Switch Mode

အခန်း ( ၃၁၄ )

ကျုပ် ဂိုဏ်းအတွက် အသက်ရှင်မယ်

အဏ္ဏဝါဂိုဏ်း၏ခေါင်းဆောင်ကြီးများက စူးစမ်းသောအကြည့်များဖလှယ်လိုက်ကြသည်။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ အဓိကခေါင်းဆောင်ကြီးက လက်ယှက်၍ လေးလေးနက်နက်ခေါင်းငုံလိုက်သည်။

“အမိန့်နာခံရန်အသင့်ပါ”

ရှေးဆန်သောအသံကြီးက ဆက်ပြောလာ၏။
“ရှင်းကုံကျစ်တာအိုဂိုဏ်းက မင်းတို့စစ်တိုက်မယ့် အသနားခံလွှာကိုလက်ခံပြီး ကုံမြစ်ဂိုဏ်းခွဲကိုဖျက်စီးပြီးသိမ်းပိုက်မှာကို ခွင့်ပြုတယ်”

ပြောလိုက်သည့်စကားတစ်လုံးစီတိုင်းက အရပ်မျက်နှာတစ်ခွင်သို့ မိုးခြိမ်းသံအလား ပျံ့နှံ့သွား၏။ နောက်ဆုံးစကားတို့ကိုပြောလိုက်သည့်အချိန်တွင် အဓိကခေါင်းဆောင်ကြီးထံသို့ ရွှေရောင်အလင်းတန်းတစ်ခုဦးတည်လာကာ သူ့ရှေ့တွင် ကျောက်စိမ်းပေလွှာတစ်ခုပုံစံဖြင့်ရပ်သွားသည်။

တစ်ဆက်တည်းမှာပင် လေပွေကြီးပျောက်ကွယ်သွား၏။ ၄င်းမှာ ယခင်ဧရာမပုံစံကြီးက ထိုနေရာတွင်ဘယ်တုန်းကမှမရှိခဲ့သည့်အလားပင်။ တိတ်ဆိတ်မှုတို့က တခဏမျှကြီးစိုးသွားပြီးနောက် အဓိကခေါင်းဆောင်ကြီးက သူ့ခေါင်းထက်အမြင့်သို့ ကျောက်စိမ်းပေလွှာကို မြှောက်လိုက်သည်။

ထိုသို့ပြုလုပ်လိုက်သောကြောင့် အဏ္ဏဝါဂိုဏ်း၏ ကျင့်ကြံသူများနှင့် အခမ်းအနားပွဲကို လာရောက်ကြည့်ရှုကြသည့် အခြားသောကျင့်ကြံသူများအားလုံးက သောင်းသောင်းဖြဖြတစ်ခနဲနက်အားပေးကြွေးကြော်လိုက်ကြသည်။

“အောင်မြင်မှုကအဏ္ဏဝါဂိုဏ်းအတွက်ဟေ့ ”

“အောင်မြင်မှုကအဏ္ဏဝါဂိုဏ်းအတွက်ဟေ့ ”

“အောင်မြင်မှုကအဏ္ဏဝါဂိုဏ်းအတွက်ဟေ့”

သူတို့ဟစ်ကြွေးသံတို့၏ ဆူညံပွက်လောရိုက်သော အသံဗလံတို့က သူတို့ပတ်ပတ်လည် ပြည့်နှက်သွားတော့သည်။ အဏ္ဏဝါဂိုဏ်း၏ ကျင့်ကြံသူများ အထူးသဖြင့် စိတ်စွမ်းအင်အဖွဲ့နှင့် သွေးစွမ်းအင်အဖွဲ့တို့မှ လူများသည် အလွန့်အလွန် စိတ်လှုပ်ရှားနေကြသည်။ ထင်ထားသည့်အတိုင်းပင် သူတို့၏စိတ်အားထက်သန်မှုများက ဆန်းကြယ်နှင့်ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသား များအား အလျင်အမြန်ကူးစက်သွားတော့သည်။ မကြာမီ မျက်လုံးများအားလုံးတွင် ယုံကြည်မှုများနှင့် မျှော်လင့်ချက်များ ဖုံးလွှမ်းလာတော့သည်။

နောက်ဆုံးတွင် မဟာမိတ်အသစ်များအတွက် တစ်ယောက်နှင့်တစ်ယောက်အကျွမ်းတဝင်ဖြစ်ရန် အကောင်းဆုံးနည်းမှာ စစ်တွင် လက်တွဲတိုက်ခိုက်ရန်ဖြစ်သည်။

