စာစဥ် (၃) အပိုင်း (၃၄)

ကျောက်စိမ်းဝိဥာဥ်ရေတံခွန်ပြဿနာ

ဇူယွမ်၊ ယောင်ယောင်၊ စုယုဝေနဲ့ ကျန်တဲ့ပါရမီရှင်အတန်းက ကျောင်းသားတွေ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို အပြေးအလွှား ရောက်ရှိသွားခဲ့တဲ့အချိန်မှာ ရေတံခွန်ပတ်လည်မှာ လူတွေနဲ့ပြည့်နှက်နေသည်ကို တွေ့ခဲ့လိုက်ရသည်။ တော်ဝင်ဇူကျောင်းတော်ရှိ အတန်းငါးတန်းမှ ကျောင်းသားတွေအားလုံး ဒီနေရာမှာ လာရောက်စုစည်းနေခဲ့ကြပြီဖြစ်သည်။ ဒီအချိန်မှာ နေရာတစ်ခုလုံးက ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးတစ်လုံးအလား ဆူညံသံတွေ စိတ်လှုပ်ရှားမှုတွေနဲ့ ပျာပန်းခပ်မျှ လှုပ်ရှားနေလျက်ရှိပေသည်။

ဇူယွမ်တို့အုပ်စုက လူအုပ်ကြီးကို ဖြတ်ကျော်လျက် အလယ်ကိုရောက်ရှိလာခဲ့သည်။ သူတို့တွေလှမ်းကြည့်လိုက်သည့်အခါ ရှေ့ဆုံးမှာ အလွန်အမင်းဒေါသထွက်နေသည့်မျက်နှာဖြင့် ချူထျန်းယန်နဲ့ ရှုဟောင်တို့ရပ်နေသည်ကို တွေ့လိုက်ရသည်။

ရှုဟောင်ရဲ့နောက်မှာတော့ ချီယွဲ့နဲ့ လျှိုစီတို့ ရပ်နေလျက်ရှိသည်။

ချီယွဲ့က ဇူယွမ်ရောက်လာတာကို မြင်လိုက်ရသည့်အခါ သူ့ထံမှ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရသည်။ သို့ပေမဲ့လည်း သူ့အပြုံးက ဆော့ကစားလိုတဲ့ခံစားချက်တစ်ခု ပါဝင်နေပေသည်။

ချူထျန်းယန်လည်း ဇူယွမ်ရောက်လာတာကို မြင်ခဲ့ပေမဲ့ ဘာတစ်ခုမျှပြောခဲ့ခြင်းမရှိပေ။ သူက ရှုဟောင်ကို ဒေါသထွက်နေသည့်မျက်နှာဖြင့် စိုက်ကြည့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်းမှ အေးစက်တဲ့လေသံဖြင့်ပြောလိုက်သည်… “ရှုဟောင်… မင်းက တရားလွန်မလာနဲ့… ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အချိန်ခွဲဝေသတ်မှတ်မှုက အရင်ကတည်းက ဆုံးဖြတ်ခဲ့တာ… ဒါကို ငါတို့က စိတ်ကူးပေါက်ရာပြောင်းလဲဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ…”

“ဟီဟီ… ကျောင်းအုပ်ချူက ဘာပြောနေတာလဲ… ကျောက်စိမ်းဝိညာဉ်ရေတံခွန်က ငါတို့တော်ဝင်ဇူကျောင်းတော်မှာ အရေးကြီးဆုံး တန်ခိုးကျင့်ရာနယ်မြေတစ်ခုဖြစ်ပြီးတော့ ဖြစ်နိုင်ရင် ငါတို့ကလည်း ဒီမှာလေ့ကျင့်ဖို့အတွက် အချိန်ကို ညီတူညီမျှရလိုကြတယ်…”

ရှုဟောင်က ချူထျန်းယန်ကို ကြည့်လိုက်ပြီးမှ ဖြည်းညှင်းစွာပြောသည်… “အတိတ်တုန်းက ပါရမီရှင်အတန်းက တော်ဝင်ဇူကျောင်းတော်ရဲ့ အသန်မာဆုံးအတန်းဖြစ်ခဲ့တဲ့အတွက် ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို အချိန် ၆ နာရီအသုံးပြုခွင့်ရခဲ့တာကို ငါတို့က ဘာမှမပြောနိုင်ခဲ့ရဘူး…”

“ဒါပေမဲ့ အခုကလား… ပါရမီရှင်အတန်းက ငါ့ရဲ့ဒုတိယအတန်းကို နှစ်နှစ်ဆက်တိုက်ရှုံးနိမ့်ခဲ့ရတဲ့အတွက် အတန်းတွေရဲ့ ဦးစီးဦးဆောင်အဖြစ်မသတ်မှတ်နိုင်တော့ဘူး… ဒါ့ကြောင့်ပဲ ၆ နာရီဆိုတာက တရားမျှတမှုမရှိဘူးလို့ မထင်မိဘူးလား…”

