Switch Mode

အခန်း ( ၃၁၇ )

ငါက လိပ်ကလေး

သက်စောင့်စွမ်းအားမှာ အလွန်မယုံကြည်နိုင်ဖွယ်ကောင်းလှသဖြင့် ပိုင်ရှောင်ချန်း၏ခြေဖဝါးအောက်တွင် မြက်ပင်နှင့် သစ်ပင်ပန်းပင်တို့ ပေါ်ထွက်လာလေသည်။ မီတာသုံးရာအတွင်းရှိအရာအားလုံးမှာ ငွားငွားစွင့်စွင့် ဖူးပွင့်နေသော ပန်းပွင့်ပန်းခက်ကလေးများဖြင့်ပြည့်နှက်သွားကာ သစ်ပင်ပန်းပင်တို့ဖြင့် စိမ်းလန်းစိုပြည်သော ကမ္ဘာတစ်ခုဖြစ်သွားသည်အထိ အလျင်အမြန်ပျံ့နှံ့သွားတော့သည်။

သက်စောင့်စွမ်းအားက ဆက်လက်ပေါ်ထွက်နေဆဲဖြစ်သော်လည်း အချိန်မကုန်ခင် ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက အဏ္ဏဝါဆေးလုံးကို သစ်သားသေတ္တာငယ်လေးထဲအား ပြန်ထည့်လိုက်ရင်း သူ၏အင်္ကျီလက်ကို ခါလိုက်လေသည်။ သေတ္တာအဖုံးပိတ်လိုက်သည်နှင့် သက်စောင့်စွမ်းအားမှာကွယ်ပျောက်သွားတော့သည်။

ထိုနေရာရှိ သစ်ပင်သစ်ရွက်များက ရုတ်ခြည်းညှိုးလျော်သွားပြီး အသက်ရှူချိန်တခဏလေးအတောအတွင်းမှာပင် ယခင်က မရှိခဲ့သကဲ့သို့ ၄င်းတို့အားလုံးပျောက်ကွယ်သွားလေပြီ။

ပိုင်ရှောင်ချန်းက မျက်လုံးပြူးလျက်ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။

ဤကဲ့သို့ ဆေးလုံးမျိုးအား သူဘယ်သောအခါကမှ မမြင်ခဲ့ဖူးချေ။ သူလောလောလတ်လတ်ခံစားလိုက်ရသည့် သက်စောင့်စွမ်းအားမှာ မယုံနိုင်စရာဖြစ်ကာ အဆုံးအစွန်အထိ ထိတ်လန့်ဖွယ်ကောင်းလှသည်။

“အဏ္ဏဝါဆေးလုံးကို အချိန်အကြာကြီး ဖွင့်ထားလို့မရဘူး။ ဒီသေတ္တာဖွင့်လိုက်တဲ့အချိန်တိုင်း ဆေးစွမ်းအားတွေ လွင့်ပျယ်သွားတယ်”

ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ဆေးလုံး၏စွမ်းအင်မြူမှုန်မျှကိုပင် မလိုအပ်ပဲ မဖြုန်းတီးပစ်ချင်ပြီး ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်စဥ်တွင် သူ၏မျက်လုံးအတွင်း၌ နာနာကျင်ကျင်အကြည့်တစ်ချက်ကို မြင်နိုင်လေသည်။

“ဒီဆေးလုံးက အသက်ရှူချိန်ဆယ်ကြိမ်အဏ္ဏဝါဆေးလုံးပဲ။ ဒဏ္ဍာရီအရ ဒီဆေးလုံးကို ပြည့်ပြည့်စုံစုံဖော်စပ်ထားရင် ရလဒ်အနေနဲ့ သန့်ရှင်းသော ဝိညာဥ်ကို အမြဲတမ်းနိုးနေစေနိုင်မယ့် ထာဝရအဏ္ဏဝါဆေးလုံးဖြစ်လာမယ်တဲ့”