သွေးရောင်ဓားသွေးကျောက်အောက်တွင် စစ်ပွဲဖြစ်ပေါ်ပြီး ဂိုဏ်းလေးဂိုဏ်းက တစ်ခုတည်းအဖြစ်အစစ်အမှန်ပေါင်းစည်းကာ အမှန်တကယ်အသွင်ပြောင်းပြီး အောင်မြင်မှုကို ရယူနိုင်မည်ဖြစ်သည်။

လူတိုင်းက အဆုတ်ကွဲလုမတတ် ကြွေးကြော်အော်ဟစ်နေသည်တွင် အဓိကခေါင်းဆောင်ကြီး၏အကြည့်က လူစူလူဝေးကြီးအား သိမ်းကျံုးကြည့်ပြီး ပိုင်ရှောင်ချန်းပေါ်တွင်ရပ်သွားတော့သည်။ ထို့နောက် သူက သူတို့၏ဆူညံသံများကိုချက်ချင်းငြိမ်ဝပ်ပိပြားသွားစေသည့် လူတိုင်းကြားရသည့်တစ်ခုတည်းသော အသံဖြင့် စကားပြောလိုက်လေသည်။
” ပိုင်ရှောင်ချန်း တရားဝင်ဘွဲ့နှင်းအခမ်းအနားအတွက် ရှေ့တိုးလာပါ”

ပိုင်ရှောင်ချန်းက တဆတ်ဆတ်တုန်သွားလေသည်။ ပတ်ဝန်းကျင်လေထုကြောင့် သူ၏သွေးများ ဆူပွက်နေပြီဖြစ်သောကြောင့် သူ့ကိုယ်သူစိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီး၁၇ဦး၏အရှေ့သို့ ထွက်လိုက်သည်။

“ဂိုဏ်းသား ပိုင်ရှောင်ချန်း ခေါင်းဆောင်ကြီးများကို ဂါဝရပြုပါတယ်” သူက လက်ယှက်၍ ခေါင်းငုံလိုက်စဥ် သူ၏အမူအရာကတင်းမာနေပြီး သူ့ဘေးပတ်လည်တွင် အသတ်အဖြတ်စွမ်းအားများ တဖြည်းဖြည်း စတင်ပေါ်ထွက်လာတော့သည်။ သူက ပြိုင်ဘက်ကင်းစွမ်းအင်များကို ပိုင်ဆိုင်သည့်လူတစ်ယောက်အလား၊ စစ်ပွဲတိုက်ပွဲရာချီကြုံတွေ့ဖူးသည့် နတ်ဘုရားစစ်သည်အလား သံမဏိကဲ့သို့တောင့်တင်းခိုင်မာ၍ မပျက်စီးနိုင်သောပုံပေါ်လေသည်။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက ရှက်သလိုလို၊ကြောက်သလိုလိုပုံမပေါ်ကာ ဆိုးသွမ်းလှောင်ပြောင်သည့်ပုံစိုးစဥ်းမျှပင်မရှိချေ။ သူက တောင်ကြီးအလား မားမားမတ်မတ်ရပ်နေပြီး သမုဒ္ဒရာသဖွယ် အထူးနက်ရှိုင်းပုံရလေသည်။

ထိုမြင်ကွင်းကို ကြည့်နေသမျှလူအားလုံး အထူးသဖြင့်သူကို ပထမဆုံးအကြိမ်မြင်ဖူးသည့်ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြသည်။ သူတို့က အံအားသင့်နေကြပြီး သူတို့၏မျက်လုံးတို့တွင် အကြီးအကျယ်လေးစားမှုများ ထင်ဟပ်လာကြသည်။ သူတို့အကုန်လုံး ပိုင်ရှောင်ချန်းအကြောင်းကြားထားကြပြီး သူက ကျင့်ကြံခြင်းကမ္ဘာ၏ အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသတွင် အလွန်အရေးကြီးသောပြောင်းလဲမှုများအတွက်တာဝန်ရှိသည့် လူတစ်ယောက်ဖြစ်ကြောင်းသိကြလေသည်။

ယခုတွင် သူတို့က သူ့ကိုလူကိုယ်တိုင် ပထမဆုံးအကြိမ်မြင်ဖူးသွားပြီးနောက် သူတို့စိတ်ကူးထားခဲ့သည့် အပြတ်အသတ်မိုက်သောလက်ရွေးစင်ပုံနှင့် တစ်ထပ်တည်းပင်။ဂုဏ်သိက္ခါအတွက်ရှင်သန်သောလူတစ်ယောက်ပင်ဖြစ်ကြောင် သူတို့၏စိတ်ထဲတွင်ပေါက်ဖွားလာတော့သည်။

” ဒီတော့ ဒါက ပိုင်ရှောင်ချန်းလား။ သူက ထိပ်ဆုံးလက်ရွေးစင်ပေါ့”

” ဒီပိုင်ရှောင်ချန်းနဲ့ပတ်သက်ပြီး ကျုပ်ဇာတ်လမ်းနည်းနည်းပဲကြားဖူးတာ။ တချို့ပြောတာကတော့ သူက ဉာဏ်ပညာအမြော်အမြင်ထက်မြက်ပြီး ရဲရင့်တယ်။ အကန့်အသတ်မဲ့အလင်းတို့နဲ့ထွန်းလင်းတောက်ပနေတဲ့ကြယ်တစ်ခုလို သဘါဝအတိုင်းမွေးဖွါးလါတဲ့ပါရမီရှင်ဆိုပဲ ။ ဒါပေမယ့်လည်း လူအတော်များများကတော့ သူက လုံးဝအထင်သေးစရာကောင်းပြီး မျက်နှာပြောင်အရှက်မရှိတဲ့ လောဘကြီးငကြောက်တစ်ယောက်လို့ ပြောတာပဲ”

“သူ့လိုလူတွေက မနာလိုစရာကောင်းတယ်။ ကျုပ်ခု စဥ်းစားကြည့်လိုက်တော့ ကျုပ်လည်း သူနဲ့ပတ်သက်တဲ့ မကောင်းတဲ့ဇာတ်လမ်းတွေကြားဖူးတယ်။ ဒါပေမယ့် အဲ့ဇာတ်လမ်းတွေက လံကြုပ်တွေပဲနေမှာပါ”

သူ့အကြောင်းအကောင်းဆုံးသိသည့်လူများကတော့ သွေးစွမ်းအင်နှင့်စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများပင်ဖြစ်သည်။ ထိုကျင့်ကြံသူအများစုမှာ သူ့ကို မမှတ်နိုင်လောက်အောင်ပင် မျက်လုံးပြူးလျက်ကြည့်နေကြသည်။ ဖက်တီးကြီးကျန်းက ပါးစပ်အဟောင်းသားဖြစ်နေပြီး ဟိုယွင်ဖေးက ပြုံးစစဖြင့် ခေါင်းခါနေလေသည်။ ရွှီပေါက်ချိုင်နှင့် ပိုင်ရှောင်ချန်း၏အခြားရောင်ရင်းများမှာ အချိန်မှန်ပုံစံမှန်ဖမ်းရာတွင် မည်မျှကျွမ်းကျင်သည်ကိုတွေး၍ သက်ပြင်းချလိုက်ကြသည်။

ပိုင်ရှောင်ချန်းက သူ့ကိုယ်သူအင်မတန်ဂုဏ်ယူနေပြီး ခေါင်းဆောင်ငယ်တရားဝင်ဖြစ်လာသောအခါ ကျင်းပမည့် ခမ်းနားကြီးကျယ်သည့်မြင်ကွင်းကို မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နေတော့သည်။ သို့သော်လည်း ထိုခံစားချက်တစ်စုံတစ်ရာမှ သူ့မျက်နှာပေါ်တွင် မပြသပေ။ သူ၏မျက်နှာအမူအရာက တင်းမာခက်ထန်နေပြီး သံမဏိသွေးကြောကြီးများထောင်နေလေသည်။ သူက ညမုဆိုးဖြစ်ခဲ့စဥ်ပုံစံသဖွယ် ထိုနေရာတွင် ခမ်းနားကြီးကျယ်စွာရပ်နေလေသည်။ လူများက ချက်ချင်းပင် အားပေးကြွေးကြော်လာကြသည်။ ထိုအတောအတွင်း ခေါင်းဆောင်ကြီး ၁၇ ဦး၏မျက်နှာများပေါ်၌ ထူးဆန်းသည့်အမူအရာများကို မြင်လိုက်ရလေသည်။ သို့သော်လည်း စိတ်ထဲတွင် သူတို့မှာ စိတ်သက်သာရာရသွားကြသည်။ သူတို့မှာပိုင်ရှောင်ချန်းက သူတို့နှင့်တွေ့ခဲ့စဥ်ကကဲ့သို့ ပြုမူပြီး ပွဲဖျက်မည်ကို စိုးရိမ်နေခဲ့ကြရသည်။