ချူထျန်းယန်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့အလင်းရောင် ဖြတ်ခနဲပေါ်ပေါက်လာခဲ့ရပြီး ပြန်ပြောသည်… “ကျောက်စိမ်းဝိညာဉ်ရေတံခွန်နဲ့ပတ်သက်ပြီး အချိန်ခွဲဝေမှုက အရင်တည်းက အရှင်မင်းကြီးဆုံးဖြတ်ပေးခဲ့တာ… တကယ်လို့မင်းမှာမကျေနပ်တာရှိရင် အရှင်မင်းကြီးကို သွားတွေ့လိုက်…”

ရှုဟောင်က ဒီစကားကို သူ့စိတ်ထဲမှာ ဘာမှမဖြစ်သွားသည့်အလား ပြုံး၍ပြောလိုက်သည်… “တော်ဝင်ဇူကျောင်းတော် စတင်တည်ထောင်ခဲ့ကတည်းက ကျောင်းတော်နဲ့ပတ်သက်တာတွေကို ငါတို့ဘာသာလွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ခွင့်ရှိခဲ့တယ်… ဒါနဲ့ပတ်သက်ပြီး အရှင်မင်းကြီးတောင်မှ ဝင်စွက်ဖက်လို့မရဘူး… ဒါ့ကြောင့်ပဲ ကျောင်းအုပ်ချူအနေနဲ့ အရှင်မင်းကြီးကို အကာအကွယ်တစ်ခုအဖြစ် အသုံးပြုနေစရာမလိုအပ်ဘူး…”

ရှုဟောင်က အချိန်ကြာမြင့်စွာကတည်းက ချီဘုရင်ရဲ့နောက်လိုက်ဖြစ်ခဲ့တဲ့အတွက် ပုံမှန်အားဖြင့် ဇူချင်အပေါ်မှာ သူ့ရဲ့ရိုသေလေးစားမှုက လွန်စွာလျော့နည်းသွားခဲ့ရသည်။

“မင်း…”

ချူထျန်းယန် လွန်စွာဒေါသထွက်သွားခဲ့သည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရပြီး ရုတ်တရက်ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း ချက်ချင်းတုန်ခါလာခဲ့သလို သူ့ရဲ့ဦးခေါင်းထိပ်မှလည်း သွေးနီရောင်အရှိန်အဝါတစ်ခု ထွက်ပေါ်လာရပေသည်။

သွေးနီရောင်အရှိန်အဝါက ပေတစ်ရာခန့်ရှည်လျားတဲ့ အနီရောင်တိမ်တိုက်တစ်ခုအလားပင်။ ချူထျန်းယန်ရဲ့ အထက်ကောင်းကင်ပေါ်မှာ အလွန်အမင်းပူပြင်းလှတဲ့ သွေးနီရောင်အလင်းတစ်ခုကလျင်မြန်စွာပျံ့နှံ့သွားခဲ့သလို ပတ်ဝန်းကျင်လေထုတစ်ခုလုံးရဲ့ အပူရှိန်ကလည်း မြင့်တက်လာခဲ့ရသည်။

စွမ်းအားပြင်းတဲ့ဖိအားတစ်ခုက အပြင်ဘက်ကို ပျံ့နှံ့ထွက်ပေါ်လာသည့်အခါ ကျောင်းသားအားလုံးရဲ့ အမူအယာတွေ ပြောင်းလဲသွားခဲ့ရပြီး သူတို့ရဲ့ခြေထောက်တွေ ကြောက်ရွံ့မှုကြောင့် စတင်ပြီးတုန်ခါလာခဲ့ရသည်။

“ဒါက ကောင်းကင်ဘုံတံခါးအဆင့် ကျွမ်းကျင်သူတစ်ယောက်လား… တကယ့်ကို ကြောက်စရာကောင်းတာပဲ… ကောင်းကင်ဘုံတံခါးအဆင့်တစ်ယောက်ထုတ်လွှတ်ထာတဲ့ ချီစွမ်းအားက တောင်တွေကိုရွှေ့ပြီး မြေပြင်ကိုတောင်ကွဲအက်သွားစေနိုင်တယ်…” များစွာသောကျောင်းသားတွေရဲ့ မျက်လုံးထဲမှာ လေးစားအားကျမှုတွေ ထွက်ပေါ်လာခဲ့ရသည်။ ချူထျန်းယန်လို ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့နှိုင်းယှဉ်လိုက်သည့်အခါ သူတို့လို ဝင်ပေါက်ဖွင့်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် အသုံးပြုနိုင်တဲ့ မူလချီတွေက ပင်လယ်ထဲကရေတစ်စက်လောက်သာ ရှိတော့သည်။

ချူထျန်းယန်ရဲ့နောက်မှာ ရပ်နေတဲ့ ဇူယွမ်က ထွက်ပေါ်နေတဲ့ သွေးနီချီတွေကို ကြည့်လိုက်ရင်းမှ သူ့ရဲ့မျက်နှာပေါ်မှ အံ့အားသင့်နေမှုတွေဖြင့် ပြည့်နှက်သွားခဲ့ရသည်။ သူ့ရဲ့နှလုံးက အနည်းငယ်တုန်ခါသွားခဲ့ရသလို သူကတွေးလိုက်မိသည်… “ကျောင်းအုပ်ချူလေ့ကျင့်ခဲ့တဲ့ မူလချီက အဆင့် ၃ သွေးနီချီလား…”