” ရှောင်ချန်း… အဏ္ဏဝါဆေးလုံးဖော်ဖို့ မင်းလိုအပ်တာဘာပဲဖြစ်ဖြစ် ပြောသာပြောလိုက်။ ဂိုဏ်းက တတ်နိုင်သမျှဘယ်လိုနည်းနဲ့မဆို ထောက်ပံ့ပေးမယ်”

ပိုင်ရှောင်ချန်းက ဦးစွာ ဘာမှမပြောပေ။ သူက သန့်ရှင်းသော ဝိညာဥ်ကို ကြည့်ခဲ့သည့် အခိုက်အတန့်နှင့် စောစောပိုင်းက ဆေးလုံး၏ ကြောက်မက်ဖွယ် စွမ်းအားတို့ကို ပြန်တွေးလိုက်သည်။ သူ့မှာ အောင်မြင်နိုင်ရန်အတွက်ယုံကြည်ချက်လုံးဝမရှိဘဲ အားတင်း၍ ခေါင်းညိတ်လိုက်ရလေသည်။ ထို့နောက် သူက တစ်လှမ်းချင်းနှေးကွေးစွာပြန်သွားတော့သည်။

တာအိုသစ်စေ့တောင်ရှိ ဂူသို့ပြန်ရောက်သောအခါ သူက စဥ်းစားတွေးခေါ်ရန် တင်ပျဥ်ခွေထိုင်လိုက်သည်။ အခြားတစ်ဖက်တွင် အဏ္ဏဝါဆေးလုံးက ဂိုဏ်းအတွက်အလွန်တရာအရေးပါပြီး အခြားတစ်ဖက်၌ ဆေးလုံး၏ ကြောက်မက်ဖွယ်စွမ်းအားမြင်ကွင်းကပင် အလွန်ဆွဲဆောင်အား ကောင်းလှသည်။

“ဒီလိုကြောက်မက်ဖွယ် သက်စောင့်စွမ်းအားနဲ့ ဆေးလုံးကို ဘယ်လိုများလုပ်ခဲ့တာတုန်း။ ဒါ့အပြင် အဲ့ဆေးလုံးမှာ အပင်နဲ့ အသီးအရွက် ဘာမှတစ်ခုမှလည်း အာရုံမရခဲ့ပါဘူး။ ကြည့်ရတာ အပင်ပါဝင်ပစ္စည်းတွေ မသုံးပုံပဲ”

ယခင်က အဏ္ဏဝါဆေးလုံးဖော်စပ်ရန် သူကြိုးစားခဲ့ဖူးသဖြင့် ၄င်းတွင် ကောင်းကင်တံတားမြစ်ရေ စုပ်ယူခြင်းနှင့် ကိုယ်ခန္ဓာအားဆေးပေါင်းဖိုအဖြစ်အသုံးပြုခြင်းတို့ ပါဝင်ကြောင်းသိလေသည်။

“ဒါပေမယ့် အပင်ပါဝင်ပစ္စည်းတွေမပါပဲ ကောင်းကင်တံတားမြစ်ရေပဲဆိုရင် ဒီလိုစွမ်းအားပြင်း သက်စောင့်အားကို ဘယ်လိုထုတ်နိုင်မှာတုန်း” မျက်မှောင်ကြုတ်လျက် သူက ထိုင်မြဲထိုင်နေပြီး အခြေအနေအား ဆက်လက်သုံးသပ်နေလေသည်။

နောက်တစ်နေ့တွင် သူသည် အလွန်ပင်ပန်းနွမ်းနယ်နေပုံပေါ်လေသည်။ သို့သော်လည်း သူက ထပ်မံလေ့လာရန် အဏ္ဏဝါဆေးဖော်စပ်နည်းနှင့် ဟန်ဇောင်ကျောင်းတော်ဆေးပညာလက်စွဲကျမ်းကို ထုတ်လိုက်သည်။ အချိန်အနည်းငယ်ကြာသော် သူက အံတင်းတင်းကြိတ်၍ ၄င်းတို့အား ဘေးပို့လိုက်ပြီးနောက် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမြို့မှရရှိခဲ့သော သန့်ရှင်းသော ဆေးနံရံကျိုးကို ထုတ်လိုက်သည်။

