” ငါ ဘာလုပ်မလို့လဲ ဟုတ်လား။ ခဏနေရင် သိရမှာပေါ့ကွာ ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး ပို၍ပင် ကောက်ကျစ်စဉ်းလဲသည့် အမူအရာဖြင့် လျန်လုံ၏ အနီးသို့ တစ်လှမ်းချင်း လှမ်းလာတော့သည်။
” မင်း… ငါ့နား ကပ်မလာနဲ့နော် ” လျန်လုံမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး ကျောချမ်းသွားရ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့မှာ စိတ္တဇ ကျင့်ကြံသူတစ်ယောက် ဖြစ်နေရမည်ဟု တွေးမိသွားပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ထွက်ပြေးသွားတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် သူ့အား ရန်စမိသည့်အတွက် နောင်တများရနေရတော့သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ကောက်ကျစ်စဉ်းလဲသော အပြုံးကြီးတစ်ခုဖြင့် ကြိုးတစ်ချောင်းကိုထုတ်ယူကာ စိတ္တဇဖြစ်နေသည့် လူတစ်ယောက်ကဲ့သို့ ပြုမူနေသည်မဟုတ်ပါလော။
သို့သော် လျန်လုံမှာ နောက်ကျသွားပြီဖြစ်သည်။ သူ နောက်သို့ထွက်ပြေးရန် ပြင်လိုက်ချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး သူ၏ညာဘက်လက်ဖြင့် ထိုကြိုးအား အားပါပါ ဝှေ့ယမ်းလိုက်၏။
” သူ့ကို တုပ်နှောင်လိုက်စမ်း ”
ဝမ်ပေါင်လဲ့ ထိုသို့အမိန့်ပေးလိုက်သည်နှင့် ထိုကြိုးကြီးမှာ အနီရောင်တောက်လာပြီး လေပေါ်သို့ မြောက်တက်သွား၏။ ထို့နောက် ၎င်းမှာ လေထဲတွင် မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်နေသောကြောင့် အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။
သို့သော် သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထိုကြိုးမှာ ဝမ်ပေါင်လဲ့၏ လက်မှ လွတ်ထွက်လာပြီးနောက် လျန်လုံဆီသို့ တန်း၍ ဦးတည်သွားခြင်း မရှိသည်ကို မြင်နိုင်ပေမည်။ ၎င်းမှာ ချီတုံချတုံ ဖြစ်နေပြီး ကောင်းကင်ယံထဲသို့ ပျံတက်သွားပြီးနောက် ပုန်းကွယ်ချင်နေသည့်ပုံ ပေါက်နေ၏။
လျန်လုံမှာ ထိုကြိုးကြီး၏ ထူးဆန်းသော အပြုအမူများကို သတိမထားမိပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ ၎င်းတို့အား အထင်အရှား မြင်နေရ၏။ ထို့ကြောင့် သူသည် ဒေါသထွက်နေသည့် မျက်နှာအမူအရာဖြင့် ထိုကြိုးကြီးအား ဆူပူကြိမ်းမောင်းရန် ပြင်လိုက်တော့သည်။ ထိုအချိန်တွင် မြွေတစ်ကောင်ကဲ့သို့ လူးလွန့်ယိမ်းထိုးနေသော ကြိုးကြီးကြောင့် လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့နေသည့် လျန်လုံမှာ အသံကုန် အော်ဟစ်မြည်တမ်းကာ အရှိန်မြှင့်တင်လိုက်ပြီး ကျွန်းပေါ်မှ ထွက်ပြေးသွားတော့သည်။
သူ ထိုကဲ့သို့ ထွက်မပြေးပါက ကိစ္စမရှိပါသော်လည်း ယခုလို ထွက်ပြေးရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချီတုံချတုံ ဖြစ်နေသော ကြိုးကြီးမှာ တုန်ရီသွား၏။ ထို့နောက် ၎င်းမှာ မျက်လုံးများပွင့်ကာ အားအင်များ တက်ကြွလာသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်သွားတော့သည်။ ၎င်းမှာ စိတ်လှုပ်တရှားနှင့် လမ်းကြောင်းပြောင်းသွားပြီးနောက် ဝမ်ပေါင်လဲ့ကိုပင် အံ့ဩတုန်လှုပ်သွားစေသည့် အမြန်နှုန်းမျိုးဖြင့် လျန်လုံ၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။
” ငါနဲ့ ဝေးဝေး နေစမ်း ” လျန်လုံမှာ အသံကုန် အော်ဟစ်လိုက်၏။ သူသည် နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီနေရပြီး အစွမ်းကုန်ကြိုးစားကာ ထွက်ပြေးနေပါသော်လည်း အချည်းနှီးပင်။ ထိုကြိုးကြီးမှာ အလွန်အင်မတန်မှ ပျော့ပျောင်းနေသဖြင့် လျှပ်တစ်ပြက်အတွင်းတွင် ၎င်းမှာ သူ၏ ခန္ဓာကိုယ်အား ထပ်ခါတလဲလဲ ရစ်ပတ်ကာ တုပ်နှောင်ထားလိုက်တော့သည်…
ထိုကြိုးကြီး လျန်လုံအား တုပ်နှောင်ပြီးသွားသည်နှင့် ၎င်းဆီမှ အချုပ်အနှောင်စွမ်းအားတစ်မျိုး ထွက်ပေါ်လာပြီး ဝိညာဉ်ချီများအားလုံးကို ဖြတ်တောက်ကာ လျန်လုံ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချုပ်နှောင်လိုက်၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် လျန်လုံမှာ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး မြေကြီးပေါ်သို့ ဘိုင်းခနဲမြည်အောင် လဲကျသွားတော့သည်။
ထို့ကြောင့် လျန်လုံမှာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် အလွန်အင်မတန်မှ ထိတ်လန့်ကြောက်ရွံ့နေသောကြောင့် အော်ဟစ်အကူညီတောင်းရန် ပြင်လိုက်၏။ သို့သော် သူ ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် ကြိုးကြီး၏ အစတစ်ဖက်မှာ သူ၏ပါးစပ်ပေါက်ထဲသို့ တိုးဝှေ့ဝင်ရောက်လာတော့သည်…
” အု…. ” ထို့ကြောင့် လျန်လုံမှာ မျက်လုံးများ ပြူးသွားရပြီး နဖူးပေါ်၌ ချွေးသီးများ ကျလာတော့သည်။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်နိုင်တော့သလို ယခုတွင်လည်း သူ၏ ပါးစပ်ထဲ၌ ကြိုးကြီးတစ်ချောင်း ရှိနေသဖြင့် အော်ဟစ်နိုင်စွမ်းလည်း မရှိတော့ပေ။ သူသည် ယခုလောက် ကူရာကယ်ရာမဲ့နေသည့် အဖြစ်မျိုးနှင့် တစ်ခါမှ မကြုံဖူးပေ။ ထိုအချိန်တွင် သူသည် သူ့ဆီသို့ ကောက်ကျစ်စဉ်းလဲသော အပြုံးကြီးဖြင့် ချဉ်းကပ်လာနေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားရပြီး ဝမ်ပေါင်လဲ့၏ အဝေးသို့ ရောက်နိုင်ရန် ခန္ဓာကိုယ်အား လူးလွန့်ကာ နောက်သို့ အလိုလို ဆုတ်ခွာသွားတော့သည်။
သို့သော် သူ၏ဆန္ဒမှာ မဖြစ်မြောက်လိုက်ပေ။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ့အား ဆံပင်မှဆောင့်ဆွဲ၍ သူ၏ရှေ့သို့ ကိုင်ပေါက်လိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ခါးကိုင်းလိုက်ပြီး သွေးပျက်လုမတတ် ကြောက်ရွံ့ကာ တစ်ကိုယ်လုံး တုန်ရီနေသည့် လျန်လုံအား ပြုံးပြလိုက်၏။
” လျန်လျန်လေး။ မင်းက ချုံခိုတိုက်ခိုက်ဖို့ စောင့်နေခဲ့တာဆိုတော့ ဖေဖေကြီး ဒီကိုရောက်လာမယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနေတာလဲဆိုတာ ပြောပြစမ်း ” ဝမ်ပေါင်လဲ့မှာ သူ၏ခေါင်းအား ပုတ်၍ ကြင်နာမှုအပြည့်ရှိသော လေသံဖြင့် မေးလိုက်၏။
ဝမ်ပေါင်လဲ့ ထိုသို့မေးလိုက်သည်နှင့် လျန်လုံမှာ မျက်လုံးများ ပြူးသွားရပြီး မူးဝေဝေ ဖြစ်သွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ ရောက်သည့်နေရာတိုင်း၌ သားများမွေးစားလေ့ရှိသည်ကို သူက မသိထားသည့်ပုံပင်။ သို့သော် သူသည် အလျင်အမြန်ပင် ပြန်၍ တုံ့ပြန်လိုက်၏။ သူသည် စော်ကားခံလိုက်ရသဖြင့် သူ၏ မျက်ဝန်းထဲရှိ အကြောက်တရားများ၏ နေရာတွင် အမျက်ဒေါသများ အစားထိုဝင်ရောက်လာပြီး ဝမ်ပေါင်လဲ့အား ဒေါသတကြီးနှင့် စိုက်ကြည့်နေလိုက်တော့သည်။
” မဖြေချင်ဘူးပေါ့ ဟုတ်လား။ တော်တော် ဆိုးတဲ့ကောင်ပဲကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ခေါင်းယမ်းလိုက်ပြီး မန္တန်လက်ကွက်များဖော်၍ ထိုကြိုးကြီးအား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ထိုကြိုးကြီးမှာ ချက်ချင်းဆိုသလိုပင် လင်းလက်တောက်ပလာပြီး လျန်လုံ၏ ခန္ဓာကိုယ် အနှံ့အပြားတွင် အဆက်မပြတ် လူးလွန့်လှုပ်ရှားနေတော့သည်။ ထို့ကြောင့် လျန်လုံမှာ မျက်လုံးများ ပြူးသွားကာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကြီးမှာ တောင့်တင်းသွားပြီး သူသည် အဆက်မပြတ် ရုန်းကန်နေရတော့သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ထိုအချိန်တွင် ကြိုးကြီး၏ အခြား အစတစ်ဖက်မှာ လျန်လုံ၏ အဝတ်စားများထဲသို့ လူးလွန့်ဝင်ရောက်သွားပြီးနောက် သူ၏ ဘောင်းဘီဆီသို့ ဦးတည်သွား၏။ ထိုအခြင်းအရာများ အားလုံးကြောင့် လျန်လုံမှာ ရူးသွပ်လုမတတ်ဖြစ်ကာ ကြောက်လန့်တကြားနှင့် အော်ဟစ်နေရတော့သည်။
” အူးးးး ”
” အခုထိကို ငါမေးတာ ဖြေဖို့ စိတ်ကူးမရှိသေးဘူးပေါ့ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ မန္တန်လက်ကွက်များ ထပ်ဖော်ရန် ပြင်လိုက်ပြန်သည်။ လျန်လုံမှာမူ ငိုမဲ့မဲ့နှင့် အရူးတစ်ပိုင်း ဖြစ်နေရပြီ ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ မေးခွန်းအား မဖြေချင်သည် မဟုတ်ဘဲ ပါးစပ်ထဲ၌ ကြိုးကြီး ဝင်နေသောကြောင့်သာ ပြန်မဖြေနိုင်ဘဲ ဖြစ်နေရသည် မဟုတ်ပါလော။
” အခုရော ဖြေဖို့ စိတ်ကူးရှိပြီလား။ ငါ မင်းကို စကားတစ်ခွန်း ပြောခွင့်ပေးမယ်။ သေချာလေး စဉ်းစားပြီးတော့ စကားလုံး ဆယ်လုံးတည်းနဲ့ ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ လျန်လုံအား ပါးရိုက်လိုက်ပြီး သူ၏ ပါးစပ်ထဲမှ ကြိုးကြီးအား ထုတ်ပေးလိုက်၏။ ထိုကြိုးကြီး အပြင်ဘက်သို့ ထွက်လာသည်နှင့် လျန်လုံမှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ဖြေလိုက်၏။
” မင်း ဒီကို ရောက်လာမယ်ဆိုတာ ရှဲ့ဟေးရန်ဆီက သတင်းရခဲ့တာပါ။ ငါ သူ့ကို တိုက်ပွဲရမှတ် အမှတ်တစ်ထောင် ပေးခဲ့ရပါတယ် ”
လျန်လုံမှာ အပိုအလိုမရှိ ဖြေလိုက်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့အား အမှန်တကယ်ပင် ကြောက်ရွံ့နေကြောင်း သိသာထင်ရှားပေသည်။
ဝမ်ပေါင်လဲ့မှာ လျန်လုံ၏ အဖြေအား ကြားလိုက်ရသောအခါ မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ထိုကြိုးကြီးမှာ လျန်လုံ၏ ပါးစပ်ပေါက်ထဲသို့ ပြန်၍ လူးလွန့်ဝင်ရောက်သွားပြန်သည်။ သူသည် ပါးစပ်ကို မဟတမ်း ပိတ်ထားသည့်တိုင်အောင် အချည်းနှီးပင်…
” စိတ်မပူပါနဲ့။ ငါ မင်းကို မသတ်ပါဘူး။ ဒီနေရာကြီးက သုခဘုံကြီးတစ်ခုလို ဖြစ်နေမှတော့ ငါ မင်းကို ဒီနေရာမှာ လေ့ကျင့်ခွင့် ပေးပါ့မယ် ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ပြုံးလိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး လျန်လုံ၏ ခြေထောက်နှစ်ဖက်ကြားရှိ နေရာအား ရုတ်တရက်ဆိုသလို အားပါပါ ကန်ကျောက်လိုက်တော့သည်။
ထိုကန်ချက်ကြောင့် လျန်လုံ၏ ခန္ဓာကိုယ်မှာ ပုစွန်တုပ်ကွေးတစ်ကောင်ကဲ့သို့ တွန့်လိမ်ကွေးကောက်သွားရ၏။ ထို့နောက် သူသည် မျက်လုံးကြီးများ နီမြန်းလာပြီး ထိုနာကျင်မှုကြောင့် သေဆုံးသွားရတော့မည့်အလား သနားစဖွယ်ကောင်းစွာ အော်ဟစ်မြည်တမ်းနေရတော့သည်။
” သေချာမှတ်ထား။ နောက်တစ်ခါ ငါ့ကို ရန်လာမစနဲ့ ” ဝမ်ပေါင်လဲ့မှာ ပြုံးကာ ဆိုလိုက်သည်။ သို့သော် လျန်လုံ၏ မျက်ဝန်းများထဲတွင်မူ ထိုအပြုံးမှာ နတ်ဆိုးတစ်ကောင်၏ အပြုံးထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ထိုအခါမှသာ သူသည် ဝမ်ပေါင်လဲ့မှာ အမှန်တကယ်ပင် စိတ္တဇ ကျင့်ကြံသူတစ်ယောက် ဖြစ်နေကြောင်း ယုံကြည်သွားရတော့သည်။
ဝမ်ပေါင်လဲ့မှာမူ လျန်လုံအား အာရုံထဲ၌ ထည့်မနေတော့ပေ။ သူသည် သူ၏ သိုလှောင်အိတ်များအား လှန်လှောရှာဖွေခြင်း မလုပ်ခဲ့သလို သူ၏ တိုက်ပွဲရမှတ်များကို ခိုးယူရန် ကြိုးစားခဲ့ခြင်းလည်း မရှိပေ။ သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်တွင် ရှိနေသရွေ့ အခြားသူများအား အသေမသတ်နိုင်ပါက ထိုလုပ်ရပ်များမှာ အဓိပ္ပါယ်ရှိမည် မဟုတ်ကြောင်းကို နားလည်ထားသည်။ လူတစ်ယောက်အား သတ်ဖြတ်ရသည်မှာ လွယ်ကူပါသော်လည်း ၎င်း၏ နောက်ဆက်တွဲ အကျိုးဆက်များမှာ သူ့အတွက် ပြဿနာရှိနိုင်သည် မဟုတ်ပါလော။
” အချိန်မကျသေးဘူး… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီး မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ နင်းကာ လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး အဝေးသို့ ပျံထွက်သွားတော့သည်။ ကြိုးကြီးမှာမူ လျန်လုံ၏ ခန္ဓာကိုယ်ပေါ်၌ ကျန်ရစ်နေခဲ့ဆဲပင်။
ထို့အပြင် သူသည် ထိုကြိုးနှင့် ဆက်သွယ်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် တစ်ချက် တွေးလိုက်ရုံနှင့် ထိုကြိုးအား ပြန်လည်ရုပ်သိမ်းနိုင်မည် ဖြစ်ရာ ၎င်းအား ဆုံးရှုံးလိုက်ရမည်ကို တွေးပူနေစရာ မလိုပေ။ ထို့အပြင် သူသည် အကွာအဝေး ကန့်သတ်ချက်မရှိဘဲ ထိုကြိုးကြီးအား ထိန်းချုပ်နိုင်စွမ်း ရှိနေကြောင်း သိလိုက်ရ၏။
လျန်လုံမှာမူ ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါမှသာ စိတ်ရောကိုယ်ပါ ချုံးချုံးကျသွားပြီး နာကျင်မှုများကြောင့် သတိလစ်သွားတော့သည်။ သူသည် သတိလစ်နေသည့်တိုင်အောင် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေဆဲပင်။
ဝမ်ပေါင်လဲ့မှာမူ လျန်လုံ၏ ပေါ်ပေါက်လာမှုအား သူ ကြိုတင်မှန်းဆထားခြင်း မရှိသော သာမန်ဖြစ်ရပ်တစ်ခုအဖြစ်သာ သဘောထားလိုက်ပြီး ၎င်းအား မေ့ထားလိုက်တော့သည်။ သို့သော် သူသည် ဖုန်မျက်လုံးကျွန်းဆီသို့ ဦးတည်ပျံသန်းနေရင်း သူ၏ တိုက်ပွဲရမှတ်များအား စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူသည် သူ၏ အသံလွှင့် ကျောက်စိမ်းပေလွှာအား ဖွင့်လိုက်ပြီး ရှဲ့ဟေးရန်ဆီသို့ အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။
” ညီကိုဟေးရန်။ မင်းရဲ့ လုပ်ငန်းကြီးကလည်း အကြီးကြီးပါပဲလား ”
ထိုအခါ ရှဲ့ဟေးရန်မှာ အနည်းငယ်ခန့် နေရခက်သွားပြီး ရှင်းပြရန် ပြင်လိုက်၏။
” ညီကိုပေါင်လဲ့။ ရှဲ့ဟေးရန်ဆိုတဲ့ ကျွန်တော်က စီးပွားရေးသမားတစ်ယောက်ပါပဲ .. ဒီကိစ္စက…”
” ညီကိုဟေးရန် ရှင်းပြနေစရာ မလိုပါဘူး။ ဒီလို အန္တရာယ်မရှိဘဲ အမှတ်တွေ အများကြီးရနိုင်တဲ့ ခွင်တွေကိုသာ ငါ့ကို များများဖန်ပေးဖို့ မမေ့နဲ့။ လောလောဆယ်မှာ ငါ အရမ်းကို ဆင်းရဲမွဲတေနေလို့ပါ ” ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှားဖြင့် ပြန်ပြောလိုက်၏။
ထိုစကားကြောင့် ရှဲ့ဟေးရန်မှာ တစ်ခဏမျှ အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူ၏ ရယ်မောသံများမှာ တဖြည်းဖြည်းနှင့် ကျယ်လောင်လာတော့သည်။ နောက်ဆုံးတွင်သူသည် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်၏။
” ပေါင်လဲ့ရေ။ မင်းနဲ့ စီးပွားရေးလုပ်ရတာ ကြိုက်တယ်ကွာ ”
” တူတူပါပဲကွ ” ဝမ်ပေါင်လဲ့မှာလည်း ပြုံးကာ ပြန်ဖြေလိုက်ပြီး ထိုအကြောင်းကြားစာအား အဆုံးသတ်လိုက်၏။ ထို့နောက် သူသည် ခေါင်း မော့ကာ ဖုန်မျက်လုံးကျွန်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် ထိုအရပ်မျက်နှာဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလိုက်တော့သည်။
ရက်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ ဖုန်မျက်လုံးကျွန်းပေါ်သို့ ရောက်ရှိလာ၏။ သူသည် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တိုက်ပွဲရမှတ်များလည်း အလုံအလောက် ပိုင်ဆိုင်ထားသည်ဖြစ်ရာ ခဏအကြာတွင် တည်နေရာပြောင်းရွှေ့ခွင့် ရသွားတော့သည်။ ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် တည်နေရာပြောင်းရွှေ့ခြင်းဆုံမှတ် ငါးခုအား ဖြတ်ကျော်ပြီးသွားပြီ ဖြစ်သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မီးပင်လယ်ကြီးအား ကျော်ဖြတ်သွားနိုင်ခဲ့ပြီးနောက် ဓား၏ ကိုယ်ထည်ပိုင်းဆီသို့ ရောက်ရှိလာတော့သည်။
လက်ရှိတွင် ထိုမီးပင်လယ်ကြီးမှာ တည်ငြိမ်နေသည့်ပုံ ပေါ်နေ၏။ သို့သော် အပူချိန်မှာ အလွန်အင်မတန်မှ မြင့်မားနေပြီး ဓားရိုးပိုင်းတွင် ရှိနေခဲ့စဉ်တုန်းကထက်ပင် အများကြီးပို၍ ပူပြင်းနေ၏။ ထို မြင့်မားလွန်းသော အပူချိန်ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်နေပြီး သူ၏ရှေ့တွင် မီးတောက်အကာအရံတစ်ခု ပေါ်ပေါက်လာ၏။
ထိုအကာအရံကြီး၏ အပြင်ဘက်တွင် အရာအားလုံးမှာ တိတ်ဆိတ်နေသည်။ ၎င်း၏ အတွင်းဘက်တွင်မူ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ကွဲအက်ပျက်စီးနေသလို ချော်ရည်ပူများလည်း စီးဆင်းနေ၏။ မီးပင်လယ်ကြီးထဲတွင်လည်း မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေပြီး တောင်တန်းများမှာလည်း တစ်စစီ ကြေမွနေကြပြီဖြစ်သည်။ ထို့အပြင် အဆောက်အဦများ အားလုံးမှာလည်း ပြိုလဲပျက်စီးနေကြသဖြင့် အရာရာတိုင်းမှာ ဖရိုဖရဲ ဖြစ်နေတော့သည်။
ထို အကာအရံကြီးအား ဖြတ်ပြီးသွားလျှင် ဓား၏ကိုယ်ထည်ပိုင်းထဲသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ နေမင်းကြီးထဲသို့ ရောက်သွားပြီဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုအကာအရံကြီး၏ အပြင်ဘက်တွင် မိနစ်အနည်းငယ်ခန့် တိတ်ဆိတ်ငြိမ်သက်နေလိုက်၏။ ထို့နောက် သူသည် စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသော အမူအရာဖြင့် ခေါင်းမော့လာပြီး အကာအရံကြီးထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။