မူလချီတွေမှာလည်း အဆင့် ၉ ဆင့်ရှိပေသည်။ လေ့ကျင့်တဲ့ မူလချီကျင့်စဉ်က ပိုပြီးတော့ကောင်းလေလေ ကျင့်ကြံရရှိခဲ့တဲ့ မူလချီကလည်း ပိုပြီးအဆင့်မြင့်လေလေဖြစ်သည်။

လက်ရှိမှာ သူတို့တော်ဝင်ဇူဘဏ္ဍာတိုက်ထဲမှာရှိတဲ့ အဆင့်အမြင့်ဆုံး မူလချီကျင့်စဉ်က အဆင့် ၄ သာရှိလေသည်။

“ဟမ့်… တိုက်ခိုက်ချင်တာလား… ငါက မင်းကို အမှန်တကယ် ကြောက်နေလိမ့်မယ်လို့ ထင်နေတာလား…” ချူထျန်းယန်ရဲ့ အပြုအမူကို မြင်လိုက်ရသည့်အခါ ရှုဟောင်ရဲ့မျက်လုံးတွေက အလွန်အမင်းအေးစက်သွားခဲ့ရသည်။ သူကလည်း အလားတူပင် ရှေ့ကိုခြေတစ်လှမ်းတက်လိုက်ပြီး သူ့ရဲ့ဦးခေါင်းထိပ်ကနေ ကြယ်တစ်စင်းထိုးတက်လာသည့်အလား စွမ်းအားပြည့်ဝလှတဲ့ မူလချီတွေကို ထုတ်လွှတ်လိုက်သည်။

ရှုဟောင်ထုတ်လွှတ်လိုက်တဲ့ မူလချီတွေက ငွေရောင်ရေစီးကြောင်းအလားထင်မှတ်ရပြီး အရိုးကွဲလုမတတ် အေးစက်မှုတွေဖြင့် ပြည့်နှက်နေပေသည်။ အဲ့ဒီနောက်မှာ အေးစက်တဲ့ အရှိန်အဝါတစ်ခုထွက်ပေါ်လာခဲ့ပြီး ၎င်းကပတ်ပတ်လည် မြေပြင်တစ်ခုလုံးပေါ် ဆီးနှင်းတွေကျလာသည့်အလား အေးစက်သွားစေခဲ့သည်။

အဆင့် ၃ မူလချီ… ငွေရောင်နှင်းခဲချီ…

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်နေကြပြီး အသက်ရှုကျပ်သွားစေလောက်တဲ့ ဖိအားတစ်ခုက ပျံ့နှံ့ထွက်ပေါ်နေကာ များစွာသောကျောင်းသားတွေကို အလွန်အမင်းကြောက်ရွံ့ထိတ်လန့်စေတဲ့ ခံစားချက်တစ်ခု ဖုံးလွှမ်းသွားခဲ့ရသည်။

ဒါ့အပြင်ကို ကောင်းကင်ဘုံတံခါးအဆင့်ကျင့်ကြံသူနှစ်ယောက်ရဲ့တိုက်ပွဲက ဝင်ပေါက်ဖွင့်ခြင်းအဆင့်ကျင့်ကြံသူတွေရဲ့တိုက်ပွဲလို ကလေးကစားစရာတစ်ခုမဟုတ်ပေ။ ဒီအဆင့်တိုက်ပွဲတွေရဲ့စွမ်းအားက တောင်တွေကိုတောင်လှုပ်ရှားစေနိုင်ပြီး မြေပြင်ကိုပင်ကွဲအက်စေနိုင်လောက်အောင် ပြင်းထန်ပေလိမ့်မည်။

“ကျောင်းအုပ်ချူ… ဆရာရှု… ဒီနေရာက တိုက်ခိုက်ရမယ့်နေရာမဟုတ်ပါဘူး…”

သို့ပေမဲ့လည်း ချူထျန်းယန်နဲ့ ရှုဟောင်တို့က သူတို့ရဲ့အရှိန်အဝါတွေကို ထုတ်လွှတ်ထားစဉ်မှာပဲ လူတစ်ယောက်က နောက်ဆုံးမှာ ရန်စောင်နေကြတဲ့ နှစ်ယောက်အကြား ကြားဖြတ်ကာအော်ပြောလိုက်သည်။

အော်ပြောလိုက်တဲ့လူက အနက်ရောင်အဝတ်အစားဝတ်ဆင်ထားသည့် လူတစ်ယောက်ပင်။ ၎င်းက တတိယအတန်းရဲ့ အတန်းပိုင်ဆရာဖြစ်သူ ချင်ရှောင် ဖြစ်သည်။

အခြားကျန်တဲ့ ဆရာနှစ်ယောက်ကလည်း လျင်မြန်စွာပဲအော်ပြောလိုက်သည်။ သူတို့အနေဖြင့် ဒီနေရာမှာ တိုက်ခိုက်ခဲ့မယ်ဆိုရင် နှစ်ဖက်စလုံးအတွက် အကျိုးရှိလိမ့်မည်မဟုတ်ပေ။

အခြားဆရာတွေရဲ့ ကြားဝင်ဟန့်တားမှုနောက်မှာ ချူထျန်းယန်နဲ့ ရှုဟောင်တို့နှစ်ယောက်လုံးက သူတို့တွေအမှန်တကယ် တိုက်ခိုက်ကြလို့မဖြစ်ဘူးဆိုတာကို သိသွားခဲ့ကြသည်။ နှစ်ယောက်စလုံးက အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ ချက်ချင်းဆိုသလို သွေးနီရောင်အရှိန်အဝါနဲ့ ငွေရောင်ဆီးနှင်းတွေနဲ့တူတဲ့ အရှိန်အဝါတွေကို ပြန်လည်ရုပ်သိမ်းလိုက်ကြပြီး သူတို့ရဲ့သက်ဆိုင်ရာအတန်းတွေရှိတဲ့နေရာကို ပြန်သွားခဲ့လိုက်ကြသည်။

ချူထျန်းယန်က အေးစက်စွာဖြင့် ကြေငြာလိုက်သည်… “ဟမ့်… ငါ့အနေနဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်ရဲ့ အချိန်ခွဲဝေမှုကို ပြောင်းလဲဖို့ လုံးဝသဘောတူလိမ့်မှာ မဟုတ်ဘူး…”

ရှုဟောင်ရဲ့ မျက်လုံးထဲမှာ ဒေါသတွေထွက်ပေါ်လာခဲ့ရသည်။ သူကပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပင် ချီယွဲ့ကပြုံးလျက် ပြောလိုက်သည်… “ကျောင်းအုပ်ချူ… ကျွန်တော်တို့ရဲ့ အကြံပြုချက်က ပါရမီရှင်အတန်းကို ပစ်မှတ်ထားဖို့မဟုတ်ပေမဲ့ တော်ဝင်ဇူကျောင်းတော်မှာရှိတဲ့ ကျောင်းသားအားလုံးအတွက်ပါ… ”

“ကျွန်တော်တို့ကျောင်းသားတွေအတွက် ကျောက်စိမ်းဝိညာဉ်ရေတံခွန်က ဘယ်လောက်အရေးကြီးလဲဆိုတာ ကျောင်းအုပ်လည်းသိမှာပါ… အတိတ်တုန်းက ပါရမီရှင်အတန်းက အခြားအတန်းတွေရဲ့ရှေ့မှာ ရပ်တည်နိုင်ခဲ့မှုပေါ်မူတည်ပြီးတော့ ဒီလိုအချိန်ခွဲဝေမှုက ဖြစ်ပေါ်လာခဲ့ရတာပါ… ဒါ့ကြောင့်ပဲ ကျွန်တော်တို့အားလုံး ဘယ်သူကမှ ပါရမီရှင်အတန်း အချိန် ၆ နာရီရလို့ သဘောမတူခဲ့တာမရှိပါဘူး…”

“ဒါပေမဲ့လည်း လက်ရှိပါရမီရှင်အတန်းက ကျဆင်းနေပြီ… တကယ်လို့သာ အချိန်တွေဒီလောက်အများကြီး ဆက်ပြီးရယူနေဦးမယ်ဆိုရင် အခြားကျောင်းသားတွေအတွက် နည်းနည်းတော့မမျှတရာကျပါလိမ့်မယ်… ဒါ့ကြောင့်ပဲ လေ့ကျင့်ဖို့အချိန်ကို ပြန်ပြီးခွဲပေးဖို့ လူတိုင်းက လိုချင်ကြတာပါ…”

ချီယွဲ့ရဲ့စကားက မှန်ကန်ပြီး တရားနည်းလမ်းကျတဲ့အတွက် ကျောက်စိမ်းဝိညာဉ်ရေတံခွန်ပတ်ဝန်းကျင်မှာရှိတဲ့ များစွာသောကျောင်းသားတွေက တိတ်တဆိတ်ပဲ သဘောတူညီစွာ ခေါင်းညိတ်လိုက်မိကြသည်။ ဒီကျောက်စိမ်းဝိညာဉ်ရေတံခွန်က ဝင်ပေါက်ဖွင့်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် လွန်စွာအရေးပါလှတာကို လူတိုင်းကသိပေသည်။ တကယ်လို့သာ သူတို့အနေနဲ့ လေ့ကျင့်ဖို့အချိန်အနည်းငယ်ပိုရခဲ့မယ်ဆိုရင် သူတို့၏ဝင်ပေါက်ဖွင့်သည့်နှုန်းကလည်း မြင့်တက်သွားရပေလိမ့်မည်။

ဒါကလူတစ်ယောက်ဟာ အကျိုးကျေးဇူးတွေကို ရရှိနိုင်ဖို့ရန်အတွက် လူတိုင်းလူတိုင်းက အမြဲတမ်း အနည်းငယ်တော့ တစ်ကိုယ်ကောင်းဆန်ကြပေလိမ့်မည်။

လူအုပ်ကြီးရဲ့ အသိအမှတ်ပြုမှုကို မြင်လိုက်ရသည့်အခါ ချီယွဲ့က ကျိတ်၍ရယ်လိုက်မိသည်။ သူက အမူအယာပျက်ယွင်းနေတဲ့ ချူထျန်းယန်ရဲ့မျက်နှာကို ကြည့်လိုက်ရင်းမှ ဆက်ပြောသည်… “ကျောင်းအုပ်ချူ… ကျောင်းအုပ်က ပါရမီရှင်အတန်းရဲ့ ဆရာတစ်ယောက်ဖြစ်သလို တော်ဝင်ဇူကျောင်းတော်ရဲ့ ကျောင်းအုပ်ဖြစ်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့… တကယ်လို့ ကျောင်းအုပ်ကသာ မျှမျှတတမရှိဘူးဆိုရင် ကျောင်းအုပ်အပေါ်မှာ လူတွေရဲ့ယုံကြည်မှုလျော့နည်းသွားမှာကို ကျွန်တော်စိုးရိမ်မိတယ်…”

ချူထျန်းယန်ရဲ့ အမူအယာက လုံးဝကိုပြောင်းလဲသွားခဲ့ရသည်။ ချီယွဲ့ရဲ့စကားတွေက သူ့ရဲ့ခေါင်းကို လေးပင်တဲ့အရာတစ်ခုနဲ့ ထုနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့အနေနဲ့ သူတို့ကို ငြင်းပယ်လိုက်မယ်ဆိုရင် အခြားကျောင်းသားတွေကလည်း သူ့ကိုကျိန်းသေပေါက် ဆန့်ကျင်ကြပေလိမ့်မည်။

“မင်း…” ချူထျန်းယန်ရဲ့ ပါးစပ်က အနည်းငယ် လှုပ်ရွသွားခဲ့ရသည်။

ချူထျန်းယန်ရဲ့နောက်က များစွာသောပါရမီရှင်အတန်းကျောင်းသားတွေက ပြောစရာစကားမဲ့သွားခဲ့ရပြီး သူ့တို့ရဲ့မျက်နှာတွေပျက်ယွင်းသွားခဲ့ရသည်။ ဒါ့အပြင်ကို ချီယွဲ့က သူတို့ပါရမီရှင်အတန်းရဲ့ လက်ရှိအခြေအနေဆိုးရွားနေမှုကို ဖမ်းဆုပ်ပြီး အခြားအတန်းတွေကို ဦးဆောင်ဖို့အရည်အချင်းမရှိဘူးလို့တောင် ပြောခဲ့ပေသည်။ ဒီအချက်ကို သူတို့အနေနဲ့ ပြန်လည်ချေပနိုင်ခြင်းမရှိပေ။

“စည်းမျဉ်းတွေအရတော့ မင်းက ပါရမီရှင်အတန်းလို အတန်းတွေရဲ့ဦးစီးဦးဆောင်နေရာကို လိုချင်တယ်ဆိုရင် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ပါရမီရှင်အတန်းက သုံးနှစ်ဆက်တိုက် ရှုံးနိမ့်သွားတဲ့အထိ စောင့်ရလိမ့်မယ်… နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲ မရောက်သေးဘဲနဲ့ ပါရမီရှင်အတန်းကို သူတို့ရဲ့ဦးစီးဦးဆောင်အဆင့်အတန်းကနေ ကန်ထုတ်ဖို့နည်းနည်းလေးမှ မစဉ်းစားနဲ့…” ပါရမီရှင်အတန်းက ကျောင်းသားတွေရဲ့ အမူအယာတွေ ပျက်ယွင်းသွားရစဉ်မှာ တည်ငြိမ်တဲ့အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ များစွာသောအကြည့်တွေက အသံထွက်ပေါ်လာသည့်အရပ်ကို စုပြုံရောက်ရှိသွားခဲ့ရပြီး ချူထျန်းယန်နောက်မှာရပ်နေတဲ့ ပိန်ပါးပါးနဲ့ တည်ငြိမ်မှုရှိတဲ့ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

စကားပြောလိုက်သည့်သူက ဇူယွမ်ပင်ဖြစ်သည်။

ဇူယွမ်ပြောတာကို မြင်လိုက်ရတဲ့အခါ ချီယွဲ့ကအနည်းငယ်ပြုံးလိုက်မိပြီး “ပါရမီရှင်အတန်းက အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ နှစ်နှစ်ဆက်တိုက်ရှုံးနိမ့်သွားခဲ့ရကတည်းက ဒီနှစ်အတွက်လည်း မျှော်လင့်ချက်မရှိနိုင်ဘူး… ဒါ့ကြောင့်ပဲ အတန်းတွေရဲ့ခေါင်းဆောင်ဆိုတာက နာမည်ပဲရှိတော့တယ်… မင်းသားလေးအနေနဲ့ ဒီကိစ္စကို အတင်းအကျပ်လုပ်ယူဖို့ မလိုအပ်ဘူး…”