“ငါ့ရဲ့ ဆေးတာအိုပညာရပ်မှာ လက်ရှိကျွမ်းကျင်မှုက အဏ္ဏဆေးလုံးဖော်စပ်ဖို့ အဆင့်မှီမယ် မထင်ဘူး”
သူက သက်ပြင်းချရင်း တွေးလိုက်သည်။ ထို့နောက် သူက အထဲတွင်ပါဝင်သည့် ဆေးတာအိုပညာကို ပို၍ ထိုးထွင်းသိမြင်ရန် အားသွန်ခွန်စိုက်ကြိုးစားရင်း သန့်ရှင်းသော ဆေးနံရံကျိုး အားစိုက်ကြည့်လိုက်သည်။ မကြာမီ ဉာဏ်အလင်းရရန် အားထုတ်မှုတွင် နစ်မြောသွားသောကြောင့် သူ၏အကြည့်မှာ ခံစားချက်ကင်းမဲ့လာလေတော့သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။ များမကြာမီ လဝက်ကုန်သွားလေပြီ။ ထိုအချိန်အတောအတွင်း ပိုင်ရှောင်ချန်းက ဉာဏ်အလင်းပွင့်ရန် အားထုတ်ရင်း ဂူပိတ်ကျင့်လျက်ရှိသည်။ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများနှင့် ခေါင်းဆောင်ကြီးများမှာမူ ကောင်းကင်တံတားစစ်သင်္ဘောများတည်ဆောက်ရင်း အလုပ်ရှုပ်နေကြသည်။ တပ်ဖွဲ့မှ ကျင့်ကြံသူများသည် သူတို့၏ ဌာနချုပ်များသို့ ပြန်သွားကြ၏။ ခေါင်းဆောင်ကြီး ထျယ်မုပြန်ရောက်လာပြီး ဟိုရှောင်မေ့သည်လည်း ထိုနည်းတူပင်။

စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့သည် နောက်တစ်ကြိမ် ပျားပန်းခတ်မျှလှုပ်ရှားမှုတို့ဖြင့် ပြန်လည်အသက်ဝင်လာတော့သည်။ လူတိုင်းက အလယ်ပိုင်းဒေသနှင့် ကုံမြစ်ဂိုဏ်းခွဲကို တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများတွင် ပူးပေါင်းဆောင်ရွက်နေကြသည်။

တစ်ရက်တွင် ပိုင်ရှောင်ချန်းတစ်ကိုယ်လုံး တုန်တက်သွားပြီး သူ့မျက်လုံးတွင်းရှိ ငေးကြောင်ကြောင်အကြည့်တို့ ကွယ်ပျောက်သွား၏။ ယခုတွင် ၄င်းတို့က တလက်လက်တောက်ပနေလေသည်။ သူက ဟန်ဇောင်ကျောင်းတော်ဆေးကျမ်းကို ချက်ချင်းဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ယခင်နှင့်မတူဘဲ အတော်လေးကွဲပြားသွားလေပြီ။

အရင်က သူနားမလည်ခဲ့သော အပိုင်းများနှင့် ဝါးတားတားဖြစ်နေသော နေရာပေါင်းများစွာရှိခဲ့သည်။ ယခုတွင်မူ ပို၍နက်ရှိုင်းသော အဓိပ္ပါယ်ကို သူနားလည်သွားလေပြီ။ သူ၏မျက်လုံးများက ပို၍ပင် တလက်လက်တောက်ပလာတော့သည်။ ရက်အနည်းငယ်ကြာသော် သူက ဟန်ဇောင်ကျောင်းတော်ဆေးကျမ်းကို ဘေးပို့လိုက်ပြီး အချိန်ခဏကြာသည်အထိ မျက်လုံးတို့ပိတ်ထားလိုက်သည်။ အတန်ငယ်ကြာသော် သူ့မျက်လုံးတို့ တစ်ဖန်ပြန်ဖွင့်လိုက်သည်။

“ငါကောင်းကင်တံတားမြစ်ရေလိုတယ်” သူက ရေရွတ်လိုက်သည်။ ထို့သို့ပြောပြီး သူက ဂိုဏ်းခေါင်းဆောင်ထံ စာချွန်ပို့ရန် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။

ခေါင်းဆောင်ကြီးများက ကောင်းကင်တံတားမြစ်စစ်သင်္ဘောများတည်ဆောက်ရာတွင် အလုံးစုံစိတ်နှစ်ထားရမည်ဖြစ်သော်လည်း ပိုင်ရှောင်ချန်းကို တစ်ချိန်လုံး လျှို့ဝှက်စွာစောင့်ကြည့်နေလေသည်။ သူကောင်းကင်တံတားမြစ်ရေလိုကြောင်း ကြားလိုက်သည်နှင့််တစ်ပြိုင်နက် ခေါင်းဆောင်ကြီးထျယ်မုက ကိုယ်တိုင်ကိုယ်ကျ ရေပုံးအပြည့်သွားပေးလေသည်။

ပိုင်ရှောင်ချန်းက ကောင်းကင်တံတားမြစ်ရေအား စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ သူ၏ညာဖက်လက်ချောင်းကို ဝှေ့ယမ်းလိုက်ရင်း သူ၏ရှေ့တည့်တည့်သို့ ရေစက်တစ်စက်ကို ပျံလာစေလိုက်ပြီးနောက် ပါးစပ်ဟပြီး စုပ်ယူလိုက်သည်။ ချက်ချင်းလက်ငင်းပင် ကောင်းကင်တံတားမြစ်ရေက သူ့ထဲဝင်သွားပြီး သူ၏ခန္ဓာကိုယ်တစ်လျှောက်တွင် ထစ်ချုန်းမြည်သံများ တဝုန်းဝုန်း တဒိုင်းဒိုင်းပေါ်ထွက်လာတော့သည်။

” ငါ့ရဲ့ကိုယ်ကို ဆေးပေါင်းဖိုအဖြစ်သုံး။ ကောင်းကင်တံတားမြစ်ရေထဲ သက်စောင့်စွမ်းအားကို ရောနှော၊ သက်စောင့်စွမ်းအားကို ရှင်သန်စေပြီး စိတ်စွမ်းအင်ဆေးလုံးအဖြစ် ပြောင်းလဲရမယ်”
မျက်လုံးများပိတ်လျက် သူက သူ၏ကိုယ်ထဲရှိ ကောင်းကင်တံတားမြစ်ရေကို သူ၏ကိုယ်ပိုင်သက်စောင့်စွမ်အားနှင့်ပေါင်းစပ်ရန် ကြိုးစားရင်း ကျွမ်းကျင်စွာ ကိုင်တွယ်နေလေသည်။

နောက်ရက်တွင် ဂူထဲ၌ တအုန်းအုန်း တဒိုင်းဒိုင်းမြည်သံများပြည့်နေတော့သည်။ ပိုင်ရှောင်ချန်း၏ဆံပင်မှာ ဖွာလန်ကြဲနေပြီး သူ၏ဂူမှာလည်း အဆိပ်အနံတို့ဖြင့် ပြည့်နှက်နေလေပြီ။ သို့ထိတိုင်အောင် သူက လက်လျှော့ရန် အဆင်သင့်မဖြစ်သေးပေ။ ကောင်းကင်တံတားမြစ်ရေနောက်တစ်စက်ကို စုပ်ယူလိုက်ပြီး ထပ်ကြိုးစားရန်ဆုံးဖြတ်လိုက်သည်။

မကြာမီ နောက်လဝက်ကုန်သွားလေပြီ။ ထိုအချိန်အတောအတွင်း ထစ်ခြုန်းမြည်သံများက ပိုင်ရှောင်ချန်း၏ဂူမှ အဆက်မပြတ်ပေါ်ထွက်လာကာ အဆိပ်အတောက်အနံဆိုးများသည်လည်း မကြာမီ တာအိုသစ်စေ့တောင်ကို ဖုံးလွှမ်းသွားလေတော့သည်။ သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ အတွန့်မတက်ရဲပေ။ ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးကိုယ်တိုင်က ပိုင်ရှောင်ချန်းသည် ဂိုဏ်းအတွက် အလွန်တရာအရေးပါလှသော ဆေးလုံးအားဖော်စပ်နေသည်ဟု သတင်းဖြန့်ထားသောကြောင့်ဖြစ်သည်။

“သက်စောင့်စွမ်းအားမလုံလောက်ဘူး..လုံကို မလုံလောက်တာ” အိပ်စက်အနားယူခြင်းပင်မပြုပဲ နောက်ထပ်လဝက် ကုန်လွန်သွားပြီးနောက် ပိုင်ရှောင်ချန်းမှာ ပိန်လှီစုတ်ပြတ်နေလေပြီ။ သူ၏ဆံပင်တို့မှာ ဖွာလန်ကြဲနေပြီး သူ၏မျက်လုံးတို့မှာ ရဲရဲနီနေသည်။ အရူးတစ်ယောက်ပုံပင်ပေါက်နေတော့သည်။ သူက ကောင်းကင်တံတားမြစ်ရေပုံးတစ်ဝက်ကျော်မျှ အသုံးပြုပြီးဖြစ်ကာ အချိန်တိုင်းကျရှုံးနေဆဲပင်။

ထို့အတွက် အဓိက အကြောင်းပြချက်မှာ သူ့၌ လုံလောက်သော သက်စောင့်စွမ်းအား မရှိခြင်းကြောင့်ဖြစ်သည်။ တွက်ချက်မှုအချို့ပြုလုပ်ပြီးနောက် သူ၏သက်စောင့်စွမ်းအားမှာ အဏ္ဏဝါဆေးလုံးတစ်လုံးပြီးမြောက်ရန် လိုအပ်သည့်သက်စောင့်စွမ်းအားပမာဏ၏ အပုံတစ်သိန်းမှာ တစ်ပုံဖြည့်ရန်ပင် မလုံလောက်ကြောင်း သဘောပေါက်သွားလေတော့သည်။

“ဂိုဏ်းက အခြားကျင့်ကြံသူတွေ ကူညီဖို့ သက်စောင့်စွမ်းအားတွေစတေးရင်တောင်မှ အသက်ရှူဆယ်ကြိမ်အဏ္ဏဝါဆေးလုံးလုပ်ဖို့ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်သိန်းလိုမယ် ထင်တယ်”

“အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်သိန်းမဟုတ်ရင် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်သောင်းပဲ။ ခေါင်းဆောင်ကြီး တစ်ထောင်လဲဖြစ်နိုင်တယ်။ ဒီဆေးလုံးကို ဖော်လို့ဘယ်လိုတောင် ဖြစ်နိုင်တာတုန်း” သူကခေါင်းခါလိုက်သည်။ ထိုကဲ့သို့ဆေးလုံးကို သဘောတရားအရဖော်စပ်ရန် ဖြစ်ရန်သော်လည်း ၄င်းက လက်တွေ့မကျပေ။ ရှင်းကုံကျစ်တာအိုဂိုဏ်းသည် မအောင်မြင်နိုင်သောကြောင့် အဏ္ဏဝါဂိုဏ်း၏ စိတ်စွမ်းအင်အဖွဲ့ကို လွှတ်ထားခြင်းဖြစ်တန်ရာသည်။