“ပိုင်ရှောင်ချန်း.. အဏ္ဏဝါဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်အနေနဲ့ မင်းပခုံးပေါ်မှာ ကြီးလေးတဲ့တာဝန်တွေရှိတယ်။ အခုကစပြီး မင်းက ငါတို့ဂိုဏ်းရဲ့ အခရာပဲ။ မင်းရဲ့ဘဝ ၊ မင်းရဲ့ အာဏာ မင်းနဲ့ပတ်သက်တဲ့အရာအကုန်လုံးက ဂိုဏ်းနဲ့ခွဲခြားလို့မရအောင်ကို သက်ဆိုင်တယ်”

” ဂိုဏ်းရဲ့အရှိန်အဝါကလဲ မင်းရဲ့ဂုဏ်အရှိန်အဝါပဲ။ ဂိုဏ်းရဲ့ အရှက်သိက္ခါကလဲ မင်းရဲ့အရှက်သိက္ခါပဲ။ ဒီလိုပဲ မင်းရဲ့ဂုဏ်အရှိန်အဝါနဲ့ အရှက်သိက္ခါကလဲ ဂိုဏ်းနဲ့သက်ဆိုင်လိမ့်မယ်”

” မင်းဘယ်သွားသွား၊ အချိန်ဘယ်လောက်ပဲကြာကြာ မင်းအိမ်၊ မင်းမျိုးရိုးဇစ်မြစ်နဲ့ မင်းရဲ့အရာရာက… ဂိုဏ်းပဲ”

“ပိုင်ရှောင်ချန်း.. မင်းအဲ့လိုတာဝန်တွေကို ထမ်းဆောင်ဖို့ အသင့်ပြင်ထားပြီလား။ မင်း ဖြေ ပါ” လူတိုင်းရင်တုန်သွားစေသည့် မိုးခြိမ်းသံကဲ့သို့အသံနက်ကြီးဖြင့်ပြောလိုက်စဥ်တွင် အဓိကခေါင်းဆောင်ကြီး၏အမူအရာက ထူးဆန်းစွာတည်ငြိမ်လှသည်။

ပိုင်ရှောင်ချန်းကတဆတ်ဆတ်တုန် သွားပြီး ရုတ်တရက် သူ၏ ဂုဏ်ယူနေခြင်းနှင့် ကိုယ့်ကိုကိုယ်ကျေနပ်နေခြင်းများအားလုံး ပျောက်ကွယ်သွားတော့သည်။ သူ၏ဂုဏ်ယူဝင့်ကြွားလိုစိတ်တို့မှာ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး သူက ထိုနေရာတွင် အမှန်အကန်တင်းမာခက်ထန်ပြီး လေးစားဖွယ်ကောင်းသော မြင်တောင့်မြင်ခဲပုံဖြင့် နှုတ်ဆိတ်စွာရပ်နေလေသည်။

သူက ခေါင်းဆောင်ငယ်၏အဆင့်မှာ ဂုဏ်ကျက်သရေနှင့် အောင်မြင်ကျော်ကြားခြင်းအတွက်သာ မဟုတ်ကြောင်း ရုတ်တရက်သဘောပေါက်သွားတော့သည်။ ၄င်းက လေးနက်သောတာဝန်တစ်ခုပင်။ သူ၏ကျန်ဘဝတစ်လျှောက်လုံး အဏ္ဏဝါဂိုဏ်းမှ တစ်ယောက်တည်းသီးခြားခွဲထွက်ခြင်း သို့မဟုတ် လမ်းစဥ်ခွဲခွာခြင်းတို့ကို ဘယ်တော့မှမပြုလုပ်နိုင်တော့ပေ။

၄င်းက သူ့အိမ်ဖြစ်ပြီး သူ့ဘဝတွင် တန်ဖိုးအကြီးဆုံးအရာတစ်ခုဖြစ်လာလိမ့်မည်။ သူက အရှေ့ဘက်တောင်တန်းဒေသရှိ ဟူတောင်တန်းကို ပြန်တွေးလိုက်သည်။ သူကြီးပြင်းခဲ့သည့်ရွာရှိ ဆွေမျိုးအပေါင်းအသင်းများအား ပြန်စဥ်းစားသည်။ သူ့မိဘများသေဆုံးသွားခဲ့စဥ်က သူတို့၏လက်များကိုသူဘယ်လောက်ဆုပ်ကိုင်ခဲ့သည်ကိုပြန်တွေးသည်။ အမွှေးတိုင်မီးညှိခဲ့သည့်အချိန်တိုင်းကိုပြန်တွေးကြည့်သည်။ စိတ်စွမ်းအင်နတ်ရေဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူလုပ်ခဲ့သမျှအရာအားလုံးအား ပြန်ပြောင်းစဥ်းစားမိသည်။