“စည်းကမ်းက စည်းကမ်းပဲ… ဒါ့အပြင်ကို ငါတို့ရဲ့ပါရမီရှင်အတန်းက ဒီနှစ်ပထမနေရာကို ဆုံးရှုံးလိမ့်မယ်လို့ ငါမယုံကြည်ဘူး…” ဇူယွမ်ကပြုံး၍ ပြောသည်။ သူ့ရဲ့လေသံက တည်ငြိမ်နေပြီး အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိချေ။

ချီယွဲ့ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ရပြီး သူ့နှုတ်ခမ်းထောင့်စွန်းမှာ အထင်သေးသည့်အမူအယာတစ်ခုထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပြန်ပြောလိုက်သည်… “မင်းသားလေးရဲ့ ထင်မြင်ချက်တွေက အရမ်းကိုရိုးစင်းတာပဲ… အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက လအနည်းငယ်လောက်လိုနေသေးပေမဲ့လည်း ထွက်ပေါ်လာမဲ့ရလဒ်က ထင်ရှားနေပြီပဲ… ပါရမီရှင်အတန်းက ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန် ၆ နာရီလောက်ယူပြီး ဘာကြောင့်ဒီကျင့်ကြံခြင်းအရင်းအမြစ်တွေကို အလဟဿဖြစ်စေမှာလဲ…”

ဇူယွမ် သူ့ရဲ့ခေါင်းကိုခါပြလိုက်သည်… “ငါတို့ရဲ့ပါရမီရှင်အတန်းက ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာလေ့ကျင့်တာက ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ဖြုန်းတီးနေတာလို့ ငါတော့ မခံစားရဘူး…”

ချီယွဲ့က အေးစက်စွာ ရယ်မောလိုက်ပြီး “မင်းက စကားတွေနဲ့ပဲ အလျော့မပေးပဲပြောနေမှာလား… မင်းရဲ့စကားတွေကို စွမ်းဆောင်ရည်နဲ့ သက်သေပြရဲလား…”

“အိုး…” ဇူယွမ်ရဲ့ မျက်ခုံးတွေ အနည်းငယ်တွန့်ကွေးသွားခဲ့ရသည်။

“စိတ်မပူပါနဲ့… ငါမှာ မင်းနဲ့ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူး… ဒါက နည်းနည်းတော့ မမျှတရာကျနေတယ်…” ချီယွဲ့က အလေးအနက်မထားဘဲ ပြုံး၍ပြောလိုက်သည်။ သူ့ရဲ့လေသံမှာ အထင်သေးလှောင်ပြောင်ဟန်တွေ ပြည့်နှက်နေတဲ့အတွက် ပါရမီရှင်အတန်းရှိကျောင်းသားတွေရဲ့ မျက်နှာတွေက ဒေါသကြောင့် အရောင်ပြောင်းသွားခဲ့ရသည်။

ချီယွဲ့က ကျောက်စိမ်းဝိညာဉ်ရေတံခွန်ကို ညွှန်ပြလိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာလည်း ထွင်းဖောက်သွားတော့မတတ် အကြည့်တစ်ခုက ထွက်ပေါ်လာခဲ့သည်။

“တကယ်လို့ မင်းကလက်မခံနိုင်ဘူးဆိုရင် ငါတို့တွေတစ်ယောက်ချင်း ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲကို သွားပြီးတော့ ဘယ်သူကအချိန်အကြာဆုံးခုခံနိုင်မလဲ ပြိုင်ကြမလား… ဒါမှပဲ ဒီကျင့်ကြံခြင်းအရင်းအမြစ်တွေကို ဘယ်သူကဖြုန်းတီးနေတာလဲဆိုတာကို တိတိကျကျသိနိုင်လိမ့်မယ်…”

နောက်ဆုံးမှာတော့ သူ့ရဲ့အစီအစဉ်က ထွက်ပေါ်လာခဲ့ရပြီဖြစ်သည်။

ချူထျန်းယန်က အထင်သေးစွာဖြင့်ပြောလိုက်သည်… “မင်းက စွမ်းအင်ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်တာ အရမ်းကိုကြာနေခဲ့ပြီ… ဒါ့ကြောင့်မင်းရဲ့ခန္ဓာကိုယ်စွမ်းရည်က အရမ်းမြင့်တယ်… ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ ဘယ်သူက မင်းလောက်အချိန်အကြာကြီးခုခံနိုင်မှာလဲ…”

ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ ဇူယွမ်ရဲ့စွမ်းဆောင်ရည်က ကောင်းမွန်လှပြီး သူကတစ်ကြိမ်ပြီးတစ်ကြိမ် ခုခံနိုင်တဲ့အချိန် ပိုပြီးကြာမြင့်လာခဲ့ရပေမဲ့လည်း ချီယွဲ့က သူ့ရဲ့မြင့်မားတဲ့ ခန္ဓာကိုယ်စွမ်းရည်ဖြင့် တူညီစွာပင် ဆောင်ရွက်နိုင်စွမ်းရှိသည်ကို လူတိုင်းသိပေသည်။

