Switch Mode

အခန်း ( ၃၁၉ )

မျိုချလိုက်ခြင်း

သူ့ထံပျံသန်းလာသည့် ပုံရိပ်ကို လွန်စွာရင်းနှီးနေလေသည်။ လေကိုခွင်း၍ပျံသန်းလာစဉ် ၄င်းမှ ထုတ်လွှတ်နေသော အလင်းတန်းမှာ မျက်စိကျိန်းမတတ် တောက်ပနေပြီး ၄င်း၏ အသံမှာ ခမ်းနားကြီးကျယ်စွာ ထွက်ပေါ်လာသည်။

၄င်းမှာ လိပ်ကလေးကလွဲ၍ တခြားမဟုတ်ပေ။

ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဆံပင်များပင် ထောင်လာတော့သည်။ သူ့စိတ်ထဲတွင် မိုးကြိုးတစ်သိန်းပစ်ချခံလိုက်ရကာ သူ၏နားတွင် မိုးခြိမ်းသံများထစ်ခြုန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် တအံ့တသြထအော်လိုက်သည်။

” မင်း..ဘယ်တုန်းက ငါ့အိတ်ထဲက ထွက်လာ.. ”

စကားပင်ဆုံးအောင် မပြောနိုင်လိုက်ခင် လိပ်ကလေးနောက်တွင် ဖြစ်ပျက်နေသည်တို့ကို မြင်လိုက်ရသည်။ တောင်ထိပ်မှာ ကျောက်တုံးကျောက်ခဲများဖွာထွက်ပေါက်ကွဲသွား၏။မြေကြီးသည်လည်း တုန်ခါလာပြီး မြေကြီးအောက်မှ ဧရာမဖားပြုပ်ကြီးထိုးထွက်လာသဖြင့်် ကျေးငှက်သားရဲတိရစ္ဆာန်ပေါင်းများစွာမှာ ကြောက်လန့်တကြားပျံပြေးကုန်ကြသည်။

ဖားပြုပ်ကြီးက မီတာသုံးသောင်းကျော်ရှည်လျားကြီးမားလှသည်။ ၄င်းက လေပေါ်ပျံတက်သွားစဉ် နေကို ပိတ်ကွယ်သွားပြီး ဧရာမအရိပ်ကြီးတစ်ခုက မြေပြင်ပေါ်သို့ အရိပ်ကျလာသည်။ တချိန်တည်းမှာပင် မဖော်ပြနိုင်သော ရူးသွပ်ကာ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခု ပေါ်ထွက်လာ၏။

ဖားပြုပ်ကြီးက ပိုးမွှားအရွယ်သာရှိသော လိပ်ကလေးကို စိုက်ကြည့်လိုက်သောအခါ မျက်လုံးထဲတွင် ဒေါသငွေ့များဖြင့် ရဲရဲနီလာတော့သည်။ ထို့နောက် ၄င်းက မြေပြင်တို့အား ပြင်းထန်စွာ လှုပ်ခတ်သွားစေပြီး ကောင်းကင်ကို တွန့်လိမ်ရှုံ့တွစေသော ဟိန်းဟောက်သံကြီးပြုလိုက်၏။

ဝေါင်းးးးးးးး

ကျယ်လောင်သော ဟိန်းသံကြီးက အရပ်မျက်နှာတစ်ခွင်ပျံ့သွားသောကြောင့် လေထုမှာ အပိုင်းပိုင်းကွဲသွားလေသည်။

လိပ်ကလေးမှာလည်း စိတ်မရှည်တော့သောကြောင့် ဒေါသထွက်လာပုံရပြီး ဒလဟောဆဲရေးလိုက်တော့သည်။

” မင်းဘာအတွက် အော်ဟစ်နေတာတုန်း။ မင်းအထီးမှန်းငါသိတယ်ဟ။ မင်းရဲ့ မိဘတွေအတွက်တောင်မတန်ဘူး ကောင်စုတ်ရဲ့။လိပ်ကိုယ်တော် နောက်ဆုံးအကြိမ် အနားမှာရှိတုန်းက မင်းက ဖားလောင်းသာသာပဲ။ ပြီးတေါ့ တစ်စက္ကန့်ထဲမှာပဲ မင်းသေသွားအောင် ငါနင်းချေပစ်လို့ရခဲ့တာနော်..။ မဟုတ်သေးဘူးနေဦး။ မင်းအဖေကိုလဲ နင်းချေလို့ရခဲ့တာနော်။ မဟုတ်သေးဘူး.. မင်းအဖိုးကိုကောပဲ နင်းပစ်လိုက်လို့ရခဲ့တယ်”