တွေးပင်မတွေးမိလိုက်ပဲ သူက အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများကြားထဲရှိ လီချင်းဟောက်ကိုလှမ်းကြည့်လိုက်သည်။ လီချင်းဟောက်၏နှလုံးသားထဲတွင် ဂိုဏ်းသို့သူခေါ်လာခဲ့သည့် ပိုင်ရှောင်ချန်းလေးယခုကြီးပြင်းလာသည်ကို ဂုဏ်ယူနေလေသည်။ ပိုင်ရှောင်ချန်း ယခုဘယ်နေရာရှိကြောင်းမြင်လိုက်ပြီး သူက သူ့ကို လှမ်းကြည့်နေကြောင်းတွေ့ရသောအခါ လီချင်းဟောက်၏မျက်နှာတွင် အလွန်အမင်းအားရကျေနပ်ခြင်း၏အပြုံးတစ်ခုပေါ်လာတော့သည်။

လီချင်းဟောက်ပြုံးလိုက်သည်ကို ပိုင်ရှောင်ချန်းတွေ့လိုက်သောအခါ သူကအသက်ပြင်းပြင်းရှူပြီး သူ့မျက်နှာတွင် စိတ်ပိုင်းဖြတ်ထားသည့်အမူအရာပေါ်လာလေသည်။ သွေးစွမ်းအင်နတ်ရေစင်အဖွဲ့၏ အဓိကခေါင်းဆောင်ကြီးကို ပြန်ကြည့်ကာ ယဥ်ကျေးစွာလက်ယှက်လိုက်သည်။

” ဟုတ်ကဲ့။ ကျုပ်ပြင်ဆင်ပြီးပါပြီ” သူက စကားလုံးတို့အားဖြေးညင်းစွာပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားလုံးများမှာ အလွန်အရေးကြီးဆုံးဖြစ်သောကြောင့်ပင်။ ၄င်းစကားတို့အားပြောပြီးနောက် သူ့အပေါ်ကျရောက်လာသည့်အကြည့်များက သူ့ကို ခမ်းနားပြီး အထင်ကြီးဖွယ်ဟု မခံစားရစေပေ။ ထိုအစား အလွန်လေးလံသောတာဝန်တစ်ခု သူ့ပခုံးပေါ်ကျရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

အဓိကခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းကို အလွန်လေးနက်သောအကြည့်ဖြင့်ကြည့်လိုက်သည်။ သူ၏အသက်နှင့် ကျင့်ကြံခြင်းအခြေခံကြောင့် ပိုင်ရှောင်ချန်းက ရိုးသားစင်ကြယ်စွာ စိတ်ရင်းဖြင့် နှလုံးသားထဲကလှိုက်၍ပြောသည်ဖြစ်ကြောင်း တွေ့ရလေသည်။ အဓိကခေါင်းဆောင်ကြီးက ခေါင်းညိတ်လိုက်ပြီးနောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးကိုလှမ်းကြည့်လိုက်သည်။ ခေါင်းဆောင်ကြီးများအနက် တစ်ယောက်စီ၏မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်ထားသည့်အကြည့်တို့ကို မြင်လိုက်ရလေသည်။

အနည်းငယ်မျှပင် တုံ့ဆိုင်းမနေပဲ အဓိကခေါင်းဆောင်ကြီးက ပြောသည်။
” ဒီနေ့မှာ ပိုင်ရှောင်ချန်းကို အဏ္ဏဝါဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်ဘွဲ့ထူးအား အပ်နှင်းလိုက်ပြီ”

တုန်ရီလျက် အဏ္ဏဝါဂိုဏ်း၏ကျင့်ကြံသူများက လက်ယှက်ပြီး ပိုင်ရှောင်ချန်းကို အရိုအသေပေးလိုက်ကြသည်။

“ခေါင်းဆောင်ငယ်ကို ဂါဝရပြုပါတယ်”

အပြင်စည်းနှင့်အတွင်းစည်းဂိုဏ်းသားတို့သာ အရိုအသေပေးကြသည်မဟုတ်ပေ။ အခြေခိုင်မာခြင်းကျင့်ကြံသူများနှင့် ရွှေအမြုတေအဆင့်ပညာရှင်တို့ပင် ပါဝင်ကြသည်။ ခေါင်းဆောင်ကြီးများပြီးလျှင် ဂိုဏ်း၏ခေါင်းဆောင်ငယ်က ဒုတိယအဆင့်တွင်ရှိလေသည်။ ၄င်းက အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများထက်ပင် မြင့်လေသည်။

စုန့်ချွှဲနှင့် အခြားလက်ရွေးစင်များမှာ ခေါင်းငုံ့အရိုအသေပေးရုံက လွဲပြီး ရွေးချယ်စရာမရှိပေ။ ရှန်ကွမ်းထျန်ယုံမှာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး စိတ်နှလုံးတွင်ခါးသီးမှုများဖြင့်တင်းကြပ်နေသော်လည်း သူ့တွင် အခြားရွေးချယ်စရာမရှိပေ။

ထို့နောက် အခစားဝင်ရောက်ကြသည့် အခြားကျင့်ကြံသူလူစုကြီးသည်လည်း လေးစားစွာအရိုအသေပေးလိုက်ကြသောကြောင့် မိုးခြိမ်းသံကဲ့သို့ ကြွေးကြော်သံအပေါင်းက လေထဲတွင် ပျံ့နှံ့လာတော့သည်။

” အဏ္ဏဝါဂိုဏ်း ခေါင်းဆောင်ငယ်ကို ဂါဝရပြုပါတယ်”

နားကွဲလုမတတ်အသံတို့က ကောင်းကင်နှင့်မြေပြင်တစ်ခွင်တွင် ပျံ့နှံ့လာသဖြင့် အရာခပ်သိမ်းမှာတုန်ခါနေတော့သည်။ ပိုင်ရှောင်ချန်းက ရင်တဒိန်းဒိန်းခုန်လျက် ဘေးဘီဝဲယာကိုလှည့်ပတ်ကြည့်ရှုလိုက်သည်။ သူမျက်နှာပေါ်ရှိအကြည့်မှ သူပြောချင်သည့်အရာများစွာရှိသည့်တိုင်အောင် မည်သို့မည်ပုံ ဖော်ပြရမည်မှန်းသေချာမသိဖြစ်နေလေသည်။

တခဏမျှကြာသော် သူ၏အတွေးတို့က ဝါကျတစ်ကြောင်းအဖြစ်ပေါင်းစည်းသွားတော့သည်။ သူက အကျယ်ကြီးအော်မပြောသော်ငြား ၄င်းက သူ၏နှလုံးသားထဲတွင် ကျန်ဘဝတစ်လျှောက်လုံးတည်မြဲနေမည့် ဖျောက်ဖျက်၍မရသော အမှတ်အသားတစ်ခုအလား အမြစ်တွယ်သွားလေပြီ။

“ကျုပ် ဂိုဏ်းအတွက် အသက်ရှင်မယ် ”

သူက နှလုံးသားထဲတွင်သာရှိသောစကားတို့ကိုပြောလိုက်သော်လည်း သူ၏မျက်နှာပေါ်ရှိအမူအရာမှ အဏ္ဏဝါဂိုဏ်း၏ ယင်ယန်ဝိညာဥ်အဆင့် ခေါင်းဆောင်ကြီးတို့ သူဘာတွေးနေသလဲဆိုသည်ကိုပြောနိုင်လေသည်။ သူတို့က သူ့ကိုပြန်ကြည့်လိုက်စဥ်တွင် သူတို့၏မျက်လုံးတွင်း၌
ပြန်လည်အောက်မေ့ခြင်းများ၊ အားပေးမှုများနှင့် စိတ်မောမှုများဖြင့်ပြည့်နေလေသည်။

ထိုအချိန်တွင် မြို့တော်ထဲရှိ စိတ်စွမ်းအင်ဗိမာန်တစ်ခု၏ ခေါင်းမိုးပေါ်တွင် ဖြစ်ပျက်နေသမျှအား ပြုံး၍ ထိုင် ကြည့်နေသော မျောက်တစ်ကောင်ကိုတွေ့ရလေသည်။

” ဂိုဏ်းကတော့ မင်းကို လွှတ်ပေးမှာမဟုတ်ဘူး ကလေးရေ” မျောက်က ရေရွတ်လိုက်သည်။ မျောက်ဘေးတွင် ကောင်းကင်ကိုမော့ကြည့်နေသည့် ယုန်တစ်ကောင်လည်း ထိုင်နေလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset