ယခုတွင် အဖွဲ့လေးဖွဲ့ကထွက်ခွာသွားပြီဖြစ်ရာ မြို့တော်ကြီးမှာ အခွံသက်သက်နီးပါးသာကျန်ရှိတော့သည်။ မြို့တော်ထဲတွင် ချန်ရစ်ထားခဲ့သည့် မြို့စောင့်တပ်သား ကျင့်ကြံသူများ အနည်းငယ်သာ ကျန်ရှိတော့သည်။
စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့တွင် တည်နေရာရွှေ့ပြောင်းရမည့် လူများစွာရှိသည့်အတွက် ၎င်းတို့သည် နောက်ဆုံးမှထွက်ခွာသောအဖွဲ့ဖြစ်သည်။ ထို့အပြင် သူတို့သည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ပိုင်နက်ထဲတွင် မရှိတော့သဖြင့် နဝမမြောက် တောင်ထိပ်ကို တည်နေရာရွှေ့ပြောင်းရာတွင် စွမ်းအင်များစွာ ကုန်ခန်းခဲ့သည်။ ထိုတောင်ထိပ်ကို အရှေ့သစ်တောတိုက်ရှိ ဂိုဏ်းဌာနချုပ်ဆီသို့ရောက်အောင် ပြန်ရွှေ့လိုပါက တည်နေရာရွှေ့ပြောင်းခြင်း အကြိမ်များစွာ ပြုလုပ်ရမည်မှာ ဧကန်ပင်။
စစ်တပ်ကြီးကို ရွေ့လျားစေရာတွင် ပိုင်ရှောင်ချန်း ဝင်ပါစရာ မလိုချေ။ ဂိုဏ်းခေါင်းဆောင်ကြီးများကလည်း စွမ်းအင်ဖြုန်းတီးစရာ မလိုအပ်ပေ။ ကျိန်းယွမ်သုန်သည် ဂိုဏ်းခေါင်းဆောင်ဖြစ်သည့်အတွက် ယခုလို အချိန်မျိုးတွင် သူ၏ အာဏာကို အပြည့်အဝအသုံးချလေတော့သည်။
ဂိုဏ်းစောင့်အကြီးအကဲအချို့နှင့် ခေါင်းဆောင်ကြီးတစ်ယောက်ပင်လျှင် ပင်မအဖွဲ့ကြီးကို လမ်းပြပို့ဆောင်ပေးရန် နောက်တွင်နေခဲ့သည်။ သို့သော် ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းနှင့် အခြားသော အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ ရှေ့မှ သွားလေသည်။
နဝမမြောက်တောင်၏ တည်နေရာရွှေ့ပြောင်းခြင်းအစွမ်းများကို ထုတ်သုံးလျှင် စွမ်းအင် အမြောက်အမြားကို ဖြုန်းတီးသလို ဖြစ်နေမည်ဖြစ်သည်။ သို့သော်လည်း တောင်ပေါ်တွင် လူများစွာ သိပ်မရှိပါက ဂိုဏ်းက ထိုတန်ကြေးကို ပေးဆပ်နိုင်သည်။ မကြာမီတွင် တည်နေရာရွှေ့ပြောင်းခြင်း အလင်းတန်းများက ကောင်းကင်ယံပေါ်သို့ မြင့်တက်နေတော့သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာက ရိုသေလေးစားသော အမူအရာများဖြင့် ကောင်းကင်ပေါ်သို့မော့ကြည့်ကာ ပိုင်ရှောင်ချန်းနှင့် အခြား အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများကို ကြည့်နေကြသည်။
ပိုင်ရှောင်ချန်းမှာ သက်ပြင်းချရင်း အောက်ဖက်ရှိ မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ သူသည် ဖက်တီးကျန်း၊ ဟိုယွင်ဖေးတို့အပြင် သူ၏မိတ်ဆွေများကို သူနှင့်အတူ ခေါ်သွားလိုနေတော့သည်။ သို့သော်လည်း ခေါင်းဆောင်ကြီးများ စိတ်ရှုပ်သွားမည်စိုး၍ မတောင်းဆိုခဲ့ပေ။ တည်နေရာရွှေ့ပြောင်းရမည့် လူတစ်ယောက်ထပ်ပိုလာလျှင် အရင်းအမြစ်ပစ္စည်းများစွာကို ထပ်၍သုံးစွဲရမည် မဟုတ်ပါလော။
” ညီအစ်ကို တို့ရာ။ ကျုပ်က မကူညီချင်တာတော့မဟုတ်ပါဘူး။ ” သူက တီးတိုးစွာ ရေရွတ်လိုက်ပြီး အောက်ဖက်ရှိသူ၏ မိတ်ဆွေများကို လက်ဝှေ့ကာ နှုတ်ဆက်လိုက်သည်။
” ငါ ကူညီလို့ မရလို့ပါကွာ…” အောက်ဖက်ရှိ ရှန်ကွမ်းထျန်ယုံက သူ့ကို အံကြိတ်ရင်းကြည့်နေစဥ်တွင် ဝိညာဥ်စွယ်ကမူ အသက်မပါစွာဖြင့် မော့ကြည့်နေတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ကွယ်ပျောက်သွားတော့သည်။
တဂျုန်းဂျုန်းမြည်သံများပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်း၏ အမြင်အာရုံများမှာ ဝေဝါးသွားသည်။ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအင်က သူ၏ အသိစိတ်ကို ခေတ္တမျှ လွှမ်းမိုးသွားပြီးနောက် အရာရာတိုင်းကို ရှင်းရှင်းလင်းလင်း ပြန်မြင်နိုင်သောအချိန်တွင် သူသည် စိတ်စွမ်းအင်နတ်ရေစင်အဖွဲ့၏ အလည်တည့်တည့်တွင်ရောက်နေပြီး တာအိုသစ်စေ့တောင်၏ အပေါ်ယံရှိ လေထဲသို့ ရောက်နေပြီဖြစ်ကြောင်း သူသိလိုက်ရတော့သည်။
တည်နေရာရွှေ့ပြောင်းခြင်းကြောင့် ခံစားရသည့် မအီမသာခံစားချက်ကြီးသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများအပေါ်တွင် သက်ရောက်မှုမရှိချေ။ ပိုင်ရှောင်ချန်းသည်လည်း စွမ်းအားကြီး အပြင်အားတစ်ခုနှင့် ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ထို့ကြောင့် သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဆုတ်သွားပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာ တစ်ခဏမျှ မတည်မငြိမ် လှုပ်ခတ်သွားပါသော်လည်း အကြိမ်အနည်းငယ်မျှ အသက်ပြင်းပြင်းရှူလိုက်ပြီးသောအခါတွင် သူသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။ ထိုအချက်ကြောင့် ဘေးပတ်ပတ်လည်ရှိ အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများက သူ့ကို နှစ်ကြိမ်တိတိ စိုက်ကြည့်နေကြတော့သည်။
လီချင်းဟောက်ဆိုလျှင် အတော်အတန် ကျေနပ်အားရနေပုံပင် ပေါက်နေတော့သည်။ ရွှီမေ့ရှန်းနှင့်သူ နှစ်ဦးထဲရှိသည့် အချိန်များတွင် သူက ပိုင်ရှောင်ချန်းအတွက် အလွန်ဂုဏ်ယူရကြောင်းကို ပြောဆိုထားသည်ဖြစ်သည်။
” ငါနဲ့လိုက်ခဲ့ ရှောင်ချန်း။” ဂိုဏ်းတည်တောင်သူ ခေါင်းဆောင်ကြီးက ဆိုကာ တည်ကြည်သောအမူအရာဖြင့် ရှေ့သို့ လျှောက်သွားသည်။ အခြားအမွေဆက်ခံသူအဆင့် ကျင့်ကြံသူများမှာ အရေးကြီးသော ပြင်ဆင်ချက်များပြုလုပ်ရန် အခြားခေါင်းဆောင်များကြီးများနှင့်အတူ ဂိုဏ်းသို့ပြန်သွားကြတော့သည်။ သူတို့အား တိုက်များစွာကို ဖြတ်၍ စစ်ပွဲမှ အိမ်သို့ တည်နေရာပြောင်းရွှေ့ရခြင်း၏ အကြောင်းအရင်းတစ်ချက်မှာ သူတို့၏ ရာထူးများကြောင့်ဖြစ်သော်လည်း သူတို့အတွက် အရေးကြီးသောတာဝန်များရှိနေသည့်အချက်ကြောင့်လည်း တည်နေရာရွှေ့ပြောင်းလိုက်ရခြင်း ဖြစ်သည်။
သူတို့၏တာဝန်မှာ အဖွဲ့များကို ကောင်းကင်တံတားမြစ်ကိုဆန်တက်ကာ သယ်ဆောင်ပေးနိုင်မည့် ဧရာမလှေ သင်္ဘောများကို တည်ဆောက်ရန်ဖြစ်သည်။ ကောင်းကင်တံတား တိုက်ပွဲသုံး စစ်သေင်္ဘာ များကို သူတို့တည်ဆောက်ရမည်ဖြစ်သည်။
အလယ်ဒေသသို့ ကုန်းလမ်းမှသွားရန်မှာ မဖြစ်နိုင်လုနီးပါး ခက်ခဲပြီး အန္တရာယ်များစွာ ကြီးမားသည်။ ကျော်ဖြတ်၍ မရနိုင်သည့် နယ်မြေအချို့ပင် ရှိနေမည်ဖြစ်သည်။ ထိုခရီးကြောင့် ကုန်ကျမည့်စရိတ်မှာ မှန်းဆရန်ပင် ခက်ခဲလွန်းလှပြီး နောက်လာမည့် တိုက်ပွဲများအတွက် လိုအပ်သည့် ရင်းမြစ်များကို ဖြုန်းတီးမိသလိုဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် အကြိမ်များစွာ ဆွေးနွေးကြပြီးနောက် အဏ္ဏဝါခေါ်သံဂိုဏ်း၏ ခေါင်းဆောင်ကြီးဆယ်ယောက်ကျော်က သူတို့၏ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်။
ထိုဆုံးဖြတ်ချက်မှာ ရေကြောင်းမှ ချီတက်ရန်ဖြစ်သည်။
ကောင်းကင်တံတားမြစ်၏ ဒီရေကို ဆန်တက်နိုင်မည့် သင်္ဘောမှာ ပုံမှန်ထက် ထူးကဲသာလွန်နေရမည်မှာ သဘာဝပင်။ ထိုကဲ့သို့ သင်္ဘောမျိုးကို တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများကို အသေးစိတ်ရွေးချယ်ရမည်ဖြစ်သည်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတို့မှာ ထိုသို့သော သင်္ဘောမျိုးကို တည်ဆောက်နိုင်မည့် အနေအထားတွင် မရှိသည်မှာ အသေအချာပင်။ ထို့ကြောင့် ဤအသက်တမျှ အရေးကြီးသောတာဝန်မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့၏ ပုခုံးပေါ်သို့ကျလာရခြင်းဖြစ်သည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှာ သင်္ဘောဆောက်ရန်လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများစွာကို ထောက်ပံ့ပေးထားပါသော်လည်း သင်္ဘောကိုယ်ထည်တည်ဆောက်ရန်လိုသည့် ကုန်ကြမ်းတော့ မရှိပေ။
ကိုယ်ထည်အတွက် သုံးရန်အသင့်တော်ဆုံးကုန်ကြမ်းမှာ ဧရာမ သားရဲအချို့၏ ကျောရိုးဖြစ်ပြီး ကြိမ်ဖန်များစွာ ဆွေးနွေးပြီးနောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ မည်သည်အားအသုံးပြုမည်ကို ဆုံးဖြတ်လိုက်တော့သည်။ ယခုလိုအပ်နေသည်မှာ အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများနှင့် ခေါင်းဆောင်ကြီးများအား ထိုသားရဲကျောရိုးကြီးများကို ရှာဖွေခိုင်းရန်ဖြစ်ပြီး စစ်သင်္ဘောများကို တတ်နိုင်သမျှ အမြန်ဆုံးတည်ဆောက်ရန်ဖြစ်သည်။ ထို့နောက်တွင် ဂိုဏ်းကြီးလေးဂိုဏ်း၏ ကျင့်ကြံသူ တစ်သန်းကျော်ခန့်ကို သယ်ဆောင်နိုင်မည့် ကောင်းကင်တံတား စစ်သင်္ဘောများကို ရရှိမည်ဖြစ်သည်။
လူတိုင်းမှာ တစ်ခဏလေးပင် မနားကြပဲ အလုပ်လုပ်နေတော့သည်။ ပိုင်ရှောင်ချန်းကမူ ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးနောက်သို့လိုက်ကာ တာအိုသစ်စေ့တောင်၏ နောက်ဖက်ရှိ တားမြစ်နေရာတစ်ခုသို့ ရောက်သွားတော့သည်။
” ရှောင်ချန်း။ မင်းရဲ့တာဝန်က အဏ္ဏဝါဆေးလုံးတစ်လုံးကို ဖော်စပ်ပေးဖို့ပဲ။ အရင်ဆုံး သန့်ရှင်းသောဝိညာဥ် အိပ်စက်အနားယူနေတဲ့နေရာကို ငါမင်းကိုလိုက်ပြမယ်။ အဲ့တာဆို မင်းဆေးဖော်စပ်ရင် နည်းနည်း အထောက်အကူပြုရင် ပြုနိုင်လောက်တယ်။ ” ခေါင်းဆောင်ကြီးက တည်ကြည်စွာဆိုသည်။ ပိုင်ရှောင်ချန်းမှာ ခေါင်းဆောင်ကြီး၏ တည်ကြည်သော လေသံကြောင့် စိတ်များပင် လှုပ်ရှားလာတော့သည်။ သို့သော်လည်း သူက ဤဂိုဏ်း၏ အနက်နဲဆုံးအရာဖြစ်သည့် သီးသန့်စွမ်းအင်အကြောင်းကို သိလိုစိတ် ပြင်းပြနေတော့သည်။ သူ၏ နှလုံးသားထဲတွင်လည်း ရိုသေလေးစားမှုများဖြင့် ပြည့်နှက်လာတော့သည်။
” သန့်ရှင်းသောဝိညာဥ်….” သူက ရေရွတ်လိုက်သည်။ ခေါင်းဆောင်ကြီးနောက်သို့လိုက်၍ တားမြစ်နယ်မြေထဲသို့ဝင်ကာ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းလိုက်ပြီးချိန်တွင် သူ၏ဘေးပတ်ပတ်လည်ရှိ အရာအားလုံးမှာ ပုံရိပ်ယောင်များအလား မှုန်ဝါးသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ နှလုံးခုန်သံပင် ရပ်တန့်လုမတတ်ဖြစ်သွားပြီး ခေါင်းဆောင်ကြီးနောက်တွင် မခွာတန်းကပ်ကာ အလျင်အမြန်လိုက်နေတော့သည်။ သူတို့နှစ်ယောက်မှာ မြေကြီးအောက်ရှိနက်နဲလွန်းလှသည့်နေရာတစ်ခုသို့ရောက်နေသဖြင့် ကောင်းကင်တံတားမြစ်ကြီး၏ အောက်သို့ပင်ရောက်နေသည့်အလား သူက ခံစားနေရတော့သည်။
မကြာမီတွင် မြင်ကွင်းများမှာ ရှင်းလင်းလာပြီး ပိုင်ရှောင်ချန်းမှာ သူ၏ရှေ့တည့်တည့်တွင် ဧရာမ ဂူကြီးတစ်လုံးကို တွေ့လိုက်ရတော့သည်။
ဂူထဲသို့ ဝင်နိုင်သည့် အပေါက်ဝ လေးခုရှိပြီး ပိုင်ရှောင်ချန်းနှင့် ခေါင်းဆောင်ကြီးမှာ အပေါက်ဝတစ်ခုတွင် ရပ်နေသည်။ အောက်ဖက်တွင် ရွှေရောင်ရေများကို မြင်နိုင်ပေသည်။ မန္တန်အစီအရင်များ၏ တလက်လက်တောက်ပမှုများကြောင့် ထိုနေရာတစ်ခုလုံး လင်းထိန်နေသည်။ ထိုအစီအရင်များမှာ တောင်ခြမ်းနှင့်မြောက်ခြမ်းရှိ တောင်များနှင့်သာမက ကောင်းကင်တံတားမြစ်ကြီးနှင့်ပင် ချိတ်ဆက်နေကြောင်းကို ပိုင်ရှောင်ချန်းက သဘောပေါက်သွားတော့သည်။ ထို့အပြင် မန္တန်အစီအရင်များမှာ မြစ်ထဲမှ ရေများကို စုပ်ထုတ်နေသည့်အလားပင် ဖြစ်နေတော့သည်။
ထိုအစီအရင်မှာ အတိုက်အခိုက် မန္တန်အစီအရင်မဟုတ်ဘဲ အကာအကွယ် မန္တန်အစီအရင်သာဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ မှင်တက်နေတော့သည်။ ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်ပြီးနောက် ဂူ၏အလယ်တည့်တည့်ရှိ အခေါင်းတစ်ခုပေါ်သို့ သူ၏ အကြည့်များ ရောက်သွားတော့သည်။
ထိုအခေါင်းတွင် အဖုံးမရှိပေ။ သူ၏ လက်ရှိနေရာမှ ဆိုလျှင် အခေါင်းထဲတွင် မွေးကင်းစအရွယ် မိန်းကလေးတစ်ယောက်၏ ရုပ်အလောင်းတစ်ခု လဲလျောင်းနေသည်ကို မြင်ရပေသည်။
ရုပ်အလောင်းတစ်ခုဖြစ်ပါသော်လည်း ထိုမိန်းကလေးမှာ အသက်ရှင်ခြင်း၏အရိပ်အယောင်များ ပေါ်ထွက်နေပြီး ရှေးဟောင်းဆန်သော အငွေ့အသက်တစ်ခုလည်း ပေါ်ထွက်နေသည်။
သူ၏အသိစိတ်မှာ စုပ်ယူခံနေရသည့်အလား ပိုင်ရှောင်ချန်းမှာ ဂယောင်ခြောက်ခြါး ဖြစ်လာတော့သည်။ ရုတ်တရက် ကျက်သရေအပေါင်းနှင့် တင့်တယ်လှသော အမျိုးသမီးတစ်ယောက် သူ့ဆီတည့်တည့်သို့ လမ်းလျှောက်လာနေသည့်အလား ခံစားလိုက်ရသည်။
သူ၏ ဝိညာဥ်နှင့် ခန္ဓာကိုယ်တို့မှာ သူ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသည့်အလား သူက ခံစားလိုက်ရတော့သည်။ သူသည် အသက်ရှင်ခြင်းနှင့် သေခြင်းတရားတို့အပါအဝင် အရာအားလုံးကို မေ့သွားတော့သည်။ ထိုသို့ သူသည် တုန်တုန်ရီရီနှင့် အသက်မဲ့စွာ ငေးကြည့်နေစဥ်တွင် ခေါင်းဆောင်ကြီး၏ တီးတိုးသံထွက်ပေါ်လာသည်။
” ဒါ ဟန်ဇောင်ကျောင်းတော်ရဲ့ သန့်ရှင်းသောဝိညာဥ်ပဲ။”
ပိုင်ရှောင်ချန်းမှာ သတိပြန်လည်လာပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူ၏မျက်နှာမှာ သွေးပျက်သည့်အလား ဖြူဖတ်နေပြီး သူ၏ တစ်ကိုယ်လုံးတွင် ချွေးများထွက်နေသဖြင့် အေးစက်စက်ပင်ခံစားနေရသည်။ စောစောက သူကြုံတွေ့လိုက်ရသည့် အကြောက်တရားကြီးမှာ သူ၏ နှလုံးသားကို ဝါးမျိုထားတော့သည်။
ခေါင်းဆောင်ကြီးက သူ၏ညာလက်ကို ပိုင်ရှောင်ချန်း၏ ပုခုံးပေါ်သို့ တင်လိုက်သည်။
” မင်းရဲ့ကျင့်ကြံခြင်းအခြေခံက အရမ်းနိမ့်နေသေးတော့ သူမကို အကြာကြီးကြည့်လို့မရဘူးဖြစ်နေတာ။ ဒါပေမဲ့ ငါ့ရဲ့ အကူအညီနဲ့ဆိုရင်တော့ မင်းအသက်ရှူကြိမ်ဆယ်ကြိမ်လောက်တော့ တောင့်ခံနိုင်လောက်တယ်။ အဲ့လောက်အချိန်က မင်း ဆေးဖော်တဲ့နေရာမှာ အထောက်အကူဖြစ်ပါစေလို့ပဲ ဆုတောင်းရတာပေါ့ကွာ။”
ထိုသို့ဆိုကာ သူက အဆုံးအစမရှိသော ကျင့်ကြံခြင်းအစွမ်းများကို ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲသို့ စေလွှတ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ နောက်တစ်ကြိမ် ကလေးမလေး၏ ရုပ်အလောင်းကို လှမ်းကြည့်လိုက်သဖြင့် တုန်ရီသွားပြန်တော့သည်။
ဤအကြိမ်တွင် သူ၏ အသိစိတ်ကိုဆွဲကာစုပ်ယူနေသည့်အလား မခံစားရတော့ချေ။ သူက ရုပ်အလောင်းကို သေချာကြည့်ရှုကာ အသေးစိတ်အချက်အားလုံးကို သေချာမှတ်သားနေတော့သည်။
မကြာမီတွင် အသက်ရှူကြိမ် ဆယ်ကြိမ်မှာ ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။ တစိခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရိုးရိုးမျက်စိဖြင့်ကြည့်နေခြင်းက သူ၏ဆေးဖော်စပ်ရာတွင် အထောက်အကူများစွာ ပေးနိုင်မည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်းမှာဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် သူကအံကြိတ်လိုက်ပြီး သူ၏ ကောင်းကင်တံတား ဓမ္မမျက်လုံးကို ဖွင့်လိုက်တော့သည်။
သူ၏ တတိယမြောက် မျက်လုံးပွင့်သွားသည့် အချိန်တွင် သူမြင်ရသည့်အရာမှာ ကလေးမလေး၏ ရုပ်အလောင်းမဟုတ်တော့ချေ။ အခေါင်းထဲတွင် လဲလျောင်းနေသည်မှာ ကျက်သရေအပေါင်းနှင့် ပြည့်စုံလှသည့် အမျိုးသမီးတစ်ယောက်ဖြစ်နေတော့သည်။ သူမသည် မလှုပ်မယှက်ဖြင့် မျက်လုံးအစုံမှာ ပိတ်နေသည်။ သူမ၏ ဘေးပတ်ပတ်လည်တွင် သူမ၏ ခန္ဓာကိုယ်ထဲသို့ဖောက်ဝင်လိုသည့် လောက်ကောင်များနှင့်ဆင်တူသော အနက်ရောင်မြူခိုးများက ဝန်းရံနေသည်။ မန္တန်အစီအရင်နှင့် ကောင်းကင်တံတားမြစ်ရေကြောင့်သာ ထိုမြူခိုးများ၏ အရှိန်မှာ နှေးကွေးနေရခြင်းဖြစ်သည်။
ထိုအမျိုးသမီး၏ ရင်ဘတ်ထဲတွင် အပြာရင့်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ပေးနေသည့် ဒယ်စောက်အိုးတစ်လုံးရှိသည်။ လောက်အသွင်ရှိသော အနက်ရောင်မြူခိုးများမှာ ထိုဒယ်စောက်အိုးကို ကြောက်ရွံ့နေပုံပေါ်နေပြီး ထိုဒယ်စောက်အိုးအတွင်းမှ အလင်းတန်းကိုလည်း တိမ်းရှောင်နေကြသည်။
သို့သော်လည်း ဒယ်စောက်အိုးလေး၏ အလင်းတန်းမှာ စွမ်းအင်အနည်းငယ်မျှသာ ကျန်ရှိတော့သည့်အလား လွန်စွာမှ မှေးမှိန်လှသည်။
ထို့နောက် ပိုင်ရှောင်ချန်းအံ့သြသွားစေမည့် အရာတစ်ခုဖြစ်သွားလေသည်။ ထိုအရာမှာ ပုံရိပ်ယောင်တစ်ခုအလားပင်ဖြစ်နေတော့သည်။ ထိုအမျိုးသမီး၏ မျက်လုံးများမှာ ပွင့်သွားပြီး လုံးဝအသက်မဲ့နေသည့် အကြည့်ဖြင့် ပိုင်ရှောင်ချန်းကိုကြည့်လိုက်လေသည်။
” အဏ္ဏဝါဆေးလုံးက ကောင်းကင်တံတားမြစ်ရေကနေ သက်စောင့်အားတွေကို စုပ်ယူပေးတာ။ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို စုစည်းပြီးတော့ ဟန်ဇောင်ဒယ်စောက်အိုးရဲ့ စွမ်းအားကို နိုးထအောင်လုပ်။ ပြီးရင် မိစ္ဆာကိုးကောင်ရဲ့ စွမ်းအင်ကို ထိန်းချုပ်….”
ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး ချက်ချင်းပင် အော်ပြောလိုက်လေသည်။ ” သူမ မျက်လုံးဖွင့်ပြီး စကားပြောနေ…..”
သူစကားပင်မဆုံးလိုက်။ ခေါင်းဆောင်ကြီး၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူဖတ်သွားပြီး သူ၏ပါးစပ်ထဲမှ သွေးများစီးကျလာတော့သည်။ သို့သော်လည်း သူက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သောအခါ သူ၏မျက်နှာပေါ်တွင် ကျေနပ်နေသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
” သန့်ရှင်းသော ဝိညာဥ် မျက်လုံးဖွင့်လိုက်တာကို မင်းမြင်လိုက်တယ်ဟုတ်လား။ သူမက စကားပါပြောလိုက်သေးတယ်လား။”
ပိုင်ရှောင်ရှန်းမှာ မယုံကြည်နိုင်သော အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ခေါင်းဆောင်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် လက်ယှက်ကာ ကလေးမလေးကို ဦးညွှတ်ကာ အရိုအသေပေးလိုက်လေသည်။ ထို့နောက် ပိုင်ရှောင်ချန်းကို အပြင်သို့ပြန်ခေါ်သွားပြီး တစ်လမ်းလုံးတွင် မေးခွန်းများကို ဆက်တိုက် မေးနေတော့သည်။
တာအိုသစ်စေ့တောင်သို့ ပြန်ရောက်သည့်အချိန်အထိ သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များက အရောင်လက်နေဆဲပင်။
” သန့်ရှင်းသော ဝိညာဥ် သူမရဲ့ မျက်လုံးကိုဖွင့်လိုက်တယ်ဆိုတဲ့အချက်က အဏ္ဏဝါဆေးလုံးကိုဖော်စပ်ဖို့ မင်းမှာအရည်အချင်းရှိကြောင်းကို သူမလည်းယုံကြည်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ လာ။ ငါတို့ဂိုဏ်းမှာရှိတဲ့ အဏ္ဏဝါဆေးလုံးတစ်လုံးကို မင်းကိုလိုက်ပြမယ်။ အဲ့ဆေးလုံးကို လေ့လာပြီးရင် မင်းဘာသာမင်း ဖော်စပ်ဖို့ ကြိုးစားကြည့်ပေါ့ ”
သူက ပိုင်ရှောင်ချန်း၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သောအခါ သူတို့နှစ်ယောက်မှာ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါတွင် နဝမမြောက်တောင်ပေါ်ရှိ မရေမတွက်နိုင်သော မန္တန်အစီအရင်များဖြင့် ပိတ်ဆို့ထားသည့် အင်မော်တယ်ဂူတစ်လုံး၏ အပြင်ဘက်သို့ရောက်နေသည်ဖြစ်သည်။ ခေါင်းဆောင်ကြီးက သူ၏ လက်ကို ချက်ချင်းပင် ဝှေ့ယမ်းလိုက်သောအခါ ဂူထဲမှ သေတ္တာတစ်လုံး ပျံထွက်လာသည်။ ထိုသေတ္တာက ပိုင်ရှောင်ချန်းအရှေ့သို့ ကျသွားသောအခါ အဖုံးမှာပွင့်သွားပြီး ခရမ်းရောင် ဆေးလုံးတစ်လုံး ပေါ်ထွက်လာသည်။
ထိုဆေးလုံးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖော်စပ်ခဲ့သည့်အလား လုံးဝပင် ရှေးဟောင်းဆန်သည့်ပုံပေါက်နေတော့သည်။ ထိုဆေးလုံးပေါ်လာသည်နှင့် တပြိုက်နက် ထူးဆန်းသော အရောင်များ တလက်လက်ထလာပြီး လေပြင်းတစ်ချက်တိုက်ခတ်သွားတော့သည်။ ထိုဆေးလုံးထဲရှိ ဖော်ပြ၍မရနိုင်လောက်သော သက်စောင့်စွမ်းအားများကို ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် ခံစားမိလိုက်တော့သည်။
” အဏ္ဏဝါဆေးလုံးပါလား….”