ချီယွဲ့က ထူးမခြားနားစွာဖြင့် ပြန်ပြောသည်… “တကယ်လို့ ကျောင်းအုပ်ချူက ဒါကိုမမျှတဘူးလို့ထင်ရင် ကျောင်းအုပ်ရဲ့ ပါရမီရှင်အတန်းမှာ ဝင်ပေါက်ခြောက်ခုဖွင့်နိုင်သူမရှိတာကိုပဲ အပြစ်တင်ရလိမ့်မယ်…”

ချူထျန်းယန်ရဲ့မျက်လုံးထဲမှာ ဒေါသတွေထွက်ပေါ်လာခဲ့ရသည်။ သူကပြောဖို့ပြင်လိုက်စဉ်မှာပင် ဇူယွမ်က ပြောလိုက်သည်… “လောင်းကြေးက ဘာလဲ…”

ချီယွဲ့က သေချာစီစဉ်ပြီးမှလာခြင်းဖြစ်သည့်အတွက် သူကလွယ်လွယ်နဲ့ နောက်ပြန်ဆုတ်လိမ့်မည်မဟုတ်ဘူးဆိုတာကို ဇူယွမ်ပြောနိုင်ပေသည်။ ဒါ့ကြောင့်ပင် သူတို့ကလည်း ဘာပဲဖြစ်ဖြစ် အဆုံးထိရောက်အောင် ဆက်လိုက်သွားရဖို့ပဲ ရှိပေလိမ့်မည်။

“လောင်းကြေးလား… ဟက်… တကယ်လို့ ငါတို့ဒုတိယအတန်းကနိုင်ခဲ့ရင် ပါရမီရှင်အတန်းက လေ့ကျင့်ချိန် ၃ နာရီခွဲပေးရမယ်… ၂ နာရီကို ငါတို့ဒုတိယတန်းကိုပေးပြီး ကျန်တဲ့ ၁ နာရီကို ကျန်တဲ့အတန်းသုံးတန်းကို ခွဲပေးရလိမ့်မယ်… ဒါဆိုဘယ်လိုလဲ…” ချီယွဲ့က ဇူယွမ့်ကို အဖမ်းခံရတော့မယ့် သားကောင်တစ်ကောင်လို စိုက်ကြည့်လိုက်ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ကွေးသွားခဲ့ရသည်။

“၃ နာရီလား…” ဒါကိုကြားလိုက်ရတဲ့အခါ ပါရမီရှင်အတန်းက ကျောင်းသားတွေရဲ့မျက်နှာပေါ်မှာ ချက်ချင်းဆိုသလို ဒေါသတွေ ဖုံးလွှမ်းသွားခဲ့ရသည်။ သူတို့ပါရမီရှင်အတန်းရရှိထားတဲ့ ၆ နာရီထဲက တစ်ဝက်ကို ယူချင်တာလား။ ဒါက အမှန်တကယ်ကို ပြင်းထန်တဲ့ရိုက်ချက်တစ်ခုဖြစ်ပေသည်။

အခြားအတန်းတွေက ကျောင်းသားတွေက တစ်ခုမှ ဝင်ရောက်ပြောဆိုခြင်းမရှိခဲ့ပေ။ လက်ရှိအခြေအနေက ပါရမီရှင်အတန်းနဲ့ ဒုတိယအတန်းကြားက ယှဉ်ပြိုင်မှုဖြစ်သည်။ သို့ပေမဲ့လည်း သူတို့ကသာ ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန်အနည်းငယ်ထပ်ရခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ကျေနပ်မှုရှိစေပေလိမ့်မည်။

ဒါ့အပြင်ကို ကျောင်းသားအများစုက ချီယွဲ့ရဲ့ ကိုယ့်ကိုကိုယ် စိတ်ချယုံကြည်နေမှုကိုလေးစားတဲ့အနေနဲ့ ဘေးကနေသာ ရပ်ကြည့်ရန်ဆုံးဖြတ်ခဲ့ကြသည်။

ဇူယွမ်ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပြီး ပြုံးနေသည့် ချီယွဲ့ကိုကြည့်လိုက်သည်။ ခဏကြာသည့်အခါ ဇူယွမ်က ဖြည်းညှင်းစွာပြောလိုက်သည်… “၃ နာရီလား… သဘောတူတယ်… ဒါပေမဲ့လည်း မင်းရှုံးသွားရင် ဒုတိယအတန်းကလည်း ကျောက်စိမ်းဝိညာဉ်ရေတံခွန်မှာ လေ့ကျင့်ချိန် ၃ နာရီကို ပေးဖို့လိုအပ်တယ်…”

သူတို့အနေနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ရလိမ့်မယ်ဆိုရင် ဇူယွမ့်လို လေးခုမြောက်ဝင်ပေါက်ကိုမဖွင့်ထားနိုင်သေးတဲ့လူတစ်ယောက်က ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်သည့် ချီယွဲ့နဲ့ ယှဉ်ပြိုင်ရာမှာ အနိုင်ရရှိဖို့အခွင့်အရေး ရှိနိုင်လိမ့်မည်မဟုတ်ပေ။ ဒါပေမဲ့လည်း သူတို့က ကျောက်စိမ်းဝိညာဉ်ရေတံခွန်ထဲမှာ ယှဉ်ပြိုင်ကြမယ်ဆိုရင်တော့ ဇူယွမ်က ယုံကြည်မှုရှိကာ တော်ဝင်ဇူကျောင်းတော်ထဲက ဘယ်ကျောင်းသားကိုမဆို သူ့အနေနဲ့ ကြောက်ရွံ့နေလိမ့်မည်မဟုတ်ပေ။

ချီယွဲ့က ကြိုတင်ပြင်ဆင်လာခဲ့တာကို သူကသိခဲ့ရပေမဲ့လည်း ချီယွဲ့ကတော့ သူ့အကြောင်းကို သိထားမည့်ပုံမပေါ်ပေ။

ဒါ့အပြင် ချီယွဲ့က သူတို့ပါရမီရှင်အတန်းရဲ့ လေ့ကျင့်ချိန် ၆ နာရီကို မျက်စိကျနေသလို ဇူယွမ်ကလည်း သူတို့ရတဲ့ ၆ နာရီက အရမ်းကို နည်းပါးလွန်းတယ်လို့ ခံစားခဲ့ရသည်။ သူ့မှာ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုတစ်လေမှ မရှိခဲ့သည့်အတွက် အရာအားလုံးပြောင်းလဲသွားစေရန် မတတ်နိုင်ခဲ့ပေ။ ချီယွဲ့က ရုတ်တရက် ဒီလိုကြီးမားတဲ့လက်ဆောင်ကြီးတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ခဲ့ကတည်းက ဇူယွမ့်အနေနဲ့ ငြင်းပယ်ဖို့ရန် အကြောင်းပြချက်တစ်စုံတစ်ရာ မရှိခဲ့ချေ။

သေချာပေါက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ ဇူယွမ်က ချက်ချင်းသဘောတူလက်ခံခဲ့တာကို မြင်လိုက်ရတဲ့အခါ ချီယွဲ့ရဲ့အမူအယာက အနည်းငယ်တင်းမာသွားခဲ့ရသည်။ သို့ပေမဲ့လည်း မကြာမီမှာပဲ သူ့ရဲ့ဖုံးကွယ်ထားတဲ့ ဝှက်ဖဲတစ်ချပ်ကို သတိရမိလိုက်ပြီး သူ့ရဲ့မျက်လုံးထဲမှာ လွန်စွာကြောက်စရာကောင်းသည့် အကြည့်တစ်ခု ဖျတ်ခနဲပေါ်လာခဲ့ရသည်။

“ကောင်းပြီ… ငါတို့ ရှုံးခဲ့မယ်ဆိုရင် ငါတို့ဒုတိယအတန်းရဲ့ အချိန် ၃ နာရီကို ဆုံးရှုံးရလိမ့်မယ်…”

ချီယွဲ့ရဲ့စကားသံပျောက်ကွယ်သွားသကဲ့သို့ ပတ်ပတ်လည်မှာရှိနေတဲ့ ကျောင်းသားတွေထံမှ ဆူညံပွက်လောရိုက်သံတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဒါကိုကြည့်ခြင်းအားဖြင့် နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲအထိရောက်အောင် စောင့်ရန်မလိုအပ်တော့ပေ။ ပါရမီရှင်အတန်းနဲ့ ဒုတိယအတန်းကြား ပဋိပက္ခက ဒီနေရာမှာတွင်ပဲ စတင်ပေလိမ့်မည်။

သို့ပေမဲ့လည်း သူတို့တွေက ဒုတိယအတန်းဘက်တွင်သာ ရှိကြလိမ့်မည်မှာ ထင်ရှားလှပေသည်။ ဒါက ဒုတိယအတန်းမှာ ချီယွဲ့ရှိနေခြင်းကြောင့်ပင်။ ချီယွဲ့က လက်ရှိတော်ဝင်ဇူကျောင်းတော်ထဲမှာ ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်သည့် တစ်ဦးတည်းသောကျောင်းသားဖြစ်သကဲ့သို့ သူ့ရဲ့ဖြစ်တည်မှုက လူတိုင်းရဲ့အပေါ်မှာ လွှမ်းမိုးနေပေသည်။

အခြားတစ်ဖက်မှာတော့ ဇူယွမ်က ဝင်ပေါက်သုံးခုကိုသာ ဖွင့်ထားနိုင်ခဲ့သည်။ ဘယ်လိုလုပ် သူက ချီယွဲ့နဲ့ ယှဉ်နိုင်ပါ့မည်လဲ။

အမြဲတမ်းတည်ငြိမ်ပြီး ခေါင်းအေးအေးထားဖြေရှင်းတတ်တဲ့ မင်းသားဇူယွမ်က ဘာကြောင့်ဒီနေ့မှာ သူ့ရဲ့ပုံစံပျောက်ဆုံးနေခဲ့ရတာလဲ။


Comment

Leave a Reply

Options

not work with dark mode
Reset