စာစဥ် (၃) အပိုင်း (၃၅)

ကျောက်စိမ်းဝိဥာဥ်ရေတံခွန်တိုက်ပွဲ

ဇူယွမ်နဲ့ ချီယွဲ့တို့ လောင်းကြေးအတည်ပြုပြီးသွားသည့်အခါ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရှေ့မှ လေထုကချက်ချင်းပင် စိတ်အားတက်ကြွမှုတွေဖြစ်ပေါ်လာရသည်။ ဒီသတင်းကိုကြားတဲ့နောက်မှာ တော်ဝင်ဇူကျောင်းတော်ထဲက ကျောင်းသားတွေ ပိုပြီးရောက်ရှိလာခဲ့ကာ ရေတံခွန်ဝန်းကျင်တစ်ခုလုံးမှာ များစွာသောလူတွေနှင့် ပြည့်နှက်သွားခဲ့သည်။

အဆုံးမှာတော့ လောင်းကြေးကလည်း လွန်စွာမြင့်မားနေခဲ့ခြင်းကြောင့်ဖြစ်သည်။

ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန် ၆ နာရီ။ ပါရမီရှင်အတန်းနဲ့ ဒုတိယအတန်းမှလွဲ၍ ကျန်တဲ့အတန်းတွေက ရေတံခွန်မှာလေ့ကျင်ချိန် ၂ နာရီပဲရတယ်ဆိုတာကို လူတိုင်းက သိကြပေသည်။

“နောက်ဆုံးတော့ ငါးက ငါးစာကိုဟပ်သွားပြီပဲ…” ဒါကိုမြင်လိုက်ရသည့်အခါ လျှိုစီရဲ့နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ကွေးသွားခဲ့ရပြီး ဝမ်းသာအားရပြုံးလိုက်မိသလို သူမက ဇူယွမ်ရှုံးနိမ့်သွားတဲ့အခါ ဖြစ်ပေါ်လာမဲ့သနားစရာကောင်းတဲ့မျက်နှာကို မြင်တွေ့ချင်လှပြီဖြစ်သည်။

ဘေးနားမှာရပ်နေတဲ့ ရှုဟောင်ရဲ့မျက်လုံးထဲမှာ အေးစက်နက်မှောင်တဲ့အကြည့်တွေ ထွက်ပေါ်လာခဲ့ရသည်။ ဇူယွမ်က သူ့မှာ ချီယွဲ့ကိုယှဉ်ပြိုင်ဖို့ စွမ်းရည်ရှိတယ်လို့ တကယ်ယုံကြည်နေခဲ့တာလား။ ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ သူ့ရဲ့စွမ်းဆောင်ရည်က ဘယ်လောက်ရှိနိုင်မှာမို့လဲ။ တကယ့်ကို နုံအတာပဲ။

ဒုတိယအတန်းက ကျောင်းသားတွေက ချီယွဲ့ရဲ့လောင်းကြေးကြောင့် အနည်းငယ်ထိတ်လန့်သွားခဲ့မိရပေမဲ့လည်း ဒီခံစားချက်တွေက စိတ်လှုပ်ရှားနေမှုတွေအဖြစ် လျင်မြန်စွာပဲပြောင်းလဲလို့သွားခဲ့ရသည်။ သူတို့အားလုံးက ချီယွဲ့ဘယ်လောက်အထိသန်မာလဲဆိုတာကို သိကြသည့်အပြင် ဒါကလက်သီးချင်းယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့ ပြိုင်ပွဲမဟုတ်ဘူးဆိုရင်တောင် ချီယွဲ့အနေနဲ့ အနိုင်ရဖို့ ခက်ခဲလိမ့်မည်မဟုတ်ပေ။

ဒါ့အပြင် ပါရမီရှင်အတန်းရဲ့ လေ့ကျင့်ချိန် ၃ နာရီက သေချာပေါက်သူတို့လက်ထဲကို ရောက်လာမယ်လို့တောင် ခံစားနိုင်ခဲ့သည်။

ဒုတိယတန်းက ကျောင်းသားတွေရဲ့ သေချာပေါက်အနိုင်ရရှိလိမ့်မယ်လို့ ထင်မှတ်ထားမှုနဲ့ဆန့်ကျင်စွာပင် ပါရမီရှင်အတန်း ကျောင်းသားတွေရဲ့စိတ်ထဲမှာ လွန်စွာလေးလံနေခဲ့ရပြီး များစွာသောကျောင်းသားတွေရဲ့ အမူအယာတွေက စိတ်ဓာတ်ကျနေသည့်ပုံပင်။ အဆုံးမှာတော့ ချီယွဲ့ရဲ့ဂုဏ်သတင်းကြောင့်ပဲ သူ့ကိုကျော်လွှားနိုင်ဖို့က အရမ်းကိုခက်ခဲလှပေမည်။

“ဇူယွမ်… မင်းမှာ အခွင့်အရေးရှိမယ်လို့ ယုံကြည်လား…” ချူထျန်းယန်က တိုးညှင်းစွာမေးလိုက်သလို သူ့ရဲ့မျက်လုံးထဲမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေရပေသည်။

“ကျွန်တော်အကောင်းဆုံးကြိုးစားမှာပါ…” ဇူယွမ်က ပြုံးလျက်ပြန်ပြောသည်။

ဇူယွမ်ရဲ့တည်ငြိမ်တဲ့အပြုံးကို မြင်လိုက်ရသည့်အခါ ချူထျန်းယန် အနည်းငယ်တော့ စိတ်သက်သာရာရသွားခဲ့သည်။ အခြားအဖွဲ့တွေကလည်း သေချာပေါက်ကို ပြင်ဆင်မှုတွေပြုလုပ်ထားခဲ့ပြီး သူတို့ရည်ရွယ်ချက်ကိုမရမချင်း အလျှော့ပေးလိမ့်မည်တော့မဟုတ်ပေ။ ဒါ့ကြောင့်ပဲ လောင်းကြေးကို သဘောတူခြင်းက သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်သည်။

“နင် ဒါကိုလုပ်နိုင်ပါတယ်…” စုယုဝေက ဇူယွမ်ရဲ့စိတ်ဓာတ် မြင့်တက်သွားစေရန် ရည်ရွယ်ပြီး သူမရဲ့လက်ကလေးကို ဆုပ်ပြလိုက်သည်။

“ဇူယွမ်… ငါတို့ပါရမီရှင်အတန်းရဲ့ အနာဂတ်က နင့်ရဲ့ပခုံးပေါ်မှာပဲ…” ဆောင်ချူရွှီက ဇူယွမ့်ကို စိုးရိမ်ပူပန်စွာဖြင့်ပြောသည်။ သူတို့ရဲ့ပါရမီရှင်အတန်းက ဒုတိယအတန်းနဲ့ယှဉ်ပြိုင်ဖို့က အရေးမသာတဲ့အခြေအနေမှာ ရှိနေသည်။ တကယ်လို့ သူတို့သာရှုံးနိမ့်သွားခဲ့ရမယ်ဆိုရင် သူတို့ရဲ့လေ့ကျင့်ချိန် ၃ နာရီကို ဆုံးရှုံးရပေလိမ့်မည်။ ဒီလိုသာဖြစ်သွားခဲ့မယ်ဆိုရင် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရောက်တဲ့အခါ သူတို့ပါရမီရှင်အတန်းမှာ ဝင်ပေါက်ခြောက်ခုဖွင့်နိုင်တဲ့သူလည်း ရှိလာလိမ့်မည်မဟုတ်ပေ။

ဒါ့အပြင် ထပ်ပေါင်းပြောရမယ်ဆိုရင် ဒီလောင်းကြေးက သူတို့ပါရမီရှင်အတန်းကျောင်းသားအားလုံးရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေရပေသည်။

ပါရမီရှင်အတန်းကျောင်းသားတွေရဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေ စိုးရိမ်မှုတွေကို မြင်လိုက်ရသည့်အခါ ဇူယွမ်ခေါင်းညိတ်၍သာ တုန့်ပြန်လိုက်မိသည်။

စိတ်ဝင်စားစွာစောင့်ကြည့်နေကြတဲ့ အကြည့်တွေအောက်မှာ ဇူယွမ်နဲ့ ချီယွဲ့တို့နှစ်ယောက်က ကျောက်စိမ်းဝိညာဉ်ရေတံဆီကို လျှောက်လှမ်းသွားခဲ့လိုက်ကြသည်။

“တကယ်လို့ မင်းသားလေးသာ နောင်တရမိတယ်ဆိုရင် မင်းအနေနဲ့ ဒဏ်ရာရတာကနေရှောင်ရှားနိုင်ဖို့ မစခင်ကတည်းက အရှုံးပေးလိုက်သင့်တယ်…” ချီယွဲ့ကပြုံး၍ ပေါ့ပါးစွာပဲပြောသည်။

“ငါက ဒီစကားတွေ မင်းကိုပြန်ပြောရလိမ့်မယ်…” ဇူယွမ်က ချီယွဲ့ကိုမကြည့်ဘဲ မထူးခြားတဲ့လေသံဖြင့် ပြန်ပြောသည်။

“ကြည့်ရတာ တစ်ယောက်ယောက်က သူ့ရဲ့အဆုံးသတ်ကိုမတွေ့ရမချင်း ပြောနေနိုင်ဦးမှာပဲ… ဒါဆိုလည်း နောက်ကျရင် ငါ့ကိုအပြစ်မတင်ပါနဲ့…” ချီယွဲ့ရဲ့ နှုတ်ခမ်းထောင့်စွန်းမှာ လှောင်ပြောင်သရော်တဲ့အမူအယာ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို ချီယွဲ့က သူ့ခြေထောက်ကို မြေပြင်ပေါ်မှာတစ်ချက်ဆောင့်နင်းကာ ပျံထွက်သွားခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်က ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အခြားတစ်ဖက်မှာ ဆင်းသက်ခဲ့လိုက်သည်။

ဇူယွမ်နဲ့ ချီယွဲ့တို့က ရေတံခွန်ထဲက ဆန့်ကျင်ဘက်နေရာတွေမှာ ရပ်တန့်ခဲ့လိုက်ကြသလို သူတို့ရဲ့အကြည့်တွေ ဆုံတွေ့သွားခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးက တစ်ယောက်မျက်လုံးထဲက အေးစက်မှုကို တစ်ယောက်က ခံစားနိုင်ခဲ့ကြသည်။

ဝှူး…

စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ သူတို့နှစ်ယောက်က စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ အကြည့်တွေအောက်မှာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲက ဒလဟောစီးကျနေတဲ့ရေထဲကို စတင်ခြေလှမ်းခဲ့လိုက်ကြသည်။

အဆုံးမရှိဒလဟောစီးဆင်းနေသည့်ရေတွေက ရေတံခွန်ထဲမှ လူနှစ်ယောက်အပေါ်ကို ပြင်းထန်စွာကျရောက်နေခဲ့သည်။ သို့ပေမဲ့လည်း သူတို့ခန္ဓာကိုယ်တွေက ကြီးမားတဲ့ကျောက်တုံးကြီးတွေအလား တည်ငြိမ်နေကြပြီး သူတို့ရဲ့ခြေထောက်တွေက မြေပြင်ပေါ်မှာ မြဲမြံစွာရပ်တည်နေကြကာ လှုပ်ရှားမှုမရှိဘဲ သူတို့ပေါ်ကို ရေတွေကျဆင်းစေဖို့ ခွင့်ပြုထားခဲ့ကြသည်။

ဇူယွမ်ရဲ့ မျက်လုံးတွေက မှိတ်ထားလျက်ရှိသည်။ သူ့မျက်ခုံးနှစ်ခုကြားမှာ သူ့ရဲ့စိတ်ဝိညာဉ်ကပေါ်ထွက်လာခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းလေးတွေအလား အပြင်ဘက်ကို ပျံ့နှံ့သွားကာ သူ့ခန္ဓာကိုယ်မှာ ရေတွေရဲ့ရိုက်ခတ်မှုကြောင့် ရရှိခဲ့တဲ့နာကျင်မှုတွေကို သက်သာသွားစေရန် အနီးအနားက ရေထဲမှာစီးဆင်းနေတဲ့ သတ္တုဓာတ်စွမ်းအင်တွေကို စုပ်ယူလိုက်သည်။

တစ်ချိန်တည်းဆိုသလို သူ့ခန္ဓာကိုယ်ပေါ်က ရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံးထံမှ အလင်းမှိန်မှိန်လေးတစ်ခု စတင်ပြီး ထုတ်လွှတ်လာခဲ့သည်။ အေးစက်မှုနဲ့ပူလောင်မှုတွေ ပေါင်းစပ်သွားခဲ့ပြီး သတ္တုဓာတ်စွမ်းအင်တွေကို လျင်မြန်စွာစုပ်ယူခဲ့လိုက်သည်။

စုပ်ယူသည့်နှုန်းက သာမန်မူလစုစည်းခြင်းမှော်စာလုံးတစ်ခုထက် များစွာသာလွန်ပေသည်။

“ဒီရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံးက တကယ့်ကို အကျိုးရှိတာပဲ…” ဇူယွမ်က ကွာခြားမှုကို ခံစားမိခဲ့လိုက်ရသလို သူ့ရဲ့ရင်ထဲမှလည်း ချီးကျူးလိုက်မိသည်။

အဆုံးမရှိတဲ့ရေတွေက ဆက်လက်စီးကျနေပြီး ဇူယွမ်နဲ့ချီယွဲ့တို့ရဲ့ ခန္ဓာကိုယ်တွေကို မှုန်ဝါးဝါးသာမြင်တွေ့ရပေသည်။ ရေတံခွန်ရဲ့အပြင်ဘက်မှာ များစွာသောအကြည့်တွေက သူတို့နှစ်ယောက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလျက်ရှိကြသည်။

“ဇူယွမ်ရဲ့ အရင်တစ်ခေါက် အကန့်အသတ်က တစ်နာရီပဲရှိခဲ့တယ်… ချီယွဲ့ကတော့ ၁ နာရီနဲ့ မိနစ် ၅၀ ကြာတဲ့အထိ ခုခံနိုင်ခဲ့တယ်…” လျှိုစီက ရေတံခွန်ထဲက အရိပ်နှစ်ခုကိုကြည့်ရင်းမှ အေးစက်စွာပြုံး၍ ပြောသည်… “ဒါ့ကြောင့် အနိုင်ရတဲ့သူက တစ်နာရီကြာရင် အဖြေပေါ်လာလိမ့်မယ်…”

ဇူယွမ်က ကျောင်းသားသစ်စာမေးပွဲကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် အနည်းငယ်မာနကြီးသွားခဲ့သည့်ပုံပင်။ သူက ချီယွဲ့ကို ကျောင်းသားသစ်စာမေးပွဲမှာ သူရင်ဆိုင်ခဲ့ရတဲ့အမှိုက်တွေလိုပဲလို့ တကယ်ယုံကြည်နေခဲ့တာလား။ ချီယွဲ့ရဲ့မျက်လုံးထဲမှာတော့ ဇူယွမ်က ကျောင်းသားသစ်စာမေးပွဲမှာ သူအနိုင်ယူခဲ့တဲ့အမှိုက်တွေနဲ့ ဘာမှကွာခြားမှုမရှိပေ။

ရှုဟောင်ခေါင်းညိတ်လိုက်သည်။ သူက ချီယွဲ့နဲ့ပတ်သက်ပြီး လွန်စွာစိတ်ချယုံကြည်မိပေသည်။ သူ့ရဲ့ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်တဲ့ခန္ဓာကိုယ်စွမ်းရည်က ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ သူ့ကိုလွယ်လွယ်ကူကူခုခံနိုင်စေဖို့ လုံလောက်ပေသည်။

ဒုတိယအတန်းမှ ကျောင်းသားတွေအားလုံးက ပြုံးနေကြသလို စိတ်လက်ပေါ့ပါးနေကြသည့်ပုံပင်။ တော်ဝင်ဇူကျောင်းတော်ထဲမှာ ချီယွဲ့ရဲ့ဂုဏ်သတင်းက အလွန်ပင်ကြီးမားပေသည်။ သူနဲ့ဇူယွမ်တို့က လုံးဝကိုခြားနားတဲ့အဆင့်တွေမှာ ရှိနေခဲ့ကြသည်။

သူတို့တွေနဲ့ဆန့်ကျင်စွာပင် ပါရမီရှင်အတန်းကျောင်းသားတွေရဲ့ အမူအယာတွေက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေပေသည်။

ယောင်ယောင်က လက်သီးကိုတင်းကျပ်စွာဆုပ်ထားတဲ့ စုယုဝေကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်တဲ့လေသံဖြင့် နှစ်သိမ့်လိုက်သည်… “စိုးရိမ်နေစရာမလိုဘူး… ဇူယွမ်က ရှုံးလိမ့်မှာမဟုတ်ဘူး…”

သူမရဲ့စိတ်ဝိညာဉ်က အရမ်းကိုစွမ်းအားမြင့်မားလှပြီး ဒီနေရာမှာရှိတဲ့ ဘယ်သူကမှ သူမကိုမှီနိုင်လိမ့်မည်မဟုတ်ပေ။ ဒါ့ကြောင့်ပင် ဇူယွမ်က သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ အရမ်းကိုများပြားတဲ့ သတ္တုဓာတ်စွမ်းအင်တွေစုပ်ယူနေတာကို သူမအနေနဲ့ အာရုံခံနိုင်ခဲ့သည်။ ဒါ့အပြင် ရေခဲနှင့်မီးမူလစုစည်းခြင်းမှော်စာလုံး အကူအညီနဲ့ဆိုရင် ဇူယွမ်က ကျောင်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ ပင်ပန်းခြင်းအလျဉ်းမရှိဘဲ ကြာမြင့်စွာခုခံနိုင်စွမ်းရှိပေသည်။

အခြားတစ်ဖက်မှာတော့ ချီယွဲ့က သူ့ရဲ့သန်မာတဲ့ခန္ဓာကိုယ်ပေါ်မှာသာ အားထားပြီးခုခံနေခဲ့ရသည်။ ဒါပေမဲ့လည်း သူ့ခန္ဓာကိုယ်က ဘယ်လောက်ပင်သန်မာနေပါစေ ၎င်းရဲ့အကန့်အသတ်ကိုရောက်ရှိသွားခဲ့မယ်ဆိုရင် ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အဆက်မပြတ်ထိုးနှက်နေမှုကြောင့် တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လျော့ပါးသွားရပေလိမ့်မည်။

ဒါ့ကြောင့်ပင် အနိုင်ရရှိမဲ့သူက မစခင်ကတည်းကပင် ရှင်းရှင်းလင်းလင်းပေါ်ထွက်နေပြီဖြစ်သည်။

စုယုဝေအနေနဲ့ ယောင်ယောင်က ဘာကြောင့်သေချာမှုရှိနေလဲဆိုတာကို မသိနိုင်သော်လည်း သူမက အနည်းငယ်တော့ စိတ်သက်သာရာရသွားခဲ့ပေသည်။ သို့ပေမဲ့လည်း သူမရဲ့လှပတဲ့မျက်လုံးတွေက ရေတံခွန်ထံကို မမှိတ်မသုန်စိုက်ကြည့်နေလျက်ပင်ရှိသည်။

လူတိုင်းရဲ့စိတ်ဝင်စားမှုအောက်မှာပဲ အချိန်တွေက လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။

ဆယ်မိနစ်… မိနစ်သုံးဆယ်… မိနစ်ငါးဆယ်…

တစ်နာရီဆိုတဲ့အချိန်က လျင်မြန်စွာနီးကပ်လာခဲ့သည်။ သို့ပေမဲ့လည်း ဇူယွမ်ရဲ့ပုံရိပ်က နောက်ထပ်ဆက်ပြီးခုခံနေနိုင်သေးသကဲ့သို့ စတင်ပြီးမလှုပ်ယမ်းလာခဲ့သလို လှုပ်ရှားမှုလည်းမရှိတဲ့အတွက် လူအုပ်ကြီးက ပဟေဠိဖြစ်သွားခဲ့ရသည်။ သူက သူ့ရဲ့အကန့်အသတ်ကို ရောက်ရှိခါနီးတာတောင်မှ တည်ငြိမ်မှုရှိနေတုန်းပင်။

ရှုဟောင်ရဲ့မျက်ခုံးတွေ အနည်းငယ်တွန့်ကွေးသွားခဲ့ရပြီး လျှိုစီကို ကြည့်လိုက်သည်။ သူမက သွားတွေကိုဖိကိုက်ထားလျက်မှ ပြောသည်… “ဒါက တစ်ဇွတ်ထိုးလုပ်နေတာပဲ… သူဘယ်လောက်ဆက်ပြီး သရုပ်ဆောင်နိုင်မလဲဆိုတာ ဆက်ကြည့်ရမှာပေါ့…”

ထို့နောက်မှာ နောက်ထပ်ဆယ်မိနစ်က ထပ်မံကုန်ဆုံးသွားခဲ့ပြီး တစ်နာရီဆိုတဲ့အချိန်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။

ရေကန်ရဲ့ဘေးတစ်နေရာမှ ပင့်သက်ရှိုက်သံခပ်သဲ့သဲ့ကို ကြားခဲ့လိုက်ရသည်။ ဇူယွမ်က ရေတံခွန်ကြောင့် အဝေးကိုလွင့်စင်သွားမဲ့ အရိပ်အယောင်ကိုမမြင်တွေ့ရဘဲ ကျောက်တုံးတစ်တုံးလား တည်ငြိမ်နေလျက်ရှိတာကို သူတို့တွေ သတိထားမိခဲ့ကြသည်။

ရှုဟောင်ရဲ့မျက်လုံးထဲမှာ သံသယဝင်တဲ့အရိပ်အယောင်တွေ စတင်ပြီးပေါ်ပေါက်လာခဲ့ရသလို လျှိုစီရဲ့မျက်နှာပေါ်မှာလည်း ပူပန်မှုတွေ ထင်ဟပ်လာခဲ့သည်။ သူမရဲ့အမူအယာက မသေချာမှုတွေ ဖြတ်ခနဲပေါ်ထွက်လာခဲ့ရပြီး တည်ငြိမ်အောင် ထိန်းထားနိုင်စွမ်းမရှိတော့ပေ။ ဒါက သူမအနေနဲ့ ဒုတိယအတန်းကျောင်းသားတွေက သူမကို ထူးထူးဆန်းဆန်းကြည့်နေတာကို ခံစားနိုင်ခဲ့ရသောကြောင့်ပင်။

“ဒီကောင်လေးက ဆက်ပြီးခုခံနိုင်စွမ်းရှိနေသေးတာလား…”

ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ ချီယွဲ့က ဇူယွမ်ဆက်ပြီးခုခံနိုင်စွမ်းရှိနေသေးတာကို ခံစားလိုက်မိခဲ့တဲ့အတွက် မျက်မှောင်ကြုပ်လိုက်မိသည်။ တစ်ချိန်တည်းမှာပင် ချီယွဲ့ရဲ့ခန္ဓာကိုယ်က နာကျင်မှုကို စတင်ပြီးခံစားခဲ့လိုက်ရသည်။ သို့ပေမဲ့လည်း ၎င်းက သူ့ရဲ့သည်းခံနိုင်စွမ်းအတွင်းမှာပင် ရှိနေသေးသည်။

“သူဘယ်လောက်အထိဆက်ပြီး သရုပ်ဆောင်နိုင်မလဲ ငါဆက်ပြီးကြည့်ရဦးမှာပေါ့…”

ချီယွဲ့စောင့်ကြည့်နေစဉ်မှာပင် နောက်ထပ်မိနစ်သုံးဆယ်က ထပ်မံ၍ ကုန်ဆုံးသွားခဲ့ရပြန်သည်။

သို့ပေမဲ့လည်း ဇူယွမ့်ထံမှ လှုပ်ရှားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ခြင်းမရှိသေးပေ။

ချီယွဲ့ရဲ့ မျက်နှာက အနည်းငယ်ပျက်ယွင်းသွားခဲ့သည်။ သူ့အနေနဲ့ သူ့ရဲ့အကန့်အသတ်ကို ရောက်ရှိတော့မယ်ဆိုတာကို ခံစားမိလိုက်သည်။

“ဒီကောင်… ဒီမတိုင်ခင်က သူ့အနေနဲ့ လွယ်လွယ်ကူကူ သဘောတူခဲ့တာကို အံ့သြစရာမရှိတော့ဘူးပဲ…” ချီယွဲ့ရဲ့မျက်လုံးတွေ နက်မှောင်သွားခဲ့သည်။ ဇူယွမ့်ကိုကြည့်လိုက်ရင်း သူ့ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒါပေမဲ့လည်း ငါကဒီလောင်းကြေးအတွက် ဘာမှမပြင်ဆင်လာခဲ့ဘူးလို့ မင်းကထင်နေတာလား…”

ချီယွဲ့ရဲ့မျက်လုံးတွေ ဖြည်းညှင်းစွာမှိတ်သွားခဲ့ပြီး အချိန်တွေကုန်ဆုံးနေတာကို စောင့်ဆိုင်းနေခဲ့သည်။ နောက်ထပ် မိနစ်နှစ်ဆယ်ဆိုတဲ့အချိန်က ထပ်ပြီးကုန်ဆုံးသွားခဲ့သလို စုစုပေါင်းအချိန်က ၁နာရီနဲ့ မိနစ် ၅၀အထိ ရှိသွားခဲ့ပြီဖြစ်သည်။ ဒါက ချီယွဲ့ရဲ့အကန့်အသတ်ဖြစ်ပေသည်။

ချီယွဲ့က သူ့ရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး သူတို့ထဲမှာ ရက်စက်လိုတဲ့ အေးစက်စက်အလင်းရောင်တွေ ထွက်ပေါ်လာခဲ့သည်။

“ဇူယွမ်… မင်းက ငါ့ရဲ့ကြင်နာမှုကို တန်ဖိုးမထားနိုင်ကတည်းက နောက်ထပ်ဘာပဲဖြစ်လာခဲ့ဖြစ်လာခဲ့ ငါ့ကိုအပြစ်မတင်နဲ့တော့…”

ဒါကိုတွေးလိုက်ပြီးတဲ့နောက်မှာ ချီယွဲ့က သူ့ရဲ့လျှာကိုလှန်လိုက်တဲ့အခါ အနီရောင်ဆေးလုံးတစ်လုံး သူ့ရဲ့ပါးစပ်ထဲမှာ ထွက်ပေါ်လာခဲ့ပြီး တစ်ခါတည်းမြိုချခဲ့လိုက်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset