Switch Mode

အခန်း ( ၈ )

နတ်ဝိဇ္ဇာကျိုး ရောက်ရှိလာပြီ

“ ယွမ်ချင်း၊ ရွှမ်းယာ မင်းတို့က အခုမျိုးဆက်တပည့်တွေထဲက အဆင့် ( ၂ ) နဲ့ အဆင့် ( ၆ ) ပဲ။ ဘာလို့ ဆေးပင်သွားရှာချင်ရတာလဲ ”

“ တုန်းလင်တောင်ထိပ်က လျှိုယန်အာ နဲ့ လင်းတောင်ထိပ်က ဝမ်ကျိ … မင်းတို့ကလည်း အခုမျိုးဆက်က ထိပ်ပိုင်းအဆင့် ( ၂၀ ) ထဲဝင်တဲ့ ပါရမီရှင်တွေပဲ။ ဘာလို့ လွမ့်ကျန့်တောအုပ် ကိုသွားဖို့ အလျင်လိုနေတာလဲ။ ငါတို့ထက်ဝါနုတဲ့ တပည့်တွေအပေါ် အဲဒီလောက်တောင် ငါတို့ အထင်သေးနေမိပြီလား ”

“ မြောက်ကျွန်းက စာနာစိတ်ရှိတဲ့နေရာ မဟုတ်ဘူး။ အရင်နှစ်ကြိမ်တုန်းက ဘယ်သူမှ အဲဒီနေရာကို မရွေးကြဘူးမလား ”
ပိုင်ဖန်ခန်းမ၏ထောင့်တစ်နေရာရှိ အရက်နံ့များတထောင်းထောင်းထနေသော အမျိုးသမီးနတ်ဝိဇ္ဇာတစ်ဦးသည် ခေါင်းကိုငဲ့၍ကြည့်လိုက်သည်။ သူမသည် ထူးချွန်သောတပည့်လေးယောက်၏နောက်၌ ပုန်းရှိုးကွယ်ရှိုးလုပ်နေသော လီချန်ရှို့အား စိုက်ကြည့်လိုက်သည်။ ထို့နောက် လီချန်ရှို့အားထပ်မကြည့်မီ သူ၏လက်အတွင်းမှ ဝါးပြားရှည်တစ်ခုပေါ်သို့ ငုံ့ကြည့်လိုက်သည်။ ထိုကဲ့သို့ နှစ်ကြိမ်ထပ်မံကြည့်ရှုပြီးနောက် သူမ၏မျက်နှာ မည်းမှောင်သွားတော့သည်။

“ ချုံတောင်လေးက လီချန်ရှို့ … မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကဘယ်လောက်လဲ။ မင်းက အခုမှ ဝိညာဉ်အခြေတည် နဝမအဆင့်ကို ရောက်ရုံရှိသေးတယ်။ ဘာလို့ လွမ့်ကျန့်တောအုပ်ကိုသွားမှာလဲ ”

“ သွား သွား … ပုစွန်မိစ္ဆာတွေနဲ့ချဖို့ အရှေ့ပင်လယ်ကိုပဲ လိုက်သွားစမ်းပါ”
အမျိုးသမီးနတ်ဝိဇ္ဇာသည် စကားပြောကြမ်းသော်လည်း သူမ၏စကားက လက်တွေ့ကျသည်။ လီချန်ရှို့၏ ဘေးကင်းရေးအတွက် စိုးရိမ်ပူပန်နေကြောင်း သိသာလှသည်။

အမျိုးသမီးနတ်ဝိဇ္ဇာ၏ခါး၌ အရက်အိုး ကြီးတစ်ဘူးနှင့်အသေးတစ်ဘူးကို ချိတ်ဆွဲထားလေသည်။ သူမသည် ဘောင်းဘီရှည်နှင့် အင်္ကျီလက်တိုကိုသာ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပြီး မတိုမရှည်သော အညိုရောင်ဖျော့ဖျော့ဆံပင်များ ရှိသည်။ ပိုးသားကဲ့သို့နူးညံ့သည့် ဆံပင်ရှည်များရှိသော အမျိုးသမီးကျင့်ကြံသူ ( ၃၀၀၀ ) အကြားတွင် သူမကဲ့သို့ အမျိုးသမီး ရှားပါးသည်။

အမြင်အားဖြင့် သူမသည် စိတ်ဖိစီးပင်ပန်းမှုများ ရေရှည်ခံခဲ့ရသောကြောင့် ပြိုလဲကာ မိမိကိုယ်ကို အရှုံးပေးလိုက်သော သာမန်မထင်မရှားတပည့်တစ်ယောက်ဟု ထင်ရပေသည်။

လက်တိုအင်္ကျီသည် လျော့တိလျော့ရဲဖြစ်နေပေရာ ခါး၌ အဝတ်ခါးပတ်တစ်ခုပတ်ထား၍သာ တော်ပေသေးသည်။ ထို့ပြင် သူမ၏ခန္ဓာကိုယ်မှ ဖိအားများလည်း မကြာမကြာ ခေါင်းပြူထွက်လာပေသည်။ ထိုအချက်များကို ကြည့်ခြင်းအားဖြင့် သူမ၏အနီးအနားမှလူများသည် သူမအား အတော်အတန် တန်ခိုးကြီးသော အမျိုးသမီးနတ်ဝိဇ္ဇာတစ်ပါးဖြစ်ကြောင်း သိနိုင်ပေသည်။

ထိုအမျိုးသမီး၏တာအိုနာမည်သည် ကျိုးကျိုး ဖြစ်သည်။ သူမသည် ကောင်းကင်ခွင်းတောင်မှ ဖြစ်ပြီး အသက် ( ၂၀ ) ကျော်သာ ထင်ရလေသည်။ အမှန်တကယ်အားဖြင့် သူမသည် အသက် ( ၈၀၀ ) ကျော် ( ၉၀၀ ) ခန့်ရှိပြီဖြစ်သည့်အပြင် လွန်ခဲ့သောနှစ် ( ၆၀၀ ) ကျော်ကတည်းက နတ်ဝိဇ္ဇာတစ်ပါးဖြစ်ခဲ့ပြီး ဖြစ်သည်။ သူမ၏မျိုးဆက်မှ တပည့်များသည်လည်း ထိပ်တန်းများပင် ဖြစ်သည်။ ယခုအချိန်တွင် ၄င်းတို့ကိုယ်တိုင် တိုက်ခိုက်နိုင်နေပေပြီ။

သူမသည် လွမ့်ကျန့်တောအုပ်သို့ ဂိုဏ်းမှလိုက်ပါမည့် တစ်ဦးတည်းသော အစောင့်အရှောက်ဖြစ်၍ သာမန်အမျိုးသမီးတစ်ဦးမဟုတ်ကြောင်းပြောနိုင်ပေသည်။

လီချန်ရှို့က မျက်နှာတည်တည်ထားကာ လက်နှစ်ဘက်ကိုဆုပ်လိုက်ပြီး နတ်ဝိဇ္ဇာကျိုးအား အရိုအသေပေးကာ ပြောလိုက်လေသည်။
“ ဆရာ‌ဒေါ်လေးခင်ဗျား … တပည့်မှာ ရှာစရာဆေးပင်နည်းနည်းရှိလို့ပါ။ မြောက်ကျွန်းမှာပဲရှာတွေ့နိုင်တဲ့ ဆေးပင်မလို့ပါ။ ဒီတစ်ကြိမ်တော့ ဆရာဒေါ်လေးကျိုးကိုပဲ ဒုက္ခပေးရတော့မှာပဲ ”

“ ဘာဆေးပင်မလို့လဲ ”
အမျိုးသမီးနတ်ဝိဇ္ဇာသည် နှုတ်ခမ်းများကို တင်းတင်းစေ့ကာ မေးလိုက်သည်။ သူမ၏လှပသောမျက်နှာပေါ်တွင် အထင်သေးရိပ်များ ပေါ်နေပေသည်။
“ ငါနဲ့ မင်းဆရာနဲ့ ရင်းနှီးနေတာပဲ။ ငါ မင်းကို အဲဒါ ပေးလိုက်မယ်။ ဒါကိုယူပြီး တာအိုကျမ်းစာတိုက်က အကြီးအကဲချီလင်းဆီကို သွားလိုက် ”

ပြောနေရင်းမှာပင် အမျိုးသမီးနတ်ဝိဇ္ဇာသည် အပေါ်အင်္ကျီအတွင်းမှ အရက်များပေနေသည့် ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားကို လီချန်ရှို့ထံပစ်ပေးလိုက်လေသည်။
“ အဖိုးအခကို ငါ့လစဉ်စာရင်းထဲက ဖြတ်ဖို့ သူ့ကိုပြောပြီး မင်းလိုတဲ့ဘယ်ဆေးပင်ဖြစ်ဖြစ်ယူလိုက် ”

“ မြောက်ကျွန်းဆိုတာ ဝိညာဉ်အခြေတည် နဝမအဆင့်ပဲရှိသေးတဲ့ ကျင့်ကြံသူတွေသွားရမယ့်နေရာမှ မဟုတ်တာ ”

“ မင်း အဲဒီမှာသေသွားရင် အရက်ဆယ်နှစ်လောက်သောက်လို့ရမယ့် ငွေပမာဏလောက် ငါ့ဆီက အဖြတ်ခံရလိမ့်မယ်။ မင်းရဲ့ အငိုသန်တဲ့ဆရာကလည်း ငါ့ဆီငိုကြီးချက်မလာပြီး … ”

“ အိုက်ယား … တွေးရတာနဲ့တောင် စိတ်ပျက်ဖို့ကောင်းနေပြီ ”
ကျောက်စမ်းပြားကိုမြင်သောအခါ ဘေး၌ရပ်နေသည့် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ အံ့အားသင့်သွားကြသည်။

ဂိုဏ်းအတွင်းရှိ အကြီးအကဲများထံတွင် သက်သေခံကျောက်စိမ်းပြားများ ရှိကြသည်။ ဝိညာဉ်အခြေတည် နဝမအဆင့်သာရှိသေးသည့်အပြင် တောင်တစ်ခုတည်း၌ အတူနေမဟုတ်သော လူတစ်ယောက်အား အဘယ်ကြောင့် ကျောက်စိမ်းပြားကို အလွယ်တကူ ပေးနေရသနည်း။

“ ဆရာဒေါ်လေး ”
လီချန်ရှို့သည် ခါးသက်စွာ ပြုံးလိုက်ပြီး ကျောက်စိမ်းပြားအား ကိုင်မြောက်ကာ ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားအား အမျိုးသမီးနတ်ဝိဇ္ဇာထံသို့ ပြန်ပေးကာပြောလိုက်သည်။

“ ရွေးချယ်စရာရှိရင် ကျွန်တော်လည်း စွန့်စားပြီး မြောက်ကျွန်းကို မသွားချင်ပါဘူး။ ဒါပေမဲ့ အခု တခြားနည်းလမ်းမရှိတော့လို့ပါ ”

“ ဂိုဏ်းစည်းကမ်းအရဆိုရင် အပြင်လောကကိုသွားပြီး လေ့ကျင့်မယ့် တပည့်ရဲ့တောင်းဆိုချက်ကို ဆရာ‌ဒေါ်လေး ငြင်းလို့မရပါဘူး။ ကျွန်တော်တောင်းဆိုတာကို လက်ခံပေးပါ ဆရာဒေါ်လေး ”

ကျိုးကျိုးသည် အတန်ငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ရှေ့၌ အရိုအသေပေးနေသော လီချန်ရှို့ကိုသာ အာရုံစိုက်ကြည့်လိုက်သည်။။ ထို့နောက် သူမသည် ခေါင်းခါလိုက်ကာ ကျောက်စိမ်းပြားကို ပြန်ယူလိုက်လေသည်။

“ တကယ်ပါပဲ … ဟို ယွမ်ချင်း နဲ့ ရွှမ်းယာဆိုတဲ့နှစ်ယောက် ”

အနီရင့်ရင့်ဂါဝန်ဝတ်ဆင်ထားသောမိန်းမပျိုနှင့် နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးသည့် လူငယ်တို့သည် တစ်ပြိုင်တည်း လက်သီးဆုပ်၍ ဖြေလိုက်သည်။
“ ဒီမှာရှိပါတယ် ”

ကျိုးကျိုးက စိတ်မရှည်စွာ လက်ဖျောက်တီးလိုက်သည်။
“ လိုအပ်လာခဲ့ရင် မင်းတို့နှစ်ယောက်သူ့ကို ကာကွယ်ပေးလိုက်ကြ ”

ယုံချင်ရွှမ်းယာက ခံစားချက်မဲ့စွာ ဖြေလိုက်သည်။
“ တပည့် … ဆရာ‌ဒေါ်လေးအမိန့်ကို နာခံပါ့မယ် ”

ယွမ်ချင်းသည် လီချန်ရှို့အား နွေးထွေးသောအကြည့်ဖြင့် တစ်ချက်မျှ ကြည့်လိုက်ကာ ပြန်ဖြေလိုက်၏။
“ စိတ်ချပါ ဆရာဒေါ်လေး ”

သူသည် နှုတ်ခမ်းထောင့်စွန်း တွန့်ကွေး သွားသည်အထိ ပြုံးလိုက်ပြီး ကြင်နာစွာ ဆက်ပြောလိုက်သည်။
“ ဂိုဏ်းတူညီလေး ချန်ရှို့ကို ကျွန်တော်သေချာပေါက် ကြည့်ရှုစောင့်ရှောက်ပေးမှာပါ ”

ကျိုးကျိုးသည် အားမလိုအားမရဖြစ်နေဟန်ကို မဖုံးဖိနိုင်ဘဲ လီချန်ရှို့ဘက်လှည့်ကာ ခပ်ထေ့ထေ့ဆိုသည်။
“ သူက မင်းနဲ့ရွှမ်းယာတို့ထက်တောင် ဂိုဏ်းကို စောရောက်တာလေ ”

“ တကယ်ပဲ လီချန်ရှို့ မင်း ဘယ်လိုများ ကျင့်သလဲ။ မင်း နှစ် ( ၁၀၀ ) ကျော်လောက်ကျင့်ကြံနေတာတောင် အခုထိ ဗလာနတ္ထိအဆင့်ကို မရောက်နိုင်သေးဘူး။ ထားလိုက်ပါတော့လေ ”

“ မင်းတို့ ချုံတောင်လေးရဲ့အခြေအနေအရဆို ဒီက တပည့်တော်တော်များများကို အမီလိုက်နိုင်ရင်ကို တော်တော်ကောင်းနေပါပြီ ”

“ အာ … ”
ယွမ်ချင်း နေရခက်သွားလေသည်။ သို့သော်လည်း အမြန်ပင် လက်နှစ်ဘက်ကိုဆုပ်၍ ဦးညွတ်ကာပြောလိုက်သည်။

“ ကျွန်တော်တောင်းပန်ပါတယ် ဂိုဏ်းတူအစ်ကိုချန်ရှို့။ ကျေးဇူးပြုပြီးတော့ ဒါကို အတည်ကြီးမယူလိုက်ပါနဲ့ ”

လီချန်ရှို့က အတန်ငယ်ပြုံး၍ ခေါင်းခါပြလိုက်သည်။ သူ့နှလုံးသားတွင် ခံစားချက်များဖြင့် ပြည့်နှက်နေပေသည်။

မျက်နှာသေမိန်းမတစ်ယောက်နှင့် နွေးထွေးကြင်နာတတ်သောယောက်ျားတစ်ယောက် … အလွန်လိုက်ဖက်ပါပေ၏။

သို့သော် ထိုအရာများသည် သူနှင့် မဆိုင်ပေ။

နောက်ကျောဘက်မှ အကြည့်စူးစူးနှစ်ခုကို လီချန်ရှို့ ခံစားလိုက်ရသည်။ သို့သော် မည်သူ ကြည့်နေသည်ဖြစ်ကြောင်း သူ အရေးလုပ်မနေတော့ပေ။ ထိုအစား သူသည် ကျိုးကျိုးအား ကျေးဇူးတင်လိုက်ပြီး ရွှမ်းယာနှင့် ယွမ်ချင်းတို့အား လက်နှစ်ဘက်ဆုပ်၍ အရိုအသေပေးလိုက်လေသည်။ ထို့နောက် တပည့်လေးယောက်တို့၏ နောက်သို့ တိတ်တဆိတ် ပြန်ဝင်သွားလိုက်‌တော့၏။

အကြည်စူးစူးနှစ်ခုသည် ကျန်တပည့်နှစ်ယောက်ထံမှ ဖြစ်သည်။

လျှိုယန်အာသည် ပိုးဝတ်စုံအဝါရောင်ဖျော့ဖျော့ကလေးကို ဝတ်ဆင်ထားပြီး ဝမ်ကျိမှာမူ အစိမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပေသည်။ သူတို့နှစ်ဦးကို ယခုမျိုးဆက်များအကြား ဗလာနတ္ထိအဆင့်သို့ ရောက်ရှိနေကြသည့် ထူးချွန်သော တပည့်များအဖြစ် သတ်မှတ်ထားကြပြီး နတ်ဝိဇ္ဇာအဖြစ် လျာထားခံရသူများလည်း ဖြစ်သည်။

သူတို့၏ အကြည့်စူးစူးများသည် ကောင်းသည့်ရည်ရွယ်ချက်မပါသကဲ့သို့ ဆိုးသည့်ရည်ရွယ်ချက်လည်း မပါပေ။ အလွန်ဆုံး အထင်သေးခြင်းသာ ပါပေလိမ့်မည်။

လီချန်ရှို့သည် သူ၏နေရာ၌ တိတ်တဆိတ်ထိုင်ကာ လူများစွာ လေကိုခွင်း၍ ပျံသန်းသွားကြသည့် အသံများကို နားထောင်နေလေသည်။ တပည့်များကို တစ်သုတ်ပြီးတစ်သုတ် သူတို့၏ နတ်ဝိဇ္ဇာအစောင့်အရှောက်များက ဦးဆောင်၍ ဝေဟင်မှ ခေါ်ဆောင်သွားကြ၏။

သူသည် သိုေလှာင်ဓမ္မအဆောင်များကို စစ်ဆေးရန် ဝိညာဉ်အာရုံကို အနည်းငယ် အားထုတ်လွှတ်လိုက်သည်။

ထိုအရာများဆောင်ထားရခြင်းမှာ သူက စည်းစနစ်ကျသူတစ်ယောက် ဖြစ်ခြင်း၊ သူ၏ ဆေးပင်များ၊ ဓမ္မအဆောင်များနှင့် ထိုကဲ့သို့ ပစ္စည်းများအား သီးခြားခွဲထားရန် လိုအပ်ခြင်း စသည့်အကြောင်းများကြောင့် မဟုတ်ပေ။ သူ၏သိုေလှာင်ဓမ္မအဆောင်များအတွင်း သိမ်းထားသည့်ပစ္စည်းများမှာ အတူတူသာဖြစ်သည်။ ထိုအရာများမှာ ဆေးလုံးများ၊ ဓမ္မအဆောင်များ၊ ဝိညာဉ်ကျောက်တုံးများ နှင့် ထိုကဲ့သို့သော အရာများအား အညီအမျှ သုံးပုံပုံကာ ထည့်ထားခြင်းသာ ဖြစ်သည်။

သူ၏လက်ဝဲဘက်လက်၌ ဝတ်ဆင်ထားသော လက်ပတ်သည် သူ၏ အဓိက သိုေလှာင်ဓမ္မအဆောင် ဖြစ်သည်။ ကြိုတင်ကာကွယ်ပြင်ဆင်မှုအနေဖြင့် သူ၏လည်ပင်းရှိဆွဲပြားသည် အရံသိုေလှာင်ဓမ္မအဆောင် ဖြစ်သည်။ သူ၏ပေါင်၌ချည်ထားသော အဝတ်အိတ်လေးသည် အရံ၏အရံ သိုလှောင်ဓမ္မအဆောင် ဖြစ်သည်။

အပြင်လောကသို့ သွားရောက်ကာ လေ့ကျင့်မည့်သူတစ်ဦးသည် အလွန်အမင်းကြိုတင်ပြင်ဆင်ထားခြင်းမှာ မမှားပေ။ အထူးသဖြင့် အန္တရာယ်များသော မြောက်ကျွန်းသို့သွားမည့်သူဆိုပါက ပို၍ပင် ထိုသို့ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။

ဤအကြိမ်တွင် လီချန်ရှို့သည် သူပိုင်သမျှ၏ထက်ဝက်ကျော်ကို သူနှင့်အတူ ယူဆောင်ခဲ့သည်။ ကျန်တစ်ဝက်ကိုမူ သူ၏ဆရာတူညီမလေးအား အကာအကွယ်အဖြစ် ပေးလိုက်လေသည်။

***

နေ့ဝက်ခန့်ကြာပြီးနောက် ကြီးမားသော အရက်အိုးကြီးတစ်လုံးသည် ခန်းမရှေ့မှနေ၍ ကောင်းကင်ပေါ်သို့ တဖြည်းဖြည်း မြင့်တက်သွားလေသည်။

နတ်ဝိဇ္ဇာကျိုးကျိုးသည် လက်ပိုက်ကာ အရက်အိုးအဝ၌ ရပ်နေ၏။ သူမ၏ အပြုအမူများကား အံ့အားသင့်စရာကောင်းလှသည်။ တပည့်ငယ်အချို့သည် အရက်အိုးကြီးအပေါ်ရှိ နေရာအနှံ့တွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။

အရက်အိုးသည် မန္တန်အစီအရင်ကို ကျော်ဖြတ်ပြီးသွားသောအခါ နတ်ဝိဇ္ဇာကျိုးကျိုးသည် လက်ဟန်ဖော်၍ ချိတ်ပိတ်လိုက်ရာ အရက်အိုးမှ အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်လာကာ ပြင်ပလေထုနှင့်အရက်အိုးအား ခြားနားပေးသောအလွှာတစ်ခု ဖြစ်သွားလေသည်။

ထို့နောက် နတ်ဝိဇ္ဇာကျိုးကျိုးသည် အနောက်မြောက်အရပ်အား လက်ညှိုးညွှန်လိုက်ကာ တဖြည်းဖြည်းအရှိန်မြှင့်လိုက်လေတော့သည်။

“ အားလုံး စိတ်အေးလက်အေးနေစမ်းပါ။ စိတ်လှုပ်ရှားမနေကြနဲ့။ ဂိုဏ်းပြင်ပရောက်တာနဲ့ အဲဒီလောက်ထိ စည်းစည်းကမ်းတွေ မတင်းကြပ်တော့ပါဘူး ”

ကျိုးကျိုးသည် သမ်းဝေလိုက်ပြီး အရက်အိုးအဝတွင် ထိုင်ချလိုက်ကာ တစ်ယောက်တည်း ဘာသိဘာသာနေနေ၏။ သူမ၏ခြေထောက်နှစ်ချောင်းကို နှုတ်ခမ်းဝတစ်ဘက်စီ၌ တင်ထားလိုက်ပြီး သူမ၏ပုံရိပ်အား ဂရုမစိုက်ဘဲ လှဲချလိုက်လေသည်။ ပေါ့ပေါ့ပါးပါးပင် ခါးမှအရက်အိုးတစ်အိုးအား ဖြုတ်လိုက်ပြီးနောက် သူမ၏မျက်နှာတွင် ကျေနပ်သောအပြုံးတစ်စ ဖြတ်သန်းသွားလေတော့သည်။

သူမသည် အရက်တစ်ငုံ ခပ်ဖြည်းဖြည်းသောက်လိုက်ရာ မျက်နှာကလေး နီမြန်းသွားတော့သည်။ သူမ၏သက်ပြင်းချလိုက်သံ၊ စုပ်သပ်လိုက်သံများသည် လေနှင့်အတူပါသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက ကျေနပ်သွားသောအရသာကို ခံစားလိုက်ရလေ၏။ ထို့နောက် သူမသည် အနောက်သို့လှည့်ကာ တပည့်ငါးယောက်ကို ကြည့်ရှုလိုက်သည်။

သူနှင့်အဝေးဆုံးတစ်ယောက်မှာ အရက်အိုးဖင်ပိုင်းတွင် ထိုင်နေသော လီချန်ရှို့ ဖြစ်သည်။

လီချန်ရှို့သည် ကျန်တပည့်များနှင့် ခပ်လှမ်းလှမ်း၌ထိုင်နေသည်။ သူက တည်ငြိမ်နေပြီး တခြားသူများကဲ့သို့ ကျင့်ကြံမနေပေ။ သူ၏လက်ဝဲဘက်လက်ချောင်းများကြားတွင် စာရွက်အဆောင်နှစ်ခုအား ဖိထားလေသည်။

လျှိုယန်အာ နှင့် ဝမ်ကျိသည် အရက်အိုးအလယ်ပိုင်းတွင်ထိုင်ကာ တိတ်တဆိတ် တရားထိုင်နေ၏။

ကျိုးကျိုးနှင့်အနီးဆုံးလူမှာ ယုံချင်ရွှမ်းယာ ဖြစ်သည်။ သူမသည် ကျိုးကျိုး၏ကျောဘက် တစ်ပေအကွာတွင် ထိုင်နေလေသည်။ သူမ၏ဓားကြီးကိုမူ ရှေ့တွင် ကန့်လန့်ဖြတ်ချထား၏။

ယုံချင်ရွှမ်းယာ၏အနောက်တွင်ကား နှစ်လိုဖွယ်ကောင်း၍ ကျက်သရေရှိသော ယွမ်ချင်း ရှိလေသည်။ သူသည် နွေးထွေးသောလေသံဖြင့်ပြောလိုက်သည်။
“ ဂိုဏ်းတူညီမလေး ဒီတစ်ခါ အစ်ကို ညီမကို မီးတောက်ဥာဏ်အလင်းပွင့်ဆေးပင် ကူရှာပေးမယ်”

သို့သော်လည်း ယုံချင်ရွှမ်းယာသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး အေးဆေးစွာ ပြန်ပြောလိုက်သည်။

“ ဂိုဏ်းတူအစ်ကိုယွမ်ချင်း ညီမအတွက် ပူစရာမလိုပါဘူး။ ဒါက ညီမကျင့်ကြံခြင်းအတွက်ပဲ။ အပြင်လူတွေဝင်ရှုပ်မှာ ညီမ မလိုချင်ဘူး ”

ယွမ်ချင်းက နွေးထွေးစွာပြုံးလိုက်သည်။
“ နောက်တစ်ယောက်ကူရှာပေးတော့ တွေ့ဖို့အခွင့်အရေးပိုများတာပေါ့ ”

ယုံချင်ရွှမ်းယာသည် မည်သို့မျှ ပြန်လည်မတုန့်ပြန်‌တော့ဘဲ မျက်လုံးမှိတ်၍သာ ထိုင်နေတော့သည်။ မီးတောက်ကဲ့သို့ အရောင်အဝါများက သူမအား လွှမ်းခြုံနေပေ၏။

“ အင်း … “
ကျိုးကျိုးသည် ဘေးမှကြည့်ကာ သဘောကျနေတော့သည်။ ထို့နောက် ယွမ်ချင်းအား မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။

ယွမ်ချင်းသည် ကူရာမဲ့နေသည့်မျက်နှာထားဖြင့် ယုံချင်ရွှမ်းယာနှင့် သုံးပေအကွာတွင် ထိုင်နေလေသည်။ သူ၏အပြုံးများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

“ အိုက်ယား ကြည့်ကောင်းဦးမယ့် နောက်ထပ် တစ်ဖက်သတ်အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပဲ ”
ကျိုးကျိုးသည် အလွန်အရသာကောင်း၍ လျှာပေါ်တွင်စွဲကျန်ရစ်သော နတ်ဝိဇ္ဇာအရက် နောက်တစ်ငုံ ထပ်သောက်လိုက်သည်။ ထို့နောက် အရက်အိုးအား ခါး၌ ပြန်လည်ချိတ်လိုက်လေ၏။

သူမသည် အရက်အိုးဘေးနံရံအားမှီ၍ မိုးပြာရောင်ကောင်းကင်အောက်ရှိ တိမ်ဖြူဖြူများအား ကြည့်ရှုရန် အပေါ်သို့ မော့လိုက်သည်။ သူမ၏အတွေးများကား အဝေးတစ်နေရာသို့ ရောက်ရှိနေဟန်တူသည်။

ထိုကဲ့သို့ အတန်ငယ်ပျံသန်းနေပြီးနောက် ကျိုးကျိုးသည် ခါးရှိ အရက်အိုးအားတစ်ဖန်ထပ်မံ ဖြုတ်ရန် လက်လှမ်းလိုက်တော့သည်။ သို့သော် သူမသည် တခဏမျှတုန့်ဆိုင်းသွားပြီး ရပ်တန့်ကာ ဆိုသည်။

“ ငါတို့ မြောက်ကျွန်းကိုရောက်ဖို့ နှစ်ရက်နဲ့သုံးညကြာလိမ့်မယ်။ မင်းတို့ တချိန်လုံး အဲဒီလိုပဲထိုင်ပြီး တရားမှတ်နေတော့မှာလား ”

“ ဝမ်ကျိ … ဆရာဒေါ်လေးကို သီချင်းတစ်ပုဒ်လောက်ဆိုပြစမ်းပါဦး ”

“ ဆရာဒေါ်လေးကျိုး … ကျွန်တော်ဘယ်တုန်းကများ သီချင်းဆိုတတ်လို့လဲ ”
ဝမ်ကျိက ပြောလိုက်သည်။

ကျိုးကျိုးသည် သူ့အား အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ မင်းတို့ထဲက ဘယ်သူဆိုတတ်လဲ။ ချန်ရှို့ မင်းဆိုတတ်လား ”

လီချန်ရှို့သည် တည်ငြိမ်စွာ ခေါင်းခါလိုက်ပြီယ အသံလှိုင်းအတတ်အား အသုံးပြု၍ ကျိုးကျိုးအား လှမ်းသတိပေးလိုက်သည်။
“ ဆရာဒေါ်လေး … ကျွန်တော်တို့နောက်ကတိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေသလိုပဲ ”

“ ဟုတ်လား ”
ကျိုးကျိုးသည် မော့ကြည့်လိုက်ပြီး အသံလှိုင်းအတတ်ကိုပင်သုံးကာ လီချန်ရှို့အား တိတ်တဆိတ် ပြန်ပြောလိုက်သည်။
“ ဒီလိုကြီးမားကျယ်ပြန့်တဲ့ ကျွန်းကြီးငါးကျွန်းမှာ ဘယ်လိုပျံရမလဲဆိုတာသိတဲ့ ကျင့်ကြံသူတွေအများကြီး ရှိတာပဲ။ ဘာမဟုတ်တာလေးကို ပုံကြီးချဲ့မနေပါနဲ့။ ငါတို့အခု တုနတ်ဝိဇ္ဇာဂိုဏ်းနဲ့ မဝေးသေးပါဘူး ”

ထိုသို့ပြောလိုက်သော်လည်း ကျိုးကျိုးသည် နတ်အာရုံအား ဖြန့်ကျက်၍ စစ်ဆေးကြည့်ရှုလိုက်သည်။ တခဏကြာသောအခါ အရက်အိုးသည် ခပ်မှန်မှန်အရှိန်နှေးလာလေသည်။

တဒင်္ဂအကြာ၌ အရက်အိုးသည် လေထဲတွင် လုံးလုံးလျားလျား ရပ်တန့်သွားတော့သည်။ ကျိုးကျိုးသည် အေးအေးလူလူအမူအယာဖြင့် ထိုင်နေကာ အော်ပြောလိုက်သည်။
“ ဒီက တာအိုရောင်းရင်းက ဘာများအလိုရှိလို့ ကျမတို့နောက်ကို သည်းကြီးမည်းကြီး လိုက်နေရတာလဲ ”

အရက်အိုးပေါ်တွင်ထိုင်နေသော ကျန်လူလေးယောက်က မျက်လုံးများ ဖွင့်ကြည့်လိုက်ကြသည်။ သူတို့သည် သူတို့အနောက်ရှိ အင်္ကျီလက်အတွင်း ညာလက်ဝှက်ထားသော လီချန်ရှို့အား လှည့်ကြည့်လိုက်ကြသည်။

သူ၏လက်ချောင်းများသည် သိုေလှာင်ဓမ္မအဆောင်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေ၏။
သူတို့နောက်ရှိ တိမ်စိုင်များအကြားမှနေ၍ တုတ်ခိုင်သန်မာသောလူရိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုလူသည် ချိန်းကြိုးများကိုဝတ်ဆင်ပြီး သူ့ပုံစံသည်လည်း ထုံအပုံပေါ်လေသည်။ သူ့နံဘေးတွင် ထူထဲသော ကိုယ်ရောင်ကိုယ်ဝါများဖြင့် လွှမ်းခြုံနေလေသည်။

“ နတ်ဝိဇ္ဇာတစ်ပါးလား ”
လီချန်ရှို့သည် ထိုလူအား ပို၍ စေ့စေ့စပ်စပ်လေ့လာလိုက်သည်။ ထိုလူသည် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းနိုင်ခဲ့သည်မှာ မကြာလောက်သေးပေ။ ထိုလူထံမှ ဖိအားအမြောက်အမြားကို သူ မခံစားရချေ။

သူတိုနှင့် ပေတစ်ထောင်ခန့်ဝေးသောနေရာ၌ ထိုလူသည် လက်နှစ်ဘက်အားဆုပ်လိုက်ကာ ကျိုးကျိုးအား အရိုအသေပေးပြီးနောက် အော်ပြောလိုက်လေသည်။
“ ကျုပ်က အရှေ့ကျွန်း ဟုန်လင်းတိုင်းပြည်က ရှေ့တန်း‌သက်တော်စောင့်ပါ။ အမှတ်ခြောက်မင်းသမီးကို ကာကွယ်ပေးဖို့ လိုက်လာခဲ့ရတာပါ။ စော်ကားသလိုဖြစ်သွားရင် ကျုပ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် ”

“ အမှတ်ခြောက်မင်းသမီး၊ ဟုတ်လား ”
ကျိုးကျိုးသည် ခေါင်းငဲ့ကာ သူ့နောက်ရှိ အမျိုးသမီးတပည့်နှစ်ယောက်အား လေ့လာလိုက်သည်။

လီချန်ရှို့၏ အကြည့်များသည် မျက်နှာအနည်းငယ်ဝိုင်း၍ ခက်ထန်သောမျက်နှာထားရှိသည့် လျှိုယန်အာ အပေါ်သို့ အလိုလို ကျရောက်သွားတော့သည်။ သို့သော်လည်း လျှိုယန်အာသည် အခြား တပည့်ငယ်ဖြစ်သော မိန်းမပျိုလေးကို ကြည့်၍နေလေသည်။

ယုချင်ရွှမ်းယာ၏ အေးစက်စက်ဖြင့် ပြောလိုက်သောအသံကို ကြားလိုက်ရပေသည်။
“ ပြန်သွားပါ … ကျမအတွက် စိတ်မပူပါနဲ့ ”

‘ မင်းသမီးဆိုပါလား ‘

‘ ငါတို့ မြောက်ကျွန်းကိုသွားတဲ့အချိန်မှ သူ ထွက်လာတာလား ‘
လီချန်ရှို့က အနည်းငယ် နှာခေါင်း ရှုံ့လိုက်သည်။ သူသည် ရှောင်လွှဲ၍မရသော ထောင်ချောက်တစ်ခုအား အနံ့ခံမိလိုက်ပြီ ဖြစ်ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset