ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားတော့သည်။ ကျောက်စိမ်းပေလွှာထဲမှ သူ့ကိုပြောသောစကားလုံးများကို သူက ပြန်တွေးတောနေစဥ် လိပ်ကလေးမှာ သနားစဖွယ်အော်ဟစ်ကာ သူ၏ ထည့်စရာအိတ်ထဲသို့ ပျံဝင်သွားသည်။
” ကလေးရေ။ မင်းသေရင် ငါမင်းအတွက် အမွှေးတိုင်တွေနဲ့ ပူဇော်ပေးပါ့မယ်ကွာ။ မိစ္ဆာတွေရဲ့ လက်ကနေတောင် လွတ်ထွက်ခဲ့တဲ့ လိပ်ကိုယ်တော်က ဒီနေရာမှာမှ လာပိတ်မိနေရတယ်လို့ကွာ။”
ပိုင်ရှောင်ချန်းမှာ ဒေါသအကြီးအကျယ်ထွက်နေပြီဖြစ်သည်။ သူက အံကြိတ်လိုက်ရင်း အော်ပြောလိုက်တော့သည်။
” မင်းပါးစပ်ပိတ်ထားစမ်း”
သို့သော်လည်း ယခုအချိန်သည် လိပ်ကလေးကို စိတ်ပူနေရမည့်အချိန် မဟုတ်ပေ။
” ဒီမှာ ဖားကြီး။ မင်းငါ့အသံကို ကြားရမှန်း ငါသိတယ်။ ငါ့ကိုလွှတ်ပေးစမ်း။ အဲ့တာဆို မင်းကို ငါ ပြဿနာမရှာဘူး။”
” ရှေးခေတ်တုံးက ကျင့်ကြံသူက မင်းကို လွန်လွန်ကျူးကျူးလုပ်သွားတာ ငါနားလည်ပါတယ်ကွာ။ ဒါပေမဲ့ အဲ့တာငါနဲ့မှ မဆိုင်ပဲကို။ ငါက အပြစ်ကင်းပါတယ်ကွ။ လွှတ်ပေးပါ။ တစ်ယောက်နဲ့တစ်ယောက် အညိုးအတေးတွေ ထားနေစရာ မလိုပါဘူး။ ပြေလည်ရာပြေလည်ကြောင်း ဆွေးနွေးရအောင်လေ။ တစ်ယောက်ကိုတစ်ယောက် ထ်ိခိုက်နစ်နာအောင် လုပ်စရာ အကြောင်းမှမရှိတာပဲ။ ငါတိုက်ကွက်တွေထုတ်ရင် ငါ့ကိုယ်ငါတောင် ပြန်လန့်ရတာနော်။”
သူ၏ စကားသံများပဲ့တင်ထပ်နေချိန်တွင် ဧရာမဖားကြီး၏ အတွင်းပိုင်းတွင် တဂျုန်းဂျုန်းမြည်သံများဖြင့် ပြည့်နှက်နေပြီး အားပြင်းသော ဖိအားကြီးများ ပေါ်ထွက်နေတော့သည်။ ပိုင်ရှောင်ချန်းမှာ သူ၏ အရိုးများမှ တကျွိကျွိမြည်သံများပေါ်ထွက်လာသဖြင့် သွေးပွက်ပွက်အန်ကာ တုန်ရီနေတော့သည်။
ထိုအားပြင်းလှသော ဖိအားကြီးအပြင် ရှေးခေတ်က ကျင့်ကြံသူအပေါ် ဖားကြီး၏ မုန်းတီးမှုသည် ယခုအခါတွင် ပိုင်ရှောင်ချန်းသို့ တဟုန်းဟုန်းတောက်လောက်နေသည့် အမျက်ဒေါသများအလား ကျရောက်နေသည်။ ပိုင်ရှောင်ချန်း မည်သို့ပင်ရှင်းပြပါစေကာမူ အကျိုးထူးမည်မဟုတ်။
” မင်း…”
ပိုင်ရှောင်ချန်းမှာ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် အရာနှင့်ကြုံတွေ့နေရသည့်အလား ခံစားနေရသည်။ သို့သော်လည်း သူစကားတစ်ခွန်းမှပင် မပြောရသေးချိန်တွင် ဖိအားကြီးမှာ ပို၍ပြင်းထန်လာသဖြင့် အင်မော်တယ်ဂူကြီးမှာ ပိုမိုလျင်မြန်စွာ ပြိုကျလာသည်။ လိပ်ကလေးမှာလည်း ငယ်သံပါအောင်အော်ဟစ်နေပြီး ပိုင်ရှောင်ချန်းမှာ ရူးသွပ်လုနီးပါးဖြစ်နေတော့သည်။