“ငါများ နည်းအမှားကြီးသုံးနေမိတာလား” သူက မျက်မှောင်ကြုတ်လျက်တွေးလိုက်သည်။ သို့သော်လည်း အခြားနည်းလမ်းများအားလည်း မစဥ်းစားမိပေ။ နောက်ဆုံးတွင်တော့ သူက လက်လျှော့လိုက်ပြီဖြစ်ကြောင်း စိတ်မကောင်းစွာ ပြတ်ပြတ်သားသားပြောရန် ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးအား ရှာရန်မှလွဲ၍ မရှိတော့ချေ။

ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက စိတ်ထဲတွင် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သော်လည်း ပိုင်ရှောင်ချန်းမည်မျှပင်ပန်းနေကြောင်းကြည့်ပြီး စိတ်မကောင်းဖြစ်နေလေသည်။ အဏ္ဏဝါဆေးလုံးဆိုသည်မှာ သမာရိုးကျဖော်စပ်ရန်မဖြစ်နိုင်မှန်း သူလဲသိသည်။ နောက်ဆုံးတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မျိုးဆက်တစ်ခုပြီးတစ်ခု ဆေးလုံးတစ်လုံးပြုလုပ်ရန် ကျရှုံးသွားလေပြီ။

“ဒါက ကိစ္စမရှိပါဘူး” သူက နှစ်သိမ့်လိုက်သည်။
” ဒီကိစ္စအောင်မြင်ဖို့ အတင်းလုပ်လို့မရဘူး ရှောင်ချန်း။ နောက်သုံးရက်အတွင်း ငါနဲ့ အခြားခေါင်းဆောင်ကြီးတွေ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူတွေကို မြောက်ခြမ်းက ချောက်နက်ထဲခေါ်သွားမလို့။ မင်းကောလိုက်မလား။ ချောက်ထဲမှာ အရင်က ငါတို့ရှာတွေ့ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်လောကတစ်ခုရှိတယ်။ လွန်ခဲ့တဲ့နှစ်တွေက အဲဒီ့မှာ ငါ နတ်သားရဲတစ်ကောင်ရဲ့အရိုးစုကို တွေ့ခဲ့ရတယ်။ အဲ့အချိန်တုန်းက ငါယူသွားမလို့မရနိုင်ပေမယ့်လည်းပေါ့ကွာ”

“အထဲမှာ ဘယ်သူမှ မရှာတွေ့သေးတဲ့ နေရာအများကြီးရှိတယ်။ အန္တရာယ်တွေရှိတာသေချာပေမယ့်လည်း ကံကြမ္မာကိုသိမ်းပိုက်ဖို့ အခွင့်ကောင်းတွေလဲရှိမှာပဲ။ ဘယ်သူများသိနိုင်မလဲ. စစ်ပွဲမစခင် မင်း ကံကောင်းရင် ကောင်းလိမ့်မပေါ့ကွ”

ပိုင်ရှောင်ချန်းက ပင်ပန်းနုံးချိစွာ ခေါင်းညိတ်လိုက်သည်။ သူ့ကို တစ်ချက်တည်းနှင့် ကျရှုံးသွားစေနိုင်သဖြင့် သူ၏ဂူထံ မလှမ်းချင်လှမ်းချင်ဖြင့် စိတ်ပျက်လက်ပျက်ပြန်သွားလေတော့သည်။ ထိုနေရာတွင် သူက အဏ္ဏဝါဆေးလုံးနှင့်ပတ်သက်ပြီး သူလုပ်ခဲ့သမျှအား တရားထိုင်ပြီး တစိမ့်စိမ့်တွေးနေလေသည်။

