ပိုင်ရှောင်ချန်းက ဒေါသတကြီးဖြင့် သူ၏ ထည့်စရာအိတ်ကို ထုနှက်လိုက်တော့သည်။ လိပ်ကလေးမှာ သူ့အတွက်ခေါင်းခဲစရာတစ်ခုဖြစ်နေပြီဖြစ်သော်လည်း သူက ဘာမှပြန်မလုပ်နိုင်ချေ။ သူက သက်ပြင်းချရင်း ကျိုးရှင်းချီထွက်ခွာသွားသည်ကို ကြည့်နေတော့သည်။ ထို့နောက် သူ၏ခေါင်းကို ဖြေးညင်းစွာခါယမ်းလိုက်ပြီး မြောက်ခြမ်းဘက်ရှိ သားရဲမွေးမြူရေးခြံဘက်သို့ ဦးတည်လိုက်တော့သည်။
ဘရူဆာ မည်သည့်နေရာသို့ရောက်နေသည်ကို အတိအကျပြောရန် မဖြစ်နိုင်ချေ။ မြောက်ခြမ်းသို့ ပိုင်ရှောင်ချန်းရောက်သွားသောခါ သူကြားလိုက်ရသည့် တစ်ခုထဲသောအရာမှာ ခပ်လှမ်းလှမ်းမှ အူသံတစ်သံသာ ဖြစ်သည်။ ဘရူဆာပင်လျှင် သူ့ကို လျစ်လျူရှုနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ အကြီးအကျယ် စိတ်ဓာတ်ကျနေတော့သည်။
” ဒီကလေးက ကြီးလာတာနဲ့ သူ့အဖေကိုတောင် အဖက်မလုပ်တော့ပါလား။ ” ပိုင်ရှောင်ချန်းက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ ထို့နောက်သူက သားရဲမွေးမြူရေးခြံထဲသို့ ဝင်သွားတော့သည်။
သားရဲမွေးမြူရေးခြံသည် ပိုင်ရှောင်ချန်းအတွက် ဒုတိယအိမ်နှင့်ပင် ဆင်တူလေသည်။ သူရောက်လာသည်နှင့် တပြိုက်နက် သားရဲများမှာ လှမ်းကြည့်လိုက်ကြပြီး ပျော်ရွှင်စွာ အော်ဟစ် ဟိန်းဟောက်ကာ နှုတ်ဆက်ကြသည်။
” လာပါကွ။ လိမ္မာတယ် မဟူရာ ရေ။ သနားစရာ စံပယ်လေး ကို မနိုင်မကျင့်ရဘူးလေ။”
” မင်းဘာလုပ်နေတာလဲကွ ဝက်ဝံနက်လေးရ။ ရန်ဖြစ်နေပြန်ပြီလား။ အရင်တစ်ခေါက်တုံးက ငါမင်းကို ဘာပြောခဲ့လဲ။ မင်းကို နှစ်နာရီတိတိ ပြစ်ဒဏ်သတ်မှတ်လိုက်ပြီကွာ။”
ပိုင်ရှောင်ချန်းမှာ ကောင်းကင်ချိုမှင်ရည်နဂါးနေထိုင်သည့် ချောက်ကမ်းပါးကြီးသို့ သွားရာ လမ်းတစ်လျှောက်ရှိ သားရဲများကို နှုတ်ဆက်ရင်း မကြာမီ သူ၏ဘေးပတ်ပတ်လည်တွင် သားရဲများစွာ စုဝေးနေတော့သည်။ ခေါင်းဆောင်ကြီးများနှင့်အတူ အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများမှာ ချောက်ကမ်းပါးအစွန်းတွင် ရောက်နှင့်ပြီးသားဖြစ်သည်။ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် တည်ကြည်သော အမူအရာများ ထင်ဟပ်နေသည်။
ထိုအဖွဲ့ထဲတွင် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အားအနည်းဆုံးဖြစ်ကြောင်း ပိုင်ရှောင်ချန်းက အမှတ်ရသွားသောအခါ သူက သားရဲများကို မောင်းထုတ်လိုက်လေသည်။ ထို့နောက်သူက ချောက်ကမ်းပါးအနားသို့ သွားကာ အတွင်းသို့ ငုံ့ကြည့်လိုက်လေသည်။ အောက်ဖက်တစ်နေရာတွင် ကောင်းကင်ဦးချိုမှင်ရည်နဂါး၏ အရိပ်ကဲ့သို့သော ပုံစံတစ်ခုကိုသာ သူမြင်နိုင်ပေသည်။
ခဏအကြာတွင် အဖွဲ့ဝင်အကုန် စုဝေးပြီးဖြစ်သွားသဖြင့် ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက အဖွဲ့ကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
” လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုံးက ဒီချောက်နက်ကြီးထဲမှာ နတ် အဆင့်ရှိတဲ့ သားရဲတစ်ကောင်ရဲ့ အရိုးစုတစ်ခုကို ငါတွေ့ခဲ့တာ။ ဒါပေမဲ့ ငါဘယ်လောက်ကြိုးစားကြိုးစား အဲ့အရိုးစုကို မယူနိုင်ခဲ့ဘူး။ အခု ငါတို့က စစ်ချီတက်ဖို့ ကောင်းကင်တံတား စစ်သင်္ဘောတွေကိုတည်ဆောက်ရတော့မှာ။ အဲ့ သားရဲကြီးရဲ့ ကျောရိုးက သင်္ဘောတွေရဲ့ကိုယ်ထည် တည်ဆောက်တဲ့နေရာမှာသုံးဖို့ အသင့်တော်ဆုံးပဲ။”
” ငါတို့ ခေါင်းဆောင်ကြီး ငါးယောက်က တတ်နိုင်သလောက် ကြိုးစားပြီး အဲ့သားရဲကြီးရဲ့ အရိုးစုအကျွင်းအကျန်တွေကို ရအောင်ယူမယ်။ မင်းတို့ထဲက ဆန္ဒရှိတဲ့လူတွေ ငါတို့နဲ့လိုက်ခဲ့လည်းရတယ်။ ဒါမှမဟုတ် ချောက်နက်ကြီးထဲက အခြားနေရာတွေကို လေ့လာရှာဖွေချင်တယ်ဆိုရင်လည်း ရတယ်။ အဲ့တခြားနေရာတွေမှာ တန်ဖိုးကြီး ပစ္စည်းတွေလည်း တွေ့ရင်တွေ့မှာပေါ့။”
” ချောက်နက်ကြီးထဲမှာရှိတဲ့ ဒေသက ရတနာတွေနဲ့ ပြည့်နေတဲ့ နေရာကွ။ ရှေးဟောင်းခေတ်က ပစ္စည်းတွေနဲ့ ပြည့်နေတာ။ ငါသွားမကြည့်ရသေးတဲ့ နေရာတွေတောင်မှ အများကြီးပဲ။ ကံကြမ္မာကောင်းတွေ ယူဆောင်ပေးမဲ့နေရာတွေရှိသလို အန္တရာယ်တွေနဲ့ပြည့်နေတဲ့ နေရာတွေလည်းရှိတယ်။ ခပ်ဝေးဝေးကြီးကို မသွားမိစေနဲ့။ မမျှော်လင့်ထားတဲ့ အရာတစ်ခုခုဖြစ်လာပြီဆိုရင် ဒီကျောက်စိမ်းပေလွှာကို ချိုးလိုက်။ အဲ့တာဆို ငါတို့ဆီကို ချက်ချင်းပြန်ရောက်လာလိမ့်မယ်။ ” ထိုသို့ဆိုကာ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းပေလွှာများကို လူတိုင်းဆီသို့ ပေးလိုက်သည်။
ပိုင်ရှောင်ချန်းက ထိုပေလွှာကို ယူလိုက်ပြီး စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုပေလွှာပေါ်တွင် နဝမမြောက်တောင်၏ တည်နေရာရွှေ့ပြောင်းခြင်း အစွမ်းကို ချက်ချင်းပင် ခံစားလိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။ ဤလျှို့ဝှက်ဒေသမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး များစွာသော မန္တန်အစီအရင်များဖြင့် ကာရံထားသည် မဟုတ်ပါလော။ ထို့ကြောင့် အနည်းငယ်ဘေးကင်းမည့်နေရာတစ်ခုဖြစ်မည်မှာတော့ အသေအချာပင်။
ရှင်းလင်းချက်များပြီးစီးသောအခါ ခေါင်းဆောင်ကြီးက ချောက်နက်ကြီးထဲသို့တောက်ပနေသည့် မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်သည်။
” ကောင်းကင်ချိုရေ။ လျှို့ဝှက်နယ်မြေဒေသကို ဖွင့်လိုက်တော့ဟေ့။”
ထိုအမိန့်ကို တုံ့ပြန်သောအားဖြင့် ကောင်းကင်ချိုမှင်ရည်နဂါးက မိုးခြိမ်းသံများအလား ဟိန်းဟောက်လိုက်ပြီး ၎င်း၏ဦးခေါင်းကို မော့လိုက်သည်။ ထူးခြားဆန်းကြယ်သော အလင်းတန်းများ တောက်ပနေသည့် မျက်ဝန်းများဖြင့် သူက ချောက်နက်ထဲသို့ ထိုးဆင်းသွားတော့သည်။
ထို့နောက် ပြင်းထန်ကျယ်လောင်လှသည့် တဂျုန်းဂျုန်းမြည်ဟည်းသံများမှာ မြေပြင်အနှံ့ ပျံ့သွားတော့သည်။ သားရဲမွေးမြူရေးခြံထဲရှိ သားရဲအားလုံးမှာ တိတ်ဆိတ်နေကြပြီး မြောက်ခြမ်းရှိ ကျန်သားရဲများမှာလည်း တုန်ရီသွားကြတော့သည်။ ချီလင် တစ်ကောင်နှင့်ဆင်တူသည့် သားရဲအမတစ်ကောင်နားတွင် ဝေ့လည်ကြောင်ပတ်လုပ်နေသည့် ဘရူဆာမှာ ရုတ်တရက် တုန်ရီသွားပြီး မော့ကြည့်လိုက်လေသည်။
တချိန်ထဲမှာပင် ဧရာမ လေပွေကြီးတစ်ခုမှ ချောက်နက်ကြီး၏ အောက်ဆုံးတွင် ပေါ်ပေါက်လာသည်။ ထိုအထဲမှ လေပြင်းတစ်ချက်တိုက်ခတ်သွားသဖြင့် လူတိုင်း၏ အဝတ်အစားများမှာ ခါယမ်းနေကြတော့သည်။ အနက်ရောင်မြူခိုးများထွက်လာပြီး ထိုနေရာတစ်ခုလုံးကို နက်နဲလှသည့် ရှေးဟောင်းဆန်သော ခံစားချက်ကြီးတစ်ခုက ဖုံးလွှမ်းသွားတော့သည်။
ထိုလေပွေကြီးနှင့် သူတို့မှာ ဝေးကွာနေပါသော်လည်း အခြားတစ်ဖက်တွင် တခြားကမ္ဘာတစ်ခုရှိနေကြောင်း သူတို့သိနိုင်ပေသည်။ စိမ်းလန်းစိုပြည်နေသည့် တောင်တန်းများနှင့် သားရေတောင်ပံများဖြင့် ပျံသန်းနေသည့် နဂါးနှင့်ဆင်တူသော ဧရာမ သတ္တဝါကြီးတစ်ကောင်ကို ခပ်ရေးရေးမြင်ရပေသည်။ ထိုလေပွေကြီးပေါ်လာသည်နှင့် တပြိုက်နက် ထိုသတ္တဝါကြီးမှာ လှမ်းကြည့်လိုက်ပြီး သူတို့ဘက်သို့ ဦးတည်ကာ ပျံသန်းလာတော့သည်။
သို့သော်လည်း ကောင်းကင်ချိုမှင်ရည်နဂါးမှာ ထိုနဂါးကြီးထက်ပို၍ ကြီးမားပေသည်။ ၎င်းက လေပွေ၏အပြင်ဘက်သို့ ဦးခေါင်းပြူထွက်လာသောအခါ ကျိုးကြေသံတစ်သံ နှင့်အတူ သနားစဖွယ်အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုနဂါးမှာ ဝါးမျိုခံလိုက်ပြီဖြစ်သည်။
မှင်ရည်နဂါး၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ လေပွေကြီးကိုဖြတ်ပြီး လျှို့ဝှက်နယ်မြေထဲသို့ရောက်သွားသောအခါ ၎င်းက ကောင်းကင်နှင့် ကမ္ဘာကြီးကို တုန်ရီစေနိုင်သော အသံဖြင့် ဟိန်းဟောက်လိုက်တော့သည်။ ချက်ချင်းပင် တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားတော်သည်။
ကောင်းကင်ချိုမှင်ရည်နဂါးကြီး၏ မိမိကိုယ်ကိုယုံကြည်မှုပြင်းထန်နေပုံကိုကြည့်လျှင် လျှို့ဝှက်နယ်မြေဒေသနှင့် သူက ရင်းနှီးနေကြောင်း သိနိုင်ပေသည်။ ထိုနေရာမှ ၎င်းက ရောက်လာခဲ့ခြင်းဖြစ်သည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းက မှင်တက်နေချိန်တွင် ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက နောက်ထပ်စကားတစ်ခွန်းထပ်ပြောလိုက်သည်။
” ကောင်းကင်ချိုက အစောင့်အဖြစ် နေပေးလိမ့်မယ်။ အပေါက်ဝကို တစ်လတိတိ ဖွင့်ထားမှာ။ အဲ့တစ်လပြီးရင် မင်းတို့ပြန်လာရမယ်။ ” ထိုသို့ပြောကာ ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးနှင့် အခြားခေါင်းဆောင်ကြီး လေးယောက်မှာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး အလင်းတန်းငါးခု အသွင်ပြောင်းကာ လေပွေထဲသို့ ပျံဆင်းသွားပြီး မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများမှာ ဂုဏ်ဝင့်တတ်သော လူစားများဖြစ်ပြီး သူတို့သည် ပိုင်ရှောင်ချန်းကို အတိုင်းအတာတစ်ခုထိ လေးစားပါသော်လည်း သူက အခြေခိုင်မာခြင်းအဆင့်တွင်သာရှိသေးသည်ဖြစ်ပြီး သူတို့အားလုံးမှာ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းကို ခတ်ပြတ်ပြတ် ခေါင်းညိတ်ပြလိုက်ကြပြီး သူတို့အားလုံးမှာ လေပွေထဲသို့ ပျံဆင်းသွားကြတော့သည်။
” ရှောင်ချန်းရေ။ အဝေးကြီး သိပ်မသွားနဲ့နော်။ ”
လီချင်းဟောက်က သတိပေးလိုက်သည်။
” ပြဿနာတစ်ခုခုဖြစ်ရင် အဲ့ကျောက်စိမ်းပေလွှာကို ချက်ချင်း ချိုးလိုက်။ ”
ထိုသို့ပြောကာ သူက သတိအနည်းငယ်ထပ်ပေးပြီးလိုက်လေသည်။ ထိုအခါ အခြားသော အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများမှာ စိတ်မရှည်တော့ပြီ ဖြစ်သဖြင့် သူက အောက်သို့ ပျံဆင်းက သူတို့နှင့် ပူးပေါင်းလိုက်တော့သည်။ သူတို့သည် အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများအတွက်ဆိုလျှင် အန္တရာယ်များသည့် နေရာတစ်ခုသို့ သွားရန်ကြံစည်နေကြသည်ဖြစ်ရာ ပိုင်ရှောင်ချန်းကို ခေါ်ခဲ့ရန် မသင့်တော်ချေ။
ထို့အပြင် ဤသို့ ကံကြမ္မာကောင်း ပစ္စည်းကောင်းများရရှိနိုင်မည့် အခွင့်အရေးမှာ ရရှိရန် ရှားပါးသည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းမှာ လီချင်းဟောက်ထွက်ခွာသွားသည်ကိုကြည့်ကာ ချောက်နက်ကြီး၏ အစွန်းတွင်ရပ်ကာ အောက်သို့ မချင့်မရဲ ငုံ့ကြည့်လိုက်ပြီး အတွင်းသို့ဝင်သင့် မဝင်သင့် စဥ်းစားနေတော့သည်။
” လာ လာ။ ကလေး။” ကောင်းကင်ချိုမှင်ရည်နဂါးက ပြုံးရင်း ဆိုလိုက်သည်။
” ဒီမှာ ဘေးကင်းပါတယ်ကွ။ အဝင်ပေါက်နဲ့ ကီလိုမီတာ ငါးရာ အကွာအဝေးထဲမှာပဲနေ။ အဲ့တာဆို မင်းကို ငါကိုယ်တိုင် ကာကွယ်ပေးလို့ရတယ်။”
ပိုင်ရှောင်ချန်းမှာ ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်ကာ ထိုကိစ္စကို ပြန်လည်သုံးသပ်နေတော့သည်။ ဤနေရာသည် ဂိုဏ်းကပိုင်ဆိုင်သော လျှို့ဝှက်နယ်မြေတစ်ခုဖြစ်သည့်အပြင် သူ့တွင် တည်နေရာရွှေ့ပြောင်းခြင်းပေလွှာတစ်ခုရှိနေသဖြင့် အန္တရာယ်များစွာ မရှိနိုင်ကြောင်း အဆုံးတွင် ဆုံးဖြတ် လိုက်တော့သည်။ ထိုလျှို့ဝှက်နယ်မြေ၏ ပုံစံကိုလည်း သူက သိလိုစိတ်များ ပြင်းထန်နေသည်။ အဆုံးတွင် သူက လေပေါ်သို့ပျံကာ လေပွေဆီသို့ ပျံဆင်းသွားတော့သည်။ တစ်ခဏအကြာတွင် သူက တခြားကမ္ဘာတစ်ခုထဲသို့ရောက်သွားပြီ ဖြစ်သည်။
သူသတိထားမိသော ပထမဆုံးအရာမှာ ထိုတစ်ကမ္ဘာလုံးတွင် ကြမ်းတမ်းစွာတိုက်ခတ်နေသည့် လေပြင်းကြီးများဖြစ်သည်။ ပြင်ပကမ္ဘာရှိ လေနှင့်မတူပဲ ပို၍ အားပြင်းပြီး ၎င်းနှင့်ထိတွေ့မိသမျှ အရာအားလုံးကို ခဲသွားအောင် တိုက်ခတ်လိုသည့်အလား ဖြစ်နေတော့သည်။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်လိုက်သောအခါ ဧရာမ လေပွေကြီးတစ်ခုကို မြင်လိုက်ရပြီး ထိုလေပွေ၏အလွန်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို မြင်နေရပေသည်။ ကောင်းကင်ချိုမှင်ရည်နဂါးကြီးမှာ လေပွေနားရှိ လေထုထဲတွင် ဝဲပျံနေသည်။ ၎င်းက သူ့ကို ငုံ့ကြည့်ကာ ပြုံးပြလိုက်သည်။
” စိတ်မပူပါနဲ့။ ငါဒီနေရာကို ကောင်းကောင်းသိပါတယ်။ မင်းသွားရန်မစသင့်တဲ့ နေရာအနည်းငယ်ကလွဲလို့ တခြားအရာတွေက ဘေးကင်းပါတယ်။ ပြီးတော့ အဲ့နေရာမှာရှိတဲ့ ကြောက်စရာသတ္တဝါတွေက အကုန်အိပ်ပျော်နေကြပြီ။ ဒီမှာ မင်းရဲ့လမ်းတစ်လျှောက်မှာ အကာအကွယ်ပေးနိုင်ဖို့ ငါ့ရဲ့ အငွေ့အသက် နည်းနည်းလောက်ယူသွား။
” ကောင်းကင်ချိုမှင်ရည်နဂါးကြီးက ရယ်မောကာ အနက်ရောင်မြူခိုးတန်း တစ်တန်းမှုတ်ထုတ်လိုက်သောအခါ ထိုမြူခိုးများမှာ နဂါးအကြေးခွံသဏ္ဍာန် အသွင်ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းဆီသို့ မျောကာ ဆင်းလာတော့သည်။
ပိုင်ရှောင်ချန်းက ဝမ်းသာအာရစွာဖြင့် ထိုအကြေးခွံကို လှမ်းယူလိုက်ပြီး လက်ယှက်ကာ ကောင်းကင်ချိုမှင်ရည်နဂါးကို ဦးညွှတ်လိုက်လေသည်။
” ကျေးဇူးအများကြီးတင်ပါတယ်…ဂိုဏ်းတူဦးကြီး ခင်ဗျာ။”
ထို့နောက်သူက ထိုကမ္ဘာထဲတွင် ပျံသန်းကာ အပေါက်ဝနှင့် ကီလိုမီတာငါးရာကျော် အကွာသို့ မရောက်သွားစေရန် သူ့ကိုယ်သူ သတိပေးနေတော့သည်။
သူ၏လမ်းတစ်လျှောက်တွင် အေးစက်သောလေများက သူ့ကို ရိုက်နှက်နေသည့်အလား ဖြစ်နေတော့သည်။ အောက်ဖက်တွင်မူ မြေကြီးများကို အစိမ်းရောင် သစ်ပင်ပန်းမန်များနှင့် လျို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည့် အဆုံးမဲ့သော တောင်စဥ်တန်းများ က ဖုံးလွှမ်းထားသည်။ ပိုင်ရှောင်ချန်း၏ အမြင်တွင် ဤနေရာသည် လူရိုင်းနယ်မြေတစ်ခုဟု၍ ထင်မှတ်နေတော့သည်။
ကောင်းကင်ကြီးမှာ မဲမှောင်နေသည်။ တိမ်တိုက်များ နှင့် နေလည်းမရှိပေ။ သို့သော်လည်း အပြီးတိုင် နက်မှောင်နေခြင်းတော့မဟုတ်ချေ။ အချိန်အနည်းငယ်မျှ ပျံသန်းပြီးနောက် ပိုင်ရှောင်ချန်းမှာ နေမင်းကြီးက ကမ္ဘာကြီးကို အလင်းရောင်အနည်းငယ်မျှ ထုတ်လွှတ်ပေးနေသည့်နေရာဖြစ်သော မိုးကုတ်စက်ဝိုင်းကြီးကို မြင်လိုက်ရသည်။
သူ၏ နှာခေါင်းထဲသို့ တိရစ္ဆာန်ရနံ့နှင့် ၎င်းတို့၏ အညစ်အကြေးများ၏ ရနံ့များကဲ့သို့ ထူးဆန်းသော ရနံ့များဝင်ရောက်လာသည်။ ထိုရနံ့မှာ မပြင်းထန်ပါသော်လည်း သူသည် အနည်းငယ် စိတ်လှုပ်ရှားစ ပြုလာတော့သည်။
သက်ရှိလူသားများ၏ အရိပ်အယောင်တစ်ခုပင်မရှိသော်လည်း မရေမတွက်နိုင်လောက်သည့် သားရဲများ၏ အငွေ့အသက်များကိုမူ ခံစားနိုင်ပေသည်။ အပေါက်ဝမှ ကီလိုမီတာ ငါးဆယ် အကွာအဝေးသို့ရောက်သောအခါ သူ၏ အောက်ဖက်ရှိသစ်တောထဲရှိ ကြောက်မက်စက်ဆုပ်ဖွယ်ကောင်းသည့် သတ္တဝါများ၏ မျက်လုံးများစွာက သူ့ကိုမော့ကြည့်နေကြောင်း သိလိုက်လေသည်။
သို့သော်လည်း သူ့တွင် ကောင်းကင်ချိုမှင်ရည်နဂါး၏ အကြေးခွံရှိသဖြင့် ထိုသတ္တဝါများမှာ ထိတ်လန့်နေကြတော့သည်။ ရွှေအမြုအဆင့်နှင့်ပင် ယှဥ်ရအောင် အဆင့်မြင့်သည့် သတ္တဝါများပင်လျှင် သူ၏ အနားသို့ ကပ်ရန် စိတ်ကူးရဲမည်မဟုတ်။
တချိန်တွင် မီတာဒါဇင်များစွာရှည်လျားသည့် နွားသဏ္ဍာန်သတ္တဝါတစ်ကောင်ကို မျိုချနေသည့် အလျား မီတာသုံးရာအထိ ကြီးထွားသော ကျားသစ်တစ်ကောင်နှင့်ဆင်တူသည့် သားရဲတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းသည် ထိုသတ္တဝါကြီး၏ အရိုးများကိုပင် မျိုချလိုက်သေးသည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်မှာ မူလပုံစံအသွင် ပြန်လည်ကျုံ့သွားပြီး ပိုင်ရှောင်ချန်းကို အေးစက်စက်အကြည့်ဖြင့်ကြည့်ကာ တောနက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
” ဒီနေရာက တော်တော် အန္တရာယ်များတာပဲ။ ” သူက ကတုန်ကရီနှင့် တွေးတောနေတော့သည်။ နောက်ဖက်သို့ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် သူ၏နောက်ဖက်တွင်ရှိသော ကောင်းကင်ယံထဲရှိ လေပွေကြီးကိုရှာတွေ့သွားသောအခါ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်တော့သည်။ ထို့နောက် သူက ကီလိုမီတာ ငါးဆယ်ခန့် ရှေ့ဆက်သွားလိုက်လေသည်။ အဆုံးတွင် တောင်တစ်တောင်ထိပ်ရှိ ကျောက်တုံးကြီးပေါ်တွင် သူကထိုင်ကာ အရပ်မျက်နှာအနှံ့ ပျံ့ကျဲနေသည့် ခမ်းနားလှသော မြေပြင်ကြီးကို လှည့်ပတ်ကြည့်ရှူနေတော့သည်။
” ပျင်းစရာကောင်းလိုက်တာ။” သူက ကျောက်စရစ်ခဲတစ်ခဲကို ကိုင်ကာ ရေရွတ်လိုက်သည်။
” ဒီနေရာက ပျော်ဖို့ လုံးဝမကောင်းဘူးဟေ့။”
ထိုသို့ဆိုကာ ကျောက်စရစ်ခဲကို သူက တောနက်ထဲသို့ ပစ်ချလိုက်သည်။ အနည်းငယ်အကြာတွင် သစ်ပင်များမှာ လှုပ်ခတ်လာပြီး ဦးခေါင်းနှစ်လုံးရှိသော ငှက်ကဲ့သို့ သတ္တဝါများ ပေါ်ထွက်လာတော့သည်။ သူတို့၏ အရွယ်အစားမှာ ပုံမှန်လူတစ်ယောက်၏ တစ်ဝက်ခန့်ရှိပြီး ပိုင်ရှောင်ချန်းကို စိုက်ကြည့်ကာ နားစည်များပင်ကွဲစေနိုင်လောက်သည့် အသံများဖြင့်အော်ဟစ်နေကြရာ ပိုင်ရှောင်ချန်းမှာ တုန်ရီနေတော့သည်။ ထိုငှက်များမှာ လေပေါ်တွင် ခေတ္တမျှ ဝဲပျံပြီးနောက် တောနက်ထဲသို့ ပျံဆင်းသွားတော့သည်။
” တော်လိုက်တော့။ ပြန်တော့မယ်။ ဒီသားရဲတွေက ခင်ဖို့လည်းမကောင်းဘူး။” သူက တံတွေးမျိုချလိုက်ပြီး ကောင်းကင်ချိုမှင်ရည်နဂါးဘက်သို့ ဦးတည်လိုက်တော့သည်။
သို့သော်လည်း သူလေပေါ်ပျံတက်လိုက်သည့် အချိန်တွင်ပင် ခပ်လှမ်းလှမ်းရှိတောင်ထိပ်တစ်ခုဆီမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံမှာ ဟိန်းဟောက်သံ တစ်သံထဲသာဖြစ်သော်လည်း တစ်ကမ္ဘာလုံးမှာ တုန်ခါနေတော့သည်။ များစွာသော တောင်ထိပ်များမှာ တုန်ရီနေကြပြီး မရေမတွက်နိုင်သော သားရဲများမှာ ဦးခေါင်းများကိုပင် မော့မကြည့်ရဲပဲ မချိတင်ကဲ အော်ဟစ်နေကြသည်။
ပိုင်ရှောင်ချန်းမှာ သူ၏ ဦးရေခွံများ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။ သူနှင့်ရင်းနှီးသော ပုံရိပ်တစ်ခုသည် ခပ်လှမ်းလှမ်းမှ နေ၍ သူ့ဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရသောအခါ သူ၏ အသိစိတ်များမှာ ဂယောင်ခြောက်ခြားဖြစ်သွားပြီး သူ၏နားများမှာ တဆစ်ဆစ်ကိုက်ခဲနာကျင်နေတော့သည်။
” မင်းလည်း ဖားလောင်းလေးတစ်ကောင်ပဲမလား။ မင်းလိုကောင်က ဘာတွေများ ထူးခြားနေလို့လဲ။ မင်းမလို့ ငါ့ကိုခြိမ်းခြောက်ရဲတယ်။ ငါ လိပ်ကိုယ်တော် နောက်ဆုံးနိုးထခဲ့တဲ့ အချိန်တုံးက မင်းအဖေကိုတောင် မြင်ခဲ့သေးတယ်။ အဲ့တုံးက မင်းကလည်းဖားလောင်း၊ မင်းအဖေကလည်း ဖားလောင်းဘဝမှာပဲ ရှိသေးတယ်။ မင်းတို့တစ်မိသားစုလုံးက ဖားလောင်းတွေပါကွာ။”