ဖားပြုပ်ကြီးက မြေပြင်ကို ဆောင့်နင်းလိုက်ပြီး မီတာ သုံးထောင်အတွင်းရှိအရာမှန်သမျှပြိုလဲသွားစေကာ မျက်လုံးတို့မှာ မီးဝင်းဝင်းတောက်နေတော့သည်။ ဖားပြုပ်ကြီးက လေထဲတွင်နောက်ဆုတ်အရှိန်ယူပြီး လိပ်ကလေးထံ ဒေါသများပေါက်ကွဲလျက် ပျံသန်းလာသဖြင့် အက်ကွဲကြောင်းများမှာ ပင့်ကူအိမ်များသဖွယ် တွန့်လိမ်ပေါ်ထွက်လာ၏။

ပိုင်ရှောင်ချန်း၏ ဆံပင်တို့မှာ သူ့ပတ်လည်တွင် လွင့်ပျံနေပြီး တချိန်လုံးအော်ဟစ်နေလျက် သူ့မှာနောက်သို့ ယိမ်းယိုင်သွားလေသည်။

“ချီးပဲ.. လိပ်စုတ်လိပ်ပျက်..ငါမင်းကိုမုန်းတယ်ကွ”
ပိုင်ရှောင်ချန်းမှာ မျက်ရည်တို့ပင် ဝဲလာတော့သည်။ ဖားပြုပ်ကြီးမှာ နောက်ဆုံးအထိ ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာမဲ့မည့်ပုံပင်။ ရွှေမိကျောင်းတမျှကြောက်မက်ဖွယ်မကောင်းသော်ငြား သွားရန်မစသင့်သည့် သတ္တဝါအမျိုးအစားပင်။ သို့တိုင်အောင် လိပ်ကလေးက ၄င်းအား လုံးဝဒေါသထွက်စေရန် ပြုလုပ်နေလေသည်။ ပိုင်ရှောင်ချန်းက လိပ်ကလေးကို အထူးသဖြင့် သူ့ထံ ဦးတည်ပျံသန်းလာနေသည့်အချက်ကြောင့် သတ်ပစ်ချင်နေလေပြီ။ သွပ်သွပ်ခါရူးသွားတော့မတတ်ခံစားလိုက်ရပြီး ဆန့်ကျင်ဖက်လားရာသို့ပျံပြေးရန် တတ်နိုင်သမျှအရှိန်ကုန်ထုတ်လိုက်တော့သည်။

သူ၏ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်၊ အတောင်ပံများနှင့် သူထိန်းချုပ်နိုင်သည့် ဆွဲငင်ခြင်းနှင့် တုံ့ပြန်ခြင်းစွမ်းအားအနည်းငယ်ကို အသုံးပြုလိုက်သည်။ ထို့နောက် တောင်ဖြိုသိုင်းကိုထည့်ပေါင်းကာ ခပ်ဝါးဝါးပုံရိပ်အသွင်အဖြစ်ပြောင်းလဲသွားပြီး သုတ်ချေတင် ပြေးတော့သည်။

သူတတ်နိုင်သည့်အရှိန်မှာ နှေးသည်ဟု မပြောနိုင်သော်လည်း လိပ်ကလေးက ပိုမြန်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ပိုင်ရှောင်ချန်း၏ဘေးရောက်လာတော့သည်။

သူ့ကို လှမ်းကြည့်လိုက်ရင်း သူ၏အောက်နှုတ်ခမ်းကို ထော်လိုက်ပြီး ပြော၏။
” ဘာတွေများကြောက်နေတာတုန်း။ လိပ်ကိုယ်တော်ဒီမှာလေ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖားလောင်းတော်တော်များများကို ငါနင်းချေပစ်ခဲ့တာကွ.။ အီးယား… လိပ်ကိုယ်တော်တော့ ခုပင်ပန်းနေပြီကွာ..၊ နဲနဲလောက်အနားယူဖို့လိုပြီ.။ ငါ့ကို မနှောင့်ယှက်နဲ့နော် မဟုတ်လို့ကတော့ မင်းကို သတ်ပစ်မယ်” လိပ်ကလေးက သမ်းဝေလိုက်ပြီးနောက် အလင်းမှိန်မှိန်လေးတစ်ခုဖြစ်သွားကာ ပိုင်ရှောင်ချန်း၏ထည့်စရာအိတ်ထဲဝင်၍ ပျောက်ကွယ်သွားတော့သည်။

မပျောက်ကွယ်ခင် တခဏလေး၌ သူက စူးစူးဝါးဝါးအော်လိုက်သည်။
” ဟေးးး ဖားလောင်းစုတ် ။ မင်းလုပ်ရဲလာစမ်းပါ.. ငါ့သခင်နဲ့တိုက်လှည့်။ သူ့ကို မနိုင်မချင်းငါ့လာမရှာနဲ့ ”

ပိုင်ရှောင်ချန်းမှာ ဒေါသူပုန်ထကာ အော်ဟစ်လိုက်ပြီး လိပ်ကလေးကို ကျိန်ဆဲရန်ပြင်လိုက်အံ့ဆဲဆဲမှါပင် သူ့နောက်တွင် ပို၍ပြင်းထန်သောဟိန်းသံကျယ်ကြီးအား ကြားလိုက်သည့်အခိုက် နောက်သို့လှည့်ကြည့်လိုက်စဉ်တွင် တရှူးရှူးဖြင့်ဒေါသထွက်ကာ သူ့ကိုစိုက်ကြည့်နေသော ဧရာမဖားပြုပ်ကြီးအား မြင်လိုက်ရလေသည်။

ထည့်စရာအိတ်အား ပြန်ငုံကြည့်လိုက်ပြီး မျက်ရည်တို့ဝဲတက်လာတော့သည်။
” တောင်းပန်ပါတယ်” သူကပြော၏။ “လိပ်ကိုယ်တော်ရေ.. ကျေးဇူးပြုပြီး လွှတ်ပေးပါတော့..။ ကျုပ် လိပ်တွေကို အင်မတန် သဘောကျတာပါဗျာ”
သို့သော်လည်း လိပ်ကလေးက ဘာမှ မတုံ့ပြန်ပေ။

ပိုင်ရှောင်ချန်းမှာ စိုးရိမ်သောကရောက်နေတော့သည်။ သူက ရွှေမိကျောင်းကို ပြန်တွေးလိုက်ပြီး ဤအတိုင်းသာဆက်ဖြစ်နေပါက လိပ်ကလေးကြောင့် သူ၏သနားစရာအသက်ကလေးဆုံးရှုံးပေတော့မည်။

“တနေ့နေ့တော့ မင်းနဲ့တန်တာပြန်ရစေရမယ်” သူက နောက်တစ်ဖန် အရှိန်တင်လိုက်ရင်း ဟိန်းဟောက်လိုက်သည်။
“အစ်ကိုကြီး… ကောင်းကင်ချို ကျုပ်ကို ကယ်ပါဦး”

မလှမ်းမကမ်းတွင် ကောင်းကင်ချိုမှင်ရည်နဂါးမှာ လေထဲတွင် ဝဲနေလျက်ရှိသည်။ ၄င်းက ဖားပြုပ်ကြီးရဲ့ အော်သံအား ကြားလိုက်ရလျှင်ချင်း တအံ့တသြလှမ်းကြည့်လိုက်ပြီး မျက်လုံးတို့ပြူးကျယ်သွားလေသည်။

ထို့နောက် ပိုင်ရှောင်ချန်းအသံကြားလိုက်ရပြီး အရှိန်အမြင့်ဆုံးဖြင့်ပျံလာသည်ကို တွေ့လိုက်ရ၍ သူ၏ကိုယ်ပေါ်ရှိကြေးခွံများပင်ထောင်တက်လာတော့သည်။

“ချီးပဲ” နဂါးကြီးက ဟိန်းဟောက်လိုက်၏။
” ဒီကို မလာစမ်းနဲ့”
အမှန်တကယ်ပင် ပိုင်ရှောင်ချန်းက နားမထောင်ကာ နဂါးကြီးရှိရာသို့ တတ်နိုင်သမျှမြန်မြန်ပြေးလာတော့သည်။

ဖားပြုပ်ကြီးက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်သဖြင့် ကောင်းကင်ဦးချိုမှင်ရည်နဂါးပင်လျှင် တုန်တက်သွားလေသည်။ ထို့နောက် ကြောက်လန့်နေသော နဂါး၏မျက်လုံးမှာ ဒေါသမီးများတောက်လောင်တော့မည်သကဲ့သို့ ရဲရဲနီလာတော့သည်။

ပိုင်ရှောင်ချန်းက နဂါးအိုကြီး သူ့ကို မည်မျှကောင်းမွန်စွာဆက်ဆံသည်ကို ချက်ချင်းခံစားသွားရပြီး ပိုမြန်သောအရှိန်ဖြင့် ရှေ့သို့ပြေးလာတော့သည်။

“အစ်ကိုကြီး ကောင်းကင်ဦးချို.။ ဘယ်လောက် ကြင်နာပြီးစိတ်ထားကောင်းလိုက်သလဲဗျာ ။ ကျုပ်ပိုင်ရှောင်ချန်းက ဒီဟာကို အမြဲသတိရနေပြီး ဂိုဏ်းပြန်ရောက်တာနဲ့ သေချာပေါက် ပြန်ဆပ်ပါ့မယ်”

ပိုင်ရှောင်ချန်းမှာ ကျေးဇူးတင်၍ မဆုံးတော့ချေ။ သူပြောနိုင်သည်မှာ နဂါးကြီးသည် လွန်ခဲ့သောနှစ်များက သူ ၄င်းကို များစွာကူညီခဲ့သည်ကို ကျေးဇူးတင်နေဆဲကြောင့်ဖြစ်မည်။ရုတ်တရက် ဖားပြုပ်ကြီးက ထပ်မံဟိန်းဟောက်လိုက်သော်လည်း သည်တစ်ကြိမ်တွင် မယုံကြည်နိုင်လောက်အောင်ရှည်လျားသော ၄င်း၏လျှာကိုပါထုတ်လိုက်ပြီး စကားများဖြင့် ဖော်ပြရန် ခဲယဉ်းသည့်အရှိန်ဖြင့်လာနေလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ချိုမှင်ရည်နဂါးက ပစ်မှတ်ဖြစ်သွားတော့သည်။ရှင်းရှင်းလင်းလင်းပင် ဖားပြုပ်ကြီးက ကောင်းကင်ချိုမှင်ရည်နဂါးကို အရင်သုတ်သင်ချင်ပြီး နောက်မှ ပိုင်ရှောင်ချန်းကို အာရုံစိုက်မည်ဖြစ်သည်။

နဂါး၏မျက်လုံးများမှာ ၄င်းထံမှ ပေါ်ထွက်နေသော သေစေနိုင်သည့်အန္တရာယ်၏ ပြင်းထန်သောအငွေ့အသက်ကြောင့် ပြူးကျယ်လာတော့သည်။

“တာအိုရောင်ရင်းဖားပြုပ်။ ဒီကောင်စုတ်က ခင်ဗျားကို ရန်စတာလား။ ခင်ဗျားအတွက် ကျုပ်သူ့ကို ဆုံးမပေးမယ်..။ ဟဲ့ကလေး.. မင်းငါ့ရဲ့အစ်ကိုကြီးကို ဘယ်လိုတောင်ရန်စရဲတာလဲ။ မင်းသေချင်နေတာလား” ကောင်းကင်ချိုမှင်ရည်နဂါး၏ အသံမှာ မာန်ပါပါဖြင့် ပေါ်ထွက်လာသော်ငြား စိတ်ထဲတွင်မူ တုန်ယင်နေ၏။ ဖားပြုပ်ကြီးမှာမူ တွေဝေသွားပုံရသည်။ သူ၏လျှာမှာ လှုပ်ရှားနေရာမှ ရပ်တန့်သွားပြီး ရုတ်တရက်ပိုင်ရှောင်ချန်းထံ တဟုန်ထိုးဦးတည်သွားလေသည်။ သူမတုံ့ပြန်လိုက်နိုင်မီ ၄င်းက သူ့ကိုရစ်ပတ်သွားးကာ လေပေါ်သို့ဆွဲမြှောက်လိုက်သည်။

ပိုင်ရှောင်ချန်းမှာ စူးစူးဝါးဝါးအော်လိုက်၏။ သူ့မှာ ငိုချင်ပါသော်လည်း မျက်ရည်တို့ကျမလာပေ။ သူဘာမှ မလုပ်နိုင်လိုက်ခင် ခပ်ပြင်းပြင်းလေသံက သူ၏နားထဲတိုးဝင်လာပြီးနောက် အရာအားလုံးအမှောင်ဖုံးသွားတော့သည်။

ကောင်းကင်ချိုမှင်ရည်နဂါး မြင်သမျှမှာ ပိုင်ရှောင်ချန်းကို ရစ်ပတ်ထားသောဧရာမလျှာကြီးဖြစ်ပြီး ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဖားပြုပ်ကြီး၏ပါးစပ်ထဲသို့ပြန်ဝင်သွားလေသည်။

ကောင်းကင်ချိုမှင်ရည်နဂါးမှာ တဆတ်ဆတ်တုန်နေသော်လည်း ဖားပြုပ်ကြီးက ၄င်းကိုစိုက်ကြည့်နေသောကြောင့် မျက်နှာချိုသွေးလိုက်ပြီးနောက် ခပ်လှမ်းလှမ်းသို့ အမြန်လှည့်ပြေးသွားတော့သည်။

ဖားပြုပ်ကြီးထွက်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ကောင်းကင်ချိုမှင်ရည်နဂါးမှာ အသက်ပြင်းပြင်းရှူလိုက်သည်။

“ဒါပဲ။ ကစားပွဲပြီးပြီ။ ကောင်လေးပိုင်ရှောင်ချန်းတော့ ဖားပြုပ်အိုကြီးအစားခံလိုက်ရပြီ။ ဒါပေမယ့်လဲ ငါစဉ်းစားကြည့်ရသလောက် ဖားပြုပ်ကြီးကအစာချက်ဖို့တော်တော်အချိန်ယူရတယ်။ ပိုင်ရှောင်ချန်းရဲ့အပြင်အားက တော်တော်လေးမာတာပဲ။ တခဏတော့ ဘေးကင်းလောက်မှာပါ”
နဂါးကြီးက ပိုင်ရှောင်ချန်းကို တတ်နိုင်သမျှမြန်မြန်ပြန်ကယ်ရန် မျှော်လင့်ချက်ဖြင့် ခေါင်းဆောင်ကြီးများကို ဆက်သွယ်ရန် အလျင်အမြန်ကြိုးစားလိုက်သည်။

ပိုင်ရှောင်ချန်းက ယခု ဖားပြုပ်ကြီးကိုယ်တွင်းမှာ ဖြစ်သည်။ အစောပိုင်းတွင် သူ့ပတ်လည်ရှိ အရာအားလုံးက မှောင်မိုက်နေသော်လည်း တဖြည်းဖြည်းနှင့် အမြင်အာရုံတို့ ကျင့်သားရသွားပြီးနောက် သူ၏မျက်နှာတွင် သွေးတို့ပေကျံနေလေသည်။သူ့ဘေးပတ်လည်တွင် ချွဲပျစ်ပျစ်သလိပ်များနှင့် အရည်များဝန်းရံထားသည်။ အရာအားလုံးက ဟိုဖက်သည်ဖက်လူးလွန့်နေလေသည်။ စကားလုံးတို့ဖြင့် ဖော်ပြရန် အလွန်တရာကြောက်မက်ဖွယ်ကောင်းလှသည့်အပြင် လေထဲရှိ ဆိုးဆိုးရွားရွားအချဉ်ပေါက်နေသောအနံ့အသက်ကြောင့် ပိုင်ရှောင်ချန်းမှာ ပျို့တက်လာတော့သည်။

သူက လတ်တလောတွင် အသားပြင်ကြီးပေါ်၌ ကပ်နေပြီး သူ၏လက်ကိုမြှောက်ရန်ကြိုးစားလိုက်သောအခါ အကျိအချွဲအမျှင်ပေါင်းများစွာပျံ့နှံ့သွားပြီး ပြန်ကျသွားသည်။

“ချီးပဲ လိပ်စုတ်လိပ်ပျက်.. ငါမင်းကိုမုန်းတယ်”
သူ၏အဝတ်အစားတို့က တဖြည်းဖြည်းအရည်ပျော်လာသည်ကို သိလိုက်ရလေသည်။ ကံကောင်းထောက်မစွာပင် သူ၏ထာဝန်အသက်ရှည်နည်းပညာရပ်နှင့် အပြင်အားခန္ဓာကိုယ်ကြောင့် သူ့မှာအန္တရာယ်မရှိကြောင်းသေချာလေသည်။

အားစိုက်လိုက်ရပါသော်လည်း ထိုင်လျက်ပုံစံသို့ ရုန်းကန်ကြိုးစားထနိုင်လိုက်သည်။ ထို့နောက် သူက ထလိုက်ပြီး မျက်မှောင်ကြုတ်ရင်း ဘေးဘီဝဲယာအား ကြည့်ရှုလိုက်သည်။

“ဟိုဖားပြုပ်ကြီးက ငါ့ကို သေချာပေါက် မြိုချလိုက်တာပဲ။ငါအခု အဲဒီကောင်ကြီးရဲ့ အထဲမှာပဲဖြစ်မယ်” စိတ်ပျက်လက်ပျက်ဖြင့်သက်ပြင်းချလိုက်ရင်း လမ်းလျှောက်ရန်ကြိုးစားလိုက်သည့်ဆဲဆဲမှာပင် ရှေ့ရှိလမ်းမှာ အလုံးစုံပိတ်ထားကြောင်း သဘောပေါက်သွားလေသည်။ ဒေါသထွက်သွားပြီး သူက ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သွေးချီဓားကို ဆင့်ခေါ်လိုက်သည်။ တုံ့ဆိုင်းခြင်းအလျဥ်းမရှိပဲ သူ၏ရှေ့သို့ ခုတ်ပိုင်းချလိုက်လေသည်။

“ပွင့်စမ်း”

သတ္တုတစ်ခုနှင့်တစ်ခုထိတိုက်သွားသကဲ့သို့ အသံတစ်ခုပေါ်ထွက်လာပြီး ခြစ်ရာတစ်ခုမှပင် မြင်လိုက်ရပေ။

“အလုပ်မဖြစ်ဘူး။ ဖားပြုပ်ကြီးရဲ့ပါးစပ်ပွင့်ဖို့ တခြားနည်းလမ်းတွေရှာရမယ် ။ အောက်ဖက်ကိုဆက်သွားသင့်တယ်လို့ထင်တာပဲ။ ဖြစ်နိုင်တာကတော့…. ချီးပဲ။ ကမ္ဘာမှာအကျော်ကြားဆုံးပိုင်ရှောင်ချန်းက.. ဖင်ပေါက်ကိုသုံးရမယ်တဲ့လား” မျက်ရည်တို့ဝဲတက်လာရင်း သူ့မှာ ဆုံးဖြတ်ချက်ချရန် ကြိုးစားနေလေသည်။ သူက တည်နေရာရွှေ့ပြောင်းခြင်းကျောက်စိမ်းပေလွှာကိုသုံးရန်ကြိုးစားကြည့်သော်လည်း ဤနေရာတွင် အလုပ်မလုပ်ပေ။ သနားစဖွယ်သက်ပြင်းချလျက် အောက်ခြေအထိ ဆင်းရန်သွားလိုက်တော့သည်။

သူ၏အဝတ်အစားများဆက်လက်အရည်ပျော်လာသည်။ ကံကောင်းထောက်မစွာပင် သူ၏အပြင်အားမှာ သန်မာသဖြင့် တခဏမျှအချိန်ဆွဲထားနိုင်လေသည်။သူက လမ်းဆက်လျှောက်နေစဥ် သူ၏ခြေဖဝါးက စေးကပ်သောကြမ်းပြင်ကို ကပ်နေသဖြင့် ခဏတိုင်းချော်လဲနေတော့သည်။

“မင်းကိုသတ်ပစ်မယ်. လိပ်စုတ်ရေ”
ဒေါ
သတကြီးဖြင့် သူ၏ထည့်စရာအိတ်အား မွှေနှောက်ရှာသော်လည်း လိပ်ကလေး၏ အရိပ်အယောင်ကိုပင်မတွေ့ရချေ။


Comment

Leave a Reply

Options

not work with dark mode
Reset