ဟိုရှောင်မေ့က ပြန်ရောက်လာသော်လည်း ပိုင်ရှောင်ချန်းကိုနှောင့်ယှက်ရန် အချိန်ကောင်းမဟုတ်သဖြင့် ရှောင်ပေးလေသည်။ ဖက်တီးကျန်းနှင့် သူ၏မိတ်ဆွေတို့လည်း ထိုအတိုင်းပြုမူကြသည်။ သုံးရက်မှာ တမုဟုတ်ချင်းကုန်ဆုန်းသွားပြီး ပိုင်ရှောင်ချန်းမှာ တဖြည်းဖြည်းသက်သာလာလေသည်။ မကြာမီ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အထွတ်အထိပ်သို့ ပြန်ရောက်သွားပြီး အဏ္ဏဝါဆေးလုံးဖော်ရန်ကျရှုံးသည့်အတွက် စိတ်ပျက်မှုသည်လည်း လတ်တလောပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် သူ၏ထည့်စရာအိတ်ထဲရှိ ကျောက်စိမ်းပေလွှာတုန်ခါလာသဖြင့် သူ၏မျက်လုံးတို့ကို ဖွင့်လိုက်လေသည်။ ကျောက်စိမ်းပေလွှောကို ထုတ်လိုက်သောအခါ ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီး၏ သူ့ကို သားရဲမွေးမြူရေးခြံ ရှိ တွေ့ဆုံရာနေရာသို့ ဆင့်ခေါ်သော စကားလုံးတို့က သူ့နားတွင် ပဲ့တင်ထပ်သွား၏။

“ငါအကောင်းဆုံးလုပ်ခဲ့တာပဲ”
သူက ရေရွတ်လိုက်သည်။
“ ပြီးတော့ အခုအချိန်မှာ အဏ္ဏဝါဆေးလုံးမဖော်နိုင်ဘူး” အသက်ပြင်းပြင်းရှူလိုက်ပြီး သူကောင်းစွာသိသည့် ဂိုဏ်းဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် မြောက်ခြမ်းသို့ အလင်းတန်းအသွင် တဟုန်ထိုးဦးတည်သွားလေသည်။

လမ်းတစ်လျှောက် သူ့ကိုတွေ့လိုက်သည့် စိတ်စွမ်းအင်အဖွဲ့ကျင့်ကြံသူများက မျက်နှာပေါ်တွင် လေးစားကြည်ညိုသောအကြည့်များဖြင့် ဦးညွတ်နှုတ်ဆက်လိုက်ကြသည်။ ထိုသို့သော တုံ့ပြန်မှုမျိုးက ပိုင်ရှောင်ချန်းစိတ်ကိုကြည်လင်သွားစေပြီး သူ့ မသိစိတ်၏စေ့ဆော်မှုအရ လက်ကို နောက်ပစ်ကာ ဝါရင့်ဂိုဏ်းဝင်တစ်ဦး၏ ပုံဖမ်းလိုက်လေသည်။ နွေးထွေးစွာပြုံး၍ သူကို နှုတ်ဆက်သည့် လူများကို ပြန်ခေါင်းညိတ်ပြလိုက်သည်။

အထူးသဖြင့် သူ့ကို မျက်ဝန်းထောင့်ကလေးမှ ခိုးကြည့်ချိန်တွင် ရှက်သွေးဖြာနေသည့်ရွှင်လန်းတက်ကြွနုနယ်သော ဂိုဏ်းသူလေးများအား တွေ့ရသည်ကို လွန်စွာ ပျော်ရွှင်အူမြူးနေတော့သည်။ မကြာမီ သူ၏စိတ်မှာ နဂိုအတိုင်းပြန်ဖြစ်သွားလေသည်။ လည်ချောင်းရှင်းလိုက်ရင်း ဝါရင်းဂိုဏ်းဝင်တစ်ယောက်ပုံဖမ်းရန်ကြိုးစားနေသည်ကိုရပ်လိုက်ပြီး ပို၍ တက်တက်ကြွကြွနှင့် တဟုန်ထိုးသွားရန်ကြိုးစားလိုက်သည်။ နှစ်လိုဖွယ်ပြုံးရင်း သူက ဟန်ပါပါဖြင့်လေကိုခွင်းကာ ပျံသန်းသွားလိုက်သဖြင့် နောက်တွင် စိတ်လှုပ်တရှားအော်သံများပေါ်ထွက်လာတော့သည်။

“ဟားဟား ငါတော့ အတော်လေး ဖျတ်လတ်နေတာပဲ..။ အီး.. ဒါငါ့အမှားပဲကွာ..။ ငါကရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိနေတာကိုး ”

အရင်ထက်ပိုပြီး စိတ်လှုပ်ရှားလာရင်း သူက ဆက်လက်ပျံသန်းလိုက်သည်တွင် ကျိုးရှင်းချီကို မြင်လိုက်ရလေသည်။ မျက်လုံးချင်းဆုံသွားသောအခါ ပိုင်ရှောင်ချန်းက ပြုံးလိုက်ပြီး သူမမှာမူ မျက်မှောင်ကြုတ်ကာ ဘေးနားကဖြတ်သွားလေသည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများကျဥ်းသွားသည်။ သူပြောနိုင်သည်မှာ သူနှင့် ကျိုးရှင်းချီကြား၌ နားလည်မှု တချို့တော့ လွဲနေသဖြင့် သူက တည်ကြည်လေးနက်စွာဖြင့် ရုတ်တရက်ပြောလိုက်သည်။
” ဂိုဏ်းတူ တူမ ရှင်းချီ၊ ခဏလောက် စောင့်ပါဦး”

ကျိုးရှင်းချီက ရပ်လိုက်ပြီး သူ့ကို တည်ငြိမ်စွာလှမ်းကြည့်လိုက်သည်။

“ကျွန်မအတွက် အမိန့်ပေးစရာရှိတာလား ခေါင်းဆောင်ငယ်”

သူ၏လက်ကို နောက်ပစ်ရင်း မေးကိုမော့ကာ စိတ်အားငယ်နေသည့်ပုံပေါ်အောင်ကြိုးစားဖမ်းလိုက်သည်။
” မင်းကို အချိန်တော်တော်ကြာကတည်းက ငါပြောချင်နေခဲ့တာ။ ဒါပေမယ့် အခွင့်ကောင်းဘယ်တော့မှမတွေ့ခဲ့လို့..။ ဒီနေ့တော့ ငါမင်းကို အမှန်တရား ပြောပြတော့မယ်.. အင်း..အဲဒါကတော့.. ငါက လိပ်ကလေးပဲ”

ထိုသို့ပြောပြီး ကျိုးရှင်းချီအံ့သြသွားပါက ဘာဆက်ပြောရမည်ကို တရစပ်စဥ်းစားလိုက်သည်။

“အော်.. ကျွန်မသိပါတယ်”
ကျိုးရှင်းချီက မျက်နှာမပျက်ပဲ ပြောလိုက်၏။ ထိုသို့ပြောပြီး သူမက အလင်းတန်းအသွင်ပျံသွားလေသည်။

“ဟမ် ”
ပိုင်ရှောင်ချန်းမှာ သူ့လမ်းသူဆက်သွားနေသော ခပ်လှမ်းလှမ်းရှိကျိုးရှင်းချီကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေလေသည်။ သူမ၏အမူအရာမှာ လုံးဝတည်ငြိမ်နေပြီး သူမျှော်လင့်ထားသည်မှာ ထိုသို့မဟုတ်ပေ။

သူ မတုံ့ပြန်နိုင်လိုက်မီ စူးရှကျယ်လောင်သော တဟားဟားရယ်သံက သူ၏အိတ်ထဲမှ ထွက်လာ၏။

“မင်းက လိပ်ကလေးလား..။ ဟားဟားဟာားးး..ဟိုးးးဟိုးးဟိုးး အဲ.. ငါသိပြီ။ မင်းက လိပ်ကိုယ်တော်ကို သိပ်ချစ်တော့လဲ… ငါမင်းကို နောက်ကျ သိပ်မစော်ကားတော့ပါဘူးကွာ “


Comment

Leave a Reply

Options

not work with dark mode
Reset