” အနိုင်ကျင့်ဖို့လောက်သိတဲ့ လူဆိုးကြီး။”
ခန္ဓာကိုယ်တွင် ဒဏ်ရာအပြည့်ဖြစ်နေသဖြင့် သွေးစက်များဖြင့် စိုရွှဲနေသည့် ပိုင်ရှောင်ချန်းက အော်ပြောလိုက်သည်။ စဥ်းစားတွေးတောရန်ပင် အချိန်မရှိတော့ချေ။ ဖားကြီးက သူ့ကိုသတ်ရန်ကြိုးစားနေသည်မှာ အသိအသာကြီးပင်။ ထို့ကြောင့် သူက အံကြိတ်လိုက်ပြီး ကျောက်စိမ်းပေလွှာထဲရှိ ညွှန်ကြားချက်များကို လိုက်နာကာ ညာလက်ကိုဆန့်ထုတ်လိုက်ပြီး ထာဝရထီး ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ထိုထီးကို မြေကြီးထဲသို့ အားပြင်းစွာဖြင့် ထိုးစိုက်လိုက်တော့သည်။
ထီး၏ ဓားတမျှချွန်ထပ်သည့် ထိပ်ဖူးမှာ မြေကြီးထဲသို့ လျှောလျှောလျှူလျှူ ဝင်သွားပြီးနောက် ဖားကြီး၏ အသွေးအသားများထိပါ ဖောက်ဝင်သွားတော့သည်။
သွေးများပန်းထွက်လာသောအခါ ပိုင်ရှောင်ချန်း၏မျက်ဝန်းများမှာ အရောင်တောက်ပလာပြီး ထီးကို ပို၍တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ တခြားလက်တစ်ဖက်ဖြင့် သူက မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး တပြိုင်နက်ထဲမှာပင် စာလုံးအချို့ကို ရွတ်ဆိုလိုက်သည်။ ထို့နောက် အင်မော်တယ်ဂူကြီး လုံးဝပြိုကျလုနီးပါးဖြစ်နေသည့်အချိန်တွင် သူက အော်ဟစ်လိုက်လေသည်။
” ထာဝရ။ ”
ထိုအသံကို တုံ့ပြန်သည့်အလား ထာဝရထီးထဲမှ အနက်ရောက်အလင်းတန်းများ တောက်ပလာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ထိုအလင်းတန်းမှာ အင်မော်တယ်ဂူကို ဖုံးလွှမ်းသွားပြီး ဖားကြီး၏ အခြားခန္ဓာကိုယ်အပိုင်းများထိပါ ပျံံ့နှံ့သွားတော့သည်။
အနက်ရောင် အလင်းတန်းကြီး ပျံ့နှံ့သွားသောအခါ ၎င်းအလင်းတန်းသည် ဖားကြီးထဲတွင် တပ်ဆင်ထားသော အထိန်းအချုပ် မန္တန်အစီအရင်များစွာကို နိုးထစေလိုက်တော့သည်။ ထိုမန္တန်များမှာ တုန်ရီစပြုလာတော့သည်။ သို့သော်လည်း စတင်တပ်ဆင်ထားသည့်အချိန်နှင့် ယခုမှာ ကြာမြင့်လှနေပြီဖြစ်၍ မန္တန်အများစုမှာ အားပျော့နေပြီဖြစ်ပြီး ပြုပြင်၍မရတော့ချေ။ အဆုံးတွင် ထောင်ဂဏန်းအနည်းငယ်မျှသာ အပြည့်အဝ အလုပ်လုပ်ပေသည်။ သို့သော်လည်း ထိုတစ်ခုချင်းစီဖြင့် အားလုံးပေါင်းစည်းမိသွားသောအခါ အနက်ရောင်ကျင်းကြီးနှင့်ဆင်တူသည့် ကြီးမားသောဆွဲငင်အားကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့လေသည်။
