Switch Mode

အခန်း ( ၃၂၀ )

ထာဝရထီး

လတ်တလောတွင်ရွေးချယ်စရာမရှိသဖြင့် ပိုင်ရှောင်ချန်းမှာ တစ်လှမ်းချင်း ရှေ့ဆက်လှမ်းနေရလေသည်။ နောက်ဆုံးတွင် သူခြေလှမ်းမည်မျှလှမ်းလာခဲ့ပြီးသည်ကိုပင် မျက်စိလမ်းပျောက်သွားတော့သည်။ ကံကောင်းထောက်မစွာပင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ နှောင်းပိုင်းအခြေခိုင်မာခြင်းအဆင့်ဖြစ်ပြီး ခုနစ်ခုမြောက် စိတ်စွမ်းအင်ပင်လယ်မှာ အပြည့်အဝဖြစ်ပေါ်တော့မည့်အထွတ်အထိပ်တွင်ဖြစ်သည်။ ထို့အကြောင်းကြောင့် သူ၏သီးသန့်စိတ်စွမ်းအားတို့မှာ အချိန်အတော်ကြာကြာ အသက်အောင့်ထားနိုင်သည်အထိ ပေါများနေလေသည်။

အားလုံးထက်အရေးကြီးဆုံးမှာ သူ၏စွမ်းအားကြီးမားသော အပြင်အားဖြစ်သည်။စူးရှရှအငွေ့အသက်များနှင့် ခါးသက်သက်အနံ့တို့ကိုရသော်ငြားလည်း သူက အံတင်းတင်းကြိတ်ပြီး ရှေ့ဆက်သွားနေရလေသည်။

” တော်တော်ဆိုးတဲ့ဘဝကြီးပဲ..။ လာကယ်တာကိုပဲ စောင့်တော့မယ်။ အဲ့နဂါးအိုကြီးက သေရမှာကိုကြောက်ရင်ကြောက်ပေမယ့် ခေါင်းဆောင်ကြီးတွေကိုတော့ ဘာဖြစ်သွားလဲဆိုတာ သေချာပေါက်အကြောင်းကြားမှာပဲ..” သူလွန်စွာကံဆိုးကြောင်းကို မယုံကြည်နိုင်ဖြစ်နေပြီး တချိန်တည်းမှာပင် လိပ်ကလေးအပေါ်မုန်းတီးခြင်းတို့မှာ ပို၍ပြင်းထန်လာတော့သည်။

တစ်လမ်းလုံး ဆဲဆိုမေတ္တာပို့နေရင်း အတွင်းဘက်သို့ရောက်လာ၏။ တစ်ခဏလေးအတွင်းမှာပင် ဖားပြုပ်ကြီးအစာချက်ရန်အတွက် ခက်ခဲပုံရသော အမျိုးမျိုးသော တိရစ္ဆာန်တို့၏ အလောင်းများကိုမြင်လိုက်ရလေသည်။ တချို့သော အရိုးများမှာ မဲမှောင်နေသည်အထိ ပျော်ဝင်နေသော်လည်း အလုံးစုံအရည်မပျော်နိုင်သေးပေ။ ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်လာတော့သည်။

“ငါ.. အရိုးစုဖြစ်မသွားချင်ဘူးနော်” သူက ရှေ့သို့မြန်မြန်သွားရင်း ရေရွတ်လိုက်သည်။သူ့မှာ ဤနေရာတွင် လိုအပ်သည်ထက်ပို၍ တခဏလေးပင်လျှင် ဆက်မနေချင်တော့ပေ။

သူလမ်းဆက်လျှောက်နေစဥ်တွင် လိပ်ကလေးက အိတ်ထဲမှ ရုတ်တရက် ခေါင်းပြူထွက်လာ၏။ ဘေးဘီဝဲယာကို ကြည့်ပြီး သူက ရှေ့နောက်မစဥ်းစားပဲပြောချလိုက်လေသည်။
“ဝိုးးး..မင်းတကယ် ဒီအထဲရောက်လာတာပဲ”

ပိုင်ရှောင်ချန်း၏မျက်လုံးတို့မှာ ဒေါသကြောင့် ပြူးထွက်လာပြီး လက်ဖြင့်သူ့ကို ဖမ်းဆွဲရန် ပြင်လိုက်သည်။ သို့သော်လည်း လိပ်ကလေးက အိတ်ထဲခေါင်းပြန်ဝင်သွားပြီး ပိုင်ရှောင်ချန်းမှာ လေကိုသာ ဖမ်းကိုင်မိလိုက်သည်။

” အထဲက ထွက်လာစမ်း” ပိုင်ရှောင်ချန်းက လက်ကိုအိတ်ထဲသို့ထိုးထည့်ရင်း ဟိန်းဟောက်လိုက်သည်။

လိပ်ကလေးက အေးစက်စက်ရယ်လိုက်လေသည်။
” မင်းထွက်ခိုင်းလို့ငါက ထွက်လာမယ်လို့ထင်နေတာလား။ မင်း. လိပ်ကိုယ်တော်ကို ငတုံးမှတ်နေသလားကွ.။ ငါဘယ်မှမသွားဘူးပဲ”

“မ..မင်…မင်း ” ပိုင်ရှောင်ချန်းက သူဒေါသတကြီးဖြင့် အိတ်ထဲ မွှေနှောက်ရှာသော်လည်း သူ၏အစအနကိုပင် ရှာမတွေ့တော့ချေ။

သူ၏မျက်လုံးအိမ်တို့တွင် မျက်ရည်များ ဝဲတက်လာတော့သည်။ သူ့မှာ ဤအခြေအနေကို အမှတ်တကယ်ပင် ဘယ်လိုမှမကိုင်တွယ်နိုင်တော့ပေ။ ကြောက်မက်ဖွယ်ကောင်းသောအခြေအနေတို့နှင့် မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည့်အချိန်တိုင်း ပိုင်ရှောင်ချန်းမှာ အသတ်ခံရတော့မည်သကဲ့သို့ ခံစားလိုက်ရသည်။
” ကျွန်တော်တောင်းပန်ပါတယ်… လိပ်ကိုယ်တော်ရယ်… ဒီလိုသာဆက်ဖြစ်နေရင်တော့.. ခင်ဗျားရဲ့ကစားနည်းတွေနဲ့ ကျွန်တော်တော့ သေတော့မှာပဲ”

“ကဲကဲ.. မင်းတော်တော်ယဥ်ကျေးနေတာကိုထောက်ပြီး လိပ်ကိုယ်တော်က မင်းကို ကံကောင်းခြင်းတချို့ပေးမယ်..။ ငါပြော တဲ့အတိုင်းသာလုပ်.. ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတဲ့တစ်ခုခုမင်းရှာတွေ့လိမ့်မယ်”
လိပ်ကလေးက အိတ်ထဲမှ မဆိုစလောက်လေးခေါင်းပြူထွက်လာ၏။ ပိုင်ရှောင်ချန်းက ဖမ်းဆွဲရန်ကြိုးစားလိုက်သော်လည်း လိပ်ကလေးက သတိအမြဲရှိနေသဖြင့် အောင်မြင်ရန် ခက်ခဲနေတော့သည်။ ဟင်းခနဲသက်ပြင်းချရင်း သူက လိပ်ကလေး၏ လမ်းညွှန်ချက်အတိုင်းသွားရန် ဆုံးဖြတ်လိုက်သည်။ ဟိုဟိုသည်သည်ခဏကြာခေါက်တုံ့ခေါက်ပြန်လျှောက်ပြီးနောက် သူတို့နှစ်ဦးမှာ အတော်ချောင်ကျသောနေရာရှိ အသားနံရံတစ်ခုထံရောက်သွားလေသည်။

“ဒီနေရာပဲ။ ဟုတ်တယ်..လာလာ..မြန်မြန် ။ ဒီဟာက အားအနည်းဆုံးနေရာတွေထဲက တစ်ခုပဲ။ အပေါက်ပွင့်ဖို့ မင်းသုံးနိုင်သမျှ အားသုံးကွာ။ အရင်တုန်းက ငါဒီနေရာမှာ လမ်းလာလျှောက်တုန်းက သတိထားမိတာ ဒီနေရာပဲ။ ဒီမှာ မြှုပ်ထားတဲ့ ရတနာတစ်ပါးရှိတယ်” လိပ်ကလေးက ချက်ချင်းပင် စိတ်လှုပ်ရှားလာ၏။

“မြှုပ်ထားတဲ့ရတနာ” ပိုင်ရှောင်ချန်းက တအံ့တသြဖြင့် ပြောလိုက်သည်။

“မင်းငါပြောတာကြားသားပဲ” လိပ်ကလေးက သက်ပြင်းချရင်း ပြောသည်။
“လိပ်ကိုယ်တော်က ဒီဖားပြုပ်ကြီး မင်းကိုမျိုချအောင်လုပ်ပေးတာလောက်ကောင်းတာမရှိတော့ဘူးနော်..။ ရွှေမိကျောင်းကြီးမျိုချမခံရတာ နာတယ်ကွာ။ အဲ့ကောင်ကြီးထဲမှာလဲ ရတနာတစ်ခုရှိတယ်”

ပိုင်ရှောင်ချန်းက သူရှေ့ရှိ အသားနံရံကြီးကိုအော်ဂလီဆန်စွာကြည့်ပြီးနောက် အံတင်းတင်းကြိတ်ကာ သူ၏ကျင့်ကြံခြင်းအခြေခံအား လည်ပတ်စေလိုက်သည်။ သူ၏စိတ်စွမ်းအင်ပင်လယ်များမှ စွမ်းအားများ ထွက်ပေါ်လာပြီး သူ၏နောက်တွင် ကောင်းကင်နတ်ဆိုးပုံရိပ်ပေါ်လာလေသည်။ ကျင့်ကြံခြင်းအခြေခံက အမြင့်ဆုံးအဆင့်သို့ရောက်သွားသောအခါ သူကဟိန်းဟောက်လိုက်ပြီးနောက် သူ၏ညာလက်ကို လျှပ်စီးကဲ့သို့အရှိန်ဖြင့် ဝှေ့ရမ်းလိုက်သည်။ တချိန်တည်းမှာပင် သူ၏လက်မနှင့် လက်ညှိုးက တစ်ခုနှင့်တစ်ခုထိကပ်ကာ လည်မျိုဖမ်းဆုပ်ကွက်ကို သုံးလိုက်လေသည်။

ဝုန်းခနဲ အသံကြီး မြည်ဟည်းသွားပြီး လိပ်ကလေးညွှန်ပြခဲ့သောနေရာတွင် အက်ကြောင်းတစ်ခုပေါ်လာ၏။ ဖားပြုပ်ကိုယ်ကြီးမှာ တုန်ခါသွားပြီးနောက် ဆန့်ငင်ဆန့်ငင်ဖြစ်သွားသဖြင့် အတွင်းထဲတွင် အက်စစ်မိုးများတဗွမ်းဗွမ်းထလာတော့သည်။

အက်စစ်မှာ အလွန်တရာပြင်းလှပြီး ပိုင်ရှောင်ချန်းပေါ်သို့ကျလာသော အနည်းငယ်ကပင် လေထဲသို့ အဖြူရောင်အငွေ့များပျံတက်သွားစေလေသည်။ ၄င်းက အမှန်တကယ်ပင် အတော်လေးနာလှသည်။ ပိုင်ရှောင်ချန်း မည်မျှခံနိုင်မည်မသိသော အခြေအနေအထိ အက်စစ်တို့က တစတစများပြားလာ၏။ မကြာမီ ဒီရေတက်လာသည့်အလား သူ၏ ဒူးခေါင်းအထိရောက်လာတော့သည်။ စူးစူးဝါးဝါးအော်ရင်း သူ၏ အားပြင်းသောတိုက်ကွက်များကို ဆက်လက်ထုတ်လျက်ရှိသည်။

“မြန်မြန်လေးး မြန်မြန်..” လိပ်ကလေးက ဘေးကနေတိုက်တွန်းနေ၏။ “လုပ်စမ်းပါ”

“မင်းတော်တယ်..ပိုင်ရှောင်ချန်း..။ မင်းလုပ်နိုင်တယ်”

“ငါမင်းကိုအားပေးနေတယ်”

လိပ်ကလေးက ဆက်လက် အားပေးအော်ဟစ်နေသဖြင့် ပိုင်ရှောင်ချန်းမှာသည်းမခံနိုင်တော့ပဲ အော်လိုက်တော့သည်။

” ပိတ်ထား”

တိုက်ကွက်အနည်းငယ်ထုတ်သုံးပြီးနောက် အက်ကြောင်းမှာ သူ၏လက်ဝင်တိုးပြီး အပေါက်ချဲ့နိုင်သည်အထိ ကျယ်လာတော့သည်။

နံရံအက်ကြောင်းမှာ ပိုင်ရှောင်ချန်းတစ်ကိုယ်စာဝင်နိုင်သည်အထိ ကျယ်လာလေသည်။ စဥ်းစားရန် အချိန်မရှိပေ။ အက်စစ်မှာ အန္တရာယ်ရှိစွာမြင့်တက်လာနေပြီး သူ၏တစ်ကိုယ်လုံးနာကျင်နေလေပြီ။ တုံ့ဆိုင်းမနေပဲ သူက အက်ကြောင်းထဲဝင်လိုက်သည်။

ယခုတွင် လိုဏ်ခေါင်းတစ်ခုထဲရောက်သွားပြီး အံ့သြစရာကောင်းစွာ နံရံများက အသားစိုင်ကြီးမှပြုလုပ်ထားခြင်းမဟုတ်ပဲ ကျောက်ဖြင့်ထုလုပ်ထားခြင်းဖြစ်လေသည်။ ပို၍ အံ့သြစရာကောင်းသည်မှာ ချဥ်စုပ်စုပ်အက်စစ်အနံ့တို့မရှိတော့ကာ ထိုအစား သင်းပျံ့သော မွှေးရနံ့လေးတစ်ခုကြောင့် အတော်ပင်လန်းဆန်းသွားရသည်။

သူကဘေးပတ်လည်ကို တအံ့တသြကြည့်နေသည့် အချိန်မှာပဲ လိပ်ကလေးက စိတ်လှုပ်ရှားနေသော အမူအရာဖြင့် အိတ်ထဲက ထွက်လာလေသည်။

“ဟားဟားဟား..နောက်ဆုံးတော့ လိပ်ကိုယ်တော်က အရည်အချင်းတွေကို သုံးနိုင်ခဲ့တာပဲ။ ဒါကမယုံနိုင်စရာကောင်းလိုက်တာ။.လာလာ.. ဘာရတနာရှိမလဲသွားကြည့်ရအောင်” မျက်လုံးများတလက်လက်တောက်ပနေရင်း လိပ်ကလေးက ကျောက်သားအခန်းငယ်လေးရှိသည့် လိုဏ်ခေါင်းအဆုံးအတိုင်း ခပ်သွက်သွက်သွားလေသည်။

ပိုင်ရှောင်ချန်းလည်း အမြန်သုတ်ခြေတင်တော့သည်။ ကျောက်သားအခန်းငယ်ထဲရောက်ပြီးသော် သူ့မှာ ဘေးပတ်လည်အား အလွန်အမင်းအံ့အားသင့်လျက်ငေးမောကြည့်လိုက်သည်။ ၄င်းက အချင်းအားဖြင့် မီတာ၃၀၀ခန့်အကြမ်းဖျင်းရှိပြီး ကျောက်တုံး၏အတွင်းအပြင်တို့ကို ထိုးဖောက်လျက်ရှိသည့် မရေမတွက်နိုင်သော အနီနှင့် အစိမ်းရောင်နွယ်ပင်များဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားလေသည်။

အနီနှင့်အစိမ်းရောင်နွယ်များမှာ တုတ်ခိုင်လှပြီး အကုန်လုံးက လူးလွန့်လှုပ်ရှားနေလေသည်။ အနီးကပ်လေ့လာဆန်းစစ်ကြည့်ပါက ၄င်းတို့က ဖားပြုပ်ကြီးကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတို့နှင့်တူကြောင်း ဖော်ပြနေလေသည်။

“ဒီနေရာ…”
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သည်။ သူက ကျောက်သားအခန်း၏အလယ်ကို ငုံကြည့်လိုက်ပြီး အပေါ်တွင် ကျောက်စိမ်းပေလွှာတစ်ခုနှင့် ထီးအနက် တစ်ခုရှိသည့် ကျောက်စင်ကို သတိပြုမိလိုက်သည်။ မွှေးကြိုင်သင်းပျံ့သော ရနံ့က ထိုထီးမှလာနေကြောင်း အလျင်အမြန်ပင် သဘောပေါက်သွားသည်။

” ဒီမှာ တကယ့်ကို ရတနာ ဝှက်ထားတာပဲ”

သူက ထိုနေရာကို အတွင်းကျကျ မလေ့လာနိုင်ခင် လိပ်ကလေး၏မျက်လုံးတို့က တောက်ပလာပြီး သူကပြော၏။
” ကဲ… သိပ်အထင်ကြီးစရာကောင်းပါလား။ တစ်ယောက်ယောက်က ဒီဧရာမဖားပြုပ်ကြီးကို သားရဲဘုရင်အဆင့်မရောက်ခင် ထိန်းချုပ်ဖို့ စွမ်းအားကြီးနတ်ဘုရားစွမ်းရည်တစ်ခု သုံးခဲ့တာပဲ။ ဒီကောင်ကြီးရဲ့ သားရဲဘုရင် ဖြစ်စဥ်ကို နှေးသွားစေတာတင်မကဘူး.. သူက ဖားပြုပ်ကြီးရဲ့ အာရုံကြောတွေကို ဒီနေရာမှာ လာစုဆုံစေလိုက်တယ်။ ဒါက မှော်ချိတ်ပိတ်တာမဟုတ်ပေမယ့် အတူတူနီးပါးပဲ..။ဖားပြုပ်ကြီးကို ထိန်းချုပ်ထားပြီး ရွေ့လျားနိုင်တဲ့ လူသားဂူအဖြစ် အခြေခံကျကျပြောင်းပစ်လိုက်တာ”

“ကံဆိုးစွာနဲ့.. ဒီထီးက တစ်ဝက်ပဲပြီးမြောက်သေးတယ်။ သူ့အလုပ်မပြီးခင် ဒီဂူရဲ့ပိုင်ရှင်က မတော်တဆတစ်ခုခုဖြစ်သွားတာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်ရင်.. ဖားပြုပ်ကြီးက သားရဲဘုရင်ဖြစ်လာလိမ့်မယ်.. ။ အင်းးး… ဖားပြုပ်ကြီးကို ထိန်းချုပ်.. ဂူအဖြစ်ပြောင်းး.. ဒီကောင်ကြီးရဲ့ သက်စောင့်စွမ်းအားကို ကိုယ်ကျိုးအတွက်အသုံးချ.တဲ့ နည်းလမ်းမျိုးပါလား..။ ဒါတွေအကုန်လုံးက မိစ္ဆာတာအို ကျင့်ကြံသူဘိုးဘေး တွေရဲ့ နည်းလမ်းတွေပဲ”

လိပ်ကလေးက စိတ်လှုပ်တရှား ဂူကို လိုက်လံကြည့်ရှူနေစဥ် ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ လိပ်ကလေးပြောသမျှအားလုံးအား သူအပြည့်အစုံနားမလည်သော်လည်း သူ၏နောက်ဆုံးစကားလုံးတို့မှာ လုံးဝအံ့သားသင့်ဖွယ်ကောင်းလှသည်။

“ရှေးခေတ်ကျင့်ကြံသူတစ်ယောက် ။ သားရဲဘုရင်ကို ထိန်းချုပ်နိုင်တယ်” ပိုင်ရှောင်ချန်းက သားရဲဘုရင်များနှင့် လုံးဝအကျွမ်းတဝင်မရှိခြင်း မဟုတ်ပေ။ ဘရူဆာက နောက်အနာဂတ်တွင် သားရဲဘုရင်ဖြစ်ရန် အလားအလာရှိသည့် တိုက်ပွဲဝင်သားရဲတစ်ကောင်ပင်။ သူက သားရဲအဆင့်သို့ အပြည့်အဝမရောက်သေးသော်ငြား မရေမတွက်နိုင်သော အခြားတိုက်ပွဲဝင်သားရဲများကို ထိန်းချုပ်နိုင်နေပြီဖြစ်ကာ တစ်ဂိုဏ်းလုံးကို ကိုင်လှုပ်နိုင်နေလေပြီ။

ပိုင်ရှောင်ချန်းက စိတ်တည်ငြိမ်စေရန် အသက်ရှူလေ့ကျင့်ခန်းလုပ်နေချိန်တွင် လိပ်ကလေးက ဂူအလယ်ရှိ ကျောက်စင်၏ရှေ့တွင်ရပ်လိုက်သည်။ သူက ကျောက်စိမ်းပေလွှာနှင့် ထီးအနက်ကို ကြည့်လိုက်သည့်အခိုက် သူ၏မျက်လုံးတို့မှာ စူးရှစွာတောက်ပလာတော့သည်။

“မြန်မြန်လာပြီး.. ဒီကျောက်စိမ်းပေလွှာပေါ်ဘာရေးထားတာလဲ ကြည့်စမ်း..ကလေး။ ဒါတွေအကုန်လုံး ဘယ်သူလုပ်ခဲ့တာလဲဆိုတာ သေချာပေါက်ရှင်းပြလိမ့်မယ်။ ဒီနေရာကထွက်ဖို့ တည်နေရာရွှေ့ပြောင်းခြင်းနည်းလမ်းတောင် ရှိရင်ရှိနေမှာ။ အဲ့လိုသာဆိုလို့ကတော့ ငါတို့အခုချက်ချင်းထွက်သွားလို့ရပြီ”

ပိုင်ရှောင်ချန်းက ကျောက်စိမ်းပေလွှာထံ စိတ်လှုပ်ရှားစွာ လျှောက်သွားလိုက်သည်။ တခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် သူက ပို၍ နီးနီးကပ်ကပ်ကြည့်ရန် အနားတိုးကပ်သွားလိုက်ပြီး အန္တရာယ်ကင်းကြောင်းသေချာသောအခါ ၄င်းကို ကောက်ယူလိုက်ကာ အတွင်းထဲသို့ စိတ်စွမ်းအားအချို့သွပ်သွင်းလိုက်သည်။ ချက်ချင်းပင် သူ့စိတ်ထဲဝယ် ရှေးဆန်သောအသံတစ်သံကစကားပြောလာ၏။

“ဘိုးဘေးကြီးက တိုက်ပွဲဆင်နွှဲဖို့ အလိုရှိခဲ့တယ်။ ကျုပ်လဲ ကူညီမယ်။ ကျုပ်ဘဝရဲ့နေဝင်ချိန်ကိုလဲ ရင်ဆိုင်ချင်နေပြီ။ ဒီထီးကို ထာဝရလို့အမည်ပေးမယ်။ ဒီထီးသာ ပြီးမြောက်သွားရင် မိုးကောင်းကင်အဆင့်စိတ်စွမ်းအင်လက်နက်ဖြစ်လိမ့်မယ်။”

“ဒီသားရဲကို နယ်မြေပြာလို့နာမည်ပေးထားပြီး သဘာဝကပေးထားတဲ့ အကျင့်ဆိုးတွေပါလာလိမ့်မယ်။ သင်သာ နတ်တစ်ပါးရဲ့ စွမ်းအားကိုပိုင်ဆိုင်ပါက ဒီသားရဲကို ထိန်းချုပ်နိုင်တယ်။ သင့်ရဲ့ ကျင့်ကြံခြင်းအခြေခံက မလုံလောက်ပါက သားရဲကြီးရဲ့ သက်စောင့်စွမ်းအားကို စုပ်ယူပြီး သင်ရဲ့ကိုယ်ကျိုးအတွက် ကျုပ်ရဲ့နည်းလမ်းကို သုံးပါ”

အသံမှာပျောက်ကွယ်သွားပြီးနောက် သားရဲကြီး၏ သက်စောင့်စွမ်းအားကိုစုပ်ယူခြင်းနည်းလမ်းသည် ပိုင်ရှောင်ချန်းခေါင်းထဲ၌ ပေါ်လာ၏။ သူက ကျောက်စိမ်းပေလွှာကို ပစ်ချလိုက်သည်။ အနည်းငယ်မူးနောက်နောက်ဖြစ်သွားရင်း သူက ထီးကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးတို့မှာ ရွှန်းလဲ့စွာတောက်ပလာတော့သည်။

“ဒါသာပြီးမြောက်သွါးရင် ကောင်းကင်အဆင့်စိတ်စွမ်းအင်လက်နက်ဖြစ်သွားမှာလား။ စိတ်စွမ်းအင်လက်နက်။ တစ်ဂိုဏ်းလုံးရဲ့ သီးသန့်စွမ်းအားတွေကိုပြုလုပ်ပေးတဲ့ ရတနာတွေကို ကောင်းကင်အဆင့်လို့ခေါ်တာတဲ့လား” ရင်တဒိန်းဒိန်းခုန်လျက် သူက ရှေ့တိုးကာ ထီးနက်ကို ကောက်ယူလိုက်သည်။

ထိုအရာကို ထိလိုက်သည့်တခဏတွင် ထီးနက်က တလက်လက်တောက်ပလာပြီး ၄င်းထံမှ လေအေးအငွေ့အသက်တို့ ပျံ့နှံလာလေသည်။ ပိုင်ရှောင်ချန်းက သွေးတို့ပင်ခဲလာသကဲ့သို့ ရပ်နေလျက်အလွန်အေးလာသည်ကို ခံစားလိုက်ရသည်။ သေစေနိုင်သောအန္တရာယ်အငွေ့အသက်တိို့က သူ့ကို ဖုံးလွှမ်းသွားသော်လည်း သတိဖြင့် တန်ပြန်တိုက်ခိုက်လိုက်ရသည်။ သို့သော်လည်း ထီးအား ဖွင့်မရပေ။ မျက်လုံးတို့တောက်ပလျက် သူက ၄င်းကိုကြည့်လိုက်ပြီးနောက် အော်ရယ်လိုက်တော့သည်။

သို့သော်လည်း ထီးကိုကောက်ယူလိုက်ခြင်းက မှော်ပိတ်လှောင်မှုတစ်ခုအား ဖွင့်လိုက်ပြီးဖြစ်လေသည်။ ရုတ်တရက် ဂူတစ်ခုလုံး တုန်ခါလာပြီး ဗလုံးဗထွေးဟိန်းသံကြီးအား ဂူအပြင်ဘက်မှကြားလိုက်ရသည်။ တချိန်တည်းမှာပင် စွမ်းအားပြင်းဖိအားတို့ သက်ရောက်လာလေသည်။

ကြည့်ရသည်မှာ ဧရာမဖားပြုပ်ကြီးက ဖြစ်ပျက်နေသည်အား သိရှိသွားပြီး ဂူကို တစစီအမှုန့်ခြေပစ်ရန် တတ်နိုင်သမျှအစွမ်းကုန်လုပ်နေပုံရလေသည်။

ပြင်းထန်သော တဝုန်းဝုန်းထစ်ခြုန်းသံကြီးများက အက်ကွဲသံတို့နှင့်အတူပေါ်ထွက်လာ၏။ ဂူအပြင်ဘက်မှာ ပျက်စီးသွားပြီး အဆိပ်ငွေ့များနှင့်တကွ အက်စစ်အမြောက်အမြားဝင်ရောက်လာတော့သည်။ ဂူမှာ ဆက်လက်မတောင့်ခံနိုင်တော့သဖြင့် ပြိုကျလာချေပြီ။ ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်နေပြီး သူ့အပေါ်သက်ရောက်နေသည့်ဖိအားကြောင့် ဒူးတို့ပင်တုန်လာပြီး ပါးစပ်ထောင့်မှ သွေးများစီးကျလာတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset