လာလိမ့်မယ်လို့ ရှုဟောင်က သူ့ရဲ့အိပ်မက်ထဲမှာတောင် ဘယ်တော့မှ ထည့်မက်ဖူးလိမ့်မည်မဟုတ်ပေ။

ရှုဟောင်ရဲ့ ရင်ထဲမှာဒေါသတွေတလိပ်လိပ်ထွက်နေခဲ့ရပေမဲ့ သူ့ရဲ့ဒေါသတွေကို ထုတ်ပြခဲ့ခြင်းမရှိပေ။ သူက ချူထျန်းယန်နဲ့ ဇူယွမ်တို့ကို ဟန်လုပ်ပြုံးပြလိုက်ရင်းမှ ပြောလိုက်သည်… “အစောကြီးလည်း အောင်ပွဲခံမနေနဲ့ဦး… အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက အရမ်းကိုနီးကပ်လာနေပြီ… ငါတို့ဒုတိယအတန်းကသာ နောက်တစ်ကြိမ် ပထမနေရာကို ရယူနိုင်ခဲ့မယ်ဆိုရင်တော့ အခုချိန်မှာ မင်းတို့ဘာတွေပဲရသွားခဲ့ပါစေ အဲ့ဒီအချိန်ကျရင်တော့ နှစ်ဆပြန်ပြီးပေးဆပ်ရလိမ့်မယ်…”

ဒီစကားကိုပြောပြီးနောက်မှာ သူက သူ့ရဲ့အင်္ကျီလက်တွေကို ခါယမ်းလိုက်ပြီး နောက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။

လျှိုစီနဲ့ ကျန်တဲ့ဒုတိယအတန်းကျောင်းသားတွေလည်း သူ့ရဲ့နောက်မှ တိတ်ဆိတ်စွာပဲ လိုက်ပါသွားခဲ့ကြသည်။ သူတို့ရဲ့ပုံရိပ်တွေက အရမ်းကိုသနားစရာကောင်းသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

သူတို့တွေထွက်ခွာသွားခဲ့ကြသလို ပါရမီရှင်အတန်းကျောင်းသားတွေထံမှ ကျယ်လောင်စွာအော်ဟစ်လိုက်သည့်အသံတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူတို့တွေအားလုံးရှေ့ကိုတစ်ဟုန်ထိုးထွက်သွားကြကာ ဇူယွမ်ကိုချီမလျက် လေထဲကိုပင့်မြှောက်လိုက်ကြသည်။

ဇူယွမ်က အလျင်အမြန်ပဲ သူတို့တွေရဲ့ပျော်ရွှင်နေမှုတွေကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ အခြားအတန်းတွေမှ ကျောင်းသားတွေကိုကြည့်ကာ ပြုံး၍ပြောလိုက်သည်… “ပါရမီရှင်အတန်း အနိုင်ရခဲ့တဲ့ ၃ နာရီထဲက တစ်နာရီကို ကျန်တဲ့အတန်းတွေကို ခွဲပေးရလိမ့်မယ်… ဒါကို လက်ခံပြီးတော့ ငါတို့အားလုံး ဒီနေ့အောင်ပွဲခံကြတာပေါ့…”

ဒီစကားကိုပြောလိုက်တဲ့အချိန်မှာ အခြားအတန်းသုံးတန်းကကျောင်းသားတွေအားလုံး အံ့အားသင့်သွားခဲ့ရသည်။ မကြာခင်မှာပဲ သူတို့ရဲ့မျက်နှာတွေပေါ်မှာ ရှက်ရွံ့မှုတွေ ထွက်ပေါ်လာခဲ့ကြသည်။ ပြောရမယ်ဆိုရင် သူတို့အတန်းသုံးတန်းဟာ လူတစ်ယောက်က တစ်စုံတစ်ယောက်ကို လှမ်းပစ်လိုက်တဲ့ ကျောက်ခဲလေးတွေနဲ့ ဆင်တူလှပေသည်။ ဇူယွမ်က ကျေနပ်ခွင့်လွှတ်ပေးလိမ့်မယ်လို့ သူတို့အားလုံးက ထင်မှတ်ထားခဲ့ခြင်းမရှိတဲ့အပြင် သူအနိုင်ရရှိတဲ့အထဲက တစ်နာရီကိုတောင်မှ သူတို့ကိုပေးလိမ့်မယ်လို့ မထင်ထားခဲ့ချေ။ သူတို့ရဲ့ ဒီလိုဆိုးရွားတဲ့လုပ်ရပ်အပေါ် အာဃာတမထားတဲ့အပြင် ဇူယွမ်ရဲ့သူတို့အပေါ်ပြုမူခဲ့တဲ့အပြုအမူက သူတို့အားလုံးကို ရှက်ရွံ့မှုတွေနဲ့ လေးစားမှုတို့ကို တစ်ပြိုင်တည်းခံစားရစေသည်။

“ဒါဆိုရင် ငါတို့တွေက မင်းသားလေးကို အထူးပဲကျေးဇူးတင်ရပါလိမ့်မယ်…” များစွာသောကျောင်းသားတွေက ဇူယွမ့်ကို လက်သီးဆုပ်၍ အရိုအသေပြုလိုက်ကာ သူတို့ရဲ့မျက်နှာထက်မှာတော့ ကျေးဇူးတင်မှုတွေနဲ့ ပြည့်နှက်နေကြရသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ချူထျန်းယန်ရဲ့မျက်လုံးတွေထဲမှာ ချီးကျူးမှုတွေ ထွက်ပေါ်လာခဲ့ရသည်။ ဇူယွမ်ရဲ့ ဒီအရွေ့က လွန်စွာမှပင် လှပလို့နေရပြီး ကျောင်းသားတွေရဲ့စိတ်ကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ ဒီနေ့ကစပြီး ဇူယွမ်ရဲ့ထင်ရှားကျော်ကြားမှုက ချီယွဲ့ကို ကျော်လွန်သွားပေလိမ့်မည်။

ဒါ့အပြင် ဇူယွမ့်ထံမှ ဒီလိုအကျိုးကျေးဇူးတွေကို ရရှိခဲ့ပြီးတဲ့နောက် အနာဂတ်မှာ ဒုတိယအတန်းရဲ့ လိမ်လည်လှည့်စားမှုတွေကို ဘယ်သူကမှ သဘောတူကြလိမ့်မည်မဟုတ်တော့ပေ။

ချင်ရှောင်နဲ့ ကျန်တဲ့အတန်းက ဆရာနှစ်ယောက်ရဲ့ အမူအယာတွေက ရှုပ်ထွေးသွားခဲ့ကြရသည်။ သူတို့တွေက ဇူယွမ်ကို ကြည့်လိုက်သကဲ့သို့ သူတို့ရဲ့နှလုံးတွေကလည်း တုန်ယင်နေခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့အားလုံးက သူတို့ရဲ့ ဒီမင်းသားလေးဟာ အရာအားလုံးမရိုးရှင်းဘူးဆိုတာ နောက်ဆုံးမှာ နားလည်သဘောပေါက်ခဲ့ကြသည်။ ကြည့်ရတာ သူတို့တွေအားလုံး အနာဂတ်မှာ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မပြုလုပ်တာ အကောင်းဆုံးဖြစ်ပေမည်။

Comment

Leave a Reply

Options

not work with dark mode
Reset