အထိန်းအချုပ် မန္တန်တစ်ထောင်ကျော်လောက်မှာ ဖားကြီး၏ ခန္ဓကိုယ်ထဲတွင် အနက်ရောင်ကျင်းကြီး တစ်ထောင်ကျော်ကဲ့သို့ ဖြစ်နေတော့သည်။ ထာဝရထီးသည် ၎င်း အနက်ရောင်ကျင်းများ၏ အလည်ဗဟိုအလား ဖြစ်နေသည်။
ဆွဲငင်အားများ ပျံ့နှံ့သွားသောအခါ ဖားကြီးမှာ တုန်ရီစပြုလာပြီး ကျယ်လောင်စွာ အော်ဟစ်နေတော့သည်။ ပိုင်ရှောင်ချန်းမှာလည်း တုန်လှုပ်နေသည်။ ရုတ်တရက်ပင် အနက်ရောင်ကျင်းများက ဖားကြီး၏ သက်စောင့် စွမ်းအားများကို ဝါးမျိုကာ ထာဝရထီးဆီသို့ ပေးပို့နေတော့သည်။
ထို့နောက် ဖော်ပြ၍မရနိုင်လောက်သည့် အဆုံးအစမဲ့သော ချီနှင့် သွေးစွမ်းအားများမှာ ထီးကိုဖြတ်၍ ပိုင်ရှောင်ချန်း၏ ညာလက်ထဲသို့ စီးဝင်သွားကြသည်။
ဂျုန်းဂျုန်းဂျုန်း…
ပိုင်ရှောင်ချန်း၏ အသိစိတ်များမှာ ကဆုန်ပေါက်နေတော့သည်။ သူ၏ အကြည့်မှာ အသက်မဲ့သလိုဖြစ်နေပြီး သူ၏ ဆံနွယ်များမှာ ခါယမ်းနေသည်။ သူ၏ ဝိညာဥ်မှာ သူ၏ခန္ဓာကိုယ်ထဲမှ ပျံထွက်ချင်သည့်အလားပင် ဖြစ်နေသည်။ အဆုံးအစမဲ့သော ချီနှင့်သွေးများက သူ၏ကိုယ်တွင်းသို့ စီးဝင်သွားသဖြင့် သူ၏ အသိစိတ်မှာ ဖြည်းညင်းစွာဖြင့် ကွက်လပ်ကြီးတစ်ခုဖြစ်လာတော့သည်။
ချီနှင့် သွေးကို သက်စောင့် စွမ်းအားအဖြစ် သတ်မှတ်နိုင်ပြီး ယခုတွင် သူ၏ခန္ဓာကိုယ်ထဲသို့ ၎င်းတို့က အရူးအမူး စီးဝင်နေသည်ဖြစ်သဖြင့် ပိုင်ရှောင်ချန်း၏ ထာဝရအသက်ရှည်နည်းပညာရပ်မှာ စတင် အလုပ် လုပ်လာတော့သည်။ အက်ကွဲကာ ပက်ကြားအပ်နေသည့် မြေပြင်ပေါ်သို့ အင်မော်တယ် ဝတ်ရည်များ လောင်းချလိုက်သည့်အလားပင် ဖြစ်နေသည်။ ပိုင်ရှောင်ချန်း တုန်ရီလာသည်အထိ ထိုပညာရပ်မှာ လျင်မြန်စွာ တိုးတက်အဆင့်မြင့်လာတော့သည်။ သူ၏ အပြင်အားမှာ ကြောက်ခမန်းလိလိ လျင်မြန်စွာ တိုးတက်သွားတော့သည်။
တတိယမြောက် ကောင်းကင်နတ်ဆိုးတစ်ကောင် ပေါ်ထွက်လာသည်။
