ဓားရိုးပိုင်းအား နူးညံ့သိမ်မွေ့သောနေရာဟု သတ်မှတ်နိုင်မည်ဆိုပါက ဓား၏ကိုယ်ထည်ပိုင်းအား ခက်ထန်ကြမ်းတမ်းသော နေရာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
အကာအရံကြီး၏ နောက်တွင်ရှိနေသော ကမ္ဘာကြီးထဲ၌ မီးပင်လယ်ကြီးမှာ အနီရောင် မဟုတ်တော့ဘဲ အနက်ရောင် ဖြစ်နေ၏။ ထိုအနက်ရောင် မီးပင်လယ်ကြီးမှာ ဓားရိုးပိုင်းတွင် ရှိသော မီးပင်လယ်ကြီးထက်ပင် ပို၍ ပူပြင်းနေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ အာရုံခံနိုင်စွမ်းများအား အနည်းငယ်ခန့် ထုတ်လွှတ်ကြည့်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် အံ့ဩတုန်လှုပ်သွားရ၏။ သူ၏ သုံးသပ်ချက်များအရဆိုလျှင် အကယ်၍ သူသာ ဝိညာဉ်လှေအား အသုံးပြုခြင်း မရှိပါက ထိုမီးပင်လယ်ကြီးထဲတွင် နာရီဝက်ထက်ပို၍ တောင့်ခံနိုင်မည် မဟုတ်ပေ။
” ကြောက်ဖို့ကောင်းလိုက်တာ ” ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်မိသွားရသည်။ သူသည် သူ၏ အပြင်ခန္ဓာကိုယ်မှာ မည်မျှအထိ သန်မာကြောင်းကို သိရှိထားပေသည်။ ထို့ကြောင့် သူသည် ကြောက်ရွံ့တုန်လှုပ်ကာ ကြောင်အန်းအန်းဖြစ်နေစဉ် မီးပင်လယ်ကြီးမှာ သူ၏အောက်တွင်သာ မဟုတ်ဘဲ ကောင်းကင်ယံထဲတွင်လည်း ရှိနေသေးသည်ကို သတိထားမိလိုက်တော့သည်။
၎င်းမှာ အောက်တွင်ရှိနေသော မီးပင်လယ်ကြီးလောက် အံ့ဩမှင်တက်ဖွယ်ရာ မကောင်းပါသော်လည်း ကောင်းကင်ယံထဲ၌ မြစ်များကဲ့သို့ စီးဆင်းနေသည့် ချော်ရည်ပူစီးကြောင်းများကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရဆဲပင်။ သူသည် အဝေးသို့ လှမ်းကြည့်လိုက်သောအခါ အကာအရံကြီးထဲတွင် ရှိနေသည့် နေရာတိုင်းတွင် မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် ငရဲပြည်သို့ ရောက်သွားသည့်အလား ခံစားလိုက်ရ၏။
အဆောက်အဦ အပျက်အစီး မြောက်မြားစွာနှင့် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်နေသော ကျောက်တုံးကြီးများလည်း ရှိနေသေးသည်။ ဝမ်ပေါင်လဲ့မှာ အကာအရံကြီးထဲသို့ ဝင်သွားလိုက်ပြီးနောက် ခပ်လှမ်းလှမ်း၌ ပျက်စီးပြိုလဲနေသော အဆောင်များ တောင်လိုပုံနေသည်ကို အရင်ဆုံး လှမ်းမြင်လိုက်ရသည်။ ၎င်းမှာ ချော်ရည်ပူများထဲ၌ မျောလွင့်စီးဆင်းနေ၏။ ထို့နောက် ၎င်းမှာ တစ်စစီကြေမွနေသော ရုပ်ထုအပိုင်းအစကြီးတစ်ခုနှင့် ဝင်တိုက်မိသွားသဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို ရိုက်ခတ်မှုကြောင့် ဘေးပတ်ပတ်လည်ရှိ မီးပင်လယ်ကြီးထဲ၌ လှိုင်းတံပိုးများ ထလာရ၏။ ထို့နောက် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသဖြင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ ခပ်လှမ်းလှမ်းတွင် ရပ်နေသည့်တိုင်အောင် ထိုအပူလှိုင်းများ သူ့ဆီသို့ ပျံ့နှံ့လာနေသည်ကို အာရုံခံမိလိုက်၏။ သူ၏ ဆံပင်များပင်လျှင် မီးခိုးနံ့ နံနေပြီ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အထိတ်တလန့် ဖြစ်သွားရပြီး နောက်သို့ ချက်ချင်းပင် ဆုတ်ခွာသွား၏။ သူသည် ရှေ့သို့ ဆက်မသွားတော့ဘဲ ဓားကိုယ်ထည်ပိုင်း၏ အစွန်းနားတွင်ရပ်ကာ အပူချိန်အား ကျင့်သားရသွားအောင် စောင့်ဆိုင်းနေလိုက်သည်။ ထို့နောက် သူသည် ဘေးပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်သောအခါ အဆောင်များ၏ အကြွင်းအကျန် အစအနများသာမက အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေကြသည့် ကျောက်စကျောက်နများကိုလည်း မြင်လိုက်ရသည်။ ထို့အပြင် သူသည် လူသေအလောင်းအချို့ကိုပါ မြင်လိုက်ရသေးသည်။
ထို လူသေအလောင်း အများစုမှာ ခြေလက်အင်္ဂါများ အစုံအလင် မရှိကြတော့ပေ။ ၎င်းတို့ထဲတွင် ကျင့်ကြံသူများအပြင် သူ ဝိညာဉ်အမြစ်ရွာထဲ၌ ရှိနေခဲ့စဉ်တုန်းက မြင်တွေ့ခဲ့ရသည့် အဆုံးမဲ့မျိုးနွယ်စုဝင်များလည်း ရှိနေကြ၏…
သူသည် ထိုအလောင်းများ၏ အနားသို့ ချဉ်းကပ်သွားခြင်း မရှိပေ။ ၎င်းတို့ဆီတွင် တန်ဖိုးကြီးပစ္စည်းများ ရှိနေမည် မဟုတ်ကြောင်း သူက ခန့်မှန်းမိနေ၏။ ၎င်းတို့မှာ ခန္ဓာကိုယ်တစ်ခုလုံး ရှာဖွေခံထားရပြီးဖြစ်ကြောင်း အထင်အရှား မြင်နိုင်ပေသည်။ လွန်ခဲ့သော နှစ်များတုန်းက ကျယ်ပြန့်တာအိုနန်းတော်မှ ကျင့်ကြံသူများမှာ ထိုနေရာသို့ လာရောက်ရှာဖွေခဲ့ကြသည်မှာ သိသာထင်ရှားပေသည်။ ဤနေရာသို့ ရောက်အောင် လာနိုင်ခဲ့သည့် လူများမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားသောလူများ ဖြစ်ရမည် မဟုတ်ပါလော။ ထို့အပြင် သူတို့မှာ အုပ်စုဖွဲ့၍ ရောက်လာခဲ့ကြခြင်း ဖြစ်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုနေရာကြီးတစ်ခုလုံးအား နှစ်နာရီခန့် အကဲခတ်စောင့်ကြည့်နေလိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဓားကိုယ်ထည်ပိုင်းထဲရှိ အပူချိန်နှင့် ကျင့်သားရသွားပြီဖြစ်ကြောင်း သေချာသွားသောအခါမှသာ ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီး သတိကြီးကြီးထားကာ ရှေ့သို့ ဖြည်းဖြည်းချင်းဆက်၍ ပျံသန်းလာတော့သည်။ သူသည် ချော်ရည်ပူမြစ်များအား ကွေ့ဝိုက်ရှောင်တိမ်းကာ မျက်စိရှင်ရှင်ထားရင်း အသိအမှတ်ပြု တံဆိပ်ပြားများနှင့် အခြား အဖိုးတန်ပစ္စည်းများကို လိုက်လံရှာဖွေနေလိုက်၏။
ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် ဖြည်းဖြည်းချင်း ပျံသန်းနေခဲ့သည်မှာ ရှစ်နာရီတိတိ ကြာမြင့်သွားပြီ ဖြစ်သည်။ သူသည် ပတ်ဝန်းကျင်အား အကဲခတ်ကာ အဖိုးတန်ပစ္စည်းများ ရှာဖွေနိုင်ရန်အတွက်သာ အာရုံစိုက်ထား၏။ သူ၏ ခရီးစဉ်တစ်လျှောက်လုံးတွင် သူမကျော်ဖြတ်နိုင်သည့် အန္တရာယ်များနှင့် မကြုံတွေ့ရသေးပေ။ သူသည် ထိုကဲ့သို့ နာရီအနည်းငယ်ခန့် လိုက်လံရှာဖွေနေခဲ့စဉ် သူ၏ အောက်တွင်ရှိနေသော ချော်ရည်ပူပင်လယ်ကြီးထဲ၌ ပျက်စီးပြိုလဲနေသော အဆောင်များ၊ ကျိုးပဲ့နေသော ရုပ်ထုများနှင့် တစ်စစီကြေမွနေသော ကျောက်စကျောက်နများသာ အများဆုံး ရှိနေကြသည်ကို သတိထားမိခဲ့သည်။
ဤနေရာတွင် ရှိနေခဲ့သည့် အရာအားလုံးမှာ ဖြစ်ရပ်ဆိုးကြီးတစ်ခုကြောင့် တစ်စစီ ပေါက်ကွဲပျက်စီးသွားခဲ့သည့်အလားပင်။ မီးပင်လယ်ကြီးကြောင့် အတိတ်တုန်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးတစ်ခု၏ လက္ခဏာအများစုမှာ ပျောက်ကွယ်သွားခဲ့သည့်တိုင်အောင် ဝမ်ပေါင်လဲ့အား တုန်လှုပ်ချောက်ချားသွားစေသည့် အငွေ့အသက်ကြီးတစ်ခု ကျန်ရှိနေဆဲပင်။
အန္တရာယ်များနှင့် ချော်ရည်ပူမြစ်များ ရှိမနေကြသည့် နေရာများလည်း ရှိပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုနေရာများတွင် အနက်ရောင်မျဉ်းကြောင်းတစ်ကြောင်း ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ၎င်းမှာ လေဟာနယ်အား ထပ်ခြမ်းခွဲလိုက်သဖြင့် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထို အက်ကွဲကြောင်းကြီးထဲမှ လေပူများဖြင့် ဖွဲ့စည်းထားသော လေဆင်နှာမောင်းကြီးတစ်ခု ထွက်ပေါ်လာပြီး အပြင်ဘက်သို့ တိုက်ခတ်လာတော့သည်။
ထို လေဆင်နှာမောင်းကြီးမှာ အလွန်အင်မတန်မှ အားကောင်း၏။ အကယ်၍ တစ်ခဏမျှ အာရုံထွေပြားသွားပြီး ၎င်း၏ရှေ့သို့ ရောက်ရှိသွားမည်ဆိုပါက ဒဏ်ရာအပြင်းအထန် ရသွားမည်သာဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဤနေရာကြီးမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းသည်ဟု ပို၍ပင် ခံစားလာရပြီး ပင့်သက်များ ရှိုက်မိသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထား၍ ရှေ့သို့ ဆက်လက်ချီတက်လာရင်း ကောင်းကင်ယံထဲ၌ တောင်ထိပ်များကို မြင်လိုက်ရ၏။ ၎င်းတို့မှာ လေထဲတွင် ရစ်ဝဲနေကြပြီး တွန့်လိမ်ပုံပျက်နေကြသည်။ အချို့မှာဆိုလျှင် ဇောက်ထိုးမိုးမျှော် ဖြစ်နေကြ၏။
အချို့တောင်ထိပ်များမှာ ချောချောမွေ့မွေ့နှင့် ညီညာပြန့်ပြူးနေကြပါသော်လည်း အချို့မှာမူ မန္တန်များ၏ ရိုက်ခတ်မှုဒဏ်ကို ခံထားရသည့်အလား ချိုင့်ခွက်များဖြင့် ပြည့်နှက်နေ၏။ အချို့တောင်ထိပ်များပေါ်တွင်မူ အဆောက်အဦများ ရှိနေကြသည်။ ထိုအဆောက်အဦများမှာလည်း အတိုင်းအတာတစ်ခုအထိ အကောင်းတိုင်း ရှိနေကြသေးသည့်ပုံပင်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုတောင်ထိပ်များ၏ အနီးသို့ မချဉ်းကပ်ရဲပေ။ သူသည် ထို အကောင်းပတိအတိုင်း ရှိနေကြသည့် တောင်ထိပ်များပေါ်တွင် သူ၏ ကြွက်သားများအား တဆတ်ဆတ် တုန်ရီသွားစေပြီး သူ၏ ရင်ခုန်နှုန်းများအား မြန်လာစေသည့် အချုပ်အနှောင်များ ရှိနေသည်ကို အာရုံခံမိလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုအချုပ်အနှောင်များ၏ စွမ်းအားကို စမ်းသပ်ကြည့်ချင်သောကြောင့် သာမန် ကျောက်တုံးတစ်တုံးအား လှမ်းပစ်ကြည့်လိုက်၏။ ထိုကျောက်တုံးမှာ ထိုအချုပ်အနှောင်များနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် အမှုန့်ကြေသွားရတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဦးရေခွံများ ထုံကျဉ်သွားရပြီး အသိအမှတ်အပြု တံဆိပ်ပြားများ အလွန်အင်မတန်မှ တန်ဖိုးမြင့်မားနေရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ တံဆိပ်ပြားများကို ရှာဖွေရသည်မှာ အလွန်အင်မတန်မှ ခဲယဉ်းနေသည် မဟုတ်ပါလော။ ထို့အပြင် ၎င်းတို့အား ရှာတွေ့နိုင်ရန် ကံကောင်းဖို့လည်း လိုအပ်နေသေးသည်။
သူ မြင်နေရသည့် အရာများမှာ ဓားကိုယ်ထည်ပိုင်း၏ ကြောက်စရာအကောင်းဆုံး အရာများ မဟုတ်သေးပေ။ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထိုနေရာ၌ နောက်ထပ်နာရီအနည်းငယ်ခန့် ဆက်၍ ရှိနေလိုက်၏။ ထိုအချိန်တွင် သူသည် သူ့အား လိပ်ပြာလွင့်လုမတတ် အံ့ဩတုန်လှုပ်သွားစေသည့် အရာကြီးတစ်ခုကို မြင်လိုက်ရတော့သည်။
သူသည် ၎င်းအား မျက်ဝါးထင်ထင် မြင်လိုက်ရခြင်း ဖြစ်၏။ နဂိုတုန်းက သူ၏ရှေ့တွင် ရှိနေခဲ့သော ချော်ရည်ပူ ပင်လယ်ကြီးမှာ အမည်မသိ စွမ်းအားတစ်ခုကြောင့် ရုတ်တရက်ဆိုသလို ကိုက်တစ်ရာခန့် ကျယ်ဝန်းသော နေရာကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထို့နောက် မျက်စိတ်တစ်မှိတ်အတွင်းတွင် ၎င်းမှာ ထပ်၍ အသွင်ပြောင်းလဲသွားပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည့် ကျောက်တုံးကြီးတစ်တုံး ပေါ်ပေါက်လာတော့သည်။
ထို အသွင်ပြောင်းလဲမှုများမှာ ကြုံရာကျပန်း ပေါ်ပေါက်လာကြခြင်းဖြစ်ပြီး မှန်းဆ၍ မရနိုင်ပေ။ ဝမ်ပေါင်လဲ့မှာ ထပ်ခါတလဲလဲ စဉ်းစားသုံးသပ်ကြည့်လိုက်ပြီးနောက် ကောက်ချက်ချလိုက်၏။ ဤနေရာတွင် ရှိနေသော ပတ်ဝန်းကျင်ကြီးမှာ အမြဲတစေ ပြောင်းလဲနေခြင်းဖြစ်ပြီး ထိုပြောင်းလဲမှုများမှာ တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကဲ့သို့ ဖြစ်နေခြင်း ဖြစ်ပေသည်။
ထိုကဲ့သို့ မှန်းဆ၍ မရနိုင်သော အသွင်ပြောင်းလဲမှုများအပြင် တစ်ခါတစ်ရံတွင် မီးပင်လယ်ကြီးမှာလည်း အောက်ဘက်သို့ နိမ့်ကျသွားလေ့ ရှိသည်ကိုလည်း သူက သတိထားမိလိုက်သည်။ ထို့အပြင် မီးပင်လယ်ကြီးမှာ မီးတောင်တစ်လုံးကဲ့သို့ ဆိုင်းမဆင့် ဗုံမဆင့် ပေါက်ကွဲတတ်သေးသည်။ ထိုကဲ့သို့ ပေါက်ကွဲမှုများ၏နောက်တွင် ပင်လယ်ကြီး၏အောက်၌ နစ်မြုပ်နေသော အဆောက်အဦများနှင့် အပျက်အစီးများမှာ ပင်လယ်အထက်သို့ ပြန်၍ ပေါ်လာတတ်သည်။
ထိုကဲ့သို့ ပြန်ပေါ်လာကြသည့် အချိန်တိုင်း အနီးအနားရှိ နေရာများတွင် လောဟာနယ် အက်ကွဲကြောင်းများ ပေါ်ပေါက်လာကြသည်သာ ဖြစ်သည်။ တစ်ခါတစ်ရံတွင်ဆိုလျှင် ၎င်းတို့ထဲမှ ချစ်ချစ်တောက်ပူနေသော လေဆင်နှာမောင်းများပါ ပေါ်ထွက်လာတတ်သေးသည်။ ထို့ကြောင့် ထိုနယ်မြေတစ်ခုလုံးထဲရှိ နေရာအနှံ့အပြားတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဟု သတ်မှတ်နိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း သတိကြီးကြီး ထားလိုက်ပြီး မမလေးအား ဆင့်ခေါ်လိုက်၏။ သို့သော် အချိန်အတော်အတန် ကြာပြီးသည့်တိုင်အောင် သူမဆီမှ မည်သည့်စကားသံမှ ပြန်မကြားရသဖြင့် ဝမ်ပေါင်လဲ့မှာ ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်သည်။ သူသည် လူအနည်းငယ်ခန့် ထပ်၍ စုဆောင်းကာ အုပ်စုဖွဲ့ပြီးမှ ရှာဖွေလျှင် ပို၍ အကျိုးရှိနိုင်မည်လောဟု စဉ်းစားတွေးတောလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်၍ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။ သို့သော် ထိုအချိန်တွင် သူ၏ ဘေးဘက်တွင် ရှိနေသော မီးပင်လယ်ကြီးမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားသဖြင့် ချော်ရည်ပူများမှာ လေပေါ်သို့ မြောက်တက်လာကြ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ချက်ချင်း ရှောင်တိမ်းလိုက်ပြီး ထိုပေါက်ကွဲမှုကြီး ဘေးမှ ကွေ့ဝိုက်သွားရန် ပြင်လိုက်စဉ်တွင် အန္တရာယ်ကြီးတစ်ခုကို အာရုံခံမိလိုက်သဖြင့် မျက်ဝန်းများ အရောင်လက်သွားရတော့သည်။ ထို့ကြောင့် သူသည် သူ၏ ညာဘက်ခြေထောက်အား ချက်ချင်းမြှောက်ကာ နောက်ဘက်သို့ ချာခနဲ လှည့်လာပြီး လှမ်းကန်လိုက်၏။
ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးမီးများဖြင့် ဖုံးလွှမ်းနေသည့် လူပုံသဏ္ဍာန် သတ္တဝါကြီးတစ်ကောင် သူ၏ ကန်ချက်ကြောင့် နောက်သို့ ဆယ်ကိုက်တိတိ လွင့်ထွက်သွားသည်ကို မြင်လိုက်ရသည်။
” ဘာကြီးလဲဟ ” ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် အားအကုန်သုံး၍ လှမ်းကန်လိုက်သည့်တိုင်အောင် ထို လူပုံသဏ္ဍာန် သတ္တဝါကြီးမှာ နောက်သို့ လွင့်ထွက်သွားရုံမှတစ်ပါး အခြား ဘာမှဖြစ်မသွားပေ။
ဝမ်ပေါင်လဲ့မှာ ထို လူပုံသဏ္ဍာန် သတ္တဝါကြီးအား ဖျတ်ခနဲ လှမ်းကြည့်လိုက်ချိန်တွင် ၎င်းမှာ ပါးစပ်ဟလိုက်သဖြင့် အတွင်းထဲရှိ ချွန်ထက်နေသော သွားများကို မြင်လိုက်ရသည်။ ၎င်းမှာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှုနှင့် ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ဝမ်ပေါင်လဲ့ဆီသို့ ရုတ်တရက်ဆိုသလို အရှိန်အဟုန်ဖြင့် ပြေးလာ၏။ ထိုအခါ ချစ်ချစ်တောက် ပူနေသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး လေမုန်တိုင်းတစ်ခုကဲ့သို့ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရသည်။ သူသည် ထိုသတ္တဝါကြီးအကြောင်းကို မသိပါသော်လည်း ဤနေရာတွင် ဆက်ရှိမနေသင့်တော့ကြောင်း ဆုံးဖြတ်လိုက်၏။ သူသည် သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သုံးရောင်ခြယ် ဓားပျံများမှာ ချက်ချင်းပင် ထွက်ပေါ်လာ၏။ ၎င်းတို့မှာ သူ့ဆီသို့ ပြေးလာနေသည့် လူပုံသဏ္ဍာန် မီးသတ္တဝါကြီး၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားတော့သည်။
ထိုအခါ ထိုသတ္တဝါကြီးမှာ အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲသွား၏။ ၎င်းမှာ သွေးစသွေးနများနှင့် အသားစများအဖြစ် ပြောင်းလဲသွားခြင်းမရှိဘဲ အနီရောင် ကျောက်တုံးကြီးများအဖြစ်သာ ပြောင်းလဲသွားပြီး မီးပင်လယ်ကြီးထဲသို့ ပြုတ်ကျသွား၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရသည်။ သူသည် ရပ်တန့်သွားခြင်း မရှိဘဲ ခြေတစ်လှမ်းလှမ်းကာ နောက်သို့ ပြန်လည်ဆုတ်ခွာသွားတော့သည်။ နာရီပေါင်းများစွာ ကြာပြီးနောက် သူသည် ထိုကဲ့သို့သော သတ္တဝါကြီးနှစ်ကောင်နှင့် ထပ်၍ ကြုံတွေ့ခဲ့ရသေးသည်။ နောက်ဆုံးတွင် သူသည် ခပ်လှမ်းလှမ်းရှိ အကာအရံကြီးနှင့် ၎င်း၏ အခြားတစ်ဖက်တွင်ရှိနေသော တည်ငြိမ်အေးချမ်းနေသည့် နယ်မြေအား လှမ်းမြင်လိုက်ရတော့သည်။
သူသည် အရှိန်မြှင့်တင်ကာ ပြေးထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို မျက်နှာအမူအရာ ပြောင်းလဲသွားရသည်။ သူ၏ သိုလှောင်လက်ကောက်ထဲတွင် ရှိနေသော ကျောက်စိမ်းပေလွှာတစ်ခုမှာ အပြင်းအထန် တုန်ရီနေသောကြောင့် သူသည် ၎င်းအား ထုတ်ယူလိုက်၏။ ၎င်းမှာ ပြည်ထောင်စုပျိုးပင်များ ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက်မှတစ်ဆင့် အချင်းချင်းဆက်သွယ်နိုင်ရန် ပေးအပ်ထားသည့် ကျောက်စိမ်းပေလွှာလေးပင်ဖြစ်သည်။
လွှတ်တော်အား ကိုယ်စားပြုသည့် ပြည်ထောင်စုပျိုးပင်တစ်ယောက်မှာ ယခုတွင် အုပ်စုဖွဲ့စကားဝိုင်းထဲ၌ အကူအညီ တောင်းနေခြင်းဖြစ်သည်။
” ဓားကိုယ်ထည်ပိုင်းထဲမှာ တစ်ယောက်ယောက် များရှိကြလား။ ငါ ပိတ်မိနေလို့ ကျေးဇူးပြုပြီး ငါ့ကို လာကယ်ပေးကြပါဦး ”
ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ရောက်ရှိလာကြသည့် ပြည်ထောင်စုပျိုးပင်တိုင်းမှာ အချင်းချင်း စည်းလုံးညီညွတ်နေကြရမည်ဖြစ်ကြောင်း နားလည်ထားကြ၏။ သူတို့မှာ အတော်အသင့် စည်းလုံးညီညွတ်မှုရှိသည်ဟုလည်း ဆိုနိုင်ပေသည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကြားစာအား လက်ခံရရှိလိုက်သောအခါ ချက်ချင်းဆိုသလိုပင် ရပ်တန့်သွားရ၏။
ထိုကျောက်စိမ်းပေလွှာထဲရှိ ဒေသတွင်းသုံး ဝိညာဉ်ကွန်ရက်မှာ အကွာအဝေးကန့်သတ်ချက်တစ်ခု ရှိပေသည်။ သို့ဖြစ်ရာ နယ်မြေတစ်ခုထဲတွင် ရှိနေမည်ဆိုပါက အခြားသူများ၏ အသံလွှင့်အကြောင်းကြားစာများကို လက်ခံဖတ်ရှုနိုင်မည်ဖြစ်သည်။ သို့သော် လူတစ်ယောက်မှာ ထိုနယ်မြေ၏ အပြင်ဘက်သို့ ရောက်နေလျှင်မူ သူနှင့် နယ်မြေအတူတူထဲတွင် ရှိနေသည့် လူများသာလျှင် သူ၏ အကြောင်းကြားစာများကို လက်ခံရရှိနိုင်မည်ဖြစ်သည်။
လက်ရှိတွင် အုပ်စုဖွဲ့စကားဝိုင်းကြီး တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး အန္တရာယ်နှင့် ကြုံနေရသည့် ပြည်ထောင်စုပျိုးပင်တစ်ယောက်၏ အကူညီတောင်းသံ တစ်ခုတည်းကိုသာ ကြားနေရသည်။ မျှော်လင့်ချက်များ ကုန်ဆုံးနေသည့်လေသံ ပေါက်နေသော ထိုအသံကြီးမှာ စကားဝိုင်းထဲ၌ ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေတော့သည်။