စတုတ္ထမြောက် ကောင်းကင်နတ်ဆိုးတစ်ကောင်လည်း ပေါ်ထွက်လာလေသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်နတ်ဆိုးလေးကောင်မှာ သူ၏နောက်တွင် ပေါ်ပေါက်လာပြီး ၎င်းတို့မှာ ဦးခေါင်းများကိုနောက်ပစ်၍ ဟိန်းဟောက်လိုက်သဖြင့် အဆုံးအစမရှိသော စွမ်းအားများမှာ အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားတော့သည်။ သို့သော်လည်း ဖားကြီး၏ ရုန်းကန်မှုမှာ ပို၍အားကောင်းလာပြန်သည်။
အထိန်းအချုပ် မန္တန်တစ်ထောင်ကျော်မှာ ပြိုကွဲစပြုလာသောအခါ တဂျုန်းဂျုန်းမြည်သံများ အဆက်မပြတ်ထွက်ပေါ်လာပြီး ဖားကြီး၏ ခန္ဓာကိုယ်ထဲတွင် သနားစဖွယ်အော်မြည်သံများဖြင့် ပြည့်နေတော့သည်။
သို့သော်လည်း ဆွဲငင်အားကြီးကမူ မပျက်စီးသေးချေ။ အချိန်ကုန်သွားသည်နှင့်အမျှ အဆုံးမရှိသော သက်စောင့်စွမ်းအားများမှာ အထိန်းအချုပ်မန္တန်များကိုဖြတ်ကာ ထာဝရထီးထဲသို့စီးဝင်သွားကြသဖြင့် ပိုင်ရှောင်ချန်းက အားလုံးကို စုပ်ယူနေတော့သည်။ သူစုပ်ယူလေလေ ကောင်းကင်နတ်ဆိုးများ ပို၍ ထွက်ပေါ်လာလေဖြစ်သည်။
ပဥ္စမမြောက် ကောင်းကင်နတ်ဆိုး….
ဆဋ္ဌမမြောက် ကောင်းကင်နတ်ဆိုး…
လိပ်ကလေးမှာ သတိကြီးကြီးထားကာ ထည့်စရာအိတ်ထဲမှ အပြင်သို့ ချောင်းကြည့်လိုက်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ သူသည် မနာလိုစိတ်အနည်းငယ်ပင် ဝင်လာတော့သည်။
” သောက်ကျိုးနည်း။ ဘယ်လိုကံကောင်းမှုမျိုးကြီးလဲဟ။ ” အဆုံးတွင် သူက ဘာဆက်ပြောရမည်မှန်းမသိသဖြင့် မျက်လုံးများကို ပင့်လိုက်တော့လေသည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်း အယောက်တစ်သောင်း ပေါင်းစည်းလျှင်ပင် ဖားကြီးကို ယှဥ်နိုင်မည်မဟုတ်ကြောင်း သူကသိသည်။ သို့သော်လည်း ဖားကြီး၏ အတွင်းမှာ ထီးနှင့်ချိတ်ဆက်ထားသော အထိန်းအချုပ် မန္တန်ပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။
ပို၍တိတိကျကျပြောရမည်ဆိုလျှင် ဖားကြီး၏ သက်စောင့်စွမ်းအားများကို စုပ်ယူနေသူမှာ ပိုင်ရှောင်ချန်းမဟုတ်။ ထီးသာဖြစ်သည်။ ပိုင်ရှောင်ချန်း၏ တာဝန်မှာ ဂါထာမန္တန်ကို မှန်ကန်စွာရွတ်ဆိုရန်ပင် ဖြစ်သည်။
” ဘယ်ကောင်ကများ ဒီအင်မော်တယ်ဂူကို ဒီမှာ လာဆောက်ထားတာလဲ။ ဒီလိုအရာတွေက တော်တော်ရှားပါးတာကွ။” လိပ်ကလေးက တွေးနေတော့သည်။
ထိုအချိန် ပြင်ပကမ္ဘာရှိ တောင်စဥ်တန်းများထဲတွင် ဖားကြီး၏ အော်ဟစ်သံများမှာ ကျယ်လောင်လွန်းလှသဖြင့် ကောင်းကင်နှင့် မြေကြီးတို့တွင် တောက်ပသော အလင်းရောင်များ တလက်လက်ထနေတော့သည်။ လေပြင်းကြီးတစ်ချက်မှာ အရပ်မျက်နှာ ပေါင်းစံသို့ တိုက်ခတ်သွားပြီး ဖားကြီးမှာ တဖြည်းဖြည်းချင်း ခြောက်ကပ်စပြုလာသည့် ခန္ဓာကိုယ်ကြီးဖြင့် ရှေ့နောက် ခုန်ပေါက်နေသဖြင့် ထိုနေရာရှိ တောင်များမှာ အပိုင်းပိုင်း ပြိုကျနေတော့သည်။
ကျေးငှက်နှင့် သားရဲများမှာလည်း ကြောက်လန့်လွန်းလှသဖြင့် တုန်လှုပ်နေကြပြီး အများစုမှာ တောင်ပြိုမှုများထဲတွင် သေဆုံးသွားကြသည်။ ဖားကြီးမှာ ရူးသွပ်နေသည့်အလားဖြစ်နေသဖြင့် ကီလိုမီတာ ငါးထောင်ပတ်ပတ်လည်ရှိ နေရာများမှာ အပျက်အစီးများအသွင် ပြောင်းလဲသွားတော့သည်။ ထိုနေရာများ အကျော်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီး ငါးယောက်မှာ အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများနှင့်အတူ လျင်မြန်စွာ ပြေးလာနေကြသည်။
ကောင်းကင်ချိုမှင်ရည်နဂါးမှာ သူတို့ကို ဦးဆောင်လာလေသည်။ ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီး၏ အမူအရာမှာ စိုးရိမ်မှုများဖြင့် ဖုံးလွှမ်းနေသည်။ နဂါးထံမှ သတင်းရချိန်တွင် သူတို့သည် သားရဲကြီး၏ အရိုးစုကို ထုတ်ဖော်ရာတွင် အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုလုပ်ငန်းစဥ်ကို ရပ်တန့်လိုက်၍ မရနိုင်ပါသော်လည်း သူတို့သည် အရှိန်ကိုတော့ တင်လိုက်နိုင်သည်။ သားရဲကြီး၏ အရိုးစုကို အောင်မြင်စွာ တူးဖော်ပြီးနောက် သူတို့သည် အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများကို ဆင့်ခေါ်ကာ သူတို့ပိုင်ဆိုင်ထားသည့် ကောင်းကင်ချိုမှင်ရည်နဂါး၏ အကြေးခွံအားလုံးကို အသုံးပြုကာ ပိုင်ရှောင်ချန်းကို ကယ်တင်ရန် ထွက်ခွာခဲ့ကြသည်။
” အဲ့ဖားမှာ နှောင်းပိုင်း ယင်ယန်ဝိညာဥ်အဆင့်နဲ့ ညီတဲ့ စွမ်းအားတွေ ရှိလောက်တယ်။” ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက အံကြိတ်ရင်း ဆိုသည်။
” ငါတို့ရဲ့ ခေါင်းဆောင်ငယ်လေးကို ဒဏ်ရာရအောင် လုပ်လို့ကတော့ အဲ့ဖားရဲ့ အရွတ်တွေကို ဖြတ်ပစ်ပြီး အရှင်လက်လက် အရေခွံဆုတ်ပစ်မယ်ကွ။ ”
ခေါင်းဆောင်ကြီး ထျယ်မု၊ လီကျစ်မိုနှင့် အခြားခေါင်းဆောင်ကြီး နှစ်ယောက်တို့မှာလည်း အကြီးအကျယ် စိုးရိမ်နေကြသည်။ ပိုင်ရှောင်ချန်းသာ ဆိုးဆိုးရွားရွား ထိခိုက်သွားပါက အဏ္ဏဝါဂိုဏ်းအတွက် ထိခိုက်နစ်နာမှုကြီးတစ်ခု ဖြစ်မည်သာ။
ယခင်ကကဲ့သို့ စွမ်းအားကြီးနေဦးမည် ဖြစ်ပါသော်လည်း မဝေးလှသည့်အနာဂတ်တွင် ဂိုဏ်းခွဲမှုများနှင့် ကြုံတွေ့ရမည်မှာ ဧကန်ပင်။
လီချင်းဟောက်၏ မျက်ဝန်းများမှာ နီမြန်းနေပြီး အေးစက်လှသောသတ်ဖြတ်လိုစိတ်များဖြင့် လေထဲတွင် ပျံသန်းနေတော့သည်။
ကောင်းကင်ချိုမှင်ရည်နဂါးကြီးမှာလည်း အလွန်စိတ်ပူနေပြီး စကားများများစားစား မပြောရဲချေ။ သူလုပ်နိုင်သည့်တစ်ခုထဲသောအရာမှာ အမြန်ဆုံးနည်းဖြင့် လမ်းပြရန်သာဖြစ်သည်။ မကြာမီတွင် ဖားကြီး၏ ဒဏ်ကိုခံထားရသည့် ကီလိုမီတာ ငါးထောင်ပတ်လည်ရှိသော ဒေသဆီသို့ သူတို့ရောက်ရှိသွားတော့သည်။ ကောင်းကင်ချိုမှင်ရည်နဂါးကြီး စကားတစ်ခွန်းမှပင် မပြောရသေးချိန်တွင် ပြင်းထန်လှသော တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာပြီး ပြိုကျနေသည့် တောင်များကို မြင်လိုက်ရသည်။ မြေကြီးမှာလည်း ပြင်းထန်သော တုန်ခါနေပြီး မရေမတွက်နိုင်သော ကျေးငှက် သားရဲများမှာ သေဆုံးနေကြခေသည်။ ခေါင်းဆောင်ကြီးနှင့် အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများအားလုံး မှင်တက်နေကြတော့သည်။
” ဘာတွေ ဖြစ်နေတာလဲ။ ”
ယခင်ကထက်ပင် ပို၍ တုန်လှုပ်သွားကြသည့် ထိုအုပ်စုမှာ အရှိန်တင်ကာ ရှေ့သို့ ဆက်သွားလိုက်ကြသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ သတ္တမမြောက် ကောင်းကင်နတ်ဆိုးကြီးမှာ ဟိန်းဟောက်ကာ စတင်ပေါ်ထွက်လာတော့သည်။
ထို့နောက် အဋ္ဌမမြောက်နှင့် နဝမမြောက် ကောင်းကင်နတ်ဆိုးတို့ပါ ထွက်ပေါ်လာသည်။
သူ၏နောက်ဖက်တွင် ကောင်းကင်နတ်ဆိုး ကိုးကောင်တိတိပေါ်ထွက်လာသဖြင့် သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ အရင်ကမကြုံဖူးသည့် အဆင့်အထိ မြင့်တက်သွားတော့သည်။ ထာဝရအသက်ရှည်နည်းပညာရပ်၏ ကျင့်ကြံခြင်းမှာ သက်စောင့်စွမ်းအားကိုလိုအပ််ပြီး အလုံအလောက်သာရရှိပါက တိုးတက်မှုနှုန်းမှာ အတိုင်းအဆမရှိပေ။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူသည် သွေးဘိုးဘေးကြီး၏ သွေးချီများကိုသုံးကာ သူ၏ တိုးတက်မှုနှုန်းကို လျင်မြန်အောင်လုပ်နိုင်ခဲ့သည်။ ယခုတွင်မူ သူက ဖားကြီးဆီမှ ချီနှင့် သွေးများကိုစုပ်ယူကာ ကြောက်ခမန်းလိလိ အရှိန်ဖြင့် ထာဝရအသက်ရှည်နည်းပညာရပ်၏ ဒုတိယအဆင့်အထိ တက်လှမ်းနေပြီဖြစ်သည်။
ဒဿမမြောက် ကောင်းကင်မိစ္ဆာကြီးမှာ လျင်မြန်စွာ ဖြစ်တည်လာနေပြီး ပြီးစီးသွားသည်နှင့် တပြိုက်နက် ပိုင်ရှောင်ချန်းသည် အဇူရာခန္ဓာကိုယ်အဆင့်သို့ရောက်သွားမည် ဖြစ်သည်။
အဇူရာခန္ဓာကိုယ်ပြီးလျှင် အမြင့်ဆုံးအဆင့်ဖြစ်သည့် ထာဝရ ကောင်းကင်ဘုရင် ခန္ဓာကိုယ်အဆင့်သို့ ရောက်မည်ဖြစ်သည်။
ထိုအချိန်သို့ရောက်ပါက သူသည် ဘဝ၏ ဒုတိယ နှောင်ကြိုးကို ဖြတ်တောက်နိုင်မည်ဖြစ်ပြီး ထာဝရကောင်းကင်ဘုရင်အမြုတေဟု လူသိများသော ယင်ယန်ဝိညာဥ်အဆင့်ရှိသည့် အပြင်ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ဂျုန်းဂျုန်းဂျုန်း…..
ပိုင်ရှောင်ချန်းမှာ တုန်ရီနေတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းသို့ သက်စောင့်စွမ်းအားများစီးဝင်ပြီး ဒဿမမြောက်ကောင်းကင် နတ်ဆိုးကြီး ပေါ်ပေါက်စပြုလာသောအခါ သူ၏ စိတ်စွမ်းအင်ပင်လယ်များသည် အံ့အားသင့်ဖွယ်ပြောင်းလဲနေတော့သည်။
သူ၏ သတ္တမမြောက် စိတ်စွမ်းအင်ပင်လယ်သည် ရုတ်တရက် သလင်းကျောက်အသွင်ပြောင်းလဲသွားပြီး အဋ္ဌမမြောက် ပင်လယ်သည်လည်း ထိုနည်းတူပင်။ ထိုဖြစ်စဥ်မှာ မြန်လွန်းလှသဖြင့် သူ၏ နဝမမြောက် ပင်လယ်ပင်လျှင် တစ်ဝက်လောက်နီးပါး သလင်းကျောက်အသွင်ပြောင်းလဲသွားပြီဖြစ်ပြီး အချိန်နှင့်အမျှ ပို၍ မာကျောလာနေတော့သည်။
ကဏ္ဍတိုင်းတွင် သူက ပို၍ စွမ်းအားကြီးမားလာတော့သည်။ ပိုင်ရှောင်ချန်းအတွက်မူ ဤဖြစ်ရပ်ကြီးသည် အင်မတန်မှ ကံကောင်းလှသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်ပြီး အားလုံးမှာ ထာဝရထီး၏ ကောင်းမှုကြောင့် ဖြစ်လေသည်။
ထီးသည် အထိန်းအချုပ် မန္တန်များကိုဖြတ်ရင်း ဖားကြီး၏ သက်စောင့်စွမ်းအားများကို စုပ်ယူကာ မိစ္တာအခိုးအငွေ့တစ်ခုကို ထုတ်လွှတ်နေတော့သည်။ ဤအချိန်တွင် ဖားကြီးမှာ မီးငြိမ်းတော့မည့် ဖယောင်းတိုင်တစ်တိုင်အလား ဖြစ်နေတော့သည်။